ဘူးသီးခြောက် တစ်ခု အရင်းပြု၍
Vol. 37 Ch. 510
“ဒါက အကြီးအကဲမို များလားရှင့်”ကုန်းယီက မိုဝူကျီကို မြေအောက် ရတနာတိုက်ဆီ ခေါ်လာသည့်အခါ နှစ်လိုဖွယ် အမျိုးသမီး တစ်ဦးက သူတို့ကို လာကြိုဆို၏။
မိုဝူကျီက ခေါင်းညိတ်ပြကာ “ကျုပ်က မိုဝူကျီပါ”
နှစ်လိုဖွယ် အမျိုးသမီးလေးက မိုဝူကျီအတွက် သိုလှောင်လက်စွပ်ကို ထုတ်မပေးခင် မြန်မြန် ဦးညွှတ်လိုက်လေ၏
“အကြီးအကဲမို ...ဒါက အဖွဲ့ခွဲ ခေါင်းဆောင်ရှန့်က ပေးခိုင်းထားတာပါ။ ဒါတွေက စူးခရာ အဖွဲ့ခွဲက ပေးတဲ့ ဆုလာဘ်ပါ၊ ပြီးတော့ ဒီအဖွဲ့ခွဲရဲ့ အကြီးအကဲ အမှတ်အသားပြားလည်း ပါပါတယ်ရှင့်”
မိုဝူကျီက သိုလှောင်လက်စွပ်ကိုပင် စစ်ဆေးမကြည့်ဘဲ ကျေးဇူးတင်ကာ သိမ်းဆည်းလိုက်သည်။
“အကြီးအကဲမိုက အားနာ လွန်းနေပါပြီ။ အခု ရတနာတိုက် ဖွင့်ပြီဆိုတော့ အကြီးအကဲမို ကြိုက်တာ သုံးမျိုးကို ရွေးချယ် နိုင်ပါတယ်ရှင့်” နှစ်လိုဖွယ် အမျိုးသမီးလေးက လက်ဟန်ပြကာ ရိုရိုကျိုးကျိုး ပြောလိုက်သည်။
ဘေးတွင် ရပ်နေသော ကုန်းယီက သူ့အလုပ် ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိ၍ နှုတ်ဆက်ကာ ထွက်သွားတော့သည်။
အမျိုးသမီးက ရတနာတိုက် အပြင်ဘက်တွင် ရပ်ကာ ကျန်နေခဲ့ပြီး မိုဝူကျီက ခေါင်းညိတ်ပြကာ ရတနာတိုက်ထဲ ဝင်သွားလိုက်သည်။
စူးခရာ အဖွဲ့ခွဲရှိ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ရတနာတိုက်မှာ ကြီးမားသည်ဟု ယူဆ၍ မရသော်လည်း အထဲရှိ ရတနာများမှာ အဖိုးမဖြတ်နိုင်ပေ။ မိုဝူကျီ အထဲဝင် လိုက်သည်နှင့် သူက အဆင့်မြင့် အင်မော်တယ် ဆေးပင်များ၊ သတ္တု အမျိုးမျိုးနှင့် ကျင့်စဉ်များ ပါရှိသည့် ကျောက်စိမ်းပေလွှာတို့မှ ထွက်ပေါ်နေသော အမျိုးမျိုးသော အင်မော်တယ် အငွေ့အသက်များကို ခံစားမိလေ၏။
မိုဝူကျီက မှော်ရတနာများ၊ အင်မော်တယ်ဆေးပင်များနှင့် ဆေးလုံးများကို ရွေးချယ်ရန် ရည်ရွယ်ချက် မရှိချေ။ ဦးဆုံး သူ့တွင် လခြမ်းကွေး ပုဆိန်လှံရှည် ရှိနေပြီ ဖြစ်၏။ မပြီးပြည့်စုံသော်လည်း သူက ဖြည်းဖြည်းချင်း ပြင်ဆင်မွမ်းမံသွားမည် ဖြစ်သည်။ ဒုတိယတစ်ချက် အနေနှင့် သူကိုယ်တိုင် ဆေးလုံးဆရာ ဖြစ်သည့်အတွက် တခြားဆေးလုံးများကို အဘယ်ကြောင့် ရွေးချယ် နေမည်နည်း။ နောက်ဆုံးအနေဖြင့် အင်မော်တယ် ဆေးပင်များကို ရှာတွေ့နိုင်သည့်အတွက် သူက တစ်ခုခု ရွေးချယ်ရမည်ဆိုလျှင် အင်မော်တယ်ဆေးပင်များထက် ပို၍ အသုံးဝင်မည့်အရာကို ရွေးမိလိမ့်မည်။
