← Chapters

မင်းကို ဘယ်သူရိုက်တာလဲ

Vol. 37 Ch. 513

မင်းကို ဘယ်သူရိုက်တာလဲ

Vol. 37 Ch. 513

သုံးရက်တာ ကုန်ဆုံးသွားပြီးနောက် မိုဝူကျီက သူ့ပျံသန်းရေး လွန်းပြန်ယာဉ်ကို အောင်မြင်စွာ မွမ်းမံနိုင်ခဲ့ပြီး အတားအဆီး အစီအရင် တချို့လည်း ရေးထွင်းထားနိုင်ခဲ့သည်။

သူ့လက်ထဲမှ လက်ရာမြောက်လှသော လွန်းပြန်ယာဉ်ကို ကြည့်ကာ မိုဝူကျီက အတော်လေး စိတ်ကျေနပ် မိနေသည်။ အဆင့် ၇ ပျံသန်းရေး လွန်းပြန်ယာဉ်ဖြင့် သူက  အန္တရာယ် ကျရောက်သည့်အခါ ထွက်ပြေးရန်  နည်းလမ်းတစ်ခု အပိုရလာခြင်း ဖြစ်သည်။

မဟုတ်လျှင် သူ့ ရွှေ့ပြောင်းစွမ်းရည်က မည်မျှ အားကောင်းစေကာမူ  ကန့်သတ်ချက် ရှိနေသေးသည်။ သူ့စိတ်စွမ်းအားနှင့် အင်မော်တယ် သဘာဝ စွမ်းအားများ ကုန်ခန်းသွားသည့်အခါ သူက ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။

သူ့လွန်းပြန်ယာဉ်ကို သိမ်းဆည်းထားပြီးနောက် မိုဝူကျီက ခဲနက်ရောင် ဓားမော့ကို သန့်စင်ရန် ထုတ်ယူလိုက်သည်။ တစ်ရက်အကြာတွင် မိုဝူကျီက ဓားမော့ကို အပြည့်အဝ သန့်စင်ပြီးသွားပြီ ဖြစ်ရာ သူ့ပုဆိန်လှံရှည်နှင့် တူညီသည့် အငွေ့အသက်များ ထွက်ပေါ်နေသည့် အကြောင်းအရင်းကို နောက်ဆုံးတွင် နားလည် သွားတော့သည်။

ထိုဓားမော့ အတွင်း၌ ဓားသွားအကျိုး အစိတ်အပိုင်း ရှိနေသည်။ ဤဓားမော့နှင့် ပုဆိန်လှံရှည်ကြားမှ ကွာခြားချက်မှာ  လက်နက်ဆရာက ဓားအစိတ်အပိုင်းကို ဓားမော့အဖြစ် ပြောင်းလဲထားခြင်း ဖြစ်ပြီး ကြောက်မက်ဖွယ် အဆင့် ၆ အင်မော်တယ် ပစ္စည်းတစ်ခု ဖြစ်လာစေခြင်း ဖြစ်သည်။

မိုဝူကျီက ဤအစိတ်အပိုင်းလေးမှာ ကြောက်ခမန်းလိလိ စွမ်းအားများ ထွက်ပေါ်နေပြီ ဖြစ်ရာ ပြီးပြည့်စုံသည့် ဓားမော့တစ်ချောင်းက မည်မျှ အားကောင်းနေမည်ကို တွေးကြည့်လို့ပင် မရပေ။

ဒိုင်းပြားကို ရက်အနည်းငယ် မွမ်းမံပြီးနောက် မိုဝူကျီက ဆေးမီးဖိုကို ထုတ်ကာ  အဆင့် ၅ ဆေးလုံးဘုရင် ဖြစ်လာစေရန် ပြင်ဆင်လိုက်သည်။

မိုဝူကျီက ဆေးလုံး မွမ်းမံခြင်းကို စကားလုံးမဲ့ စာအုပ်မှ သင်ယူထားပြီး သူ့ကိုယ်ပိုင် ကျင့်စဉ် ဖန်တီးပြီးနောက်တွင်  ကိုယ်ပိုင်  ဆေးလုံးတာအို အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ သူ့ဆေးဖော်စပ်နည်းများနှင့် ဆေးလုံးတာအို နည်းစနစ် အများစုမှာ သာမန်လက်ဟန်များ အစား  သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းကို အသုံးပြုထားခြင်း ဖြစ်သည်။

