← Chapters

လာစမ်းပါ

Vol. 38 Ch. 520

လာစမ်းပါ

Vol. 38 Ch. 520

သူက ထိုစကားလုံးများကို ပြောပြီးသည်နှင့် လက်ဖြန့်လိုက်သည့်အခါ သူ့လက်ထဲ၌ ဓားရှည်တစ်ချောင်း ပေါ်လာသည်။

ဘေးနားမှ ကျင့်ကြံသူများက အခြေအနေကို စောင့်ကြည့်နေကြသည်။ အားလုံးက မိုဝူကျီသည် ဟွမ်းရှုရန်ကို တမင်သရော်နေကြောင်း သိကြသည်။

ကြယ်အဆင့် ပါရမီရှင်များအတွက် အမြင့်ဆုံးအဆင့်မှာ ကြယ်ကိုးလုံးအဆင့်သာ ဖြစ်၍ ဘယ်အချိန်ကများ ကြယ်ဆယ်လုံးအဆင့် ပါရမီရှင် ပေါ်လာရမှာလဲ...

မိုဝူကျီက မထူးမခြားနား ထရပ်လိုက်သည်။ သူက တိုက်ခိုက်ရမည်ကို မကြောက်ပေ။

“စီနီယာအစ်ကိုရှုရန် ခဏ‌လေး နေပါဦး”

ဟွမ်းရှုရန်ကို အသံတစ်သံက တားဆီးလိုက်ပြီးနောက် ရှန်းမူချင် ဝင်ရောက်လာသည်။

“အစ်ကိုမိုကို နှုတ်ဆက်ပါတယ်”

ရှန်းမူချင် ဝင်လာသည်နှင့် သူမက လက်နှစ်ဖက် ယှက်ကာ ပြုံးရင်း မိုဝူကျီကို နှုတ်ဆက်လိုက်သည်။

ထိုအပြုအမူမှာ လူအုပ်ကြီးကို ကြောင်အမ်းသွားစေသည်။ ထို့နောက် ရှန်းမူချင်က ဟွမ်းရှုရန်ဘက် လှည့်ကာ လက်နှစ်ဖက် ယှက်လျက်

“စီနီယာအစ်ကိုရှုရန် ... ကျွန်မကို ထောက်ထားပြီးတော့ တခြားနေရာမှာ ထိုင်ပေးလို့ ရမလား”

ဟွမ်းရှုရန်၏ မျက်ခုံးတို့မှာ တွန့်ချိုးသွားပြီး သူ့လူသတ်ငွေ့များက ပိုသိသာလာသည်။ ရှန်းမူချင်က သူနှင့် အင်မော်တယ်နယ်မြေ တူသားမျှသာ ဖြစ်ပြီးမျှောလွှင့်ဝတ်လွှာ အင်မော်တယ် တောင်ကြားက ဘာများ တတ်နိုင်မည်လဲ။ သူ ဟွမ်းရှုရန်က သူတို့မျက်နှာနှင့် ဂုဏ်သတင်းကို ထောက်ထားနေစရာ မလိုအပ်ပေ။ ထိုလူက မည်သူပင် ဖြစ်နေပါစေ ထိုလူကို နေရာဖယ်ထုတ် ပြီးသည်နှင့် အားလုံးက မေ့သွားလိမ့်မည်။

သူက ဘာမှ မပြောခင် ရှန်းမူချင်အသံက သူ့စိတ်ထဲ ဝင်ရောက်လာသည်။

“စီနီယာအစ်ကိုရှုရန် ... တာအိုရောင်းရင်းမိုရဲ့ နောက်ခံက သာမန် မဟုတ်ဘူး။ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က သူ့ဂျူနီယာညီလေးက အာကာပြင် စူးစိုက် ရတနာစံအိမ်ထဲမှာ အောင်းထျန်းချန်ကြောင့် ဒဏ်ရာရသွားခဲ့တာ။ အဲဒါနဲ့ သူက ရတနာစံအိမ်ရှေ့က ကျောက်ခြင်္သေ့ကိုတောင် အစိတ်စိတ်အမြွာမြွာ လုပ်ပစ်လိုက်တာ။ နောက်ဆုံးမှာကျ ရတနာစံအိမ်ရဲ့ ဆိုင်ရှင်ကိုယ်တိုင်တောင် လိုက်ပို့နေတာကို မြင်လိုက်ရသေးတယ်။ ပြီးတော့ အောင်းထျန်းချန်လည်း လျော်ကြေး ပေးလိုက်ရသေးတယ်။ ရုတ်ရုတ်သဲသဲ မဖြစ်ရအောင် စီနီယာအစ်ကိုရှုရန်က သူ့ကို သွားမနှောင့်ယှက်ဖို့ အကြံပေးတာပါ ”