မိုဝူကျီက ရတနာတိုက်ကို တစ်ပတ် လှည့်လည် မသွားရသေးခင် သူက ကြည်လင်နေသည့် ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်သည်။ ထိုအရာမှာ ကျင်းယွင်မြို့ လေလံပွဲ၌ လုကာ လေလံဆွဲခဲ့ရသည့် ထိပ်တန်း နိဗာန မီးတောက် အနှစ်သာရ ဖြစ်ပေသည်။ မိုဝူကျီကို မီးခိုး ခုနစ်ချက်ဂိုဏ်းနှင့် အထိကရုဏ်း ဖြစ်စေသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ နှမြောစရာ ကောင်းသည်က ထိပ်တန်း နိဗာန မီးတောက် အနှစ်သာရက သူ့ပညာရှင် နှလုံးသားကို အင်မော်တယ် မီးတောက် ဖြစ်လာစေရန် ကူညီမပေးနိုင်ပေ။ သို့သော်လည်း သူက ထိုကျောက်တုံးကို ယခု ထပ်တွေ့လာပြီ ဖြစ်ရာ လက်လွတ် မခံချင်ပေ။
ထိုထိပ်တန်း နိဗာန မီးတောက် အနှစ်သာရဖြင့် မိုဝူကျီက သူ့မီးတောက်မှာ အင်မော်တယ် မီးတောက်အဖြစ် အဆင့် တက်လှမ်း နိုင်လိမ့်မည်ဟု သေချာနေသည်။ သူက အခြားအရာများ မရလျှင်ပင် သူ့မီးတောက်သာ အင်မော်တယ်မီးတောက် အဖြစ် ရောက်ရှိသွားပါက တန်ပေ၏။
သူက ထိပ်တန်းနိဗာန မီးတောက် အနှစ်သာရကို ကောက်ယူတော့မည့် ဆဲဆဲတွင် မိုဝူကျီက ရိုးရှင်းကာ အကြမ်းထည်ဖြစ်သည့် လူတစ်ယောက် နောက်ကျောပြင်လောက် ကျယ်သည့် ခဲနက်ရောင် ဓားမော့တစ်ချောင်းကို တွေ့လိုက်ရသည်။ ထိုအရာ၌ သူ့လခြမ်းကွေး ပုဆိန်လှံရှည်နှင့် တူညီသော သတ်ဖြတ်ငွေ့များနှင့် ကြံ့ခိုင်မှုများ ရှိနေသည်။
ဤဓားမော့မှာ အတွေ့အကြုံ ကြွယ်ဝနေသည့် ပစ္စည်းကောင်း တစ်ခု ဖြစ်ပေသည်။ မိုဝူကျီက သူ့လခြမ်းကွေး ပုဆိန်လှံရှည် ရှိသော်လည်း မပြည့်စုံသည်က နှမြောဖို့ ကောင်းလှသည်။ ထို့အပြင် သူ့အဆင့်အတန်း အသစ်ဖြစ်သည့် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲ အနေဖြင့် သူ ယခင်က မစုံစမ်း နိုင်ခဲ့သည့် ကျိုးပျက်ကမ္ဘာ အကြောင်း ပို၍ စုံစမ်းကြည့်ရမည်။ ထိုပါရမီရှင်များနှင့် ယှဉ်လျှင် သူ့အဆင့်အတန်းမှာ ပို၍ မြင့်မားပေသည်။
