← Chapters

ကြယ်ကိုးလုံး ပါရမီရှင်၏ နေရာ

Vol. 38 Ch. 519

ကြယ်ကိုးလုံး ပါရမီရှင်၏ နေရာ

Vol. 38 Ch. 519

ငါးလကြာပြီးနောက် မိုဝူကျီ၏ ကျင်းရှန်း အလယ်အလတ်အဆင့်မှာ ကန့်သတ်ချက်အထိ ရောက်ရှိသွားလေသည်။ သိပ်သည်းကြွယ်ဝလှသော အင်မော်တယ် စွမ်းအားများအောက် သူ့ကျင့်ကြံဆင့်မှာ အလယ်အလတ်အဆင့်ကို ကျော်ဖြတ်၍ နောက်ပိုင်းအဆင့်သို့ ရောက်ရှိသွားလေပြီ။

မိုဝူကျီက သူ့အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ အားနည်းလာကြောင်း ခံစားမိ၍ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်တော့သည်။ သူ မျက်လုံး ဖွင့်လိုက်သည်နှင့်သူက ဤနေရာရှိ အင်မော်တယ်မြူများမှာ ပါးလွှာလာကြောင်း တွေ့ရှိသွားသည်။ သူက ဆက်၍ မကျင့်ကြံနိုင်တော့ပေ။

ဆက်၍ ကျင့်ကြံနေပါက အင်မော်တယ် လေ့ကျင့်ရေး ရေကန်မှ စွမ်းအားများအားလုံးကို ခြောက်ခန်းသည့်အထိ စုပ်ယူပစ်လိမ့်မည်။ ထို့အပြင် ကျိုးပျက်ကမ္ဘာက မကြာခင် ဖွင့်တော့မည် ဖြစ်သည့်အတွက် ထိုအခွင့်အရေးကို လက်မလွတ်လိုပေ။

မိုဝူကျီက ထရပ်လိုက်သည်။ သူက ထွက်သွားဖို့ တွေးတောနေစဉ် နှလုံးခုန်နှုန်းပင် မြန်လာမိသည်။ ဝိညာဉ်စွမ်းအားများက သူ့နဖူးအထက် စုစည်းလာပြီး စိတ်ဝိညာဉ်မျက်လုံး ဖြစ်တည်လာသည်။

မိုဝူကျီကို ကျေနပ်သွားစေသည်က ဤစိတ်ဝိညာဉ်မျက်လုံးမှာ အဆများစွာ အားကောင်းနေခြင်းကြောင့် ဖြစ်၏။ သူက ဤလေ့ကျင့်ရေး ရေကန်မှ အတားအဆီး အစီအရင်များ၏ ပြင်ပန်းကိုပင် မြင်တွေ့နေရသည်။

သူ့စိတ်ဝိညာဉ်မျက်လုံးက သူ့ကျင့်ကြံဆင့်နှင့် လိုက်၍တိုးတက်လာခြင်း ဖြစ်၏။ သူက စိတ်ဝိညာဉ်မျက်လုံးက မည်သို့ အစီအရင်များကို ဖြတ်သန်း၍ မြင်ရသည်ကို တွေးမိလိုက်သည့်အခါ စိတ်နှလုံးသား၌ ပျော်ရွင်မှုနှင့် အပြည့်ဖြစ်သွားသည်။ သူ့စိတ်ဝိညာဉ် မျက်လုံးသာ အဆင့်တစ်ခုအထိ ရောက်ရှိသွားပါက အစီအရင်ကို နားလည်နိုင်စွမ်း မရှိလျှင်ပင် ဤစိတ်ဝိညာဉ်မျက်လုံးက သူ့အား အကူအညီ ပေးနိုင်လိမ့်မည်။ ယခင်က သူ့စိတ်ဝိညာဉ် မျက်လုံးအကြောင်း ဂရုမစိုက်ခဲ့သော်လည်း အမြင်နှင့်တင် ဤလျှို့ဝှက်ပညာရပ်မှာ အတော်လေး အံ့ဩဖို့ကောင်းကြောင်း ခံစားမိနေသည်။

မိုဝူကျီက သူ့ကိုယ်သူ သန့်ရှင်းဆေးကြောလိုက်ပြီး အင်မော်တယ် လေ့ကျင့်ရေး ရေကန်မှ ထွက်လာလိုက်သည်။

