နဂါးများကောင်းကင်ထက်သို့ပျံသန်းကြသည်
Vol. 56 Ch. 791
အခန်း (၇၉၁) နဂါးများကောင်းကင်ထက်သို့ပျံသန်းကြသည်
အန္တရယ်မှလွတ်မြောက်လာကြသည့် ကုဟုန်နှင့် ကုန်းစွန်းမင်တို့ ဦးဆောင်သည့် မြောက်ပင်လယ်ဓားခန်းမနှင့် ကြေးနီကျွန်းမှ အကြီးအကဲများ မှင်တက်သွားကြသည်။
ဤစကားပြောသူက အရှေ့တောင်ထိပ်တန်းအရှင်သခင်၏တပည့် ၊ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်ဖြစ်သော မုကျွင်းသာမဟုတ်လျှင် တစ်ယောက်တစ်ပေါက် အုံးအုံးကြွက်ကြွက် ဖြစ်ကုန်ကြမည် အမှန်ပင်။
ယခုတော့ လူတိုင်းက ရန်ကျောက်ကဲကိုမှင်တက်စွာ စိုက်ကြည့်နေမိကြပြီး ပြောစရာစကားများလည်း ပျောက်ရှလျှက် ရှိကြသည်။
အားလုံးစိတ်တည်း တစ်ပြိုင်တည်းတွေးနေကြသည်မှာ...
“သူ ဘယ်လိုများလုပ်လိုက်ပါလိမ့်”
ထိုစဉ်အချိန်က ဧကရာဇ်ရွှမ်မုသည်လည်း စောစောက လော့ကျီးထောင်နှင့် ခန်းဖင်းတို့ ကဲ့သို့ပင် ဖြစ်ခဲ့ရပြီး မရေမရာသော အနေအထားတွင် ပိတ်မိကာ ရန်ကျောက်ကဲ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပါသလား။
ဇာမဏီနယ်မြေရှိ ကောင်းကင်အက်ကွဲကြောင်းတွင် ရန်ကျောက်ကဲက ထူးခြားသည့်ပတ်ဝန်းကျင်အခြေအနေတစ်ခု ဖန်တီးခဲ့ပြီး လော့ကျီးထောင်နှင့် ‘ခန်း’ သခင်မကို သူသေကိုယ်သေ ယှဉ်ပြိုင်စေခဲ့သည့်ဖြစ်ရပ်ကို ပြန်သတိရသွားပြီး ကုဟုန်စိတ်ထဲ လှုပ်ရှားသွားသည်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ဧကရာဇ်ရွှမ်မုက အစွန်းရောက်ရှစ်ပါးကမ္ဘာကိုဆင်းသွားတယ်လေ ၊ သူက ရွှမ်ဧကရာဇ်လှံရှည်ကို အထက်ဘုံကမ္ဘာမှာထားခဲ့တယ် ၊ အဲဒါကြောင့် ကျွန်တော်က အဲဒီရတနာပစ္စည်းကို ယူလိုက်နိုင်တာပါ”
သူက ဆက်ပြောသည်။
“ဧကရာဇ်ရွှမ်မုပြန်ရောက်လာတဲ့အချိန် ကျွန်တော့်အဖေလည်း အထက်ဘုံကမ္ဘာကို တက်လာခဲ့တယ် ၊ ပြီးတော့ အဖေက ဧကရာဇ်ရွှမ်မုကို သတ်ပစ်လိုက်တယ်”
ကုဟုန် ၊ ကုန်းစွန်းမင်အနှင့်အခြားသူများ ခေါင်းညိတ်လိုက်ကြသည်။
“သြော်... လက်စသတ်တော့ ဒီလိုကိုး”
ရွှမ်ဧကရာဇ်လှံရှည်က ဧကရာဇ်ရွှမ်မုလက်ထဲတွင်မရှိတော့သည့်အချိန် ရန်ကျောက်ကဲတွင် ထူးကဲယန်စည်းတံဆိပ် ပိုင်ဆိုင်ထားသည်။ အရင်က ရန်ကျောက်ကဲပြသခဲ့သော အံ့အားသင့်စရာနည်းလမ်းများကို တွေးကြည့်မည်ဆိုလျှင် ဤသည်က ဖြစ်နိုင်ခြေ ရှိပေသည်။
ခဏလေး ၊ တစ်ခုခုမှားနေသလိုပဲ...။
လူတိုင်း၏မျက်လုံးများ ချက်ချင်းပင် အာရုံစူးစိုက်သွားကြသည်။
“ဧကရာဇ်ရွှမ်မုပြန်ရောက်လာတဲ့အချိန် ကျွန်တော့်အဖေလည်း အထက်ဘုံကမ္ဘာကို တက်လာခဲ့တယ် ၊ ပြီးတော့ အဖေက ဧကရာဇ်ရွှမ်မုကို သတ်ပစ်လိုက်တယ်”