ပါရမီရှင်များမှာ အလားအလာ ကောင်းသည့် ကျင့်ကြံသူမျှသာ ဖြစ်ပြီး အကယ်၍ သူတို့သာ သေမင်းနှင့် တွေ့သွားရလျှင် ပါရမီရှင် ဆက်၍ မဖြစ်နိုင်တော့ပေ။ မိုဝူကျီ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲရာထူးမှာ ရရှိသမျှအထဲ အစစ်အမှန် ဖြစ်ပေ၏။
အကယ်၍ သူက ကျိုးပျက်ကမ္ဘာ တတိယအလွှာ ဝင်ရောက်လိုလျှင် အင်မော်တယ် ပစ္စည်းကောင်းများ လိုအပ်ပြီး ဤဓားမော့မှာ အသင့်တော်ဆုံး ဖြစ်၏။
ထိုအတွေးဖြင့် မိုဝူကျီ ခဲနက်ရောင် ဓားမော့ကို ကောက်ယူလိုက်တော့သည်။ ပြင်းထန်လွန်းသည့် လူသတ်ငွေ့က မိုဝူကျီဆီ ရောက်ရှိလာလေ၏။ မိုဝူကျီက ထိုအထဲ၌ လူသတ်ငွေ့ ပြင်းထန်နေသည့် အကြောင်းအရင်းမှာ မရေတွက်နိုင်သည့် ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့၍ ဖြစ်ကြောင်း သိသည်။
မည်သို့ပင် ဆိုစေကာမူ မိုဝူကျီက ဤဓားမော့ ရရှိရန် ဆုံးဖြတ်ချက် ပြတ်သားပေ၏။
မိုဝူကျီက ရတနာတိုက်ထဲ ဝင်တာ မကြာသေးသော်လည်း ပစ္စည်းနှစ်မျိုး ရွေးချယ်ပြီး သွားလေပြီ။ သူက တတိယမြောက် တစ်ခုကို အလျင်မလိုဘဲ ရတနာတိုက် တစ်ခုလုံးကို သေချာစစ်ဆေး ကြည့်လိုက်သည်။ ထို့နောက် တစ်လက်မ အချင်းဝက်ရှိသည့် ဒိုင်းပြားတစ်ချပ်ကို ရွေးချယ်လိုက်သည်။ ထိုဒိုင်းပြားမှာ အတုနှင့် တူသော်လည်း တကယ်တော့ အဆင့် ၅ အင်မော်တယ် ပစ္စည်း ဖြစ်ပေသည်။
မိုဝူကျီက ထိုအရာကို ရွေးချယ်လိုက်သည့် အကြောင်းအရင်းမှာ ထိုအရာမှာ အဆင့် ၅ အင်မော်တယ် ပစ္စည်း ဖြစ်နေရုံသာမက တိုက်ခိုက်နိုင်သလို ကာကွယ်မှုလည်း ပေးနိုင်သည်။ မိုဝူကျီက သူ့ခန္ဓာလေ့ကျင့်ရေး နည်းစနစ်တစ်ခု အလိုရှိနေသော်လည်း ရှာမတွေ့သေးပေ။ ထို့ကြောင့် အကယ်၍ သူသာ ထိုသို့ နည်းစနစ်မျိုး ရှာမတွေ့ခဲ့လျှင် ကာကွယ်ရေး အင်မော်တယ် ပစ္စည်းကောင်း တစ်ခုခု ရှိရန် လိုအပ်ပေသည်။ ဤဒိုင်းပြားလေးက သူ့ရွေးချယ်မှု ဖြစ်၏။
မိုဝူကျီ လိုချင်သည့် ပစ္စည်းများစွာ ရှိသော်လည်း သူက ပစ္စည်း သုံးမျိုး ရွေးချယ်ပြီးသွားပြီ ဖြစ်ရာ ရတနာတိုက်မှ နောင်တ တချို့ ရင်ဝယ်ပိုက်ရင်း ထွက်လာလိုက်ရသည်။
ဤတစ်ကြိမ် သူက ပထမအထပ်သို့ ပြန်ရောက်လာသည့်အခါ တုံ့ဟွားလုံက သူ့အား ရက်အတော်ကြာသည့် အထိ စောင့်ဆိုင်းနေဆဲ ဖြစ်၏။ မိုဝူကျီ ထွက်လာသည်နှင့် တုံ့ဟွားလုံက တအံ့တဩ နှုတ်ဆက်လိုက်သည်
“အစ်ကိုကြီး စစ်ဆေးမှု ဘယ်လိုလဲ ...”