ဟွမ်းရှုရန်က ရှန်းမူချင် စကားများကို ကြားသောအခါ တုန်လှုပ်သွားသော်လည်း ချက်ချင်း ပြန်လည် တည်ငြိမ်သွား၏။ သူကိုယ်တိုင်ပင် ရတနာစံအိမ်ရှေ့မှ ကျောက်ခြင်္သေ့ကြီးကို မဖျက်ဆီးရဲပေ။

“စီနီယာအစ်ကိုရှုရန် ... ကျိုးပျက်ကမ္ဘာကို သွားတာက သူ့အတွက် ပထမဆုံးအကြိမ်ဆိုတော့ သူ မသိသေးတဲ့ စည်းမျည်းတွေ ရှိသေးလို့ပါ။ ကျွန်မကပဲ စီနီယာအစ်ကိုရှုရန်ကို သက်ညှာပေးဖို့ တောင်းဆိုပါတယ် ”

ထိုစဉ် မုရုန်ရှန်းယွီက ရုတ်ခြည်း ထရပ်ကာလက်နှစ်ဖက် ယှက်လျက် ပြောလိုက်သည်။

မိုဝူကျီပင် အနည်းငယ် မရေမရာ ဖြစ်သွားလေ၏။

မုရုန်ရှန်းယွီ ... ထိုအမျိုးသမီးမှာ ဆုံးဖြတ်ချက် ပြတ်သားသည့် လူတစ်ယောက် ဖြစ်ပေ၏။ သူမက သူနှင့် ဆက်ဆံရေး ပြတ်စဲရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သောကြောင့် သူ့ကို ယခုလိုအချိန်မျိုး၌ အဘယ်ကြောင့်များ ဝယ်ကူညီရန် ရွေးချယ်လေသနည်း။ မကြာခင် အကြောင်းအရင်းကို သဘောပေါက် သွားလေ၏။ မုရုန်ရှန်းယွီက ထိုစကားများကို ပြောလိုက်ခြင်းမှာ သူမစိတ်တွင်းမှ ခံစားနေရသော အပြစ်ရှိစိတ်ကြောင့်သာ ဖြစ်သည်။ သူက ဤနေရာကို လာခြင်းမှာ သူမကြောင့်ဟု ပြောခဲ့ဖူးသည် မဟုတ်ပါလော။ ထိုစကားများက သူမအတွက် အပြစ်ရှိစိတ် ခံစားဖို့ရာ လုံလောက်ပေသည်။

ထိုစကားများကို ပြောပြီးနောက် မုရုန်ရှန်းယွီက မိုဝူကျီဘက် လှည့်ကာ

“ယန်းယဲ့ ... အဲဒီထိုင်ခုံကနေ ချက်ချင်း ဖယ်ပေးလိုက် ... မဟုတ်ရင် တစ်ယောက်မှ ရှင့်ကို ကူညီနိုင်မှာ မဟုတ်ဘူး ”

မိုဝူကျီက ပြန်ပြောလိုက်သည်။

“နံပါတ်တစ် ကျုပ်နာမည်က မိုဝူကျီ ... ဒုတိယအချက် ကျုပ်က ဒီကို အရင်ရောက်လာတာ ဘာလို့ ဖယ်ပေးရမှာလဲ။ တတိယအချက် ကျုပ်က တခြားသူရဲ့ အကူအညီ မလိုဘူး ”

မုရုန်ရှန်းယွီ၏ မျက်ဝန်းမှာ အေးစက်သွားကာ လှည့်ထွက်သွားလေ၏။ သူမက ဘာကိုမှ ဆက်မပြောတော့ပေ။ သူမက မိုဝူကျီကို ဆက်၍ပင် မကြည့်ချင်တော့ပေ။

အားလုံးကဟွမ်းရှုရန် တိုက်ခိုက်တော့မည်ဟု တွေးထားသော်လည်း ဟွမ်းရှုရန်လည်း မထူးမခြားနား ပြောလိုက်သည်။

