သူက ရူးနေတာလား
Vol. 37 Ch. 514
“အစ်ကိုယန်း ... ရှင် ...”ရှန်းမူချင်က မိုဝူကျီ ထွက်လာသည်ကို မြင်သောအခါ တအံ့တဩ ရေရွတ်လိုက်သည်။
ယန်းလဲ့က တံခါးပိတ် ကျင့်ကြံနေတာ မဟုတ်ဘူးလား … သူက ဆံပင်ဘုတ်သိုက်နှင့် အဘယ်ကြောင့် စုတ်ပြတ် နေရတာလဲ …
သူ့ မျက်နှာတွင် ဖုန်မှုန့်များ အပြည့်ဖြစ်နေပြီး သူ့ခန္ဓာကိုယ်ပေါ်၌ ဆေးအညစ်အကြေး တချို့ ရှိနေသေး၏။
တုံ့ဟွားလုံက မြန်မြန် ရှင်းပြလိုက်သည်
“အစ်ကိုကြီး ... မိန်းကလေးရှန်းရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် ကျုပ်တော့ အသတ်ခံ နေရလောက်ပြီ”
မိုဝူကျီက ခေါင်းညိတ်ကာ သူ့ကိုသူ တည်ငြိမ်အောင် နေလိုက်ပြီးနောက် လက်နှစ်ဖက် ယှက်ကာ ရှန်းမူချင်ကို ကျေးဇူးတင်လိုက်သည်
“မိန်းကလေးရှန်းကို သူ့အသက် ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် မိုဝူကျီက ဒီကျေးဇူးကြွေးကို အမြဲမှတ်ထားပါ့မယ်”
“မိုဝူကျီလား”ရှန်းမူချင်က မိုဝူကျီကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
သူက ယန်းယဲ့ မဟုတ်ဘူးလား …
မိုဝူကျီက ရှန်းမူချင်၏ ကျေးဇူးတရားကို လက်ခံမည် ဆုံးဖြတ်ထားသောကြောင့် သူ့ပုံစံအမှန်ကို ဖုံးကွယ် မနေတော့ပေ
“ကျုပ်နာမည်က မိုဝူကျီပါ။ ကျုပ် အခု ယန်းယဲ့ ဖြစ်နေတာက ယန်းယဲ့က သူ မသေခင် အကူအညီ တောင်းခဲ့လို့ပဲ။ အခု ကျုပ်က သူတောင်းဆိုတာ လုပ်ပေး ပြီးသွားပြီဆိုတော့ ကိုယ်ပိုင်နာမည်နဲ့ နဂိုအခြေအနေ ပြန်သွားရမယ်လေ “
မိုဝူကျီ မပြောလိုက်သည့် နောက်တစ်ချက်မှာ သူ့လက်ရှိ အနေအထားနှင့် အဆင့်အတန်းကို ဖြစ်၏။ သာမန်လူများက သူ့အား ထိရဲမည် မဟုတ်သောကြောင့် သူ့ဇာစ်မြစ်ကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
ရှင်းမူချန် အနေဖြင့် မိုဝူကျီက မုရုန်ရှန်းယွီနှင့် ဂူကျိကျန်းတို့ ရင်းနှီးနေသည့် ဆက်ဆံရေးကို သိရက်နှင့် အေးဆေးနေသည့် အချက်ကို နားလည် သွားပေသည်။ သူက အကြံပင် ပေးလိုက်သေး၏။ သူတို့နှစ်ယောက်မှာ ဘယ်တုန်းကမှ မပတ်သက်ဖူးသောကြောင့် ဖြစ်သည်။
