ထန်ရှင်းယွင်
Vol. 37 Ch. 507
ဝေ့ဝူယင်မှာ အစစ်အမှန် ပျက်သုဥ်းခြင်း ဘုရားကျောင်းသို့ ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူက အမျိုးမျိုးသော ကိစ္စရပ်များကို တွေးတောရင်း ခုတင်ပေါ်တွင် သက်တောင့်သက်သာ ထိုင်နေခဲ့၏။ တစ်နှစ် အကြာတွင် လင်းမင်နှင့် ရင်ဆိုင်ရမည့် ကိစ္စကိုတော့ သူ စိတ်မပူပါချေ။ သူ ချမှတ်ထားသည့် အစီအရင်များမှာ လွယ်လွယ်ကူကူနှင့် ပယ်ဖျက်နိုင်မည့် ဖြစ်တည်မှုများ မဟုတ်ပါချေ။
ဝေ့ဝူယင် တြိဂံ သဏ္ဌာန် အစိတ်အပိုင်း တစ်ခု လိုအပ်နေဆဲ ဖြစ်သည့် လက်ထဲမှ နဝဂံ တိုကင်လေးကို ထုတ်ယူလိုက်၏။ ထိုတိုကင်လေးထဲတွင် ကျင့်ကြံခြင်းကို နောက်ထပ် ခြေတစ်လှမ်း တိုးနိုင်မည့် ဒြပ်စင် ရှစ်ခု၏ အထွတ်အထိပ် အဆင့် ရည်ရွယ်ချက်များ ပါဝင်နေပေသည်။
မူလဒြပ်စင် ရည်ရွယ်ကို ရရှိဖို့ ဆိုလျှင် အဆင့်မြင့် ဒြပ်စင် ရည်ရွယ်ချက်ကိုးခုကို တစ်ခုတည်း အဖြစ် ပေါင်းစည်းဖို့ လိုအပ်သည်။ အကယ်၍ အထွတ်အထိပ် အဆင့် ရည်ရွယ်ချက်များကို တစ်စုတစ်စည်းတည်း ပေါင်းစည်း လိုက်ပါက မည်သည့် ရလဒ် ထွက်ပေါ်လာမည်ကို သူ တကယ် စိတ်ဝင်စားနေမိသည်။
တိုကင်လေးကို သေချာစွာ စစ်ဆေးရင်း အထဲရှိ မူလ အမတေ၏ အော်ရာက ယခင်ကထက် ပိုမို ရှင်လင်းကာ ပြည့်စုံလာသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ မူလ အတေ ဆိုသော အသုံးအနှုန်းကို သူ ဝမ်ယုထျန်းထံမှ အရင်ဆုံး ကြားဖူးခြင်း မဟုတ်ချေ။ ဧဒင်ထံမှသာ ဖြစ်သည်။ ကောင်းကင်လောက ကပ်ဘေးကို ဖြတ်ကျော်နေသည့် အတောအတွင်း၌ ဧဒင်က သူ့ကို စကားလုံး နှစ်လုံး ပြောခဲ့သည်။
မူလ အမတေနှင့် မူလ မိုးကုပ်စက်ဝိုင်း အဆင့် ဟူ၍။
နှစ်ကာလများစွာ ကြာမြင့်ပြီးနောက်တွင် သူ “မူလ အမတေ” ဆိုသည့် စကားလုံးကိုပင် မေ့တေ့တေ့ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ စိတ်နှလုံး အလုံးစုံကို မူလ မိုးကုပ်စက်ဝိုင်း အဆင့် ပေါ်တွင်သာ အပြည့်အဝ မြှပ်နှံထားခဲ့သည်။ ယခု ဒြပ်စင်တိုကင်များ ပေါင်းစည်းသွားကာ ပိုမို ထူထဲသည့် အမတေ အော်ရာ တစ်ခု ဖြစ်ပေါ်လာသော အခါတွင်မှ ထိုမှတ်ဉာဏ်ကို သူ ပြန်လည် အမှတ်ရလာခဲ့ခြင်း ဖြစ်သည်။
