ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် အဆင့်
Vol. 37 Ch. 508
“ဘာမှား ...” နောက်ဆေးလုံးဆရာက သူ့စကားပင် မဆုံးသေးခင် မယုံကြည်နိုင်စွာ မတ်တတ်ထရပ်မိသွားသည်။ သူလည်း သူ့ရှေ့မှ ပိတ်ကားချပ်ကို ပါးစပ် အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။
ပြသရေး ပိတ်ကားချပ်ပေါ်၌ ရွှေရောင်စာတန်း ပေါ်လာ၏ “ချန်လောင် ဆေးလုံးဆရာ မိုဝူကျီကို ဆေးလုံးတာအိုဘုံရဲ့ အဆင့် ၄ ဆေးလုံး အကြီးအမှူး အဆင့် စစ်ဆေးမှု အောင်မြင်သွားတဲ့ အတွက် ဂုဏ်ယူပါတယ်။ ပြိုင်ဘက်ကင်းအဆင့် မဟာယီ စစ်မှန်ခြင်း ဆေးလုံး ၁၂ လုံးကို ဖော်စပ်နိုင်ခဲ့တဲ့ အတွက် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် အဆင့် ပေးအပ်နှင်းလိုက်ပါတယ်”
“ဂုဏ်ထူးဆောင် အဆင့် ... ဂုဏ်ထူးဆောင် အဆင့်တဲ့ တကယ်ကြီး ဂုဏ်ထူးဆောင် အဆင့်တဲ့ ...”
သူတို့ကိုသူတို့ မယုံကြည်နိုင်စွာ ရေရွတ်ပြီးနောက် နှစ်ယောက်လုံး အသိပြန်ကပ် လာကြသည်။ တစ်ချိန်တည်းတွင် သူတို့က မေးလိုက်ကြသည် “မိုဝူကျီက ဘယ်သူလဲ”
ပြသရေး ပိတ်ကားချပ်၌ တစ်ယောက်ယောက် ဆေးလုံးဘုရင် အဆင့် ဖြစ်လာသည့် အခါမှ ဂုဏ်ပြုအကြောင်းအရာ ပေါ်လာခြင်း ဖြစ်၏။ ထို့အပြင် ထိုဆေးလုံးဆရာက သူတို့ စူးခရာ အင်မော်တယ်မြို့ဟောင်း အဖွဲ့ခွဲမှ ဖြစ်၍ ပြသခြင်း ဖြစ်၏။
“ဒီနေ့ စစ်ဆေးမှုအတွက် ဝင်သွားတာ သုံးယောက်ပဲ ရှိတာပါ။ တစ်ယောက်က ကျရှုံးသွားလို့ ပြန်ထွက်လာပြီ။ အထဲမှာ နှစ်ယောက်ကျန်တာ တစ်ယောက်က ဝမ်ဟဲ ... သူ့အဆင့်အတန်းက ကျုပ်နဲ့ အတူတူလောက်ပဲ။ သူက အဆင့် ၂ ဆေးလုံး အကြီးအမှူးလောက်ပဲ ရှိဦးမှာ။ ပြီးတော့ ...”သူ့ကိုသူ ရေရွတ်နေသည့် ဆေးလုံးဆရာက ဦးဆုံး ထရပ်လိုက်သည်။ စကားပင် ဆက်မပြောတော့ပေ။
နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ခုခု နားလည်သွားကြဟန် ပေါ်သည်။ တစ်ချိန်တည်းတွင် နှစ်ယောက်လုံးက သူတို့ရှေ့မှ မှတ်တမ်းစာအုပ်ကို ဖွင့်လိုက်ကြသည်။ အချိန် ခဏအကြာတွင် သူတို့ခေါင်းများ ပြန်မော့လာကြပြီး တစ်ယောက်နှင့် တစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။
“နောက်ဆုံး ဝင်သွားတဲ့ တစ်ယောက်”
ဘာမှ ထပ်မပြောတော့ဘဲ နှစ်ယောက်လုံးက နောက်ဆုံး ဝင်သွားသည့်သူကို သိလိုက်ကြသည်။ သူတို့ ရည်မှန်းချက် ကြီးမား လွန်းနေသည်ဟု တွေးထင်ထားသော လူငယ်ပင် ဖြစ်နေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ ဝင်သွားတာ ကြာတောင် မကြာသေးကို လေးလွှာထိ ရောက်သွားပြီတဲ့လား”ပထမဆုံး ထရပ်သည့် ဆေးလုံးဆရာက အတွေးမျှောနေဆဲ ဖြစ်သည်။
