သတ္တုဓာတ် သဘာဝ စွမ်းအား
Vol. 38 Ch. 522
အကယ်၍ တခြားကျင်းရှန်း အဆင့်သာ ထိုသို့ ပြောရဲပါက တစ်ယောက်ယောက်က ထိုသူ့အား သတ်ပစ်လောက်လေပြီ။ သို့သော် ထူးခြားဆန်းကြယ် မိုဝူကျီ ဖြစ်နေသည့်အတွက် မည်သူကမှ ဘာမျှ မပြောရဲကြပေ။
ပိုင်ချီထျန်း မျက်နှာမှာ အေးစက်သွားလေ၏။ သူက မိုဝူကျီကို သိသော်လည်း မိုဝူကျီသည် သူ့ပြပွဲ၌ အချိန်ကိုက် ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မိုဝူကျီက ထူးခြားသော်လည်း သူက ရွမ်ရှန်း နောက်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေ၍ ဤကျင်းရှန်းအဆင့် ကျင့်ကြံသူကို ကြောက်နေစရာ မလိုပေ။
“အင်မော်တယ် ရောင်းရင်းမို ... ကျုပ်က ခင်ဗျား နောက်ခံကို မသိပေမဲ့ ခင်ဗျား နောက်ခံ သာမန်မဟုတ်မှန်းတော့ မှန်းဆမိပါတယ်။ ဒီနေရာကအားလုံး ရှာတွေ့ထားတာဆိုတော့ အခု အထဲက ရတနာကို ရဖို့ ကျုပ်တို့တွေ ကြိုးစားနေကြတာ။ ခင်ဗျားက နောက်ဆုံးမှ ရောက်လာတာလေ။ ဘယ်လို လုပ်ပိုင်ခွင့်နဲ့များ ကျုပ်တို့ ရတနာယူဖို့ တားဆီးရဲတာလဲ ”
ပိုင်ချီထျန်း အသံမှာ ရေခဲတမျှ အေးစက်နေပြီး လူသတ်လိုသည့် အရိပ်အယောင်ပင် ပါဝင်နေသေး၏။
မိုဝူကျီက နှာခေါင်းရှုံ့လိုက်သည်။ ထိုလူမှာ အတော်လေး ရက်စက် ကြမ်းကြုတ်ပေသည်။ စကားတစ်ခွန်းတည်းဖြင့် ထိုလူက သူ့အပေါ် မကျေမနပ်ချက်များ ဖန်တီးနိုင်ခဲ့၏။ အကယ်၍ တစ်ယောက်ယောက်သာ အခုချိန် ဦးဆုံး တိုက်ခိုက်မည်ဆိုလျှင် သူ့အနေနှင့် ဝိုင်းကာ အသတ်ခံရလိမ့်မည်။ တစ်ခါတစ်ရံ၌ လူများက အရေအတွက် များနေသည့်အခါ ဆန်းကြယ်သည့် ပဟေဠိတချို့ကို မျက်လုံးထဲ မထည့်ကြပေ။
ဘေးပတ်လည်မှ ကျင့်ကြံသူများ၏ မျက်နှာအနေအထားကို မြင်လိုက်ရသည့်အခါ မိုဝူကျီက အားရပါးရ ရယ်မောလိုက်ပြီး
“ဘယ်လို အရူးပါ့လိမ့် ... ကျုပ် ပြောတာ အားလုံးကို တားဆီးနေလို့လား။ ပြီတော့ ခင်ဗျား ပြောတဲ့ ကျုပ်က နောက်ဆုံးမှ ရောက်လာတာဆိုတာရော ဘာအဓိပ္ပာယ်လဲ။ နောက်ကျပြီး ရောက်လာတဲ့ တခြားကျင့်ကြံသူတွေလည်း ရှိပါ့ ... ကျုပ် တစ်ယောက်တည်း မဟုတ်ဘူး။ ခင်ဗျား ပြောချင်တာက အစီအရင်ဖွင့်ပြီးသွားရင် နောက်ကျမှ ရောက်လာတဲ့သူတွေက ဝေစုနည်းနည်းပဲ ရမယ်ဆိုပြီး ပြောချင်တာလား ”
