တော်ဝင်ညီလာခံ ပြီးဆုံးခြင်း
Vol. 37 Ch. 505
တော်ဝင်ညီလာခံမှ အဖြစ်အပျက်များမှာ ကုန်းမြေတိုက်ကြီး တစ်ခုလုံးရှိ လူများ၏ ယုံကြည်ချက်များကို ဖျက်ဆီးသွားခဲ့ကာ သတင်း အပိုင်းအစများမှာ တောမီးလောင် သလို အရှိန်အဟုန်နှင့် ပျံ့နှံ့သွားခဲ့၏။ ဝေ့ဝူယင်၊ ထန်ရှင်းယွင်၊ ဟယ်ယန်းလဲ့နှင့် လင်းမင်တို့ အကြောင်း စကားဝိုင်းများမှာ ရက်ပေါင်းများစွာ ကြာအောင် အစွန်းလေးဖက် လောကနယ်မြေကို လောင်စာဆီသဖွယ် လောင်မြိုက် နေခဲ့သည်။
များစွာသော လူများ၏ အတွေးတွင် တော်ဝင်ညီလာခံမှာ ကုန်းမြေတိုက်ကြီးနှင့် ဘုရားကျောင်းများ၏ အနာဂတ် အရေးကိစ္စများကို ဆွေးနွေးကာ ဆုံးဖြတ်မည့် ထိပ်သီး တွေ့ဆုံမှု တစ်ရပ် ဖြစ်ခဲ့သည်။ သို့သော်လည်း လက်တွေ့တွင်တော့ နတ်ဘုရား သင်္ကေတ လုပွဲ တစ်ခုသာ ဖြစ်နေခဲ့သည်။
ဘာပဲဖြစ်ဖြစ် တော်ဝင် ကလေးငယ်များ အကြားမှ တိုက်ပွဲများမှာ လူသားနှင့် အယ်ဗန် မျိုးနွယ်များ အတွက် စိတ်လှုပ်ရှားခြင်းနှင့် ထိတ်လန့်ခြင်း နှစ်မျိုးစလုံးကို ယူဆောင် လာခဲ့သည်။ အထူးသဖြင့် ဒြပ်စင် သုံးခု တော်ဝင်သားတော်မှာ ထူးပြား ဆန်းကြယ်သော နည်းလမ်းများနှင့် ကြောက်မက်ဖွယ် ကောင်းသည့် တိုက်ခိုက်ရေး စွမ်းအားကို ထုတ်ဖော်ပြသခဲ့ကာ နတ်ဘုရား သင်္ကေတ ရှစ်ခုအထိ သိမ်းပိုက်နိုင်ခဲ့သည်။ အကယ်၍ နတ်ဘုရား သင်္ကေတ ကိုးခုသာ ပေါင်းဆုံသွားပါက မည်သည့် အရာများ ဖြစ်ပေါ်လာမည်ကို သူတို့ သိလိုနေကြပေသည်။
…
ဟူး… ဟူး…
ဝေ့ဝူယင်မှာ ကောင်းကင်ကို ဖြတ်သန်း ပျံသန်းနေ၏။ စီတနှင့် အိယင်တို့မှာ မီးခိုးရောင် အယ်ဗန် မျိုးနွယ်များနှင့် ဘုရားကျောင်း အဖွဲ့ဝင်များကို ဦးဆောင်ကာ ဝေ့ဝူယင်၏ နောက်မှ တိတ်တဆိတ်ဖြင့် လိုက်ပါလာကြသည်။ ရှုပ်ထွေးသည့် အဖြစ်အပျက်များ ပြီးဆုံးသည့် နောက်တွင် သူတို့မှာ ပျက်သုဉ်းခြင်း နယ်မြေသို့ ပြန်လည် ခရီးနှင် လာခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင် အတွေး အမျိုးမျိုးဖြင့် သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်မိ၏။ အထူးသဖြင့် တစ်နှစ် ဆိုသည့် အချိန်းအချက်က သူ့ကို အတော်လေး စိတ်ဖိစီးစေသည်။ သို့သော်လည်း ကံဆိုးစွာပင် ထိုပြဿနာကို ဖြေရှင်းရန် သူ့တွင် အခြားနည်းလမ်း မရှိချေ။ အရိပ်ထဲမှ အမျိုးသမီးက မည်သူပင် ဖြစ်စေကာမူ သေမျိုး အဆင့်ထက် အဆပေါင်းများစွာ ကျော်လွန်နေမှာ သေချာသည်။