သူကဲ့သို့ နောက်ဆေးလုံး ဆရာတစ်ယောက်မှာလည်း သတိပြန်မဝင် လာသေးဘဲ ရေရွတ်လိုက်သည် “ဒီလို လုပ်နေဖို့ မဟုတ်သေးဘူး ... သူက တကယ်ကြီး ဂုဏ်ထူးဆောင် အဆင့်တဲ့ ... ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် အဆင့်တဲ့ ... “
သူတို့ နှစ်ယောက်က ဂုဏ်ထူးဆောင်ဆိုသည့် အဓိပ္ပာယ်ကို ကောင်းကောင်း သိပေ၏။ အဆင့်တူ ဆေးလုံးဘုရင် နှစ်ယောက်၌ သာမန်အဆင့်နှင့် ဂုဏ်ထူးဆောင်အဆင့် အတွင်း ကွာခြားချက် ကြီးမားကြောင်း သိကြသည်။
ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် အဆင့် အရေအတွက်မှာ အတော်လေး နည်းပါး၏။ တစ်ခါတစ်ရံ၌ ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင်က အဆင့် ၆ ထက် ပိုသာနေတတ်သည်။ ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် အဆင့် ဖြစ်လာဖို့ရာ စစ်ဆေးမှု အဆင့်တိုင်း၌ ပြိုင်ဘက်ကင်း အဆင့် အများဆုံး ဖော်စပ် နိုင်ခဲ့ရမည်။
ပြောရမည်ဆိုလျှင် ဂုဏ်ထူးဆောင် ဆေးလုံးဘုရင်က အစစ်အမှန် ဆေးလုံး ဧကရာဇ် ဖြစ်လာဖို့ အခွင့်အရေး ရှိပေ၏။
***
မိုဝူကျီက ဆေးလုံးများကို ဝမ်းသာစွာ သိမ်းထားလိုက်သည်။ မဟာယီ စစ်မှန်ခြင်း ဆေးလုံးတစ်သုတ်ကို ၁၂ လုံး ရရှိခဲ့ပြီး သူက တစ်သုတ်လုံး ဖော်စပ်နိုင်ခဲ့ရုံ သာမက ဆေးလုံး အားလုံးမှာ ပြိုင်ဘက်ကင်း အဆင့်များ ဖြစ်ကြသည်။
မိုဝူကျီက သူ့အတွက် ဆေးနှစ်လုံး သိမ်းထားလိုက်ပြီးနောက် ကျန်ဆေးလုံးများကို ကူးသန်းရေး အစီအရင် သင်္ကေတပေါ်၌ တင်ပေးလိုက်သည်။
အသက်ရှူကြိမ် ဆယ်ကြိမ်လောက် အကြာတွင် မှိန်ပျပျ ရွှေရောင်အလင်းက အခန်းအတွင်း ပေါ်လာ၏။ ထို့နောက် သာယာငြိမ့်ညောင်းသော အသံတစ်သံ ထွက်ပေါ်လာကာ ရွှေရောင် အလင်းတန်း အတွင်း၌ စာတန်း ပါရှိနေသည်
“ချန်လောင် ဆေးလုံးဆရာ မိုဝူကျီကို ဆေးလုံး တာအိုဘုံရဲ့ အဆင့် ၄ ဆေးလုံး အကြီးအမှူး အဆင့် စစ်ဆေးမှု အောင်မြင်သွားတဲ့ အတွက် ဂုဏ်ယူပါတယ်။ ပြိုင်ဘက်ကင်းအဆင့် မဟာယီ စစ်မှန်ခြင်း ဆေးလုံး ၁၂ လုံးကို ဖော်စပ်နိုင်ခဲ့တဲ့ အတွက် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် အဆင့် ပေးအပ်နှင်း လိုက်ပါတယ်”
ဤစာလုံးများက အခန်းအတွင်း မပျောက်ကွယ်သွားဘဲ အချိန်အတော်ကြာ မျောလွင့်နေသည်။ ထို့အပြင် အခန်းအဆုံးမှ မှိန်ဖျဖျ ရွှေရောင်လှေကားမှာ ထင်ရှားလာပြီး ဆေးလုံး တာအိုဘုံ၏ ငါးလွှာမြောက် ပွင့်သွားလေ၏။
မိုဝူကျီက လှေကားဆီ ချက်ချင်း မသွားသေးဘဲ စာလုံးများကို ငေးကြည့်နေမိသည်။ ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံး ဘုရင်တဲ့လား ... ဘာလို့ စာလုံးသုံးလုံး အပိုပါ နေရတာလဲ ...