ထိုစကားအဓိပ္ပါယ်အရ အထက်ဘုံကမ္ဘာသို့တက်လာသည်ဆိုခြင်းမှာ သွေးကြောဆုံချက်များကိုသန့်စင်ပြီး နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ တက်ရောက်ခြင်းဖြစ်နိုင်သည် မဟုတ်လား။
သူတို့အားလုံး ရန်ကျောက်ကဲကို အံ့အားသင့်စွာ လှမ်းကြည့်လိုက်ကြသည်။
ပြောရမည်ဆိုလျှင် ယခုမှအထက်ဘုံကမ္ဘာသို့တက်လာသည်ဆိုပါက နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် ၊ သိုင်းသူတော်စင် စတုတ္ထအဆင့်သာ ရှိနေပေမည်။ ထိုသူက နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ရှိသော ဧကရာဇ်ရစ်ရွှမ်မုကို ခေါင်းဖြတ်သတ်လိုက်သည်တဲ့လား။
ဧကရာဇ်ရွှမ်မုလက်ထဲတွင် ရွှမ်ဧကရာဇ်လှံရှည်မရှိလျှင်တောင်မှ ဤသည်က မယုံကြည်နိုင်ဖွယ်ရာ ဖြစ်သည်။
အားလုံးက ထိတ်လန့်အံ့သြသွားစဉ် ရန်ကျောက်ကဲက ခံစားချက်ကင်းမဲ့သည့်အမူအရာဖြင့် တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ် ၊ အဖေက အခုမှ အထက်ဘုံကမ္ဘာကိုတက်လာတဲ့ နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် သိုင်းသူတော်စင်ပါ”
လူတိုင်းစကားမဆိုနိုင်ဘဲ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
လင်ဟန့်ဟွာနှင့် မုကျွင်းတို့သည်လည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့လည်း ဤကိစ္စကို ချန်ကျိလျန်ပြောပြစဉ်က ဤသို့ပင်တုန်လှုပ်ခဲ့ရသည်ကို သတိရမိကြသည်။
အထူးသဖြင့် ချန်ကျိလျန်စကားအရ ထိုသူသည် သိုင်းသူတော်စင် တတိယအဆင့်တွင် ရှိနေစဉ်မှာပင် တန်ခိုးစွမ်းအားမြင့်မားလွန်းသဖြင့် အောက်ဘုံကမ္ဘာက လက်မခံနိုင်တော့ဘဲ အထက်ဘုံကမ္ဘာနှင့် အောက်ဘုံကမ္ဘာကြား ကမ္ဘာဖြတ်လမ်းကြောင်းသို့ တက်လာသော လူတစ်ယောက်ဖြစ်သည်ဟု ဆိုသည်။
ထိုသို့အရည်အချင်းရှိသူတစ်ယောက်အတွက် လင်ဟန့်ဟွာရော မုကျွင်းပါ အံ့အားသင့်ခဲ့ကြရသည် အမှန်ပင်။ သူတို့ကိုပိုပြီး အံ့အားသင့်စေသည်မှာ ထိုသို့သောလူမျိုးနောက်တစ်ယောက်သည်လည်း ယခု သူတို့ရှေ့တွင် ရှိနေခြင်း ဖြစ်၏။
လင်ဟန့်ဟွာနှင့် မုကျွင်းတို့မှာ သူတို့ရှေ့မှ ရန်ကျောက်ကဲက သူ့အဖေထက်ပိုတော်မည်ဟု လေးလေးနက်နက် သံသယဝင်ခဲ့ကြသည်။
သိုင်းသူတော်စင် ဒုတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း အလယ်ဆင့်တွင်ရှိသော ရန်ကျောက်ကဲသည် ယခုအချိန် အောက်ဘုံကမ္ဘာသို့ ပြန်ဆင်းမည်ဆိုပါက ထိုနေရာနှင့် လိုက်လျောညီထွေမဖြစ်နိုင်လောက်အောင် တန်ခိုးစွမ်းအား မြင့်မားနေပြီ ဖြစ်သည်။