ဟယ်ယန်းလဲ့၏ ဓမ္မ ကာကွယ်သူက သူ့ကို အသက် ချမ်းသာပေးခဲ့သည့်တိုင် ဝေ့ဝူယင် ကံကောင်းမှုကို နောက်တစ်ကြိမ် ထပ်မစမ်းလိုတော့ချေ။
“အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှာ ငါလျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းက လောကီ ပြန်လည် မွေးဖွားသူ သိထားတဲ့ အနာဂတ်တွေကို ပြောင်းလဲစေလိမ့်မယ်... တကယ်လို့ သူက ဘယ်သူလဲ ဆိုတာ သိရမယ် ဆိုရင် ငါ နောက်ထပ် တိုင်းတာမှုတွေကို ပိုပြီး ကောင်းအောင် လုပ်နိုင်မှာ သေချာတယ်”
ကမ္ဘာကြီး တစ်ခုလုံး လည်ပတ်မှု ရပ်တန့်သွားသည့် ထိုနေ့မှ စတင်၍ လောကီ ပြန်လည် မွေးဖွားသူ၏ အကျိုးသက်ရောက်မှုနှင့် သူ့ ကိုယ်ပိုင် အနာဂတ် အပေါ် ရိုက်ခတ်လာနိုင်မှုများကို ဝေ့ဝူယင် စဥ်းစားခဲ့သည်။ ထိုနေ့မှ စ၍ သူ ဆုံးဖြတ်ချက်တိုင်းကို ပိုမို သတိကြီးစွာနှင့် ချမှတ်ကာ ခိုင်မာသည့် အနာဂတ် အစီအစဥ်များကို တည်ဆောက်ဖို့ ကြိုးပမ်းခဲ့သည်။
သူ ဗာကီရီ အဖွဲ့ကို ဖွဲ့စည်းခြင်းနှင့် အာဏာရှင်များ အဖွဲ့အတွက် ပိုမို ရင်းနှီးမြှုပ်နှံခြင်းတို့တွင်ပင် ထိုအမည်မသိ ဖြစ်တည်မှု၏ သက်ရောက်မှု တစ်စိတ်တစ်ပိုင်း ပါဝင်နေပေသည်။ အဘယ်ကြောင့်မှန်း မသိသော်လည်း... လောကီ ပြန်လည် မွေးဖွားသူက သူ့နှလုံးသားကို ထိုးစိုက်ဖို့ အတွက် အမှောင်ထောင့် တစ်နေရာမှ စောင့်ဆိုင်းနေသည့် ဓားမြှောင်တစ်စင်းလိုမျိုး ဝေ့ဝူယင် ခံစားမိသည်။ ၎င်းက အနန္တ ဧကရာဇ်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက်ပိုင်း သူ ကာလရှည်ကြာ ခံစားခဲ့ရသည့် ဘေးကင်လုံခြုံခြင်း ဆိုသော ခံစားချက်ကို ရိုက်ချိုးသွားခဲ့သည်။
“တော်ဝင်သားတော်...”
ရုတ်တရက်... နောက်နားမှ ထွက်ပေါ်လသည့် အိယင်၏ ခေါ်သံကြောင့် ဝေ့ဝူယင်မှာ အတွေးအာရုံထဲမှ ပြန်လည် နှိုးထလာခဲ့၏။ မိန်းကလေး၏ လှပ သိမ်မွေ့သော သော မျက်နှာကလေးမှာ အနည်းငယ် သုန်မှုန်နေ၏။ သူမ၏ မျက်လုံးလေးများကတော့ စိုးရိမ်မှုနှင့် ထိတ်လန့်မှု အရိပ်အငွေ့တို့ဖြင့် ပြည့်နှက်နေသည်။
"ရှင် အဆင်ပြေရဲ့လား...”
