သဘောတူညီမှု
Vol. 37 Ch. 508
“ဘယ်သူလဲ...”
ထန်ရှင်းယွင်က လက်သီးကို တင်းတင်း ဆုပ်ရင်း မေးလိုက်၏။
“ဘယ်သူလဲ...”
မိန်းကလေးမှာ ရုတ်တရက် ဘာကို မေးမှန်း မသိပဲ နားမလည် ဖြစ်သွား၏။ ထန်ရှင်းယွင်မှာ စိတ်မရှည်တော့ချေ။
“အဲဒီ အစီအရင်ကို ဘယ်သူ လုပ်တာလဲ...”
သူမက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ ပုံမှန်အားဖြင့် ငြိမ်သက် အေးစက်နေတတ်သော သူမ၏ မျက်လုံးများမှာ ပြင်းထန်သော ဒေါသ အငွေ့အသက်တို့နှင့် ပြည့်နှက်နေသည်။
မိန်းကလေးမှာ အလွန် ထိတ်လန့်သွားကာ နောက်သို့ ဆုတ်လိုက်၏။ သူမ၏ ခြေထောက်များက တုန်ရီနေကာ ဒူးထောက်ကျလု နီးနီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ ... “
ထန်ရှင်းယွင်မှာ သူမ၏ အပြုအမူက အနည်းငယ် လွန်ကဲသွားကြောင်း သိရှိလိုက်သည်။ သူမက စိတ်ကို နောက်တစ်ကြိမ် ပြန်လည် ထိန်းချုပ်ရင်း ညင်သာစွာ သက်ပြင်းချလိုက်၏။
“ထန်ပိုင်ယု... ငါ နင့်ကို စိတ်ဆိုးနေတာ မဟုတ်ပါဘူး... ငါ့ကို ပြောပြပါ”
မိန်းကလေးက နှုတ်ခမ်းကို ကိုက်လိုက်၏။
“မဟာ ဘုန်းတော်ကြီးရဲ့ စကား အရဆိုရင် အဲဒီ အစီအရင်ကို ပျက်သုဥ်းခြင်း တော်ဝင် သားတော်က ချမှတ်ခဲ့တဲ့ပုံ ရတယ်တဲ့... သူ ပြောသမျှ အဲဒါ အကုန်ပါပဲ”
ထန်ရှင်းယွင်က တစ်ခဏမျှ ကြာအောင် ငြိမ်သက်စွာ စဥ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“နင်သွားလို့ရပြီ..”
မိန်းမငယ်လေးမှာ ဦးတစ်ချက် ညွှတ်ကာ ရိုကျိုးသော အမူအရာနှင့် ငြိမ်သက်စွာပင် ထွက်ခွာသွားခဲ့၏။ ထန်ရှင်းယွင်ကတော့ မိနစ်ပေါင်းများစွာ ကြာအောင် နေရာတွင်ပင် ဆက်လက် ငေးငိုင် နေမိခဲ့သည်။ တစ်နှစ် သဘောတူညီမှုမှာ လုံချန် ပြန်လာနိုင်အောင် သူမ စီစဥ်ထားခဲ့သော အရာ ဖြစ်သည်။ ဤအတိုင်းဆိုပါကသာ တစ်နှစ်အတွင်း လင်းမင်မှာ ဝေ့ဝူယင်ကို နိုင်တော့မည့်ပုံ မရချေ။
ထန်ရှင်းယွင် သက်ပြင်းတစ်ချက် ရှိုက်လိုက်ရင်း ဟာလာဟင်းလင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
“အဲဒီ အစီအရင်ကို ရှင် ဖြေပေးနိုင်မလား...”
မိန်းကလေး၏ နှလုံးသားက မျှော်လင့်ချက်ဖြင့် တဒိတ်ဒိတ် ခုန်နေခဲ့၏။ သို့သော်လည်း ဘာတုန့်ပြန်မှုမှ ထွက်ပေါ် မလာခဲ့ပါချေ။
...