နည်းစနစ်ဖြစ်ဖြစ်၊  ချီသွေးကြော ဒါမှမဟုတ်  ကျင့်စဉ် မည်သို့ပင် ဖြစ်နေပါစေ မိုဝူကျီက သူ့ကိုယ်ပိုင် နည်းလမ်းကို အသုံးပြုပေ၏။  ထိုအရာမှာ  ဆေးလုံးတာအို၌ သူ့တိုးတက်မှုအရ အတားအဆီး  မရှိသည့် အဓိက အကြောင်းအရင်းလည်း ဖြစ်ပေသည်။ အခြားလူများက ဆေးလုံးတာအို တိုးတက်ဖို့ရာ နှစ်ရာထောင်ချီကာ လိုအပ်သော်လည်း မိုဝူကျီက လေ့ကျင့်နေရုံမျှ လိုအပ်လေသည်။

ချီသွေးကြော  ၁၀၈ ခုလုံးကို ဖွင့်ပြီးနောက်တွင် သူ့ခန္ဓာမှာ ဝိညာဉ်စွမ်းအား လှည့်ပတ်မှုကို ခံယူထားသည့် ပြီးပြည့်စုံသည့် စနစ်တစ်ခုအလား ဖြစ်လာသည်။ သူကျင့်ကြံဖို့ ရွေးချယ်လိုက်သည့် အားလုံးနီးပါး အတွက် အဖြေကို ရှာဖွေနိုင်ခဲ့သည်။

အဆင့် ၅ အင်မော်တယ် ဆေးလုံးကို မည်သို့ ဖော်စပ်ရမည်ကို သင်ယူပြီးနောက် မိုဝူကျီက သဘာဝစွမ်းအား ပြည့်ဝဆေးလုံးကို ရွေးချယ်လိုက်သည်။  သဘာဝစွမ်းအား ပြည့်ဝဆေးလုံးမှာ မဟာကျီရှန်း အဆင့် ကျင့်ကြံသူများ အသုံးများပြီး  သူတို့၏ အင်မော်တယ် သဘာဝ စွမ်းအားများကို ပြန်လည်ပြည့်ဝစေရုံ သာမက မဟာလော့ရှန်း အဆင့် ကျင့်ကြံသူများ အတွက်လည်း အကျိုး သက်ရောက်မှု ရှိပေသည်။

ဤဆေးလုံးမှာ ဖော်စပ်ဖို့ရာ ရိုးရှင်းပြီး အသုံးပြုရမည့် ဆေးပင်များမှာ ပုံမှန်တွေ့နေကျ ဖြစ်ပေသည်။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ ပေးလိုက်သော ဆုလာဘ်၌ လေ့ကျင့်ဖို့ရာ အကောင်းဆုံး ဆေးလုံး ပြုလုပ်နိုင်မည့်  ဆေးပင်တချို့ ပါဝင်ပေသည်။

မိုဝူကျီက ကျင်းယွင်မြို့ လေလံပွဲမှ ဝယ်ယူထားသော ဆေးမီးဖိုကို ထုတ်လိုက်သည်။ သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာအဖွဲ့ခွဲ ရတနာတိုက်၌ အဆင့်မြင့် ဆေးမီးဖို ရှာမတွေ့ခဲ့သည်ကို နှမြောမိသည်။ မဟုတ်လျှင် သူက အပြစ် အနာအဆာ ရှိနေသည့် ဆေးမီးဖိုကို ဆက်သုံးနေစရာ လိုမည် မဟုတ်ပေ။

အဓိက ပြဿနာမှာ ဤဆေးမီးဖိုပေါ်၌ သင်္ကေတတချို့ ပျက်စီးနေသောကြောင့် အဆင့် ၃ အင်မော်တယ် ပစ္စည်းဖြစ်နေခြင်း ဖြစ်သည်။

