အဆင့်အတန်း ထွက်ပေါ်လာခြင်း
Vol. 37 Ch. 509
ဤဆေးလုံးကို အဆင့် ၅ အင်မော်တယ်ဆေးလုံး အဖြစ် မသတ်မှတ်သင့်ဘဲ ပို၍ အဆင့်မြင့် သင့်ပေသည်။ သို့သော်လည်း ကောင်းကင် အထီးကျန်မြက်မှာ အမှန်တကယ် အဆင့် ၅ အင်မော်တယ်ဆေးပင် ဖြစ်နေသည်။
မိုဝူကျီက ကောင်းကင် အထီးကျန်မြက်မှ အညစ်အကြေးကို မည်သို့ ဖယ်ရှားနိုင်ကြောင်း တွေးတောနေစဉ် အဖြူရောင် အလင်းက သူ့အား လွှမ်းခြုံသွားပြီး ဆေးလုံးအခန်းမှ ခေါ်ထုတ်သွားတော့သည်။
ထိုအလင်း ပေျာက်ကွယ် သွားသည်နှင့် မိုဝူကျီက သူ့ဘေးပတ်လည်ကို ကြည့်လိုက်ကာ စစ်ဆေးမှု ပြီးဆုံးသွားကြောင်း သိလိုက်သည်။ သူက သူထွက်သွားသည့် နေရာ ဖြစ်သည့် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ခွဲ၏ ခုနစ်ထပ်မြောက်သို့ ပြန်ရောက်နေလေ၏။
“ဆေးလုံးဘုရင်မို ... ကျုပ်က ကုန်းယီပါ ဒီဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ခွဲရဲ့ စစ်ဆေးမှု တာဝန်ခံပါ။ ညီလေးမို ဒီဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် ဖြစ်လာတာကို ဂုဏ်ယူပါတယ် ...”
မိုဝူကျီ မတုံ့ပြန်နိုင်ခင် လူလတ်အရွယ် ပိန်ပါးပါး အမျိုးသားက သူ့ရှေ့ ရောက်လာကာ နှုတ်ဆက်နေလေ၏။ ထိုအမျိုးသား၏ အသံ၌ မျက်နှာ ချိုသွေးနေသည့် သဘောမျိုး ပါဝင်နေသည်။
မိုဝူကျီက ထိုလူကို မှတ်မိသည်။ ထိုလူမှာ သူ စစ်ဆေးမှု မစခင် ဤအခန်းထဲ ဝင်လာစဉ်က အခန်းအလယ်တွင် ထိုင်နေသော လူနှစ်ယောက် အနက် တစ်ယောက် ဖြစ်၏။ မိုဝူကျီ ဝင်လာစဉ်က ထိုလူမှာ မတ်တတ်ပင် မရပ်ခဲ့ပေ။
“ဆေးလုံး ဘုရင်မိုကို နှုတ်ဆက်ပါတယ်။ ကျုပ်က ဟဲရှင်းဝမ်ပါ။ ကျုပ်လည်း ဒီဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာမြို့ဟောင်း အဖွဲ့ခွဲ့ရဲ့ စစ်ဆေးမှု တာဝန်ခံပါ။ ညီလေးမို ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် အဆင့် ဖြစ်လာတာကို ဂုဏ်ပြုပါတယ် ...”နောက်ဆေးလုံးဆရာ တစ်ယောက်လည်း လျှောက်လာကာ မိုဝူကျီကို လောကွတ်ချော်ကာ ပြောလိုက်သည်။
သူ စစ်ဆေးမှု အတွက် ဦးဆုံး လာရောက်ခဲ့စဉ်က ထိုလူနှစ်ယောက်မှာ သူ့အား အရေးပင် မစိုက်ခဲ့ချေ။ သို့သော် သူ့စစ်ဆေးမှု ပြီးစီးပြီးသည့် နောက်တွင် ထိုလူနှစ်ယောက်က သဘောထား အကြီးကြီး ပြောင်းလဲ သွားသလို ခံစားနေရသည်။ သို့သော်လည်း မိုဝူကျီက သိပ်ဂရုမစိုက်ပေ။ ကမ္ဘာကြီးထဲ၌ ထို့ကဲ့သို့ လူမျိုးများစွာ ရှိကြပြီး ကုန်းယီနှင့် ဟဲရှန်းဝမ်တို့ ချည်းသာ မဟုတ်ချေ။