ဤကဲ့သို့သော အရည်အချင်းရှိသူများ အောက်ဘုံကမ္ဘာမှ တပြိုက်နက်ထွက်ပေါ်လာသည့်အခါ သူတို့နှစ်ယောက်မျာ သားအဖဖြစ်နေကြသည့်တိုင် လင်ဟန့်ဟွာနှင့် မုကျွင်းတို့ ထိတ်လန့်အံ့သြကြရသည်ပင်။
အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ အထူးချွန်ဆုံးတပည့်များအနေဖြင့် သူတို့သည် နဂိုကပင် အတော်ဆုံးများထဲမှအတော်ဆုံး ၊ အထွတ်ထိပ်များထဲမှအထွတ်ထိပ် ဖြစ်ခဲ့ကြသည်။ သို့သော် ယခုတော့ မည်သို့မှမတတ်နိုင်စွာ လေးစားအားကျရုံသာ တတ်နိုင်တော့သည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာမှဝါဒတောင်တွင် အမတကူးပြောင်းခြင်းအဆင့်သိုင်းသူတော်စင်တစ်ယောက်မှ မရှိပါဘဲ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများစွာ ပိုင်ဆိုင်နေသည်ကို မုကျွင်းအနေဖြင့် စိတ်ထဲမှလက်မခံနိုင်သော်လည်း ထုတ်ဖော်မပြောနိုင်ခဲ့ပေ။
ယခု သူကိုယ်တိုင် အောက်ဘုံကမ္ဘာမှ ထိုသိုင်းဂိုဏ်းကို အတော်လေး စိတ်ဝင်စားနေမိသည်။
ယခုတော့ ကုဟုန်နှင့် ကုန်းစွန်းမင်တို့က ရန်ကျောက်ကဲကိုကြည့်လိုက်ကြပြီး သူတို့စိတ်ထဲတွင် အတွေးတစ်ခုသာလျှင် ရှိကြသည်။
ကြောက်မက်ဖွယ်ကောင်းသော နဂါးများသည် မြစ်ကိုဖြတ်ကူးကြသည်သာမက ကောင်းကင်ယံသို့ ပျံတက်သွားမည်သာဖြစ်သည်။
ကုန်းစွန်းမင်သည် ထိုအချက်ကို အတော်လေးနက်ရှိုင်းစွာအထင်ကြီးမိသည်။
ဧကရာဇ်ရွှမ်မုကို အနိုင်တိုက်ခိုင်နိုင်သည်ဆိုကတည်းက သူ့ကိုလည်းအနိုင်တိုက်ခိုက်နိုင်သည်ဆိုသော အဓိပ္ပါယ်ပင်။
ယခုမှ နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် ၊ သိုင်းသူတော်စင် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်က....။
အဆုံးမဲ့သံလိုက်မုန်တိုင်းများတဖြည်းဖြည်းတိုက်ခတ်လာနေသည့် အောက်ဘက်မှပင်လယ်ပြင်ကိုကြည့်ရင်း ရန်ကျောက်ကဲ ပြုံးလိုက်သည်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ဧကရာဇ်ရွှမ်မုလည်းသေပြီ ၊ တာ့ရွှမ်တိုင်းပြည်ကလူတွေလည်းအသေအပျောက်များတယ် ၊ ပြီးတော့ ရှန်လင်ဓားဆယ်လက်က ထိပ်တန်းသိုင်းကျင့်ကြံသူတွေလည်း ဒီ သဘာဝပသာဒနယ်မြေမှာ ပိတ်မိနေတယ်ဆိုတော့ အခြေအနေတွေက နည်းနည်းတော့ စိတ်အေးရပြီ ၊ ဒါပေမဲ့ သူတို့မှာ ကာကွယ်သူအရှင်သခင် (၄)ယောက် ကျန်ရှိနေသေးတယ် ၊ ခြေထောက်တွေများတဲ့ကင်းခြေမြားက လွယ်လွယ်နဲ့သေမှာတော့ မဟုတ်ဘူး”
ကုဟုန် ၊ ကုန်းစွန်းမင်နှင့် အခြားသူများသည်လည်း ဤသို့ပင် တွေးမိကြသည်။
ထို့ကြောင့် လက်ရှိအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ သူတို့၏အရိုးအသားများကို ဆန့်ထုတ်ပြီး တာ့ရွှမ်တိုင်းပြည်ကို ကိုင်တွယ်ရပေမည်။
