← Chapters

ထိပ်ဆုံး ပါရမီရှင်

Vol. 37 Ch. 504

ထိပ်ဆုံး ပါရမီရှင်

Vol. 37 Ch. 504

တုံ့ဟွားလုံက မြစ်ပြင် အင်မော်တယ် တည်းခိုဆောင်၌ အခန်းလွတ်တစ်ခန်းသာ ကျန်တော့ကြောင်း လျှောက်ပြောနေခြင်း မဟုတ်ပေ။ သူက မိုဝူကျီကို အခန်းတစ်ခန်း ရနိုင်ရန် စီစဉ် ပေးထားခဲ့သည်။

မိုဝူကျီက သူ့အခန်းကို အတော်လေး ကျေနပ်မိနေသည်။ ဧည့်ခန်းကျယ် တစ်ခု ပါရှိပြီး အခန်းပို တစ်ခန်းနှင့်အတူ ကျင့်ကြံခန်း တစ်ခန်းလည်း ပါရှိ၏။  ဈေးနှုန်းမှာ အတော်လေး မြင့်မားသော်လည်း အခန်းက အတော်လေး ကျယ်ပေသည်။

ထိုစဉ် မိုဝူကျီက တုံ့ဟွားလုံကို ဝန်ဆောင်ခအဖြစ် အဆင့်မြင့် အင်မော်တယ်ကျောက် ငါးရာ ပေးဖို့သာ လိုအပ်ပြီး ထိုအခါ သူတို့ အပေးအယူမှာ အဆုံးသတ် သွားလိမ့်မည်။

သို့သော်လည်း မိုဝူကျီက တုံ့ဟွားလုံကို အင်မော်တယ်ကျောက် ချက်ချင်း မပေးသေးဘဲ  မေးလိုက်သည်။

“တာအိုရောင်းရင်းတုံ့  ... အဆင့်နိမ့် အင်မော်တယ်ကျောက် လိုချင်လား ဒါမှမဟုတ် အဆင့်မြင့် အင်မော်တယ်ကျောက် လိုချင်လား”

တုံ့ဟွားလုံက မိုဝူကျီ စကားများ ကြားသောအခါ သူ့စိတ်ထဲ၌ အနည်းငယ် စိတ်ပျက် မိသွားသည်။ မည်သူမဆို အဆင့်မြင့် အင်မော်တယ်ကျောက်များ အလိုရှိကြမည် ဖြစ်သော်လည်း မိုဝူကျီက မေးလိုက်သောကြောင့် မိုဝူကျီက သူ့အား အဆင့်နိမ့် အင်မော်တယ်ကျောက် ပေးလိုကြောင်း သိလိုက်သည်။

သို့သော် သူက ဝါးစိမ်း အင်မော်တယ် သေရည်အကြောင်း တွေးမိလိုက်သောအခါ တုံ့ဟွားလုံက မြန်မြန် ပြောလိုက်သည်။

“အဆင့်နိမ့် အင်မော်တယ်ကျောက်ဆို ရပါပြီဗျ”

ဤလူတွင် ပေါင်းသင်းဆက်ဆံရေး အရည်အချင်း တချို့ ရှိပေရာ မိုဝူကျီက သိုလှောင်လက်စွပ် တစ်ကွင်း  တုံ့ဟွားလုံဆီ ပေးလိုက်ရင်း

“ဒါက မင်းအတွက်”

သိုလှောင်လက်စွပ်လား …

သူက ဝမ်းသာအားရ လက်ခံလိုက်လေသည်။ အနည်းဆုံးတော့ ဤလက်စွပ်မှာ အဆင့်မြင့် အင်မော်တယ် ကျောက်တချို့ တန်ပေသည်။

သူက စိတ်စွမ်းအား အထဲ ပို့လွှတ်လိုက်သည်နှင့်  အဆင့်မြင့် အင်မော်တယ်ကျောက် တစ်ထောင်နှင့် အဆင့်နိမ့် အင်မော်တယ်ကျောက် ငါးထောင် ငါးသိန်းကို မြင်လိုက်ရသည်။ ထို့အပြင် အင်မော်တယ် ဆေးလုံးများစွာနှင့်  ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူအတွက်  ရည်ရွယ်သည့်  အဆင့် ၁ အင်မော်တယ် ဆေးလုံးများလည်း ပါရှိပေသည်။