မိုင်ပေါင်း အနည်းငယ်ခန့် အကွာအဝေး တစ်နေရာ၌ ပိုင်ယုရှီမှာ ဟင်းလင်းပြင်ကို ခွဲထွက်ကာ တဖြည်းဖြည်း ပေါ်လွင်လာသည့် ပုံရိပ်တစ်ခုကို ကြည့်နေခဲ့၏။ သူမ၏ မျက်လုံးများထဲရှိ မျှော်လင့်ချက် အရိပ်အယောင်ကတော့ အနည်းငယ် မှေးမှိန်စ ပြုနေခဲ့ပြီ ဖြစ်သည်။
ပုံရိပ်မှာ မကြာခင်မှာပင် ထင်ရှားစွာ ပေါ်လွင်လာ၏။ သူမက ရှင်းလင်းစွာပင် အမျိုးသမီး တစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူမ၏ အခြား အစိတ်အပိုင်းများကိုတော့ အကဲဖြတ်နိုင်စွမ်း မရှိပါချေ။
“အရှင် ဝိညာဥ်လမ်းလျှောက်သူ... နှောက်ယှက်မိတဲ့ အတွက် တောင်းပန်ပါတယ်...”
ပိုင်ယုရှီက တလေးတစားပင် လက်နှစ်ဖက်ကို ယှက်လိုက်ရင်း လင်းမင်၏ ခန္ဓာကိုယ်ထက်ရှိ အစီအရင်များ အကြောင်း ရှင်းလင်း ပြောပြကာ အကူအညီ တောင်းခံလိုက်၏။ သူမ ဟယ်ယန်းလဲ့၏ ဓမ္မ ကာကွယ်သူထံသို့လည်း ရောက်ရှိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ထိုလူအိုကြီးမှာ သူမ စကားဟသည်နှင့် ဖြေရှင်းချက်ပင် မပေးပဲ အဝေးသို့ ချက်ချင်း ပို့ပစ်ခဲ့သည်။
အရိပ်များထဲတွင် ပုန်းအောင်းနေသည့် အခြား ဓမ္မ ကာကွယ်သူများထံသို့လည်း သူမ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သူတို့က သူမကို အတွေ့ပင် မခံခဲ့ချေ။ ဝိညာဥ်လမ်းလျှောက်သူ သာလျှင် သူမ၏ နောက်ဆုံးသော မျှော်လင့်ချက် ဖြစ်ပေသည်။
“မဖြစ်နိုင်ဘူး...”
ဝေ့ဝူယင်ကို တွန်းအား ပေးကာ နောက်သို့ ပြန်လည် ဆုတ်ခွာစေခဲ့သည့် အသံမှာ နောက်တစ်ကြိမ် ထပ်မံ ပေါ်ထွက်လာခဲ့၏။
ပိုင်ယုရှီ၏ မျက်လုံးများက မျှော်လင့်ချက်ကို တွေ့မြင်သည့် အလား အနည်းငယ် ပြန်လည်ကာ တောက်ပသွားသည်။ သူမက လက်နှစ်ဖက်ကို ယှက်ရင်း ပြောလိုက်၏။
“ကျေးဇူးပြုပြီး အလင်းပြပေးပါ ဝိညာဥ် လမ်းလျှောက်သူ...”
