လေးလွှာမြောက်မှ စစ်ဆေးမှု
Vol. 37 Ch. 507
မိုဝူကျီက ဆေးလုံးတာအိုဘုံ နှစ်လွှာမြောက် ရောက်လာလေပြီ။ နေရာ အနေအထားမှာ တစ်လွှာနှင့် အတူတူ ဖြစ်ပြီး တစ်ခုတည်းသော ခြားနားချက်မှာ လူအရေအတွက် နည်းသွားခြင်း ဖြစ်၏။ တစ်လွှာ၏ ဆယ်ပုံတစ်ပုံပင် မရှိတော့ချေ။
စစ်ဆေးမှု တစ်ခု၏ အတွေ့အကြုံ အရ မိုဝူကျီက နေရာ တစ်နေရာ ရှာပြီး ကျောက်စိမ်းပြားကို သူ့နေရာရှေ့မှ မြောင်းလေးထဲ ထည့်လိုက်သည်။
ကျောက်စိမ်းပြား မြောင်းထဲ ရောက်သွားသည်နှင့် မေးခွန်းက မိုဝူကျီ၏ ပိတ်ကားချပ်၌ ပေါ်လာလေ၏ “အင်မော်တယ် တိမ်မြူကင်း ဆေးလုံးကို ဖော်စပ်သည့်အခါ မှတ်သားရမည့် အချက်များကို ချရေးပါ။ အင်မော်တယ် တိမ်မြူကင်း ဆေးလုံး၏ အရည်အသွေးကို မည်သို့ သက်သေပြ နိုင်မည်နည်း”
ဤမေးခွန်းမှာ ယခင် တစ်ခေါက်ထက် ပို၍ ရိုးရှင်းပေသည်။ မိုဝူကျီ၏ ဆေးလုံးတာအိုမှာ သူ့ကိုယ်ပိုင် ကျင့်စဉ်နှင့် ဆက်စပ်နေခြင်း ဖြစ်ရာ ဆေးလုံးဖော်စပ်သည့် အသေးစိတ် အချက်များက သူ့ကျင့်ကြံသည်နှင့် တစ်ထပ်တည်း ဖြစ်ပေသည်။ သူက ထိုအရာများကို အသိဉာဏ် ပွင့်ထားပြီး နားလည်ထားပြီးသား ဖြစ်၏။ ဤမေးခွန်းမှာ တခြားကျင့်ကြံသူများ အတွက် ရှုပ်ထွေးကောင်း ရှုပ်ထွေးနိုင်သော်လည်း မိုဝူကျီအတွက် ဘာဆိုဘာမှ မဟုတ်ပေ။
အင်မော်တယ် တိမ်မြူကင်း ဆေးလုံးမှာ ရွမ်ရှန်း အဆင့်အောက် ကျင့်ကြံသူများ အတွက် ကျင့်ကြံခြင်း သွေဖည်မည့် အရေးကို ကာကွယ်ပေးပြီး ကြည်လင် ပြတ်သားသည့် စိတ်နှလုံးကို ပိုင်ဆိုင်နိုင်ရန် ဖြစ်ပေသည်။ ထိုဆေးလုံးကို ဖော်စပ်စဉ် အနှောင်အဖွဲ့များမှ ကင်းလွှတ်နေရမည် ဖြစ်၏။ ဆေးလုံးဆရာ၏ စိတ်နှလုံး အခြေအနေက ကောင်းမွန်လေလေ ဆေးလုံး အရည်အသွေးလည်း ပို၍ သာလွန်လေလေ ဖြစ်၏။ မိုဝူကျီ ထိုဆေးလုံးကို စတင်ဖော်စပ်စဉ်က သူက အရေးကြီးသည့် တစ်ချက်ကို နားလည်ခဲ့သည်။ အင်မော်တယ် တိမ်မြူကင်း ဆေးလုံး၏ အဓိက ဆေးပင်ဖြစ်သည့် ငွေကွင်း ပန်းကို သန့်စင်နှုန်း ၉၈ ရာခိုင်နှုန်းနှင့် အထက် လုပ်ဆောင်နိုင်လျှင် ဤဆေးလုံး၏ အမြင့်ဆုံး အရည်အသွေးကို သေချာပေါက် ရောက်ရှိနိုင်သည့် အကြောင်း ဖြစ်သည်။