“ဂျုနီယာညီမလေး ရှန်းနဲ့ ဂျုနီယာညီမလေး မုရုန်တို့က ဝင်ပြောပေးနေမှတော့ ကျုပ် ဒီအတိုင်း ထားပေးလိုက်မယ် ”

ထိုသို့သာ ပြောလိုက်ပြီးနောက်သူက တခြား ထိုင်ခုံနေရာဆီသွားကာ ထိုင်ချလိုက်ပြီး ဆက်မပြောတော့ပေ။

စူးခရာအင်မော်တယ် မြို့ဟောင်း၌ ပါရမီရှင်များမှာ တိမ်တိုက်များကဲ့သို့ ပေါများလှပေရာ မည်သူကမျှ အားနည်းသည့်သူ မပါရှိပေ။ ဟွမ်းရှုရန်က ကောင်းကင်အညီ ကျွန်းမှ ဖြစ်ကာ သူ့နောက်ခံမှာ သာမန် မဟုတ်သော်လည်း ဤနေရာတွင် နောက်ခံ သာမန်မဟုတ်သည့် သူများစွာ ရှိနေသည်။ ထို့အပြင် သူ့အရည်အချင်းဖြင့် ထိုင်ခုံ တစ်နေရာစာအတွက် နောက်ခံမရှင်းလင်းသည့် လူနှင့် မတိုက်ခိုက်လိုပေ။ သူက မိုဝူကျီကို ပညာပေးလိုလျှင်ပင် မည်သူမျှ မမြင်သည့်နေရာ၌ လုပ်လိမ့်မည်။

စောင့်ကြည့်သူများက ယခု ပို၍ အံ့အားသင့်ကုန်ကြသည်။ ဟွမ်းရှုရန်မှာ ကောင်းကင်အညီ ကျွန်းမှ သခင်လေး ဖြစ်ကာ ကြယ်ကိုးလုံး ပါရမီရှင် ဖြစ်ပေသည်။ သူက ရှန်းမူချင် မျက်နှာကို ထောက်ထားနေမည်လား။ ထို့အပြင်သူက မိုဝူကျီ၏ နေရာကို ယူလိုက်လျှင် ပို၍ အကျိုးများမည် ဖြစ်ပေသည်။

မျက်နှာမှာ အမာရွတ် ဗရပွနဲ့လူက ဘယ်နေရာက ရောက်လာတာလဲ။ ဟွမ်းရှုရန်ကိုတောင် နောက်ဆုတ်စေတယ်လား ...

မုရုန်ရှန်းယွီဘေး၌ ဂူကျိကျန်း ရှိနေသော်လည်း ဟွမ်းရှုရန် ဂရုစိုက်မိဖို့ရာ မလုံလောက်သေးပေ။

မုရုန်ရှန်းယွီက ဟွမ်းရှုရန်သည် သူမ မျက်နှာကို ထောက်ထားလိမ့်မည်ဟု မထင်ထားမိပေ။ မိုဝူကျီကို ပညာမပေးဘဲ နောက်ဆုတ်ပေး လိုက်သေး၏။ ထိုအရာမှာ သူမစိတ်ထဲ အလွန်ကျေနပ် သွားစေသည်။ သူမက ကူညီပြီး ပြောပေးလိုက်သော်လည်း ဟွမ်းရှုရန်က သူမကြောင့် တကယ်ကြီး နောက်ဆုတ်ပေး လိမ့်မည်ဟု မယုံကြည်နိုင်ပေ။

သူမက တွေးလိုက်မိတာကြောင့် ဟွမ်းရှုရန်ကို အနည်းငယ် ဦးညွှတ်ပြလိုက်ကာ ဤအလေးပေးမှုကို မှတ်သာထားဟန် ပြသလိုက်သည်။ တစ်ချိန်တည်းတွင် သူမက မိုဝူကျီအပေါ် မကျေမနပ် ပိုဖြစ်လာမိသည်။ ကြယ်အဆင့် ပါရမီရှင်များနှင့် ယှဉ်လျှင် မိုဝူကျီက အလေးထားမှုကို တန်ဖိုးထားဖို့ရာပင် အသိဉာဏ်မဲ့လွန်း၏။

မိုဝူကျီက ရှန်းမူချင်ဘက် လှည့်ကာ ပြုံးပြလိုက်ရင်း

“မိန်းကလေးရှန်း ... ဘာလို့ ကျုပ်ဘေး ဝင်မထိုင်တာလဲ။ ဒီနေရာက မြင်ကွင်းလေး မဆိုးဘူး”

