ဆုလာဘ်ကြီး
Vol. 37 Ch. 512
မိုဝူကျီက ရပ်ပြီး ထိုအမျိုးသမီးကို သေချာကြည့်ကာ “ကျုပ်ကို ရှာတာလား "
ဤအမျိုးသမီးက အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ လှပကြော့ရှင်း နူးညံ့ဟန် ပေါ်နေသည်။ မိုဝူကျီ၏ အမြင်အရ သူမ၏ ကျင့်ကြံဆင့်မှာ ရွမ်ရှန်း နောက်ပိုင်းအဆင့်တွင် ရှိနေကြောင်း မှန်းဆမိသည်။ အင်မော်တယ် အရှိန်အဝါများဖြင့် ပြည့်နေသောကြောင့် သူမက သူ သတ်လိုက်သည့် ဟုန်ချီထက် ပို၍ အားကောင်းမှန်း သိသာပေသည်။
ကျင်းရှန်း အလယ်အလတ် အဆင့်သို့ ရောက်ရှိပြီးသော်လည်း သူတို့သာ ထိပ်တိုက် ရင်ဆိုင်ပါက အနိုင်ရနိုင်ခြေ နည်းပါးကြောင်း သိလိုက်သည်။ သို့သော်လည်း သူသာ ကျင်းရှန်း နောက်ပိုင်းအဆင့် သို့မဟုတ် ကျင်းရှင်း ထိပ်ဆုံးအဆင့်သို့ ရောက်လာလျှင် သူက သူမနှင့် ရင်ဆိုင် တိုက်ခိုက်နိုင်ကြောင်း ယုံကြည်ချက် ရှိပေ၏။
အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးက မိုဝူကျီဆီ လျှောက်လှမ်းလာကာ အနည်းငယ် ဦးညွှတ်၍ အသာပြုံးလိုက်ကာ
“ဒီကောင်မလေး နာမည်က ရှန်းမူချင်ပါ။ ကျမက လော့လင် အင်မော်တယ်နယ်မြေက မျောလွင့်ဝတ်လွှာ အင်မော်တယ် တောင်ကြားရဲ့ တပည့် တစ်ယောက်ပါ။ အစ်ကိုယန်းရဲ့ ထူးခြားတဲ့ ကိုယ်ဟန်ကို သတိပြုမိပြီးတော့ မိတ်ဆွေ ဖွဲ့ချင်လို့ပါ။ နှောင့်ယှက်မိတဲ့ အတွက်လည်း အစ်ကိုယန်းဆီက ခွင့်လွတ်မှု တောင်းခံပါတယ်ရှင် "
မိုဝူကျီက ရှန်းမူချင်ကို အံ့ဩဟန် ကြည့်ကာ ခဏတာ ကြောင်အမ်းနေပြီးနောက် ပြန်ဖြေလိုက်သည်
"မိန်းကလေးရှန်း ... မင်း အမှားမလုပ်မိဘူး ဆိုတာ သေချာရဲ့လား။ ကျုပ်က မင်းအတွက် ဘယ်လိုများ ထူးခြားနေပါ့လိမ့် ...
