← Chapters

အင်မော်တယ် ဧကရာဇ်ဖြစ်ဖို့ရာ ခက်ခဲမှု

Vol. 38 Ch. 518

အင်မော်တယ် ဧကရာဇ်ဖြစ်ဖို့ရာ ခက်ခဲမှု

Vol. 38 Ch. 518

မိုဝူကျီက ခေါင်းညိတ်ကာ မေးလိုက်သည်။

“ကုန်းယီ ... ခင်ဗျား ကျိုးပျက်ကမ္ဘာအကြောင်း တစ်ခုခုများ သိထားလား ”

ကုန်းယီက မြန်မြန် ပြောလိုက်သည်။

“ကျုပ် သိပါတယ်။ ကျိုးပျက်ကမ္ဘာရဲ့ နှစ်လွှာက ဖွင့်ပြီးသွားပြီဆိုတော့ အချိန်မရွေး ဝင်လို့ရတယ်။ လူတော်တော်များများ ဝင်လည်း ပထမနှစ်လွှာက လူများစွာ ဆက်ဝင်နေကြတုန်းပဲ။ သူတို့က ပထမနှစ်လွှာမှာ ရတနာအမျိုးမျိုး ရလာကြတယ်။ နေ့တိုင်း လူတွေ ဝင်လိုက်ထွက်လိုက်နဲ့ ရှုပ်ယှက်ခတ်နေကြတာပဲ။ အခု ကျိုးပျက်ကမ္ဘာရဲ့ တတိယအလွှာက နောက်နှစ်ဝက်အကြာကျ ဖွင့်တော့မှာလေ။ ပါရမီရှင်တော်တော်များများ ရောက်နေကြတဲ့ အကြောင်းအရင်းက တတိယအလွှာကို ဝင်ဖို့ စောင့်နေကြတာလေ ”

“အဲဒီလိုဆို မဟာယီရှန်းအဆင့် ကျင့်ကြံသူက တတိယအလွှာကို ဝင်လို့ မရဘူးလား ”

မိုဝူကျီက သိချင်စွာ မေးကြည့်လိုက်သည်။

ကုန်းယီက ပြန်ဖြေလိုက်သည်

“ဖွင့်ဖွင့်ချင်းလောက်ပါပဲ။ တတိယအလွှာ ဖွင့်ပြီးတော့ တစ်နှစ်အကြာကျ မဟာယီရှန်းအဆင့် ကျင့်ကြံသူလည်း ဝင်နိုင်သွားလိမ့်မယ်။ နမူနာအနေနဲ့ဆိုရင် ကျိုးပျက်ကမ္ဘာရဲ့ပထမနဲ့ ဒုတိယအလွှာကို လူတိုင်း ဝင်နိုင်သလိုပေါ့။  ဒါပေမဲ့လည်း တတိယအလွှာ ဖွင့်ပြီးတော့ပထမ တစ်နှစ်အတွင်း ရွမ်ရှန်း အဆင့်နဲ့အောက်ပဲ ဝင်နိုင်တာ ”

မိုဝူကျီက နားလည်သွားလေသည်။ သူက ရွမ်ရှန်းအဆင့် မဟုတ်သေးသော်လည်း တတိယအလွှာကို ဝင်နိုင်လိမ့်မည်။ သူက ရွမ်ရှန်းအဆင့် ကျော်သွားသည်နှင့် ထိုသို့ မလုပ်နိုင်တော့ချေ။

“တကယ်လို့ ကျုပ်က ကျိုးပျက်ကမ္ဘာ သွားချင်ရင်ဘာတွေ လိုအပ်လဲ”

မိုဝူကျီက ကြယ်အဆင့် ပါရမီရှင်များစွာ သွားလိုသည့်အကြောင်း တွေးမိသည့်အခါအထဲ၌ ရတနာများစွာ ရှိမည် ဖြစ်ကြောင်း စတင်ယုံကြည်လာသည်။

ကုန်းယီက မြန်မြန် ပြောလိုက်သည်။

“အကြီးအကဲမိုက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲဆိုတော့ အကြီးအကဲ အမှတ်အသားပြားကို ပြလိုက်ရုံပါပဲ ”

ဒီလောက်တောင် ရိုးရှင်းတယ်လား ...