မိုဝူကျီ မည်သို့ တုံ့ပြန်ခဲ့သည်ကို မြင်ကာ ရှန်းမူချင်က မိုဝူကျီသည် အလွန် ငယ်ရွယ်သေးကြောင်း ပို၍ သေချာသွား၏။ မဟုတ်လျှင် သူက တုံ့ဟွားလုံ ဒဏ်ရာရသည့် မြင်ကွင်းကို ဒေါသူပုန်ထကာ ထွက်လာမည် မဟုတ်ပေ။ တာအိုကို နှစ်များစွာ ကျင့်ကြံခဲ့သော ထိပ်တန်း ပါရမီရှင်များကို မဆိုထားနှင့် ရှန်းမူချင် ကိုယ်တိုင်ပင် ဤသို့သော အဖြစ်အပျက်မျိုး၌ ထိုသို့ ပေါက်ကွဲသည့် အမူအရာ ရှိမည် မဟုတ်ပေ။
သူမ မသိလိုက်သည်က မိုဝူကျီက နှစ်ရာချီ နောက်ပိုင်း၌ပင် ထိုသို့ ဒေါသကြီးနေဦးမည့် ဖြစ်သည့် အကြောင်း ဖြစ်သည်။ အကယ်၍ သူ၌ တစ်ဖက်လူနှင့် ရင်ဆိုင်နိုင်စွမ်း မရှိလျှင် သူက အံ့ကို ကျိတ်ကာ သည်းခံရမည် ဖြစ်သော်လည်း လုံလုံလောက်လောက် အားကောင်းနေပါက ကွန်ဖြူးရှပ်ကဲ့သို့ ပြုမူနေစရာ မလိုပေ။
ရှန်းမူချင်က သူ့ဒေါသတကြီး ပုံစံကို ကြည့်နေသည်ကို သတိပြုမိပြီး မိုဝူကျီက ရှင်းပြလိုက်သည်
“ကျုပ်က ဆေးလုံးဆရာ ဆိုတော့ စောစောလေးမှ ဆေးဖော်စပ်တာ ပြီးလာတာ။ ကျုပ် စိတ်ပူနေတာနဲ့ ကိုယ့်ဘာသာ သပ်သပ်ရပ်ရပ် မပြင်ဆင်နိုင်ဘဲ ရောက်လာတာ အားနာပါတယ်”
မိုဝူကျီက ထပ်မပြောတော့ဘဲ တုံ့ဟွားလုံဘက် လှည့်ကာ ပြောလိုက်သည်
“ဟွားလုံ ... ဘာဖြစ်ခဲ့တယ် ဆိုတာ အသေးစိတ် ပြောပြ”
မိုဝူကျီက ဆေးလုံးဆရာ ဖြစ်ကြောင်း ကြားပြီး သူမက အရမ်း မအံ့ဩသွားပေ။ အမှန်တော့ ကျင့်ကြံသူ အများစုမှာ ဆေးလုံး ဖော်စပ်ခြင်းကို သင်ယူခဲ့ကြသည်။ မိုဝူကျီ၏ သွင်ပြင်အရ သူက ဆေးလုံး ဖော်စပ်ခြင်းကို သင်ယူခါစ ဖြစ်ပေလိမ့်မည်။ အဆင့် ၁ ဆေးလုံး အကြီးအမှူးနှင့် ဆေးလုံး ဧကရာဇ်အထိ ဆေးလုံးဆရာဟု ခေါ်ဆိုကြသည် မဟုတ်ပါလော။ သို့သော် ထိုဆေးလုံးဆရာ နှစ်ယောက်၏ ခြားနားချက်မှာ မိုးနှင့်မြေလို ဖြစ်၏။
သူမက မိုဝူကျီသည် ရိုးရှင်းသည့် သူ မဟုတ်မှန်း ယုံကြည်မိသော်လည်း တစ်ယောက်ယောက်က ဆေးလုံးတာအိုကို ဤမျှ ငယ်ငယ်ရွယ်ရွယ်ဖြင့် ကျွမ်းကျင်နှံ့စပ် နေသည်ဟု ပြောလာလျှင် ယုံနိုင်မည် မဟုတ်ပေ။ တိုးတက်ဖို့ရာ ပါရမီနှင့်အတူတူ အချိန်နှင့် အရင်းအမြစ် များစွာလည်း လိုအပ်ပေသည်။ မိုဝူကျီ လစ်ဟာနေသည့် အရာမှာ အချိန် ဖြစ်၏။
တုံ့ဟွားလုံက မကျေမနပ် ပြောလိုက်သည်
“မနက်တုန်းက ကျုပ်က စူးခရာ အင်မော်တယ် လူအဖွဲ့အစည်းနား ဟိုဟိုဒီဒီ လျှောက်သွားနေတာ ဘာမှ သိပ်မသိရလို့ အာကာပြင် စူးစိုက် ရတနာစံအိမ်ဆီ အခြေအနေ တစ်ချက် သွားကြည့်မိတာ ...
