အရှေ့တောင်ထိပ်တန်းအရှင်သခင်ထက်တောင်ချမ်းသာနေပြီ
Vol. 56 Ch. 790
အခန်း (၇၉၀) အရှေ့တောင်ထိပ်တန်းအရှင်သခင်ထက်တောင်ချမ်းသာနေပြီ
“ထူးကဲယင်သရဖူကလည်း ထူးကဲယင်စည်းတံဆိပ်လိုပဲ ၊ သိပ်တော့မရိုးရှင်းဘူး...”
ခဏမျှစဉ်းစားပြီးနောက် မုကျွင်းက လင်ဟန့်ဟွာကို အသံပို့လွှတ်စနစ်ဖြင့် စကားပြောလိုက်သည်။
“ဒီ မိတ်ဆွေလေး’ရန်’က တကယ့်ကို ကံကောင်းခြင်းတွေနဲ့ ပြည့်နေတာပဲ ၊ အခုထွက်ပေါ်နေတဲ့ ဝိညာဉ်စွမ်းအားတွေနဲ့ ဓားအလင်းတန်းကိုအာရုံခံကြည့်ရင် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုရဲ့စွမ်းအားတွေပဲ မဟုတ်လား ၊ အရည်အသွေးလည်းတကယ်ကောင်းမွန်တယ် ၊ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်ခုလုံးမှာတောင် တကယ့်ရှားပါးပစ္စည်းပဲ”
“ကြည့်ရတာ အဲဒီပစ္စည်းက ပင်လယ်ရေအောက်က နန်းတော်အပျက်ကြီးထဲမှာ ပြုလုပ်ထားတာဖြစ်ရမယ် ၊ အဲဒီပစ္စည်းရဲ့ စွမ်းအားအငွေ့အသက်က ဒီတွင်းနက်ကြီးရဲ့ စွမ်းအားတွေနဲ့ တူညီနေတယ် ၊ ကြည့်ရတာ ဒီနှစ်ခုက တူညီတဲ့ရင်းမြစ်ကလာတာ ဖြစ်နိုင်တယ်”
မုကျွင်းက ပြုံးလိုက်ရင်း...
“တော်လိုက်တဲ့ကောင် ၊ ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူ ၊ ဒီရေအောက်နန်းတော်ထဲက အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းရော အကုန်ရထားတယ် ၊ ဂိုဏ်းတူညီလေး’ချန်’ သတင်းအရဆိုရင် ဧကရာဇ်ရွှမ်မုရဲ့ ရွှမ်ဧကရာဇ်လှံရှည်ကိုလည်း ရထားသေးတယ် ၊ ပြီးတော့ ရာဟုဓားနဲ့ပတ်သက်တဲ့ ရတနာဓားတစ်လက်ကိုလည်း အရင်ကတည်းက ပိုင်ဆိုင်ထားသေးတယ်”
“ပွင့်ပွင့်လင်းလင်းပြောရရင်... ဂိုဏ်းတူအစ်ကိုကြီးရေ ငါတော့ သူ့ကိုသတ်ပြီး သူ့ပစ္စည်းတွေကိုတောင် ယူချင်နေမိပြီ”
လင်ဟန့်ဟွာက သိမ်မွေ့စွာဖြင့်...
“လူတိုင်းမှာသူ့ကံနဲ့သူရှိတယ် ၊ မနာလိုဖြစ်ပြီး ဒီလိုလုပ်စရာမလိုပါဘူး”
“ပြီးတော့ ရွှမ်ဧကရာဇ်လှံရှည်နဲ့ ဒီရေအောက်နန်းတော်က အထွတ်ထိပ်မှော်ဝင်ပစ္စည်းကိုအသာထား ၊ ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူနဲ့ ရာဟုဓားဆိုတာတွေက ရိုးရှင်းတဲ့ပစ္စည်းတွေမဟုတ်ဘူး ၊ အဲဒီပစ္စည်းတွေကိုင်ဆောင်ထားတာက ကံကောင်းတာလား ကံဆိုးတာလားဆိုတာတောင် စောင့်ကြည့်ရမှာ”
မုကျွင်းက ရယ်မောလိုက်ရင်း...