မိုဝူကျီက ကျိုးပျက်ကမ္ဘာထဲ ဝင်ဖို့ရာ တစ်ယောက်ယောက်များ ရှာရန် လိုအပ်နေမလားဟု စဉ်းစားနေမိစဉ် သူ့အမှတ်အသားဖြင့် လုံလောက်နေလိမ့်မည်ဟု ထင်မထားမိပေ။

“ဒီလိုဆိုမှတော့ကုန်းယီက ကျုပ်ဆိုင်မှာ နေလေ။ ဒါပေမဲ့ လုပ်ငန်းတော့ မစသေးနဲ့ဦး။ ကျုပ် အချိန်တစ်ခုအထိ တံခါးပိတ် ကျင့်ကြံဦးမှာဆိုတော့ ကျုပ်ကျိုးပျက်ကမ္ဘာကနေ ပြန်ရောက်လာတဲ့နောက်မှ ဆိုင်စဖွင့်ကြတာပေါ့ ”

မိုဝူကျီက ညွှန်ကြားလိုက်သည်။ သူ့စွမ်းအားမှာ အလွန်နိမ့်နေသေးကြောင်း သေချာ၏။

သူက အောင်းထျန်းချန်ကို မကြောက်သော်လည်း အောင်းထျန်းချန်ကို ဘာမှ မလုပ်နိုင်ပေ။ သူ့လက်ရှိစွမ်းအားဖြင့် သူက အောင်းထျန်းချန်ရှေ့၌ သူ့ကိုယ်သူကာကွယ်ရုံသာ တတ်နိုင်လေသည်။ ကိုယ့်ဘာသာ စောင့်ရှောက်ကာကွယ်နိုင်ဖို့ရာ သူရွေ့ပြောင်းစွမ်းရည် အသုံးပြုရန် လိုအပ်ပေသည်။

နှစ်ဝက်အတွင်း ကျင်းရှန်း နောက်ပိုင်းအဆင့် ရောက်ဖို့ရာ အင်မတန် ခက်ခဲသော်လည်း မည်သို့ပင်ဖြစ်စေ ကြိုးစားကြည့်ရမည်။

“အကြီးအကဲမို ... တကယ်လို့ တံခါးပိတ် ကျင့်ကြံမယ်ဆိုရင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အင်မော်တယ် လေ့ကျင့်ရေး ရေကန်ကို သုံးဖို့အကြံပေးချင်တယ်။ အကြီးအကဲနဲ့ အထက်ကို ဝင်ပြီးကျင့်ကြံခွင့် ပြုထားတယ်။ အင်မော်တယ် ကျောက်တွေနဲ့ ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင်တွေထက် ပိုထိရောက်တယ် ”

ကုန်းယီက မိုဝူကျီ တံခါးပိတ် ကျင့်ကြံတော့မည့်အကြောင်း ကြားပြီးမြန်မြန် ပြောလိုက်သည်။

“အင်မော်တယ် လေ့ကျင့်ရေး ရေကန်လား ”

မိုဝူကျီကနားမလည်စွာ မေးလိုက်သည်။

ကုန်းယီက ခေါင်းညိတ်ပြကာ

“အင်း … အင်မော်တယ် လေ့ကျင့်ရေး ရေကန်  ... ဒီနေရာကို အကြီးအကဲနဲ့ ခေါင်းဆောင်တွေပဲ အသုံးပြုလို့ရတာ။ ကျုပ်တို့ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာအဖွဲ့ခွဲရဲ့ အရေးကြီးဆုံး‌ နေရာထဲက တစ်ခုပေါ့ ”

“ဘယ်လို ဝင်သွားရမလဲ ”

မိုဝူကျီက အလောတကြီး မေးလိုက်သည်။

“အကြီးအကဲမိုကို လိုက်ပို့ပါ့မယ် ”

ကုန်းယီက ပြောဖို့ရာ တွန့်ဆုတ်မနေပေ။

***

မိုဝူကျီက မြစ်ပြင် အင်မော်တယ် တည်းခိုဆောင် အခန်းကို ကြည့်ရှုစောင့်ရှောက်ပေးရန် တုံ့ဟွားလုံ ရှိသည် မဟုတ်ပါလော။ သူက ကုန်းယီ နောက်မှ အင်မော်တယ် လေ့ကျင့်ရေး ရေကန်ဆီ လိုက်သွားလိုက်တော့သည်။ ကျိုးပျက်ကမ္ဘာသို့ သွားရမည့် ခရီးမှာ ဟာသ မဟုတ်ပေ။ ကြယ်အဆင့် ပါရမီရှင်များစွာ ရှိနေပြီးအများစုမှာ ရွှမ်ရှန်းအဆင့်များ ဖြစ်ကြသည်။ ကျင့်ကြံဆင့်နှင့် ပတ်သက်လာလျှင် သူက လူအုပ်ကြီး၏ အောက်ခြေ၌ ရှိနေသေးသည်။