အဲဒီမှာ လူနှစ်ယောက်က အဲအထဲမှာ ရတနာ တစ်ခုကြောင့် တိုက်နေကြတယ်။ ကျုပ် ကျင့်ကြံဆင့်က အရမ်းနိမ့်နေလို့ ပြန်ထွက်ဖို့ အချိန်မမီတော့ဘဲနဲ့ ဒဏ်ရာရသွားတာ
ဒီကိစ္စကို မကျေနပ်ပေမဲ့လည်း နှစ်ယောက်လုံးက ကြယ်အဆင့် ပါရမီရှင်တွေဆိုတော့ ကျုပ်လည်း ဘာမှ မပြောရဲဘူး နောက်ဆုတ်လိုက်တယ်။
အဲဒီမှာ ကျုပ်ကို မတော်တဆ ဒဏ်ရာ ရစေခဲ့တဲ့ သူက ကျုပ် နောက်ဆုတ်နေတာကို လာကန်ပြီးတော့ အလင်းနက် ဆယ်ချက်ကျော် ကျုပ်ဆီ ကျရောက်လာပြီး မြေပြင်ပေါ် လဲကျသွားစေတယ်။
တကယ်လို့ စူးခရာမြို့ဟောင်း အတွင်း လူမသတ်ရဘူး ဆိုတဲ့ အချက်ကြောင့်သာ မဟုတ်ရင် သူက ကျုပ်ကို သတ်ပစ်လောက်ပြီ။ အဲဒါနဲ့ ဘာလို့ ကျုပ်ကို တိုက်ခိုက်တာလဲ ဆိုပြီး မေးလိုက်တာ သူက ကျုပ်လိုမျိုး ပမွှားက သူ့တိုက်ခိုက်မှုကို လာအနှောင့်အယှက် ပေးလို့တဲ့။
ကျုပ်တို့ တိုက်ခိုက်တာကို လက်ခံ နိုင်သေးပေမဲ့ သူက ကျုပ်ရဲ့ ဝိညာဉ်လမ်းကြောင်းနဲ့ စိတ်နန်းတော်အထိ ဖျက်ဆီးပစ်ခဲ့တယ်”
မိုဝူကျီ၏ အမူအရာမှာ တန်းပျက်သွားလေ၏။ အကယ်၍ သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့၏ အကြီးအကဲ မဟုတ်လျှင်ပင် သူက ဤကိစ္စကို လက်လွှတ် မပေးနိုင်ပေ။
သူ့စရိုက်အရ အနည်းဆုံးတော့ ထိုသူကို သတ်ပြီးတော့ စူးခရာ အင်မော်တယ် မြို့ဟောင်းမှ ထွက်သွားမိလိမ့်မည်။ ထို့အပြင် သူက ယခု ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲ ဖြစ်နေလေပြီ။
“တကယ်လို့ စီနီယာ အစ်မရှန်းသာ ရတနာစံအိမ်ထဲ ကျုပ်ကို မှတ်မိပြီး မကူညီခဲ့ရင် ကျုပ်တော့ သေနေလောက်ပြီ”တုံ့ဟွားလုံ မျက်ဝန်း၌ ပြောနေရင်း အကြောက်တရား အချို့ ထင်ဟပ်နေသေး၏။
တုံ့ဟွားလုံက မိုဝူကျီ ကဲ့သို့သော ဂုဏ်သရေရှိ ဆေးလုံးဘုရင်နောက် လိုက်နေသော်လည်း သူ့အထဲမှ အကြောက်တရားနှင့် သတိကြီးမှုတို့က ကျန်ရှိနေသေးသည်။
“ဒါနဲ့ ကျုပ် ဒီရက်တွေ အတွင်းမှာ ရလာတာ ...”