“စီနီယာ ဒီဟာက အရမ်း များလွန်းနေပါပြီ”

တုံ့ဟွားလုံက မိုဝူကျီဆီ လက်စွပ်ကို  မြန်မြန် ပြန်ပေးလိုက်သည်။ အထဲရှိ ပစ္စည်းများ တန်ဖိုးမှာ အဆင့်မြင့် အင်မော်တယ်ကျောက် တစ်သောင်းခန့်ပင် နီးကပ်သွားပြီ ဖြစ်၏။ သူက မိုဝူကျီကို အခန်းတစ်ခန်း ရနိုင်ရန် ကူညီပေးခဲ့ခြင်း ဖြစ်သော်လည်း မိုဝူကျီက သူ့အား ဝါးစိမ်း အင်မော်တယ် သေရည်ကိုပင် တိုက်ခဲ့သေးသည်။

မိုဝူကျီက လက်ကာပြကာ

“ဒီဟာတွေကို အလကားပေးတာ မဟုတ်ပါဘူး။ အထဲမှာ ဆက်သွယ်ရေး ပုတီးစေ့ ပါတယ်။ ကျုပ်က တံခါးပိတ် ကျင့်ကြံနေမှာ ဆိုတော့  တကယ်လို့ စူးခရာ အင်မော်တယ် မြို့ဟောင်းမှာ ကိစ္စအကြီးကြီး တစ်ခုခု ဖြစ်ခဲ့ရင် ကျုပ်ကို လှမ်းအကြောင်း ကြားပေးပါ။

ဥပမာပြောရရင် တကယ်လို့ အရေးကြီးပုဂ္ဂိုလ် ရောက်လာတာမျိုး၊  ဂိုဏ်းသားခေါ်ယူရေး အဖြစ်အပျက်မျိုး တို့လိုမျိုးတွေပေါ့။ တကယ်လို့ ဒီဟာကို ကောင်းကောင်း လုပ်နိုင်ရင် ကျုပ် ထွက်လာတဲ့အခါကျ အင်မော်တယ် ပစ္စည်းကောင်း တစ်ခု ဆုချမယ်”

မိုဝူကျီအတွက် အဆင့်နိမ့် အင်မော်တယ်ကျောက် သိန်းဂဏန်းလောက်မှာ အမှန်ပင် အသုံးမဝင်ပေ။ သူက သူ့ကိုသူ ဤနေရာ၌ ပိတ်လှောင်နေရင်း သူ့ဘေးနားမှ အရာအားလုံးကို မျက်စိပိတ် နားပိတ် လုပ်မထားသင့်ပေ။ နမူနာအားဖြင့် အကယ်၍ ကောင်းကင် ဧကရာဇ်က စူးခရာ အင်မော်တယ် မြို့ဟောင်းဆီ ရောက်ရှိလာလျှင် သူ့အနေဖြင့် အကြောင်းကြားပေးမည့် လူတစ်ယောက်တော့ လိုအပ်ပေလိမ့်မည်။ ထို့အပြင် သူက တုံ့ဟွားလုံကို မြင်စဉ်  သူ ကျန်းရှန်းသို့ စရောက်စဉ်က ပုံရိပ်ကို မြင်တွေ့လိုက်ရ၍ ဖြစ်သည်။

“စီနီယာ စိတ်ချနေပါ  ... ကျုပ် ဒီဟာကို သေချာ လုပ်ပါ့မယ်”

တုံ့ဟွားလုံက မိုဝူကျီတွင် ထိုသို့မျိုး တောင်းဆိုချက် နည်းနည်းသာ ရှိကြောင်း သိလိုက်သည့်အခါ သူက ရင်ဘတ်ကို ပုတ်၍ သဘောတူစွာ ပြောလိုက်သည်။ ထိုအရာမှာ သူ လုပ်နေကျ အလုပ်ဖြစ်ပြီး ပြောရလျှင်   မိုဝူကျီ၏   တောင်းဆိုချက်မှာ တောင်းဆိုချက် ဟုပင် ယူဆ၍ မရပေ။

“ဟုတ်ပြီ အဲဆို လုပ်စရာရှိတာ သွားလုပ်တော့လေ။ ကျုပ်လည်း နားဖို့ လိုနေပြီ”