ယခု  သူ့တွင် တခြားဆေးမီးဖို မရှိသည့်အတွက် ဤတစ်ခုသာ အသုံးပြုစရာ ရှိလေသည်။

မိုဝူကျီက ဆေးမီးဖို ထုတ်လိုက်သည်နှင့် သူက စိတ်စွမ်းအား အသုံးပြု၍ ဆေးမီးဖို အတွင်းပိုင်းကို စစ်ဆေး  ကြည့်လိုက်သည့်အခါ အံ့ဩမိသွားသည်။ ဆေးမီးဖို၌  သင်္ကေတတချို့ကြောင့် ပြဿနာရှိမှန်း သိသော်လည်း ယခင် သူ ဆေးလုံး ဖော်စပ်စဉ်က ရှောင်၍ အသုံးပြုလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း သူက စိတ်စွမ်းအားဖြင့် စစ်ဆေး ကြည့်လိုက်သည့်အခါ ထိုအနာအဆာကို ဖယ်ရှားနိုင်ကြောင်း သတိပြု မိလိုက်သည်။

အစကတည်းက အပြစ်အနာအဆာ မဟုတ်တာ များလား …

မိုဝူကျီ၏ စိတ်စွမ်းအားက သင်္ကေတ တချို့ပေါ် ကျရောက်စေလိုက်သည်။ ယခု သူက ကျင်းရှန်း အလယ်အလတ် အဆင့် ရောက်နေပြီ ဖြစ်သည့်အပြင် အစီအရင် တာအို၌လည်း ကျွမ်းကျင်နှံ့စပ်သည့် အတွက် အမွှေးတိုင် တစ်တိုင်ခန့် ကြာချိန်လောက် အတွင်း သူက အဖြစ်အပျက်ကို နားလည် သွားလေ၏။

ထိုအရာမှာ သင်္ကေတ ပျက်စီးနေခြင်း မဟုတ်ဘဲ လူလုပ်ထားသော အတားအဆီး တစ်ခုသာ ဖြစ်၏။ ယုံရင် အစွန်းအဖျား နေရာ၌ ထိုအကြောင်း မည်သူမျှ မသိခဲ့သည်မှာ ထိုနေရာ၌ ကျင်းရှန်းအဆင့် ကျင့်ကြံသူသာ အမြင့်ဆုံးရှိ၍ ဖြစ်သည်။ အင်မော်တယ် စွမ်းအားများနှင့် စိတ်စွမ်းအားသာ လုံလုံလောက်လောက် အားကောင်းပါက ထိုအတားအဆီး၏ ဆန်းကြယ်မှုကို မြင်နိုင်ပေလိမ့်မည်။

တစ်နာရီ အကြာတွင် မိုဝူကျီက  လူလုပ် အတားအဆီးလေးကို ဖယ်ရှားလိုက်နိုင်ပြီး ထိုအရာမှာ အမည်မသိ အရာမှ လုပ်ထားသော ကျမ်း တစ်ခုသာ ဖြစ်နေသည်။

မိုဝူကျီက ထိုကျမ်းကို အတားအဆီး အတွင်းမှ ဖယ်ရှားလိုက်သည်နှင့် ဆေးမီးဖိုအတွင်း စွမ်းအားများက ရုတ်ခြည်း ပြောင်းလဲသွားပြီး အဆင့်  ၃ အင်မော်တယ် ပစ္စည်းမှ အဆင့် ၆ အင်မော်တယ် ပစ္စည်းအဖြစ် ရောက်ရှိ သွားတော့သည်။

ကျင်းယွင်မြို့ လေလံပွဲ၌  ဤဆေးမီးဖိုမှာ သေချာပေါက် အဆင့် ၆ အင်မော်တယ် ပစ္စည်းဖြစ်ကြောင်း ကြေညာခဲ့သည်မှာ လိမ်ညာခြင်း မဟုတ်ပေ။ အမှန်ပင် အဆင့်  ၆ အင်မော်တယ် ပစ္စည်းတစ်ခု ဖြစ်နေသည်။

မိုဝူကျီက ဆေးမီးဖို အကြောင်း ထပ်မတွေးတော့ဘဲ ကျမ်းကို ကောက်ယူလိုက်သည်။ ထိုအထဲ၌ ရှင်းရှင်းလင်းလင်း ရေးမှတ်ထားသည့် အကြောင်းအရာများကို မြင်တွေ့လိုက်ရသည်။ အထဲတွင် ဆေးဖော်စပ်နည်း သုံးမျိုး ရှိပြီး  ပထမဆုံး ဆေးလုံးမှာ  ဖန်သွေး လဲလှယ်ဆေးလုံး ဖြစ်၏။