မိုဝူကျီက တုံ့ဟွားလုံ စကားကို ဖြတ်ပြောကာ
“နောက်မှ ပြောကြတာပေါ့။ မင်းကို တိုက်လိုက်တာ ဘယ်သူလဲ။ ချက်ချင်း လက်စားချေပေးမယ်”
ဘေးတွင် ရှိနေသည့် ရှန်းမူချင်က ဝင်ပြောလိုက်သည် “အစ်ကိုမို ... ကျမ ပြောတာကို တစ်ချက်လောက် နားထောင် ပေးနိုင်မလား”
“မိန်းကလေးရှန်း မင်းက ဟွားလုံရဲ့ အသက်သခင်ပဲ။ မင်း ပြောချင်တာ စိတ်ကြိုက်ပြောလို့ ရပါတယ်” မိုဝူကျီက ခေါင်းညိတ်ပြောလိုက်သည်။
ရှန်းမူချင်က သက်ပြင်းချကာ နူးညံ့သည့်အပြုံး ပြုံးလိုက်ရင်း
“အာကာပြင်စူးစိုက် ရတနာစံအိမ်ထဲက ကျင့်ကြံသူ နှစ်ယောက်လုံးကို ကျမ သိတယ်။ တစ်ယောက်က ဗလာ ကောင်းကင် အင်မော်တယ်နယ်မြေက ရွှေမြစ်နဂါးရဲ့ ကြယ်ခုနစ်လုံး ပါရမီရှင် အောင်းထျန်းချန်တဲ့ ...
နောက်တစ်ယောက်က လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေ ဝိညာဉ်ဆုံလည် တာအိုဂိုဏ်းရဲ့ ကြယ်ခုနစ်လုံး ပါရမီရှင် ချားခိုင်တဲ့ ...
ဂျူနီယာမောင်လေး ဟွားလုံလည်း အန္တရာယ်မှ မရှိတော့တာ ကျမတို့တွေ လက်စားချေတာ မေ့ထားသင့်တယ် ”
မိုဝူကျီက အသာပြန်ပြောလိုက်သည်
“တစ်ယောက်က အကြောင်းပြချက် မရှိဘဲ အနိုင်ကျင့်တာကို ဒီအတိုင်း ထားရအောင် စည်းမျဉ်း ဥပဒေတွေက ဘယ်မှာလဲ ... မိန်းကလေးရှန်း ... မင်း အားရင် ကျုပ်တို့နဲ့ အတူတူ သွားလို့ရတယ်။ မဟုတ်ရင်လည်း ကိုယ့်ဘာသာ သွားမှာပဲ ”
ရှန်းမူချင်က မိုဝူကျီ၏ “စည်းမျဉ်း ဥပဒေ”ဟူသော စကားလုံးကို ကြားသည့်အခါ ကြောင်အမ်း မိသွားသည်။ မိုဝူကျီက ထိုသို့ ရူးကြောင်ကြောင် စားလုံးကို သုံးလိုက်သည့် အကြောင်းအရင်းကို နားမလည်ပေ။
အစစ်အမှန် ဧကရာဇ်အဆင့် အင်မော်တယ် မြို့တော်လိုမျိုး နေရာ၌ လူများက စည်းမျဉ်း ဥပဒေများကို လိုက်နာကြသော်လည်း ဤသို့သော စူးခရာ မြို့ဟောင်းလိုမျိုး နေရာ၌ ကြယ်အဆင့် ပါရမီရှင် တစ်ယောက်ကို စည်းမျဉ်းများ အကြောင်း မည်သို့ ပြောမည်နည်း။
သူက ရူးနေတာလား
မိုဝူကျီက သူ့ဂုဏ်သိက္ခာကို အဖတ်ဆယ် နေလို၍သာ မဟုတ်ဘူးဆိုလျှင် သူက ထိုသို့မျိုး ပြောစရာ အကြောင်း မရှိပေ။ သို့သော်လည်း ရှန်းမူချင်က မိုဝူကျီသည် ဂုဏ်သိက္ခာလေး အတွက် တခြားသူများကို ရန်စမည့်သူ မဟုတ်ကြောင်း ယုံကြည်၏။
“အစ်ကိုမို ... ကျမ ကူညီချင်ပေးမဲ့လည်း ကျမရဲ့ အဆင့်အတန်းနဲ့ အင်အားက ကန့်သတ်ထားတယ်။ ကျမက ကျမတို့ဂိုဏ်းရဲ့ ကြယ်ခုနစ်လုံး တပည့်အဆင့်လေး ဆိုတော့ ဝိညာဉ်ဆုံလည် တာအိုနဲ ရွှေမြစ်နဂါးတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး ... အဲဒါကြောင့် ကျမလေ ...”