ရှန်းမူချင်က အနည်းငယ် တွေဝေသွားကာမိုဝူကျီ ညွှန်ပြသည့် ထိုင်ခုံနေရာမှာ ကြယ်ရှစ်လုံး ပါရမီရှင်အတွက် ဖြစ်ပေသည်။ သို့သော် သူမက ကြယ်ခုနစ်လုံး ပါရမီရှင်သာ ဖြစ်နေ၏။

သို့သော် သူမ မထိုင်လိုက်လျှင် သူမအနေဖြင့် မိုဝူကျီနှင့် အလှမ်းကွာသွားပေ လိမ့်မည်။

ကြယ်ရှစ်လုံး အဆင့် နေရာ ဖြစ်သော်လည်း ကြယ်ခုနစ်လုံး အဆင့်ဖြစ်သည့် သူမ ထိုင်လိုက်လျှင် မည်သူကမှ ရန်လာမရှာလောက်ဘူးမလား။ သူမက ထိုအတွေးဖြင့် ချက်ချင်း ပြုံးကာ

“အဲဒါဆို ဒီမှာပဲ ထိုင်လိုက်ပါ့မယ် ”

ရှန်းမူချင် ထိုင်လိုက်ပြီးနောက် မိုဝူကျီဆီ သတင်းလှမ်းပို့ လိုက်သည်။

“အစ်ကိုမို ... အဲဒီဟွမ်းရှုရန်က ကောင်းကင်အညီကျွန်းရဲ့ သခင်လေးလေ။ ပြီးတော့ ကြယ်ကိုးလုံး ပါရမီရှင်တစ်ယောက်ပေါ့။ သူလည်း ကျွန်မလိုပဲ လော့လင်အင်မော်တယ် နယ်မြေက ရောက်လာတာလေ ”

မိုဝူကျီက ရှန်းမူချင်ကို အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဤရှန်းမူချင်က လေ့လာနိုင်အား ကောင်းသူ ဖြစ်ကာ ဖြစ်လာမည့်အရာများကို အမှန်တကယ် သိရှိနေတတ်သည်။

လူတော်တော်များများက ရှန်းမူချင် တစ်ယောက် ကြယ်ရှစ်လုံး အဆင့် နေရာ၌ ထိုင်လိုက်သည်ကို တွေ့သောအခါ နောက်တဖန် အံ့ဩသွားကြပြန်သည်။ အများစုက ရှန်းမူချင်ကို မှတ်မိကြသည်။ ရှန်းမူချင်မှာလူတိုင်းကို ဖော်ဖော်ရွှေရွှေ ဆက်ဆံတတ်သူ ဖြစ်ကာမည်သူနှင့် ရန်သူ မဖြစ်လိုသောသူ ဖြစ်ပေ၏။ ထိုသို့မျိုး လူက သူမ အပိုင် မဟုတ်သည့်နေရာ၌ ထိုင်လိမ့်မည် မဟုတ်ပေ။

ဤနေရာရှိ မူလစကားဝိုင်းမှာ နောက်ခံဇစ်မြစ်မသိသည့် မိုဝူကျီကြောင့် ဆွေးနွေးချက်များအဖြစ် ပြောင်းလဲသွားတော့သည်။

လူအများစုက မဆူညံလိုသည့်အပြင် ဤကိစ္စမှာ သူတို့နှင့် မသက်ဆိုင်သည့်အတွက် မျက်လုံးမှိတ်ပြီး တရားထိုင်နေ လိုက်ကြသည်။

မိုဝူကျီက ပြတင်းပေါက် ရှေ့တွင် ထိုင်နေရင်း အောက်တွင် လူအုပ်ကြီး သွားလာနေကြသည်ကို မြင်၍ အနည်းငယ် စိတ်လှုပ်ရှားမိလာသည်။

သူ့ကျင့်ကြံဆင့်မှာ မြန်ဆန်ကြောင်း သိထားသော်လည်း ကမ္ဘာမြေသို့ ပြန်ရန် အလှမ်းကွာနေကြောင်း သိပေ၏။ တစ်ရက်ရက်ကျ သူ ကမ္ဘာမြေသို့ ပြန်သွားနိုင်လျှင်ပင် အချိန်များစွာ ကုန်လွန်သွားပြီ ဖြစ်ရာသူ့အနေဖြင့် မည်သူကိုမှ မှတ်မိတော့မည် မဟုတ်ပေ။