ထိုသို့မျိုး သန့်စင်နှုန်းမှာ မိုဝူကျီ ကဲ့သို့သော လူသာ ရရှိနိုင်သည့် အနေအထားဖြစ်၏။ ဆေးလုံးဆရာ အများစုအတွက် ငွေကွင်းပန်းကို ၉၀ ရာခိုင်နှုန်း အထိ သန့်စင်နိုင်လျှင်ပင် အတော်လေး အံ့မခန်း ဖြစ်နေလေပြီ။
မိုဝူကျီက ထိုသို့မျိုး အခြေအနှေင့် ကြုံတွေ့လာလျှင် မည်သို့ လုပ်ရမည်ကို တွေးတောခဲ့ဖူး၏။ အကယ်၍ ငွေကွင်းပန်း၏ အဆီအနှစ်ကို သန့်စင်နှုန်း မှန်မှန် မရနိုင်ခဲ့လျှင် နောက်ထပ် အင်မော်တယ် ဆေးပင်ဖြစ်သည့် အဆင့် ၂ အင်မော်တယ် ပျောက်ကြားအသီးကို ထည့်ထပ်ရမည် ဖြစ်သည်။
အင်မော်တယ် ပျောက်ကြားအသီးက ငွေပန်းကွင်းကို အားဖြည့်ပေးနိုင်စွမ်း ရှိ၍ မိုဝူကျီက သူကိုယ်တိုင် အတွေ့အကြုံမှ တွေးမိလာခြင်း ဖြစ်သည်။ သူ ကမ္ဘာမြေတွင် ရှိစဉ်က ထူးခြားသည့် ဆေးများ ဖော်စပ်ဖို့ရာ ပါဝင်ပစ္စည်း အမျိုးမျိုးကို စမ်းသပ်ဖူးလေ၏။
သူက ထိုနည်းလမ်းကို တွေးမိသော်လည်း တစ်ခါမျှ မကြိုးစား ကြည့်ဖူးပေ။ ထို့အပြင် သူက ငွေကွင်းပန်းကို ၉၀ ရာခိုင်နှုန်းအထိ အလွယ်လေး သန့်စင်နိုင်လေသည်။ သူက အင်မော်တယ် ပျောက်ကြားအသီးကို ထည့်ထပ်ရန် မလိုအပ်ပေ။ လေလည်ရုံဖြင့် ဘောင်းဘီလဲ ဝတ်သည့်အလား ဖြစ်နေလိမ့်မည်။
ယနေ့ သူက ထိုမေးခွန်းနှင့် ကြုံလာသောကြောင့် မိုဝူကျီက သူ့ကိုယ်ပိုင် အတွေးများကို ချရေးလိုက်ရုံသာ ဖြစ်၏။
သူက ပထမမေးခွန်းကို ဖြေရန် မိနစ် အနည်းငယ်သာ လိုပေသည်။ မိုဝူကျီက ဒုတိယမေးခွန်းမှာ အင်မော်တယ် တိမ်မြူကင်း ဆေးလုံးကို ဖော်စပ်ခိုင်းမှန်း ခန့်မှန်းမိလိုက်သည်။ ထင်ထားသည့်အတိုင်း သူ ပထမမေးခွန်း ဖြေဆိုပြီးနောက်တွင် အင်မော်တယ် တိမ်မြူကင်း ဆေးလုံးကို ဖော်စပ်ရမည့် ဆေးပင်များက သူ့ရှေ့ ရောက်ရှိလာလေ၏။ လိုအပ်ချက်မှာ အလယ်အလတ် အဆင့် ဆေးလုံး ၆၀ ရာခိုင်နှုန်းလောက်နှင့် အဆင့်မြင့် ဆေးလုံး ၁၀ ရာခိုင်နှုန်း ပါဝင်သော အင်မော်တယ် တိမ်မြူကင်း ဆေးလုံး တစ်သုတ် ဖော်စပ်ရမည် ဖြစ်၏။
ဆေးလုံး အရေအတွက်မှာ ၁၈ လုံး ဖြစ်ပေ၏။ အရင် မိုဝူကျီ နည်းလမ်းအတိုင်း ဖော်စပ်မည်ဆိုလျှင် သူက ပြိုင်ဘက်ကင်း အဆင့် ဆေးလုံး ၁၈ လုံးကို အလွယ်လေး ဖော်စပ်နိုင်လိမ့်မည်။ မိုဝူကျီက ဆေးလုံးများကို ဖော်စပ်နေရင်း သူ ဖြေလိုက်သည့် မေးခွန်း အဖြေကို တွေးမိသွားသည်။ အကယ်၍ သူက ပြိုင်ဘက်ကင်း ဆေးလုံး ၁၈လုံးကို ဖော်စပ်လိုက်လျှင် သူ့သန့်စင်နှုန်းမှာ ၉၈ ရာခိုင်နှုန်း ရောက်နေကြောင်း ပြောလိုက်သလို ဖြစ်မသွားပေဘူးလား။