ပိုင်ချီထျန်းကို ပြန်လည် ချေပပြီးနောက် မိုဝူကျီက လေသံကို မြှောက်ကာ
“ကျုပ် သဘောမတူတာက ဒီအစီအရင်ကို အချိန်တိုအတွင်း ချေဖျက်ဖို့ နည်းလမ်း ရှိလို့ပဲ ”
ပိုင်ချီထျန်းက မိုဝူကျီကို မကျေမနပ် ကြည့်ကာ
“ခင်ဗျားက အစီအရင်ဆိုတာရော သိလို့လား။ သဘာဝ အစီအရင်တွေက အရိပ်အယောင်လည်း မရှိသလို အားသာချက်လည်း မရှိတာကိုရော သိလို့လား။ ပြီးတော့ အဲဒီအပေါ် အားလုံးပေါင်း တိုက်ရင်တောင် ဘာမှ မဟုတ်သေးဘူး။ ရွမ်ရှန်းအဆင့်တောင် မရောက်သေးတဲ့ ကျင့်ကြံသူ တစ်ယောက်ကများ အစီအရင်ဖျက်ဖို့ ဒီလို မဟုတ်တမ်း စကားတွေ ပြောနေရဲသေးတယ်”
မိုဝူကျီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“အခုလေးတင် ခင်ဗျားက ဒီအစီအရင်ကို ချိုးဖျက်ဖို့ ခြောက်နာရီလိုတယ် ဆိုပြီး ပြောခဲ့တာ မဟုတ်ဘူးလား။ ဒီလောက်အချိန် အကြာကြီးဆို ကျုပ်ရဲ့ ညစာတောင် အေးစက်နေလောက်ပြီ။ ကျုပ်က ဒီအစီအရင်ကို ဖျက်ဖို့ တစ်နာရီပဲ လိုတယ် ”
“အင်မော်တယ် ရောင်းရင်းမိုက ဒီအစီအရင်ကို ဖျက်ဖို့ တစ်နာရီပဲ လိုတယ်ဆိုတာ တကယ်ကြီးလား”
အရပ်ရှည်ရှည် မုတ်ဆိတ်မွေးဖြင့် လူငယ်လေးက လေးလေးနက်နက် မေးလိုက်သည်။
မိုဝူကျီက ထိုလူကို ကြည့်လိုက်ပြီးနောက် ထိုလူမှာ အင်မတန် ထူးချွန်သည့်သူ ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ ထိုလူ၏ ဝိညာဉ်စွမ်းအား အရှိန်အဝါများမှ မိုဝူကျီသည် ထိုလူမှာ အနည်းဆုံး ကြယ်ခုနစ်လုံး ပါရမီရှင် ... ကြယ်ရှစ်လုံး ပါရမီရှင်အဆင့်ထိ ဖြစ်နေနိုင်ကြောင်း ပြောနိုင်သည်။
“ဟုတ်တယ် ... ကျုပ် ဒီအစီအရင်ကို တစ်နာရီအတွင်း ဖျက်နိုင်တယ်”
မိုဝူကျီက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ဟုတ်ပြီ ... တာအိုရောင်းရင်းမိုက တစ်နာရီအတွင်း အစီအရင်ကို ချိုးဖျက်နိုင်ရင် ကျုပ် ချန်းဟူက ကျုပ်တို့ ဝင်ပြီးသွားရင် ခင်ဗျားကို ပထမဆုံး ရွေးခွင့် ပေးမယ် ”