“ဒါဆိုရင် သူတို့ရဲ့ ပူပေါင်း အားထုတ်မှုကနေ ပေါင်းစပ်ထားတဲ့ ကောင်းကင်လောက မိုးကြိုးက မူလ အမတေလား... မူလ အမတေက သူတို့ရဲ့ သေမျိုး အဆင့်တွေကို ပေါင်းစပ်ပေးပြီး အသွင်ကူးပြောင်စေခဲ့တာလား”
ဝေ့ဝူယင် တိတ်တဆိတ် ရေရွတ်လိုက်မိ၏။ ထို့နောက် သူက လက်တစ်ဖက်ကို မြှောက်ကာ ခန္ဓာကိုယ်ထဲရှိ ကိုယ်ပိုင် မန်နာ အပိုင်းအစ တစ်ခုကို ဆက်သွယ်လိုက်သည်။ ၎င်းက တောက်ပသည့် ကမ္ဘာတစ်ခု အသွင်ဖြင့် တည်ရှိနေကာ သာမန် မျက်လုံးများဖြင့် မြင်တွေ့နိုင်စွမ်း မရှိချေ။ တောက်ပမှုကသာလျှင် ၎င်း၏ တည်ရှိမှုကို ညွှန်ပြနေသည့် တစ်ခုတည်းသော အရာ ဖြစ်သည်။
ထိုမန်နာကို ထုတ်ဖော်လိုက်သည်နှင့် ဆုတ်ယုတ်မှု ရာသီ၏ ကန့်သတ်ခြင်းကို ခံစားရသည့် လောက၏ မန်နာများမှာ စိတ်လှုပ်ရှားသော အမူအရာများနှင့် သူ့ထံ ဖြည်းညင်းစွာ ချဥ်းကပ်လာနေသည်ကို ဝေ့ဝူယင် ခံစားလိုက်ရသည်။ သူ နှောက်ယှက်ခြင်း မပြုပဲ ကောင်းကင်ဘုံ နတ်မျက်လုံများဖြင့် အပြောင်းအလဲကို တစ်နာရီခန့် ကြာအောင် စိတ်ရှည်စွာ စောင့်ကြည့်နေလိုက်၏။
လောကမန်နာများမှာ ကမ္ဘာကဲ့သို့ ဖြစ်တည်နေသည့် ဝေ့ဝူယင်၏ ကိုယ်ပိုင် မန်နာ အပိုင်းအစ အတွင်း ဖြည်းညင်းစွာပင် စီးဝင် သွား၏။ ထို့နောက် သိသာ ထင်ရှားသည့် သက်ရောက်မှုများ မရှိပဲ ချောမွေ့စွာပင် ပေါင်းစပ်သွားသည်။ ဝေ့ဝူယင် ဖန်တီးထားသည့် ကမ္ဘာက ကျယ်ပြန့်လာခြင်း မရှိသလို ပိုမို တောက်ပလာခြင်းလည်း မရှိချေ။
တစ်နာရီခန့် ကြာအောင် စောင့်ကြည့်ပြီးနောက် ဝေ့ဝူယင်က အခြား လက်တစ်ဖက်ဖြင့် အဖြူရောင် အလင်းလုံး တစ်ခုကို ဆင့်ခေါ်လိုက်၏။ ၎င်းက လုံးဝ ပြီးပြည့်စုံသည့် စက်ဝိုင်း တစ်ခု သဏ္ဌာန်ဖြင့် ရှိနေကာ ဒြပ်စင် အငွေ့အသက်တို့ကို ထုတ်လွှတ်နေသည်။ ထိုအဖြူရောင် အလင်း စက်ဝိုင်းလေးမှာ မူလ ဒြပ်စင် ရည်ရွယ်ချက်မှ တစ်ပိုင်းတစ်စပင် ဖြစ်လေသည်။
ထို့နောက် အလားတူပင် ဝေ့ဝူယင်က ပတ်ဝန်းကျင်ရှိ ကန့်သတ်ခံထားရသည့် ဒြပ်စင် စွမ်းအင်များကို ထိုစက်ဝိုင်းနှင့် ပေါင်းစပ် ကြည့်ရန် ကြိုးစားလိုက်၏။ သို့သ်ေလည်း အံ့အားသင့်စွာပင် ယခုတစ်ကြိမ်တွင်တော့ မူလ ဒြပ်စပ် ရည်ရွယ်ချက်မှာ အတားအဆီးများကို ပယ်ဖျက်နိုင်စွမ်း မရှိပါချေ။
“ရည်ရွယ်ချက်က မပြည့်စုံလို့လား...”