“ကုန်းယီ ... ကျုပ်တို့ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာအဖွဲ့ခွဲရဲ့ အားအကောင်းဆုံးသူက လက်ရှိကျင့်ကြံနေတဲ့ အဖွဲ့ခေါင်းဆောင်လား”

မိုဝူကျီက သူတို့သွားရင်းဖြင့် မေးလိုက်သည်။

ကုန်းယီက ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်ဗျ ... ကျုပ်ကြားတာတော့ ခေါင်းဆောင်က အင်မော်တယ် ဧကရာဇ်တာအို နေရာ အစွန်းအဖျား ရောက်နေပြီတဲ့။

ဒီတစ်ကြိမ် ထွက်လာရင်တော့ ဧကရာဇ်တစ်ပိုင်း အဆင့်တော့ ရောက်လောက်ပြီ။ ကျုပ်တို့ ခေါင်းဆောင် ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်သွားတာနဲ့ ကျုပ်တို့ စူးခရာအဖွဲ့ခွဲက...”

“ခေါင်းဆောင်က အင်မော်တယ် ဧကရာဇ်အဆင့်ထဲ မရောက်သေးဘူးလား”

မိုဝူကျီက ကုန်းယီ စကားကိုဖြတ်ကာ တအံ့တဩ မေးလိုက်သည်။ သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှာ အလွန်အားကောင်း သောကြောင့် သူတို့အဖွဲ့ခွဲ ခေါင်းဆောင်မှာ အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မိခဲ့သည်။

ကုန်းယီက အတော်လေး စိတ်အားငယ်စွာ ခံစားနေမိသည်။ ဤအကြီးအကဲမိုက သူမြင်ဖူးသမျှ လူများထဲ ဆေးလုံးတာအို၌ အရည်အချင်း အကောင်းဆုံးသူ ဖြစ်သောကြောင့် အကြီးအကဲမို၏ အနာဂတ်မှာ ကန့်သတ်ချက် ကင်းမဲ့လေ၏။

ထိုသို့ အလားအလာကောင်းသည့် အကြီးအကဲ တစ်ယောက်က ကျင့်ကြံဆင့်နှင့် ပတ်သက်လာလျှင် အနည်းငယ်သာ သိတာပါ့လား ...

“အကြီးအကဲမို ... ကျုပ်တို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှာ ရှိတဲ့ အင်မော်တယ် ဧကရာဇ်အဆင့်ကို လက်တစ်ဖက်တည်းနဲ့ ချိုးရေလို့ ရတယ်။ အဲဒါတောင်တချို့ အင်မော်တယ် ဧကရာဇ်တွေက သူတို့ကိုယ်သူတို့ လူသိမခံချင်ကြဘူး။ လက်တွေ့ကျ ကျုပ်တို့ စူးခရာအဖွဲ့ခွဲမှာ ဧကရာဇ်တစ်ပိုင်းအဆင့် ရှိတယ်ဆိုတာ တော်တော်လေး အံ့ဩဖို့ ကောင်းနေပြီရယ်”

ကုန်းယီက အသေးစိတ် ရှင်းပြလိုက်သည်။

လက်တွေ့၌ သူက လက်တစ်ဖက်စာသာ ရှိကြောင်း ပြောစဉ်က အပိုပြောမိနေခြင်း ဖြစ်သည်။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့တွင် အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက်ပင် မရှိပေ။ ကုန်းယီက မသေချာသော်လည်း သူ့အမြင်အရ ထိုသို့သာ ဖြစ်၏။

မိုဝူကျီက ထိုစကားများကို ကြားစဉ် မျက်မှောင်အနည်းငယ် ကြုတ်မိသွားသည်။

အကယ်၍ သူတို့တွင် အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက် မရှိလျှင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို အားလုံးအပေါ် အုပ်စိုးခွင့် မည်သို့များ ခွင့်ပြုထားသနည်း။