တုံ့ဟွားလုံကို နှုတ်ဆက်ပြီးနောက် မိုဝူကျီက အခန်းပတ်လည်၌ ကာကွယ်ရေး အစီအရင်များ ခင်းကျင်း ထားလိုက်သည်။

ဤနေရာရှိ  အခန်းများ အားလုံး၌ ဝိညာဉ်စွမ်းအား စုစည်းခြင်း အစီအရင် ရှိ၍ ကံကောင်းပေသည်။ ထို့ကြောင့် အများသူငြာ မကျေမနပ် မဖြစ်စေရန် သီးခြား ဝိညာဉ်စွမ်းအား စုစည်းခြင်း အစီအရင်ကို ခင်းကျင်းရန် မလိုအပ်တော့ပေ။

***

စူးခရာ အင်မော်တယ်မြို့ဟောင်း ဥယျာဉ်

ဤနေရာမှာ ဝိညာဉ်စွမ်းအား အသိပ်သည်းဆုံး  ဖြစ်သည့် စူးခရာ အင်မော်တယ်မြို့ဟောင်း အတွင်းရှိ နေရာများအနက် တစ်ခု အပါအဝင် ဖြစ်ပေသည်။ ဂိုဏ်းမျိုးစုံ၏ တွေ့ဆုံပွဲလုပ်သည့် နေရာလည်း ဖြစ်ပေ၏။

မည်သည့် ရာသီဥတုတွင် ဖြစ်နေစေကာမူ စူးခရာ အင်မော်တယ်မြို့ဟောင်း ဥယျာဉ်၌ ပန်းများနှင့်သာ ပြည့်နေပြီး ပတ်ဝန်းကျင်မှာ အလွန်သာယာ ပေသည်။

ဥယျာဉ် တစ်ခုလုံးကို ဖွင့်လှစ် ထားသော်လည်း အစီအရင် အမျိုးမျိုးဖြင့် ကာကွယ်ထားလေ၏။ ထို့ကြောင့် အပြင်ဘက် ရာသီဥတုမှာ လေထန်ထန်၊ မိုးရွာရွာ  အတွင်းပိုင်း၌  နွေးထွေးလှသည့် နွေဦးသဖွယ် ဖြစ်နေမည် ဖြစ်သည်။

ထိုစဉ် ဥယျာဉ် ဂိတ်တံခါး အားလုံးကို ဖွင့်လှစ်ထားရာ အင်မော်တယ်စွမ်းအား တောက်ပနေသည့်  လူငယ်လေးများနှင့် မိန်းမပျိုလေးများက တစ်ယောက်ချင်းစီ အထဲသို့ ဝင်သွားကြသည်။

အဝင်ဝ၌  တာဝန်ခံ ရှိနေပြီး ကျင့်ကြံသူများ ဝင်ရောက် လာသည်နှင့် သူက သူတို့၏ နာမည်ကို ရှင်းလင်း ကျယ်လောင်စွာ ကြေညာပေးရသည်။

“မဟာဗောဓိ အင်မော်တယ် နယ်မြေရှိ  လျှို့ဝှက်တောင်တန်း အင်မော်တယ် တာအိုဂိုဏ်းရဲ့ ကြယ်ခုနစ်လုံး ပါရမီရှင်  ပိုင်ယင်ပင်းကို စူးခရာ အင်မော်တယ်မြို့ဟောင်း ဥယျာဉ်မှ ကြိုဆိုပါတယ်”

“လော့လင် အင်မော်တယ် နယ်မြေရှိ  မဟာဓား လမ်းစဉ်ရဲ့  ကြယ်ကိုးလုံး ပါရမီရှင်  ဖန့်ရှီကျန်းကို စူးခရာ အင်မော်တယ်မြို့ဟောင်း ဥယျာဉ်မှ ကြိုဆိုပါတယ်”

“နတ်ဘုရား အင်မော်တယ် နယ်မြေရှိ  နတ်ဘုရားဂိုဏ်းရဲ့  ကြယ်ရှစ်လုံး ပါရမီရှင်  နိုက်ဟော်ကို စူးခရာ အင်မော်တယ်မြို့ဟောင်း ဥယျာဉ်မှ ကြိုဆိုပါတယ်”

“ဗလာကောင်းကင် အင်မော်တယ် နယ်မြေရှိ  ရွှေမြစ်နဂါးရဲ့  ကြယ်ခုနစ်လုံး ပါရမီရှင်  အောင်းထျန်းချန်ကို စူးခရာ အင်မော်တယ်မြို့ဟောင်း ဥယျာဉ်မှ ကြိုဆိုပါတယ်”