သူ ပထမထပ် ခန်းမ ရောက်လာသည်နှင့် ကုန်းယီက သူ့အား လာစောင့်နေသည်ကို မြင်လိုက်ရသည်။

“အကြီးအကဲမို လေ့ကျင့်ရေးက ထွက်လာတဲ့အတွက် ဂုဏ်ယူပါတယ်”

ကုန်းယီက မိုဝူကျီကို မြင်လိုက်သည့်အခါ မြန်မြန် လာရောက်နှုတ်ဆက် လိုက်သည်။

ဤကုန်းယီက ကမ္ဘာကြီးမှ လမ်းစဉ် နည်းလမ်းများအကြောင်း သေချာသိသူဖြစ်ကာ မိုဝူကျီကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။ မိုဝူကျီက ဤလူကို ဆိုင်အတွက် တာဝန်ပေးရလျှင် အသင့်တော်ဆုံး ဖြစ်လိမ့်မည်ဟု ခံစားမိလာသည်။ ကျိုးပျက်ကမ္ဘာသို့ သွားစဉ် အင်မော်တယ်ဆေးပင် အပုံလိုက်ရလာလျှင် အကောင်းဆုံး ဖြစ်၏။ ထို့နောက် ဆေးလုံးများများ ဖော်စပ်ပြီးကုန်းယီကို ရောင်းချခိုင်း၍ ရလေပြီ။

မိုဝူကျီ ခေါင်းညိတ်လိုက်သည်ကို မြင်၍ ကုန်းယီက သူ့အပြုအမူမှာ မှန်ကန်ကြောင်း သိလိုက်သည်။ ထို့နောက် သူကမြန်မြန် ပြောလိုက်သည်။

“ဟွားလုံကဆိုင်ထဲမှာ ကျင့်ကြံနေတယ်။ ကျိုးပျက်ကမ္ဘာက မကြာခင် ဖွင့်တော့မှာဆိုတော့ အကြီးအကဲကို လာခေါ်တာပါ ”

မိုဝူကျီက ကျိုးပျက်ကမ္ဘာသို့ သွားရန် ရည်ရွယ်ထားပေသည်။ ယခု ကုန်းယီ စကားများကို ကြားသောအခါ ပြန်ဖြေလိုက်၏။

“ဒီလိုဆိုမှတော့ ခင်ဗျားကို အလုပ်ရှုပ်စေမိတော့မှာပဲ။ ဒါနဲ့ ကျုပ် တံခါးပိတ် ကျင့်ကြံနေတုန်း ထူးထူးဆန်းဆန်း ဖြစ်သွားတာ ရှိသေးလား ”

ကုန်းယီကမြန်မြန် အဖြေပေးလိုက်သည်။

“ဘာမှတော့ မဖြစ်ပါဘူး။ ရှန်းမူချင်လို့ ခေါ်တဲ့ ကြယ်အဆင့် ပါရမီရှင် တစ်ယောက်‌တော့ လာရှာပေမဲ့ အကြီးအကဲမို တံခါးပိတ် ကျင့်ကြံနေတာကို ကြားပြီး နောက်ထပ် ရောက်မလာတော့ဘူး။ ပြီးတော့ လော့လင်အင်မော်တယ် နယ်မြေရဲ့ အင်မော်တယ် ဧကရာဇ် ဝမ်လန်က ရေတံခွန်ထဲမှာ ရှိနေစဉ်အသိဉာဏ် ပွင့်ခဲ့တယ်။ သူမရဲ့တာအိုကို အတည်ပြု ခိုင်မာစေဖို့ နိုဘယ်ရွှေမီး သဏ္ဌာန်ကို သုံးပြီး ကံတရားကို ဖိနှိပ်ပြီးတော့ရေတံခွန် အင်မော်တယ်ဂိုဏ်းကို တည်ထောင်ခဲ့တယ်။  တစ်ချိန်တည်းမှာ သူမရဲ့အင်မော်တယ် လက်ဖက်ရည်ကြမ်း ပွဲတော်မှာ ဆင်နွဲဖို့ ပါရမီရှင် အများအပြားကို ဖိတ်ကြားထားတယ် ”