မိုဝူကျီကို အံ့ဩစေသည်က ဤဖန်သွေး လဲလှယ်ဆေးလုံးမှာ အဆင့် ၄ အင်မော်တယ်ဆေးလုံး ဖြစ်သော်လည်း တစ်ခုတည်းသော လုပ်ဆောင်ချက်မှာ သွေးလဲလှယ်ရန် ဖြစ်သည်။

ဒီလိုဆေးလုံးရဲ့ အသုံးဝင်မှု ကရော …

ကျင့်ကြံသူတွေက သွေးလဲလှယ်ရန် လိုအပ်မည်လား။ အားကောင်းသော ကျင့်ကြံသူက သူ့ခန္ဓာထဲမှ သွေးများကို သွေးတစ်စက်မှ မထွက်ဘဲ  ပုံစံအသစ် ပြန်လည် တည်ဆောက်နိုင်လေသည်။ ထိုအရာမှာ သွေးလဲတာထက် ပို၍ အသုံးဝင်ကာ သက်ရောက်မှု ရှိ၏။

သာမန်ကျင့်ကြံသူ အတွက်ပင်  ကမ္ဘာဦး စိတ်ဝိညာဉ် ကောင်းနေသရွေ့ သွေးသစ်လဲလှယ်ရန် မလိုအပ်ပေ။

အကယ်၍ မိုဝူကျီက သူ့ကမ္ဘာဦး စိတ်ဝိညာဉ် မပိုင်ဆိုင်သော်လည်း သူ့တွင် အသက်ဓာတ်လမ်းကြောင်းနှင့် ထာဝရ ကမ္ဘာလောက ရှိသည်။ မိုဝူကျီ၏ အလိုလို သိစိတ်အရ သူ့အသက်ဓာတ်လမ်းကြောင်းနှင့် ထာဝရ ကမ္ဘာသာ ကျန်ရှိနေသ‌ရွေ့ သူသေမည် မဟုတ်ပေ။

မိုဝူကျီက ထိုအသုံးမဝင်သည့်  ဖန်သွေး လဲလှယ်ဆေးလုံးကို ကျော်ပစ်လိုက်သည်။

ဒုတိယ ဆေးဖော်စပ်နည်းမှာ မိုဝူကျီ တစ်ယောက် ထခုန်မတတ် အံ့အားသင့် သွားစေသည်။ ထိုအရာမှာ လွန်ခဲ့သည့်ရက်က သူတွေးတော နေခဲ့သည့်  သဘာဝ ကျီဆေးလုံး ဖြစ်၏။ သဘာဝကျီ ဆေးလုံးမှာ အထီးကျန် ကျီဆေးလုံးနှင့် ဆက်စပ်နေကာ အဆင့်အားဖြင့်ဆိုရလျှင် အထီးကျန် ကျီဆေးလုံးမှာ အဆင့် ၅ ဖြစ်ပြီး သဘာဝကျီဆေးလုံးမှာ အဆင့် ၇ ဖြစ်ပေသည်။

မည်သို့ပင် ဆိုစေကာမူ သဘာဝကျီ ဆေးလုံးမှာ အထီးကျန် ကျီဆေးလုံးထက် များစွာ အဖိုးတန်ပေသည်။

ဤဆေးဖော်စပ်နည်းမှာ မိုဝူကျီ အချိန်အတော်ကြာ အလိုရှိနေသည့် ဆေးဖော်စပ်နည်း ဖြစ်ကာ သူက ထိုအထဲ လုံးဝ နစ်မျော သွားတော့သည်။

မိနစ်အနည်းငယ် အကြာတွင် မိုဝူကျီက သက်ပြင်း အရှည်ကြီး ချလိုက်တော့သည်။ အကယ်၍ သူတွင် ဆေးဖော်စပ်နည်း မရရှိလျှင် အထီးကျန် ကျီဆေးလုံးနှင့် သဘာဝကျီ ဆေးလုံးတို့တွင် ကောင်းကင် အထီးကျန် မြက် လိုအပ်လိမ့်မည်မှန်း သိမည် မဟုတ်ပေ။