“ဗုဒ္ဓ အင်မော်တယ် နယ်မြေရှိ  သတ္တ မဟာ ဘုန်းကြီးကျောင်းရဲ့  ကြယ်ကိုးလုံး ပါရမီရှင် ယီနဉ်ကို  စူးခရာ အင်မော်တယ်မြို့ဟောင်း ဥယျာဉ်မှ ကြိုဆိုပါတယ်”

“လမ်းစဉ်ခြောက်သွယ်  အင်မော်တယ် နယ်မြေရှိ  ဒီမွန်းစန္ဒာ အင်မော်တယ် ကျောင်းတော်ရဲ့  ကြယ်ရှစ်လုံး ပါရမီရှင်  လင်းဂူကို စူးခရာ အင်မော်တယ်မြို့ဟောင်း ဥယျာဉ်မှ ကြိုဆိုပါတယ်”

“မဟာဗောဓိ အင်မော်တယ်နယ်မြေရှိ  လျှပ်စီးဂိုဏ်းရဲ့  ကြယ်ရှစ်လုံး ပါရမီရှင်  ဂူကျစ်ကျန့်ကို စူးခရာ အင်မော်တယ်မြို့ဟောင်း ဥယျာဉ်မှ ကြိုဆိုပါတယ်”

***

ဥယျာဉ်အတွင်း ရောက်နေပြီ ဖြစ်သည့် မုရုန်ရှန်းယွီက အပေါ်ယံ၌ တည်ငြိမ်နေသော်လည်း စိတ်ထဲ၌ လုံးဝ မတည်ငြိမ်တော့ချေ။ ကြယ်ခြောက်လုံး ပါရမီရှင်အနေဖြင့် သူမက ယုံရင် အင်မော်တယ် နယ်မြေ၌ ပါရမီရှင်ကြားမှ ပါရမီရှင်ဟု ယူဆ၍ ရပေသည်။ သို့သော်လည်း  ဤနေရာတွင် ပါရမီရှင်များ စုစည်းလိုက်သည့်အခါ သူမက ဘာဆိုဘာမှ မဟုတ်သေးကြောင်း သိသွားလေ၏။

ဂိုဏ်းကြီးများ အားလုံးရှေ့တွင် ထိပ်သီး တာအိုဂိုဏ်းမှာ ဘာဆိုဘာမှ မဟုတ်ချေ။

မုရုန်ရှန်းယွီ ဘေးတွင် ရပ်နေသည့် ချောင်းချန်ယန်က တီးတိုးပြောလိုက်သည်

“ဂျူနီယာညီမလေး ရှန်းယွီ ... အဲဒီလျှပ်စီးဂိုဏ်းက ကျုပ်တို့ ယုံရင်အင်မော်တယ် နယ်မြေက ဖြစ်ခဲ့ဖူးတယ်။ သူတို့ ဂိုဏ်းခွဲတစ်ခုတောင် ယုံရင်မှာ ကျန်နေသေးတယ်။ အခု လျှပ်စီးဂိုဏ်းက မဟာဗောဓိ နယ်မြေမှာ ဂိုဏ်းအကြီးကြီးတောင် ဖြစ်နေပြီ”

မုရုန်ရှန်းယွီက ရှေ့ကိုသာ ဆက်ကြည့်နေပြီး ဘာမှ ပြန်မဖြေပေ။ သူမ ရှေ့တွင် ကြယ်ခုနစ်လုံးနှင့် ကြယ်ရှစ်လုံး ပါရမီရှင်များသာ ရှိနေသည်သာမက ကြယ်ကိုးလုံး ပါရမီရှင်များလည်း ရှိနေသည်။ သူမက အမြင် ကျဉ်းခဲ့မိကြောင်း ခံစားမိလိုက်ရသည်။

ချောင်းချန်ယန်နဲ့ ချစ်ကျွမ်းဝင်ဖို့ ရွေးချယ်မှ ရမှာလား …

အရိုးသားဆုံး ပြောရလျှင် သူမက ချောင်းချန်ယန် အပေါ် ထူးထူးခြားခြား တွေးထားခြင်း မရှိပေ။ ဂိုဏ်းမှ စီနီယာများက သူတို့နှစ်ယောက်မှာ သင့်တော်ကြောင်း ပြောနေ၍ သူမဆရာက သူမကို ချောင်းချန်ယန်အား ရွေးချယ် လိုသောကြောင့်သာ ဖြစ်၏။