“တာဝန်ခံတို့ကို နှုတ်ဆက်ပါတယ်။ ဒါနဲ့ ဂုဏ်ထူးဆောင် အဆင့်ဆိုတာ ဘာကို ပြောတာလဲ မေးလို့ ရမလား”မိုဝူကျီက လက်နှစ်ဖက် ယှက်၍ မေးလိုက်သည်။
ကုန်းယီက မိုဝူကျီအတွက် ထိုင်ခုံတစ်လုံး ယူပေးပြီးနောက် ရှင်းပြလိုက်သည်
“ဆေးလုံး တာအိုဘုံရဲ့ လေးလွှာမြောက်ကို အောင်မြင်သွားပြီ ဆိုရင် ဆေးလုံးဘုရင် အဆင့် ဖြစ်လာပြီလေ။ ဒါပေမဲ့ အင်မတန် နည်းတဲ့ လူအရေအတွက်လောက်ပဲ ဂုဏ်ထူးဆောင်အဆင့်ကို ချီးမြှင့်ခံရတယ်။
လိုအပ်တာက အဲဒီစစ်ဆေးမှု အတွင်းမှာ ပြိုင်ဘက်ကင်း အဆင့် ဆေးလုံး တစ်သုတ်လုံးကို ဖော်စပ်နိုင်ရမယ်။ အဲဒီကျမှ ဂုဏ်ထူးဆောင် အဆင့်ကို ပိုင်ဆိုင်နိုင်တာ”
ဟဲရှင်းဝမ်က ထပ်ပြောလိုက်သည်
“သာမန် ဆေးလုံးဘုရင်နဲ့ ယှဉ်ရင် ဂုဏ်ထူးဆောင် ဆေးလုံးဘုရင်က ပိုပြီးတော့ ဆုလာဘ်များတယ်”
“ဘာဆုလာဘ်လဲ”မိုဝူကျီက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဆုလာဘ်မှာ မဆိုးလောက်ပေဘူး မလား …
ကုန်းယီက မြန်မြန် ပြောလိုက်သည်
“သာမန် အဆင့် ၄ ဆေးလုံးဘုရင် တစ်ယောက်အတွက် မဟာမိတ်အဖွဲ့က အဆင့် ၅ အင်မော်တယ် ဆေးပင် ၅၀ ကို ချီးမြှင့်တယ်။ ပြီးတော့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ခွဲရဲ့ ဆေးလုံးတွေ၊ ဆေးပင်တွေကို လျှော့ဈေး ၂၀ ရာခိုင်နှုန်း ရတယ်။
ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် တစ်ယောက်အတွက်ကျ အဆင့် ၅ အင်မော်တယ်ဆေးပင် တစ်ရာနဲ့ အဖွဲ့ခွဲ့ ရတနာတိုက်ကနေ ကြိုက်တဲ့ ပစ္စည်းတစ်မျိုး ယူခွင့်ရှိတယ်။ ပြီးတော့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ခွဲ့တွေမှာ ဆေးလုံးနဲ့ ဆေးပင်အတွက် လျှော့ဈေး ၅၀ ရာခိုင်နှုန်းအထိ ရတယ်။
ပြီးတော့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် ဗဟိုချုပ်က ပေးတဲ့ တခြား ဆုလာဘ်တွေလည်း ရှိသေးတယ်”
မိုဝူကျီက အတော်လေး ပျော်ရွှင်မိသွားသည်။ သူ ရေငတ်နေသည့် အချိန် ရေတွင်းနှင့် ကြုံကြိုက် သွားသကဲ့သို့ ဖြစ်ပေသည်။ သူ အဆင့် ၅ ဆေးလုံးဘုရင် ဖြစ်မလာသည့် အကြောင်းအရင်းမှာ လေ့ကျင့်ဖို့ရာ ဆေးပင်များ မရှိ၍ ဖြစ်သည်။ အကယ်၍ သူ့တွင် အဆင့် ၅ ဆေးပင်များ ရှိနေခဲ့လျှင် သူက ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် အဆင့် မဟုတ်ဘဲ ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံးဆရာ အဆင့် ဖြစ်နေပေလိမ့်မည်။