“အမှန်ပဲ ၊ ကြီးမားတဲ့ကံကောင်းခြင်းတွေကြောင့် ပိုပြီးကြီးမားတဲ့ကပ်ဘေးကိုလည်း ရင်ဆိုင်ရတတ်တယ်”
“သူ့ကို ကောင်းကင်ဘုံက ကံကောင်းခြင်းတွေများကြီးပေးပေမယ့် မတော်လို့ ကပ်ဘေးကျခဲ့ရင်တော့ ကံဆိုးရင် ကျင့်ကြံခြင်းတာအိုကိုပါ ဆုံးရှုံးသွားနိုင်တယ်”
ရယ်မောပြီးနောက် မုကျွင်းသက်ပြင်းချလိုက်သည်။
“သူနဲ့ သူ့နောက်ခံဂိုဏ်းမှာ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်တောင်မရှိဘဲနဲ့ ဒီလောက်များတဲ့ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတွေ ပိုင်ဆိုင်ထားတာ ၊ အထက်ဘုံကမ္ဘာသမိုင်းတစ်လျှောက်မှာတောင် ဒီလိုအဖြစ်မျိုး ရှိဖူးပါ့မလားမသိဘူး ၊ ငါတို့ ကျင်းထင်တောင်တစ်ခုလုံးပေါင်းရင်တောင် သူ့ရဲ့ကြွယ်ဝမှုနဲ့ ယှည်လို့မရနိုင်တော့ဘူး”
ထိုစကားကြားတော့ လင်ဟန့်ဟွာ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
မုကျွင်းက...
“အပြစ်မရှိတဲ့လူတစ်ယောက်က ကြွယ်ဝချမ်းသာမှုကြောင့် ဒုက္ခရောက်ရတတ်တယ် ၊ ဒီလောက် အဖိုးတန်ရတနာပစ္စည်းတွေအများကြီးပိုင်ဆိုင်ထားတာ ၊ လူတွေသူ့ ကိုလွယ်လွယ်နဲ့ မျက်စိကျမှာပဲ ၊ ငါတို့မဟုတ်ရင်တောင် တခြားသူတွေ မျက်စိမကျဘူးမပြောနိုင်ဘူး”
လင်ဟန့်ဟွာက...
“ဒီ အရုဏ်ဦးမြူခိုးသမာဓိမီးတောက်ပါဝင်တဲ့ ဇာမဏီအရိုးကို ကာကွယ်ထားတယ်ဆိုကတည်းက သူက ငါတို့ကိုကူညီပေးတာလို့ ယူဆလို့ရတယ် ၊ ဒီတော့ ငါတို့လည်း သူ့ကိုပြန်ကြည့်ပေးရမှာပေါ့ ၊ ခက်တာက ငါတို့တွေက သူ့အနားအချိန်ပြည့် ရှိနေဖို့ဆိုတာမဖြစ်နိုင်ဘူး ၊ ဒီတော့ အရာအားလုံးက သူ့အပေါ်ပဲ မူတည်တယ်”
မုကျွင်းက ပင်လယ်အောက်ခြေသို့ ခေါင်းငုံ့ကြည့်ရင်း...
“ခန်းဖင်းတို့အုပ်စုကို ဘယ်လိုလုပ်မလဲ”
လင်ဟန့်ဟွာက...
“ကြည့်ရတာ သူတို့ မသေလောက်သေးဘူး ၊ အောက်ဘက်မှာပိတ်မိနေတာပဲရှိတာ ၊ ဒီတွင်းနက်ကြီးက လောလောဆယ်တော့ ခပ်မြန်မြန်နဲ့ ပြင်းပြင်းထန်ထန် ပြိုကျမှာမဟုတ်သေးဘူး ၊ အချိန်ကြာလာရင်တော့ တဖြည်းဖြည်း ပြိုကျသွားလိမ့်မယ်”
“နောက်နှစ်နည်းနည်းလောက်ကြာမှ ဒီတွင်းနက်ကြီး ဖြည်းဖြည်းချင်းပြိုကျသွားရင် သူတို့ ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်မှာ”
မုကျွင်းက...