အချိန်တချို့အကြာတွင် မိုဝူကျီက နောက်ထပ် မေးခွန်း မေးလိုက်သည်။

“ကုန်းယီ  ... ကျုပ်ကြားတာတော့ နတ်ဆိုး စန္ဒာအင်မော်တယ် ဂိုဏ်းရဲ့ အကြီးအကဲဂူက အင်မော်တယ် ဧကရာဇ် နောက်ဆုံးအဆင့် ရောက်နေပြီဆို ... သူက ယုံရင်အင်မော်တယ် နယ်မြေရဲ့ ကောင်းကင် ဧကရာဇ်နဲ့ ခရမ်းရောင် ဘူးသီးခြောက်ကြောင့် တိုက်ခိုက်ခဲ့သေးတယ်တဲ့။ အဲဒါဆိုတော့ နတ်ဆိုး စန္ဒာ အင်မော်တယ် ဂိုဏ်းက ထိပ်သီးဂိုဏ်းတစ်ခုလား ”

ကုန်းယီက မိုဝူကျီ၏ အဆင့်အတန်းကို ခဏတာ မေ့လျော့သွားကာ နှာခေါင်းရှုံ့ရင်း

“နတ်ဆိုး စန္ဒာ အင်မော်တယ် ဂိုဏ်းမှာ အင်မော်တယ် ဧကရာဇ်အဆင့် ရှိတယ်တဲ့လား။ သူတို့တွေ လျှောက်ပြောနေတာပဲ ဖြစ်လိမ့်မယ်။ တကယ်လို့ သူတို့ဆီ အင်မော်တယ် ဧကရာဇ်အဆင့် ရှိရင်လည်း အစောပိုင်းအဆင့်ပဲ ဖြစ်လိမ့်မယ်။ အကြီးအကဲဂူကို ကျုပ်သိတယ်။ သူကအချိန်အတော်ကြာ ဧကရာဇ်တစ်ပိုင်း အဆင့်မှာ ရှိနေခဲ့တဲ့ သူ တစ်ယောက်ပဲ  ... ”

မိုဝူကျီက နားမလည်စွာ မေးလိုက်သည်။

“တကယ်လို့ အကြီးအကဲဂူက အင်မော်တယ် ဧကရာဇ်အဆင့် မရောက်သေးဘူးဆိုရင် ယုံရင်အင်မော်တယ် နယ်မြေရဲ့ ကောင်းကင် ဧကရာဇ်နဲ့ ဘယ်လိုလုပ် တိုက်နိုင်တာလဲ။ ယုံရင်အင်မော်တယ် နယ်မြေရဲ့မိုးမြေကိုတောင် ဖျက်ဆီးနိုင်တယ်လေ”

ကုန်းယီက ပြန်ဖြေလိုက်သည်။

“ယုံရင်အင်မော်တယ် နယ်မြေက အင်မော်တယ်နယ်မြေ ခုနစ်ခုမှာ အဆင့်နိမ့်ဆုံးလေ။

ကောင်းကင်ဧကရာဇ်က အင်မော်တယ် တစ်ပိုင်းအဆင့်ပဲ ရောက်သေးတဲ့ ကွေ့ဖုန်းယွင်လေ... ယုံရင်အင်မော်တယ် နယ်မြေက အင်မော်တယ် ဧကရာဇ်တချို့တော့ ရှိပေမဲ့ အဲဒီကောင်းကင် ဧကရာဇ် ကွေ့ဖုန်းယွင်တော့ မဖြစ်နိုင်ဘူး”

မိုဝူကျီက တိတ်ဆိတ်သွားလေ၏။ ကုန်းယီက သူ့အား လိမ်ညာလိမ့်မည်ဟု မထင်ပေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ သူ ရရှိထားသော သတင်း အချက်အလက်များက မှားယွင်းနေခြင်း ဖြစ်၏။ သို့သော် မဖြစ်နိုင်ခြင်း‌တော့ မဟုတ်ပေ။ တုံ့ဟွားလုံက လမ်းပေါ်တွင် တောက်တိုမယ်ရ လုပ်သည့်သူ တစ်ယောက်မျှသာ ဖြစ်ပြီး သူ ရရှိလာသည့် သတင်းများမှာ လမ်းပေါ်မှ ပျံ့နှံ့လာသော အကြောင်းအရာများသာ ဖြစ်၏။