ထိုစဉ် အခန်းအလယ်၌ မှိန်ဖျဖျ အလင်းက ပေါ်လာ၏။ ထို့နောက် ခပ်ဖျော့ဖျော့ ပုံရိပ်တစ်ခုက ထိုအလင်းထဲ ပေါ်လာသည်။ ပုံရိပ်က အားရပါးရ ပြုံးကာ မိုဝူကျီကို ပြောလိုက်၏
“ဆေးလုံးဘုရင်မိုကို ကျုပ် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် ဖြစ်လာတာကို ဂုဏ်ပြုပါတယ်။ ကျုပ်က နွန်ယုံပါ။ ကျုပ်က မင်းကို ဂုဏ်ပြုဖို့ လူကိုယ်တိုင် စူးခရာမြို့ဟောင်းကို မလာနိုင်ပေမဲ့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ ကိုယ်စား ဂုဏ်ပြုပါတယ်။
အခု မင်းရဲ့ ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် အဆင့် အမှတ်အသားပြားနဲ့ ဆုလာဘ်တွေကို လာပေးတာပါ။ ပြီးတော့ ကျုပ်ရဲ့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့အတွက် ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်လာဖို့ ဆေးလုံးဘုရင်မိုကို ဖိတ်ကြားပါရစေ ...”
ကုန်းယီနှင့် ဟဲရှင်းဝမ်တို့က ထိုပုံရိပ် ပေါ်လာသည့်အခါ သူတို့က မြန်မြန် ဒူးထောက်ကာ တစ်ပြိုင်နက် ပြောလိုက်ကြသည်
“ဆေးလုံးဧကရာဇ် အရှင်ကို နှုတ်ခွန်းဆက်ပါတယ်”
ကုန်းယီက မိုဝူကျီကို စိတ်လှုပ်တရှား ပြောလိုက်သည်
“ဆေးလုံးဘုရင်မို ... သူက ကျုပ်တို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် ဗဟိုချုပ်ရဲ့ အဆင့် ၇ ဆေးလုံးဧကရာဇ် အကြီးအကဲ နွန်ယုံပဲ ...”
မိုဝူကျီက လက်နှစ်ဖက် ယှက်ကာ ဦးညွှတ်ရင်း
“လေ့လာသူ အငယ်လေး မိုဝူကျီက စီနီယာနွန်ယုံကို နှုတ်ခွန်းဆက်ပါတယ်။ စီနီယာနွန်ယုံရဲ့ ကြင်နာမှု အတွက်လည်း ကျေးဇူးတင်ပါတယ်။ မိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ အတွက် အကောင်းဆုံး အမှုထမ်း ပေးပါ့မယ်”
နွန်ယုံ မျက်နှာ၌ အပြုံးပန်းများ ပွင့်လာပြီး မိုဝူကျီ၏ ပြန်ဖြေမှုကို အတော်လေး သဘောကျနေဟန် ပေါ်သည်။ အထူးသဖြင့် “လေ့လာသူ အငယ်လေး”ဟူသော စကားမှာ မိုဝူကျီအပေါ် အမြင်ကောင်း ချန်သွားပေးနိုင်သည်။
သူက လက်ကို အသာဝှေ့ယမ်း လိုက်သည့်အခါ သိုလှောင်လက်စွပ် တစ်ကွင်းက မိုဝူကျီရှေ့ ပေါ်လာသည်။ မိုဝူကျီရှေ့တွင် ခရမ်းဖျော့ဖျော့ ကျောက်စိမ်းပြားလည်း မျောလွင့်နေသည်။ မိုဝူကျီက အမှတ်အသားပြားနှင့် လက်စွပ်ကို မြန်မြန် လက်ခံလိုက်ရင်း ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။
“မဆိုးဘူး ... မဆိုးဘူး ... တကယ်လို့ နောင်ကျ မင်း ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို လာခဲ့ရင် ကျုပ်ကို လာရှာလှည့် ...”