တုံ့ဟွားလုံ၏ မှန်းဆချက်အရ မိုဝူကျီက သုံးရက်အထဲမှာ နေခဲ့သည့်အတွက် အဆင့် ၁ ဆေးလုံး အကြီးအမှူး ဖြစ်နေလိမ့်မည်ဟု တွေးနေမိသည်။
မိုဝူကျီက အားရပါးရ ရယ်မောလိုက်ရင်း ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် အမှတ်အသားပြားကို ထုတ်ကာ
“ဟွားလုံ ... ငါတို့တွေ စူးခရာ အင်မော်တယ် မြို့ဟောင်းကနေ အလျင်စလို ထွက်သွားစရာ မလိုတော့ဘူး”
မိုဝူကျီက စူးခရာ အင်မော်တယ် မြို့ဟောင်းမှ ထွက်သွားလိုသည်မှာ သူ့၌ ကာကွယ်မှု မရှိ၍ ဖြစ်သည်။ ယခု သူက ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် ဖြစ်လာပြီ ဖြစ်ရာ စူးခရာ အင်မော်တယ် မြို့ဟောင်း၌ ဆေးဆိုင်ဖွင့်လျှင်ပင် မည်သူမှ သူ့အား ထိရဲတော့မည် မဟုတ်ပေ။
တုံ့ဟွားလုံက ခရမ်းရောင် အမှတ်အသားပြားကို လက်ခံ ကြည့်လိုက်သည်နှင့် ထိုအပေါ်၌ ရေးထွင်းထားသော စာလုံးများကို မြင်၍ တုန်တုန်ယင်ယင် ဖြစ်သွားကာ
“အစ်ကိုကြီးက အဆင့် ၄ ဆေးလုံးဘုရင် ဖြစ်လာပြီးတော့ ... ဂုဏ်ထူးဆောင် ... ဆောင် ... အဆင့်တောင် တကယ်ကြီးလား ...”
မိုဝူကျီက သူ့အမှတ်အသားပြားကို ပြန်သိမ်းထားလိုက်ပြီး တုံ့ဟွားလုံ ပခုံးကို ပုတ်ကာ
“တကယ်မှ တကယ်ပေါ့ ... အခု ငါက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲ ဖြစ်နေပြီ”
မိုဝူကျီစကားကို ကြား၍ တုံ့ဟွားလုံက မိုဝူကျီထက် ပို၍ တက်ကြွလာသည်။ သူ နောက်လိုက်ရန် ဆုံးဖြတ်လိုက်သည့် ကြုံရာကျပန်း အစ်ကိုကြီး တစ်ယောက်က မယုံကြည် နိုင်လောက်သည့် ပါရမီ ရှိနေလိမ့်မည်ဟု မယုံကြည်နိုင်ပေ။ ယခင် သူ မိုဝူကျီ နောက်လိုက်ခဲ့သည်မှာ မိုဝူကျီက သူ့အား ရက်ရက်ရောရောဖြင့် တန်းတူ ဆက်ဆံပေးသည့် အပြင် စူးခရာ အင်မော်တယ်မြို့ဟောင်းမှ ထွက်သွားနိုင်ရန် အခွင့်အရေး ဆောင်ယူလာပေးမည် ဆိုသောကြောင့် ဖြစ်၏။
မိုဝူကျီက ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် ဖြစ်လာလိမ့်မည်ဟု သူ့အိပ်မက်ထဲပင် မမျှော်လင့်မိဖူးပေ။ သာမန် အခြေအနေအောက်တွင် မဟာယီရှန်း အဆင့်ပင် ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင်ရှေ့၌ ရိုကျိုးရလေသည်။ သူ တုံ့ဟွားလုံက ယခင်ဘဝက ကောင်းမှုအများကြီး ပြုခဲ့၍သာ ဤသို့သော မယုံကြည် နိုင်လောက်စရာ ကောင်းသည့် မိုဝူကျီနှင့် တွေ့ဆုံရခြင်း ဖြစ်ပေလိမ့်မည်။ အစ်ကိုကြီး ပြောသည်က မှန်ကန်ပေ၏။ သူတို့ စူးခရာ အင်မော်တယ်မြို့ဟောင်းမှ ထွက်မသွားလျှင်ပင် နောင်အနာဂတ်၌ ဤနေရာ၌ ချမ်းချမ်းသာသာ နေနိုင်ပြီ မဟုတ်ပါလော။