ကျုပ်က သာမန် ဝိညာဉ်ကြောနဲ့ သာမန် ကျင်းရှန်းအဆင့် ကျင့်ကြံသူလေး တစ်ယောက်ပါပဲ။ ဘယ်လိုများ ထူးခြားနေမှာလဲ။
မိန်းကလေးရှန်းက ပါရမီရှင်တွေ နဲ့အတူတူ လျှောက်လှမ်းလာတာဆိုတော့ ကြယ်အဆင့် ပါရမီရှင် ဖြစ်ရမယ်။ ကျုပ်ကို လမ်းမပေါ် ကွာရှင်းခံလိုက်ရတဲ့ လူဆိုပြီး ပြက်ရယ်ပြုမလို့လား "
ဤတစ်ကြိမ်တွင် မိုဝူကျီက အတွေးလွန်နေခြင်း မဟုတ်ဘဲ တကယ် သံသယဝင်မိခြင်း ဖြစ်ပေသည်။
ရှန်းမူချင်ကဲ့သို့ လှပကြော့ရှင်း နူးညံ့လှသည့် ကြယ်အဆင့် ပါရမီရှင် တစ်ယောက်က မိုဝူကျီ ကဲ့သို့သော လူမျိုးနှင့် လမ်းမထက်၌ မိတ်ဆွေဖွဲ့ မလို့တဲ့လား …
ထို့အပြင် ပို၍ အဓိပ္ပာယ် မရှိသည်က သူမကိုသူမ ကောင်မလေးဟု သုံးနှုန်းသွားသေး၏။ အကယ်၍ ရှန်းမူချင်က သူ့အား ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် ဖြစ်နေကြောင်း သိနေပါက အဓိပ္ပာယ်ရှိသော်လည်း မိုဝူကျီက သူမအနေဖြင့် မသိကြောင်း သေချာသည်။
စကားတစ်ခွန်းတည်းဖြင့် ပြောရလျှင် ရှန်းမူချင်မှာ ချမ်းသာပြီး ပါရမီကောင်းသော မိန်းမလှလေး ဖြစ်စဉ် သူက အရှုံးသမား တစ်ယောက်သာ ဖြစ်နေသည်။
ရှန်းမူချင်က သိမ်မွေ့စွာ ပြုံးရင်း ပြောလိုက်သည်
“အစ်ကိုယန်းကို တကယ်ကြီး လေးစားမိတာပါ။ တကယ်လို့ အစ်ကိုယန်းသာ စိတ်ထဲ မထားရင် အနီးအနားက လက်ဖက်ရည်အိမ်တော်ဆီ သွားပြီး စကားစမြည် ပြောရအောင်လေ"
သူမက အပြင်လိုက်ဖို့ ဖိတ်ခေါ်နေတာလား …
မိုဝူကျီက သူ့ကိုသူ တွေးတောမိလိုက်သည်။ သူက ရှန်းမူချင်၏ ရည်ရွယ်ချက်ကို မသိသော်လည်း ဖြစ်နိုင်ပါက သူက ပြဿနာနည်း နိုင်သမျှ နည်းရန် အလိုရှိ၏။ ထို့အပြင် သူက တုံ့ဟွားလုံကို ခရမ်းရောင် ဘူးသီးခြောက် ပါဝင်နေသည့် ဖြစ်ရပ်အကြောင်း ရှာခိုင်းရန် အရေးတကြီး ကိစ္စ ရှိနေသေးသည်။
“အားနာပါတယ် ...ကျုပ်က အပစ်ခံလိုက်ရတာ ဆိုတော့ အတော်လေး စိတ်ဓာတ်ကျနေလို့ ပြန်အနားယူ ချင်နေပြီ။ အဲဒါပြီးတော့မှ မိန်းကလေးရှန်းကို ဖိတ်ခေါ်လိုက်ပါ့မယ် “မိုဝူကျီက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။
ရှန်းမူချင်၏ မျက်ဝန်း၌ စိတ်ပျက်သည့် အရိပ်အယောင် ဖြတ်ပြေးသွားသော်လည်း ဆက်ပြုံးထားကာ ပြောလိုက်သည်
“ဒီလိုဆိုမှတော့ အစ်ကိုယန်းကို မနှောင့်ယှက်တော့ပါဘူး။ ဒါနဲ့ အစ်ကိုယန်းက အခု ဘယ်မှာ နေနေတာလဲ ဆိုတာတော့ ပြောပြပေးလို့ ရတယ်မလား "
မိုဝူကျီက သူမကို မပြောရန် ရွေးချယ်လိုက်လျှင်ပင် သူမက အလွယ်တကူ သိရှိ နိုင်ပေလိမ့်မည်။ ထို့ကြောင့် သူက ပုံမှန် ပြန်ဖြေလိုက်သည်