ခဏအကြာတွင် မိုဝူကျီ တစ်ခု နားလည်သွားမိသည်။ သူက ပြိုင်ဘက်ကင်းအဆင့် မဟာယီ စစ်မှန်ခြင်း ဆေးလုံးများကို ဖော်စပ်ခဲ့သည့် အတွက် ဂုဏ်ထူးဆောင် အဆင့်ရရှိခဲ့ခြင် ဖြစ်လိမ့်မည်။
မည်သို့ပင် ဆိုစေကာမူ ဂုဏ်ထူးဆောင် အဆင့်က သာမန် ထက်စာလျှင်တော့ ပို၍ ကောင်းပေလိမ့်မည်။
သူက ထိုအတွေး တွေးမိလိုက်သောကြောင့် မိုဝူကျီ စိတ်ထဲ ပျော်ရွှင်မိသွားသည်။ ထို့နောက် သူက ကျောက်စိမ်းပြားကို ယူကာ ငါးလွှာသို့ သွားရန် ရွှေရောင်လှေကားဆီ ဦးတည်လိုက်တော့သည်။
ငါးလွှာရှိ အခန်း အနေအထားမှာ လေးလွှာနှင့် အတူတူ ဖြစ်ပေ၏။ မိုဝူကျီက ဆေးမီးဖိုဆီ လျှောက်လှမ်းသွားလိုက်ကာ အနည်းငယ် တွန့်ဆုတ်နေမိသည်။ သို့သော် သူက ကျောက်စိမ်းပြားကို ထည့်လိုက်သေး၏။
သူက အဆင့် ၅ အင်မော်တယ် ဆေးလုံး မဖော်စပ်နိုင်ကြောင်း သိထားသော်လည်း ကြိုးစားကြည့်၍ ဘာမှ မမှားပေ။ သူက အဆင့် ၄ ဆေးလုံးဘုရင် အဖြစ် အသိအမှတ်ပြု ခံရသည်ကိုပင် ကျေနပ်နေပြီးသား ဖြစ်၏။ သူ ကျောက်စိမ်းပြား ထည့်လိုက်သည့် အကြောင်းအရင်းမှာ သူက အဆင့် ၅ အင်မော်တယ် ဆေးလုံးများကို သိချင်၍ ဖြစ်သည်။ အကယ်၍ သူ လျော်ကြေး မပေးရသည့် ဆေးလုံး ပါရှိလျှင် သူက ဆေးလုံး ဖော်စပ်နည်း တစ်ခုရရန် ကြိုးစားကြည့်ရမည်။ သို့သော်လည်း လျော်ကြေးပေးရမည် ဆိုလျှင် သူက မကြိုးစား ကြည့်တော့ပေ။ သူ မတတ်နိုင်မည်ကို စိုးရိမ်မိ၏။ အဆင့် ၅ အင်မော်တယ် ဆေးပင်များ၏ ဈေးနှုန်းမှာ ဟာသ မဟုတ်ပေ။ သူက ငွေပြတ်လပ် မသွားချင်သေးပေ။
မိုဝူကျီ ကျောက်စိမ်းပြား ထည့်လိုက်သည်နှင့် ပြသရေး ပိတ်ကားတစ်ခု ပေါ်လာသည်။ စည်းမျဉ်းများကို မြင်လိုက်ရသည့် အခါ မိုဝူကျီက အတော်လေး စိတ်လှုပ်ရှား မိသွားသည်။ ငါးလွှာမြောက် စစ်ဆေးမှုအတွက် ဆေးလုံးဆရာက ကျရှုံးမှုအတွက် မည်သည့် လျော်ကြေးကိုမှ ပေးရန် မလိုအပ်ပေ။ ထို့အပြင် အောင်မြင်ပါက ဆေးလုံးဆရာက ဆေးလုံး အရေအတွက် တစ်ဝက်တိတိ ယူသွားနိုင်သေးသည်။