မုတ်ဆိတ်မွေးနှင့် အမျိုးသားက ကတိပေးဖို့ရာ တွန့်ဆုတ်မနေပေ။
မိုဝူကျီက ရုတ်ခြည်း ရောက်ရှိလာခြင်း ဖြစ်ရာပစ္စည်း တစ်ခုကြောင့်သာ မဟုတ်လျှင် သူက ထိုသို့လုပ်မည် မဟုတ်ပေ။ ထို့ကြောင့် ချန်းဟူက မိုဝူကျီကို အလိုရှိရာ အရင်ဦးဆုံး ပေးလိုက်ခြင်း ဖြစ်၏။
ပိုင်ချီထျန်း နှုတ်ခမ်းများက တွန့်ချိုးသွားပြီး စကားတချို့ ဝင်ပြောချင်သော်လည်း ဘာမှ မပြောနိုင်တော့ပေ။ သူက အစီအရင်ကို ချိုးဖျက်ဖို့ ခြောက်နာရီ လိုအပ်စဉ် တစ်ဖက်လူက တစ်နာရီသာ လိုအပ်သည် မဟုတ်ပါလော။ သူ့ထက် ခြောက်ဆ မြန်ဆန်နေခြင်း ဖြစ်ပေသည်။ ဤကျိုးပျက်ကမ္ဘာ တတိယအလွှာထဲ၌ အချိန်မှာ အဖိုးတန်ဆုံးအရာ မဟုတ်ပေဘူးလား။ အားလုံးက ရတနာအစစ်အမှန် ရှာဖို့ရာအချိန်ကို အကျိုးရှိစွာ အသုံးချလိုကြမှန်း သိထားကြသည်။ အကယ်၍ သူတို့သာ အချိန်ဖြုန်းနေပါက တခြားလူများက ရတနာများကို ရှာတွေ့သွားပေလိမ့်မည်။
မိုဝူကျီက အချိန်မဖြုန်း လိုသောကြောင့် အစီအရင်အလံတချို့ ထုတ်ကာ မြေပုံပတ်လည်၌ ခင်းကျင်းလိုက်သည်။
သူက အစီအရင်အလံ စုစုပေါင်း ၄၉ ခု ခင်းကျင်းလိုက်သည်။ ထို့နောက် သူက လက်ကို ဝှေ့ကာ ပြောလိုက်သည်။
“ကျုပ်က အစီအရင်အလံ ၄၉ ချက်ကို ခင်းကျင်းပြီးထား ပြီးပြီဆိုတော့ ဒီနေရာက တာအိုရောင်းရင်းတို့က အလံ တစ်ခုစီမှာ နှစ်ယောက်စီ နေရာယူပေးပါ။ ကျန်နေတဲ့ လူတွေကကျုပ် ဘေး ရပ်နေပေးပါ ”
ပိုင်ချီထျန်းက မိုဝူကျီသည် ဖြေရှင်းနည်း အမှန်တကယ် သိကြောင်း တွေးခဲ့မိသည်။ သို့သော် ယခု သူက မိုဝူကျီ နည်းလမ်းကို မြင်သည့်အခါ သူက အတွေးလွန်နေကြောင်း သိလိုက်သည်။ မိုဝူကျီက တိုက်ခိုက်အားကို ဖြန့်ကြက်သည့် နည်းလမ်းကို အသုံးပြုနေခြင်းသာ ဖြစ်ပြီး ဤနည်းလမ်းဖြင့် တစ်နာရီအတွင်း အစီအရင် ကျိုးပျက်သွားသည့် ကိစ္စကိုတော့ မကြားဖူးပေ။
ချန်းဟူက ကျယ်ကျယ်ပြောလိုက်သည်။
“အင်မော်တယ်ရောင်းရင်းတို့ ... အင်မော်တယ် ရောင်းရင်းမို ညွှန်ကြားတဲ့အတိုင်း နှစ်ယောက်တစ်တွဲ နေရာယူပေးကြပါ ”