အသံပိုင်ရှင်မှာ အတန်ကြာ တိတ်ဆိတ်နေပြီးမှ ဖြည်းညင်းစွာပင် ရှင်းပြလိုက်၏။
“အဲဒီလူငယ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ချမှတ်ခံထားရတဲ့ အစီအရင်က အရမ်းကို အသေးစိတ်ပြီး အရေး အကြီးဆုံး နေရာတွေကို ပိတ်ဆို့ထားတာပဲ... နောက်ပြီး အသုံးပြုထားတဲ့ ဝိညာဥ် အင်အားက အရမ်း အစွမ်းထက်တယ်... လောလောလတ်လတ် အာဏာရှင် ဖြစ်လာတဲ့ လူတွေတောင် အဲဒီ အစီအရင်ကို ချေဖျက်ဖို့ ခက်ခဲမှာ သေချာတယ်”
“ ... “
ပိုင်ယုရှီ၏ မျက်လုံးများမှာ မသိမသာ ကျဥ်းမြောင်းသွား၏။ လျှို့ဝှက် အာဏာရှင် အဆင့်ကို အသစ် တက်လှမ်းထားသည့် လူများပင် ချေဖျက်ရန် ခက်ခဲမည်လော။ ဝေ့ဝူယင်က မည်ကဲ့သို့ စွမ်းအားမျိုးကို သုံးပြီး ထိုအစီအရင်ကို ချမှတ်ခဲ့သနည်း။
ဘာပဲဖြစ်ဖြစ်... သူမဘက်ကတော့ ထိုအစီအရင်ကို ချေဖျက်နိုင်မည့် နည်းလမ်းကို ရှာကို ရှာရမည် ဖြစ်သည်။ မဟုတ်လျှင် လင်းမင်မှာ အခွင့်အရေးကို ထာဝရ ဆုံးရှုံးသွားပေလိမ့်မည်။
ပိုင်ယုရှီ၏ မျက်လုံးများထဲရှိ ဆုံးဖြတ်ချက် ပြတ်သားသည့် အလင်းရောင်ကို ကြည့်ရင်း အသံပိုင်ရှင်က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ငါ အဲဒီ အစီအရင်ကို ပယ်ဖျက်ပေးနိုင်ပါတယ်... ဒါပေမဲ့ နင့်အနေနဲ့ အဲဒီ လူငယ်က ထိုက်တန်ရဲ့လား ဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးသင့်တယ်”
ပိုင်ယုရှီမှာ အတန်ကြာ ငြိမ်သက်သွား၏။ ထိုစကားအရ ဝိညာဥ် လမ်းလျှောက်သူ တောင်းမည့် တန်ကြေးက ဘယ်လိုနည်းနှင့်မှ မနိမ့်နိုင်ကြောင်း သူမ သဘောပေါက်ပေသည်။ သို့သော်လည်း... သူမနှင့် လင်းမင် အကြားတွင် ခိုင်မြဲသော ခံစားချက်များ ရှိသည်။ (ပုံရိပ်ယောင် ကမ္ဘာတွင်သာ ဖြစ်သည့်တိုင်) လင်းမင်မှာ သူမ အတွက် ရွေးချယ်ခံ ရာထူးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့သည် မဟုတ်ပါလား။
“ကျွန်မ ဘာမဆို လုပ်ပေးပါ့မယ်...”
သူမက အဖြေပေးလိုက်တော့၏။
...
အစစ်အမှန် ပျက်သုဥ်းခြင်း ဘုရားကျောင်းထဲ၌ ဝေ့ဝူယင်မှာ ဝင်ပေါက်၌ ရပ်ကာ မိုးကောင်းကင်ကို ငေးမောကြည့် နေခဲ့၏။ သူ၏ ငွေရောင် မျက်လုံးများက အမျိုးမျိုးသော အတွေးများဖြင့် တဖျပ်ဖျပ် တောက်ပနေလေသည်။
“ရှင်ဘာတွေ စဥ်းစားနေတာလဲ...”
ချစ်မြတ်နိုးမှု အရိပ်အငွေ့တို့ ပြည့်နှက်နေသည့် အသံတစ်ခုနှင့် အတူ နူးညံ့သိမ်မွေ့သော ကြေးဝါရောင် လက်လေး တစ်ဖက်မှာ ဝေ့ဝူယင်၏ ပခုံးထက် ရောက်ရှိလာ၏။
သူမက အိယင်ပင် ဖြစ်ကြောင်း ဝေ့ဝူယင် သိလိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံးများကတော့ မိုးကောင်းကင်ကို ဆက်လက် ငေးမောနေဆဲ ဖြစ်သည်။
“ငါ မီးတောက်ကောင်းကင် ဒေသကို ခရီးတစ်ခု ထွက်ရမယ်... အဲဒါကို တစ်ခါတည်းနဲ့ လုပ်နိုင်ပါ့ မလား ဆိုတာ ငါ တွေးနေတာ”
ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်ကို ဖွဲ့စည်းရာတွင် နောက်ဆုံးသော ပဟေဠိ အပိုင်းအစ ဖြစ်သည့် အဆင့်မြင့် မီးရည်ရွယ်ချက်မှာ မီးတောက် ကောင်းကင် ဒေသတွင် တည်ရှိနေပေသည်။
“တစ်ခါတည်း လုပ်နိုင်ဖို့...”