သူတို့စိုးရိမ်သည်က ခန်းဖင်းတို့အုပ်စု သဘာဝပသာဒနယ်မြေမှ လွတ်မြောက်ပြီးနောက် မည်သို့တုံ့ပြန်မည်လဲဆိုသော အချက်ပင်။ အနည်းဆုံးတော့ သူတို့ (၃)ယောက်က အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၃)ယောက်ဖြစ်သည် မဟုတ်ပါလား။
သို့သော် သူတို့ရှေ့မှရန်ကျောက်ကဲကိုကြည့်ရင်း စိတ်ထဲ လှုပ်ရှားသွားကြသည်။
ခန်းဖင်းတို့အုပ်စု လွတ်မြောက်လာချိန်တွင် သူတို့ရှေ့မှလူငယ်က ဘယ်လောက်အထိ ကြီးထွားလာမည်လဲ။
ကုဟုန်က လင်ဟန့်ဟွာနှင့် မုကျွင်းတို့ဆီ လှမ်းကြည့်လိုက်သည်။ လင်ဟန့်ဟွာတို့နှစ်ယောက်က ရန်ကျောက်ကဲနှင့် ကုဟုန်တို့ ပြောဆိုနေကြသည်များကို စိတ်ထဲမရှိကြပေ။
မြောက်ပင်လယ်ဓားခန်းမနှင့် ကြေးနီကျွန်းမှလူတိုင်းသည် သူတို့၏ယုံကြည်မှု တဖြည်းဖြည်း ခိုင်မာလာခဲ့ကြသည်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ကျွန်တော်တို့ဂိုဏ်းက အထက်ဘုံကမ္ဘာ ၊ ကျူတောပင်လယ်ဒေသရဲ့ ဝိညာဉ်နယ်မြေမှာ အခြေစိုက်ပြီး သိုင်းဂိုဏ်းတည်ထောင်ချင်လို့ပါ ၊ ဆရာ’လင်’ နဲ့ ဆရာ’မု’ တို့ ကူညီပေးနိုင်မလားမျှော်လင့်ပါတယ် ၊ ပြီးတော့ ခန်းမသခင်’ကု’နဲ့ ကျွန်းသခင်’ကုန်းစွန်း’ တို့လည်း ကျွန်တော်တို့ကို ဂရုစိုက်ပေးကြပါဦး”
ဤသို့သောကိစ္စဖြစ်လာမည်ဟု လူအများစု တွေးထင်ထားခဲ့ကြသည်။ ကုဟုန်နှင့် ကုန်းစွန်းမင်တို့က လင်ဟန့်ဟွာနှင့် မုကျွင်းတို့ကို လှမ်းကြည့်လိုက်ကြသည်။
လင်ဟန့်ဟွာက သိမ်မွေ့စွာဖြင့်...
“ငါကတော့အဆင်ပြေပါတယ် ၊ ဒါပေမဲ့ ဆရာ့ကိုတော့ ဒီကိစ္စမေးကြည့်ရဦးမယ်”
အကယ်၍ အောက်ဘုံကမ္ဘာမှ သာမန်အင်အားစုတစ်ခုက သိုင်းဂိုဏ်းတည်ထောင်မည်ဆိုပါက သူတို့၏ခွင့်ပြုချက်တစ်ခုတည်းဖြင့် အရှေ့တောင်ပိုင်း နေဝန်းကောင်းကင်နယ်မြေတွင် ၎င်းတို့၏ ဌာနချုပ်ကို ထူထောင်ရန် လုံလောက်နေပြီ ဖြစ်သည်။
သို့သော် ရန်ကျောက်ကဲနှင့် ဝါဒတောင်တို့က အထူးအခြေအနေတစ်ခုတွင် ရှိနေကြပြီး ရုန်းရင်းဆန်ခတ်မှုများနှင့် ပတ်သက်ဆက်နွယ်မှုကလည်း ကျယ်ပြန့်သည်။
ပြီးတော့ သူတို့တွင် ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူကဲ့သို့ ထူးခြားထင်ရှားသည့် ရတနာပစ္စည်းများလည်းပိုင်ဆိုင်ထားလေရာ ဒါတွေအားလုံးက အနာဂတ်မှာ မည်သို့ဖြစ်လာမည်ကို မည်သူမှအတိအကျ မပြောနိုင်ပေ။
လင်ဟန့်ဟွာနှင့် မုကျွင်းတို့ ဤကိစ္စနှင့် ပတ်သက်၍ ကိုယ်တိုင် ဆုံးဖြတ်ချက်မချနိုင်ခဲ့ပေ။
မုကျွင်းကလည်း ခေါင်းညိတ်ရင်း...