မိုဝူကျီက ဆေးလုံး အောင်အောင်မြင်မြင် ဖော်စပ်မည့် အကြောင်း မတွေးထားပေ။ သူက ဆေးနည်း ရလို၍သာ ဖြစ်၏။ သူက ကျရှုံးမှုအတွက် လျော်ကြေးပေးရန် မလိုအပ်လျှင် သူက သူ လိုချင်သည့် ဆေးဖော်စပ်နည်းကို ရွေးချယ်နိုင်လေပြီ။ အကယ်၍ သူ ကျရှုံးသွားလျှင်ပင် ဆေးဖော်စပ်နည်းအား ချမှတ်ထားနိုင်သေး၏။ ဤဆေးဖော်စပ်နည်းများမှာ ပါဝင်သည့် ဆေးပင်များ နာမည်သာ ပါဝင်သော်လည်း မိုဝူကျီအတွက် လုံလောက်ပေ၏။ သူ့ဆေးလုံး အဆင့်အတန်းဖြင့် ဆေးလုံးဖော်စပ်နည်းကို မြန်မြန် သိလာနိုင်ပြီး ဖော်စပ်နိုင်လာမည် ဖြစ်ကြောင်း ယုံထားသည်။
ပိတ်ကားချပ် ပေါ်လာသည့်အခါ မိုဝူကျီက ဆေးလုံးဖော်စပ်နည်း အမျိုးရေ နှစ်ဆယ်မှ သုံးဆယ်အထိ မြင်လိုက်ရသည်။
မျက်စိရှေ့၌ မဟာကျီ သန့်စင်ရေး ဆေးလုံး ရှိနေသည်။ ထို့နောက် ရွှေကြယ်စင်ဆေးလုံး၊ ခရမ်းကြည်လင် အာကာပြင် ဆေးလုံး၊ နှစ်ဘဝ ဝင်စားခြင်း ဆေးလုံး ...... အစရှိသဖြင့် ပါရှိလေ၏။
မိုဝူကျီက အထီးကျန် ကျီဆေးလုံးအပေါ် အကြည့် ရောက်သွားသည်။ သူက ပျက်စီးနေသော ကျောက်စိမ်း ပေလွှာပေါ်၌ မြင်တွေ့ဖူးရာ ထိုဆေးလုံးကို မည်သည့်နေရာမှ ဝယ်ယူ၍ မရပေ။ နာမည်၌ စိတ်ဝိညာဉ် အကြောင်း မပါရှိသော်လည်း ထိုဆေးလုံးမှာ စိတ်စွမ်းအား တိုးမြင့်ဖို့ရန် အဓိက အသုံးပြု ကြလေသည်။ စိတ်စွမ်းအားကို တိုးပွားလာစေရုံ သာမက ကမ္ဘာဦး စိတ်ဝိညာဉ်ကိုလည်း အားဖြည့်ပေးသောကြောင့် အလွန် အဖိုးတန်ပေ၏။ ဤဆေးလုံး ဖော်စပ်နည်းမှာ စိတ်စွမ်းအား လေ့ကျင့်ရေး နည်းစနစ်နှင့်ပင် ယှဉ်၍ ရပေသည်။
ထို့အပြင် အထီးကျန် ကျီဆေးလုံး၌ သဘာဝ ကျီဆေးလုံးဟု ခေါ်သော တွဲဖက် ဆေးလုံး ရှိနေသေး၏။ ထိုအရာမှာ အထီးကျန် ကျီဆေးလုံးထက် ပို၍ အဖိုးတန်ပေသည်။ သဘာဝ ကျီဆေးလုံးမှာ စိတ်စွမ်းအားကို မတိုးမြင့် ပေးနိုင်သော်လည်း ထိခိုက် ပျက်စီးနေသော စိတ်စွမ်းအားကို