ကောင်းကင်တာအို၏ လွှမ်းမိုးမှု
Vol. 37 Ch. 511
အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး၏ တစ်နေရာ၌ စန်းယွန်းလီမှာလည်း တူညီစွာပင် ခံစားလိုက်ရ၏။ ပုံမှန်ထက် အနည်းငယ် ပို၍ တောက်ပနေပုံ ရသည့် ကောင်းကင်ဘုံကို မော့ကြည့်ရင်း သူမ၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားသည်။ ရွှေရောင်အလင်းတစ်စမှာ သူမ၏ မျက်ခုံးနှစ်ခုကြားတွင် ဖျပ်ခနဲ ပေါ်လာကာ ကောင်းကင်လမ်းစဥ် စာအုပ်ထဲမှ အကြောင်းအရာများကို နောက်တစ်ဖန် ပြောင်းလဲသွားစေခဲ့လေ၏။
ထိုအခိုက်၌ မင်ရှုဖုန်း၏ ခန္ဓာကိုယ်မှာ နှင်းမုန်တိုင်းထဲ ကျရောက်နေသလို တဆတ်ဆတ် တုန်ရီနေ၏။ သို့သော်လည်း လေထုမှာ အေးစက်ခြင်း မရှိသလို သူမ၏ ခန္ဓာကိုယ် အပူချိန်မှာလည်း ပြောင်းလဲခြင်း မရှိပါချေ။ မိန်းကလေး၏ သမုဒ္ဒရာအလား ပြာလွင်လွင် မျက်လုံးများကတော့ ဖရိုဖရဲ ရွှေရောင် အလင်းများဖြင့် တောက်ပနေခဲ့၏။
“ဘာဖြစ်နေတာလဲ...”
သူမက တိတ်တဆိတ် မေးခွန်းထုတ်လိုက်သည်။ ထိုအခိုက်၌ ကောင်းကင်တာအိုမှာ ခါတိုင်းထက် အလွန် နီးကပ်လာနေသလို သူမ ခံစားနေရသည်။
စန်းယွန်းလီမှာ မျက်လုံးများကို မှိတ်ကာ ကောင်းကင်လမ်းစဥ် စာအုပ်ထဲတွင် အသစ် ပေါ်လာခဲ့သည့် အကြောင်းအရာများကို ဖြည်းညင်းစွာ ဖတ်နေခဲ့၏။ အဆုံးသတ်သို့ ရောက်သွားသည့် အခိုက်၌ သူမ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
“ဒီလို ဖြစ်သွားတာလား... ဒါပေမဲ့ ဘာလို့လဲ... ကံကြမ္မာက သူ့ကို အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာဖို့ အစတည်းက သတ်မှတ်ထားတာလား”
စန်းယွန်းလီ၏ သွေးရောင် မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပသွား၏။ အတန်ကြာပြီးနောက်၌ မျက်နှာဖုံးနောက်မှ လှပသော နှုတ်ခမ်းကလေးထက်တွင် စွဲမက်ဖွယ်ရာ အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။
“ဒီကနေ ငါ အမြတ်ရနိုင်လောက်လား...”
...