သတင်းပြန့်လာသည့်အခါ အမှန်တရားမှ သွေဖယ်နေခြင်းလည်း ပါရှိပေလိမ့်မည်။ အထူးသဖြင့် ဤသို့သော တိုက်ပွဲမျိုး ဖြစ်သည်။ လူများက တိုက်ပွဲအကြောင်း ချဲ့ကား ပြောဆိုကြပြီး အင်မတန် အံ့အားသင့်ဖွယ် ကောင်း‌အောင် လေလုံထွားကြခြင်း ဖြစ်ပေသည်။

မိုဝူကျီ တိတ်ဆိတ်သွားသည်ကို မြင်ပြီးကုန်းယီက ရှင်းပြလိုက်သည်။

“ဟိုးအရင်ကတည်းက အင်မော်တယ် ဧကရာဇ်တစ်ယောက် ဖြစ်ဖို့က အတော်လေး ခက်ခဲတဲ့ အရာပဲ။ ကံတရား ရှိရမှာတင် မကဘူး။ ကံကောင်းမှုလည်း ရှိရမယ်။ ပါရမီ တစ်မျိုးတည်းအပေါ် မှီခိုထားလို့ မရဘူး။ အင်မော်တယ် ဧကရာဇ်ဖြစ်လာဖို့ တော်တော်ခက်ခဲတာ ဆိုတော့ ဂိုဏ်းတော်တော်များများက သူတို့ရဲ့ ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတွေကို အင်မော်တယ် ဧကရာဇ်ဆိုပြီး ခေါ်လာကြတာ။ ဒါပေမဲ့ လက်တွေ့ကျတော့ ခြားနားချက်က အကြီးကြီးပဲ။ ဧကရာဇ်တပိုင်း အဆင့် အယောက်တစ်ရာက တကယ့် အင်မော်တယ် ဧကရာဇ်အဆင့်ရှေ့မှာ ပမွှားလေးတွေပဲ ”

မိုဝူကျီက ကုန်းယီ၏ ပခုံးကို ပုတ်ကာ

“ကုန်းယီ ... ဒီအကြောင်းအရာက ကျုပ်အတွက် အတော်လေး အသုံးဝင်တယ်။ ကျေးဇူးပါ”

အကယ်၍ သူသာ ကိုယ်တိုင် မကြုံတွေ့မိလျှင် သူ ရရှိထားသော သတင်းများမှာ လစ်ဟာချက်များ ရှိနေလိမ့်မည်။ ထို့အပြင်အကြောင်းမှာ သူက မိုဝူကျီကို ကပ်ဖားလျက်ဖား လုပ်နေ၍ကုန်းယီကို လျှော့မတွက်သင့်ပေ။ လက်တွေ့၌ ပါရမီရှင်များစွာကပင် ကုန်းယီ၏ နောက်ခံကို မယှဉ်နိုင်ကြပေ။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့အတွက် စစ်ဆေးမှု တာဝန်ခံဆိုသော အဆင့်အတန်းမှာ လူများကို ဖိနှိပ်ထားဖို့ရာ လုံလောက်ပေသည်။ ဤအနေအထားတွင် ရှိနေသောကြောင့် ကုန်းယီမှာ ပို၍ တိကျသေချာသော သတင်းများ လက်ခံရရှိနေခြင်း ဖြစ်သည်။

ကုန်းယီက မျက်နှာသာ ပေးခံရမှုကြောင့် အနည်းငယ် စိတ်လှုပ်ရှားမိသွားသည်။ သူ ပြောလိုက်သည်များက အခြေခံ အကြောင်းအရာများသာ ဖြစ်၏။

မိုဝူကျီက ကုန်းယီကို ခရမ်းရောင် ဘူးသီးခြောက် ဆက်မမေးတော့ပေ။ မည်သို့ပင် ဖြစ်စေ ထိုကိစ္စမှာ ယာယီအားဖြင့် သူနှင့် မသက်ဆိုင်ပေ။

သူတို့တွေ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ အဝင်ဝဆီ ရောက်လာသည့်အခါ မိုဝူကျီက တစ်ခုခု တွေးမိဟန်ဖြင့် ချက်ချင်း မေးလိုက်သည်။

“ကုန်းယီ ... တကယ်လို့ ယုံရင်အင်မော်တယ် နယ်မြေရဲ့ ကောင်းကင် ဧကရာဇ်ကအင်မော်တယ် ဧကရာဇ်အဆင့် မဟုတ်ဘူးဆိုရင် တခြားအင်မော်တယ် နယ်မြေက ဘာလို့ မတိုက်တာလဲ ”