မိုဝူကျီက သူ့သန့်စင်နှုန်း ၉၈ ရာခိုင်နှုန်း ကျော်နေသည့် အကြောင်းအရင်းမှာ သူ့ထိပ်တန်း မီးတောက်ကြောင့် မဟုတ်ပေ။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကြောင့်သာ ဖြစ်ပေ၏။ သူ ဆေးလုံးများ ဖော်စပ်သည့်အခါ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းက စိတ်နန်းတော်၏ စိတ်စွမ်းအားထက် ပို၍ အကျိုးသက်ရောက်မှု ရှိလေသည်။
သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို အသုံးပြုပြီး ဆေးမီးဖိုကို ထိန်းချုပ်သည့်အခါ သူ့ကိုယ်ပိုင်လက်နှင့် ခွဲထုတ်လိုက် သကဲ့သို့ သူ့ထိန်းချုပ်မှုမှာ တည်ငြိမ်ပေ၏။
သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို သူ့လျှို့ဝှက်ချက် အဖြစ် သတ်မှတ်ရမည့် ကိစ္စ ဖြစ်သည်။ သူက ထိုအတွေး တွေးမိလိုက်သောကြောင့် သူ့အင်အားကို ချွေတာပြီး ဆေးအဆီအနှစ်ကို ၉၅ ရာခိုင်နှုန်းအထိ သန့်စင်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့နောက် သူက ပြိုင်ဘက်ကင်း အဆင့် ဆေးသုံးလုံး နှင့် ကျန်ဆေးလုံးများကို အဆင့်မြင့် ဆေးလုံးများ အဖြစ် ထုတ်လိုက်မည်။
အင်မော်တယ် တိမ်မြူကင်း ဆေးလုံးကို ပို့လိုက်သည့်အခါ မိုဝူကျီ၏ ကျောက်စိမ်းပြားမှာ စတင်၍ မှိန်ပျပျ လင်းလက်လာသည်။ ထို့နောက် ဆေးလုံးတာအိုဘုံ နှစ်လွှာ အဆုံးရှိ တံခါးမှာ ပွင့်သွားလေသည်။
မိုဝူကျီက သူ့ကျောက်စိမ်းပြားကို ယူကာ သုံးလွှာသို့ ဝင်သွားလိုက်သည်။ နှစ်လွှာတွင် ရှိနေသော လူအားလုံးက တုန်လှုပ်အံ့အား သင့်နေကြဆဲ ဖြစ်သည်။ တစ်ယောက်က အငေးလွန်၍ ဆေးဖော်စပ်မှု ကျရှုံးသွားပြီး ချက်ချင်း အပြင်သို့ ပို့ဆောင် ခံလိုက်ရသည်။
သို့သော်လည်း သူတို့က မအံ့ဩဘဲ မနေနိုင်ချေ။ အမွှေးတိုင် တစ်ဝက်စာ အချိန်မျှလောက်ဖြင့် အဆင့် ၂ ဆေးလုံး အကြီးအမှူး စစ်ဆေးမှု အောင်မြင်သွားသည့် သူကို တစ်ခါမှ မမြင်တွေ့ဖူးကြပေ။