သူ့ချစ်သူဆီမှ အကွက်ချ လုပ်ကြံခံခဲ့ရသည့် ကိစ္စကိုတော့ မိုဝူကျီက စိတ်ခံစားချက် ကင်းမဲ့စွာ ပြုံးရုံသာ တတ်နိုင်လေသည်။

ဒီလိုကြံစည်မှုကနေ ဘာများ ရမှာမလို့လဲ ... အချိန်ကုန်ဆုံး လာသည်နှင့်အမျှ ခြွင်းချက်မရှိ အားလုံးမှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲကုန်ကြလိမ့်မည်။ အနည်းဆုံးတော့ ကမ္ဘာမြေတွင် ထိုသို့ ဖြစ်လေ၏။

သူ့တွင် နောင်တ တစ်ခုသာ ရှိပေသည်။

ချိန်စုယင် ....

တုံ့ဟွားလုံ စကားများက မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ သူကမြေအောက် ကမ္ဘာနှင့် စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း အင်မော်တယ် ရေကန်ဆီတစ်ခေါက်တော့ သွားရမည်။

“ဒီထိုင်ခုံက ငါ့ဟာ ... ဖယ်စမ်း”

အမျိုးသမီး အသံက မိုဝူကျီအတွေးများ ဖြတ်တောက်ပစ်လိုက်သည်။

မိုဝူကျီက ဆံဖြူမိန်းကလေးကို လှည့်ကြည့်လိုက် မိသည့်အခါ သူ့စိတ်ထဲ၌ လူသတ်ငွေ့များ ပြည့်နှက်သွားသည်။ သူက ထိုအမျိုးသမီးကို မှတ်မိသည်။ သူမက မိုဝူကျီကို လများစွာ လိုက်ဖမ်းခဲ့သူ ဖြစ်ပြီး အာကာသချောက်နက်မှ တစ်ဆင့် အင်မော်တယ်တစ်ပိုင်း နယ်ပယ်ထဲ ရောက်သွားစေသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။

အကယ်၍ သူသာ စွမ်းဆောင်ရည် မရှိခဲ့ပါက အင်မော်တယ်လျှိုထဲ ပျောက်ကွယ်သွား လောက်လေပြီ။

ဆံဖြူမိန်းကလေးက မိုဝူကျီကို အစပိုင်း မမှတ်မိသော်လည်း လူသတ်ငွေ့ကို ခံစားမိလိုက်သည်နှင့် ချက်ချင်း သူမှန်း သိလိုက်သည်။

သူမက မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ ရွမ်ရှန်းအဆင့် မရောက်သေးကြောင်း မှန်းဆမိသော်လည်း သူမက သူ့နှင့် လက်ရည်တူ မဟုတ်ကြောင်း သိလိုက်သည်။

သူမ၏ အမြင်မှာ လက်တွေ့ဖြစ်လာသည်။ သူမက မိုဝူကျီကို လောက အမှတ်အသားပြား အကြောင်း မေးလိုသော်လည်း တကယ်တော့ မမေးရဲချေ။

“သူမကို ဒီနေရာ ထိုင်ခွင့်ပေးတာ ကျုပ်ပဲ။ ခင်ဗျား မကျေနပ်ရင်ကျုပ်ဆီ လာစမ်းပါ ”

မိုဝူကျီက ထိုစကားကို တည်တည်ငြိမ်ငြိမ် ပြောလိုက်ပြီး လက်ကို ဝေ့ကာ ဓားမော့ကို ဆွဲထုတ်လိုက်သည်။

သူက တခြားလူများနှင့် စိတ်ရှည်သော်လည်း သူ့အား လအတော်ကြာ လိုက်ခဲ့သည့် အမျိုးသမီးကိုတော့ ထိုမျှသည်းခံမပေးနိုင်ပေ။

ဘေးပတ်လည်မှ လူများက ချက်ချင်းဆိုသလို တက်ကြွလာကြသည်။ ယခင် ဟွမ်းရှုရန်က နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်သောကြောင့် တိုက်ပွဲ မဖြစ်သွားပေ။ သို့သော်ယခုအခါ ဟွမ်းရှုရန်ထက်ပင် ပိုဒေါသကြီးသော အမျိုးသမီး ရောက်ရှိလာပြီ ဖြစ်၍ တိုက်ပွဲဖြစ်မည်မှာ သေချာလှသည်။

