← Chapters

အာဒိကပ္ပ‌လောကသည် ရှုပ်ထွေးလွန်းပြီး တာအိုလမ်းစဉ်သည် အတားအဆီး၊ အခက်အခဲများသည်

Vol. 13 Ch. 169

အာဒိကပ္ပ‌လောကသည် ရှုပ်ထွေးလွန်းပြီး တာအိုလမ်းစဉ်သည် အတားအဆီး၊ အခက်အခဲများသည်

Vol. 13 Ch. 169

အကယ်၍ ဆရာကျောက်သာ သူ့ကိုဆက်၍အပူကပ်နေလျှင် ကိစ္စများကို ကိုင်တွယ်ရန် လွယ်ကူမည်မဟုတ်ပေ။

ထိုကိစ္စအသေးလေးသည် ကျဲကျောင်းတော်နှင့် တာအိုဂိုဏ်းများကိုပင် လမ်းလွဲသွားစေနိုင်လေသည်။ အကယ်၍ ကျောက်ကုန်းမင်သာ နတ်ဘုရားဘွဲ့စစ်ပွဲကြီးတွင် ကောင်းကင်ဧကရာဇ်ဆယ်ပါးကို ကူညီပေးပြီး ကွမ်းချန်စစ်၊ ချီကျင်းစစ်နှင့် ကောင်းကင်အရှင်တို့ကို အနိုင်ယူကာ ဖမ်းချုပ်၍ အကြွင်းမဲ့ဆက်စပ်မန္တန်အစီအရင်အတွင်းသို့ ပစ်ထည့်ခဲ့လျှင်...

‘ ဝေါ့... ခင်ဗျားတို့ တော်တော်ရက်စက်တာပဲ။ ကျောင်းတော်သုံးကျောင်းက မိသားစုတစ်စုပဲ။ ကျုပ်က ခင်ဗျားတို့ကို ငဲ့ညှာခဲ့ပေမယ့် ခင်ဗျားတို့က ကျုပ်ကိုသတ်ချင်နေတာပဲ... ’

‘ ဒီဒဏ်ရာ ပြန်ပျောက်ဖို့ နှစ်ပေါင်းသိန်းချီကြတော့မှာပဲ။ လာလိုက်ခဲ့... ကျုပ်နဲ့အတူ ဗလာနတ္ထိကျောက်စိမ်းနန်းတော်ကိုသွားပြီး ဒုတိယဆရာဦးလေးကို သွားရှာမယ် ’

‘ ပြီးရင် ချုံးရှောင်က ဘေးကနေ ငိုယိုပြီး ကူညီပေးလိမ့်မယ်... ’

‘ အဲ့လိုဆိုရင် ရှုပ်ထွေးမကုန်ဘူးလား ’

လီချန်ရှို့သည် သူ၏နဖူးကိုကိုင်၍ ခပ်တိုးတိုးညီးတွားလိုက်သည်။

တော်‌သေးသည်မှာ နတ်ဘုရားဘွဲ့ကိစ္စများကို မပြင်ဆင်ရသေးခြင်းပင်။ တန်ခိုးရှင်သည် နတ်ဘုရားဘွဲ့ခန့်အပ်လွှာကို အတည်ပြုကာ ချိပ်မပိတ်ရသေးပေ။ ထို့ကြောင့် သူသည် ကြမ္မာနှောင်ကြိုးများ ငြိတွယ်ခဲ့ပြီဟု မဆိုနိုင်သေးပေ။

ထိုကိစ္စကို မည်သို့လုပ်ရမည်နည်း။

အာဒိကပ္ပလောကသည် ကြီးမားသော်လည်း တန်ခိုးရှင်သာ မကူညီပေးလျှင် ကျောက်ကုန်းမင်နှင့် ချုံးရှောင်တို့ကို မည်သူကထိန်းချုပ်နိုင်မည်နည်း။

ကျဲကျောင်းတော်တွင် အပြောင်းအလဲများ ရှိနေပြီးဖြစ်သည်။ သူသည် ချန်ကျောင်းတော်မှ ထိပ်သီးများကို သွား၍ ကူညီရမည်လော။

ထိုအရာသည် ဟာသသာဖြစ်သည်။ သူသည် ထိုကိစ္စများတွင် ဝင်ပါမည်မဟုတ်ပေ။ သူသည် မည်သို့ဝင်ပါဝံ့မည်နည်း။

‘ ဒါပေမဲ့ ဆရာကျောက်က... ’

‘ ငါသူနဲ့လည်း ရန်သူဖြစ်လာလို့မရဘူး... နက်ရှိုင်းတဲ့ဆက်ဆံရေးရှိလာလို့လည်း မရဘူး။ ချုံးရှောင်နဲ့ဆို ပိုဆိုးပေါ့။ သူတို့က သစ္စာရှိပြီး ခင်မင်မှုကိုတန်ဖိုးထားတယ်ဆိုပေမယ့် သူတို့က တန်ခိုးရှင်ကို ဆန့်ကျင်ပြီးတောင် ရက်ရက်စက်စက်လုပ်ရဲတော့ ကုသိုလ်မရှိဘူးဖြစ်နေသေးတယ် ’

လီချန်ရှို့ ခါးသက်သက်ပြုံးလိုက်သည်။ သူသည် ရင်ထဲတွင် ‘ဒေါင်’ ဟူသောအသံကို လုပ်လိုက်ပြီး သူ၏ကိုယ်ပိုင်နောက်ခံစကားကို ထည့်လိုက်သည်။