အိယင်မှာ ဝေ့ဝူယင်၏ နောက်စကားကို သိပ်နားမလည်ချေ။ သို့သော်လည်း မီးတောက် ကောင်းကင်ဒေသကို ဝေ့ဝူယင် ကိစ္စတစ်ခုခုကြောင့် ခရီးထွက်မည် ဆိုတာကိုတော့ သူမ အကြမ်းဖျဥ်း သိရှိလိုက်ပြီ ဖြစ်သည်။ မီးတောက်ကောင်းကင် ဒေသမှာ ဝေ့ဝူယင် မသိမ်းပိုက်နိုင်သေးသည့် နောက်ဆုံး လက်ကျန် နယ်မြေ ဖြစ်သည်။ သို့ဖြစ်လေရာ ထိုခရီးစဥ်က တော်ဝင်သားတော် အတွက် ဘေးကင်း လုံခြုံဖို့ လိုအပ်ပေသည်။
“ကျွန်မနဲ့ စီတတို့က ရှင့်ကို ကာကွယ်ပေးမှာပါ... နောက်ပြီး ဘုရားကျောင်း အဖွဲ့ဝင်တွေနဲ့ မီးခိုးရောင် အယ်ဗန် မျိုးနွယ် တစ်ခုလုံးလည်း...”
ဝေ့ဝူယင်က နောက်သို့ ပြန်လှည့်လိုက်ရင်း မိန်းကလေး၏ ပခုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။
“ကျေးဇူးပါပဲ... ဒါပေမဲ့ ငါဆိုလိုချင်တာက အဲ့လိုမျိုး မဟုတ်ဘူး”
ထို့နောက် သူက ရှေ့သို့ အနည်းငယ် ငုံ့လိုက်ရင်း သူမ၏ နဖူးကလေးကို အနမ်းပေးလိုက်၏။
“ငါပြန်လာခဲ့မှာပါ...”
ထိုကဲ့သို့ ပြောလိုက်ပြီးနောက် ဝေ့ဝူယင်က ကြယ်တာရာ အင်အားကို အသုံးပြုကာ ကောင်းကင်ကို ပျံတက်လိုက်သည်။ ထို့နောက် သူက မီးတောက်ကောင်းကင် ဒေသကို မျက်နှာမူလိုက်ကာ လေထုကို ကန်ကျောက်လိုက်သည်။ ရုတ်ချည်းပင် သူ့ ခန္ဓာကိုယ်မှာ ဘာအရိပ်အမြွက်မှ မကျန်ရစ်ပဲ မူလ နေရာမှ ပျောက်ကွယ်သွားခဲ့တော့၏။
အိယင်ကတော့ နေရာတွင် ငေးကြောင်ကာ ကျန်ရစ်ခဲ့လေ၏။
...
ဟူး... ဟူး...
ပျက်သုဥ်းခြင်း နယ်မြေနှင့် မိုင်သိန်းပေါင်းများစွာ ကွာဝေးသည့် တစ်နေရာ၌ ဟင်းလင်ပြင် အလွှာများမှာ လှုပ်ရှားသွားကာ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ သူ့အား ဆီးကြိုနေသည်က မီးခိုးရောင် ပြာများနှင့် နေရောင်ခြည်ကိုပင် မှောင်မိုက်အောင် ဖုံးကွယ်ထားသည့် အနက်ရောင် ကောင်းကင်ကြီးသာလျှင် ဖြစ်ပေတော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပသွားလေ၏။
“ငါလုပ်နိုင်ပြီ...”
***