ထိုသို့ ပြောပြီး နွန်ယုံ၏ ပုံရိပ်မှာ ဖျတ်ခနဲ ပျောက်ကွယ် သွားတော့သည်။ ခန်းမအတွင်းမှ အလင်းလည်း ကွယ်ပျောက်သွားလေ၏။
“အကြီးအကဲမိုကို နှုတ်ဆက်ပါတယ်”
ကုန်းယီနှင့် ဟဲရှင်းဝမ်တို့က သတိထားကာ မိုဝူကျီကို လေးစား နေကြသည်။ မိုဝူကျီရှေ့တွင် တောက်ပသော အနာဂတ် ရှိနေကြောင်း သိကြပေသည်။
မိုဝူကျီလည်း အပြန်အလှန် လောကဝတ် ပြုပြီးနောက် ကျောက်စိမ်းပြားကို တစ်ချက် ကြည့်လိုက်သည်။
ကျောက်စိမ်းပြား ထောင့်တစ်နေရာ၌ ဂုဏ်ထူးဆောင် ဟူသော စာလုံး ပါရှိသည်။ ထို့နောက် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ကိုယ်ပိုင်တံဆိပ် အမှတ်အသား ဖြစ်သည့် ရှေးဟောင်း ဆေးမီးဖိုနှင့်အတူ မီးတောက် ပုံစံ ပါရှိသည်။
ထို့နောက် အဆင့် ၄ ဆေးလုံးဘုရင် ဖြစ်ကြောင်း စာလုံးများ ပါရှိပြီး တစ်တန်းတည်း၌ “ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဂုဏ်ထူးဆောင် အကြီးအကဲ”ဟုလည်း ပါရှိသည်။
မိုဝူကျီက ကုန်းယီနှင့် ဟဲရှင်းဝမ်တို့၏ ခါးတွင် ချိတ်ဆွဲထားသော အမှတ်အသားပြားများကို မြင်လိုက်ရသော်လည်း သူတို့ ကျောက်စိမ်းပြားမှာ လိမ္မော်ရောင် ဖြစ်နေပြီး အဆင့် ၂ ဆေးလုံးအကြီးအမှူး ဖြစ်ကြောင်း ဖော်ပြထား၏။
ဂုဏ်ထူးဆောင်အဆင့်မှာ အတော်လေး ခိုင်မာလှရာ သူက မဟာမိတ်အဖွဲ့ အတွက် ဘာမှ မလုပ်ပေးလျှင်ပင် သူက ဆုလာဘ်များ ရနေဦးမည် ဖြစ်၏။ ထို့အပြင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှာ အင်အားစု တစ်ခု ဖြစ်၏။ ယခု သူက ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်နေပြီ ဖြစ်ရာ ဓားကြီးတောင်က မည်မျှ အံ့ဩဖို့ ကောင်းစေကာမူ သူ့ကို လာမရှုပ်ရဲ လောက်တော့ချေ။
ယုံရင်အင်မော်တယ် နယ်မြေ၏ ကောင်းကင် ဧကရာဇ်က သူ့အတွက် ပြဿနာကြီး ဖြစ်နေသေး၏။ သူက သူ့အဆင့်အတန်း ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် ရာထူးမှာ ကောင်းကင် ဧကရာဇ်ကို ရှောင်ရှားဖို့ရာ လုံလောက်ပါ့မလား။ ကောင်းကင်ဧကရာဇ်က သူ့အကြောင်း မသိလျှင် အကောင်းဆုံး ဖြစ်ပေသည်။
မိုဝူကျီက သိုလှောင်လက်စွပ် အတွင်း ကြည့်တော့မည့် ဆဲဆဲတွင် ကျင့်ကြံသူ သုံးယောက်က ခုနစ်ထပ်မြောက်သို့ ရောက်လာကြသည်။