ကမ္မတန်ဖိုး... ၉၄၄.၆
ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယကပ်ဘေးတားဆီးခြင်း... ၄ နှစ်
လက်ရှိ အပြစ်သား တက်တူးကို ဝေ့ဝူယင် မမှိတ်မသုန် ငေးကြည့် နေခဲ့၏။ သို့သော်လည်း မိနစ် အနည်းငယ် ကြာသည် အထိ ၎င်းက ဘာပြောင်းလဲမှုမှ မရှိချေ။ ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်ရင်း လျှင်မြန်စွာပင် ထိုင်ရာမှ ထကာ အစစ်အမှန် ပျက်သုဥ်းခြင်း ဘုရားကျောင်း အပြင်သို့ ထွက်လာခဲ့၏။ ထို့နောက် သူက အဋ္ဌဂံ ဒြပ်စင် တိုကင်ကို ကိုင်ရင်း အလွန် ပေါက်ကွဲသော အရှိန်ဖြင့် ပျံသန်းလေတော့သည်။
“ကောင်းကင်တာအိုရဲ့ တိုက်ရိုက် တုန့်ပြန်မှုကို ခံယူနိုင်တဲ့ ကောင်းချီးခံက အရေအတွက် နည်းနည်းလေးပဲ ရှိတယ်... နောက်ပြီး ဒီတစ်ကြိမ် ကမ္မတန်ဖိုး အသုံးပြုမှုက အရမ်းကို မြင့်မားတယ်... ငါခန့်မှန်းတာသာ မမှားရင် ကောင်းကင်တာအိုက အရမ်းကို ကြီးမားတဲ့ လွှမ်းမိုးတစ်ခုကို ပြုလုပ်ဖို့ စီစဥ်နေတာပဲ”
“ဒီတစ်ကြိမ် ကောင်းကင်တာအိုရဲ့ ကြိုးပမ်းမှုက လုံချန်အတွက် မဟုတ်နိုင်တာတော့ သေချာတယ်... လွန်ခဲ့တဲ့နှစ်က လုံချန်နဲ့ လျဲ့ယုတို့ရဲ့ အဖြစ်အပျက်ကို ထောက်ချင့်ရမယ် ဆိုရင် လုံချန်ရဲ့ ကမ္မတန်ဖိုးက ကုန်လုနီးနီး ဒါမှမဟုတ် ကုန်ဆုံးသွားတာမျိုး အထိ ဖြစ်နိုင်တယ်... မဟုတ်ရင် လျဲ့ယုက အဲဒီ ကပ်ဘေးကို ဖြတ်ကျော်နိုင်မှာ သေချာတယ်”
“အဲဒါက လောကီ ပြန်လည် မွေးဖွားသူ အတွက် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်... ဒါပေမဲ့ တကယ်လို့ သူ့မှာ ဒီလောက် ကမ္မ ကံကောင်းမှုတွေ အများကြီး ရှိနေရင် ဘာကိစ္စကြောင့် အနာဂတ်မှာ သေဆုံးခဲ့ရမှာလဲ... ဘာလို့ သူ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ကပ်ဘေးကို မဖြတ်ကျော်နိုင်ခဲ့ရမှာလဲ”
အတွေးများကို အလွန် လျှင်မြန်စွာ လှည့်ပတ်ရင် ပြင်းထန်သော အရှိန်အဟုန်နှင့် အတူ ဝေ့ဝူယင်မှာ ပျက်သုဥ်းခြင်း နယ်မြေ၏ တစ်နေရာသို့ ရောက်ရှိလာခဲ့၏။ ထိုနေရာ၌ မီးခိုးရောင် သဲများက ငွေရောင် ဖျော့ဖျော့ဖြင့် တောက်ပနေကာ နေ၏ အလင်းရောင်ကို တဖျပ်ဖျပ် ရောင်ပြန်ဟပ် နေကြသည်။ ၎င်းက ပျက်သုဥ်းခြင်း နယ်မြေ၏ အခြား နေရာများနှင့် အလွန် သေးငယ်သည့် ကွာခြားမှု တစ်ခုသာ ဖြစ်သည့်တိုင် သေချာ သတိထားကြည့်ပါက တွေ့မြင်နိုင်လိမ့်မည် ဖြစ်သည်။
“ဆိုတော့ကာ ဒီနေရာမှာ ကြယ်တာရာ အဆင့် သတ္တုအမတေ သွေးကြော ရှိနေတယ်ပေါ့...”