သို့သော် ဤနေရာရှိ အခြားသော ပါရမီရှင်များနှင့် နှိုင်းယှဉ်လိုက်လျှင် သူမက ချောင်းချန်ယန်မှာ ဘာမှ မဟုတ်သေးကြောင်း သိသွားသည်။ အကယ်၍ ချောင်းချန်ယန်က ဘာမှ မဟုတ်လည်း ယန်းယဲ့က ပို၍ ဆိုးရွားလိမ့်မည်။ ဤသို့သော နေရာမျိုး၌ ယန်းယဲ့က ဥယျာဉ်မှူး လုပ်ဖို့ရာပင် မထိုက်တန်ပေ။

မုရုန်ရှန်းယွီက မျက်မှောင် ကြုတ်မိလိုက်သည်။ သူမက ယန်းယဲ့ကို ခေါ်လာချင်သည့် အကြောင်းအရင်းမှာ သူ့ကို ချစ်မြတ်နိုးလို၍ မဟုတ်ဘဲ သူမက အတွေးများမှ သူ့ကို ဖယ်ထုတ်ပစ်လို၍ ဖြစ်သည်။ တစ်ခါတစ်ရံ၌ တစ်ယောက်ယောက်ကို မေ့ပစ်ရခြင်းမှာ သူ့အား သွားမတွေ့ခြင်းဖြင့် မဟုတ်ဘဲ သူ့အကြောင်း  ပိုမို နားလည်ပေး၍ ဖြစ်သည်။ သူမက ထိုအရာကို တွေးမိသည့်အခါ ယန်းယဲ့ကို ဤနေရာ ခေါ်လာသင့်ကြောင်း ရုတ်ခြည်း တွေးမိသွားသည်။ ထိုမှသာ သူမက ထိုလူမှာ တစ်ချိန်တစ်ခါက သူမ ခင်ပွန်း ဖြစ်ခဲ့ဖူးသည့် အကြောင်းကို လုံးဝ မေ့ပစ် နိုင်သွားလိမ့်မည်။

သို့သော်လည်း မုရုန်ရှန်းယွီက သက်ပြင်း ချလိုက်မိသည်။ ဤသို့သော နေရာမျိုးက ယန်းယဲ့ကို ဝင်ခွင့်ပြုမည်လား။ ဤနေရာရှိ အဆိုးဆုံးပင် ကြယ်ငါးလုံး ပါရမီရှင် ဖြစ်ပေသည်။ ကြယ်ငါးလုံးထက် နိမ့်သော ကျင့်ကြံသူများကို ဝင်ခွင့်မပြု ထားပေ။

ကျယ်လောင် နွေးထွေးသည့် အသံကြောင့် မုရုန်ရှန်းယွီ၏ အတွေးစ ပြတ်တောက် သွားလေ၏။

“ကိုယ့်ဘာသာ မိတ်ဆက် ပေးပါရစေ ... ကျုပ်နာမည် ချန်းဟူပါ။ ကျုပ်က  တင်းပို အင်မော်တယ်မြို့က ရောက်လာတာပါ။ ကျုပ် ပါရမီကတော့ ကြယ်ရှစ်လုံးပါ  ...

ကျုပ်တို့တွေ ဒီနေရာမှ စုစည်းကြတဲ့ အကြောင်းအရင်းက ပေါင်းပင်တွေကို ရှင်းပြီး ပန်းတွေ ပွင့်လာသလိုမျိုး မြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်ဖို့ဆိုတော့   တာအိုအကြောင်း ဆွေးနွေးကြဖို့ပဲလေ။

ပြီးတော့  ကျိုးပျက်ကမ္ဘာရဲ့ တတိယအလွှာက ဖွင့်တော့မှာ ဆိုတော့ ကျုပ်တို့အားလုံး မဟာယီရှန်း အဆင့် တက်လှမ်းလို့ မရသေးဘူး။  အားလုံးက မလုပ်နိုင်တာ မဟုတ်မှန်းတော့ ကျုပ်သိပါတယ်။