ညာဘက်မှ လူမှာ မက်မွန်သဏ္ဌာန် မျက်ဝန်း ရှိသည့် အမျိုးသား တစ်ယောက် ဖြစ်ရာ အရပ် အရမ်းရှည်ပြီးတော့ မိုဝူကျီထက် ခေါင်းတစ်လုံးမက ပိုရှည်သည်။ ထိုလူ၏ အရှိန်အဝါအရ မိုဝူကျီက ထိုလူ၏ ကျင့်ကြံဆင့်မှာ အနည်းဆုံးတော့ သူ့ထက် များစွာသာကြောင်း ပြောနိုင်သည်။ သူက ထိုလူ၏ ကျင့်ကြံဆင့်ကို ထိုးထွင့် မသိမြင်နိုင်ပေ။ မိုဝူကျီက မုရှန်ရုန်းယွီ၏ ဆရာကို တွေ့ဖူးသည့် အတွက် ထိုလူ၏ ကျင့်ကြံဆင့်မှာ မုရှန်ရုန်းယွီ၏ ဆရာထက် များစွာ ပို၍ အားကောင်းကြောင်း ခံစားမိ၏။
မက်မွန် သဏ္ဌာန်မျက်လုံး ပိုင်ရှင်နောက်၌ ကျန်းမာသန်စွမ်းဟန် ပေါက်သော လူအိုကြီး တစ်ဦးကို မြင်လိုက်ရသည်။ သူ့မျက်နှာ၌ အရေးအကြောင်းများ ရှိနေသော်လည်း သူ့ဆံပင်နှင့် မုတ်ဆိတ်မွေးများမှာ အနက်ရောင် ဖြစ်နေဆဲ ဖြစ်သည်။ သူ့တစ်ကိုယ်လုံး၌ ဆေးလုံး အငွေ့အသက်များ ထွက်ပေါ်နေသောကြောင့် အံ့မခန်း ဆေးလုံးဆရာ တစ်ယောက် ဖြစ်ကြောင်း သိနိုင်သည်။ ဤလူအိုကြီး ဘေး၌ မိန်းမလှလေး တစ်ဦး ရှိနေသည်။
ထိုအမျိုးသမီး၌ ဆေးလုံး အငွေ့အသက်များ ရှိမနေသော်လည်း ကြန်အင်လက္ခဏာ တချို့ကြောင့် သူမကို ထိပ်တန်း ပါရမီရှင်ပုံ ပေါ်စေသည်။
“အဖွဲ့ခွဲခေါင်းဆောင် ရှန့်၊ ဆေးလုံးဘုရင် ဂူနဲ့ စီမံခန့်ခွဲရေးမှူး ကော တို့ကို နှုတ်ခွန်းဆက်ပါတယ်”သူတို့သုံးယောက် ဝင်လာသည်နှင့် ကုန်းယီနှင့် ဟဲရှင်းဝမ်တို့က ချက်ချင်း ဦးညွှတ်၍ နှုတ်ဆက်လိုက်ကြသည်။
မက်မွန်သဏ္ဌာန် မျက်လုံးပိုင်ရှင် အမျိုးသားက ဟက်ဟက်ပက်ပက် ရယ်မောရင်း မိုဝူကျီဆီ လက်နှစ်ဖက် ယှက်ကာ
“ဆေးလုံးဘုရင်မို ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် ဖြစ်လာလို့ ဂုဏ်ပြုပါတယ်။ ဆေးလုံးဘုရင်မို ကျုပ်တို့ဆီမှာ စစ်ဆေးမှု လာဖြေတာကိုက ကျုပ်တို့ စူးခရာမြို့ဟောင်း အဖွဲ့ခွဲရဲ့ ဂုဏ်ယူစရာ တစ်ခုပါ။
လာလာ ... အားလုံး ဆေးလုံးဘုရင်မိုနဲ့ မိတ်ဆက်ကြဦး။ ကျုပ်နာမည်က ရှန့်ယွီပါ။ ကျုပ်က ဒီ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာ အဖွဲ့ခွဲရဲ့ ဒု ခေါင်းဆောင်ပါ။ ပထမ ခေါင်းဆောင်က တံခါးပိတ် ကျင့်ကြံနေလို့ သူ့ကိုယ်တိုင်လာပြီး ဂုဏ်ပြု မပေးနိုင်တာပါ “
သူ့စကားအဆုံးတွင် ရှန့်ယွီက ကျန်းမာသန်စွမ်း ဖျတ်လတ်သော လူအိုကြီးနှင့် အမျိုးသမီးကို ညွှန်ပြကာ
“ဒါက ကျုပ်တို့ စူးခရာအဖွဲ့ခွဲရဲ့ နံပါတ်တစ် ဆေးလုံးဘုရင် ဂူရွင်းအန်ပါ။ သူက အဆင့် ၇ ဆေးလုံးဧကရာဇ် အဆင့်ရောက်ဖို့ အတော်နီးနေပြီ။ နောက်တစ်ယောက်က ကျုပ်တို့ စူးခရာအဖွဲ့ခွဲရဲ့ စီမံခန့်ခွဲရေးမှူး ကောချီပါ”