ရှန်းမူချင်က ကူညီ ပေးချင်သော်လည်း လုပ်ရည်ကိုင်ရည် မရှိသည့်အတွက် စိတ်ပျက်ကာ အားငယ်လာမိ၍ လေသံပင် ပြောင်းသွားသည်။
မိုဝူကျီက ခေါင်းညိတ်ကာ
“ရပါတယ် ... မိန်းကလေးရှန်းက အများကြီး ကူညီ ပေးထားပြီးပါပြီ။ ဟွားလုံ ငါ့ကို အဲနှစ်ယောက် ရှိတဲ့နေရာဆီ ခေါ်သွားပေး ...”
ရှန်းမူချင် အနေဖြင့် မိုဝူကျီက သူတို့ နှစ်ယောက်တည်းဖြင့် ပြဿနာ ရှာရန် ပြတ်သားသော စိတ်ဓာတ်ကို မြင်သောအခါ နှုတ်ဆက် ထွက်သွားရုံသာ တတ်နိုင်တော့သည်။
မိုဝူကျီက နှုတ်ဆက်လိုက်သည်။ စောစောမှ စကားများသည် ရှန်းမူချင် အတွက် စမ်းသပ်မှု တစ်ခုသာ ဖြစ်ပေသည်။ အကယ်၍ ရှန်းမူချင်က သူနှင့်အတူတူ သွားပြီး သူ့အတွက် ပြောပေးရဲလျှင် ချက်ချင်း မိတ်ဆွေ ဖွဲ့မိလိမ့်မည်။ သို့သော်လည်း ရှန်းမူချင်က ကျိုးကြောင်းဆီလျော်သော လူတစ်ယောက်ဖြစ်ကာ သူမက မိတ်ဆွေ ဖွဲ့လိုလျှင်ပင် သူမက စတေးမှု အကြီးကြီးတော့ မလုပ်နိုင်ပေ။ ထို့ကြောင့် ရှန်းမူချင်၏ အကူအညီ အတွက် ကျေးဇူးသာ တင်လိုက်ပြီး မိတ်ဆွေစစ် အဖြစ် မလုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
နောင်အနာဂတ်၌ သူက သူမကို ပြန်လည်ကူညီမည် ဖြစ်သော်လည်း အသက်ကို စတေး၍ ကယ်တင်မည်တော့ မဟုတ်ပေ။ ဤရှန်းမူချင်က ဖြောင့်မတ် ပွင့်လင်းသည်ဟု ဆို၍ ရပေသည်။ သူမက မိုဝူကျီ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ရန် အကြောင်းပြချက် ရှာမနေဘဲ သူမက အရည်အချင်း မပြည့်မီ သေးသောကြောင့်သာ ဖြစ်ကြောင်း ပြောခဲ့သည်။ အခြားလူများက သူမ ဖြေရှင်းသည့် ပုံစံကို မကြိုက် နှစ်သက်နိုင်သော်လည်း မိုဝူကျီက သူမလို လူမျိုးကို လေးစားမိသည်။
ရှန်းမူချင် ထွက်သွားပြီးနောက် တုံ့ဟွားလုံက ပြောလိုက်သည်
“ကျုပ် ပြန်ရောက်လာတုန်းက သူတို့နှစ်ယောက်က ရတနာ စံအိမ်ထဲမှာပဲ ရှိသေးတယ်”
“သွားကြတာပေါ့”မိုဝူကျီက ချက်ချင်း ပြောလိုက်သည်။
လက်စားချေမည့် ကိစ္စကို မကြာခင် လုပ်ဆောင်ရမည်။ အကြောင်းမှာ ကြာကြာ စောင့်ဆိုင်းခြင်းက စိတ်မသာမယာ ဖြစ်စေသည်။