သူ ကိုယ်တိုင်လည်း မိုဝူကျီဘေး၌ ရပ်လိုက်သည်။
မိုဝူကျီက စိတ်ထဲ မထားပေ။ အခြားလူများ နေရာယူပြီးသည့်အထိ စောင့်ဆိုင်းရင်း သူက နောက်ကျောမှ ဓားမော့ကို ထုတ်ကာပြောလိုက်သည်။
“မကြာခင် ... ကျုပ်က ဒီအစီအရင်ရဲ့ ဗဟိုပင်မကို ဦးဆောင် တိုက်မယ်။ ကျုပ်ဘေးက လူတွေလည်းကျုပ် တိုက်တဲ့နေရာကို တိုက်ပေးပါ။ ကျုပ်က ချလို့ ပြောတာနဲ့ အစီအရင် အလံ၄၉ ခုမှာ နေရာယူထားတဲ့ အင်မော်တယ် ရောင်းရင်းတို့လည်း တိုက်ပေးပါ ”
မိုဝူကျီ စကားအဆုံးတွင် သူ့လက်ထဲမှ ဓားမော့ကို ခုတ်ပိုင်းလိုက်သည့်အခါ ဧရာမ ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားတော့သည်။
အားလုံးက မိုဝူကျီ၏ ဓားမော့ကို အာရုံစိုက်ထားကြသည်။ အားလုံးက အစီအရင်ကို ချိုးဖျက်လိုကြသော်လည်း သူတို့က မိုဝူကျီ မည်မျှ အားကောင်းကြောင်းလည်း သိချင်ကြသည်။
မိုဝူကျီ ဖန်တီးလိုက်သည့် ဓားအလင်းမှာ မီတာ သုံးဆယ်ရှည်လျားပေ၏။ ဓားမော့ကို ဝှေ့ယမ်းလိုက်သည့်အခါ နေရာကို နှစ်ပိုင်း ဖြတ်သွားသည့်အလား တူလှသည်။
မိုဝူကျီ၏ ဓားမော့မှာ အားကောင်းသော်လည်း အားလုံးက စိတ်သက်သာရာ ရသွားကြသည်။ အကြောင်းမှာ ထိုဓားမော့ နောက်ကွယ်မှ စွမ်းအားမှာ မိုဝူကျီသည် ကျင်းရှန်းအဆင့်တွင်သာ ရှိကြောင်းပြသနေပေ၏။ သူက သာမန် ကျင်းရှန်းအဆင့်ထက် အားကောင်းသော်လည်း သူက ရွမ်ရှန်းအဆင့်များနှင့် ယှဉ်နိုင်မည့် အဆင့်တော့ မဟုတ်သေးပေ။
မိုဝူကျီ စတိုက်လိုက်သည်နှင့် မိုဝူကျီဘေးနားမှ လူများလည်း ကိုယ်စီ မှော်ရတနာများ စွဲကိုင်ကာ စတင်တိုက်လိုက် ကြတော့သည်။
ရွှမ်ရှန်းအဆင့်နှင့် ယှဉ်လျှင် မိုဝူကျီ၏ တိုက်ခိုက်မှုများမှာ အမှန်ပင် အားနည်းလှသည်။ သို့သော်လည်း မိုဝူကျီက ဂရုစိုက်သည့်ဟန် မပေါ်ဘဲဓားမော့နှင့်သာ ဆက်တိုက် ခုတ်ပိုင်းနေသည်။
သူက အားအပြည့် ထုတ်သုံးမထားပေ။ လူများစွာ တိုက်နေသည့်အတွက် သူ့အနေဖြင့် အားအပြည့် ထုတ်သုံးဖို့ရာ မလိုအပ်ပေ။ အများဆုံးသူက သူ့အင်အား၏ ၂၀ ရာခိုင်နှုန်းလောက်သာ ပြသထားခြင်း ဖြစ်၏။ သူ့ဘေးနားမှ လူများက သူ့အား စောင့်ကြည့်နေ ကြသည့်အတွက် လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြသမည် မဟုတ်ပေ။ ထို့အပြင် သူက ပိုင်ချီထျန်းကို ရန်စမိပြီးသား ဖြစ်သွားလေပြီ။