***
သူက ဆေးလုံး တာအိုဘုံ သုံးလွှာသို့ ရောက်သွားသည့်အခါ မိုဝူကျီက ဆေးလုံးဆရာ ငါးယောက်၊ ခြောက်ယောက်မျှသာ တွေ့လိုက်ရသည်။ မိုဝူကျီက လုပ်ရိုးလုပ်စဉ်များနှင့် အကျွမ်းဝင်နေပြီ ဖြစ်သည့်အတွက် သူ့ကျောက်စိမ်းပြားကို မြောင်းထဲ ထည့်ပြီးနောက် သုံးလွှာ၌ မေးခွန်းတစ်ခုသာ ရှိကြောင်း သိလိုက်ရသည်။ ထိုမေးခွန်းမှာ ဖွဲဖွဲလေး ဆေးလုံးဖော်စပ်ရန် ဖြစ်ပေ၏။
မိုဝူကျီက ယင်ပြန့်မြို့တွင် ရှိစဉ် ဖွဲဖွဲလေး ဆေးလုံး ဖော်စပ်နည်းကို ရရှိခဲ့သည်မှာ အတော်လေး ကံကောင်းကြောင်း ခံစားမိလိုက်သည်။ မဟုတ်လျှင် ဆေးပင်များ ရောက်လာလျှင်ပင် သူက နှောင့်နှေးပေလိမ့်မည်။ စစ်ဆေးမှု ဖြစ်သည့်အတွက် သူက တစ်ခါသာ ကြိုးစားကြည့်ခွင့် ရပေမည်။ အကယ်၍ သူသာ ပို၍ အားကောင်းနေလျှင်ပင် ဆေးလုံးဖော်စပ်နည်း မပါရှိဘဲ တစ်ကြိမ်တည်း ကြိုးစားကြည့်ရုံဖြင့် အောင်မြင်စွာ ဖော်စပ်နိုင်လိမ့်မည်ဟု မပြောရဲပေ။
ဆေးလုံးဖော်စပ်နည်း ဆိုတာ ဘာလဲ …
ဆေးလုံးဖော်စပ်နည်းမှာ ဆေးလုံးအတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများကို မှတ်သားထားရုံ သာမက ဆေးပင်များ၏ ပမာဏနှင့် ထည့်ရမည့် ဆေးပင်အလိုက်ပါ ပြသထား၏။ ဆေးဖော်စပ်သည့်အခါ မှတ်သားရမည့် အဓိက လိုအပ်ချက်များပါ ပါဝင်ပေသည်။
မိုဝူကျီက ဆေးလုံးကို ဖော်စပ်ရန် ပါဝင်ပစ္စည်းများသာ လိုအပ်လေ၏။ ဆေးလုံး ဖော်စပ်နည်း မပါရှိလျှင်ပင် သူက ဖြည်းဖြည်းချင်း လုပ်ဆောင်နိုင်လိမ့်မည်။ သို့သော်လည်း ဤသည်မှာ စစ်ဆေးမှု ဖြစ်သည့်အတွက် အချိန်နှင့် အားစိုက်မှုကို ချွေတာနိုင်ရန် ဆေးလုံး ဖော်စပ်နည်း အတိုင်း လိုက်လုပ်ရုံ ဖြစ်၏။
ဖွဲဖွဲလေး ဆေးလုံးကို အလွယ်လေး ဖော်စပ် ပြီးသွားလေ၏။ မိုဝူကျီက သူ့အရည်အချင်းများ ချွေတာထားသော်လည်း သူက ပြိုင်ဘက်ကင်းအဆင့် ဆေးလုံး တစ်ဝက်နှင့် အဆင့်မြင့် ဆေးလုံး တစ်ဝက်ကို ဖော်စပ်နိုင်ခဲ့သည်။
ဤတစ်ကြိမ် မိုဝူကျီ အသုံးပြုသည့်အချိန် ပို၍ နည်းသွားလေ၏။ သူက လေးလွှာတံခါး မပွင့်လာခင်အထိ အမွှေးတိုင် တစ်ဝက်စာမျှ အချိန်သာ အသုံးပြုခဲ့သည်။