***
ရှန်းမူချင်က မြစ်ပြင် အင်မော်တယ် တည်းခိုဆောင်အနီးမှ ချက်ချင်း ထွက်မသွားသေးဘဲ အဝေး တစ်နေရာမှ လေ့လာ အကဲခတ်နေသည်။ မိုဝူကျီက သူ ပြောထားသည့် အတိုင်း အောင်းထျန်းချန်ကို သွားမရှာပါက သူမက မိုဝူကျီကို ထပ်၍ ဆက်သွယ်တော့မည် မဟုတ်ပေ။ မိုဝူကျီက လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု ယုံကြည်လျှင်ပင် သူမက အထင်ကြီးအောင် အပြောချည်း ပြောသည့် လူကိုတော့ မနှစ်သက်ပေ။
သူမ မျှော်လင့် မထားသည်က သူမက မြစ်ပြင် အင်မော်တယ် တည်းခိုဆောင်မှ ထွက်လာပြီး သိပ်မကြာခင် မိုဝူကျီနှင့် တုံ့ဟွားလုံတို့ ထွက်လာသည်ကို မြင်လိုက်ရသည်။
ရှန်းမူချင်သည် မိုဝူကျီက ထိပ်တန်း ပါရမီရှင်ကို ပြဿနာ သွားရှာရဲသည့် သတ္တိ ဘယ်နေရာက ရနေမှန်း နားမလည်နိုင်ပေ။ မည်သို့ပင် ဆိုစေကာမူ သူမက နောက်မှ လိုက်သွားပြီး အဖြစ်အပျက်ကို သေချာ ကြည့်ချင်မိသည်။
***
အာကာပြင် စူးစိုက် ရတနာစံအိမ်မှာ စူးခရာ အင်မော်တယ် မြို့ဟောင်း၌ တည်ရှိရုံ သာမက မဟာဗောဓိ အင်မော်တယ် နယ်မြေ၌လည်း တစ်ခု ရှိပေသည်။
အာကာပြင် စူးစိုက် ရတနာစံအိမ်မှာ အဖွဲ့ခွဲ တစ်ခုမျှသာ ဖြစ်၏။
စူးခရာ အင်မော်တယ်မြို့ဟောင်းမှ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ခွဲနှင့် ယှဉ်လျှင် ရတနာစံအိမ်မှ အရွယ်အစား အရရော၊ အနေအထား အရပါ သေးနုပ်ပေသည်။
မိုဝူကျီက တုံ့ဟွားလုံ ခေါ်ဆောင်လာမှုဖြင့် တံခါးဝသို့ ရောက်လာသည်။ သူက သူတို့ရှေ့တွင် ရှိနေသော ပြင်းထန်သော လေထုကိုပင် သတိမပြုမိပေ။ အာကာပြင် စူးစိုက် ရတနာစံအိမ် အတွင်း လူအများစုမှာ အစီအရီ တန်းစီ၍ မှော်ရတနာ အမျိုးမျိုးကို ကြည့်ရှုနေကြသည်။
မိုဝူကျီက ရတနာစံအိမ်ထဲ မဝင်ခင် သူ့ဓားမော့ကို ထုတ်၍ အဝင်ဝတွင် ရှိနေသော ကျောက်ခြင်္သေ့ကြီးကို ခေါင်းဖြတ် ပစ်လိုက်သည်။
“ဘုန်း”
မိုဝူကျီက ကျောက်ခြင်္သေ့ကြီးကို အပိုင်းပိုင်း အစစ လုပ်လိုက်သည်နှင့် အဝင်ဝမှ ကာကွယ်ရေး အစီအရင်မှ စတင်၍ မြည်ဟည်းလာသည်။ ရတနာကို လိုက်လံ ကြည့်ရှုနေကြသည့် ကျင့်ကြံသူ ဆယ်ယောက်ကျော်က ချက်ချင်း လှည့်ထွက်သွားကြပြီး မည်သူ လုပ်သည်ကိုပင် မကြည့်ရဲကြချေ။ တစ်ယောက်ယောက်က ရတနာစံအိမ်မှ ကျောက်ခြင်္သေ့ကို ဖျက်ဆီးရဲသည့် အတွက် တစ်ယောက်ယောက်က ဤနေရာကို ရန်လာစခြင်းသာ ဖြစ်ပေ၏။ ရတနာစံအိမ်မှာ ထိုသို့ ရန်စမှုကို လက်ခံမည် မဟုတ်သည့် အတွက် တိုက်ပွဲ သေချာပေါက် ဖြစ်လာလိမ့်မည်။ ဤနေရာမှာ ယခုအခါ ကျတ်တီးမြေ တစ်ခုထက် မပိုတော့ပေ။