အားလုံးက ကျိုးပျက်ကမ္ဘာ တတိယအလွှာ ဖွင့်ဖို့ စောင့်နေကြတာပဲလေ။  မဟာယီရှန်းအဆင့် တက်လှမ်းသွားရင် လေးလွှာ ဒါမှမဟုတ် အလွှာမြင့်ထဲ ရောက်သွားကြလိမ့်မယ်”

ချန်းဟူ၏ သွင်ပြင်မှာ လူကောင်ကြီးကြီး ခပ်ထွားထွား ဖြစ်ပြီး သူ့မျက်နှာတစ်ခုလုံး မုတ်ဆိတ်မွေးဖြင့် ဖုံးလွှမ်းနေပြီး အင်မော်တယ် စွမ်းအားဖြင့် တောက်ပ နေလေ၏။ တချို့သော လူများအတွက် သူတို့ တစ်ဘဝလုံး မဟာယီရှန်း အဆင့် မတတ်လှမ်း နိုင်ကြသော်လည်း သူ ပြောသကဲ့သို့ ပါရမီရှင်များ အတွက်  အချိန်အပိုင်းအခြား တစ်ခုလောက် ကျင့်ကြံလိုက်သည်နှင့်  သူတို့က မဟာယီရှန်း အဆင့်သို့ ရောက်ရှိကြလိမ့်မည်။

ချန်းဟူ စကားများက လက်ခုပ် ဩဘာသံများ ဆူညံသွားစေ၏။ သူက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။

“ဒီနေရာမှာ စုစည်းနေကြတဲ့ လူတွေက အင်မော်တယ်နယ်မြေ ခုနှစ်လုံးက ထိပ်တန်း ပါရမီရှင်တွေ  ဆိုပေမဲ့ အင်မော်တယ်လောက တစ်ခုလုံးရဲ့ ထိပ်ဆုံး ပါရမီရှင်တွေလည်း ပါလိမ့်မယ်လို့ ကျုပ်တော့ ယုံတယ်။

နမူနာအနေနဲ့ ဆိုရင်  မဟာဓားလမ်းစဉ်ရဲ့ တာအိုရောင်းရင်း ဖန့်ရှီကျန်းတို့၊ သတ္တမဟာ ဘုန်းကြီးကျောင်းက ကြယ်ကိုးလုံး ပါရမီရှင် ယီနဉ်တို့   ...”

အသံတစ်သံက ချန်းဟူ စကားကို ဝင်ဖြတ် ပြောလိုက်သည်။

“ဒီနေရာမှာ ပါရမီရှင်တွေ စုနေတယ်ဆိုတာ အမှန်ပဲ။ ဒါပေမဲ့  တာအိုရောင်းရင်း ချန်းဟူ ပြောတဲ့ ထိပ်ဆုံး ပါရမီရှင်က ဒီမှာ ရှိနေတယ်ဆိုတဲ့ အချက်တော့  သဘောမတူဘူး”

ဥယျာဉ်အတွင်း လာကြသူများမှာ အထူးချွန်ဆုံးထဲမှ  ထိပ်တန်း ပါရမီရှင်များသာ ဖြစ်၏။ ချန်းဟူက ကြယ်ရှစ်လုံး ပါရမီရှင် ဖြစ်သော်လည်း လူတော်တော်များများက သူ့ပါရမီမှာ ကြယ်ကိုးလုံး ပါရမီရှင်များထက် နိမ့်ကျမှု မရှိကြောင်း ယုံကြည်ကြသည်။ ထို့အပြင် သူက ခန္ဓာကျင့်စဉ် လေ့ကျင့်ထားသည့် အတွက် သူ့ တိုက်ခိုက်စွမ်းမှာ အဆင့်တူအတွင်း  အတော်လေး ရှေ့ရောက်ပေသည်။ ထို့အပြင် ချန်းဟူ၏ ဖခင်မှာ အင်မော်တယ် ဧကရာဇ်အဆင့် ကျင့်ကြံသူဖြစ်ကြောင်း သတင်းများ ထွက်နေသေး၏။ သူ့တင်းပို အင်မော်တယ်မြို့မှာ အင်မော်တယ် လောက တစ်ခုလုံး၌ ထိပ်တန်း အင်မော်တယ်မြို့များ အနက် တစ်မြို့ အပါအဝင် ဖြစ်ပေသည်။