“ကျုပ်က မြစ်ပြင် အင်မော်တယ် တည်းခိုဆောင်မှာ နေနေတာပါ။ မိန်းကလေးရှန်းကို နှုတ်ဆက်ခဲ့ပါတယ် ... "
သူမကို ဖြေကြားပြီးနောက် မိုဝူကျီက လှည့်ထွက်သွားလေသည်။ တုံ့ဟွားလုံလည်း မိုဝူကျီနောက်မှ လိုက်ပါသွားတော့သည်။ အရင်အချိန် ဆိုပါက တုံ့ဟွားလုံက သူ့အစ်ကိုကြီးသည် အဘယ်ကြောင့် ရှန်းမူချန်းကို ငြင်းပယ်လိုက်လဲ ဆိုသည့် အကြောင်းကို သိချင်မိသော်လည်း ယခုအခါ သူ့အစ်ကိုကြီး ရည်ရွယ်ချက်ကို နားလည် သဘောပေါက် သွားလေ၏။
သူ့အစ်ကိုကြီးက ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် ဖြစ်ရုံသာမက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲလည်း ဖြစ်ပေရာ ရှန်းမူချန် ကဲ့သို့သော ပမွှားလေးက မိုဝူကျီအတွက် တခြား အဓိပ္ပာယ် ရှိနိုင်မည်လား။
သူမက မိုဝူကျီ နောက်ကျောပြင်ကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း ခေါင်းခါလိုက်သည်
“တကယ်တော့ ရှင် ပြောတာ မှားနေတယ်။ မုရုန်ရှန်းယွီက ထိပ်တန်းတာအိုဂိုဏ်းရဲ့ ကျင့်စဉ်နဲ့ အတော်လေး သင့်တော်တယ် "
မိုဝူကျီက ရှန်းမူချန် သူ့အား လာရှာသည့် အကြောင်းအရင်းကို သတိပြုမိဟန်ဖြင့် တစ်ခုခုကို ရုတ်ခြည်း တွေးမိသွားသည်။
သူမက သူနှင့် တကယ်ကြီး မိတ်ဆွေ ဖြစ်ချင်တာများလား …
မိုဝူကျီ၏ ခန့်မှန်းချက်က လုံးဝ မတိကျသော်လည်း အမှန်တရားနှင့် နီးစပ်ပေသည်။ တခြားဘေးလူများက မိုဝူကျီကို စွန့်ပစ်ခံလိုက်ရသည့် သနားစရာအဖြစ် တွေးထင်ကြကာ သူကိုယ်တိုင် ခံစားနေရကြောင်း သူမအား ပြောပြခဲ့သော်လည်း ရှန်းမူချင်က သူ့ရှေ့မှ ယန်းယဲ့မှာ ထိုသို့မျိုး ခံစားမနေရကြောင်း သေချာနေသည်။ မုရုန်ရှန်းယွီက လက်ထပ် မှတ်ပုံတင် ထုတ်ကာ ကွာရှင်းဖို့ရာ ပြောစဉ် ယန်းယဲ့မျက်နှာ၌ မည်သည့် ခံစားချက်မျိုးမှ မရှိသောကြောင့် ခဏကြာသည့် အခါမှ စိတ်ဓာတ် ကျသွားဖို့ရာ မည်သို့ ဖြစ်နိင်မည်နည်း။
ယန်းယဲ့က ညစ်ပေ ရှုပ်ပွနေသော်ငြား ပါရမီရှင်များစွာနှင့် မုရုန်ရှန်းယွီအား ပိုးပန်းနေသော ဂူကျိကျန်း ကဲ့သို့သော ထိပ်တန်း ပါရမီရှင် ရှေ့တွင်ပင် သူက သိမ်ငယ်စိတ် အလျဉ်း မရှိချေ။ မုရုန်ရှန်းယွီ၏ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီးနောက် ယန်းယဲ့က သူမကို ထိပ်တန်း တာအိုဂိုဏ်း ကျင့်စဉ်နှင့် မကိုက်ညီကြောင်း သတိပေးခဲ့ဆဲ ဖြစ်ပေသည်။ ထိုအရာမှာ မုရုန်ရှန်းယွီကို အမှန်တကယ် ချစ်မြတ်နိုးသူ တစ်ယောက် ပြောနိုင်သည့် အရာမျိုး မဟုတ်ပေ။