ကုန်းယီက အသံနိမ့်ကာ ခေါင်းအထက် ညွှန်ပြပြီး

“ကြားတာတော့ ဒီအင်မော်တယ်နယ်မြေ ခုနစ်ခုအပြင်ဘက်မှာ ပိုမြင့်တဲ့နေရာ ရှိသေးတယ်တဲ့။ အင်မော်တယ်လောကရဲ့ စည်းကမ်းအများစုနဲ့ အမိန့်တွေက အဲဒီအလွန်မြင့်မားတဲ့ ကောင်းကင်ဘုံကြောင့် ဖြစ်လာတာ ”

မိုဝူကျီက ထပ်မမေးတော့ဘဲ ဤအကြောင်းကို မမေးသင့်ကြောင်း ခံစားမိလိုက်သည်။ သူ မေးလိုက်လျှင်ပင် ကုန်းယီက ဘာမှသိမည် မဟုတ်ပေ။ မိုဝူကျီက ပိုပိုသိလာလေလေ အင်မော်တယ်လောကမှာ ထိုမျှ ကြီးကျယ်နသည့် နေရာ မဟုတ်ကြောင်း ခံစားမိလာလေလေ ဖြစ်၏။ ကိုယ့်ကျိုးကိုယ်သာ ကြည့်သည့် စိတ်ဓာတ်သေးနုပ်ပြီး မနာလိုသူများနှင့် ပြည့်နှက်နေသည့် လောကတစ်ခုသာ ဖြစ်၏။

***

မိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ လေ့ကျင့်ရေး ရေကန်မှာ မြေအောက်နှစ်လွှာ၌ ရှိနေလိမ့်မည်ဟု ထင်မထားပေ။သူ သွားခဲ့သည့် ရတနာတိုက်၏ အောက်တစ်လွှာ မဟုတ်ပါလော။

မိုဝူကျီကို ခေါ်ဆောင်လာပြီးနောက် ကုန်းယီက ရပ်ကာသူတို့ရှေ့မှ ကျောက်တံခါးကြီးကို ညွှန်ပြရင်း

“အကြီးအကဲမို ... ဒီကျောက်တံခါးက ကျုပ်တို့ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာအဖွဲ့ခွဲရဲ့ အင်မော်တယ် လေ့ကျင့်ရေး ရေကန်ပဲ။ အကြီးအကဲ အမှတ်သားပြားနဲ့ အထက်ပဲ ဝင်လို့ရတာ ”

“ကျုပ် သိပါပြီ ... ကုန်းယီ ... အရင်ဆိုင်ကို ပြန်နှင့်လိုက်ပါ။ ကျုပ် ကျိုးပျက်ကမ္ဘာက ပြန်လာတဲ့အထိ စောင့်ပေး ... ပြီးသွားရင် ဆိုင်ကို လာပြီးတော့ ခင်ဗျားကို ဆေးလုံး ပညာရပ်တချို့ သင်ပေးမယ် ”

မိုဝူကျီက ကုန်းယီ၏ အတွေးများကို သိလိုက်သည်။ ကုန်းယီ၏ အပြုအမူတချို့မှာ လေးစားမှုကြောင့် ဖြစ်သော်လည်း ပို၍အရေးကြီးသည်မှာ ကုန်းယီက သူ့ဆေးလုံးတာအို တိုးတက်လိုနေခြင်း ဖြစ်၏။

ကုန်းယီအတွက်ဆရာ ရှာသည့်အခါ ကျင့်ကြံဆင့်မှာ ဆေးလုံးပညာရပ်လောက် အရေးမပါပေ။

“ဟုတ် အကြီးအကဲကို ကျေးဇူးတင်ပါတယ်”

ယခု ကုန်းယီက မိုဝူကျီ၏ ကတိကဝတ်ကို ရရှိပြီးပြီ ဖြစ်၍ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ ထွက်သွားလိုက်တော့သည်။

ကုန်းယီ ထွက်သွားသည်နှင့် မိုဝူကျီက သူ့အကြီးအကဲ အမှတ်အသားပြားကို ထုတ်ကာ ကျောက်တံခါးဘေးမှ မြောင်းရာထဲ ထည့်လိုက်သည်။

ကျောက်စိမ်းပြား ထည့်လိုက်သည်နှင့် ကျောက်တံခါးမှာ “ဂျိန်းဂျိန်း” မြည်ရင်း ဖြည်းဖြည်းချင်း ပွင့်သွားလေ၏။