ဝေ့ဝူယင်က မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိ၏။ သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးကို ဖြတ်ကျော်၍ ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိပြီးနောက်တွင် ဆေဘာ နှလုံးသား ရည်ရွယ်ချက်နှင့် ဒြပ်စင် နှလုံသား ရည်ရွယ်ချက် တည်းဟူသော ပိုမို မြင့်မားသည့် ကျင့်ကြံခြင်း လမ်းစဥ် တစ်ခုကို သူ ရှာဖွေ တွေ့ရှိခဲ့သည်။ ကံဆိုးစွာပင်... ထိုအချိန်က သူ့တွင် အဆင့်မြင့် ဒြပ်စင် ရည်ရွယ်ချက် ကိုးခုစလုံး မရှိခဲ့ပဲ ငါးခုကိုသာ ပိုင်ဆိုင်ခဲ့သည်။ သို့သော်လည်း ဆေဘာရည်ရွယ်ချက် နှလုံးသားကိုတော့ သူ ပုံဖော်နိုင်ခဲ့သည်။
ဆောဘာလောက၊ ဆေဘာ နှလုံးသားနှင့် နှိုင်းယှဥ်ပါက မူလဒြပ်စင် ရည်ရွယ်ချက်မှာ “ဆေဘာ ရည်ရွယ်ချက်” တစ်ခုကဲ့သို့ သာမန် ရည်ရွယ်ချက် တစ်ခုသာ ဖြစ်သည်။ ဆေဘာရည်ရွယ်ချက်မှာ ဆုတ်ယုတ်မှု ရာသီ၏ ကန့်သတ်ချက် အားလုံးကို လွယ်လွယ်ကူကူပင် ဖျက်ဆီးပစ်နိုင်ကာ အမတေနှင့် စွမ်းအင် အားလုံးကို ဆေဘာ စွမ်းအင်အောက်သို့ စုစည်းနိုင်စွမ်း ရှိသည်။
“မူလ ဒြပ်စင် ရည်ရွယ်ချက်ကို ဖွဲ့စည်းဖို့ အတွက် မူလ အမတေကို မလိုအပ်ဘူး ဆိုပေမဲ့ မူလဒြပ်စင် ရည်ရွယ်ချက်ရဲ့ အပြီးပြည့်စုံဆုံး အခြေအနေ ဖြစ်တဲ့ မူလ ဒြပ်စင် နှလုံးသား အဆင့်ထိ ရောက်ဖို့ ဆိုရင်တော့ အဲဒါကို မဖြစ်မနေ လိုအပ်တဲ့ပုံပဲ”
အတွေးများကို နိဂုံးချုပ်လိုက်ပြီးနောက် ဝေ့ဝူယင်မှာ အနည်းငယ် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရ၏။ သူက အိုရီကို ဝိညာဥ်အာရုံဖြင့် ဆက်သွယ်လိုက်သည်။
“အစားစားချိန် ရောက်ပြီ ကောင်လေး...”
“ကောင်းတယ်... ကောင်းတယ်...”
စိတ်လှုပ်ရှားနေသည့် အသံနှင့် အတူ အဖြူရောင် အလင်းလုံးလေး တစ်လုံးမှာ ထျန်းတျန်ထဲမှ နေ၍ ရွှင်မြူးစွာဖြင့် တိုးထွက်လာသည်။ ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်ရင်း အထွတ်အထိပ် အဆင့် ရည်ရွယ်ချက် ကိုးခု ပါရှိနေသည့် တိုကင်ကို ၎င်းထံ ပစ်ပေးလိုက်လေတော့၏။
...
တော်ဝင် ညီလာခံ အပြီး၌ အမျိုးမျိုးသော လူသားနှင့် အယ်ဗန် မျိုးနွယ်များမှာ ရည်ရွယ်ချက်မဲ့စွာ ကျန်ရစ်ခဲ့ကြသည်။ သူတို့က တစ်နှစ် တိတိဆိုသည့် နေ့စွဲကို စိတ်ထဲဝယ် အမှတ်သဟာ ပြုကာ အိမ်သို့ ပြန်ခဲ့ကြသည်။ ထိုနေ့မတိုင်ခင် အထိ တော်ဝင် ကလေးငယ်များကြားထဲမှ စစ်ပွဲမှာ အဆုံးသတ်လိမ့်ဦးမည် မဟုတ်ပါချေ။
ဆက်တိုက် ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့် လောကသခင်များ၏ သေဆုံးမှုကြောင့် ကုန်းမြေတိုက်ကြီး တစ်ခုလုံးရှိ ဒေသခံများမှာ တော်ဝင် ကလေးငယ်များ အကြားမှ သန့်ရှင်းသော စိန်ခေါ်ပွဲကို စစ်ပွဲတစ်ခု၊ ဘာသာရေး စစ်ပွဲ တစ်ခု အသွင် ရှုမြင်ခဲ့ကြသည်။ ထိုစစ်ပွဲမှာ အစွမ်း အထက်ဆုံး တော်ဝင် ကလေးငယ်ကို ဆုံးဖြတ်ပေးလိမ့်မည် ဖြစ်ကာ ထိုကလေးငယ်မှာ ကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ ဗဟို တော်ဝင် သွေးမျိုးဆက်ကို ဆောင်ကျဥ်းပေးလိမ့်မည် ဖြစ်သည်။ လက်ရှိ၌ နောက်ဆုံး တော်ဝင် ကလေးငယ် နှစ်ယောက်သာ ကျန်ရှိပေတော့သည်။ မည်သည့် ရလဒ်ပင် ထွက်ပေါ်လာစေကာမူ သမိုင်းတစ်ခုကို ရေးထိုးကြလိမ့်မည် ဖြစ်ကာ တော်ဝင် ကလေးငယ်များ အကြားမှ စစ်ပွဲ အဖြစ် ထာဝရ မှတ်သားကြပေလိမ့်မည်။
...