သူမက ဝိညာဥ်အာရုံဖြင့် ဆက်သွယ်ရင်း မေးလိုက်၏။ ဒြပ်စင်သုံးခု တော်ဝင်သားတော်မှာ လောကသခင်များကို တိုက်ခိုက်ရန် အတွက် သုံးဆယ့်နှစ် စင်တီမီတာ ရှိသည့် ကြယ်တာရာ အမြုတေနှင့် အတူ အလွန် အစွမ်းထက်သည့် အစီအရင် တစ်ခုကို ထုတ်ဖော်ခဲ့သည်။ ၎င်းက ကိုယ့်ကိုယ်ကို ထိုခိုက်ခံသည့် တားမြစ် နည်းလမ်းတစ်ခု ဖြစ်ကြောင်း လင်းမင် ပြောသည်ကို သူမ ကြားခဲ့ရသည်။ ထိုနည်းလမ်း၏ တန်ပြန် တိုက်ရိုက်ခတ်မှုဒဏ်ကို ဝေ့ဝူယင်ခံစားရမှာ သူမ စိုးရိမ်နေမိသည်။
ဝေ့ဝူယင်မှာ မိန်းကလေး၏ အပြုအမူကြောင့် နှလုံးသား တစ်ခုလုံး နွေးထွေးသွားကာ စိတ်သက်သာရာ ရမှုတို့ကို ခံစားလိုက်ရလေသည်။ သူက ပျံသန်းမှုကို ရုတ်တရက် ရပ်လိုက်ရာ အခြား ကိုးယောက်မှာလည်း သုန်မှုန်သော အမူအရာများဖြင့် လိုက်လံ ရပ်တန့်လိုက်ကြ၏။ မဟာ သူတော်စင် စီတမှာ လိုအပ်ပါက ခုခံရန် အတွက် ကြယ်တာရာ အင်အားများကို အဆင်သင့် ပြင်လိုက်သည်။
တားမြစ်ကျင့်စဥ်၏ တန်ပြန် ရိုက်ခတ်မှု ဒဏ်ကို ဝေ့ဝူယင် ခံစားရလိမ့်မည်ဟု ယုံကြည်နေသူက အိယင် တစ်ယောက်တည်း မဟုတ်ချေ။ အားလုံးပင် ထိုကဲ့သို့ တွေးနေကြခြင်း ဖြစ်သည်။ အလင်းပြန်ခြင်း အဆင့် တစ်ယောက် အနေဖြင့် သမာရိုးကျ နည်းလမ်း အတိုင်းဆိုပါက မည်ကဲ့သို့ ထိုမျှလောက် ရက်ရက်စက်စက် အစွမ်းထက်နိုင်မည်နည်း။
“ခင်ဗျားတို့ စိုးရိမ်တာကို ကျုပ် နားလည်ပါတယ်... ဒီတော့ ကျုပ် ခင်ဗျားတို့ကို မညာတော့ဘူး... မဟာ လေပြင်း တော်ဝင်သားတော် ပြောသလို ဘာကျင့်စဥ်မှလည်း မရှိဘူး... ဒီတော့ ဘာတန်ပြန် ဆိုးကျိုးကိုမှ ကြောက်စရာ မလိုဘူး... အဲဒါက အမှန်တရားကို လက်ခံဖို့ မလုံလောက်တဲ့ အခါ လူတွေ ဖန်တီးတတ်ကြတဲ့ ကိုယ့်ကိုယ်ကို နှစ်သိမ့်မှု တစ်ခုပါပဲ... ခင်ဗျားတို့ သိထားဖို့ တစ်ခုက ဒီလောကမှာ တစ်တောင်ထက် ပိုမြင့်တဲ့ တောင်တစ်တောင် ဆိုတာ ရှိတယ် ဆိုတာပါပ”
ဝေ့ဝူယင်က ဝိညာဥ်အာရုံဖြင့် ဆက်သွယ်ကာ အားလုံးကို ဖြည်းညင်းစွာ ရှင်းပြလိုက်၏။
"ဘယ်လို... ဒါပေမဲ့ သုံးဆယ့်နှစ် စင်တီမီတာ ရှိတဲ့ ကြယ်တာရာ အမြုတေက...”