ဂူရွှင်းအန်က အဆင့် ၆ ဆေးလုံးဘုရင် ဖြစ်ကာ အဆင့် ၇ ဆေးလုံး ဧကရာဇ်အဆင့် တက်လှမ်းရန် နီးကပ်နေသော်လည်း သူက သတိတကြီး ထားကာ မိုဝူကျီဆီ လက်နှစ်ဖက် ယှက်၍ ပြောပေသည်
“ဆေးလုံးဘုရင်မိုက ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် အဆင့်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရောက်လာတာဆိုတော့ ခင်ဗျားရဲ့ အနာဂတ်က ကန့်သတ်ချက် ကင်းမဲ့မှာ အသေအချာပဲ။
ကျုပ်တို့ စူးခရာ အဖွဲ့ခွဲကို စတည်ထောင်ကတည်းက ဆေးလုံးဘုရင်မိုက ကျုပ်တို့ရဲ့ ပထမဆုံး ဂုဏ်ထူးဆောင် ဆေးလုံးဘုရင်ပဲ”
ကောချီက မိုဝူကျီဘက် လှည့်ပြီး လက်နှစ်ဖက် ယှက်ကာ
“ဆေးလုံးဘုရင်မိုရဲ့ အနာဂတ်က ကန့်သတ်ချက် မဲ့မှာပါ။ နောင်ကျ ရှင့်အပေါ်မှာပဲ ကျမတို့တွေ မှီခိုရတော့မှာပဲ”
မိုဝူကျီက သူတို့ မိတ်ဆက်မှုများကို ကြားသည်နှင့် စူးခရာအဖွဲ့ခွဲ၏ အာဏာရှိသူများ ဖြစ်ကြောင်း သိလိုက်သည်။ သို့သော်လည်း သူက သာမန်အဆင့် ၄ ဆေးလုံးဘုရင်က ထိုမျှ အာရုံစိုက်ခြင်း ခံရလိမ့်မည် မဟုတ်ကြောင်း ယုံကြည်သည်။ ဤနေရာတွင် အဖွဲ့ခွဲ၏ ဒုခေါင်းဆောင်နှင့် နံပါတ်တစ် ဆေးလုံးဘုရင်ပင် ရောက်ရှိနေပေသည်။
ဤနေရာသို့ ထိုလူများ ရောက်လာသည့် အကြောင်းအရင်းမှာ ဂုဏ်ထူးဆောင် အဆင့်ကြောင့်သာ ဖြစ်၏။ ဂူရွှင်းအန် ပြောသည့်အတိုင်း သူက အလားအလာ သတ်မှတ်ချက် ကင်းမဲ့သည့် လူတစ်ယောက် ဖြစ်ပေသည်။
မိုဝူကျီက သူ့အဆင့်အတန်းမှာ သူ့ရှေ့တွင် ရှိနေသော သူများနှင့် အလှမ်း ကွာသေးကြောင်း သိထားသည်။ သူက မြန်မြန် လက်နှစ်ဖက် ဆုပ်ကာ လေးလေးစားစား ပြောလိုက်သည်
“စီနီယာတို့က မြောက်ပြောလွန်း နေပါပြီ။ မိုဝူကျီက အဖွဲ့ခွဲခေါင်းဆောင် ရှန့်၊ ဆေးလုံးဘုရင်ဂူနဲ့ စီမံခန့်ခွဲရေးမှူး ကောတို့ကို နှုတ်ခွန်းဆက်ပါတယ်။ ဂျူနီယာလေးက သင်ယူတုန်း ရှိသေးတာပါ။ နောင်ကျ ကျုပ်ကို သွန်သင်ပြသ ပေးဖို့ မျှော်လင့်ပါတယ်”
ကောချီက ကျိတ်ရယ်မောလိုက်ပြီး
“ဆေးလုံးဘုရင်မို ... ရှင်က ဗဟိုအဖွဲ့ရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲတောင် ဖြစ်နေပြီလေ။ ကျမတို့ကို စီနီယာလို့ ခေါ်စရာ မလိုပါဘူး။ ကျမတို့ကို ငဲ့တယ် ဆိုရင်တော့ အစ်မကော ဆိုရင် ရပါပြီ ...”