“ရန်ကျောက်ကဲ ဒါမှမဟုတ် ကုဟုန် သူတို့ကိုလာသတ်မှာကိုလည်း စိတ်ပူစရာမလိုပါဘူး ၊ ဒီနေရာမှာဖြစ်ပေါ်နေတဲ့မျှခြေက အရမ်းထိရှလွယ်တယ်”
“တွင်းနက်ကြီး လုံးလုံးပြိုမကျခင် မျှခြေပျက်သါားရင် တွင်းနက်ကပေါက်ကွဲထွက်သွားလိမ့်မယ် ၊ ရန်ကျောက်ကဲမှာ ဘယ်လောက်များတဲ့ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတွေရှိပါစေ... သူလည်း အောက်ကလူတွေနဲ့အတူ သေရလိမ့်မယ် ၊ ဆင်ခြင်တုံတရားမရှိမှသာ သူက အဲဒီလိုလုပ်မှာပါ”
ပြောပြီးသည်နှင့် မုကျွင်းက လင်ဟန့်ဟွာကို ကြည့်လိုက်သည်။
“ဒါပေမဲ့ တခြားမတော်တဆမှုတွေ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး ၊ ဒီတော့ ငါတို့ သူတို့ကို ကူညီသင့်သလား ၊ သူတို့ (၃) ယောက်လုံး ဒီမှာသေသွားရင် ကျင်းထင်တောင်က သဘောညီချက်ပျက်တယ်လို့ တစ်ဖက်လူက သံသယဝင်သွားမလား စိုးရိမ်မိတယ် ၊ အဲဒီလိုဆရာရင် ဆရာနဲ့ အဲဒီလူ စကားပြောရခက်သွားလိမ့်မယ်”
လင်ဟန့်ဟွာက တည်ငြိမ်စွာဖြင့်...
“ဆရာက သူတို့ကို ကျူတောပင်လယ်ဒေသမှာ သိပ်လှုပ်လှုပ်ရှားရှားမလုပ်ဘဲ နေထိုင်ဖို့ ခွင့်ပြုခဲ့တာ ၊ သူတို့ အောင်မြင်မလား ကျရှုံးမလား ၊ ဒါမှမဟုတ် သူတို့အန္တရယ်ကင်းမလားဆိုတာကို ကျင်းထင်တောင်က အာမခံထားတာ မရှိဘူး”
“ဒီတစ်ခါလည်း သူတို့ရဲ့ကိုယ်ရေးကိုယ်တာရန်ငြိုးကြောင့် ကွမ်းမင်ဂိုဏ်းကိုတိုက်ခိုက်ရင်းက ဒီတွင်းနက်ထဲ ကျကုန်တာလေ ၊ ငါတို့မှာ ဘာတာဝန်မှမရှိဘူး ၊ သူတို့နောက်ကွယ်ကလူ မကျေနပ်ဘူးဆိုရင်လည်း သူတို့ဟာသူတို့ ဖြေရှင်းလိမ့်မယ် ၊ ငါတို့က သူတို့ကိုကူညီဖို့ ဘာတာဝန်မှမရှိဘူး”
လင်ဟန့်ဟွာမျက်ဝန်းများ အေးစက်သွားပြီး...
“သူတို့က ငါတို့ရဲ့အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှာ အတော်လည်းမွှေခဲ့ပြီးပြီ ၊ အခု နှစ်နည်းနည်းလောက် စိတ်အေးလက်အေးနေရတော့မယ်”
မုကျွင်းက ခေါင်းညိတ်ရင်း...