မီးခိုးရောင် အယ်ဗန် မျိုးနွယ်ဝင် တစ်ယောက်က မယုံကြည်နိုင်စွာဖြင့် တုန့်ပြန်လိုက်၏။ တစ်တောင်ထက် ပိုမြင့်သည့် အခြား တောင် တစ်တောင် ရှိသည် ဆိုသည့် စကားကို သူတို့ လက်ခံသည့်တိုင် သုံးဆယ့်နှစ် စင်တီမီတာ ရှိသည့် ကြယ်တာရာ အမြုတေက ကျင့်ကြံခြင်း လောက၏ အခြေခံ စည်းမျဥ်းများကိုပင် ကျော်လွန်နေသည့် အကန့်အသတ် ဖြစ်သည်။
“ကျုပ်ပြောခဲ့တာတွေ အကုန်လုံးက အမှန်တွေချည်းပဲ... ယုံတာ မယုံတာကတော့ ခင်ဗျားတို့ သဘောပါပဲ”
ဝေ့ဝူယင်က ထပ်မံ ရှင်းမပြတော့ပဲ ခေါင်းကိုသာ ခါယမ်းလိုက်၏။ ထို့နောက် သူက အိယင်ကို တစ်ချက် လှမ်းကြည့်ကာ မြတ်နိုးစွာ ပြုံးပြလိုက်သည်။
“မင်းရဲ့ ခေါင်းလှလှလေးထဲကို အခြားလူတွေရဲ့ အမှိုက်တွေနဲ့ ရှုပ်ထွေး မခံနဲ့”
“ ... “
အိယင်မှာ အချိန် အတန်ကြာ ငြိမ်သက်နေ၏။ ထို့နောက် သူမက အသာအယာပင် ခေါင်းကို ညိတ်ပြလိုက်သည်။ အဘယ်ကြောင့်မှန်း မသိသော်လည်း ဝေ့ဝူယင်၏ တည်ကြည်သော မျက်နှာနှင့် ငွေရောင် မျက်လုံးများကို ကြည့်ရင်း သူ၏ စကားလုံးများက မှန်ကန်နေသလို သူမ ခံစားလာမိသည်။ ထိုအရာက မျက်ကန်း ယုံကြည်ချက်မျိုး ဖြစ်ကောင်း ဖြစ်နိုင်သည့်တိုင် နှလုံးသားထဲမှ တိုက်ရိုက် ထွက်ပေါ်လာသည့် ခံစားချက်များကတော့ ဘယ်တော့မှ လိမ်လိမ့်မည် မဟုတ်ပါချေ။
အခြားတစ်ဖက်၌ စီတနှင့် အခြား ဘုရားကျောင်း အဖွဲ့ဝင်များကတော့ ဘာမေးခွန်းမှ မထုတ်ကြချေ။ သူတို့က ဝေ့ဝူယင်၏ စကားလုံးတိုင်းကို အကြွင်းမဲ့ ယုံကြည်ကြပြီး ဖြစ်သည်။ သူတို့ အတွက် တော်ဝင် သားတော်၏ နှုတ်ကပတ်တော်တိုင်းမှာ ဘုရားရှင်၏ နှုတ်ကပတ်တော်နှင့် ထပ်တူနီးပါး တူညီသည်။ ၎င်းတို့က သံသယ ရှိစရာ မလိုသည့် အမှန်တရားများပင် ဖြစ်ပေသည်။
...