ပြန်လည် ကုသပေးပြီး ကုန်ဆုံးသွားသော စိတ်စွမ်းအားများကို ပြန်လည် ဖြည့်ဆည်းပေး၏။ ပြောရလျှင် ပျက်စီးနေသော ကမ္ဘာဦး စိတ်ဝိညာဉ်ကိုပင် ကုသပေးနိုင်သည်။ စိတ်စွမ်းအားနှင့် ကမ္ဘာဦး စိတ်ဝိညာဉ် နှစ်မျိုးလုံးကို ကုသပေးနိုင်သည့် ဆေးလုံးမှာ အင်မတန် ရှားပါးသည့် အတွက် သဘာဝကျီ ဆေးလုံးမှာ အင်မတန် အဖိုးတန် လှပေသည်။
မိုဝူကျီက အောက်ကို စိတ်လှုပ်ရှားစွာ ထပ်ဆွဲကြည့်လိုက်သည်။ ဤဆေးနာမည် နှစ်ဆယ်ကျော်ထဲ၌ သဘာဝ ကျီဆေးလုံး ပါမလာပေ။ ထိုအရာက မိုဝူကျီကို အနည်းငယ် စိတ်ပျက် သွားစေ၏။ အကယ်၍ သဘာဝ ကျီဆေးလုံး ရှိလျှင် သူက ချက်ချင်း ကောက်ရွေးလိုက်မည် ဖြစ်၏။
သဘာဝ ကျီဆေးလုံး မရှိသည့်အတွက် မိုဝူကျီ၏ ဦးစားပေး ရွေးချယ်မှုမှာ အထီးကျန် ကျီဆေးလုံး ဖြစ်သွားလေ၏။
သာမန်လူ တစ်ယောက်အတွင် မဟာကျီ သန့်စင်ရေး ဆေးလုံးက အဖိုးတန်ဆုံး ဖြစ်နိုင်လေ၏။ အကြောင်းမှာ ဤဆေးလုံးက မဟာယီရှန်း အဆင့် ကျင့်ကြံသူကို မဟာကျီရှန်း အဆင့်ထိ တက်လှမ်းနိုင် စေလိမ့်မည်။ သို့သော်လည်း မိုဝူကျီအတွက် မဟာကျီ သန့်စင်ရေး ဆေးလုံးမှာ အလှမ်း ကွာလွန်းနေလေ၏။ သူက ကျင်းရှန်း အလယ်အလတ် အဆင့် ဖြစ်သည့်အတွက် မဟာယီရှန်း အဆင့် ဘယ်အချိန်မှ ရောက်မည်ကို မသိသေးပေ။ အနည်းဆုံးတော့ သူက အထီးကျန် ကျီဆေးလုံးကို ယခု အသုံးပြု နိုင်လေသည်။ သူ့လျှို့ဝှက် ပညာရပ်များနှင့် တိုက်ကွက် နည်းစနစ်များမှာ စိတ်စွမ်းအားအပေါ် များစွာ မှီခိုနေပေသည်။ ဤသို့သော စိတ်စွမ်းအား ဆေးလုံးက သူ့အား ဆောင်းတွင်း၌ မီးဖိုပေးသလို ဖြစ်လိမ့်မည်။
အထီးကျန် ကျီဆေးလုံးကို မိုဝူကျီက တွေဝေခြင်းမရှိ ရွေးချယ်လိုက်တော့သည်။
ခဏအကြာတွင် ဆေးပင် အပုံလိုက်က မိုဝူကျီရှေ့ ရောက်ရှိလာသည်။
မြေမှုန့်ဝါးမြစ်၊ ကောင်းကင် ပုလဲအဆီအနှစ်၊ ပန်းပွင့်မဲ့ ဗုဒ္ဓအသီး၊ ကောင်းကင် အထီးကျန် မြက် …
ကောင်းကင် အထီးကျန် မြက်တဲ့လား ...