“အကြီးအကဲမို ... တည်းခိုဆောင်မှာ မနေချင်ရင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က နေစရာ စီစဉ်ပေးပါ့မယ်။ ခင်ဗျားအတွက် သေသေချာချာ စီစဉ် ထားပေးပါ့မယ်”အသံတစ်သံက တုံ့ဟွားလုံ၏ အတွေးများကို နှောင့်ယှက်လိုက်လေ၏။
မိုဝူကျီက ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်သည်
“တာဝန်ခံကုန်းကို ကျေးဇူးတင်ပါတယ်။ ကျုပ်က အခုမြစ်ပြင် အင်မော်တယ် တည်းခိုဆောင်မှာ နေနေတာပါ ...”
မိုဝူကျီက ခဏတာ သက်ပြင်း ချလိုက်ပြီးနောက်
“တာဝန်ခံကုန်းက စူးခရာ အင်မော်တယ်မြို့ဟောင်းမှာ ကျုပ်အတွက် ဆိုင်အသေးလေး တစ်ဆိုင်လောက် ရှာပေးနိုင်ရင်တော့ ပိုအဆင်ပြေလိမ့်မယ်”
“အကြီးအကဲမိုက ဆိုင်ဖွင့်ဖို့ ရည်ရွယ် ထားတာလား”ကုန်းယီက မိုဝူကျီ၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်သည်။
မိုဝူကျီက ခေါင်းညိတ်ကာ “ဟုတ်တယ်။ ရှာမတွေ့ရင်လည်း ကိစ္စမရှိဘူး ရပါတယ် ...”
“ဝူကျီ ... ဒီလိုကိစ္စမျိုးဆို အမကို လာရှာသင့်တယ်။ မင်းက အစ်မလို သဘောမထားလို့ အစ်မကို လာမပြောတာမလား ။ စိတ်မပူနဲ့ မင်းအတွက် နေရာကောင်းကောင်းလေး သေချာရှာပေးမယ်”
ကောချီက ပြုံးရင်း လျှောက်လှမ်းလာသည်။
ကုန်းယီက နှုတ်ဆက်ပြီးနောက် ထွက်သွားရန် ပြင်လိုက်သည်။
ကောချီက ကုန်းယီကို ပြန်ခေါ်လိုက်ပြီး
“တာဝန်ခံကုန်း ရှင်က လုပ်ရည်ကိုင်ရည် ကောင်းတဲ့သူ ဆိုတော့ ကျမ ဝူကျီအတွက် ဆိုင်ရှာ ပေးပြီးသွားရင် ဝူကျီဆီ မအပ်ခင် အလုပ်ကိစ္စ သေချာစီမံပေးဦး”
“ဟုတ်ကဲ့ပါ။ စီမံခန့်ခွဲရေးမှူးကောကို ကျေးဇူးတင်ပါတယ်”ကုန်းယီက အပျော်လုံး ဆို့နေလေ၏။
မိုဝူကျီက ကောချီ၏ ဆက်ဆံရေးကို လေးစားမိ၍ သက်ပြင်း ချလိုက်မိသည်။ သူမက စကားနည်းနည်းသာ ပြောလိုက်သော်လည်း သူမက မိုဝူကျီနှင့် အချိန်အတော်ကြာ ကျွမ်းဝင်ရင်းနှီး လာသကဲ့သို့ ဆက်ဆံရေးအဖြစ် သိမ်းသွင်းနိုင်ခဲ့သည်။
“အမကောကို ကျေးဇူးတင်ပါတယ်”
မိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၌ အလုပ်လုပ်ရန် ဆုံးဖြတ်ထားသောကြောင့် ဤနေရာရှိ အကြီးအကဲများ၊ ပုဂ္ဂိုလ်များနှင့် ဆက်ဆံရေး တည်ဆောက်ရမည် ဖြစ်ပေသည်။ ကောချီက သူ့အား လာမရှာလျှင်ပင် သူက သူမနှင့် နံပါတ်တစ် ဆေးလုံးဘုရင်ဆီ အရင်ဦးဆုံး သွားတွေ့မိလိမ့်မည်။