‘ ကျွန်တော် ရှောင်နတ်သမီးသုံးပါးကို ကယ်တင်မယ့် တာဝန်ကို ပြောပြလို့ရမလားခင်ဗျာ။ အဲ့တာဝန်ရဲ့ ဆုလာဘ်တွေကတော့ ရွှေဖလား၊ ရွှေရောင်ရေနဂါးကပ်ကြေးနဲ့ ချုံးရှောင်ရဲ့အရေးပေးမှုကို ခံရမှာတို့ပါပဲ။ အဲ့တာဝန်ကို ကျရှုံးရင် ခံရမယ့်အပြစ်ဒဏ်ကတော့ သေခြင်းတရားပါပဲ... ထမ်းဆောင်ချင်ပါသလား ’

‘ ဟင့်အင်းအကြိမ်တစ်သောင်းပါ... ကျေးဇူးတင်ပါတယ် ’

‘ ဟူး.... ’

ကျောက်စိမ်းဧကရာဇ်၏အမိန့်တော့်သည် မည်သည့်အခါမှ ပြီးဆုံးမည်ကို သူမသိပေ။ ထိုအခိုက်တွင် ကောင်းကင်ဘုံခုံရုံးတွင် တရားဝင်နတ်မင်းအင်အားနည်းနေသဖြင့် သူတို့၏စွမ်းဆောင်နိုင်စွမ်းသည် လွန်စွာနှေးကွေးနေလေသည်။

ထိုအမိန့်တော်နှင့်သာဆိုလျှင် လီချန်ရှို့ ကောင်းကင်တာအို၏ ခွင့်ပြုမှုကိုရရှိကာ တရားဝင်ပင်လယ်စောင့်နတ်မင်းဖြစ်လာနိုင်ပေသည်။

တောင်သမုဒ္ဒရာ၏ပင်လယ်စောင့်နတ်မင်းသည် တရားဝင်နတ်မင်းတစ်ပါးဖြစ်သင့်လေသည်။ ထိုအရာသည် အနာဂတ်တွင်ဖြစ်ပေါ်လာမည့် နတ်ဘုရားဘွဲ့စစ်ပွဲကြီးတွင် လီချန်ရှို့ အသက်ကယ်ဝှက်ဖဲအဖြစ်သုံးရမည့် အရာဖြစ်သည်။

သူသည် လေထဲတွင်ပါ‌လာသော ထူးဆန်းသည့် ရွတ်ဖတ်သံများကို ကြားလိုက်ရသည်။

“ ကောင်းကင်နှင့်မြေကြီးရဲ့ စည်းမျဉ်းတွေက ကောင်းမှုအပေါ်မှာ အခြေခံထားခြင်းဖြစ်သည်...”

ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲတွင် အာကာသနတ်မင်းအချို့သည် ရေကန်အလယ်တွင်ထိုင်ကာ ကျောင်းတော်သုံးကျောင်း၏ကြီးမြတ်သည့်တာအိုတရားကို တစ်လှည့်စီရှင်းပြနေကြသည်။

လီချန်ရှို့သည် ထိုရှင်းပြမှုများကို နားမထောင်ဝံ့ပေ။ အကယ်၍ သူသာဉာဏ်အလင်းပွင့်သွားလျှင် ကောင်းမည်မဟုတ်ပေ။

ကြည့်ရသည်မှာ ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသည် အချိန်အတော်ကြာဦးမည့်ပုံပေါ်လေသည်။

နောက်ဆုံးလက်ကျန် လှောင်ချိုင့်နှစ်ခုကို လီချန်ရှို့ ဖျက်ဆီးပစ်လိုက်သဖြင့် ဖာရာဒေးလှောင်ချိုင့်နှင့် ပတ်သတ်သောကိစ္စသည် ပြီးဆုံးသွားခဲ့လေသည်။

သို့သော် လီချန်ရှို့သည် သူ၏အလုပ်ကို မရပ်တန့်လိုက်ပေ။

ကျောက်ကုန်းမင်နှင့် ချုံးရှောင်တို့ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းမှ ထွက်ခွာသွားပြီးနောက် လီချန်ရှို့သည် ဂိုဏ်းချုပ်ကျိဝူယိုထံသို့သွား၍ ကျေးဇူးတင်စကားပြောလိုက်ပြီး အကြီးအကဲယွင်ကျုံးစစ်သည် ပုလင်းအတွင်း၌ သူ့ကိုလက်ဆောင်များစွာပေးခဲ့ပြီးဖြစ်ကြောင်း ရှင်းပြလိုက်သည်။ ဂိုဏ်းချုပ်ကျိဝူယိုသည် သူ၏ရတနားများကို လိုချင်မည်မဟုတ်ပေ။ သို့သော် သူသည် အတော်လေးအားကျတတ်သည့်စိတ်ရှိလေသည်။

ကျိဝူယိုသည် ချောင်းဟန့်ကာ ထိုရတနာများသည် ပြင်ပပစ္စည်းများသာဖြစ်ကြောင်း လီချန်ရှို့ကို သတိပေးရန် မမေ့ခဲ့ပေ။ ကျင့်ကြံခြင်းသည်သာ အခြေခံဖြစ်ပေသည်။

