← Chapters

ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့

Vol. 37 Ch. 505

ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့

Vol. 37 Ch. 505

“ဂျူနီယာညီမလေး နိုက်ဟော် ... အခြေအနေ အတိအကျ ပြန် ပြောပြနိုင်မလား”

နောက်ကျောတွင် ဓားအိမ်မဲ့ ဓားတစ်ချောင်းကို လွယ်ထားပြီး ထက်ရှသည့် ဓားပမာ တည်ရှိနေသည့်  အဝတ်နက်နှင့် အမျိုးသားက လက်နှစ်ဖက်ယှက်ကာ နိုက်ဟော်ကို ပြောလိုက်သည်။

အားလုံးက ဤအမျိုးသားကို သိကြပေသည်။ သူက လော့လင် အင်မော်တယ်နယ်မြေမှ မဟာဓားလမ်းစဉ်၏ ကြယ်ကိုးလုံး ပါရမီရှင် ဖန့်ရှီကျန်း ဖြစ်၏။ ပြောရမည်ဆိုလျှင် ဓားရေး တာအို၌ သူ့အောင်မြင်မှုမှာ အတော်လေး ပေါက်ရောက်နေပြီ ဖြစ်ရာ သူ့ဓား ပေါ်လာသည်နှင့် လေထုတစ်ခုလုံး သူ့ဓားစွမ်းအားများဖြင့် အပြည့် ဖုံးလွှမ်း ထားနိုင်သည်။  ထို့အပြင် ဤအမျိုးသားက သူ့ဘဝ တစ်လျှောက်လုံး ဓားရေး တာအို၌သာ မြှုပ်နှံရန် ဆုံးဖြတ်ထားလေ၏။ သူ့ဘဝတွင် ဓားမှ လွဲ၍ ကျန်အရာ အားလုံးမျှ သာမည ဖြစ်ပေသည်။

အားလုံးက ဖန့်ရှီကျန်းကို ကြောက်ရွံ့ကြသည့် အချက်မှာ သူ ရွမ်ရှန်း နောက်ပိုင်းအဆင့်တွင် ရှိစဉ် မဟာယီရှန်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ် နိုင်ခဲ့သောကြောင့် ဖြစ်ပေ၏။

မဟာယီရှန်း အဆင့် ကျင့်ကြံသူ အနေဖြင့် အားအနည်းဆုံး မဟာယီရှန်း အဆင့် ကျင့်ကြံသူကိုပင် ရွမ်ရှန်းအဆင့်ဖြင့်    နှိုင်းယှဉ်ကြည့်၍ မရပေ။ အရည်အချင်းနှင့် အရေအတွက်ပါ ကွာခြားနေပေသည်။  မဟာယီရှန်းအဆင့် ရောက်သည်နှင့် သူ့ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ပိုမို ကျယ်ပြန့်လာပြီး သူ့စွမ်းဆောင်ရည်မှာ အဆတစ်ရာလောက် တိုးပွား သွားလိမ့်မည်။ ပြောရမည်ဆိုလျှင် ရွမ်ရှန်းအဆင့် ကျင့်ကြံသူက  မဟာယီရှန်း အဆင့်ကို သတ်နိုင်ဖို့ရာ မည်မျှ ခက်ခဲကြောင်း သေချာ သိနိုင်ပေသည်။

သို့သော်လည်း ဖန့်ရှီကျန်းက လုပ်နိုင်ခဲ့၏။

ဖန့်ရှီကျန်းက ထိုမေးခွန်း မေးသောအခါ အားလုံးက နိုက်ဟော်ကို လှည့်ကြည့်လိုက်ကြသည်။ အားလုံးက ထိုစဉ် အချိန်အခါက အခြေအနေကို သိချင်နေကြသည်။

ဆံဖြူ မိန်းကလေး နိုက်ဟော်က ဦးညွှတ်ကာ

“စီနီယာအစ်ကိုဖန့်ကို နှုတ်ခွန်းဆက်ပါတယ်။ အဲဒီအချိန်တုန်းက  ကျမရဲ့ စွမ်းဆောင်ရည်က သူ့ထက် ကောင်းပေမဲ့ သူက အစကတည်းက လွတ်မြောက်သွားခဲ့တယ်”