အမှန်တရားမှာ ဤကောင်းကင် အထီးကျန်မြက်ကို ကောင်းကင် သဘာဝ မြက်ဟုလည်း ခေါ်ပေရာ အဆင့်မှာ အဆင့် ၅ အင်မော်တယ် အဆင့်တွင် ရပ်မနေပေ။

ဆေးဖော်စပ်နည်း၌  ကောင်းကင် အထီးကျန်မြက်ကို ၉၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်သရွေ့ ကျန်ရှိနေသော အညစ်အကြေးများလည်း ဖယ်ရှားသွားမည် ဖြစ်ကြောင်း ညွှန်းဆိုထားသည်။ ဆေးပင်ကို ၉၀ ရာခိုင်နှုန်းနှင့် အထက်အထိ သန့်စင်နိုင်လျှင်  ဆေးအဆီအနှစ်ကို အောင်အောင်မြင်မြင် ရရှိပေလိမ့်မည်။

သန့်စင်နှုန်းမှာ  ၉၉ ရာခိုင်နှုန်း ကျော်လွန် သွားသည်နှင့် ကောင်းကင် သဘာဝမြက် ဖြစ်သွားလိမ့်မည်။ ပြောရမည်ဆိုလျှင် ကောင်းကင် အထီးကျန်မြက်နှင့် ကောင်းကင် သဘာဝမြက်တို့မှာ တူညီသော ဆေးပင် ဖြစ်သော်လည်း ခြားနားလိုပါက အရောင်နှင့် သက်တမ်းကို မကြည့်ရဘဲ ဆေးလုံးဆရာမှ ရရှိလာသော သန့်စင်နှုန်းကိုသာ ဖြစ်၏။

မိုဝူကျီက  ရှုပ်ထွေးလှသော ဆေးဖော်စပ်နည်းကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းသာ ချလိုက်တော့သည်။ သူက ကောင်းကင် အထီးကျန်မြက်ကို သန့်စင်ဖူးသောကြောင့်  သန့်စင်နှုန်း  ၉၀ ရာခိုင်နှုန်းအထိ ရောက်ရန် ခက်ခဲကြောင်း သိပေသည်။ အထီးကျန် ကျီဆေးလုံးနှင့် သဘာဝကျီ ဆေးလုံးတို့မှာ  ဒဏ္ဍာရီမှ အင်မော်တယ် ဆေးလုံးများ ဖြစ်နေပြီး မည်သည့်နေရာမှ မရောင်းချသည်မှာ အံ့ဩစရာ မရှိတော့ပေ။

သူ့စွမ်းဆောင်ရည်ဖြင့် မိုဝူကျီက သာမန် ဆေးပင်များကို  သန့်စင်နှုန်း  ၉၉ ရာခိုင်နှုန်းအထိ ရောက်အောင် သန့်စင်နိုင်သော်လည်း  ကောင်းကင် အထီးကျန်မြက်ကိုတော့ ၉၀ ရာခိုင်နှုန်းအထိ ရဖို့ရန်   မည်သို့ သန့်စင်ရမှန်း မသိတော့ပေ။

သူက လေ့ကျင့်ကြည့်ဖို့ရန် နောင်ကျ ကောင်းကင် အထီးကျန်မြက် တချို့ ရှာရပေမည်။ အထီးကျန် ကျီဆေးလုံး ဖြစ်ဖြစ်၊ သဘာဝကျီ ဆေးလုံးဖြစ်ဖြစ်  နှစ်ခုလုံးမှာ အင်မတန် အရေးပါသည့် ဆေးလုံးများ ဖြစ်၍ မည်သို့ပင် ဖြစ်စေ သူ့လက်ထဲ ရောက်အောင် ကြိုးစားရမည်။

နောက်တစ်ခါ သက်ပြင်း ချလိုက်ပြီးနောက် မိုဝူကျီက တတိယမြောက် ဆေးဖော်စပ်နည်းကို ကြည့်လိုက်သည်။ ထိုအရာမှာ ခရမ်းနဂါး လက်သည်းငါးဖြာ ဆေးလုံး ဖြစ်ကာ အဆင့်ကို ဖော်ပြမထားပေ။