လီချန်ရှို့ အထပ်ထပ်အခါခါ သဘောတူလိုက်သည်။

အကြီးအကဲယွင်ကျုံးစစ်က သူ့ကိုပေးခဲ့သော နတ်ဘုရားရတနာများထဲတွင် နတ်ဝတ်ရုံနှင့် နတ်ဖိနပ်တို့ကဲ့သို့ ခုခံရေးအမျိုးအစား နတ်ဘုရားရတနာများလည်းပါဝင်ပေသည်။ ထို့ပြင် ကျောက်စိမ်းပြားများ၊ လည်ဆွဲများနှင့် အခြားလက်ဝတ်တန်ဆာများလည်း ပါဝင်လေသည်။ ၎င်းတို့အားလုံးသည် အမျိုးသားဝတ်ပုံစံများဖြစ်ပေသည်။

၎င်းတို့ထဲမှတစ်ခုသည် နတ်ဘုရားရတနာအဆင့် ကျောက်စိမ်းစုပ်တံ၏ပုံတူပွားဖြစ်ပေသည်။ ၎င်း၏စွမ်းအားသည် မဆိုးပေ။ ၎င်းသည် လီချန်ရှို့၏ အဓိကတိုက်ခိုက်ရေးစွမ်းရည်ဖြစ်သော သုတ္တန်ရေးသားစွမ်းရည်ကို မြှင့်တင်ပေးနိုင်စွမ်းရှိပြီး ထိုသုတ္တန်များကို စည်းမျဉ်းများအဖြစ် ပြောင်းလဲပေးနိုင်လေသည်။

လီချန်ရှို့သည် ထိုစုပ်တံကို အတော်လေးသဘောကျနေပြီး “ အဓိကလက်နက် ”အဖြစ် အသုံးချခဲ့သည်။

ယွင်ကျုံးစစ်ထံမှ ပစ္စည်းများသည် အရည်အသွေးလွန်စွာကောင်းပေသည်။

အမြုတေရတနာဟု ယူဆနိုင်သော ရတနာသည် လူများကိုစုပ်ယူနိုင်ပြီး မိစ္ဆာများကို ဖိနှိပ်နိုင်သည့် ဘုံကျောင်းအ‌သေးလေးတစ်ခုဖြစ်လေသည်။ ၎င်းကို အုတ်ခဲတစ်လုံးအနေဖြင့် အသုံးချ၍ လူများကို ထုနှက်နိုင်လေသည်။

လီချန်ရှို့သည် ထိုအကြောင်းကို တွေးလိုက်သည်။ စက္ကူကိုယ်ပွားကို အမြုတေရတနာတစ်ခုကို ပေးထားရန် စောပေသေးသည်။

သူ့တွင် အမြုတေရတနာများ များစွာရှိလာသောအခါမှသာ စက္ကူကိုယ်ပွားများကို အနည်းငယ်ခွဲဝေပေးလျှင်လည်း နောက်ကျမည်မဟုတ်ပေ။

“ ဝမ်းကွဲအစ်ကို... ညီမဖတ်ပြီးသွားပါပြီ ”

ဖျာကြီးပေါ်တွင် တရားထိုင်နေသော ရှုံးလင်လိသည် ရိုကျိုးစွာပြန်ဖြေလိုက်ပြီး ဝါးပေလိပ်ကို လီချန်ရှို့ကို ပြန်ပေးလိုက်သည်။

လီချန်ရှို့ ပြုံးလိုက်ပြီး ရှုံးလင်လိအား သူမ၏စာလောင်မှုကို ဖြေဖျောက်နိုင်ရန် ဆေးလုံးတစ်လုံးပေးလိုက်သည်။ ထို့နောက် သူပြောလိုက်သည်။

“ စိတ်ရှည်ပါ... ဒီတွေ့ဆုံပွဲပြီးသွားရင် ငါ မင်းကို အစားကောင်းစားခိုင်းပါမယ် ”

“ ရပါတယ် ဝမ်းကွဲအစ်ကို။ ညီမ ဗိုက်မစာပါဘူး ”

ရှုံးလင်လိသည် သူမပါးစပ်ထဲသို့ ဆေးလုံးကိုထည့်လိုက်ကာ အားနည်းစွာပြောလိုက်သည်။ သူမသည် သမ်းဝေနေလေသည်။

မကြာမီတွင် မိုးချုန်းသံကဲ့သို့ ဟောက်သံကြီးကို ထပ်မံကြားလိုက်ရလေတော့သည်။

ဘေးတွင် တရားထိုင်နေသော ကျိုးဝူသည် ထိုဆူညံသံကြောင့် နိုးထလာသည်။ သူသည် ချန်ရှို့ထံသို့ အသံပို့လွှတ်လိုက်၏။

“ ချန်ရှို့... ငါ အရင်က မင်းကိုမမေးခဲ့ဖူးဘူး။ မင်း တာအိုလက်တွဲဖော်ထားဖို့ စဉ်းစားဖူးလား ”

လီချန်ရှို့ တည်ငြိမ်စွာပြန်ပြောလိုက်သည်။

“ ကျွန်တော်က တာအိုတရားကိုပဲ စိတ်ဝင်စားတာပါ။ တာအိုလက်တွဲဖော်ထားဖို့ စိတ်မဝင်စားပါဘူး။ ဆရာဦးလေး... ဆရာဦးလေး ကာမအားတိုးဆေးကို သုံးပြီးတော့ ဆရာဒေါ်‌လေးကျိုးရှစ်နဲ့ ဆက်ဆံရေးကဘယ်လိုဖြစ်သွားလဲ ”