ကောင်းကင်လေပြည် နန်းတော်အတွင်း၌ ပုံရိပ်တစ်ခုမှာ ကြာပန်း ပုံသဏ္ဌာန် ထိုင်နေခဲ့ကြ၏။ ရံဖန်ရံခါ၌ ဝိညာဥ်စွမ်းအင်များမှာ ထိုပုံရိပ်၏ ဒွါရပေါက်များမှ တစ်ဆင့် အပြင်သို့ ထွက်ပေါ်လျှက် ရှိသည်။ သူ့ ပတ်လည်တွင်တော့ နန်းတော် အဖွဲ့ဝင်များမှာ သုန်မှုန်သော အမူအရာများဖြင့် ဝန်းရံလျှက် ရှိနေခဲ့၏။ မဟာ ဘုန်းတော်ကြီး ကျိဂူကတော့ မျက်ခုံးများကို ထုစပ်လု မတတ် နက်ရှိုင်းစွာ မျက်မှောင်ကြုတ် ထားခဲ့၏။
ကြာပန်း သဏ္ဌာန် ထိုင်နေသည့် ပုံရိပ်ကား တိုက်ပွဲအတွင်း ဝေ့ဝူယင် ချမှတ်သွားခဲ့သည့် ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဥ်ရေးရာ ကန့်သတ်ချက်များကို ပြန်လည် ပယ်ဖျက်ရန် ကြိုးပမ်းနေသည့် မဟာ လေပြင်း တော်ဝင် သားတော်ဟောင်း လင်းမင်ပင် ဖြစ်လေသည်။
မဟာ ဘုန်းတော်ကြီး ကျိဂူ၏ မျက်လုံးများမှာ နက်မှောင်နေကာ စိတ်မရှည်ခြင်းများနှင့် တဖျပ်ဖျပ် တောက်ပနေ၏။
တော်ဝင် ညီလာခံမှာ လင်းမင်၏ အကြံအစည်ပင် ဖြစ်ပြီး လေပြည်လွင်ပြင်မှာ ထိုအတွက် ကာလရှည်ကြာ ကြိုတင် ပြင်ဆင်ခဲ့ကြသည်။ သို့သော်လည်း အဆုံးသတ် ရလဒ်၌ သူတို့သာလျှင် တော်ဝင် သားတော် ဆိုသည့် အခွင့်အာဏာကို ဆုံးရှုံးခဲ့ရကာ နန်းတော် အဖွဲ့ဝင်မြောက်များစွာမှာလည်း ဒြပ်စင်သုံးခု တော်ဝင် သားတော်၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
အဘယ်ကြောင့် ထိုအပြစ်သားကို သူတို့ ယုံကြည်ခဲ့သနည်း။ စည်းမျဥ်းများ အရဆိုရလျှင် လက်ရှိ၌ သူတို့မှာ ဝေ့ဝူယင်၏ လက်အောက်ငယ်သားများ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လျှို့ဝှက် ဆန်းကြယ်သည့် ထိုအမျိုးသမီးမှာ သူတို့ကို ဆက်လက် ချုပ်ကိုင်ထားခဲ့သည်။ အရှင်သခင် အသစ် အပေါ် သစ္စာ စောင့်သိကြောင်း ပြမိသည်နှင့် ထိုအမျိုးသမီးက သူတို့ကို သတ်ပစ်မှာ သေချာသည်။
နာရီပေါင်းများစွာ ကြာမြင့်ပြီးနောက် လင်းမင်၏ ခန္ဓာကိုယ်က တုန်ရီသွားကာ မီးခိုးရောင် မျက်လုံးများမှာ ဖြည်းညင်းစွာ ပြန်လည် ပွင့်လာခဲ့၏။ မသက်သာသည့် အရိပ်အယောင်နှင့် စိတ်ပျက် အားငယ်မှုများမှာ သူ့ မျက်နှာထက်၌ ထင်ရှားစွာပင် ပေါ်လွင်နေ၏။ ဝေ့ဝူယင်၏ ကန့်သတ်ချက်များမှာ ကြောက်ဖို့ကောင်းအောင် အစွမ်းထက်လွန်းကာ သူ၏ ကျင့်ကြံခြင်း အခြေခံ အုတ်မြစ် တစ်ခုလုံးကို ဟာကွက် တစ်ခုမှ မကျန်အောင် ပိတ်ဆို့ထားခြင်း ဖြစ်သည်။
လင်းမင်က မဟာ ဘုန်းတော်ကြီး ကျိဂူကို အကူအညီမဲ့စွာဖြင့် လှည့်ကြည့်ရင်း မေးလိုက်၏။