နှစ်မိနစ်၊ သုံးမိနစ်လောက် တိုက်ခိုက်ပြီးနောက် မိုဝူကျီက ရုတ်တရက် ထအော်လိုက်သည်။
“ချ ”
မိုဝူကျီ စကားကို စောင့်နေကြသည့် အခြားသော ကျင့်ကြံသူများက မိုဝူကျီ ပြောလိုက်သည်နှင့် သူတို့၏ မှော်ရတနာကိုယ်စီဖြင့် အစီအရင်၏ နေရာမျိုးစုံ၌ ဆက်တိုက် တိုက်ခိုက်ကြတော့သည်။ ထိုပူးပေါင်း တိုက်ခိုက်မှုကြောင့် လူအုပ်ကြီးက တုန်ခါလာသော အသံများကို စတင်ကြားလိုက်ရသည်။
အားလုံးက အတော်လေး စိတ်ပေါ့ပါးသွားကြသည်။ ထိုစဉ် မိုဝူကျီက ပို၍ ကျယ်ကျယ် ထပ်အော်လိုက်သည်။
“အား ပိုသုံးပြီး တိုက်ကြ ”
“ဘုန်း ဘုန်း ဘုန်း”
နောက်ထပ် အလင်းတန်း ရာကျော်က အစီအရင်ပေါ် ဆက်တိုက် ကျရောက်သွားတော့သည်။
“ဘမ်း”
ကွဲထွက်သွားသည့် အသံကြီး ထွက်ပေါ်လာသည်။ နဂို မြေပုံမှာ ယခု ပျောက်ဆုံးသွားပြီ ဖြစ်၏။ ထို့အစား ဧရာမ တောင်ဂိတ်တံခါးကြီးသာ ပေါ်နေသည်။
“ဟားဟား ... အင်မော်တယ် ရောင်းရင်းမိုက တကယ်ကြီး မဟုတ်တာ ပြောနေတာ မဟုတ်ဘူးပဲ။ တစ်နာရီ မပြောနဲ့ဦး အမွှေးတိုင် တစ်တိုင်စာတောင် မကြာပါ့လား။ အစီအရင်က လုံးဝ ပျက်သွားပြီ။ လာလာ... အထဲဝင်ကြစို့ ”
ချန်းဟူက အားရပါးရ ရယ်မောရင်း မိုဝူကျီနှင့် အတူတူသွားရန် ပြင်လိုက်သည်။ တောင်ဂိတ်တံခါးကြီးနောက်၌ ဧရာမ အခန်းကျယ်ကြီး ရှိနေသည်။ အခန်းအလယ်၌ ကျောက်စားပွဲ တစ်လုံး ရှိနေပြီး အမျိုးမျိုးသော ပစ္စည်းများက ကျောက်စားပွဲပေါ်မှာ ရှိနေသည်။
မိုဝူကျီက မအံ့ဩမိပေ။ အစီအရင်၌ သတ္တုစွမ်းအားများ ထွက်ပေါ်နေသောကြောင့် ပြဿနာရှိနေ၍ ဖြစ်လိမ့်မည်။ မဟုတ်လျှင် သူက ဤသဘာဝ အစီအရင်ကို နားလည်လျှင်ပင် အချိန်တိုအတွင်း ချိုးဖျက်နိုင်မည် မဟုတ်ပေ။
ပိုင်ချီထျန်းက ရှေ့ဆုံးမှ ပြေးသွားကာ မိုဝူကျီနှင့် ချန်းဟူတို့ကိုပင် ကျော်တက်သွားသည်။