“ ငါတို့ အဆင်ပြေနေပါတယ်... မဆိုးပါဘူး ”

ကျိုးဝူ ရယ်လိုက်သည်။

“ တာအိုလက်တွဲဖော်ထားတာက ခါးမှာ ဒဏ်နည်းနည်းဖြစ်တာကလွဲပြီး တခြားဘာမကောင်းတာရှိလို့လဲ ”

သူဆက်ပြောလိုက်၏။

“ မင်းအခက်အခဲနဲ့ကြုံနေတဲ့အချိန်၊ ကျင့်ကြံနေတဲ့အချိန်တွေမှာ မင်းဘေးက မင်းကိုအားပေးမယ့်သူရှိတာပေါ့ကွ။ မင်း အမတလမ်းစဉ်က အထီးကျန်တယ်လို့ ခံစားရတဲ့အချိန်မှာ မင်းကိုဂရုစိုက်ပေးမယ့် တစ်ယောက်ယောက် ရှိနေမှာပေါ့ ”

“ အမတလမ်းစဉ်မှာ လက်တွဲဖော်ကောင်းတစ်ဦးရှိနေတာ မကောင်းဘူးလား ”

လီချန်ရှို့ ပြုံး၍ ပြောလိုက်၏။

“ ကျွန်တော် အမတလမ်းစဉ်မှာ ငြိမ်းချမ်းမှုရခဲ့ရင် တာအိုတရားကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့ရင် ကျွန်တော် အဲ့ကိစ္စကို စဉ်းစားပါမယ်။ ကျွန်တော့်ရှေ့ကလမ်းက ရှည်လျားတဲ့လမ်းပါ။ ကျွန်တော့်တစ်ဘဝလုံးစာ ဘယ်သူနဲ့ကုန်ဆုံးမလဲဆိုတာကို စဉ်းစားဖို့ အချိန်တွေအများကြီး ရှိပါသေးတယ် ”

“ အဲ့အချိန်ကျရင် မင်းဘေးမှာ ဘယ်သူမှ မရှိတော့မှာ ငါစိုးရိမ်မိတယ် ”

ကျိုးဝူသည် မကြည်မသာဖြင့် သူ့ကို ဖျောင်းဖျရန် ကြိုးစားနေသည်။

“ ချီကျင့်ကြံသူတိုင်းက ထာဝရရှင်သန်နိုင်ဖို့ မျှော်မှန်းကြတာပဲ။ ဒါပေမဲ့ ထာဝရရှင်သန်မှုကို ဘယ်လိုလုပ် အလွယ်တကူရမှာလဲ ”

“ ချီကျင့်ကြံသူ တစ်သောင်းမှာ တစ်ယောက်တောင် ထာဝရရှင်သန်မှုကို မရနိုင်ဘူး ”

လီချန်ရှို့ ခပ်ဖွဖွ ရယ်မောလိုက်သည်။ သူသည် ဘေးသို့လှည့်၍ သူ့ဆရာဦးလေးကျိုးဝူကို ကျင့်ကြံခြင်းတွင် အချိန်ပိုသုံးရန် ဖျောင်းဖျရန်ဟန်ပြင်လိုက်စဉ်တွင် သူရင်ခုန်သွား၏။

‘ ဒီနေ့ဘာတွေဖြစ်နေတာလဲ ’

‘ ခုနကတင် ကျောက်ကုန်းမင်နဲ့ ချုံးရှောင်တို့ ပြန်သွားတာလေ.. အခု စစ်သူကြီးတုံမုထပ်ရောက်လာပြန်ပြီလား ’

လီချန်ရှို့သည် ကျိုးဝူကို ပြောလိုက်သည်။

“ ကျွန်တော် အရင်ဆုံး ကျင့်ကြံလိုက်ပါဦးမယ် ”

သူသည် သူ၏အာရုံကို စက္ကူကိုယ်ပွားတာအိုရသေ့အိုကြီးထံပို့လိုက်သည်။

‘ ဒီနေ့ စစ်သူကြီးတုံမုကို ကြည့်ရတာ သိပ်မမူမှန်သလိုပဲ ’

ကောင်းကင်ဘုံခုံရုံးတွင် အရေးပါသူဖြစ်သည့် ထိုစစ်သူကြီးသည် မျက်လုံးများမှိုင်းဝေနေပြီး ခြေလှမ်းများ အားပျော့နေလေသည်။ စစ်သူကြီးတုံမုသည် လီချန်ရှို့၏စက္ကူကိုယ်ပွားကို မြင်လိုက်သောအခါ မနှုတ်ဆက်လိုက်သလို၊ ရတနာပန်းချီကားကိုလည်း မထုတ်ယူလိုက်ပေ။ ထိုအစား သူသည် လက်နှစ်ဖက်ဆုပ်ပြကာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် ကျောက်စိမ်းဧကရာဇ်၏ အမိန့်ကို စတင်ပြောပြလိုက်သည်။

အမိန့်သည် အတော်လေးရိုးရှင်းပေသည်။ ထိုအမိန့်ပါအကြောင်းများသည် လီချန်ရှို့ကို ဆုချရန်နှင့် နဂါးမျိုးနွယ် ကောင်းကင်ဘုံသို့ဝင်မည်ကိစ္စကို လီချန်ရှို့ကို တာဝန်ပေးခြင်းဖြစ်သည်။