ချန်းဟူ ထွက်ပြောသည့်အခါ မည်သူမှ ထူးဆန်းသည်ဟု မထင်ကြပေ။ သူတို့က ထိုအရာမှာ သဘာဝ အကျဆုံး အပြုအမူ ဖြစ်ကြောင်း ခံစားခဲ့ရသည်။

သို့သော်လည်း ချန်းဟူ စကားမဆုံးခင် တစ်ယောက်ယောက်က ဖြတ်ပြောလိမ့်မည်ဟု မထင်ထားကြပေ။

ပါရမီရှင်များက ထိုလူကို မြင်သည့်အခါ အားလုံး တိတ်ဆိတ်နေကြဆဲ ဖြစ်၏။ မည်သူကမှ သူမအား ပြန်မပြောရဲကြပေ။ စောစောလေးမှ အားရပါးရ ပြောဆိုနေခဲ့သော ချန်းဟူပင် သူမနှင့် တွေ့သည့်အခါ ကူကယ်ရာမဲ့ သွားလေ၏။

သူမက ဆံပင်ဖြူ မိန်းကလေး ဖြစ်ကာ သူမ နာမည်မှ နိုက်ဟော် ဖြစ်ပေသည်။ သူမက အထူးခြားဆုံး နယ်မြေဖြစ်သည့် နတ်ဘုရား အင်မော်တယ်နယ်မြေမှ ရောက်လာရုံ သာမက  သူမက ထိုနေရာတွင်  ထိပ်သီးဂိုဏ်းဖြစ်သည့်  နတ်ဘုရားဂိုဏ်းမှ ဖြစ်နေသေးသည်။

ချန်းဟူက လက်နှစ်ဖက် ယှက်ကာ

“အဲဆို ဂျူနီယာညီမလေး နိုက်ဟော်ရဲ့ အမြင်မှာ ဘယ်သူက ထိပ်ဆုံး ပါရမီရှင်အဖြစ် ယူဆလို့ရလဲ”

နိုက်ဟော်မှာ ရွမ်ရှန်း အလယ်အလတ် အဆင့် ကျင့်ကြံသူ ဖြစ်ပေသည်။ ချန်းဟူမှာ နောက်ခံကြီးကြီး ထဲမှ ဖြစ်သောကြောင့် သူမကို “ဂျူနီယာညီမလေး”ဟု ခေါ်ဆိုလာသည့်  ကိစ္စကို စိတ်ထဲ မထားတော့ပေ။

နိုက်ဟော်က ဝေဖန်သည့် အသံဖြင့် မဟုတ်တော့ဘဲ လေးလေးနက်နက် ပြောလိုက်သည်

“ဟိုးအရင် ကျမ ကျင်းရှန်း ပြီးပြည့်စုံခြင်း အဆင့်လောက်တုန်းက  လောကအဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ တွေ့ခဲ့တယ်။  ကျမရဲ့ ခန့်မှန်းချက် အရဆိုရင် အဲဒီလူ လောကအင်မော်တယ် အလယ်အလတ် အဆင့်လောက်ပဲ ရှိဦးမယ်။ သူက လောက အင်မော်တယ်အဆင့်  ငါးထက် မြင့်မှာ မဟုတ်ဘူး။  အဲဒီအချိန်တုန်းက  သူနဲ့ တိုက်ခိုက်ခဲ့တယ်။

ရလဒ်အနေနဲ့  ကျမ ခြေနှစ်ချောင်းလုံး အကြီးအကျယ် ပျက်စီးသွားပေမဲ့ သူက ဘာဒဏ်ရာမှ မရဘဲ လွတ်မြောက် သွားခဲ့တယ်။ တကယ်လို့ ကျမဆီမှာသာ အဆောင်စာရွက် ရှိမနေရင် အဲဒီနေ့မှာ သေလောက်ပြီ”

“ဘယ်လို”သူတိုက နိုက်ဟော် စကားများကို ကြားသည့်အခါ အားလုံးက နိုက်ဟော်ကို တအံ့တဩ ငေးကြည့်နေကြသည်။