သူက တုံ့ဟွားလုံမှ တစ်ဆင့် အကြီးအကဲမိုက သတင်းအကြောင်းအရာ အမျိုးမျိုးကို စိတ်ဝင်စားကြောင်း ကြားသိခဲ့ရသည်။ ထို့ကြောင့် ကုန်းယီက ထိုအတင်းအဖျင်းများကို သေချာနားထောင်ထားခြင်း ဖြစ်သည်။ မိုဝူကျီက ထိုသတင်းများကို ကြားပြီးနောက် အတော်လေး ကျေနပ်သွားကြောင်း သိသာလှသည်။

ကျိုးပျက်ကမ္ဘာသို့ သွားရမည့် ထွက်ခွာနေရာမှာ ဆေးလုံးတာအို မဟာမိတ် စူးခရာအဖွဲ့ခွဲနှင့် သိပ်မကွာဝေးလှပေ။ နှစ်ယောက်လုံးက စကားပြောရင်း သွားလိုက်ကြသည်။ အမွှေးတိုင် တစ်တိုင်စာအတွင်း သူတို့ဦးတည်ရာသို့ ရောက်ရှိသွားသည်။

“အကြီးအကဲမို ... ကျိုးပျက်ကမ္ဘာကို သွားမဲ့ ကူးသန်းရေး မျှော်စင်က ရှေ့မှာပါ။ အထဲဝင်ဖို့ အမှတ်အသားပြားကို ပြလိုက်ရုံပါပဲ။ ကျိုးပျက်ကမ္ဘာကို သွားမဲ့ သူတွေက မျှော်စင်ထဲကို လဝက်ကနေ တစ်လလောက် ကြိုသွားရတယ်။ အဲဒီနည်းနဲ့အရင်ဆုံး ကူးပြောင်းခံရသလို နေရာကောင်းလည်း ရနိုင်တာပေါ့။ နေရာကောင်းရတာက ဂုဏ်သတင်းအတွက် သက်ရောက်မှု ရှိရုံတင်မကဘူး ကျင့်ကြံဆင့်အတွက်လည်း အကျိုးရှိတယ်”

ကုန်းယီက မျှော်စင်ကို ညွှန်ပြရင်း ပြောလိုက်သည်။

မိုဝူကျီက ကုန်းယီ၏ အလုပ်သဘောထားကို အတော်လေး ကျေနပ်မိလေသည်။

“ကုန်းယီ ... အရင်ဆုံး ပြန်နှင့်လိုက် ... ဟွားလုံက အတွေ့အကြုံ သိပ်မများသေးဘူးဆိုတော့ ခင်ဗျား တတ်နိုင်သလောက် သူ့ကို ဂရုစိုက်ပေးပါဦး။ ကျုပ် ပြန်ရောက်လာတဲ့အခါကျ ခင်ဗျားကို အဆင့် ၄ ဆေးလုံးဆရာ ဖြစ်လာဖို့ ညွှန်ပြပေးမယ် ”

ကုန်းယီက လက်များ တုန်ယင်လာသည့်အထိ စိတ်လှုပ်ရှားလာမိသည်။ မိုဝူကျီက မှားပြောမှန်း သိသော်လည်း အမှန်တော့သူ့အား အဆင့်နှစ် မှ အဆင့်သုံး တက်လှမ်းဖို့ရာ သင်ပြပေးဖို့ရာ ဖြစ်သင့်သော်ငြား သူ့အတွက် ခြားနားချက် မရှိပေ။ ဤနှစ်တွေအများကြီး သူက အဆင့်၃ ဆေးလုံးအကြီးအမှူး အစစ်အမှန် ဖြစ်လာဖို့ရာ အနည်းငယ် လိုအပ်နေကြောင်း သိ၏။

သူက မိုဝူကျီကဲ့သို့ ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင်ဆီမှ လမ်းညွှန်မှု ရရှိလိုက်လျှင်ပင် သူ့အတွက် ထိုလစ်ဟာချက်ကို ကျော်ဖြတ်နိုင်ဖို့ရာ ပုံမှန်ကိစ္စရပ် တစ်ခုတော့ မဟုတ်ပေ။

“ဟုတ်ကဲ့ပါ အကြီးအကဲမို ”

ကုန်းယီက ဦးညွှတ်ကာ ဘေးမှ စောင့်နေလိုက်သည်။

မိုဝူကျီက မျှော်စင်ဆီ သွားလိုက်သည်။

“ကျိုးပျက်ကမ္ဘာကို ဖိတ်ကြားလွှာ တစ်ချက် ပြပေးပါ ”