မိုဝူကျီက သူ့ကို လိုက်မဖမ်းပေ။ သူ့စိတ်စွမ်းအားဖြင့် ကျောက်စားပွဲကို စစ်ဆေးကြည့်ပြီးပြီ ဖြစ်ရာ စားပွဲပေါ်၌ ပစ္စည်းများကို ချိတ်ပိတ်ထားကြောင်း သိလိုက်သည်။ ပိုင်ချီထျန်းက သူ့ထက် ဦးအောင်သွားလျှင်ပင် ပိုင်ချီထျန်းအနေဖြင့် ဘာကိုမှ ချက်ချင်း ယူနိုင်မည် မဟုတ်ပေ။
ချန်းဟူက မထူးမခြားနား ပြောလိုက်သည်
“မရိုးသားတဲ့လူတွေကို ဘယ်တော့မှ မကြိုဆိုဘူး။ အင်မော်တယ် ရောင်းရင်းမို အရင်ရွေးပါ... ”
ပိုင်ချီထျန်းက ကျောက်စားပွဲပေါ်မှ ပစ္စည်းများကို ချိပ်ပိတ်ထားကြောင်း သတိပြုမိလိုက်သည်။ သူက ချိပ်ပိတ်ထားသည်ကို ဖျက်ကာ ကျောက်စိမ်းသေတ္တာ တစ်လုံးကို ယူရန် မစောင့်နိုင်တော့သော်လည်း သူ့အနေဖြင့် မိုဝူကျီကို စောင့်ဆိုင်းရမည် ဖြစ်သည်။
မိုဝူကျီက ချန်းဟူ၏ ရက်ရောမှုအပေါ် အမြင်ကောင်း ရှိလေသည်။ တခြားသူများက သဘောမတူကောင်း မတူနိုင်သော်လည်း မိုဝူကျီက ကျောက်စိမ်းသေတ္တာကို ယူဦးမည် ဖြစ်၏။ သို့သော် ချန်းဟူက ရှင်းပြထားပြီးပြီ ဖြစ်၍ မိုဝူကျီက အလျင်မလိုပေ။ သူက ရှေ့တစ်လှမ်းတိုးကာ လက်ဟန်သင်္ကေတ တချို့ ပြုလုပ်လိုက်သည့်အခါ ကျောက်စားပွဲပေါ်မှ ချိပ်ပိတ်ထားမှုမှာ အလွယ်လေး ကျိုးပျက်သွားလေ၏။ မိုဝူကျီက ကျောက်စိမ်းသေတ္တာကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။
ကျောက်စိမ်းသေတ္တာ ပျောက်သွားသည်နှင့် ဘေးပတ်လည်မှ သတ္တုဓာတ် သဘာဝ စွမ်းအားများမှ ပျောက်ကွယ်သွားတော့သည်။
ပိုင်ချီထျန်က မိုဝူကျီ တစ်ယောက် ကျောက်စိမ်းသေတ္တာကို ယူသွားသည်ကို မြင်လိုက်သောအခါ မျက်လုံးများက နီရဲသွားလေသည်။ သူက ဤနေရာတွင် လှုပ်ရှားလို့ မရမှန်း သိထားသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူက မိုဝူကျီကို တိုက်ခိုက်မိလောက်မည်။
“ဒီနေရာမှာ ပစ္စည်း သုံးမျိုးပဲ ရှိမှာဆိုတော့ အင်မော်တယ် ရောင်းရင်းမိုယူသွားတဲ့ ကျောက်စိမ်းသေတ္တာအပြင် ကျင့်စဉ်နဲ့ စေတီသဏ္ဌာန် မှော်ရတနာပဲ ကျန်တော့တယ်။ ကျုပ်တို့က လူရာကျော် ရှိတာဆိုတော့ ဘယ်လို ခွဲယူကြမလဲ ...”