ဤအကြိမ်တွင် စစ်သူကြီးတုံမုယူဆောင်လာသော ဆုလာဘ်များသည် လွန်စွာရက်ရောပေသည်။ ၎င်းတို့သည် အဖိုးတန်ပစ္စည်းများ၊ ဝိညာဉ်ဆေးလုံးများ၊ နတ်ဆေးပင်များ၊ နတ်သစ်သီးများနှင့် အဖိုးတန်သောပိုးသားအစအချို့ဖြစ်လေသည်။ ထိုပိုသားအစများကို သူ၏ကောက်ရိုးတဲနှင့် မြေအောက်ခန်းတွင် အလှဆင်နိုင်ပေသည်။

စက္ကူကိုယ်ပွားသည် ဘုံကိုးဆင့်ကောင်းကင်နန်းတော်ကို လှမ်း၍အရိုအသေပေးလိုက်ပြီး ဆုလာဘ်များအတွက် ကျောက်စိမ်းဧကရာဇ်ကို ကျေးဇူးတင်လိုက်လေသည်။ ထို့နောက် သူသည် ရတနာအိတ်နှစ်အိတ်ကိုထုတ်ကာ စစ်သူကြီးတုံမုကို ကမ်းပေးလိုက်သည်။

စစ်သူကြီးတုံမုသည် လက်ခါပြလိုက်သည်။ ဤအကြိမ်တွင် သူသည် လောကွတ်စကားများမဆိုခဲ့ပေ။ သူသည် သက်ပြင်းသာချနေလေသည်။

“ စစ်သူကြီးတုံမု... ဘာကိစ္စများရှိလို့လဲ ”

“ ကျုပ်..ကျုပ်... ”

“ ကျုပ်ပြောလို့မရဘူး ”

စစ်သူကြီးတုံမုသည် ထုတ်မပြောနိုင်ဖြစ်နေသည်။ သူသည် ခေါင်းမော့၍သာ သက်ပြင်းခပ်ဖွဖွချလိုက်သည်။

စက္ကူကိုယ်ပွားက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ စစ်သူကြီးက တာအိုကျိန်စာဆိုထားလို့လား ”

“ အာ... ”

စစ်သူကြီးတုံမုသည် ခေါင်းခါလိုက်ပြီး ဘေးရှိ သစ်သားခုံပေါ်တွင် ထိုင်လိုက်လေသည်။ သူသည် ခေါင်းမော့၍ သက်ပြင်းချလိုက်သည်။

“ ကျုပ်က သူရဲကောင်းတစ်ယောက်... ကျုပ်ကသူရဲကောင်းတစ်ယောက် ”

စက္ကူကိုယ်ပွား နှုတ်ခမ်းမဲ့သွား၏။ သူ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ စစ်သူကြီးတုံမု... စစ်သူကြီးဘာမှ ပြောစရာမလိုပါဘူး။ ကျွန်တော်ပြောတာမှန်ရင် ဘာမှလည်းမပြောပါနဲ့၊ လှုပ်လည်းမလှုပ်ပါနဲ့။ စစ်သူကြီးတုံမု... စစ်သူကြီး ဒီလိုလာတဲ့လမ်းမှာ ပညာရှင်နှစ်ယောက်နဲ့ တွေ့ခဲ့တာလား ”

စစ်သူကြီးတုံမုသည် မလှုပ်မယှက်ထိုင်နေသည်။

စက္ကူကိုယ်ပွားသည် လက်မြှောက်၍ သူ၏မျက်ခုံးမွေးများကို ပွတ်လိုက်သည်။ လီချန်ရှို့၏ရင်ထဲတွင် ပုံရိပ်အချို့ ပေါ်လာ၏။

ဂုဏ်ယူဝင့်ကြွားနေသော စစ်သူကြီးတုံမုသည် အစားအသောက်များစားကာ သီချင်းဆိုနေ၏။ သူသည် လက်ဝါးစောင်းတစ်ချက်ဖြင့် သတိလစ်သွား၏။ သူနိုးလာသောအခါ သူ့အဝတ်အစားများသည် ရှုပ်ပွနေလေသည်...

‘ အာ... ဇာတ်ညွှန်းက အဲ့လိုမဟုတ်ဘူး... ’

စက္ကူကိုယ်ပွားသည် ထရပ်လိုက်ပြီး ရှေ့နောက်လူးလားခေါက်ပြန်လျှောက်နေလေသည်။

“ စစ်သူကြီးကို တိုက်ခိုက်ခဲ့တဲ့သူတွေနဲ့ စစ်သူကြီးက ရန်ငြိုးရန်စရှိလား ”

“ ဘာရန်ငြိုးရန်စမှ မရှိပါဘူး ”

စစ်သူကြီးတုံမုသည် ခါးသက်သက်ပြုံးလိုက်သည်။

“ ကျုပ် ဒီကိစ္စကို ပြောလို့မရဘူး။ သူတို့က ငါ့ကိုတိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး... ဒါပေမဲ့.. ဒါပေမဲ့... အာဒိကပ္ပလောကကြီး ဘယ်တုန်းက ဒီလိုဖြစ်လာတာလဲ။ ငါ အဲ့အဘိုးကြီးကို ထိတောင်မထိရသေးပါဘူး.. သူ့ဘာသာ လဲကျသွားတာပါ။ သူ့ဘာသာလဲကျ... ”

ဂျိမ်း...ဂျိမ်း...