မိုဝူကျီက ဝင်လိုက်သည်နှင့် ကျင့်ကြံသူ တစ်ဦးက တားမြစ်လိုက်သည်။

မိုဝူကျီက သူ့အကြီးအကဲ အမှတ်အသားပြားကို ထုတ်ပြလိုက်သည်။ ကျင့်ကြံသူက မိုဝူကျီ၏ ကျောက်စိမ်းပြားကို လက်ခံလိုက်ပြီး မိုဝူကျီမှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ခွဲ၏ အကြီးအကဲ တစ်ယောက် ဖြစ်နေမှန်း သတိပြုမိလိုက်သည့်အခါ သူ့အမူအရာမှာ ချက်ချင်း လေးနက်သွားလေ၏။

ကျောက်စိမ်းပြားကို သေချာစစ်ဆေး ကြည့်ပြီးနောက် ထိုကျင့်ကြံသူက မိုဝူကျီဆီ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ပြန်ပေးလိုက်သည်။

“အကြီးအကဲမို ... တတိယထပ်သို့ ကျေးဇူးပြုပြီး သွားပေးပါဗျ ”

သုံးရတာ အတော်လေး ကောင်းတာပဲ  ...

မိုဝူကျီက ထိုကျင့်ကြံသူကို ခေါင်းတစ်ချက်ညိတ်ကာ သူ့ကျောက်စိမ်းပြားကို သိမ်းထားလိုက်ပြီး ဝင်သွားလိုက်သည်။

***

မိုဝူကျီ တတိယအလွှာထဲ ရောက်သည့်အခါ လူများစွာရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်သည်။

ထိုင်ခုံများမှာ အတော်လေး စိတ်ကျေနပ်ဖွယ် ကောင်းပေ၏။ ပြတင်းပေါက်နှင့် အနီးတွင် သိသိသာသာ တောက်ပနေသော ထိုင်ခုံများမှာ ကြယ်ကိုးလုံး ထွင်းထုထားသည့်အလား ဖြစ်နေသည်။ ပြတင်းပေါက်နှင့် မနီးမဝေးတွင် နေရာကျယ်ကျယ် ထိုင်ခုံများကို ကြယ်ရှစ်လုံးဖြင့် ညွှန်းဆိုထား၏။ အဝေးတစ်နေရာ၌ ကြယ်ခုနစ်လုံး၊ ကြယ်ခြောက်လုံးနှင့် ကြယ်ငါးလုံးအထိ ရှိပေသည်။ အဝေးဆုံးနေရာနှင့် ထောင့်များတွင် ထုထွင်းထားသည့်အရာ မရှိသလို အမှတ်အသားလည်း မရှိချေ။

သူက အခန်းကို ဝေ့ကြည့်လိုက်ပြီးနောက် ခြားနားချက်ကို မြင်လိုက်ရသည်။ ကြယ်ထိုင်ခုံများကို ထိုင်ကြသူများမှာ ဝိညာဉ်စွမ်းအားများ တောက်ပနေသည့် လူများအတွက် ဖြစ်ပြီး သာမန်ကျင့်ကြံသူများက အပြင်ဘက်ဆုံး ထိုင်ခုံများတွင် ထိုင်ကြရပြီး တချို့မှာ မတ်တတ်ပင် ရပ်နေကြရသည်။

တစ်ချိန်တည်းတွင် သူက ရင်းနှီးကျွမ်းဝင်သော လူများကို မြင်တွေ့လိုက်ရ၏။ မုရုန်ရှန်းယွိ၊ ချောင်းချန်ယန်နှင့် အောင်းထျန်းချန်တို့ ဖြစ်ပေသည်။ မုရုန်ရှန်းယွီ ဘေးတွင် ဂူကျိကျန်းလည်း ရှိနေသေး၏။

မိုဝူကျီက ထိုကိစ္စကို များများစားစား ဂရုမစိုက်ပေ။ နေရာလွတ်ထိုင်ခုံတချို့ ရှိနေသောကြောင့် သူက အပြင်ဘက်၌ ရပ်မနေပေ။ ပြတင်းပေါက်နှင့် အနီးဆုံး နေရာကို ရွေးချယ်၍ ထိုင်ချလိုက်သည်။ သူတို့က ချက်ချင်း ကူးသန်းသွားရမည် မဟုတ်သေးသောကြောင့် ထိုထိုင်ခုံမှာ မြင်ကွင်းကောင်းကောင်း ရှိပြီး သက်တောင့်သက်သာလည်း ရှိပေသည်။