ယန်းယဲ့ သာမန် ဖြစ်လွန်းနေသည့် အချက်အပြင် သူ့တွင် ဝိညာဉ်စွမ်းအား အရိပ်အယောင်များ မရှိသည့်အတွက် သာမညအဆင့် ဖြစ်သာ ဖြစ်လိမ့်မည်။ သူက တစ်ဖက်လူ၏ အသက်ကို အကြမ်းဖျင်း မှန်းဆနိုင်သည့် ထူးခြားသော စွမ်းဆောင်ရည် ရှိသည်။ သူမက ယန်းယဲ့၏ အသက် အတိအကျကို မပြောနိုင်သော်လည်း ယန်းယဲ့မှာ သူမထက် ငယ်ကြောင်း ခံစားမိလေ၏။
သူမထက် ငယ်သည့် ကျင့်ကြံသူ တစ်ဦးက ကျင်းရှန်းအဆင့်ထိ တက်လှမ်း နိုင်သည်တဲ့လား … သူက ဘယ်လိုလုပ် သာမည ဖြစ်နိုင်မည်နည်း။
ပို၍ အရေးကြီးသည်က ဤကျင့်ကြံသူက သာမန် ဖြစ်လွန်းနေပြီး ဝိညာဉ် စွမ်းအားမျှင်လေးပင် ရှိမနေသောကြောင့် ထူးခြားစေခြင်း ဖြစ်သည်။
ကျိုးပျက်ကမ္ဘာ တတိယအလွှာ ဝင်ရန်နှင့် ကျင့်ကြံဖို့ရာ ထွက်လာသည့် အကြောင်းအရင်းမှာ သူမက ခရီးတစ်လျှောက် ထူးချွန်သည့် သူရဲကောင်းများနှင့် ဆုံတွေ့ကာ မိတ်ဆွေ ဖွဲ့လိုသောကြောင့် ဖြစ်သည်။ သူမ ထွက်မလာခင် သူမဆရာက စာအုပ် တစ်သောင်းဖတ်ခြင်းက မိုင်တစ်သောင်း ခရီးသွားတာလောက် အကျိုးမများကြောင်း ပြောခဲ့ဖူးသည်။ တစ်ယောက်ယောက် ရှေ့တွင် ကိုယ့်ဘာသာ အထင်ကြီး မနေသင့်သလို အခြားလူ အပေါ်၌လည်း အထင်မသေးသင့်ပေ။
ပိုမို အားကောင်းလာရန် ကျင့်ကြံရုံအပြင် တခြားသူဆီမှ အကူအညီမှာလည်း တူညီစွာ အရေးပါလှသည်။ သူမက စွမ်းဆောင်ရည် ရှိသူများနှင့် မိတ်ဆွေဖွဲ့နိုင်လျှင် သူမက အနာဂတ်၌ အကူအညီ အရင်းအမြစ် တစ်ခု ရရှိလိုက်သလို ဖြစ်၏။
ထူးချွန် ထက်မြက်သည့် ပုဂ္ဂိုလ်များနှင့် မိတ်ဆွေ ဖွဲ့လိုသည်မှာ သူမ၏ ရည်ရွယ်ချက် ဖြစ်သောကြောင့် မိုဝူကျီ ကဲ့သို့သော လူမျိုးကို မည်သို့ အလွတ် ပေးနိုင်မည်နည်း။ ထို့အပြင် သူ့ကို မှားယွင်းစွာ အကဲဖြတ်မိလျှင်ရော မည်သို့ ဖြစ်လာမည်နည်း။ သူက ပါရမီရှင်များ ရှေ့တွင်ပင် တည်တည်ငြိမ်ငြိမ် ပြောနိုင်သောကြောင့် မိတ်ဆွေ ဖွဲ့ထိုက်သော သူ ဖြစ်ပေသည်။
***
သူတို့ တည်းခိုဆောင် ပြန်ရောက်လာသည်နှင့် မိုဝူကျီက တုံ့ဟွားလုံကို သိုလှောင်လက်စွပ် တစ်ကွင်းပေးကာ
“ဟွားလုံ ... ငါ အချိန် တစ်ခုလောက်အထိ တံခါးပိတ် ကျင့်ကြံလိုက်ဦးမယ်။
ဒီသိုလှောင်လက်စွပ်နဲ့ အထဲက ပစ္စည်းတွေက မင်း ကျင့်ကြံဖို့ အတွက် ... မင်း ကျင့်ကြံတာကနေ ခဏနားတဲ့ အချိန်ကျ ယုံရင် အင်မော်တယ်နယ်မြေရဲ့ ကောင်းကင် ဧကရာဇ်နဲ့ နတ်ဆိုး စန္ဒာအင်မော်တယ် ကျောင်းတော်ရဲ ဂူနဲ့ တိုက်ပွဲအကြောင်း ထပ်စုံစမ်းထားပေး ...