အခြား အမျိုးသမီး ကျင့်ကြံသူ ကြားသည့်အခါ သူမက ရင်ဘတ်ကို ပုတ်ကာ

“အစ်မနိုက်ဟော်နဲ့ သူနဲ့ ထိပ်တိုက် ရင်ဆိုင်တယ် ဆိုပြီ ထင်နေတာ။ ကြည့်ရတာ သူက အဆောင်သုံးပြီး ထွက်ပြေးခဲ့တာပဲ။ ပြီးတော့မှ အစ်မနိုက်ဟော်ကို ချောင်းမြောင်း လုပ်ကြံတာ နေမှာပေါ့”

တခြားသူများ၏ မျက်နှာ၌ နားလည်သွားသည့် အမူအရာများ ပေါ်လာကြသည်။ လောက အင်မော်တယ်အဆင့် ကျင့်ကြံသူက လွတ်မြောက်ရေး အဆောင်သုံးပြီး ဖုံးကွယ်ရေး နည်းစနစ်ပါ သုံးလိုက်လျှင်  ပြောင်းလဲမျှခြေ အဆောင်ဖြင့် ကျင်းရှန်းအဆင့် ကျင့်ကြံသူ နိုက်ဟော်ကို ချောင်းမြောင်း လုပ်ကြံဖို့ရာက မဖြစ်နိုင်ခြင်း မဟုတ်ပေ။ သို့သော်လည်း ထိုရက်မှ  အောင်မြင်မှုမှာ ကံကောင်းမှုကြောင့်သာ ဖြစ်ပေလိမ့်မည်။ ပါရမီ ပါသည်ဟု ဆိုလျှင်ပင် နိုက်ဟော်လောက် ကြောက်မက်ဖွယ် မကောင်းလောက်ချေ။

နိုက်ဟော်က ခေါင်းခါကာ

“အဲလို မဟုတ်တာက ကံဆိုးတာပဲ။ သူက လွတ်မြောက်ရေး အဆောင် ဘာမှ သုံးမထားဘူး။ သူက အာကာသ အတွင်း သူ့ဘာသာ ဆက်တိုက် ထွက်ပြေးသွားတာ။ ကျမက စိတ်စွမ်းအားနဲ့ ခြေရာခံပြီး လိုက်တာတောင် လတော်တော် ကြာအောင် လိုက်ခဲ့ရတာ။

အဲဒါတောင် ကြားက ကွာခြားချက်ကို လျော့မသွားနိုင်ခဲ့ဘူး”

ဤဥယျာဉ်အတွင်းမှ လူများအားလုံးမှာ ထိပ်တန်း ပါရမီရှင်များ ဖြစ်သော်လည်း သူတို့က နိုက်ဟော် စကားများကို ကြားသောအခါ သိမ့်ခနဲ တုန်သွားကြသည်။ အဆောင် မသုံးထားသည့် လောက အင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက်က ကျင်းရှန်းအဆင့် ကျင့်ကြံသူ လက်ထဲမှ လများစွာ ထွက်ပြေးနိုင်သည်က မည်သို့ ရိုးရှင်းသည့် ပါရမီရှင် ဖြစ်နိုင်မည်နည်း။

လောကအင်မော်တယ်၏ လွတ်မြောက်ရေး လျှို့ဝှက်ပညာရပ်ကို မပြောနှင့်ဦး …

သူ့တောင်ခံနိုင်စွမ်း တစ်ခုတည်းကပင် သာမန်လူများ လိုက်မီနိုင်မည့် အရာ မဟုတ်ပေ။

ကျင်းရှန်းအဆင့် ကျင့်ကြံသူကို ပြောင်းလဲမျှခြေ အဆောင်ဖြင့်  ထိန်းချုပ်ထားသည် ဆိုလျှင်ပင် သူက သူ့အင်မော်တယ် သဘာဝ စွမ်းအားများနှင့် စိတ်စွမ်းအား ရှိနေဆဲ ဖြစ်ကြောင်း သိသင့်ပေသည်။ ထို့ကြောင့် သူက အလွယ်တကူ ပင်ပန်း မသွားနိုင်ပေ။