စားပွဲပေါ်၌ ပစ္စည်းနှစ်ခုသာ ကျန်ရှိတော့သော်လည်း မည်သူမျှ မလှုပ်ရှားရဲကြပေ။
ချန်းဟူက မိုဝူကျီကို ကြည့်လိုက်သော်လည်း မိုဝူကျီက ဘာမှ မပြောပေ။ ထို့နောက် ပိုင်ချီထျန်းက ဝင်ပြောလိုက်သည်။
“စားပွဲပေါ် အများကြီး ရှိတယ်ဆိုရင် အင်မော်တယ် ရောင်းရင်းမိုက ပစ္စည်းတစ်ခု အရင်ယူလိုက်တာက ပြဿနာ မရှိပါဘူး။ အခုတော့ ပစ္စည်းက စုစုပေါင်း သုံးမျိုးပဲ ရှိတာဆိုတော့ အင်မော်တယ် ရောင်းရင်းမိုက ပစ္စည်း ပြန်ထုတ်ပေးဖို့ အကြံပြုချင်တယ်။ ပြီးသွားရင်တော့ အင်မော်တယ်ရောင်းရင်းမိုက အင်မော်တယ်ကျောက်ကို ရာခိုင်နှုန်း များယူပေါ့ ... ဘယ်လိုလဲ”
မိုဝူကျီက ပိုင်ချီထျန်းကို တစ်ချက် ကြည့်ကာ ခံစားချက်ကင်းမဲ့စွာ ပြန်ပြောလိုက်သည်။
“သောက်ရေး မပါတာတွေ ... ”
“ဟင်း ... ခင်ဗျားကို တခြားလူတွေက ကြောက်ချင် ကြောက်ပေမဲ့ ကျုပ် ပိုင်ချီထျန်းက ဘာမှ ကြောက်နေစရာ မရှိဘူး ”
ပိုင်ချီထျန်းက မိုဝူကျီအတွက် ပြဿနာရှာရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ယခု မိုဝူကျီက သူ့အား ကျိန်ဆဲလိုက်သောကြောင့် သူက မည်သို့ သည်းခံနိုင်တော့မည်နည်း။
မိုဝူကျီက ထိုစက်ဆုပ်ဖွယ် ကောင်းသည့် လူကို မြန်မြန် ဖယ်ရှားပစ်ချင်သော်ငြား ဤသို့သော နေရာမျိုး၌ ပိုင်ချီထျန်းကို ဘာမှ လုပ်နိုင်မည် မဟုတ်ကြောင်း သိထားသည်။
သူက ပိုင်ချီထျန်းကို လျစ်လျူရှုကာ လူအုပ်ဘက် လှည့်လိုက်ပြီး ပြောလိုက်သည်။
“ဒီနေရာမှာ ပစ္စည်းသုံးမျိုးနဲ့အထက် ရှိနေပါတယ်။ ဒီနေရာနောက်မှာ နောက်ထပ် အတားအဆီး တစ်ခု ရှိနေသေးလို့ မမြင်ရတာပါ ”
မိုဝူကျီ ပြောပြီးသည်နှင့် ရှေ့တိုးကာ ဓားမော့ကို ဝှေ့ယမ်းလိုက်သည်။
“ဘုန်း ”
နောက်ထပ် အသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာပြန်သည်။ ခန်းမအနောက်၌ ဥယျာဉ်တစ်ခုက ရုတ်ခြည်း ပေါ်လာလေ၏။ ထိုဥယျာဉ်အလယ်၌ တစ်သီးပင် တစ်ပင်သာ ရှိနေသည်။ မိုဝူကျီက အစီအရင်ကို ဖယ်ရှားလိုက်သည်နှင့် သိပ်သည်း ကြွယ်ဝလှသော အင်မော်တယ် စွမ်းအားများက လေနှင့်အတူ ရောက်ရှိလာသည်။
“အင်မော်တယ်ဘုရင် တာအို အသီးတွေပဲ ”