“နင် ဘာပြောတယ်...”
တင်းမာမှုများ ပြည့်နှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ထန်ရှင်းယွင်၏ အသံပင်။ လက်ရှိ၌ သူမမှာ ဟင်းလင်းပြင် သင်္ဘောအတွင်းရှိ ပလ္လင်ကဲ့သို့ ထိုင်ခုံ တစ်ခုပေါ်တွင် ထိုင်နေခဲ့ခြင်း ဖြစ်သည်။ မိန်းကလေး၏ မျက်လုံးများမှာ သုန်မှုန်မှုများဖြင့် ပြည့်နှက်နေ၏။
ထိုအခိုက်၌ သူမတို့၏ ဟင်းလင်းပြင် သင်္ဘောမှာ လေပြည်လွင်ပြင်တွင်ပင် ဆက်လက် ရှိနေသေးဆဲ ဖြစ်သည်။ ဝေ့ဝူယင် ဆိုသည့် လူယုတ်မာ နောက်ပြန်လှည့်လာကာ စည်းမျဥ်းများကို ချိုးဖောက်၍ လင်းမင်အား တစ်ခုခု အန္တရာယ် ပေးမည်ကို သူမ ကြောက်ရွံ့နေမိသည်။
တစ်နှစ်...
တစ်နှစ် ဆိုသော အချိန်ကို လင်းမင် အတွက် ဝေ့ဝူယင်ထံမှ သူမ မရမက ယူဆောင်ခဲ့သည်။ ထိုတစ်နှစ်ပြည့်လျှင် လင်းမင်မှာ ကိုယ်ပိုင် အခွင့်အရေး အတွက် နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ယခုတွင်ပင် တမန်တော် တစ်ယောက်ထံမှ စိတ်ပျက်စရာ ကောင်းသည့် သတင်း တစ်ခုကို သူမ ကြားခဲ့ရသည်။
တမန်တော်မှာ ချောမော လှပသည့် မိန်းမငယ်လေး တစ်ယောက် ဖြစ်သည်။ သူမက အရပ် အနည်းငယ် ပုကာ အနက်ရောင် ဆံနွယ်များကို ကျစ်ဆံမြီး သဖွယ် ကျစ်ထား၏။ ငယ်ရွယ်နုနယ်ကာ ကလေး တစ်ယောက်ကဲ့သို့ ပုံပန်း သဏ္ဌာန်ကို ပိုင်ဆိုင်ထားသည့်တိုင် သူမ၏ ကျင့်ကြံခြင်း အခြေခံကတေ့ အလွန် နက်ရှိုင်းလှသည်။ သူမ အသက်ရှူလိုက်တိုင်း၌ အလင်းရောင်စဥ်တန်းများမှာ တုန်ခါနေကာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် ပင်လျှင် လှုပ်ရှား အသွင်ပြောင်းနေ၏။
သူမက မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ပင် ဖြစ်လေသည်။ သို့သော်လည်း... စွမ်းအင်လှိုင်းနှင့် အော်ရာများအား မထိန်းချုပ်နိုင်သေးခြင်းကို ထောက်ချင့်ပါက မြေဆွဲအား လွတ်မြောက်ခြင်း မကြာသေးခင် ကာလကမှ လောလောလတ်လတ် တက်လှမ်းထားကြောင်း သိသာလှပေသည်။
“မမလေး... ကျွန်မ... ကျွန်မ...”