“ကျေးဇူးတင် မနေပါနဲ့ကွယ်။ အချိန်ကျလာရင် တာဝန်ခံကုန်းက မင်းအတွက် အကုန်ပြင် ပေးထားလိမ့်မယ်။ အဲကြောင့် စိတ်မပူနဲ့ ကောင်းကောင်း အနားယူ ... ဟုတ်ပြီလား”
သူမ စကားအဆုံးတွင် ကောချီက မိုဝူကျီကို ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ခန်းမမှ လိုက်ပို့လိုက်သည်။
“အစ်ကိုကြီး ... ကျတော် အိပ်မက် မက်နေသလိုပဲ”
ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့နှင့် ခပ်လှမ်းလှမ်း ရောက်သည့်အခါ တုံ့ဟွားလုံက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
ကောချီက ဘယ်သူများလဲ … သူမက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာအဖွဲ့ခွဲ၏ စီမံခန့်ခွဲရေးမှူး ဖြစ်ကာ သူမက မိုဝူကျီရှေ့ ယဉ်ယဉ်ကျေးကျေး ပြောဆို ဆက်ဆံလေ၏။
အကယ်၍ သူမက မိုဝူကျီကို သူမအား အမဟု ခေါ်ဆိုခိုင်းလျှင် မိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ခွဲ စီမံခန့်ခွဲရေးမှူး၏ မောင်လေး ဖြစ်မသွားပေဘူးလား။
“ဘာမှ မဟုတ်သေးပါဘူး။ မင်းမှာ ကျင့်ကြံဖို့ အရင်းအမြစ် လုံလုံလောက်လောက် ရှိလာတာနဲ့ မင်းလည်း သူတို့နဲ့ အဆင့်တူ ဖြစ်လာလိမ့်မယ်”
မိုဝူကျီက တုံ့ဟွားလုံကို နှစ်သိမ့်ပေးလိုက်သည်။
ကျင့်ကြံခြင်း အရင်းအမြစ် ကိစ္စကို စုဆောင်းရမည့် အပြင် သူ ဆေးစံအိမ်တစ်ခု တည်ဆောက်ရန် အလိုရှိသည်မှာ သူ လုပ်ရန် ကတိပေးထားသည့် တျန်းဂျီဂိုဏ်း၏ အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ရန် ဖြစ်သည်။
“ဟုတ်ကဲ့ အစ်ကိုကြီး”တုံ့ဟွားလုံက မိုဝူကျီအပေါ် လုံးဝဥဿုံ ယုံကြည်လေသည်။
“ဒါနဲ့ အစ်ကိုကြီး စစ်ဆေးမှု ခံယူနေတုန်း ကိစ္စအကြီးကြီး ဖြစ်သွားသေးတယ်”
တုံ့ဟွားလုံက မိုဝူကျီ တာဝန် ပေးထားသည့် ကိစ္စကို စိတ်ထဲ မြဲမြဲ မှတ်ထားထားသည့် အတွက် သူ စူးခရာ အဖွဲ့ခွဲ၏ ခန်းမအတွင်း ရောက်နေလျှင်ပင် သတင်းစုဆောင်းခြင်းကို မရပ်တန့်နိုင်ပေ။
“ဘာတွေ ဖြစ်လို့လဲ”မိုဝူကျီက မေးလိုက်သည်။
တုံ့ဟွားလုံက အသိနိမ့်ကာ ဖြေလိုက်သည်
“လွန်ခဲ့တဲ့ နှစ်ရက်လောက်က ယုံရင် အင်မော်တယ်နယ်မြေရဲ့ ကောင်းကင် ဧကရာဇ်က နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်က နံပါတ်တစ် ပါရမီရှင် ဂူနဲ့ တိုက်ပွဲကြီး တစ်ခု ဖြစ်ခဲ့တယ်။
ကျုပ်ကြားတာတော့ တိုက်ပွဲမြေ တစ်ခုလုံး အပေါ်အောက် ပြောင်းပြန်တောင် ဖြစ်ကုန်ပြီးတော့ လူသတ်ငွေ့က မိုင်ပေါင်း တစ်သောင်းအထိ ပျံ့နှံ့လာတာတဲ့ ...”