သူက တစ်လွှာမှာ ရှိစဉ်က သူက အမွှေးတိုင် တစ်တိုင်စာ ကျော်ခန့်လောက် အသုံးပြုခဲ့ရသည်။ နှစ်လွှာမြောက်၌ သူက အမွှေးတိုင်တစ်ဝက်စာ ကျော်ကျော်လေး အချိန်မျှသာ အသုံးပြုခဲ့သည်။ ယခု သုံးလွှာမြောက်၌ သူက အမွှေးတိုင် တစ်ဝက်စာကြာချိန် အတွင်း ပြီးဆုံးသွားခဲ့သည်။ တခြားလူများ အတွက် သူတို့က အလွှာမြင့်လာလေလေ အချိန် ပိုကြာလေလေ ဖြစ်သော်လည်း သူ့အတွက်တော့ အလွှာမြင့်လေ အချိန် ပိုနည်းလာလေလေ ဖြစ်၏။
သုံးလွှာတွင် နဂိုကတည်းမှ လူငါးယောက်၊ ခြောက်ယောက်မျှသာ ရှိလေ၏။ မိုဝူကျီက အမွှေးတိုင် တစ်ဝက်စာလောက် ကြာချိန်အတွင်း အဆင့် ၃ အင်မော်တယ်ဆေးလုံး အောင်အောင်မြင်မြင် ဖော်စပ် နိုင်သွားသည်ကို တွေ့သောအခါ အခြား ဆေးလုံးဆရာ နှစ်ယောက်က သူတို့ ဖော်စပ်မှု ကျရှုံးသွားလေ၏။ သူတို့မှာ ချက်ချင်း ပြန်ပို့ ခံလိုက်ရသည်။
***
ဆေးလုံး တာအိုဘုံ လေးလွှာမှာ လေးထောင့် သဏ္ဌာန် မဟုတ်တော့ဘဲ သမားရိုးကျ ဆေးလုံးအခန်း ဖြစ်ပေသည်။ ဆေးလုံး အခန်း၌ ဆေးမီးဖိုတစ်ခုသာ ရှိပေ၏။ ထိုအရာမှ လွဲ၍ အနားယူခန်း တစ်ခန်းလည်း ပါဝင်ပေသည်။
ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှာ ဆေးလုံးဘုရင် များများစားစား မရှိမှန်း သိ၍ ဆေးမီးဖိုတစ်ခု က လုံလောက်နေသည်။
အခန်းအဆုံးတွင် မှိန်ဖျော့ဖျော့ ရွှေရောင် လှေကားထစ်များ ရှိနေသည်။ ထိုလှေကားထစ်များကို မြူများက လွှမ်းခြုံထားသည့် အတွက် သေချာ မမြင်ရပေ။ မိုဝူကျီက ထိုရွှေရောင်လှေကားမှာ ဆေးလုံးတာအိုဘုံ ငါးလွှာသို့ ဦးတည်ထားကြောင်း မှန်းဆမိလိုက်သည်။ မိုဝူကျီက သူ့လက်ရှိ အနေအထားကို ကောင်းကောင်း သိထား၍ သူက အဆင့် ၄ ဆေးလုံးဘုရင်နှင့် ညီမျှသော အဆင့် ၄ အင်မော်တယ် ဆေးလုံးကိုသာ ဖော်စပ်နိုင်လေသည်။ ထို့ကြောင့် သူက ရွှေရောင် လှေကားထစ်များအကြောင်း တွေးမနေတော့ပေ။
မိုဝူကျီက ဆေးမီးဖိုဘေးမှ မြောင်းထဲ ကျောက်စိမ်းပြားကို ထည့်လိုက်သည်။ ပိတ်ကားချပ် အကြီးကြီး ပေါ်လာပြီး ထိုပိတ်ကား၌ ဤအဆင့်၏ စည်းကမ်းချက်များကို ပြသထားသည်။