မုရုန်ရှန်းယွီက မိုဝူကျီကို မြင်လိုက်သည်နှင့် မျက်မှောင်ကြုတ် လိုက်သည်။ မိုဝူကျီက အဘယ်ကြောင့် ဤနေရာရောက်လာကြောင်း သူမ မသိပေ။ ဤနေရာရှိ ကျင့်ကြံသူတိုင်းမှာ သာမန်လူများ မဟုတ်ကြပေ။ ထောင့်တွင် ထိုင်နေကြသော လူများပင် နောက်ခံကြီးသူများ ဖြစ်ကြ၏။ သူတို့မှာ ကြယ်ငါးလုံး ပါရမီရှင် ဒါမှမဟုတ် အဆင့်အတန်း မြင့်မားပြီး ကျင့်ကြံဆင့်နိမ့်ချထား သူများလည်း ဖြစ်နိုင်သည်။

“ယန်းယဲ့ ဒီမှာ ဘာလုပ်နေတာလဲ ”

ချောင်းချန်ယန်က အရင်ဦးဆုံး မေးလိုက်သည်။

မိုဝူကျီက ပြုံးကာ

“ကျုပ်က နာမည်ပြောင်းထားတယ်။ ယန်းယဲ့ မဟုတ်တော့ဘူး ... မိုဝူကျီ ဖြစ်သွားပြီ”

ချောင်းချန်ယန်က မိုဝူကျီ နာမည်ပြောင်းလိုက်သည့် အကြောင်းကို ဂရုမစိုက်ဘဲ ဆက်မေးလိုက်သည်။

“တာအိုရောင်းရင်းမို ... အဲဒီမှာ မထိုင်ဖို့ အကြံပေးချင်တယ် ”

မိုဝူကျီက မုရုန်ရှန်းယွီ၏ ဦးဆုံး တာအိုလက်တွဲဖော် ဖြစ်သောကြောင့် မိုဝူကျီအား မကျေမနပ် ဖြစ်ခဲ့ဖူးသော်ငြား ယခုတွင် မိုဝူကျီက မုရုန်ရှန်းယွီနှင့် လုံးဝ မပတ်သက်တော့ပေ။ သူက ဆက်ဆံရေးတစ်ခုမှ ရပ်စဲခံလိုက်ရလေပြီ။ ထို့အကြောင်းကြောင့် သူ့အနေဖြင့် သူနှင့် မိုဝူကျီမှာ ခံစားချက် တူသူများအဖြစ် ခံစားမိနေသည်။ ထို့အပြင် မိုဝူကျီက ယုံရင်အင်မော်တယ် နယ်မြေမှ ရောက်လာခြင်း ဖြစ်၍ ချောင်းချန်ယန်က အခြားကျင့်ကြံသူများနှင့် ယှဉ်လျှင် မိုဝူကျီနှင့် ပိုရင်းနှီးပေသည်။

“ဘာလို့လဲ”

မိုဝူကျီက မေးလိုက်သည်။

“ဒီထိုင်ခုံကို တစ်‌ယောက်ယောက်များ ဦးထားလို့လား ”

“ဟုတ်တယ် အဲဒီထိုင်ခုံကို ဦးထားပြီးသား ... အေး အဲဒီဦးထားတဲ့လူကလည်း ငါပဲ”

အနည်းငယ် ခပ်ဩဩအသံ ထွက်လာပြီးနောက် ပိန်ပါးပါး အသားရေ ခပ်လတ်လတ် လူငယ်တစ်ယောက် ရောက်လာသည်။

မိုဝူကျီက စိတ်ထဲမှ တွေးလိုက်သည်။ ထိုလူမှာ အတော်လေး ကြော့ရှင်းနေဟန် ပေါ်လွန်းသောကြောင့် အမျိုးသမီးအလား ထင်မှတ်ရသည်။

“ဖယ်စမ်း ... အဲဒါဆို မင်းကို ပြဿနာ မရှာတော့ဘူး”

ကြော့ရှင်းသပ်ရပ်သည့် လူငယ်က မိုဝူကျီရှေ့ ရောက်လာကာ ပြောလိုက်သည်။ သူ့အသံမှာ တည်ငြိမ်နေလေ၏။