လူများစွာက တအံ့တဩ ရေရွတ်လိုက်ကြသည်။ အားလုံးနီးပါးက သူတို့ရှေ့ရှိအပင်မှာ အင်မော်တယ်ဘုရင် တာအိုအသီး အပင်မှန်း သိကြသည်။ ထို့အပြင် ထိုသစ်ပင်တွင် အသီးပေါင်း ရာကျော် ရှိပေသည်။
“ဟားဟားအင်မော်တယ် ဘုရင် တာအိုအသီးတွေပဲ ”
ချန်းဟူက ဟက်ဟက်ပက်ပက် ထရယ်မောလိုက်ရင်း ထိုရလဒ်ကို ကျေနပ်နေမှန်း သိသာလှသည်။
အင်မော်တယ် ဘုရင် တာအိုအသီးမှာအဆင့် ၇ အင်မော်တယ် အသီးဖြစ်မှန်း သိကြသည်။ ဤအသီးကို တိုက်ရိုက် စားလို့ ရသလို၊ အင်မော်တယ်ဘုရင် ဆေးလုံးအဖြစ် ဖော်စပ်လည်း ရပေသည်။ အင်မော်တယ်ဘုရင် ဆေးလုံးမှာ အဆင့်၇ အင်မော်တယ်ဆေးလုံး ဖြစ်သော်လည်း ဤသို့သော အရာမျိုးမှာ ပိုက်ဆံနှင့် ဝယ်ယူ၍ မရပေ။ အကြောင်းမှာ ဤဆေးလုံး၏ လုပ်ဆောင်ချက်မှာ မဟာလောရှန်းအဆင့် ကျင့်ကြံသူကို အင်မော်တယ် တာအို အသိဉာဏ်ပွင့်စေပြီး အင်မော်တယ် ဘုရင်အဆင့်သို့ တက်ရောက်နိုင်စေလိမ့်မည်။
အင်မော်တယ်ဘုရင် အဆင့်မှာ တာအိုနေရာ ပိုင်ဆိုင်သည့် အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပေသည်။ မဟာလောရှန်းအဆင့် မည်မျှ အားကောင်းစေကာမူ အင်မော်တယ်ဘုရင်နှင့် လုံးဝ နှိုင်းယှဉ်ကြည့်၍ မရပေ။
“ကျုပ် ခန့်မှန်း ကြည့်ရသလောက် အင်မော်တယ်ဘုရင် တာအိုအသီးက အနည်းဆုံး နှစ်တစ်သိန်း သက်တမ်း ရှိတယ် ”
ပိန်ပါးပါး ရွှမ်ရှန်းအဆင့် ကျင့်ကြံသူက စိတ်လှုပ်ရှားစွာ ဝင်ပြောလိုက်သည်။
အင်မော်တယ် ဘုရင် တာအိုအသီးက သက်တမ်း ရင့်လေလေပို၍ အဖိုးတန်လေလေ ဖြစ်၏။ နှစ်တစ်သိန်း သက်တမ်းရှိသည့် အင်မော်တယ် ဘုရင် တာအို အသီးမှာ လူများစွာ အလိုရှိနေကြသည့် အရာဖြစ်၏။
“အင်မော်တယ်ရောင်းရင်းမို ... ခင်ဗျားက ဒီဥယျာဉ်ကို တွေ့ခဲ့တာဆိုတော့ ခင်ဗျားပဲ ဘယ်လို ဝေခွဲရမလဲဆိုတာ အကြံပေးပါဦး ... ”
ချန်းဟူက မိုဝူကျီဘက် လှည့်ပြောလိုက်သည်။
မိုဝူကျီက လူအုပ်ဘက် လှည့်ကာ လက်နှစ်ဖက် ယှက်ထားရင်း
“အင်မော်တယ်ရောင်းရင်း အပေါင်းတို့ ... ဒီသစ်ပင်မှာ စုစုပေါင်း အသီး ၁၃၁ လုံး ရှိတယ်။ ကျုပ်တို့က၁၂၂ ယောက် ရှိတယ်။ အရင်ဆုံးအားလုံး တစ်ယောက် တစ်လုံးစီ ယူဖို့ အကြံပြုချင်တယ်”
***