သူမက စနောက်ချင်လျှင်ပင်  ယုတ္တိပြောအောင် ပြောသင့်ပေသည်။

လောကအင်မော်တယ် အလယ်အလတ် အဆင့် ကျင့်ကြံသူ တစ်ယောက်က ကျင်းရှန်း ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူနဲ့ တိုက်ခိုက်တယ်တဲ့လား … သူက အဲဒီကျင်းရှန်းအဆင့် ကျင့်ကြံသူကို သတ်လုနီးပါး အထိ ဖြစ်ခဲ့တာတဲ့လား …

“တာအိုရောင်းရင်း နိုက်ဟော်က နောက်နေတာမလား ”ကျင့်ကြံသူ တစ်ယောက်က မျက်မှောင်ကြုတ်ကာ ဝင်မေးလိုက်သည်။

အားလုံး မေးချင်သည့်  မေးခွန်းနှင့်  ထပ်တူကျပေသည်။  ဤနေရာရှိ အားလုံးမှာ  ပါရမီရှင်များ  ဖြစ်ကြ၍ အဆင့်မြင့်သူများကို စိန်ခေါ်လို့ရသည့် အနေအထား ဖြစ်ပေသည်။ သို့သော်လည်း လောကအင်မော်တယ် အဆင့်တွင် ရှိနေစဉ် မည်သူကမှ  ကျင်းရှန်းအဆင့်ကို တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။ ရှေးဟောင်း အဆင့်မြင့် ကျင့်ကြံသူ ပြန်လည် ဝင်စားလာလျှင်ပင် မဖြစ်နိုင်သေးချေ။ ထို့အပြင် တော်တော်များများက နိုက်ဟော်နှင့် ရင်းနှီးကြ၍ ဤအမျိုးသမီးမှာ အားကောင်းကြောင်း သိထားကြသည်။

နိုက်ဟော်က သက်ပြင်းချကာ

“ကျမ မယုံကြည် ချင်ရင်တောင် အမှန်တရားက ကျန်ရှိနေမှာပဲ။

ကျမက ပြောင်းလဲမျှခြေ အဆောင်ကို သုံးထားပေမဲ့ အဲဒီလူရဲ့ စွမ်းဆောင်ရည်က အတော်လေး ကြောက်ဖို့ ကောင်းတယ်။ သူက ဉာဏ်ကောင်းရုံတင် မကဘူး အတော်လေး  ထက်ထက်မြက်မြက် ရှိတယ်။

အဲဒီအချိန် ကျမ သူနဲ့အတူတူ အာကာသ ချောက်နက်ကြီးထဲ ကျရောက် သွားခဲ့တာ။ အဲဒီထဲ ရှိနေတုန်း  သူရဲ့ ချောင်းမြောင်း လုပ်ကြံတာကို ခံခဲ့ရတာ ...

ချောင်းမြောင်း လုပ်ကြံတာလို့ သုံးတာက စကားလုံး အမှန် မဟုတ်သေးဘူး။ ပြောရရင် တစ်ယောက်နဲ့ တစ်ယောက် ထိပ်တိုက် တွေ့ပြီးတော့ ရှုံးသွားတာပဲ

ဒီနှစ်တွေမှာ ကျမ ကျင်းရှန်း ပြီးပြည့်စုံခြင်း အဆင့်ကနေ ရွမ်ရှန်း အလယ်အလတ် အဆင့်ထိ တက်လှမ်းနိုင်ခဲ့တယ်။ သူလည်း အင်မော်တယ် လောကဆီ ရောက်ရှိလာလိမ့်မယ်လို့ ယုံကြည်တယ်။

သူက ကျမတို့နဲ့ သိပ်အလှမ်းကွာမှာ မဟုတ်ဘူး။ သူက ကျင်းရှန်းအဆင့်တောင် ရောက်နေလောက်ပြီ။ ကျမ တွေ့ဖူးသမျှထဲ အားအကောင်းဆုံး သူပဲ။

တကယ်လို့ နောက်တစ်ကြိမ် ပြန်တွေ့လို့ ပြောင်းလဲမျှခြေ အဆောင်ရဲ့ ထိန်းချုပ်မှု ခံမထားရဘူး ဆိုရင်တောင် သူ့ကို  အနိုင်ယူဖို့ ယုံကြည်ချက် မရှိဘူး။ သူ့ကျင့်ကြံဆင့်သာ  ကျမနဲ့ အဆင့်တူ ဖြစ်နေမယ် ဆိုရင်တော့ ထွက်ပြေးဖို့ပဲ တတ်နိုင်လိမ့်မယ်”

***

All Chapters