ဒီဆေးလုံးက ဘာလုပ်နိုင်တာလဲ …

မိုဝူကျီက ရှင်းပြချက်ကို ကြည့်ပြီးနောက် ထိုဆေးလုံးကို ဖော်စပ်ရန်  လိုအပ်သည့်  အင်မော်တယ် ဆေးပင် တစ်ဝက်ကျော်ကို မသိသေးကြောင်း သတိပြု မိလိုက်သည်။ သူ မှတ်မိသည့် ဆေးပင်များမှာလည်း အဆင့် ၉ အင်မော်တယ်ဆေးပင်များ ဖြစ်နေသည်။

သူ့အတွက် အဆင့်အလွန် မြင့်လွန်းနေပြီး အသုံးမဝင်ပေ။

ဤနေရာရှိ ဆေးဖော်စပ်နည်း သုံးမျိုး၌ သဘာဝကျီ ဆေးလုံး ဖော်စပ်နည်းသာ သူ့အတွက် အသုံးဝင်ပေသည်။ သို့သော်လည်း သူက သဘာဝကျီ ဆေးလုံးကို မဖော်စပ် နိုင်သေးပေ။ သူ့၌ အဆင့် ၆ အင်မော်တယ် ဆေးမီးဖို ရရှိလိုက်သည့် အတွက် အရှုံးချည်းတော့ မဟုတ်ပေ။

မိုဝူကျီက ဆေးဖော်စပ်နည်းများကို သိမ်းထားလိုက်ပြီးနောက် ဆေးမီးဖိုကို မွမ်းမံလိုက်သည်။ နာရီ အတော်ကြာပြီးနောက် မိုဝူကျီက ထိုဆေးမီးဖိုကို အကြမ်းဖျင်း မွမ်းမံ၍ ပြီးစီးသွားလေသည်။

ဆေးမီးဖိုကို ချထားပြီးနောက် မိုဝူကျီကို လက်ဖဝါး ဖြန့်လိုက်သည့်အခါ  လက်ရာမြောက် မီးတောက်တစ်ခု ပေါ်လာသည်။ ပညာရှင ်နှလုံးသားမှာ မိုဝူကျီ၏ အကြိမ်များစွာ ကယ်တင်ပေးခဲ့ရုံ သာမက  သူ့လျှို့ဝှက် ပညာရပ်ဖြစ်သည့် စွမ်းအား စက်ကွင်းချေဖျက် လက်သီးကိုလည်း ထောက်ပံ့ ပေးထားသည်။

သူ့မီးတောက်လေးကို ကြည့်နေရင်းဖြင့် မိုဝူကျီက ထိပ်တန်း နိဗာန မီးတောက် အနှစ်သာရကို ထုတ်ယူလိုက်သည်။

ထိပ်တန်း နိဗာန မီးတောက် အနှစ်သာရကို ထုတ်ယူလိုက်သည်နှင့် ပညာရှင်နှလုံးသားက ပျော်ရွှင်တကြီး ခုန်ပေါက်လာကာ မီးတောက် အနှစ်သာရအပေါ်   မီးတောက် စက်ဝန်းကို ထုတ်လွှင့်လိုက်သည်။

ခဏအကြာတွင် မီးတောက်က တစ်ဟုန်ထိုး မြင့်တက်လာပြီး တစ်လက်မ မြင့်သည့် မီးတောက်လေးက အခန်းအတွင်း တရှိန်ညီးညီး တောက်ပနေသည်။

ပညာရှင် နှလုံးသားက ထိပ်တန်း နိဗာန မီးတောက် အနှစ်သာရကို ဝါးမျိုသည့် ကိစ္စကို မိုဝူကျီက ကိုယ်တိုင် တွေ့ကြုံထား၍  ထိုပြင်းထန်သည့် လှုပ်ရှားမှုမျိုးကို သိပ်ဂရုမစိုက်ပေ။