“ဒီဝိညာဥ် ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ ခင်ဗျားမှာ နည်းလမ်းလေး ဘာလေး မရှိဘူးလား”
ထိုလူယုတ်မာ၏ ဝိညာဥ် အမှတ်အသားများက သူ၏ သွေးကြောတိုင်းနှင့် စွမ်းအင် ဆုံမှတ် တစ်ခုချင်းစီတိုင်း၌ ပျံ့နှံ့နေကာ လောကပင်လယ်၊ စွမ်းအင် စီးဆင်းမှုနှင့် အသိစိတ် ပင်လယ် အပါအဝင် အဆင့်မြင့် လုပ်ဆောင်ချက်များကို ကန့်သတ်ထားသည်။
လက်ရှိ အချိန်၌ ဝိညာဥ် အင်အား အနည်းအကျဥ်းမှ လွဲ၍ သူ ဘာကိုမှ သုံး၍ မရချေ။ ယုတ်စွအဆုံး သိုလှောင် လက်စွပ်ကိုပင် မဖွင့်နိုင်ချေ။
မဟာ ဘုန်းတော်ကြီး ကျိဂူ၏ မျက်မှောင်များက ပိုမို နက်ရှိုင်းသွားကာ စိတ်ထဲမှ ကြိတ်ကာ နှာခေါင်းတ ရှုံ့လိုက်မိသည်။ နည်းလမ်း... ဟုတ်လား။ သူက အဘယ်ကြောင့် နည်းလမ်း ရှာပေးမည်နည်း။ တော်ဝင်သားတော် မဟုတ်တော့သည့်လူတစ်ယောက်ကို နန်းတော်အတွင်း ဆက်လက် နေထိုင်ခွင့် ပြုခဲ့ခြင်းပင်လျှင် အတော်လေး လွန်နေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း... ထိုအခိုက်တွင်ပင် ဝိညာဥ်အာရုံ တစ်ခုမှာ သူ့စိတ်အတွင်း တိုးဝင်လာ၏။ ကျိဂူ၏ ခန္ဓာကိုယ်က တစ်ချက် တုန်ခါသွားကာ မျက်နှာ အမူအရာမှာ ပျက်ရွင်းသွား၏။ သူက စိတ်ထဲမှ ကြိတ်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
“ငါ ကြိုးစားကြည့်ပေးမယ်...”
ကျိဂူက စိတ်မပါတပါဖြင့် လင်းမင် အနား ချည်းကပ်လိုက်ရင်း ပခုံးကို ထိလိုက်၏။ သို့သော်လည်း ဝိညာဥ်အာရုံကို စတင် ဖြန့်ကျက်လိုက်သည်နှင့် သူ၏ မျက်လုံးများက ထိတ်လန့် ချောက်ချားခြင်းများနှင့် ပြည့်နှက် သွားသည်။
ထိုအရာက မည်ကဲ့သို့ ဝိညာဥ် အတားအဆီးများနည်း။ မယုံကြည်နိင်ဖို့ ကောင်းအောင် စေ့စပ်ကာ အစွမ်းထက်လွန်းသည်။ ကျိဂူ ဝိညာဥ်အင်အားကို ထုတ်လွှတ်ကာ အစီအရင်ကို လွှမ်မိုးကြည့်ရန် ကြိုးစား လိုက်သည်။
ဘုန်း...
ရုတ်တရက် ပြန်ကန်အား တစ်ခုမှာ လင်းမင်၏ ပခုံးမှ ထွက်ပေါ်လာ၏။ ကျိဂူ၏ ခန္ဓာကိုယ်က နောက်သို့ ဘောလုံး တစ်လုံးအလား လွင့်စဥ်သွားကာ အခန်းနံရံနှင့် ဝင်တိုက်သွားသည်။ သူ၏ ခန္ဓာကိုယ် တစ်ပိုင်းက နံရံ အတွင်း နစ်ဝင်သွားကာ နံရံမှာ လဲပြိုသွား၏။ နာကျင်သော အော်ဟစ်သံနှင့် အတူ ဖုန်မှုန့် တိမ်တိုက် တစ်ခုမှာ အခန်း တစ်ခုလုံးကို လွှမ်းမိုးသွားလေသည်။ သိပ်မကြာခင်မှာပင် တဟွတ်ဟွတ် ချောင်းဆိုးသံများနှင့် အတူ ကျိဂူမှာ အအပျက်အစီးများ ကြားမှ ပြန်လည် ထွက်လာခဲ့၏။
“ဒါက ဘယ်လို ဝိညာဥ် အတားအဆီးမျိုးလဲ... ကြောက်ဖို့ကောင်းလိုက်တဲ့ ဝိညာဥ်အင်အား...”