မိန်းကလေးမှာ လက်များပင် တုန်ရီကာ စကားလုံးများပင် ထစ်အ သွား၏။ ထန်ရှင်းယွင်၏ ဒေါသကို သူမ ကြောက်လန့်နေသည်မှာ ထင်ရှားလှသည်။
ထန်ရှင်းယွင်က မျက်မှောင်ကြုတ်ကာ သူမကို ကြည့်လိုက်၏။ သို့သော်လည်း သူမက ဘာမှ ထပ်မပြောတော့ချေ။
ထိုမိန်းကလေးမှာ ဤလောကနယ်မြေ ဒေသခံ တစ်ယောက် မဟုတ်ချေ။ သူမနှင့် အတူ လိုက်ပါလာသည့် အစေခံ တစ်ယောက်သာ ဖြစ်ကာ ကိုယ်ရေး တမန်တော် ရာထူးကို ပေးအပ်ထားခြင်း ဖြစ်သည်။ ထန်ရှင်းယွင် ထိုမိန်းကလေးကို အလွန် သဘောကျကာ အဖိုး ထိုက်တန်သည့် ရင်းမြစ်များကို အမြဲလိုလို ဆုချလေ့ ရှိသည်။ မိန်းကလေးကလည်း သူမကို စိတ်မပျက်စေခဲ့ချေ။ အချိန်တို အတွင်းမှာပင် ကြယ်တာရာ အမြုတေ အဆင့်ခြောက် အထိ တက်လှမ်းကာ ထိုက်တန်ကြောင်း သက်သေပြ နိုင်ခဲ့သည်။
ထန်ရှင်းယွင်က သက်ပြင်းတစ်ချက် ချလိုက်၏။ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ပြန်လည် ထိန်းချုပ် လိုက်ပြီးနောက် သူမက ညင်သာစွာပင် မေးလိုက်သည်။
“ရှင်းအောင် ပြောပြပါ...”
မိန်းမငယ်လေးမှာ မမလေး ဖြစ်သူ၏ စိတ်အပြောင်းအလဲကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သူမက ဖြည်းညင်းစွာပင် စတင် ရှင်းပြလိုက်သည်။
“မဟာ ဘုန်းတော်ကြီး ကျိဂူက စောစောကတင် သတင်း တစ်ခု ပို့လာတယ်... မဟာ လေပြင်း တော်ဝင် သားတော်ရဲ့ ကျင့်ကြံခြင်း အခြေခံ အားလုံးက ချိတ်ပိတ်ခံထားရတယ် တဲ့”
ထန်ရှင်းယွင်က ပလ္လင်၏ လက်ရန်းကို တဒေါက်ဒေါက် ခေါက်လိုက်၏။
“ချိတ်ပိတ်ထားတယ် ဆိုတာက ဘယ်လိုလဲ”
ထိုအရာကို သူမ ရှင်းရှင်းလင်းလင်း သိချင်နေမိသည်။ ဘာပဲဖြစ်ဖြစ် လင်းမင်အတွက် အချိန်က တစ်နှစ်သာ ကျန်ရှိတော့သည် မဟုတ်ပါလား။
မိန်းမငယ်လေးက ကျိဂူ ပို့ထားသည့် အသေးစိတ် အချက်အလက်များ အတိုင်း ပြန်လည် ရှင်းပြလိုက်၏။
“တော်ဝင် သားတော်ရဲ့ ထျန်းတျန်၊ စွမ်းအင် ဆုံမှတ်နဲ့ သွေးကြောတွေ အားလုံးက အရမ်းကို အစွမ်းထက်တဲ့ အစီအရင်တစ်ခုနဲ့ ချိတ်ပိတ်ခံထားရတယ်... မဟာ ဘုန်းတော်ကြီးတောင် အဲဒါကို မပယ်ဖျက် ပေးနိုင်ဘူး... လင်းမင် ကိုယ်တိုင် ကြိုးစားမှပဲ တိုးတက်မှုကို နည်းနည်း ရတယ် တဲ့... ဒါပေမဲ့ အဲဒါကို အပြီးတိုင် ဖယ်ရှားဖို့ အတွက်ဆိုရင် အကြမ်းဖျဥ်း ခုနစ်ဆယ့် သုံးနှစ်လောက် လိုတယ်တဲ့”
ထန်ရှင်းယွင်မှာ နှလုံးသား တစ်ခုလုံး တင်းကြပ်သွားသလို ခံစားလိုက်ရ၏။ မည်သူက ထိုမျှ ပြင်းထန်သည့် အစီအရင်မျိုးကို မည်သူက လင်းမင် အပေါ် ချမှတ်ခဲ့သနည်း။
***