နိုက်ဟော် လက်ထဲမှ လများစွာ ထွက်ပြေးနိုင်သည့် ကျင့်ကြံသူမှာ သူ့တောင့်ခံနိုင်စွမ်း တစ်ခုတည်းဖြင့် အတော်လေး တုန်လှုပ်ဖွယ် ကောင်းကြောင်း သက်သေ ပြနေခြင်း ဖြစ်၏။

“နောက်ပိုင်းကျ တဖြည်းဖြည်းနဲ့ နှေးကျလာတယ်။ မဟုတ်ရင် သူ့ကို ဘယ်လောက်ကြာအောင် လိုက်နေရမလဲ ဆိုတာ မသိဘူး။ သူ ရပ်လိုက်တော့ သူ့တောင့်ခံနိုင်စွမ်း ကန့်သတ်ချက် ရောက်လာပြီလို့ ထင်လိုက်မိတယ်။

ဒါပေမဲ့ သူက အာကာသ ချောက်နက်ကြီးထဲ ဝင်သွားလိမ့်မယ်လို့ ထင်မထားမိဘူး။ အဲဒီချောက်နက်ထဲမှာ ထိပ်တိုက် ရင်ဆိုင်ပြီး တိုက်ခိုက်ခဲ့တာ   ... အရည်အချင်း အရရော၊ ဉာဏ်စွမ်းအရရော ကျမ သူ့ကို လုံးလုံး ရှုံးနိမ့်ခဲ့ရတယ် ...”

နိုက်ဟော် အသံမှာ ပျော့ပျောင်းပြီး လေးနက်ပေသည်။ အားလုံးက သူမအသံမှ တစ်ဆင့် ထိုဖြစ်ရပ်ကြောင့် ရိုက်ခတ်မှုကို အတော်ခံစားခဲ့ရကြောင်း ပြောနိုင်ကြ၏။

အချိန်ခဏ အကြာတွင် ဖန့်ရှီကျန်းက သက်ပြင်းချကာ

“အဲဒီလူ အင်မော်တယ် လောကကို လာရင် သူနဲ့ တိုက်ပွဲတစ်ပွဲတော့ တိုက်ကြည့်ရမယ်။ ဂျူနီယာညီမ နိုက်ဟော်က သူ့နာမည်နဲ့ ဘယ်လိုပုံ ရှိလဲဆိုတာ ပြောပြ ပေးနိုင်မလား”

နိုက်ဟော်က ခေါင်းခါကာ ဘာမှ ဆက်မပြောတော့ပေ။ သူမ မပြောလိုက်သည့် နောက်ထပ် ကိစ္စတစ်ရပ်လည်း ရှိသေး၏။ ထိုကျင့်ကြံသူမှာ လောကအင်မော်တယ် အဆင့်လေးဖြင့် အာကာသ နိယာမ အကြောင်းကိုလည်း နားလည်နေပေပြီ ဖြစ်၏။ ထို့အပြင်  သူက အပေါ်ယံမျှ နားလည်ရုံ မကဘဲ နက်နက်ရှိုင်းရှိုင်း နားလည် နေသောကြောင့်သာ သူ့ကို လပေါင်းများစွာ လွတ်မြောက် သွားစေခြင်း ဖြစ်သည်။ ထိုအရာက အတော်လေး ကြောက်ဖို့ ကောင်းပေ၏။

ခေါင်းတုံးပြောင် လူငယ်လေးက ရှေ့ထွက်လာပြီး ခေါင်းကို သပ်ကာ အားရပါးရ ရယ်မောရင်း ထူးဆန်းနေသည့် လေထုကို ချိုးဖောက်ကာ

“ကျုပ်တို့တွေ အဲဒီပါရမီရှင်ကို တွေ့ရမှာပါ။ ဒါပေမဲ့လည်း ကျုပ်တို့အတွက် ဒီနေ့လိုမျိုး ဆုံစည်းဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ အဲဒါကြောင့် တာအိုအကြောင်း ဆွေးနွေးကြတာပေါ့။

ကျုပ် အရင်ဆုံး စပါ့မယ် ...  ကျုပ် သတ္တ မဟာဗုဒ္ဓ ဘုန်းကြီးကျောင်းက ဗုဒ္ဓလမ်းစဉ်ကို ကျင့်သုံးပေမဲ့  မဟာတာအို လမ်းစဉ်တွေ အားလုံးက ဆင်တူပါတယ်  ...”