နောက်ထပ် လေးနာရီ အကြာတွင် သူ့လက်ထဲမှ မီးတောက်လေးက ငြိမ်ကျသွားလေ၏။ မီးတောက်အရောင်မှာ အပြာအတိုင်း ကျန်ရှိနေသေးသော်လည်း မိုဝူကျီက သူ့လက်ထဲမှ မီးတောက်လေးမှာ ယခင်ထက် အဆများစွာ အားကောင်းလာကြောင်း ခံစားမိလေ၏။ သူ့မီးတောက်လေးက အဆင့်တက်သွားကာ ယခုအခါ အဆင့် ၁ အင်မော်တယ် မီးတောက် ဖြစ်နေပြီ ဖြစ်ကြောင်း ယုံကြည်ချက် ရှိ၏။

မိုဝူကျီက နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။ သူ့မီးတောက်လေး အဆင့်တက်ဖို့ရာ ခက်ခဲ လွန်းလှပေသည်။ သူ့မီးတောက်လေး အဆင့် ၄ ဒါမှမဟုတ် အဆင့် ၅ အင်မော်တယ် မီးတောက် ဖြစ်လာဖို့ရာ အချိန်မည်မျှ ကြာမည်ကို တွေးတောနေမိသည်။

ယခု သူ့တွင် အဆင့် ၆ အင်မော်တယ် ဆေးမီးဖို နှင့် အဆင့် ၁ အင်မော်တယ်မီးတောက် ရှိနေပြီ ဖြစ်ရာ ဆေးဖော်စပ်ရာ၌ စိတ်အေးလက်အေး ဖော်စပ်နိုင်ပြီ ဖြစ်ကြောင်း ခံစားမိနေသည်။

ဆေးမီးဖိုထဲ ဆေးပင် တစ်သုတ်စာ ပစ်ထည့်လိုက်ပြီးနောက် မိုဝူကျီက သဘာဝစွမ်းအား ပြည့်ဝဆေးလုံးကို  စတင်ဖော်စပ်လိုက်တော့သည်။

မိုဝူကျီ၏ ဆေးလုံးတာအိုသာ အဆင့်တစ်ခုထိ ရောက်ရှိသွားပါက တူညီသော အဆင့်တစ်ခု၌  ဆေးလုံး ဖော်စပ်ခြင်း၌လည်း   အလွန်တည်ငြိမ်လာလိမ့်မည်။

သူက အဆင့်တစ်ခု အထိ မရောက် ရှိသေးသည့်အခါ သူ့ကို ကူညီပေးရန် အင်မော်တယ်ဆေးပင် အမြောက်အမြား လိုအပ်လိမ့်မည်။ သို့သော်လည်း  သူ့ဆေးလုံးတာအို အဆင့်အတန်းမှာ  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ ပေးအပ်ထားသာ ဆေးပင်နှစ်ပင်နှင့် သူ့ဆီ လက်ကျန်ရှိနေသော အဆင့်  ၄ အင်မော်တယ် ဆေးပင်များမှာ သူ့အတွက် အဆင့်  ၅ ဆေးလုံးဘုရင် ဖြစ်လာရန် လုံလောက်ပေသည်။

သူက ဆေးလုံး စတင် ဖော်စပ်လိုက်သည်နှင့် အမှိုက်ဆေးလုံးများကို ပို ပို၍ လွှင့်ပစ်လိုက်ရပြီး အင်မော်တယ် ဆေးပင်များကို ပို ပို၍ အသုံးပြုခဲ့ရသည်။

မိုဝူကျီက တံခါးပိတ် ကျင့်ကြံနေမှန်း သိသောကြောင့်   တုံ့ဟွားလုံက  ခဏတိုင်း ရောက်ရှိလာလိုက် ပြန်ထွက်သွားလိုက် လုပ်နေရသည်။   ထိုအချိန်အတွင်း ကုန်းယီလည်း တစ်ကြိမ် ရောက်ရှိလာသော်လည်း မိုဝူကျီကို မနှောင့်ယှက်ချင်၍ ပြန်ထွက်သွားတော့သည်။

“ဘုန်း”နောက်ထပ် ဆေးမီးဖို ပေါက်ကွဲသွားပြီး မိုဝူကျီက အဆင့် ၅ အင်မော်တယ်ဆေးလုံး ‌ဖော်စပ်ခြင်းကို ရပ်တန့်လိုက်တော့သည်။