မိုဝူကျီက မျက်မှောင်အနည်းငယ် ကြုတ်ကာ အောင်းထျန်းချန်ဘက် လှည့်လိုက်ရင်း

“အောင်းထျန်းချန် ... ဒီနေရာ ဦးထားတဲ့သူ ရှိလား။ တကယ်လို့ ဦးထားတယ် ဆိုရင်တော့ ကျုပ် ဖယ်ပေးလိုက်မယ် ”

မိုဝူကျီက ကုန်းယီကို ဤအကြောင်း မမေးခဲ့ရသည့်အတွက် ကျိုးပျက်ကမ္ဘာသို့ သွားမည့် ထိုင်ခုံမှာ နေရာသတ်မှတ်ချက် ရှိလား မသိပေ။ အကယ်၍ ဤထိုင်ခုံကို ဦးထားသည့်သူ ရှိလျှင်သူက တခြားသူ၏ ထိုင်ခုံကို ယူထားသလို ဖြစ်နေသည့်အတွက် မသင့်တော်ပေ။

အောင်းထျန်းချန်က မိုဝူကျီအကြောင်း ဂရုမစိုက်သော်ငြား သူက မိုဝူကျီသည် မလျော်မကန် လုပ်မည်ကို အနည်းငယ် စိုးရိမ်မိ၏။ ထိုလူ၏ မည်မျှ ယုတ္တိမတန်ကြောင်း ကိုယ်တိုင် ကြုံထားသည် မဟုတ်ပါလော။ ဤလူက သတိတစ်ချက် မပေးဘဲ သူ့ဓားမော့ကို သုံး၍ အာကာပြင် စူးစိုက် ရတနာစံအိမ်မှ ကျောက်ခြင်္သေ့ကြီးကို ဖျက်ဆီးပစ်ခဲ့သည်။ အကယ်၍ ဤလူသာ ဤနေရာ၌ သူ့အားပြဿနာရှာလျှင် သူ့အနေဖြင့် ကျိုးပျက်ကမ္ဘာကို သွားနိုင်လိမ့်မည် မဟုတ်တော့ပေ။ တစ်ဖက်၌ မိုဝူကျီမှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲ ဖြစ်နေသောကြောင့် ပြဿနာရှာလျှင်ပင် ကျိုးပျက်ကမ္ဘာသို့ သွားနိုင်ဦးမည် ဖြစ်၏။

သို့သော်လည်း သူက ဤလူနှင့် ဟွမ်းရှုရန် တို့တိုက်ခိုက်သည်ကို မြင်ဖူးချင်မိသည်။

အောင်းထျန်းချန်က ထိုအတွေး တွေးမိလိုက်သောကြောင့် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ဒီနေရာက ထိုင်ခုံတွေကို ဦးထားလို့ မရဘူး။ အရင်လာသူ အရင် ရွေးလို့ရတယ်။ ဒါပေမဲ့ ဒီထိုင်ခုံကို ဦးထားတဲ့သူ ရှိတယ်လို့ ပြောတဲ့ အကြောင်းအရင်းက ပြတင်းပေါက်နဲ့နီးတဲ့ ထိုင်ခုံတွေက ကြယ်ကိုးလုံး ပါရမီရှင်တွေအတွက် ဆိုတာပြောစရာ မလိုတဲ့ အချက်ပဲလေ ”

မိုဝူကျီက နားလည်သဘော ပေါက်သွားလေ၏။ သူ့ရှေ့မှ လူငယ်လေးမှာ ကြယ်ကိုးလုံး ပါရမီရှင်ဟုဆိုလိုခြင်း မဟုတ်ပါလော။ သူ့ရှေ့မှ လူငယ်လေးကို ဆိုမထားနှင့် နောက်ထပ် ကြယ်ကိုးလုံး ပါရမီရှင် ရောက်လာလျှင်ပင် ထိုလူလည်း သူ့နေရာကို လာထိုင်ပေလိမ့်မည်။ သူက ကြယ်အဆင့် ပါရမီရှင် မဟုတ်သော်လည်း မိုဝူကျီက ချီသွေးကြော ကျင့်ကြံရေးကို ဦးဆုံး ဖန်တီးတီထွင်ထားသူ ဖြစ်သည့်အတွက် ကြယ်ကိုးလုံး ပါရမီရှင်များနှင့် ယှဉ်လျှင် သူက နောက်ကောက်မကျပေ။