ပြီးတော့ ခရမ်းရောင် ဘူးသီးခြောက် အကြောင်းနဲ့ ကျိုးပျက်ကမ္ဘာ တတိယအလွှာ ဖွင့်မဲ့အကြောင်း ကိုလည်း စုံစမ်း ထားပေးပါဦး "
“ဟုတ်ကဲ့ပါ အစ်ကိုကြီး “တုံ့ဟွားလုံက မိုဝူကျီ ဆီမှ လက်စွပ်ကို စိတ်လှုပ်တရှား လက်ခံလိုက်သည်။
မိုဝူကျီ သူ့အခန်းထဲ တံခါးပိတ် ကျင့်ကြံရန် ဝင်သွားပြီးနောက် တုံ့ဟွားလုံက စိတ်စွမ်အားကို သိုလှောင်လက်စွပ်ဆီ ပို့လွှတ်လိုက်သည်။ အထဲက ပစ္စည်းများကို မြင်လိုက်သည့်အခါ ကတုန်ကယင်ပင် ဖြစ်မိသွား၏။ အထဲ၌ အဆင့်နိမ့် အင်မော်တယ်ကျောက် တစ်သန်းနှင့် အလယ်အလတ် အဆင့် အင်မော်တယ်ကျောက် သိန်းဂဏန်းနှင့်အတူ အဆင့်မြင့် အင်မော်တယ်ကျောက် နှစ်သောင်းကျော် ရှိနေသည့် အပြင် ဆေးလုံး အမျိုးမျိုးလည်း ရှိနေသည်။ သူ့အား စိတ်အလှုပ်ရှားစေဆုံး အရာမှာ မြေမှုန့် လျော့ပါးခြင်း ဆေးလုံး ဖြစ်ကာ ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူတိုင်း အတွက် အိပ်မက်ဖြစ်သည့် ရတနာတစ်မျိုး ဖြစ်သည်။
အဆင့် ၃ အင်မော်တယ် ပစ္စည်းတချို့နှင့် အဆင့် ၂ ပျံသန်းရေး ရတနာတွေကိုပါ မြင်လိုက်သည့်အခါ ခဏတာ ကြောင်အမ်းမိသွားသည်။
ဆေးလုံးဘုရင် အစ်ကိုကြီး ရှိသည်က အိပ်မက်တစ်ခုလို ဖြစ်နေသည်။ မဟုတ်လျှင် သူ တုံ့ဟွားလုံက ဤသို့ ဇိမ်ကျကျ နေနိုင်မည်နည်း။ သူ့အဖြစ်မှာ ကြက်ကန်းဆန်အိုး တိုးမိသည့် အဖြစ်နှင့် တူပေသည်။ မဟုတ်သေးပါဘူး …
သူ တုံ့ဟွားလုံက နောင်ကျ နဂါးကဲ့သို့ ကြီးမြတ်သည့်သူ ဖြစ်လာမည် ဖြစ်ရာ အဘယ်ကြောင့် ကြက်နှင့် နှိုင်းယှဉ်ရမည်နည်း။
သူက အစ်ကိုကြီး မှာကြားခဲ့သည့် ကိစ္စများကို ကြိုးကြိုးစားစားဖြင့် တာဝန်ကျေကျေ လုပ်ဆောင်ပေးရမည်။
မိုဝူကျီ၏ ကိုယ်ပိုင်ကျင့်စဉ်မှာ အရင်းအမြစ် များစွာ လိုအပ်သော်လည်း တခြားလူများ အပေါ် တွက်ကပ်နေခြင်း မရှိသလို တုံ့ဟွားလုံ အပေါ်လည်း ဆိုးရွားစွာ မဆက်ဆံဘဲ သူ့ကို ကျင့်ကြံဖို့ အရင်းအမြစ်များစွာ ပေးလိုက်သည်။ ထို့အပြင် သူက ဆေးလုံးဘုရင် ဖြစ်နေသည့် အတွက် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲ ဖြစ်နေသောကြောင့် သူ့အတွက် လစ်ဟာ လိုအပ်နေလျှင်ပင် ထိပ်တန်း ရတနာမျိုးသာ ဖြစ်လိမ့်မည်။ အဆင့်နိမ့် အင်မော်တယ် ကျောက်များနှင့် ဆေးလုံးများ မဟုတ်ပေ။