ကျောက်တံခါးထဲသို့ မဝင်ခင် မိုဝူကျီက သိပ်သည်းကြွယ်ဝလှသော အင်မော်တယ် ဝိညာဉ်စွမ်းအားများကို ခံစားမိလိုက်သည်။

မိုဝူကျီက သူ့ကျောက်စိမ်းပြားကို မြန်မြန် ဆွဲယူလိုက်ပြီး လေ့ကျင့်ရေး ရေကန်ဆီသာ အလျင်အမြန် ဝင်သွားလိုက်သည်။ မိုဝူကျီ ဝင်သွားသည်နှင့် လေးလံလှသော ကျောက်တံခါးကြီးမှာ ဖြည်းဖြည်းချင်း ပြန်ပိတ်သွား၏။

ဧရာမ ခန်းမကြီး တစ်ခု ဖြစ်ပေသည်။ အခန်းအလယ်၌ မီတာရာကျော် ကျယ်ဝန်းသောဧရာမ ရေကန်ကြီး တစ်ခု ရှိနေသည်။ ရေကန်အလယ်၌ ကျောက်ဖျာ တစ်ခု ရှိနေသည်။

ရေကန်မျက်နှာပြင်၌ မြူများ အုံ့ဆိုင်းနေပြီး ဤနေရာရှိ အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ သိပ်သည်းရုံသာမက သဘာဝ တာအိုစွမ်းအားများလည်း ပါဝင်နေသည်။

မိုဝူကျီက ကျောက်ဖျာပေါ် မြန်မြန် သွားလိုက်ပြီး ထိုင်ချကာ သူ့ချီသွေးကြော ၁၀၈ခ ခုလုံးကို နှိုးဆွလိုက်သည်။

ချီသွေးကြော၁၀၈ခုလုံး ဖြစ်ပေါ်လာပြီးနောက် အသေးစား လှည့်ပတ်မှု လမ်းကြောင်းများက ဧရာမလှည့်ပတ်မှု လမ်းကြောင်းကို ဖြစ်ပေါ်လာစေသည်။ ချက်ချင်းဆိုသလို အင်မော်တယ် ဝိညာဉ်စွမ်းအားများက လှိုင်းလုံးကြီးများအလား ဖြစ်ပေါ်လာကာ မိုဝူကျီဆီ ပြေးဝင်လာတော့သည်။ အင်မော်တယ် မြူများမှာလည်း နေရာတစ်ခုကို တွေ့သွားသည့်အလား မိုဝူကျီ၏ ဘေးပတ်လည်ကို ရစ်ပတ်လာပြီး မိုဝူကျီ၏ ခန္ဓာအတွင်း ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။

ထိန်းချုပ်မှု ကင်းလွတ်သွားသည့် မိုဝူကျီမှာ ကြိတ်ဆုံကျောက်အလား သူ့အား လှည့်ပတ်နေသည့် အင်မော်တယ် ဝိညာဉ်စွမ်းအားများကို ဝါးမျိုပစ်ကာ သူ့ကိုယ်ပိုင် စွမ်းအားအဖြစ် ပြောင်းလဲပစ်လိုက်သည်။

မိုဝူကျီ တစ်ယောက် ကျင်းရှန်း အလယ်အလတ်အဆင့် ရောက်သည်မှ စ၍ သူ့ကျင့်ကြံနှုန်းမှာ တန့်နေကြောင်း သတိထားမိသည်။ သို့သော် ဤအခိုက်အတန့်လေး၌ သူက လေ့ကျင့်ရေး ရေကန်အတွင်း အသည်းအသန် ကျင့်ကြံနေသောကြောင့် ရပ်တန့်နေခဲ့သော သူ့ကျင့်ကြံဆင့်မှာ ပြန်လည် အသက်ဝင်လာပြီး ဆက်တိုက် မြင့်တက်သွားတော့သည်။

သူ့အသိစိတ်ပင်လယ်မှာ ကျယ်ပြန့်လာသလို သူ့အင်မော်တယ် သဘာဝစွမ်းအားများက ဆက်လက်၍ သိပ်သည်းလာပြီး သူ့ချီသွေးကြောများက ဆက်တိုက်ဆိုသလို ပိုမိုကျယ်ပြန့်လာလေသည်။

***

All Chapters