***

ထိုစဉ် မိုဝူကျီက အင်မော်တယ် စွမ်းအားများကို အသည်းအသန် စုပ်ယူနေလေ၏။ သင်္ဘောပေါ်မှ ကျင့်ကြံသည့်နှင့် ယှဉ်လျှင် သူ့လက်ရှိနှုန်းမှာ အဆများစွာ ပိုမြန်ပေသည်။

သူ့ဘေးတွင် ရှိနေသော ဆက်သွယ်ရေး ပုတီးစေ့ အပေါ်တွင် အကြောင်းကြားစာ ရောက်ရှိလာလေ၏။ သို့သော်လည်း မိုဝူကျီက ဤဆက်သွယ်ရေး ပုတီးစေ့ကို ဂရုမစိုက်ဘဲ အင်မော်တယ် ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် ဆက်လက် စုပ်ယူနေသည်။

အချိန်မည်မျှ ကုန်ဆုံးသွားမှန်းပင် မသိပေ။ ကျယ်ပြော အားကောင်းလှသည့် စွမ်းအားများက မိုဝူကျီ၏ ချီသွေးကြောများ အတွင်း အပြင်းအထန် ဝင်ရောက်ကာ အင်မော်တယ် သဘာဝ စွမ်းအားများနှင့် သိပ်သည်းသည့် စိတ်စွမ်းအားများ ထွက်ပေါ် လာစေသောကြောင့် မိုဝူကျီက ရုတ်ခြည်း   အကြောများဆန့်ရင်း ထမတ်တတ် ရပ်လိုက်သည်။

တစ်လတာ တံခါးပိတ် ကျင့်ကြံပြီးနောက် သူက ကျင်းရှန်း အလယ်အလတ် အဆင့် ရောက်သွားပြီ ဖြစ်၏။ အကယ်၍ သူက ဓားကြီးတောင်မှ ရွမ်ရှန်းအဆင့်နှင့် တိုက်ခိုက်ရလျှင် သူက ထိုလူကို အလွယ်လေး သတ်ပစ်နိုင်လေပြီ။

မိုဝူကျီက သူ့ဆက်သွယ်ရေး ပုတီးစေ့ကို တစ်ချက် ကြည့်လိုက်သည်။ ထိုတုံ့ဟွားလုံက အတော်လေး တာဝန်ကျေပေသည်။ တစ်လအတွင်း သူက အကြောင်းအရာ ဆယ်ခုကျော်ကို ပို့ထား၏။

ပထမအကြောင်းအရာမှာ အင်မော်တယ်နယ်မြေ ခုနှစ်ခုမှ ထိပ်တန်း ပါရမီရှင်များ သူတို့ တာအိုအသိအမြင်များအကြောင်း  ဆွေးနွေးပွဲအကြောင်း ဖြစ်၏။ ထိုနေရာကို စူးခရာ အင်မော်တယ်မြို့ဟောင်း ဥယျာဉ်အတွင်း ကျင်းပပြီး ထိုတွေ့ဆုံပွဲ၌  အနိမ့်ဆုံးအဆင့်မှာ ကြယ်ငါးလုံးအဆင့် ဖြစ်ပေ၏။ နယ်ခြားကျင့်ကြံသူ အုပ်လိုက်ကြီးက ထိုဥယျာဉ် အပြင်ဘက်၌ ပါရမီရှင်များ၏  ဆွေးနွေးချက်များ ကြားရလိုငြား   စုရုံးနေကြသည်။

ဒုတိယ အကြောင်းအရာမှာ လမ်းစဉ်ခြောက်သွယ် အင်မော်တယ် နယ်မြေမှ အင်မော်တယ် ဧကရာဇ်က စူးခရာ အင်မော်တယ်မြို့ဟောင်း ဖြတ်သွားပြီး သုံးရက်တာ နေထိုင်သွားသည့် အကြောင်း ဖြစ်သည်။