သူက သူ့အခန်းသာ ပြန်လာလိုက်ပြီး နွန်ယုံ ပေးလိုက်သည့် လက်စွပ်ကို ထုတ်ကြည့်လိုက်သည်။ ဤအရာမှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် ဗဟိုအဖွဲ့မှ ဆုလာဘ် ဖြစ်ကာ မိုဝူကျီက မနည်းလောက်ကြောင်း ခန့်မှန်းမိ၏။
ဆုလာဘ် ဖြစ်သောကြောင့် သိုလှောင်လက်စွပ်ပေါ်မှ အတားအဆီးမှ ဖြေလျော့လိုက်ရုံမျှ ဖြစ်သည်။ သူက အတားအဆီးကို ဖြေလျော့လိုက်သည်နှင့် မိုဝူကျီက အဆင့် ၅ အင်မော်တယ် ဆေးပင် နှစ်ရာကို မြင်လိုက်ရသည်။
မိုဝူကျီက ထိုအရာမှာ အလွန်သေးနုပ် မနေဘူးလားဟု တွေးတောရင်း အနည်းငယ် အံ့ဩမိသွားသည်။ အဆင့် ၅ အင်မော်တယ် ဆေးပင် နှစ်ရာမှာ စူးခရာ အဖွဲ့ခွဲမှ ပေးအပ်သည့် ဆုလာဘ်ထက် ပို၍ နည်းနေသေး၏။ သာမန်ကျင့်ကြံသူ တစ်ယောက်အတွက် အဆင့် ၅ အင်မော်တယ် ဆေးပင် နှစ်ရာမှာ ကံကောင်းမှု တစ်ခု ဖြစ်နိုင်သော်လည်း မိုဝူကျီအတွက် ဘာမှ မဟုတ်ပေ။
မိုဝူကျီက အနည်းငယ် စိတ်ပျက်မိသွားစဉ် သူက တစ်လက်မလောက် ရှည်လျားသည့် ပျံသန်းရေး လွန်းပြန်ယာဉ်နှင့် တူသော တစ်ခုကို တွေ့လိုက်ရသည်။ ပျံသန်းရေး လွန်းပြန်ယာဉ်မှာ မီးခိုးရောင် သန်းနေပြီး သိုလှောင်လက်စွပ်နှင့် ရောစပ်နေသကဲ့သို့ ဖြစ်နေသည့်အတွက် သေချာမကြည့်ပါက ထိုအရာ ရှိနေကြောင်း မပြောနိုင်ပေ။
မိုဝူကျီက လက်ကိုမြှောက်ကာ ပျံသန်းရေး လွန်းပြန်ယာဉ်ကို လက်ထဲ ကောက်ယူလိုက်သည်။ သိုလှောင်လက်စွပ်အတွင်း လှည့်ပတ်ကာ ထွက်သွားတော့မည့် အလား မှိန်ဖျော့ဖျော့ ဝိညာဉ်စွမ်းအားလေး ပေါ်လာသည်။
မိုဝူကျီက ပျံသန်းရေး လွန်းပြန်ယာဉ်ထဲ စိတ်စွမ်းအား ပို့လွှတ်လိုက်သည့်အခါ မျက်လုံးအဝိုင်းသား ဖြစ်မိသွားသည်။
ထိုအရာမှာ အဆင့် ၇ ပျံသန်းရေး အင်မော်တယ် ရတနာ ဖြစ်နေသည်။
အဆင့် ၇ ပျံသန်းရေး အင်မော်တယ် ရတနာမှာ အင်မော်တယ် ဘုရင်အဆင့်ပင် တန်ဖိုးထားရသည့် ပစ္စည်း ဖြစ်ပေရာ ကျင်းရှန်း အဆင့်လောက်တော့ ဆိုမထားလေနှင့် …
ပျံသန်းရေး ရတနာနှင့် ကာကွယ်ရေး ရတနာတို့မှာ တိုက်နိုင်သည့် မှော်ရတနာတို့ထက် ပို၍ ဈေးကောင်းသည့်အတွက် အဆင့် ၇ ပျံသန်းရေး အင်မော်တယ် ရတနာမှာ လူတိုင်း အလိုရှိကြသည့်အရာ ဖြစ်ပေ၏။
အကယ်၍ သူ အင်မော်တယ် တပိုင်းနယ်ပယ်၌ ရှိနေစဉ် အဆင့် ၇ ပျံသန်းရေး အင်မော်တယ် ရတနာ ရှိပါက အင်မော်တယ် ကူးသန်းရေး သင်္ဘောကို အပြီးသတ်ဖို့ရာ စဉ်းစားမိခဲ့မည် မဟုတ်ပေ။