ကောင်းကင်ထက်တွင် မိုးချုန်းသံခပ်အုပ်အုပ်များ ထွက်ပေါ်လာသည်။ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတည်ရှိရာ လမ်းထဲတွင်လည်း လူများ၏ အော်သံများနှင့် ပြည့်နှက်နေသည်။

“ မိုးရွာတော့မှာဆိုရင် အဝတ်တွေရုတ်ဦးမှ... ”

“ မိုးရွာတဲ့နေ့ဆိုရင်တော့ အသီးအရွက်တွေ ဈေးကောင်းရတော့မှာ မဟုတ်ဘူး ”

စစ်သူကြီးတုံမုသည် သူ့ပါးစပ်ကို အလျင်အမြန်ပိတ်လိုက်ရလေသည်။ သူ့ခေါင်းထက်ရှိ မိုးချုန်းသံခပ်အုပ်အုပ်လည်း ပျောက်ကွယ်သွားသည်။

လီချန်ရှို့သည် သူပြောမည့်စကားများကို သေချာတွေးတောလိုက်ပြီး စက္ကူကိုယ်ပွားကို ပြောစေလိုက်သည်။

“ စစ်သူကြီးတုံမု အဲ့လူနှစ်ယောက်ကို သိပါသလား ”

“ ကျုပ် ဘယ်လိုလုပ် သူတို့ကို သိမှာလဲ။ သူတို့က သူတို့ရဲ့ရုပ်အစစ်အမှန်နဲ့မှ မဟုတ်တာ ”

စစ်သူကြီးတုံမုသည် သက်ပြင်းရှည်ကြီးတစ်ချက်မှုတ်ထုတ်လိုက်သည်။

“ ကျုပ်ဆက်ပြောလို့မရဘူး။ ကျုပ်ဆက်ပြောရင် တာအိုကျိန်စာက ကျုပ်ဆီရောက်လာလိမ့်မယ်။ မိတ်ဆွေ... မိတ်ဆွေလည်း အပြင်သွားတဲ့အခါ ဂရုစိုက်ပါ။ အာဒိကပ္ပလောက,က ရှုပ်ထွေးလွန်းတယ်။ အခက်အခဲတွေ၊ အတားအဆီးတွေလည်းများတယ်။ ကျုပ် ကောင်းကင်ဘုံကို ပြန်သွား‌တော့မယ် ”

လီချန်ရှို့ ဆွံ့အသွား၏။

ကံအားလျော်စွာပင် စစ်သူကြီးတုံမုသည် ထိုနှစ်ဦး မည်သူမည်ဝါဖြစ်သည်ကို မသိခဲ့ပေ။ ကံအားလျော်စွာပင် သူတို့သည်လည်း စစ်သူကြီးတုံမုကို မတိုက်ခိုက်ခဲ့ပေ။

မဟုတ်လျှင် စစ်သူကြီးတုံမုသည် ကျောက်စိမ်းဧကရာဇ်ထံသွား၍ တင်ပြပေလိမ့်မည်။ ထိုအခါ ကျောက်စိမ်းဧကရာဇ်သည် ဒေါသထွက်ပြီး တာအိုဘိုးဘေးအိုကြီးဆီသို့သွား၍ အပြစ်တင်ပေလိမ့်မည်။ ထို့သို့သာဆိုလျှင် နတ်ဘုရားဘွဲ့စစ်ပွဲကြီး ဖြစ်ပေါ်လာမည်မဟုတ်ပေလော။

‘ ဒီ နတ်သမီးချုံးရှောင်က ကျောက်ကုန်းမင်ထက်‌တောင် ပိုပြီးပြဿနာရှာတတ်နေပါလား။ ဒါက ကြမ္မာနှောင်ကြိုးတွေ ပိုတွယ်သွားမှာ မဟုတ်ဘူးလား ’

‘ စစ်ပွဲကြီးပြီးသွားလို့ ခင်ဗျားက နတ်ဘုရားစာရင်းထဲမပါဘူးဆိုရင် ဘယ်သူကခင်ဗျားနေရာယူမှာလဲ ’

“ စစ်သူကြီးတုံမု... စစ်သူကြီးတုံမု... ”

စက္ကူကိုယ်ပွားသည် မြင်းမြီးနှင်တံကိုကိုင်၍ ပင်လယ်စောင့်နတ်မင်းဘုံကျောင်း အရှေ့ဆောင်သို့ အပြေးလိုက်သွားလိုက်သည်။ သူသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့မည့် စစ်သူကြီးတုံမုကို ဆွဲထားလိုက်ပြီး ထိုအကြောင်းကို မည်သူ့ကိုမှ ထုတ်မပြောရန် ပြောလိုက်သည်။ စစ်သူကြီးတုံမုထွက်ခွာသွားသောအခါ သူ၏နောက်ကျောဘက်မှမြင်ကွင်းသည် အတန်ငယ် ထိုင်းမှိုင်းနေလေသည်။

လေပြေတစ်ချက်ဝေ့သွားသောအခါ စစ်သူကြီးတုံမုသည် တုန်သွားပြီး ဆက်၍ ပျံသန်းမနေဝံ့တော့ပေ။ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ဘုံ တောင်ဘက်ဂိတ်တံခါးသို့ အလျင်အမြန် ဦးတည်သွားလိုက်လေ‌တော့သည်။

လီချန်ရှို့၏ စက္ကူကိုယ်ပွားအိုကြီးသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းအတွင်း၌ထိုင်ကာ တွေးတောနေသည်။