တတိယ အကြောင်းအရာမှာ ကျိုးပျက်ကမ္ဘာ တတိယအလွှာ ဖွင့်တော့မည့် အကြောင်း ဖြစ်ပြီး ကျိုးပျက်ကမ္ဘာ၏ တတိယအလွှာ၌ များပြားစွာသော ရတနာများနှင့် အရင်းအမြစ်များစွာ ရှိကြောင်း သတင်းများ ထွက်နေသည်။ ပါရမီရှင်များ စူးခရာ အင်မော်တယ်မြို့ဟောင်း၌ စုစည်းကြသည့် အကြောင်းအရင်းမှာ ကျိုးပျက်ကမ္ဘာ၏ တတိယအလွှာသို့ သွားရန် ဖြစ်ပေသည်။

လေးခုမြောက် အကြောင်းအရာမှာ မဟာယီရှန်း အဆင့် ကျင့်ကြံသူက လော့လင် အင်မော်တယ်နယ်မြေမှ ကြယ်ခုနစ်လုံး ပါရမီရှင် တစ်ယောက်ကို ရန်စမိခဲ့သည့် အကြောင်း ဖြစ်ကာ ရလဒ်အနေဖြင့် သူက စူးခရာ အင်မော်တယ်မြို့ဟောင်းမှ အဆင့်မြင့် ကျင့်ကြံသူ၏ ပွဲချင်းပြီး သတ်ဖြတ်ခြင်း ခံလိုက်ရပေသည်။

ငါးခုမြောက် အကြောင်းအရာမှာ နတ်ဆိုးနယ်မြေမှ  ပါရမီရှင် တစ်ယောက်က စူးခရာ အင်မော်တယ်မြို့ဟောင်း သေရေး ရှင်ရေး တိုက်ပွဲစင်မြင့်၌ ၄၉ ပွဲဆက်တိုက် အနိုင်ယူခဲ့သည့် အကြောင်း ဖြစ်သည်။

ခြောက်ခုမြောက် သတင်း အကြောင်းအရာမှာ အင်မော်တယ်နယ်မြေ ခုနစ်ခုမှ စူးခရာ အင်မော်တယ်မြို့ဟောင်း၏ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့နှင့် ချိတ်ဆက်ထားသော ကူးသန်းရေး အစီအရင် ဖွင့်လိုက်ပြီ ဆိုသည့် အကြောင်း ဖြစ်ကာ ဆေးလုံးဆရာတိုင်းက သူတို့ အရည်အချင်းကို  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၌ စစ်ဆေးနိုင်ကြပြီး သူတို့အဆင့်ကို အသိအမှတ်ပြု ခံယူနိုင်ကြသည်။ အချိန်ကာလမှ တစ်လတာမျှသာ ဖြစ်သည်။

မိုဝူကျီက ထိုသတင်းကို မြင်လိုက်သည့်အခါ သူ့နှလုံးခုန်နှုန်းပင် မြန်သွားမိသည်။ သူက အဆင့် ၄  အင်မော်တယ် ဆေးလုံးဘုရင် အဆင့် ရောက်နေလေပြီ။ အကယ်၍ သူသာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့သို့ ဝင်လိုက်လျှင် သူ့အတွက်သူ အဆင့်အတန်း တစ်ခု ရမသွားပေဘူးလား။ သူက တုံ့ဟွားလုံကို ထိုအကြောင်း နောက်မှ ထပ်မေးကြည့်ရမည်။

သူက ထိုအတွေးဖြင့် တုံ့ဟွားလုံဆီ လှမ်းအကြောင်း ကြားလိုက်သည်။ နောက်အကြောင်းအရာများက အရမ်း အရေးမကြီးသော်လည်း တုံ့ဟွားလုံအပေါ် မိုဝူကျီ၏ အမြင်မှာ ပြောင်းလဲသွားရသည်။ သူ ရင်းနှီးမြှုပ်နှံ လိုက်ရသည့်  အင်မော်တယ်ကျောက် တစ်သောင်းမှာ အလွန်တန်ပေသည်။ သတင်း အချက်အလက် တစ်ခုချင်းစီက သူ့ဗဟုသုတနှင့် အတွေ့အကြုံကို တိုးပွား သွားစေသည်။