“ငါ့အတွက်လည်း အဆင်ပြေပါတယ် ၊ ဒါပေမဲ့ ဆရာ့ခွင့်ပြုချက်ရရင်တော့ ပိုပြီးအဆင်ပြေတာပေါ့ ၊ ဒီတော့ မိတ်ဆွေလေး’ရန်’ တို့သားအဖ အချိန်အားရင် ကျင်းထင်တောင်ကိုလာပြီး ဆရာနဲ့ တွေ့ဆုံစေချင်ပါတယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“ကျွန်တော်လည်း လာရောက်လည်ပတ်ချင်ပါတယ်”
ကုဟုန်နှင့် ကုန်းစွန်းမင်တို့က ရန်ကျောက်ကဲကို တစ်ပြိုင်တည်းလှမ်းကြည့်လိုက်ကြသည်။
“အထက်ဘုံကမ္ဘာမှာ မင်းတို့ဂိုဏ်း တိုးတက်ကြီးပွားဖို့အတွက် ကူညီပေးပါ့မယ် ၊ ဖွင့်ပွဲအခမ်းအနားကျင်းပရင်လည်း ကျုပ်တို့ကိုယ်တိုင် လာရောက်ဂုဏ်ပြုပေးမယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဒါဖြင့် ဒီ ‘ရန်’ က ကြိုတင်ပြီးကျေးဇူးတင်စကားဆိုပါရစေ”
တာ့ရွှမ်တိုင်းပြည်အနေဖြင့် သဘာဝပသာဒနယ်မြေမှ အဖြစ်အပျက်များကို သတင်းရရှိဦးမည် မဟုတ်သေးပေ။ သူတို့သတိမထားမိခင် အလစ်ဖမ်းချင်သော ကုဟုန်နှင့် ကုန်းစွန်းမင်တို့က ရန်ကျောက်ကဲ ၊ လင်ဟန့်ဟွာနှင့် မုကျွင်းတို့အား လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ကြသည်။
“အားလုံးပဲ ကျုပ်တို့သွားနှင့်တော့မယ်...”
“ယင်စန်းတောင်ဓားဘုရင်နဲ့ ချင်းယွမ်လွင်ပြင်ဓားဘုရင်... တစ်ခုခုစေခိုင်းစရာရှိရင် ကျုပ်တို့ကို အမြန်ဆုံးအကြော်းကြားပါ ၊ ကျင်းထင်တောင်ကရောက်လာတဲ့အမိန့်ဆိုရင် ကျုပ်တို့ သေချာပေါက်ကူညီမှာပါ”
လင်ဟန့်ဟွာက တိတ်ဆိတ်စွာခေါင်းညိတ်လိုက်စဉ် မုကျွင်းကတော့ ပြုံးလိုက်ရင်း...
“အကြီးအကဲတို့ ယဉ်ကျေးလွန်းနေပါပြီ”
ကုဟုန်နှင့် ကုန်းစွန်းမင်တို့က ရန်ကျောက်ကဲကို ကြည့်ရင်း...
“ဒီတစ်ခေါက် မိတ်ဆွေလေး’ရန်’ ကူညီတာ ကျေးဇူးတင်ပါတယ် ၊ တကယ့်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်တာပါ ၊ မိတ်ဆွေလေး’ရန်’ ကျုပ်တို့ မော်လူဒေသကို အချိန်မရွေး လာရောက်လည်ပတ်နိုင်ပါတယ်”
“ကျုပ်တို့ ကြေးနီကျွန်းကိုလည်း ‘ရန်’ သခင်လေး အချိန်မရွေးလာရောက်လည်ပတ်နိုင်ပါတယ် ၊ သခင်လေးအတွက် ထိုင်ခုံကို ကျုပ်ကိုယ်တိုင်ဖုံသုတ်ပေးမယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အကြီးအကဲတို့နှစ်ယောက် ယဉ်ကျေးလွန်းနေပါပြီ ၊ ဒီ ‘ရန်’ သေချာပေါက် လာရောက်လည်ပတ်ပါ့မယ်”
ကုဟုန် ၊ ကုန်းစွန်းမင်တို့ ထွက်ခွာသွားပြီးနောက် ရန်ကျောက်ကဲက သူ့အရှေ့မှ ကျယ်ပြောလှသည့်ပင်လယ်ပြင်ကိုကြည့်ရင်း စိတ်သက်သာရာရသွားဟန်ဖြင့် နှုတ်ခမ်းများထက် အပြုံးရိပ်တစ်ခု ပေါ်လာသည်။
“အခုမှပဲ ကျူတောပင်လယ်ဒေသရဲ့ရှုခင်းတွေက ပိုပြီးလှပလာတော့တယ်”