“ဂူ ...” မိုဝူကျီက သိချင်စွာ မေးလိုက်သည်။
တုံ့ဟွားလုံက ခေါင်းညိတ်ကာ
“ဟုတ်တယ်။ နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်ရဲ့ နံပါတ်တစ် ပါရမီရှင်က ဂူလို့ ခေါ်တယ်။ သူက အင်မော်တယ် ဧကရာဇ် အဆင့်ပဲတဲ့ ကြားဖူးတယ်။ နတ်ဆိုးနယ်မြေက ကောင်းကင် ဧကရာဇ်တောင် သူ့ကို လေးစားရတယ်တဲ့ “
“အဲဆို ယုံရင် အင်မော်တယ်နယ်မြေက ကောင်းကင် ဧကရာဇ်နဲ့ ဘာလို့ တိုက်တာလဲ” မိုဝူကျီက နားမလည်သေးပေ။
တုံ့ဟွားလုံက ရယ်မောလိုက်ပြီး “ကျုပ် ရတဲ့ သတင်းတွေ အရဆိုရင် ခရမ်းရောင် ဘူးသီးခြောက် ပေါ်ထွက်လာလို့ ဧကရာဇ်အဆင့် နှစ်ယောက် တိုက်ခိုက်ကြတာတဲ့”
“ခရမ်းရောင် ဘူးသီးခြောက် ပေါ်ထွက်လာတာလား”
မိုဝူကျီက ဘူးသီးခြောက်မှာ သူ့ထာဝရ ကမ္ဘာလောကထဲ ရှိနေမှန်း သိ၏။ အကယ်၍ ဘူးသီးခြောက်က ဤနေရာတွင် ရှိနေသည်ဆိုလျှင် ဧကရာဇ်အဆင့် နှစ်ယောက်က အဘယ်ကြောင့် တိုက်ခိုက်ကြမည်နည်း။
တုံ့ဟွားလုံက အသံနိမ့်ကာ
“ကောလာဟလထဲမှာ အဲဒီဘူးသီးခြောက် အသက်မဲ့ တာအိုဂိုဏ်းရဲ့ အမွေအနှစ် ဖြစ်ပြီးတော့ အသက်မဲ့ တာအိုဂိုဏ်း သုတ်သင်ခံလိုက်ရသည့် အကြောင်းအရင်းလည်း ဟုတ်နေတယ်တဲ့။ ဘူးသီးခြောက်ထဲမှာ ဟုန်မုန့် စွမ်းအင် ပါဝင်နေတာ ဆိုတော့ လူတိုင်း လိုချင်တဲ့အရာ ဖြစ်နေကြတာ ...”
“အဲဆို ဘယ်သူက ဘူးသီးခြောက်ကို ယူသွားတာလဲ”မိုဝူကျီက အတွေးကို ခေါင်းထဲမှ မထုတ်နိုင်သောကြောင့် အံ့ဩမိနေဆဲ ဖြစ်သည်။
ဘူးသီးခြောက် နှစ်ခု ရှိနေတာလား။ ဒါမှမဟုတ် တစ်ခုက အတုများ ဖြစ်နေမလား …
အတုဖြစ်နေပါက ဧကရာဇ်အဆင့် နှစ်ယောက်ကြား တိုက်ပွဲ ဖြစ်လာနိုင်မည် မဟုတ်ပေ။
***