လဝက်တာ တံခါးပိတ် ကျင့်ကြံပြီးနောက် သူက အဆင့် ၅ အင်မော်တယ်ဆေးလုံး မဖော်စပ် နိုင်ခဲ့သော်လည်း သူသာ အလိုရှိလျှင်  အဆင့်မြင့် အဆင့်  ၅ အင်မော်တယ် ဆေးလုံး ဖော်စပ်နိုင်ကြောင်း သိထားသည်။

ဆေးလုံးတစ်လုံးမှ ထွက်မလာသည့် အကြောင်းအရင်းမှာ သူက ပြိုင်ဘက်ကင်းအဆင့် ဆေးလုံး ရလိုသောကြောင့်သာ ဖြစ်၏။

နောက်ဆုံး ကြိုးစားမှု၌ သူက ဆေးလုံးတစ်ဝက်လောက် ပြိုင်ဘက်ကင်း အဆင့် ရောက်လာသော်လည်း သူက မကျေနပ် နိုင်သေးပေ။ ယခု သူ့တွင် အင်မော်တယ်ဆေးပင် မရှိတော့သောကြောင့် ဆေးဖော်စပ်ခြင်းကို ရပ်နားလိုက်ရခြင်း ဖြစ်၏။

မိုဝူကျီက အပြစ် အနာအဆာ ရှာတတ်သော လူဖြစ်လာခြင်းမှာ ယခင်ဘဝက အလုပ်နှင့် သက်ဆိုင်နေလေသည်။ သူက တစ်ခုခု လုပ်ရန် ဆုံးဖြတ်လိုက်ပါက  အကောင်းဆုံး အရည်အသွေးဖြင့် အပြီးသတ်မည် ဖြစ်၏။ မဟုတ်လျှင် သူက မလုပ်ပေ။

သူ့အတားအဆီးများကို ဖယ်ရှားပြီးနောက် မိုဝူကျီက စိတ်စွမ်းအားကို သုံး၍ အပြင်ဘက်ကို စစ်ဆေး ကြည့်လိုက်သည့်အခါ  အားမရှိကာ နှေးကွေးနေသည့် တုံ့ဟွားလုံကို တွေ့လိုက်ရသည်။ တုံ့ဟွားလုံ၏ အသက်ရှူနှုန်းမှာ မတည်မငြိမ် ဖြစ်နေသည့်အတွက်  တစ်ယောက်ယောက်ဆီမှ ဒဏ်ရာရလာခြင်းသာ ဖြစ်လိမ့်မည်။ သူက အခန်းအလယ်တွင် ရှိနေပြီး ဘေး၌ အမျိုးသမီး တစ်ဦးလည်း ရှိနေသည်။ မိုဝူကျီက ထိုအမျိုးသမီးမှာ ရှန်းမူချင် ဖြစ်ကြောင်း  သတိရလိုက်သည်။ လွန်ခဲ့သည့် လဝက်က  လက်ဖက်ရည် သောက်ရန် အငြင်းခံလိုက်ရသည့် အမျိုးသမီး ဖြစ်ပေသည်။

တုံ့ဟွားလုံ ဤသို့ ဆိုးဆိုးရွားရွား အရိုက်ခံ လာရသည်ကို မြင်၍ မိုဝူကျီ  စိတ်ထဲ၌ ဒေါသူပုန် ထလာလေသည်။ သူက ပြဿနာ မရှာခြင်းမှာ ကြောက်နေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

သူက အဆင့် ၅ အင်မော်တယ် ဆေးလုံးဘုရင် ဖြစ်သည့်အပြင်  ဂုဏ်ထူးဆောင် အဆင့်  ၄ ဆေးလုံးဘုရင်လည်း ဖြစ်ပေသည်။ ထို့အပြင်  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲလည်း ဖြစ်၏။

ဘယ်ခွေးကောင်ကများ သူ့လက်အောက်ငယ်သားကို ရန်စရဲတာလဲ …

မိုဝူကျီက  သန့်ရှင်း မနေတော့ဘဲ  ဧည့်ခန်းသို့သာ အပြေးအလွှား ထွက်လာကာ  တင်းမာစွာ မေးလိုက်သည်

“ဟွားလုံ  ... မင်းကို ဘယ်သူ ရိုက်လိုက်တာလဲ”

***

All Chapters