“ဒါလည်း ဟုတ်တာပဲ”
ခန်းဖင်းတို့အုပ်စုက တွင်းနက်ကြီးကို ရပ်တန့်ထားရန် ဓားအလင်းစည်းတံဆိပ်ကိုအသုံးပြုထားသည်ကိုငုံ့ကြည့်ရင်း ရန်ကျောက်ကဲ ခေါင်းခါယမ်းလျှက် ပြုံးလိုက်သည်။
တောင်းတျဲ၏နှလုံးသားကိုမျိုချထားသည့်ပန်ပန်နှင့် မိစ္ဆာဓားတောင်းတျဲက တွင်းနက်ကြီး၏ စုပ်ယူနိုင်စွမ်းကို တားဆီးရုံသာ တတ်နိုင်သည်။ တကယ်တမ်း တွင်းနက်ပြိုကျချိန်တွင် ပြင်ပသို့ပေါက်ကွဲထွက်လာမည့် မိုးမြေကိုပင် ပျက်ဆီးသွားစေနိုင်သော အဖျက်စွမ်းအားကြီးကို ခုခံကာကွယ်နိုင်မည် မဟုတ်ပေ။
ယခုအချိန် ခန်းဖင်းတို့အုပ်စုကို သတ်ဖြတ်ရန်ကြိုးစားပါက သူတို့နှင့်အတူ သူ့အသက်ကိုပါ စတေးခံရမည် ဖြစ်သည်။
“ဒါပေမဲ့ ဒီတွင်းနက် သဘာဝအတိုင်း ပျက်ပြယ်သွားဖို့ဆိုတာ အချိန်အတော်စောင့်ရဦးမှာ”
အတွေးနှင့်အတူ ရန်ကျောက်ကဲ ရယ်မောလိုက်သည်။
“အချိန်တွေကုန်လွန်ပြီး ရာသီတွေပြောင်းလဲလို့ နှစ်တွေကြာသွားတဲ့အခါ ကမ္ဘာကြီးလည်း ပြောင်းလဲသွားမှာပါ”
အောက်ဘက်မှတွင်းနက်ကြီးကို သတိလက်လွတ်ငေးကြည့်နေသည့် ရန်ကျောက်ကိုကြည့်ရင်း မြောက်ပင်လယ်ဓားခန်းမသခင် ‘ကုဟုန်’ က မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
“မိတ်ဆွေလေး’ရန်’ ၊ ကျုပ်သိချင်တာလေးတစ်ခုရှိလို့ မင်း ဖြေပေးနိုင်မလား”
ရန်ကျောက်ကဲက သူ့ကိုလှမ်းကြည့်ရင်း...
“ဘာများလဲ ခန်းမသခင်’ကု’”
ကုဟုန်က စိုးရိမ်ပူပန်ဟန်ဖြင့်....
“ကွမ်းမင်ဂိုဏ်းဌာနချုပ်ရှိတဲ့ နေလတောင်ထွတ်ရဲ့မြောက်ဘက် ကောင်းကင်ယံမှာ ကောင်းကင်အက်ကွဲကြောင်းတစ်ခုရှိတယ် ၊ ကွမ်းမင်ဂိုဏ်းချုပ် လော့ကျီးထောင်စကားအရဆိုရင် အဲဒီကောင်းကင်အက်ကွဲကြောင်းက မင်းမွေးဖွားကြီးပြင်းခဲ့တဲ့ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ဦးတည်နေတယ် မဟုတ်လား”
“တာ့ရွှမ်တိုင်းပြည် ဧကရာဇ်ရွှမ်မုက သဘာဝပသာဒနယ်မြေကို လိုက်မလာဘူး ၊ သူက စစ်သည်တွေကို ဦးဆောင်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာကို သွားတိုက်လိမ့်မယ်”
ကုန်းစွန်းမင်လည်း ရန်ကျောက်ကဲကိုလှမ်းကြည့်လိုက်သည်။
ဤသတင်းကြားသည့်အခါ လူငယ်၏မျက်နှာအမူအရာမည်သို့ရှိမည် မသိပေ။
ဧကရာဇ်ရွှမ်မုက နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ဖြစ်ပြီး ရွှမ်ဧကရာဇ်လှံရှည်ကို ပိုင်ဆိုင်ထားရုံသာမက မရေမတွက်နိုင်သော နောက်လိုက်နောက်ပါ တန်ခိုးစွမ်းအားရှင်များစွာ ရှိနေသည်။
အကယ်၍ ထိုမျှများပြားသောအင်အားများဖြင့် အောက်ဘုံကမ္ဘာကိုတိုက်ခိုက်မည်ဆိုလျှင် ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ထားသည့်တိုင် မရပ်တန့်နိုင်သောဒီရေအလား အလွန်တရာ စွမ်းအားကြီးမားပေလိမ့်မည်။