အားလုံးက ဆံဖြူမိန်းကလေးမှာ အထူးခြား အဆန်းကြယ်ဆုံး အင်မော်တယ်နယ်မြေ ဖြစ်သည့် နတ်ဘုရား အင်မော်တယ် နယ်မြေမှ နတ်ဘုရားဂိုဏ်းမှ ကြယ်ရှစ်လုံး ပါရမီရှင် နိုက်ဟော်ဖြစ်ကြောင်း သိကြသည်။ သူမကကြယ်ရှစ်လုံး ပါရမီရှင် ဖြစ်နေ၍ အထင်သေး၍ မရပေ။ သူမက ကြယ်ကိုးလုံး ပါရမီရှင်များကိုပင် မျက်စိထဲ မထည့်ပေ။ အကြောင်းမှာ နတ်ဘုရား အင်မော်တယ်နယ်မြေမှာ အလွန်လျှို့ဝှက်ပြီး မည်သူကမျှ သူမကို ရန်မစလိုကြပေ။

ဘေးတွင် ဟွမ်းရှုရန်က စိတ်ဓာတ် တက်ကြွနေသည်။ သူက မိုဝူကျီနှင့် နိုက်ဟော် တို့၏ တိုက်ပွဲကို မြင်တွေ့လို၏။

မိုဝူကျီက တစ်ခုမှ မလှုပ်ရှားသော်လည်း နိုက်ဟော်က သူ့လူသတ်ငွေ့များကို ခံစားမိနေပြီ ဖြစ်ရာ တုန်လှုပ်လာမိသည်။ ဤလူက အင်မတန် အားကောင်းလာပြီ ဖြစ်ရာ အမြင်နှင့်တင် သူနှင့် ရင်မဆိုင်နိုင်ကြောင်း သိလိုက်သည်။ ထို့ကြောင့်သူမက သူနှင့်သာ တိုက်လိုက်ပါက သူမကို တကယ်သတ်ပစ်မည် ဖြစ်ကြောင်းအသေချာကြီး ပြောရဲသည်။

ထို့အပြင် သူမက မိုဝူကျီ၏ အကွက်ချမှုများနှင့် ရင်းနှီးနေပြီ ဖြစ်ရာ ဤလူမှာ အင်မတန် အန္တရာယ်များပေသည်။

နိုက်ဟော်က အသက်ပြင်းပြင်း ရှူလိုက်ပြီး

“ဒါက ကျိုးပျက်ကမ္ဘာရဲ့ ကူးသန်းရေး မျှော်စင်ပါ။ ရှင့်ကြောင့် ကျွန်မ ဘာသာ နှိမ့်ချနေတာ မဟုတ်ဘူး ”

ထိုသို့ပြောပြီး သူမက နောက်ထိုင်ခုံ ရှာထိုင်လိုက်သည်။

မိုဝူကျီက တစ်ဖက်လူမှာ သူ့အား ရင်မဆိုင်လိုသည်ကို တွေ့၍ သူ့မှော်ရတနာသာ ပြန်သိမ်းထားလိုက်ရသည်။ သူက အရင်ဦးဆုံး စတိုက်မည် မဟုတ်ပေ။ ထို့အပြင် သူက ဂုဏ်သရေရှိ အကြီးအကဲ တစ်ယောက် မဟုတ်ပါလော။ သူက တိုက်ခိုက်လိုလျှင်ပင် အကြောင်းပြချက် လိုအပ်ပေမည်။ ဤနေရာတွင် စတင်တိုက်ခိုက်ရန် မသင့်တော်ပေ။ ဤအမျိုးသမီးက နောက်ဆုတ်လိမ့်မည်ဟု ထင်မထားမိပေ။ ထိုရွေးချယ်မှုက သူ့အား အနည်းငယ် စိတ်ပျက်စေမိသည်။

မိုဝူကျီက စိတ်ပျက်သွားသလို အောင်းထျန်းချန်လည်း စိတ်ပျက်မိသွားသည်။

“ဟားဟား ... အစ်ကိုမိုက ကျုပ်ထက် စောနေတာပဲ”

မိုဝူကျီက သူ့ဓားမော့ကို သိမ်းထားလိုက်သည့်အခါ ချားခိုင်က ဝင်လာသည်။

ချားခိုင်က မိုဝူကျီကို အဘယ်ကြောင့် သိနေရတာလဲ...