ကျောက်ခြင်္သေ့ကို ဖျက်ဆီးပြီးသည့် နောက်တွင် မိုဝူကျီက ဓားမော့ကို သိမ်းမထားတော့ဘဲ နောက်ကျောတွင် သိမ်းကာ ရတနာစံအိမ်ထဲ ဝင်သွားတော့သည်။
တုံ့ဟွားလုံက သူ့အစ်ကိုကြီး၏ ကြီးကျယ်မှုကို မြင်သည့်အခါ ချွေးများ တစက်စက် မကျမိဘဲ မနေနိုင်တော့ချေ။ ညီလေး တစ်ယောက်အနေဖြင့် သူ့အစ်ကိုကြီးကို မျက်နှာ မပျက်ရအောင် အကောင်းဆုံး ကြိုးစားရမည်။ ထိုအတွေးဖြင့် သူက အံကို ကျိတ်ထားရင်း မိုဝူကျီနောက်မှ လိုက်ဝင်သွားလိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်နှင့် နှိုင်းယှဉ်လျှင် တုံ့ဟွားလုံ၏ လက်ရှိ ယုံကြည်ချက်မှာ မြင့်တက်နေပြီ ဖြစ်၏။
“သူက ရူးနေတာလား”ရှန်းမူချင်က အဝေးတစ်နေရာမှ လေ့လာနေရင်း သူမကိုသူမ ရေရွတ်လိုက်သည်။
အောင်းထျန်းချန်နှင့် ချားခိုင်ပင် မိုဝူကျီ လုပ်သကဲ့သို့ ရတနာ စံအိမ်ရှေ့မှ ကျောက်ခြင်္သေ့ကို မဖျက်ဆီး ပစ်ရဲပေ။ သူတို့က စံအိမ်အတွင်း တိုက်ခိုက်ရဲသည်မှာ မှန်ကန်သော်လည်း ရတနာစံအိမ်ကိုတော့ ရန်မစဝံ့ပေ။
မိုဝူကျီ၏ အပြုအမူမှာ ရတနာစံအိမ်ကို ရန်စနေခြင်းသာ ဖြစ်လေ၏။
ထိုစဉ် ရှန်းမူချင်က သူမ ခေါင်းထဲ၌ မရှင်းပြ တတ်သည့် အတွေးများ ဝင်လာမိသည်။
အကယ်၍ မိုဝူကျီ၏ ယခင် ဖိတ်ကြားချက်မှာ သူမကို မိတ်ဆွေဖြစ်ရန် ထိုက်တန်လားဟု စစ်ဆေးချက် ဖြစ်နေခဲ့လျှင် …
သူမသာ မိုဝူကျီနှင့် အတူတူ ရတနာစံအိမ် ထဲသို့ လိုက်သွားပါက ဤမိတ်ဆွေ ဆက်ဆံရေးမှာ ထိုက်တန်သည်ဟု ယူဆပြီး မရွေးချယ်ပါက သာမန် အသိအကျွမ်းမျှသာ ဖြစ်လိမ့်မည်။
သူမက သတိပြု မိလိုက်သည့်အခါ ရှန်းမူချင်က မိုဝူကျီနောက် လိုက်သွားဖို့ သဘောတူလိုက်ရန် နောင်တ ရမိလာသည်။
ထို့နောက် သူမက ခေါင်းခါလိုက်သည်။ အကြောင်းမှာ သူမ မရူးသရွေ့ ထိုသို့ ရူးကြောင်ကြောင် အပြုအမူကို လုပ်မည် မဟုတ်ပေ။
မိုဝူကျီက သေမင်း လက်ယက် ခေါ်နေသည်ဆိုလျှင် ဘယ်လို လုပ်မလဲ …
မိုဝူကျီက သေမင်း လက်ယက် ခေါ်နေခြင်း ဖြစ်လျှင် သူမသာ သူ့နောက် လိုက်သွားပါက သူမအနေဖြင့် အသက်ရှင်လျက် ထွက်လာနိုင်လျှင်ပင် ခံယူရမည့် အကျိုးဆက်က သေချာပေါက် ပြင်းထန်လှပေမည်။