‘ ဒီကိစ္စက... ငါ ဘာမှလုပ်လို့မရဘူး။ သူတို့ဘာသာ လွတ်ထားလို့ပဲရတယ် ’

ယခုတွင် သူသည် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲ ပြီးဆုံးသွားရန်သာ စောင့်နေလိုတော့ပြီး တုနတ်ဝိဇ္ဇာဂိုဏ်းသို့ ပြန်လိုနေပြီဖြစ်သည်။ သူသည် အရှင်ထိုက်စန့်လောင်ကျွင်း၏ပုံတော်ရှေ့တွင် အမွေးတိုင်သုံးတိုင်ပူဇော်ကာ အရိုအသေပေးလိုနေသည်။

သူ့အထက်တွင် တန်ခိုးရှင်းရှိနေလျှင် တာအိုဂိုဏ်းများသည် အာကာသနတ်မင်းပင်ဖြစ်မလာသေးသည့် တပည့်ငယ်လေးတစ်ဦးကြောင့်ဖြင့် လမ်းလွဲမသွားနိုင်ပေ။

နောင်တွင် သူသည် အောင်းရိကို အပြင်ဂိုဏ်းမှ တပည့်လေးဦးနှင့် ဝေးဝေးနေရန် သတိပေးရပေမည်။ ထိုအရာကား လွန်စွာ...

လီချန်ရှို့သည် အောင်းရိအကြောင်းကို တွေးမိသွားသောအခါ ဆက်စပ်၍တွေးမိသွားသည်။ ကျောက်ကုန်းမင်တို့ အခြားသူများကို လိုက်လံလှည့်ဖြားနေမှုသည် နဂါးမျိုးနွယ် ကောင်းကင်ဘုံသို့ဝင်မည့် ကိစ္စတွင် မည်သို့အကျိုးသက်ရောက်နိုင်သနည်း။

သက်ရောက်မှုတစ်ခုတော့ ရှိပေသည်။ အကယ်၍ အနောက်ကျောင်းတော်မှ ပညာရှင်များသာ ကျောက်ကုန်းမင်တို့၏လှည့်ဖြားခြင်းကို ခံခဲ့ရပါက အနောက်ကျောင်းတော်၏နဂါးမျိုးနွယ်အပေါ်အကောက်ကြံမှုသည် နှောင့်နှေးသွားမည်ဖြစ်သည်။

အကယ်၍ ကျောက်ကုန်းမင်သာ အရှင်မဝမ်ကို လှည့်ဖြားနိုင်ခဲ့ပါက အကောင်းဆုံးအခြေအနေဖြစ်လိမ့်မည်။

သို့သော် ထိုဖြစ်နိုင်ချေသည် နည်းပါးလွန်းပေသည်။

လီချန်ရှို့ခေါင်းခါလိုက်ပြီး ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွင်ကျန်ခဲ့သော ကိုယ်ရောင်ကိုယ်ဝါအားလုံးကို စက္ကူကိုယ်ပွားကို ဖယ်ရှားလိုက်သည်။ စက္ကူကိုယ်ပွားသည် ကိုယ်ရောင်ကိုယ်ဝါအကြွင်းအကျန်များကို ဖယ်ရှားပြီးနောက် မြေကိုယ်ယောင်ဖျောက်အတတ်ကိုသုံးကာ အနောက်ဆောင်မှနေ၍ ပျောက်ကွယ်သွားလေတော့သည်။ သူသည် ဘုံ‌ကျောင်းတွင်တာဝန်ထမ်းဆောင်နေသည့်သူကိုးကွယ်သူအတွက်လည်း အဖိုးတန်ပစ္စည်းချန်ပေးခဲ့ရန် မမေ့လျော့ခဲ့ပေ။

လီချန်ရှို့သည် ကောင်းကင်နတ်မင်းအဆင့်ရှိသည့် စက္ကူကိုယ်ပွားအတွက် ပြင်ဆင်မှုများလုပ်ဆောင်ပြီးသွားသောအခါ ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲ ပြီးဆုံးမည့်အချိန်ကို ဆက်၍စောင့်ဆိုင်းနေလိုက်သည်။

ထိုတွေ့ဆုံပွဲ ပြီးဆုံးရန် အချိန်မည်မျှလိုသေးသည်ကို သူမသိပေ။

ချုံတောင်လေးပေါ်ရှိ သားရဲမွေးမြူရေးခြံအတွင်းမှ ဝိညာဉ်သားရဲများနှင့် ဝိညာဉ်သားရဲပေါက်လေးအနည်းငယ်သည်လည်း လင်းအယ်ကြောင့် အသက်ပျောက်ခဲ့ပြီဖြစ်သည်။

လဝက်ကြာပြီးနောက် ကောင်းကင်ဘုံခုံရုံးရှိ ယွဲ့လောင်နန်းတော်၏မင်္ဂလာခန်းမသို့ အင်္ကျီလက်ကျယ်သော ဝတ်စုံဖြူကိုဝတ်ဆင်ထားသည့် အရှင်ရွှမ်းဒူသည် တုသိတာနန်းတော်မှနေ၍ ပျံသန်းလာသည်။ သူ့နှုတ်ခမ်းများပေါ်တွင်း အပြုံးသဲ့သဲ့ရှိနေလေသည်။