ထိုသို့သောဖိအားများနှင့် ရင်ဆိုင်ရပါက အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် ရန်ကျောက်ကဲနေထိုင်ခဲ့သောသိုင်းဂိုဏ်းအနေဖြင့် တောင့်ခံနိုင်မည်မဟုတ်ဟု ကုဟုန်နှင့် ကုန်းစွန်းမင်တို့ တွေးထင်ခဲ့ကြသည်။
ရန်ကျောက်ကဲက သဘာဝပသာဒနယ်မြေသို့ တန်းပြီးလိုက်လာသဖြင့် ဝိညာဉ်နယ်မြေတွင်ဖြစ်ပျက်ခဲ့သောကိစ္စများကို မသိလောက်သေးဟု သူတို့တွေးထင်ကြသည်။
ယခုတော့ ကုဟုန်က ရန်ကျောက်ကဲကို စိတ်ပူပန်စွာကြည့်ရင်း မည်သို့နှစ်သိမ့်ပေးရမည်လဲ စဉ်းစားနေမိသည်။
ရန်ကျောက်ကဲက ဒေါသတကြီးဖြင့် ဧကရာဇ်ရွှမ်မုကို လက်စားချေမည်ဆိုလျှင် သူသည်လည်း ရန်ကျောက်ကဲဘက်က ရှိပေးသင့်သည်ဟု ကုဟုန် စိတ်ကူးမိ၏။
အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ရွှမ်ဧကရာဇ်လှံရှည်ကိုပိုင်ဆိုင်ထားသည့် ဧကရာဇ်ရွှမ်မု၏တန်ခိုးစွမ်းအားက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ဖြင့် ကောင်းစွာယှဉ်ပြိုင်နိုင်သည်။
ရန်ကျောက်ကဲ သူ့ကိုသွားရောက်တိုက်ခိုက်မည်ဆိုလျှင် စောစောက ခန်းဖင်းတို့အုပ်စုကို တွင်းနက်ထဲပိတ်ထားပြီး ပြန်လည်တိုက်ခိုက်၍မရနိုင်ချိန် ရိုက်ချနေသကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။
ရန်ကျောက်ကဲတွင် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း တစ်ခုထက်မက ပိုင်ဆိုင်ထားသော်လည်း သူ့အနေဖြင့် ဧကရာဇ်ရွှမ်မုကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
ဧကရာဇ်ရွှမ်မုသာ မြို့တော်သို့ပြန်သွားပါက အိမ်ကွင်းအားသာချက်ကိုပိုင်ဆိုင်သွားပြီး အထူးသဖြင့် ရန်ကျောက်ကဲအတွက် သူ့ကိုတိုက်ခိုက်ရန် ပိုပြီးခက်ခဲပေလိမ့်မည်။
ကုဟုန်စကားများကိုကြားတော့ ရန်ကျောက်ကဲက ရယ်မောရင်း...
“အခုလိုပြောတာ ကျေးဇူးတင်ပါတယ် ခန်းမသခင်’ကု’ ၊ ဒါပေမဲ့ ကျွန်တော် သဘာဝပသာဒနယ်မြေကိုမလာခင်ကတည်းက ဒီအကြောင်း သိပြီးပါပြီ ၊ တကယ်တော့ ဒီ’ရန်’ က ဝိညာဉ်နယ်မြေကကိစ္စပြီးမှ သဘာဝပသာဒနယ်မြေကို လိုက်လာတာပါ”
ထိုစကားကြားတော့ ကုဟုန်ရော ကုန်းစွန်းမင်ပါ အံ့အားသင့်သွားကြသည်။
“ဒါဖြင့် ဝိညာဉ်နယ်မြေက အခြေအနေဘယ်လိုများရှိလဲ”
ရန်ကျောက်ကဲ အဖြေမပေးခင် မုကျွင်းက အပြံးရိပ်နှင့်အတူ စကားဆိုလာသည်။
“အစွန်းရောက်ရှစ်ပါးကမ္ဘာကိုသွားတိုက်တဲ့ ဧကရာဇ်ရွှမ်မုနဲ့ စစ်သည်တွေအားလုံး သေကုန်ပြီ ၊ ဝိညာဉ်နယ်မြေက ကောင်းကင်အက်ကွဲကြောင်းနားမှာ အကုန်သုတ်သင်ခံလိုက်ရတယ် ၊ ဧကရာဇ်ရွှမ်မုပါ သေသွားပြီလေ”
“တာ့ရွှမ်တိုင်းပြည်ရဲ့ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်တဲ့ ရွှမ်ဧကရာဇ်လှံရှည်ကတော့ အခု မိတ်ဆွေလေးရန်လက်ထဲ ရောက်သွားပြီ”
“......”
ထိုစကားများကိုကြားတော့ ကုဟုန်နှင့် ကုန်းစွန်းမင်တို့နှစ်ယောက်လုံး မှင်တက်သွားကြလေ၏။