ရှန့်ယွီက ရယ်မောကာ
“ဆေးလုံးဘုရင်မို ... ဂျူနီယာညီမလေးကော ပြောတာ မှန်တယ်။ ကျုပ်တို့တွေ ဝါစဉ်မပါဘဲ ခေါ်တာ ပိုကောင်းလိမ့်မယ်။ ကျုပ်လည်း ကျုပ်ရဲ့ စူးခရာအဖွဲ့ခွဲ အတွက် အကြီးအကဲ အဖြစ်လာဖို့ ဖိတ်ခေါ်ချင်တာပါ။ ဂုဏ်ပုဒ်လေး တစ်ခုတင် မဟုတ်ဘဲ အမှန်တကယ်ကို ပြောတာပါ”
မိုဝူကျီက နှလုံးခုန်နှုန်းပင် မြန်လာပြီး
“အဖွဲ့ခွဲ ခေါင်းဆောင်ရှန့် ... ကျုပ်ရဲ့ ကျင့်ကြံဆင့်က သိပ်မမြင့်သေးတော့ အကြီးအကဲ ဖြစ်လာဖို့ အရမ်း လိုအပ်မနေဘူးလား”
ရှန့်ယွီက လက်ဝေ့ပြကာ
“ဂုဏ်ထူးဆောင် ဆေးလုံးဘုရင်က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ခွဲတိုင်းမှာ အကြီးအကဲ ဖြစ်လာဖို့ အရည်အချင်း ရှိတယ်။ တကယ်လို့ ကျုပ် အခု မပြောဘူးဆိုရင် ခင်ဗျားကို တခြား အဖွဲ့ခွဲက ခေါ်ထုတ်သွားလိမ့်မယ်။
ညီလေးမို ... တကယ်လို့ ဒီအစ်ကိုကြီးကို ငဲ့ကွက်ရင် စူးခရာမြို့ဟောင်း အတွက် အတူတူ အလုပ်လုပ် ကြတာပေါ့”
ထိုသို့ပြောပြီးနောက် ရှန့်ယွီက ကုန်းယီဘက် လှည့်ကာ
“ကုန်းယီ ... ဆေးလုံးဘုရင်မိုကို ကျုပ်တို့ရဲ့ စူးခရာ အဖွဲ့ခွဲရဲ့ အကောင်းဆုံး ရတနာတိုက်ကို ခေါ်သွားပေးလိုက်။ သူ ကြိုက်တာ သုံးမျိုး ရွေးချယ်ပါစေ ... အဲဒါက ကျုပ်တို့ စူးခရာ အဖွဲ့ခွဲရဲ့ ကြိုဆိုလက်ဆောင်ပေါ့”
“ဟုတ်ကဲ့”ကုန်းယီက ဦးညွှတ်ကာ သူ့အသံတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်။ ယခု သူက အခွင့်အရေး ရလာပြီ ဖြစ်၍ အကြီးအကဲမိုနှင့် အမှတ်တချို့ ရရန် ယူရမည်။
ထိုအချိန် မိုဝူကျီက ဘာမှ မပြောနေတော့ဘဲ ချက်ချင်း လက်နှစ်ဖက် ဆုပ်၍ ကျေးဇူးတင်ဟန် ပြုမူလိုက်သည်။
“ညီလေးမို ... အရင်ဆုံး မင်းပစ္စည်းတွေ သိမ်းပြီးတော့ ကောင်းကောင်းနား ... အချိန်ကျလာရင် မင်းကို ကြိုဆိုဖို့ စူးခရာမြို့ဟောင်းရဲ့ အကောင်းဆုံး ဟိုတယ်မှာ ညစာစားပွဲ အကြီးကြီး လုပ်ပေးမယ် ”
ရှန့်ယွီ စကားများက နွေဦးလေပြည် အလား ခံစားချက် ပေးစွမ်း၏။ မိုဝူကျီက သူတို့သည် ရင်းနှီးကျွမ်းဝင်ရန် ကြိုးစားနေမှန်း သိသော်လည်း မိုဝူကျီအနေဖြင့် ရှန့်ယွီ၏ ကိစ္စများအပေါ် ကိုင်တွယ်ပုံကို မချီးကျူးဘဲ မနေနိုင်တော့ချေ။
***