လဘိုးဘိုးသည် ခန်းမအတွင်းမှ အပြေးထွက်လာပြီး ကလေးနှစ်ဦးကိုလည်း လိုက်လာခိုင်းလိုက်သည်။ သူသည် ခါးကုန်း၍ အရှင်ရွှမ်းဒူကို လေးလေးနက်နက်၊ လေးလေးစားစား ကြိုဆိုလိုက်သည်။

သူတို့ မင်္ဂလာခန်းမအတွင်းသို့ ဝင်သွားပြီးနောက် လဘိုးဘိုးက စ၍‌မေးလိုက်သည်။

“ အရှင်ရွှမ်းဒူခင်ဗျာ... ကျွန်တော်တို့ အရင်ကအတိုင်း ဆက်လုပ်ကြမှာပါလား ”

“ မဟုတ်ဘူး ”

အရှင်ရွှမ်းဒူသည် လက်ခါ၍ပြုံးကာ ပြောလိုက်သည်။

“ ကျုပ်ဒီကိုလာခဲ့တာ ခင်ဗျားဘာမှ ဆက်လုပ်စရာမလိုတော့ဘူးလို့ ပြောမလို့ပါ ”

လဘိုးဘိုး မှင်တက်သွားသည်။ သူ့ခြေထောက်များ အားနည်းလာပြီး ဒူးထောက်မိမလိုပင် ဖြစ်သွားလေသည်။

လဘိုးဘိုး အလျင်အမြန် ပြောလိုက်သည်။

“ ကျွန်တော် ဘာအမှားများ လုပ်မလို့ပါလဲ။ အရှင်ရွှမ်းဒူခင်ဗျာ... သူတို့ကလေးမမွေးတာကိုတော့ ကျွန်တော်လည်း ထိန်းချုပ်ပေးလို့မရပါဘူး။ သူတို့ မင်္ဂလာဆောင်သွားအောင်ပဲ ကျွန်တော်လုပ်ပေးနိုင်တာပါ။ သူတို့...သူတို့... ”

“ အို့... ”

အရှင်ရွှမ်းဒူသည် မျက်ခုံးပင့်၍ ပြုံးကာ မေးလိုက်သည်။

“ ဒါဆို လဘိုးဘိုးလည်း ဒီအကြောင်းကို သိထားတာ ကြာပြီပေါ့ ”

“ ဒါက... ”

လဘိုးဘိုး သက်ပြင်းချလိုက်သည်။

“ ချီကျင့်ကြံသူတွေက မင်္ဂလာဆောင်ပြီးရင် ကလေးမွေးပြီး ကလေးကို ပြုစုပျိုးထောင်ချင်တဲ့ အတွေးရှိခဲပါတယ်။ ကျွန်...ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ”

အရှင်ရွှမ်းဒူသည် လက်ဝှေ့ယမ်းလိုက်ပြီး နွေးထွေးစွာပြောလိုက်သည်။

“ အဲ့ဒါက လဘိုးဘိုးနဲ့ ဘာမှမဆိုင်ပါဘူး။ ကျုပ်ရဲ့ အရင်ကအတွေးတွေ မှားခဲ့တာပါ။ ဒီနေ့ ကျုပ်ဒီကိုလာတာ လဘိုးဘိုးကို ကျေးဇူးတင်စကားပြောပြီး တောင်းပန်ဖို့ပါ။ ဒီဟာက ဝိညာဉ်ဆေးလုံးလေးနည်းနည်းပါ။ ကျုပ် ဒီနှစ်ပိုင်းအတွင်း လဘိုးဘိုးကို ဒုက္ခပေးမိပါပြီ ”

“ ကျွန်တော် လက်မခံဝံ့ပါဘူး။ ကျွန်တော်က အရှင်ရွှမ်းဒူအတွက် တစ်ခုခုလုပ်ပေးရတာနဲ့တင် ဂုဏ်ယူနေပါပြီ ”

အရှင်ရွှမ်းဒူသည် လဘိုးဘိုးကို ဆက်၍ဖျောင်းဖျရန် ဟန်ပြင်လိုက်စဉ်တွင် ရုတ်တရက် မျက်မှောင်ကြုတ်သွားလေသည်။ သူသည် နမိတ်ဆိုးတစ်ခုကို အာရုံရလိုက်ခြင်းပင်။ ထိုနမိတ်ဆိုးသည် ရန်ကျောင်းတော်နှင့် ဆက်နွယ်နေပုံရ၏။

လဘိုးဘိုးသည် အရှင်ရွှမ်းဒူ မျက်မှောင်ကြုတ်သွားသည်ကို တွေ့လိုက်သောအခါ လက်များတုန်ယင်သွားသည်။ သူသည် အရှင်ရွှမ်းဒူပေးနေသည့် ကျောက်စိမ်းပုလင်းလေးကို ခပ်သွက်သွက် လှမ်းယူလိုက်လေသည်။ သူ၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။

အရှင်ရွှမ်းဒူသည် သူ၏လက်ချောင်းများကိုထိ၍ တွက်ချက်ကြည့်လိုက်ပြီးနောက် မကြာမီမှာပင် ပြုံးလာတော့သည်။ သူသည် လဘိုးဘိုးကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ပြီး မင်္ဂလာခန်းမအတွင်းမှ ပျောက်ကွယ်သွားလေတော့သည်။

“ ဟင်... ငါ ချန်ရှို့လေးကို ခေါ်သွားရမယ်။ ငါကိုယ်တိုင် လူလုံးထွက်ပြလို့မရဘူး ”

All Chapters