“အဆင့်လေး ဆေးလုံးဘုရင် အဆင့်ကို ဝင်ရောက် စစ်ဆေးခံကြတဲ့ ဆေးလုံးဆရာတွေ အားလုံးက ကိုယ်ဖော်စပ်လိုတဲ့ ဆေးလုံးကို ရွေးချယ်နိုင်တယ်။ ဆေးလုံးဖော်စပ်မှုမှာ အောင်မြင်သရွေ့ ဆေးနှစ်လုံးကို ဆုလာဘ်အနေနဲ့ ယူသွားလို့ ရတယ်။ ဆေးလုံးဆရာတွေက ကိုယ်ပိုင်မီးတောက်နဲ့ ဆေးမီးဖိုကို ရွေးချယ်နိုင်တယ်။ မဟာယီ စစ်မှန်ခြင်း ဆေးလုံးကို ရွေးချယ်ထားတဲ့ ဆေးလုံးဆရာတွေက ကျရှုံးသွားရင် အင်မော်တယ် ကျောက်နဲ့ ပြန်ပေးချေရမယ်။ ဘယ်ဆေးလုံးကို ရွေးရွေး ဖော်စပ်လိုက်တဲ့ ဆေးလုံးရဲ့ ၉၀ ရာခိုင်နှုန်းက အလယ်အလတ် အဆင့်နဲ့ အထက် ဖြစ်ရမယ်”
သူက အောက်ကို ဖတ်ကြည့်လိုက်သည့် အခါ ဆေးနာမည် အမျိုးမျိုး ပါရှိသည်ကို တွေ့လိုက်ရသည်။ ဘေးအပေါ်ဘက်၌ မဟာယီ စစ်မှန်ခြင်း ဆေးလုံး ဖြစ်ပြီး ထို့နောက် သစ်သားသေ ဆေးလုံး၊ စိတ်ဝိညာဉ် သန့်စင်ခြင်း ဆေးလုံး၊ ယီအင်မော်တယ် ဆေးလုံး ..... စုစုပေါင်း ဆေးလုံးဖော်စပ်နည်း ဆယ်ခု ရှိပေ၏။
မဟာယီ စစ်မှန်ခြင်း ဆေးလုံးကို ကျရှုံးလျှင် အင်မော်တယ် ကျောက်များ ထပ်ပေးချေရမည် ဖြစ်ကြောင်း မိုဝူကျီ နားလည်ထားသည်။ မဟာယီ စစ်မှန်ခြင်း ဆေးလုံးမှာ အဆင့် ၄ ဆေးလုံးများ အနက် အကောင်းဆုံး ဆေးလုံး မဟုတ်သော်ငြား အလိုအများဆုံး ဆေးလုံး ဖြစ်သည်။ ထို့အပြင် မဟာယီ စစ်မှန်ခြင်း ဆေးလုံး၌ အင်မတန် ရှားပါးသော အဆင့် ၄ အင်မော်တယ် အသီးဖြစ်သည့် မဟာယီ စစ်မှန်ခြင်း အသီး လိုအပ်ပေသည်။
ဤဆေးလုံးမှာ ရွမ်ရှန်းအဆင့် ကျင့်ကြံသူကို မဟာယီရှန်း အဆင့် တက်လှမ်းနိုင်ရန် ကူညီပေးနိုင်၍ အတော်လေး အသုံးဝင်သည့် အင်မော်တယ်ဆေးလုံး ဖြစ်ပေသည်။ ဆေးလုံး တစ်ခုချင်းစီက ရောင်းချဖို့ရာလည်း လွယ်ကူလွန်းလှသည်။ မိုဝူကျီက စတင် တွေဝေလာမိသည်။ အကယ်၍ သူက ယီ အင်မော်တယ် ဆေးလုံးကို ရွေးချယ်လျှင် တစ်နာရီအတွင်း ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အဆင့် ၄ ဆေးလုံးဘုရင် ဖြစ်လာမည့် အကြောင်း သေချာ၏။
သို့သော်လည်း မိုဝူကျီက မဟာယီ စစ်မှန်ခြင်း ဆေးလုံးကို ဖော်စပ်ချင်မိသည်။ အကြောင်းမှာ သူ့တွင် မဟာယီ စစ်မှန်ခြင်း ဆေးလုံး ဖော်စပ်နည်း မရှိ၍ ဖြစ်သည်။ ဆေးလုံး ဆရာတိုင်း အတွက် ဆေးဖော်စပ်နည်းမှာ အင်မတန် အရေးပါပေ၏။
ထို့အပြင် သူ့လက်ရှိ အနေအထားဖြင့် သူက မဟာယီ စစ်မှန်ခြင်း ဆေးလုံး ဖော်စပ်နည်းကို ကိုယ်တိုင် မလုပ်ဆောင် နိုင်သေးပေ။ သူ အဖြေထုတ်နိုင်သည့် ဆေးဖော်စပ်နည်းများမှာ အဆင့် ၃ နှင့် အောက်သာ ဖြစ်ပေ၏။