မကြာခင် သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ရည်ရွယ်ချက် နှစ်ခုကို သဘောပေါက်သွားသည်။ သူ့ကို ကာကွယ်ပေးရန် ဖြစ်ပေသည်။ အဆင့် ၅ အင်မော်တယ် ဆေးပင်များကို ပေးလိုက်ခြင်းက အဆင့် ၅ ဆေးလုံး ဘုရင်အဆင့် တက်လှမ်းနိုင်ရန် ဖြစ်ပြီး ပျံသန်းရေး လွန်းပြန်ယာဉ်မှာ သူ့အား အန္တရာယ်ကြားမှ လွတ်မြောက် နိုင်စေရန် ဖြစ်သည်။
ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို ဝင်လိုက်သည်က မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ပေ၏။ အကြောင်းမှာ ဤအဆင့် ၇ ပျံသန်းရေး အင်မော်တယ် ရတနာ တစ်ခုတည်းဖြင့် တန်နေလေပြီ။
မိုဝူကျီက ရှန့်ယွီ ပေးလိုက်သော လက်စွပ်ကို ထုတ်ကြည့်လိုက်သည်။ အထဲတွင် စူးခရာ အဖွဲ့ခွဲ၏ အကြီးအကဲ အမှတ်အသားပြား ပါရှိသည့်အပြင် အဆင့် ၅ အင်မော်တယ် ဆေးပင် အပုံလိုက်နှင့် အဆင့် ၆ အင်မော်တယ်ဆေးပင် များပင် ဆယ်ဂဏန်းလောက် ပါရှိသေးသည်။
မိုဝူကျီကို စိတ်အကျေနပ်ဆုံး အရာမှာ ရှေးဟောင်းစာအုပ် တစ်အုပ် ဖြစ်ပေသည်။ မိုဝူကျီက ရှေးဟောင်းစာအုပ်ကို လှန်ကြည့်လိုက်သည်နှင့် ရှန့်ယွီကို ပို၍ လေးစားမိသွားသည်။ ဒုခေါင်းဆောင်က သူ လိုအပ်နေသည့် အရာကို ကွက်တိပေးလိုက်ခြင်း ဖြစ်ပေသည်။
ဆေးဖော်စပ်နည်းများ ပါဝင်သော စာအုပ်ဖြစ်ကာ ထိုရှေးဟောင်းစာအုပ်ကို အကြမ်းဖျင်း ကြည့်ရှုပြီးနောက် မိုဝူကျီက အဆင့် ၁ မှ အဆင့် ၇ ဆေးလုံး အထိ စီစဉ်ထားသော ဆေးဖော်စပ်နည်းများ ပါဝင်ကြောင်း သိလိုက်သည်။ အထီးကျန် ကျီဆေးလုံး ကဲ့သို့သော ဆေးဖော်စပ်နည်းမျိုး တချို့မှာ မပါရှိသော်လည်း မြင်တွေ့နေကျ ဆေးလုံးများ၏ ဆေးဖော်စပ်နည်း များတော့ ပါရှိပေသည်။
သူ့အား အဖိုးတန်ပစ္စည်းများစွာ ပေးပြီးနောက် သူ့အား ရတနာတိုက်မှ ပစ္စည်းသုံးမျိုးပင် ပေးသေးသည့် အတွက် နောင်အနာဂတ်၌ ရှန့်ယွီ တောင်းဆိုလာမည့် တောင်းဆိုချက်များကို မိုဝူကျီအတွက် ငြင်းပယ်ရန် အကြောင်းပြချက် မရှိတော့ပေ။ မည်သို့ပင် ဆိုစေကာမူ သူက ရှန့်ယွီဆီမှ အခွင့်အရေး အကြီးကြီး ရထားခြင်း ဖြစ်သည်။
ပစ္စည်းများကို သူ့သိုလှောင်လက်စွပ် အတွင်း စနစ်တကျ သိမ်းဆည်းပြီးနောက် မိုဝူကျီက ပျံသန်းရေး လွန်းပြန်ယာဉ်ကို မွမ်းမံ သန့်စင်လိုက်သည်။ အကယ်၍ သူ့ပျံသန်းရေး လွန်းပြန်ယာဉ်ကို မမွမ်းမံလိုက်လျှင် သူက အဆင့် ၅ အင်မော်တယ် ဆေးလုံးကို ဖော်စပ်ချင်မည့် စိတ်အခြေအနေ ဖြစ်လာမည် မဟုတ်ချေ။
***