ကျိဂူ၏ မျက်လုံးများက မယုံကြည်နိုင်မှု၊ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေ၏။ လင်းမင်၏ ခန္ဓာကိုယ် တစ်ခုလုံး၌ ပျံ့နှံ့နေသည့် ဝင်္ကပါ အစီအရင် တစ်ခုချင်းစီမှာ ချိုးဖျက်၍ မရနိုင်သည့် တံတိုင်းကြီးများလိုပင်။ သူ့ကဲ့သို့ အချိန်သခင် တစ်ပါး ပင်လျှင် ထိုအစီအရင် တစ်စိတ်တစ်ပိုင်းမှ ထွက်ပေါ်လာသည့် တန်ပြန် သက်ရောက်မှု တစ်ခုကိုပင် ကိုင်တွယ်နိုင်စွမ်း မရှိချေ။
“မဟာ ဘုန်းတော်ကြီး... ခင်ဗျား နှာခေါင်းသွေ လျှံနေပြီ...”
ကောင်းကင်လေပြည် နန်းတော် အဖွဲ့ဝင် တစ်ယောက်က ထိတ်လန့် တုန်လှုပ်စွာဖြင့် ပြောလိုက်၏။
“ဟမ်...”
ကျိဂူက မျက်မှောင်ကြုတ်ရင်း နှာခေါင်းကို ထိကြည့်လိုက်ရာ လက်ချောင်းများတွင် သွေးများ စွန်းထင်လာသည်ကို တွေ့လိုက်ရသည်။ ထိုအခိုက်တွင်ပင် သူ့မျက်နှာမှာ ထုံကျင်လာကာ အသိစိတ် ပင်လယ်မှာ ပြင်းထန်စွာ တုန်ရီလာသည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်သွားကာ အမြင်အာရုံပင်လျှင် ဝေဝါးလာသလို သူ ခံစားလိုက်ရ၏။ ထိုအခိုက်၌ သွေးများမှာ သူ့နှာခေါင်း တစ်ခုတည်းမှ စီးကျနေခြင်း မဟုတ်ချေ။ ဒွါရပေါက်တိုင်းမှ စီးကျလာနေခဲ့ခြင်း ဖြစ်သည်။
လင်းမင်မှာ ကျိဂူ၏ အခြေအနေကို ကြည့်ကာ အချိန်သခင် တစ်ပါး ပင်လျှင် သူ့ ဝိညာဥ် အစီအရင်ကို မဖြေပေးနိုင်ကြောင်း သဘောပေါက်လိုက်သည်။ သို့သော်လည်း သူ စိတ်ဓာတ် မကျချေ။ သူ၏ မျက်လုံးများက အလွန်အမင်း ထက်ရှနေကာ ကိုယ်ပိုင် ဝိညာဥ်အင်အားဖြင့် နောက်တစ်ကြိမ် ထပ်မံ ကြိုးစားရန်သာ ဆုံးဖြတ်လိုက်သည်။
အနာသိလျှင် ဆေးဆိုတာ ရှိစမြဲ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ထိုအတားအဆီးများကို သူ ပယ်ဖျက်နိုင်ရမည်။ ဤအခက်အခဲလောက်ကိုမှ မကျော်ဖြတ်နိုင်လျှင် သူက ဘာအသုံးကျတော့မည်နည်း။
လျှို့ဝှက် ဆန်းကြယ်သည့် မိန်းမငယ်လေးမှာ အရိပ်များကြားထဲမှ ထိုမြင်ကွင်းကို ကြည့်ရင်း မျက်မှောင်ကြုတ် နေခဲ့၏။
“ဒီဝိညာဥ်အင်အားက ပုံမှန် မဟုတ်ဘူး... အကြမ်းဖျဥ်း ခန့်မှန်းရမယ် ဆိုရင်တောင် ၅၀၀၀၀ ကျော်နေတာ သေချာတယ်... ငါ ကိုယ်တိုင်တောင် သူ့ကို မထိခိုက်ပဲ ပယ်ဖျက်နိုင်မှာ မဟုတ်ဘူး”
သူမက ငြိမ်သက်စွာဖြင့် ဆက်လက် စဥ်းစားနေခဲ့၏။ မိနစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် သူမ၏ မျက်မှောင်များက ပြေလျော့သွားကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဓမ္မ ကာကွယ်သူတွေထဲက တစ်ယောက်ပဲ အဲဒါကို ပယ်ဖျက်နိုင်လိမ့်မယ် ထင်တယ်”
အတွေးကို နိဂုံးချုပ်ပြီးသည်နှင့် ရုတ်ချည်းပင် သူမ၏ ပုံရိပ်မှာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့တော့၏။
***