ထို့အပြင် အကယ်၍ သူ့တွင် ကျင့်ကြံခြင်း အထောက်အပံ့များ လုံလုံလောက်လောက် ရှိနေပြီး သူ့ချီသွေးကြော ၁၀၈ ခုလုံးမှ ဧရာမ လှည့်ပတ် လမ်းကြောင်း လှည့်ပတ်လိုက်လျှင် ကြယ်ကိုးလုံး ပါရမီရှင်က သူ့အား မည်သို့ ယှဉ်နိုင်မည်နည်း။ သူတို့တွေ သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။

သူက ထိုင်ခုံကို ရရန် ရည်ရွယ်ထားသောကြောင့် ထိုင်ရန် အခွင့်အရေး ရှိပေသည်။

အောင်းထျန်းချန်က ကြယ်ခုနစ်လုံး ပါရမီရှင် ဖြစ်သော်လည်း သူ့ဒေါသကြီးသည့် အကြောင်းမှာ နာမည်ကျော်ကြားပေသည်။ အခန်းအတွင်းရှိ လူအားလုံးက ဒေါသူပုန်ထလွယ်သော ထိုလူက မိုဝူကျီမေးခွန်းကို စိတ်ရှည်လက်ရှည် ဖြေပေးလိမ့်မည်ဟု မထင်ကြပေ။ သူက ဟွမ်းရှုရန်ကို ဘက်မလိုက်သောကြောင့် အားလုံးက ခဏတာ ဆွံ့အသွားလေသည်။

“အားတော့ နာပါတယ်။ ကျုပ် အရင်ရောက်တာလေ ... ခင်ဗျား တခြားနေရာ သွားထိုင်ပါ့လား”

ယခု မိုဝူကျီက ခုံဦးထားရန် မဖြစ်နိုင်ကြောင်း သိပြီ ဖြစ်၍ ဟွမ်းရှုရန်ကို ငြင်းရန် တွေဝေမနေတော့ပေ။ သူက စိတ်ထဲ၌ မကျေမနပ်ပင် ခံစားမိသေးသည်။ အကယ်၍ ထိုင်ခုံများကို ပါရမီနှင့် ပတ်သက်၍ ခွဲခြားထားလျှင် မည်သူကများ ထိုလူက သူ့ထက် အရည်အချင်း ရှိနေပါမည်ဟု ပြောမည်နည်း။

ဟွမ်းရှုရန်က အေးစက်စွာ ပြောလိုက်သည်။

“ဒီက ဆရာက ဘယ်ဂိုဏ်းရဲ့ ကြယ်ကိုးလုံး ပါရမီရှင်များလဲ ... ခင်ဗျားကို တစ်ခါမှ မမြင်ဖူးပါ့လား ”

မိုဝူကျီက မထူးမခြားနား ပြန်ပြောလိုက်သည်။

“ကျုပ်ဘာသာ ကြယ်ကိုးလုံး ပါရမီရှင် ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ခင်ဗျားနဲ့ မဆိုင်ဘူးထင်တာပဲ။ ဒီနေရာမှာ ကြယ်ကိုးလုံး ပါရမီရှင်ပဲ ထိုင်လို့ရတယ်လို့ ဘယ်သူပြောလဲ။ ကြယ်ဆယ်လုံး ပါရမီရှင်ဆိုရင်ရော ထိုင်လို့ မရဘူးလား”

မူလက မိုဝူကျီသည် နေရာကောင်းရရန် သိပ်စိတ်ထဲ မရှိသော်လည်း ယခု သူက ကြယ်ကိုးလုံး ပါရမီရှင်က သူ့နေရာ လုရန် ကြိုးစားနေသည့်အတွက် ကုန်းယီ ပြောလိုက်သည့် စကားများမှာ စနောက်နေခြင်း မဟုတ်ကြောင်း သိလိုက်သည်။

“ဒီလိုဆိုမှတော့ ခင်ဗျားအရိုးတွေ ဘယ်လောက်မှာလဲ ကြည့်ကြတာပေါ့။ ပြီးတော့ ဒီနေရာမှာ ထိုင်ရအောင် ခင်ဗျားရဲ့အရည်ချင်းကိုရော ကြည့်ကြသေးတာပေါ့ ”

ဟွမ်းရှုရန်၏ အသံမှာ တည်ငြိမ်နေသော်လည်း လူသတ်လိုသည့် အရိပ်အယောင်များကို ဖုံးကွယ်မထားပေ။

***

All Chapters