ရှန်းမူချင်က ထိုအကြောင်းအရင်းကို သိသော်လည်း ရှန်းမူချင်ကို အံ့ဩသွားစေသည်က နိုက်ဟော်က အမှန်တကယ် နောက်ဆုတ်သွားခြင်း ဖြစ်၏။ ထိုအမျိုးသမီး နိုက်ဟော်မှာ အင်မတန် မာနကြီးသူ ဖြစ်၏။ သူမက ကြယ်ကိုးလုံး ပါရမီရှင်ရှေ့ပင် အမြီးကုပ်နေတတ်သည့် သူမဟုတ်သော်လည်း မိုဝူကျီကြောင့် ငြိမ်ကျသွားလေသည်။

သို့သော်လည်း ရှန်းမူချင်ကမိုဝူကျီ၏ ဇစ်မြစ်အကြောင်း မစုံစမ်းခဲ့ရသည်ကို နောင်တမရပေ။ အကယ်၍ သူမ စုံစမ်းလိုက်ပါက ဟာကွက်တချို့တော့ တွေ့သွားပေလိမ့်မည်။ သို့သော် အကယ်၍ မိုဝူကျီက သူမ စုံစမ်းနေမှန်း သိရှိသွားလျှင်သူမအပေါ် အမြင်ဆိုးရွားသွားနိုင်သည်။ သူမက မိုဝူကျီနှင့် မိတ်ဆွေဖွဲ့ရန် အခွင့်အရေး တစ်ကြိမ် လက်လွတ်သွားပြီ ဖြစ်ရာ ဒုတိယအကြိမ်အနေဖြင့် လက်လွတ်မခံနိုင်ပေ။

မုရုန်ရှန်းယွီက တစ်ခုခု လွဲမှားနေကြောင်း ခံစားလိုက်ရသည်။ ဟွမ်းရှုရန်က သူမကြောင့် နောက်ဆုတ်ပေးလိုက်သည် မဟုတ်လောက်တော့ပေ။ သို့သော် ဤတစ်ကြိမ်၌ မိုဝူကျီကို မည်သည့် အကြောင်းအရင်းမှန်း မမေးနိုင်ပေ။

ရက်အတော်ကြာ ကုန်လွန်သွားပြီးနောက် ရောက်လာသူ အရေအတွက် နည်းနည်းလာလေ၏။ ကူးသန်းရေး မျှော်စင် တတိယထပ်၌ လူများ ပြည့်နှက်နေလေပြီ။

မျက်လုံးပိတ်လျက် ရှိနေသော မိုဝူကျီက အသံတစ်သံကြောင့် နှိုးထလာသည်။ ထို့နောက် အခန်းအတွင်း ကျရောက်လာသည့် တောက်ပနေသော ရွှေရောင်ဖျဖျ အလင်းရောင်ကို မြင်လိုက်ရသည်။

မိုဝူကျီက အစီအရင်၌ ကျွမ်းကျင်နှံ့စပ်သောကြောင့် ဤအလင်း၌ ကူးသန်းရေး တာအိုစွမ်းအားများ ပါဝင်နေကြောင်း ချက်ချင်း သိလိုက်သည်။

အခြားလူများ မလှုပ်ရှားသည်ကို မြင်သောအခါ မိုဝူကျီလည်း ဘာမှ မလုပ်ပေ။

အမွှေးတိုင် တစ်တိုင် ကုန်ဆုံးချိန် ကြာသွားပြီးနောက် ကျောက်စိမ်းပြားများက အားလုံးရှေ့တွင် မျှောလွင့်ကာ ပေါ်လာလေသည်။

မိုဝူကျီ ရှေ့တွင်လည်း ကျောက်စိမ်းပြား ရှိနေသည်။ မိုဝူကျီက ကျောက်စိမ်းပြားကို ဆွဲယူကြည့်လိုက်သည့်အခါ ထိုအပေါ်၌ နံပါတ် ၃ ဟူ၍ ပါရှိသည်။

ထိုစဉ် အသံကျယ်ကျယ် ထွက်ပေါ်လာပြီး

“ကျောက်စိမ်းနံပါတ်အတိုင်း လိုက်ပြီးတော့ ကူးသန်းရေး အစီအရင်ဆီ လျှောက်လာပေးပါ”

***

All Chapters