မိနစ်အတော်ကြာ စဉ်းစားနေပြီးနောက် မိုဝူကျီက လွန်ဆွဲနေခြင်းကို လက်လျှော့ကာ မဟာယီ စစ်မှန်ခြင်း ဆေးလုံးအပေါ် နှိပ်လိုက်တော့သည်။ သူ ကျရှုံး သွားလျှင်ပင် အနည်းဆုံးတော့ ဆေးဖော်စပ်နည်း သိသွားပေလိမ့်မည်။ ထိုအရာက သူ့အား မဟာယီရှန်း အဆင့် တက်လှမ်းနိုင်ရန် ကူညီပေးလိမ့်မည်။
သူက အဆင့် ၄ ဆေးလုံးဘုရင် စစ်ဆေးမှု ကျရှုံးလျှင်ပင် သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၌ အဆင့် ၃ ဆေးလုံး အကြီးအမှူး ဖြစ်နေဦးမည် ဖြစ်၏။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အဆင့် ၃ ဆေးလုံး အကြီးအမှူး ဆိုသည်မှာ အဆင့်အတန်း တစ်ခုတော့ ရှိသွားပေလိမ့်မည်။
လျော်ကြေးအနေဖြင့် မိုဝူကျီက သူ တတ်နိုင်လိမ့်မည်ဟု ယုံကြည်သည်။ အကယ်၍ သူ့တွင် အင်မော်တယ်ကျောက် လုံလုံလောက်လောက် မရှိလျှင် အင်မော်တယ် ဝင်ရိုးကျောက်တုံးများ ရှိသေးသည် မဟုတ်ပါလော။
မှိန်ဖျဖျ အလင်းတစ်ချက် ပေါ်လာပြီး ဆေးပင်များ ပေါ်လာ၏။ မဟာယီ စစ်မှန်ခြင်း ဆေးလုံး ပါရှိသော ကျောက်စိမ်းသေတ္တာမှာ ထူးခြားပေသည်။
မိုဝူကျီက စိတ်ထဲ၌ ခံစားချက်မျိုးစုံ ဖြစ်သွားသည်။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှာ အတော်လေး အံ့အားသင့်ဖို့ ကောင်းလှသည်။ မဟာယီ စစ်မှန်ခြင်း ဆေးလုံးကို စစ်ဆေးမှုလေး တစ်ခုအတွက် ထုတ်ပြသည် မဟုတ်ပါလော။
မိုဝူကျီက မီးဖိုကို စတင် မပြင်ဆင်သေးဘဲ မဟာယီ စစ်မှန်ခြင်း ဆေးလုံး၏ ပါဝင်ပစ္စည်းများကို အသေအချာ စီထားလိုက်သည်။ အမျိုးအစားပေါင်း နှစ်ဆယ်ကျော် ပါရှိပေ၏။ မဟာယီ စစ်မှန်ခြင်း အသီးအပြင် တခြားသော အဖိုးတန် ဆေးပင်များ ပါရှိသည်။ နမူနာ အနေဖြင့် ပြောရလျှင် အဆင့် ၄ အင်မော်တယ် သစ်ကတိုး၊ အဆင့် ၄ ဖီးနစ်သစ်မြစ် အစရှိသဖြင့် ဖြစ်၏။
မိုဝူကျီက ချောင်မူရှစ် စာအုပ်ကို ဖတ်ရှုထားသည့် အတွက် ကံကောင်းလှပေသည်။ သူက ထိုဆေးပင်များကို မှတ်မိရုံ သာမက သူတို့ လက္ခဏာရပ်များ ကိုလည်း နားလည်ပေသည်။