ဤတုံ့ဟွားလုံက ဉာဏ်ကောင်းပြီး စိတ်ချ ယုံကြည်ရလေသည်။ သူ့စရိုက်မှာလည်း မဆိုးလှသည့် အတွက် သူနှင့်အတူတူ ခေါ်ထားရန် အတွေးမှာ  အကြံဆိုးတော့ မဟုတ်ပေ။

မိုဝူကျီက ကြာကြာ စောင့်မနေလိုက်ရပေ။ သူ အဝတ်အသစ် လဲဝတ်ပြီးသည်နှင့် တုံ့ဟွားလုံက ရောက်ရှိလာသည်။

“စီနီယာ ထွက်လာပြီပဲ ...”တုံ့ဟွားလုံ ရောက်ရှိလာသည့် အခါ ပြုံးဖြီးရင်း နှုတ်ဆက်လိုက်သည်။

မိုဝူကျီက ပြုံးကာ မေးလိုက်သည်  “ဟွားလုံ  ... မင်းက ဒီစူးခရာ အင်မော်တယ် မြို့ဟောင်းကို ဘယ်လိုလုပ် ရောက်လာတာလဲ”

တုံ့ဟွားလုံ၏ အကြည့်တို့မှာ မှေးမှိန်သွားပြီး

“ဟိုးလွန်ခဲ့တဲ့ နှစ်တွေတုန်းက  စီနီယာတချို့က ကျုပ်ကို တော်တယ်ဆိုပြီး တွေးမိလို့  စီမံခန့်ခွဲရေး ကိစ္စတွေမှာ ကူညီဖို့ ခေါ်လာခဲ့တာ။ သူတို့က ဒီစူးခရာ အင်မော်တယ်မြို့ဟောင်းမှာ အခွင့်အရေးတွေ အပြည့်ပဲတဲ့  ...

ဒါပေမဲ့ ကျုပ် ရောက်လာပြီးတော့မှ ကျုပ် ကျင့်ကြံဆင့်က ကျိုးပျက်ကမ္ဘာကို မပြောနဲ့ဦး အာကာသထဲ သွားဖို့တောင် မလုံလောက် သေးတာကို သိလိုက်ရတယ်။  ကျုပ် တကယ် သွားချင်ပေမဲ့  တစ်ခါမှ အင်မော်တယ် ကျောက်တွေ အများကြီး မရှိဖူးဘူး။ အဲဒါကြောင့် ဒီနေရာမှာ နေရင်း တောက်တိုမည်ရ လိုက်လုပ်ပေးနေတာ”

“အဲဆို မင်းကို ခေါ်လာတဲ့သူတွေရော ”မိုဝူကျီက  မေးလိုက်သည်။

တုံ့ဟွားလုံက သက်ပြင်းချကာ

“အဲဒီစီနီယာတွေက ကျိုးပျက်ကမ္ဘာကို သွားမယ်ဆိုပြီး‌ ပြောသွားကြတာပဲ။ ဒါပေမဲ့လည်း သူတို့က ဒီနေရာ ပြန်ရောက် မလာကြတော့ဘူး”

မိုဝူကျီက ခေါင်းညိတ်ကာ

“ဒါပေမဲ့  မင်း ဒီလို ဆက်နေနေလို့ မဖြစ်ဘူး။ မင်းကိုမင်း ကျင့်ကြံဖို့ အချိန်တောင် မရှိဘူးလေ။   ငါ့မှာ အကြံတစ်ခု ရှိတယ်။ မင်း ငါ့အတွက် အလုပ်လုပ်ပေးမလား။ ငါ ဒီစူးခရာ အင်မော်တယ်မြို့ဟောင်းက ထွက်သွားရင် မင်းကိုပါ ခေါ်သွားပေးမယ်”

တုံ့ဟွားလုံက ချက်ချင်း စိတ်အား တက်ကြွလာပြီး  “စီနီယာ ကျုပ် လုပ်ပေးမယ် ... ကျုပ် အဆတစ်သန်းလောက် ဆန္ဒရှိပါတယ်”