မိုဝူကျီက သာမန်နှင့်တူသော မြက်တစ်စုံကို ကောက်ကာ ကြည့်လိုက်သည်။ ထိုအရာမှာ သာမန်ပေါင်းပင်များနှင့် မကွာခြားပေ။ တစ်ခုတည်းသော ခြားနားချက်မှာ ထိုမြက်၌ အမြစ်များ မပါရှိခြင်း ဖြစ်သည်။ ကောင်းကင် အထီးကျန်မြက် အမျိုးအစားမှာ လူသူကင်းမဲ့သည့် အာကာပြင်ထဲ၌သာ ကြီးထွားပေါက်ရောက်ကြောင်း ချောင်မူရှစ် စာအုပ်ထဲ၌ သေချာဖော်ပြထားလေ၏။ ထိုအာကာပြင် နေရာမှာ အသက်စွမ်းအား၊ သဘာဝ ငါးမျိုးနှင့် သဘာဝစွမ်းအား မရှိသည့်နေရာကို ညွှန်းဆိုခြင်း ဖြစ်ပေသည်။ အာကာပြင် တစ်ခု ဖြစ်နိုင်သလို အာကာသလည်း ဖြစ်နိုင်သလို ဂြိုဟ်၏ တစ်နေရာရာ၌လည်း ဖြစ်နိုင်ပေသည်။
မိုဝူကျီ သိသမျှ ဆေးဖော်စပ်နည်းများ၌ တစ်ခုမှ ကောင်းကင်အထီးကျန် မြက်ကို မသုံးရပေ။ ကောင်းကင်အထီးကျန် မြက် အညွှန်း၌ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်မှာ သန့်စင်ဖို့ရာ ခက်ခဲသည့် အကြောင်း ဖြစ်၏။ အကြောင်းမှာ မြက်အတွင်းမှ အဆီအနှစ်များနှင့် အညစ်အကြေးများမှာ လုံးဝ ရောနှောနေသည့် အတွက် ဖယ်ထုတ်ဖို့ရာ အလွန် ခက်ခဲပေသည်။ ချောင်မူရှစ် စာအုပ်၌ ကောင်းကင်အထီးကျန် မြက် ထိုသို့ နာမည်ဖြစ်လာသည့် အကြောင်းအရင်းကို ပြောပြထားလေ၏။ အညစ်အကြေးများနှင့် အဆီအနှစ်များမှာ ကောင်းကင်က ထီးထီးကြီး ဖြစ်သည့်အထိ ထာဝရ ရောနှောနေ၍ ဖြစ်သည်။ ထို့ကြောင့် ထိုမြက်ကို သုံး၍ မရသလို ဆေးလုံးများ အတွက်လည်း မသုံးနိုင်ကြပေ။
သူက ကောင်းကင် အထီးကျန် မြက်ကို အထီးကျန် ကျီဆေးလုံး၌ ပါဝင်လိမ့်မည်ဟု ထင်မထားပေ။ သူက အထီးကျန် ကျီဆေးလုံးမှ ကောင်းကင်အထီးကျန် မြက်၏ လုပ်ဆောင်ချက်ကို မသိသည်က ကံဆိုးလှပေသည်။
အထီးကျန် ကျီဆေးလုံး၏ ပါဝင်ပစ္စည်းများကို မှတ်သားပြီးနောက် မိုဝူကျီက ချက်ချင်း စတင်လိုက်သည်။
အထီးကျန် ကျီဆေးလုံးမှာ အဆင့် ၅ အင်မော်တယ် ဆေးလုံးဖြစ်ပြီး မိုဝူကျီ၏ အတွေ့အကြုံအရ ဖော်စပ်ဖို့ရာ အဆင့် ၅ ဆေးလုံးများထဲမှ အခက်ခဲဆုံး တစ်မျိုး ဖြစ်လိမ့်မည်။
ဆေးမီးဖိုကို သန့်စင်ပြီးသည့်နောက် မိုဝူကျီက အင်မော်တယ် ဆေးပင်များကို တစ်ခုပြီး တစ်ခု ထည့်လိုက်သည်။ သူက အစဉ်လိုက် မသိသည့်အတွက် ကျပန်း ထည့်နေခြင်း ဖြစ်၏။