ပါဝင်ပစ္စည်းများကို စုစည်းပြီးနောက် မိုဝူကျီက မီးစတင် မွှေးလိုက်ပြီး ဆေးအကြွင်းအကျန်များကို သန့်ရှင်းကာ ဆေးမီးဖိုအတွင်းမှ အညစ်အကြေးများကို ဖယ်ရှားလိုက်သည်။
မိုဝူကျီက ဆေးလုံး တာအိုဘုံထဲ ဝင်စဉ်မှ စ၍ သတိတကြီး ထားမိသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။
အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးသွားလေ၏။ ထို့နောက် မိုဝူကျီက ဆေးပင်များကို ဆေးမီးဖိုထဲ သန့်စင်ရန် ထည့်လိုက်သည်။
အဆင့် ၄ ဆေးလုံးများအောက် မိုဝူကျီက သူ့စွမ်းဆောင်ရည်ကို ချွေတာရန် ရွေးချယ်ထားခဲ့သည်။ သို့သော်လည်း မဟာယီ စစ်မှန်ခြင်း ဆေးလုံးကို ဖော်စပ်သည့်အခါ မိုဝူကျီက အကုန် ထုတ်သုံးဖို့ရာ တွေဝေမနေပေ။ ထို့အပြင် သူက အဆင့် ၄ ဆေးလုံး ဘုရင်မျှသာ ဖြစ်လေ၏။
မိုဝူကျီက ဆေးပင်များ တစ်ပင်ပြီး တစ်ပင် သန့်စင်နေခဲ့သည်။ မိုဝူကျီက အညစ်အကြေးများ ဖယ်ထုတ်ပြီးနောက် ဆေးအဆီအနှစ်များ မရောနှောခင် တစ်နာရီလုံးလုံး ကုန်ဆုံးသွားလေသည်။ တစ်ချိန်တည်းတွင် သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားက ဆေးအဆီအနှစ်ထဲ ရောနှောသွားပြီး ပေါင်းစပ်ခြင်းနှင့် အဆီအနှစ် လိုက်လျောမှုကို အသေးစိတ် လေ့လာ ဆန်းစစ်လိုက်သည်။
ပုံမှန်အားဖြင့် မိုဝူကျီက အဆင့် ၄ ဆေးလုံး ဖော်စပ်ဖို့ရာ တစ်နာရီမျှသာ ကုန်ဆုံးခဲ့ရသည်။
သို့သော်လည်း ဤမဟာယီ စစ်မှန်ခြင်း ဆေးလုံးအတွက် သူက ဆေးလုံး ဖြစ်တည်မလာခင် လေးနာရီလောက် အချိန်ယူ ခဲ့ရသည်။ သို့သော် ယခုမှ သူက ထိုအဆင့် ရောက်ရှိလာလေ၏။ မိုဝူကျီက မဟာယီ စစ်မှန်ခြင်း ဆေးလုံးအတွက် အခက်အခဲနှင့် ရင်ဆိုင်ရမည် မဟုတ်ကြောင်း သိထားသည်။ နောက်တစ်ခု အဓိက အချက်မှာ ဖော်စပ်လိုက်သည့် မဟာယီ စစ်မှန်ခြင်း ဆေးလုံး၏ အရည်အသွေး ဖြစ်၏။
***
စူးခရာ အင်မော်တယ် မြို့ဟောင်း ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ခုနစ်ထပ်မြောက်
ယခင်အချိန် မိုဝူကျီကို မျက်မှောင်ကြုတ် ကြည့်ခဲ့သော လူလတ်အရွယ် အမျိုးသားက ရုတ်ခြည်း မတ်တတ်ထရပ်လိုက်ပြီး သူ့ရှေ့မှ ပိတ်ကားချပ် အကြီးကြီးကို စိုက်ကြည့်နေသည်။ သူ့လက်ထဲမှ ကျောက်စိမ်းပေလွှာ လွှတ်ကျသွားသည့် အခါ၌ပင် မတုံ့ပြန် နိုင်လိုက်ပေ။
***