မိုဝူကျီ၏ အကြံပြုချက်မှာ တုံ့ဟွားလုံ၏ အကြီးမားဆုံး ဆန္ဒ ဖြစ်ပေသည်။ သူ အင်မော်တယ်‌ကျောက်များ အသည်းအသန် စုဆောင်းနေခြင်းသည် သူက စူးခရာ အင်မော်တယ်မြို့ဟောင်းမှ ထွက်သွားလို၍ ဖြစ်သည်။ ယခု သူက စူးခရာ အင်မော်တယ် မြို့ဟောင်းမှာ ရှိနေပြီး ကျိုးပျက်ကမ္ဘာ သို့မဟုတ် အာကာသထဲ သွားနိုင်သည့် အရာမှ လွဲ၍  အင်မော်တယ်ကျောက် ဝင်နိုင်မည့် နေရာ မရှိပေ။ သူ တုံ့ဟွားလုံက စွမ်းအား လိုချင်သော်လည်း မရှိပေ။ သူက စွမ်းဆောင်ရည် အလိုရှိသော်လည်း မပိုင်ဆိုင်ချေ။ ထို့ကြောင့် သူက စူးခရာ အင်မော်တယ်မြို့ဟောင်းတွင် နေ၍ တောက်တိုမည်ရသာ လုပ်ကိုင်နိုင်လေ၏။

“ကျုပ် လက်ရှိနာမည်က ယန်းယဲ့ပဲ။ နောက်တစ်ခါကျ  ကျုပ်ကို စီနီယာလို့ မခေါ်နဲ့တော့။ အစ်ကိုကြီးဆိုရင် ရပြီ။ ကျုပ်နာမည်အရင်းက မိုဝူကျီ  ...”မိုဝူကျီက ပြောလိုက်သည်။

တုံ့ဟွားလုံက မြန်မြန် ပြောလိုက်သည်  “ဟုတ်ကဲ့ အစ်ကိုကြီး ... ကျုပ် အစ်ကိုကြီးရဲ့ နာမည်အရင်းကို ဘယ်သူကိုမှ မပြောပါဘူး”

မိုဝူကျီက စိတ်ထဲ မထားပေ။ သူ့နာမည်အရင်း ထုတ်ဖော်လိုက်လျှင်ပင် ဘာမှ ကိစ္စမရှိပေ။ ဤနေရာမှာ ယုံရင် အင်မော်တယ်နယ်မြေ မဟုတ်သည့်အပြင် သူက မုရုန်ရှန်းယွီနောက် လိုက်ရန် မရည်ရွယ် ထားသောကြောင့် သူမလည်း ဤကိစ္စကို စိတ်ထဲ ထားလိမ့်မည် မဟုတ်ကြောင်း ယုံကြည်၏။

“အခု ဘယ်မှာ နေနေတာလဲ”

“ကျုပ်က  လမ်းကြားထဲမှာ နေတာ။ နေ့ဘက်ကျ အလုပ် ထွက်လုပ်တယ်”တုံ့ဟွားလုံက နေရခက်စွာ ဖြေလိုက်သည်။

စူးခရာ အင်မော်တယ်မြို့ဟောင်း အတွင်းမှ အခန်းခများမှာ အတော်လေး ဈေးကြီးသည့်အတွက် ဈေးအချိုဆုံး အခန်းပင် တုံ့ဟွားလုံလို လူမျိုးက မတတ်နိုင်သေးပေ။

မိုဝူကျီက တုံ့ဟွားလုံ ပခုံးကို ပုတ်ကာ

“အဲဆို ကျုပ်နဲ့အတူတူ လာနေ ... ဒီမှာလည်း အခန်းပို ရှိနေတာဆိုတော့ ဒီနေရာမှာ ကျင့်ကြံပေါ့”

“အစ်ကိုကြီးကို ကျေးဇူး အများကြီး တင်ပါတယ်”

တုံ့ဟွားလုံက အတော်လေး ပျော်ရွှင်နေမိသည်။ သူက မိုဝူကျီကို ဤအခန်း ရှာတွေ့ရန် ကူညီပေးခဲ့သော်လည်း  ဤသို့သော နေရာမျိုး၌ တစ်ခါမှ မနေဖူးပေ။