မိုဝူကျီ၏ သန့်စင်နှုန်းမှာ ထိပ်တန်းဖြစ်၍သာ ကံကောင်းပေ၏။ သူက အင်မော်တယ်ဆေးပင် အများစုကို ၉၈ ရာခိုင်နှုန်းအထိ သန့်စင်နိုင်ခဲ့သော်လည်း ကောင်းကင်အထီးကျန် မြက်ကိုတော့ လက်လျှော့လိုက်ရသည်။
သူက ကောင်းကင်အထီးကျန် မြက်ကို ဆေးမီးဖိုထဲ ထည့်လိုက်သည်နှင့် မိုဝူကျီက ချက်ချင်း ကြောင်အမ်း သွားလေသည်။ မြက်ထဲမှ အညစ်အကြေးများက သူ့ သန့်စင်ထားပြီးသော အဆီအနှစ်များနှင့် ထပ်ရောနှောသွားပြီး သူ့ဆေးပညာရပ်က မတားဆီးနိုင်ချေ။ ထို့အပြင် အဆီအနှစ်များနှင့် အညစ်အကြေးများက လုံးဝကို ရောနှောသွားခြင်း ဖြစ်ရာ မိုဝူကျီ၏ သန့်စင်နည်းနှင့်ပင် သူက ထိုအညစ်အကြေးများကို မည်သို့ ဖယ်ရှားရမည်ကို မသိသေးချေ။
အကယ်၍ သူက အတင်းကျပ် သန့်စင်ပါက ဆေးအဆီအနှစ် ပုံစံတစ်ခုလုံးကို နှောင့်ယှက် မိသွားနိုင်ပြီး ဤဆေးလုံး ဖော်စပ်ခြင်း ကျရှုံးသွားပေလိမ့်မည်။
မိုဝူကျီက အဆင့် ၅ အင်မော်တယ် ဆေးလုံး တစ်ခါမျှ အောင်အောင်မြင်မြင် မဖော်စပ်ဖူးပေ။ သူ ကြိုးစားကြည့်သည့် အကြောင်းအရင်းမှာ ဆေးဖော်စပ်နည်း ရလို၍သာ ဖြစ်၏။
မိုဝူကျီ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားက ဆေးအဆီအနှစ်၏ အစိတ်အပိုင်းတိုင်းဆီ ထိုးဖောက်သွားကာ အညစ်အကြေးများကို ဖယ်ထုတ်ပစ်လိုက်သည်။
အချိန်များ ကြာသွားသော်လည်း မိုတူကျီက အညစ်အကြေး၏ တစ်သောင်းပုံ တစ်ပုံပင် မဖယ်ရှားပစ်နိုင်ပေ။ သူက အညစ်အကြေးများကို ဖယ်ရှားလိုက်သည့် အကြိမ်တိုင်း ကောင်းကင်အထီးကျန် မြက်၏ နောက်အညစ်အကြေး များက ထပ်စိမ့်ဝင်လာကာ ဆေးအဆီအနှစ်ကို နောက်တစ်ဖန် ညစ်သွားစေပြန်သည်။
သုံးရက်တာ ကုန်ဆုံးသွားပြီးနောက် “ဖောင်း”ဟူသော အသံနှင့်အတူ ဆေးမီးဖိုထဲမှ တူးနံ့များ ထွက်ပေါ်လာသည်။ မိုဝူကျီက ဤဆေးလုံး ဖော်စပ်ခြင်း၌ ကျရှုံးသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ လုံးဝကို ကျရှုံးခဲ့ရ၏။
ယခင် မိုဝူကျီ ဆေးလုံးကို လေ့ကျင့်စဉ်က သူက သန့်စင်ခြင်း အဆင့်၌ တစ်ခါမျှ မကျရှုံး ဖူးသေးပေ။ ပထမအဆင့်၌ ကျရှုံးသွားခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်ပေသည်။
***