မိုဝူကျီက ပြုံးကာ

“နောင်ကျ ငါတို့တွေက ညီအစ်ကိုတွေပဲ။ ဒီနေရာ ရောက်မလာသေးတဲ့  ငါ့ညီအစ်ကိုတွေ ထပ်ရှိသေးတယ်။ သူတို့နဲ့လည်း မိတ်ဆက်ပေးမယ်။ ဒါနဲ့  အကြောင်းကြားစာထဲမှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ အကြောင်း ပြောထားတာလေ။

အဲဒီဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ဆေးလုံးတာအို အဆင့် စစ်ဆေးပွဲက စနေပြီဆို ... အဲကိစ္စက ဘယ်လိုလဲ”

မိုဝူကျီနှင့် ဆက်ဆံမိသည့် အချိန်တိုလေး အတွင်း တုံ့ဟွားလုံက  မိုဝူကျီသည် ပုံမှန် အခြေအနေများ အကြောင်း ကောင်းကောင်း မသိသေးကြောင်း ခံစားမိ၏။ ထို့ကြောင့် သူက အသေးစိတ် ရှင်းပြလိုက်သည်။

“အစ်ကိုကြီး ဒီဆေးလုံးတာအို အင်မော်တယ်  မဟာမိတ်အဖွဲ့က သာမန်နေရာတော့ မဟုတ်ဘူး။  အင်မော်တယ် လောကမှာ အင်မော်တယ်နယ်မြေ ခုနစ်ခု ရှိတယ်ဆိုပေမဲ့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အာဏာက  အင်မော်တယ်နယ်မြေ တစ်ခုရဲ့ ကောင်းကင် ဧကရာဇ်ထက် မနိမ့်ကျဘူး  ...

ဆေးလုံးတာအို အင်မော်တယ်  မဟာမိတ်အဖွဲ့က အင်မော်တယ် နယ်မြေတွေ အတွင်းမှ အဖွဲ့ခွဲတွေ ရှိတယ်။ အဲဒါကြောင့် အဲဒီအဖွဲ့ကနေ အသိအမှတ် ပြုခံရတာက အတော်လေး ဂုဏ်ယူစရာပဲ။  ပြောရရင် ကြယ်အဆင့် ပါရမီရှင်တွေ ထက်တောင် ပိုဂုဏ်သတင်း ကြီးသေးတယ်”

ခဏတာ ရပ်လိုက်ပြီးနောက် တုံ့ဟွားလုံက ဆက်ပြောလိုက်သည်။

“ပြီးတော့ ဆေးလုံးတာအို အင်မော်တယ်  မဟာမိတ်အဖွဲ့က အဖွဲ့ဝင်တွေကို တခြားဂိုဏ်းထဲ ဝင်တာကနေ မတားမြစ်ထားဘူး။ နမူနာ ပြောရရင် တကယ်လို့ အစ်ကိုကြီးက ဆေးလုံးတာအို အင်မော်တယ်  မဟာမိတ်အဖွဲ့မှာ ဆေးလုံး ဆရာဖြစ်ရင်တောင် ဂိုဏ်းအကြီးကြီး ဝင်လို့ ရသေးတယ်”

မိုဝူကျီက ပျော်သွားပြီး ချက်ချင်း ပြောလိုက်သည်။

“ဟွားလုံရေ   လာ   ...  ငါတို့ စူးခရာ အင်မော်တယ် မြို့ဟောင်းရဲ့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ခွဲဆီ သွားရအောင် ... မဟာမိတ်အဖွဲ့ထဲ ဆေးလုံးဆရာ ဖြစ်အောင် လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ”

“အစ်ကိုကြီးက အင်မော်တယ် ဆေးလုံး အကြီးအမှူးလား ...”

တုံ့ဟွားလုံက မိုဝူကျီကို တအံ့တဩ ကြည့်ပြီးနောက် နားလည် သွားလေသည်။ အကယ်၍ မိုဝူကျီက ဆေးလုံး အကြီးအမှူး မဟုတ်လျှင် မည်သို့ ထိုမျှ ချမ်းသာမည်နည်း။  အင်မော်တယ် ဆေးလုံး အကြီးအမှူး‌ နောက်လိုက်နိုင်ခြင်းသည် တုံ့ဟွားလုံအတွက် ပွပေါက် အကြီးကြီး ဖြစ်၏။

***

All Chapters