မီးခိုးရောင် သဲများ အတွင်း မှိန်ဖျော့စွာ လောင်မြိုက်နေသည့် သတ္ထု အမတေ ခြေရာများကို ခံစားရင်း ဝေ့ဝူယင်က တိတ်တဆိတ် ရေရွတ်လိုက်၏။
ထို့နောက် သူက အဋ္ဌဂံ ဒြပ်စင်တိုကင်ကို ထုတ်ယူကာ အိုမီ သတ္တု တိုကင်ကို အသက်သွင်းလိုက်၏။ ပုံမှန်လိုပင် နတ်ဘုရား အလင်းတန်းမှာ ထွက်ပေါ်လာကာ ကောင်းကင်ဆီ မြင့်တက်သွားသည်။ တစ်ခဏအတွင်းမှာပင် ထိုအလင်းတန်းက ပြန်လည် ဆင်းသက်လာကာ မီးခိုးရောင် သဲသောင်ပြင်များ အတွင်း ဝင်ရောက်သွား၏။ ချက်ချင်း ဆိုသလိုပင် ထိုနားတစ်ဝိုက်ရှိ မြေပြင်မှာ တုန်ခါသွားကာ မြေအောက်ရှိ ကမ္ဘာငယ်ကို ဦးတည်သည့် ဥမင်လိုဏ်ခေါင်း တစ်ခု ပေါ်လာခဲ့လေသည်။
အိုမီ သတ္တု ရတနာသိုက်...
၎င်းက လင်းမင် မဝင်ရောက်ရသေးသည့် တစ်ခုတည်းသော ရတနာသိုက် ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ ဝေ့ဝူယင် ပိုင်သွားခဲ့ပြီ ဖြစ်လေသည်။
“လုံချန်နဲ့ လောကီ ပြန်လည် မွေးဖွားသူတို့ မဖြစ်နိုင်ဘူး ဆိုတော့ လင်းမင်ပဲ ရှိတော့တယ်... နောက်ပြီး အခြေအနေ အချိန်အခါ အရတွက်ရမယ် ဆိုရင်လည်း သူပဲ ရှိတယ်... ပုံမှန်ဆိုရင် သူက ငါ့အတွက် ခြိမ်းခြောက်မှု တစ်ခု မဟုတ်ပေမဲ့ အခု ကောင်းကင်တာအိုရဲ့ လွှမ်းမိုးမှုက အခြေအနေတွေကို အများကြီး ပြောင်းလဲ ပစ်နိုင်မှာ သေချာတယ်... ကြည့်ရတာ ကံကြမ္မာက သူ့ကို အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာစေဖို့ သတ်မှတ်ထားပြီးတဲ့ ပုံပဲ”
ဝေ့ဝူယင် အတွေးများကို လျှင်မြန်စွာပင် ဆက်လက် လည်ပတ်ရင်း အရှိန်အဟုန်နှင့် အတူ အိုမီ သတ္တု ရတနာသိုက်ထဲ ဆင်းသက်သွားခဲ့၏။ မိနစ် အနည်းငယ် ကြာသည့်နောက်တွင် သုန်မှုန်သည့် အမူအရာနှင့် အတူ သူ ပြန်လည် ထွက်လာခဲ့သည်။ ရတနာသိုက်မှာ တစ်ခုခု လွဲမှားနေသည်။ ကြည့်ရသည်က တစ်စုံတစ်ယောက်က ခြေရာလက်ရာ မပျက် တစ်စိတ်တစ်ပိုင်းကို ဝင်ခိုးသွားသည့်ပုံပင်။
“လောကီပြန်လည် မွေးဖွားသူ...”
ဝေ့ဝူယင် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ ကြည့်ရသည်က ထိုပုဂ္ဂိုလ်မှာ သူ့ တည်ရှိမှုကို ဘယ်သူမှ မသိဟု မာန်ဝင်ကာ အတင့်ရဲနေဟန် ရသည်။
“သူက လင်းမင်ရဲ့ ရတနာသိုက်ထဲက ဘယ်လောက်တောင် အလစ်သုတ်ပြီးပြီ မသိဘူး... အကြွင်းမဲ့ မီးတောက် ရတနာသိုက်နဲ့ အသွင်ပြောင်းလဲခြင်းရေ ရတနာသိုက်တွေပါ သူ့ခြေရာလက်ရာ မကင်းမှာ သေချာတယ်”
လောကီ ပြန်လည် မွေးဖွားသူက ကောင်းချီးခံများ၏ ကံကြမ္မာကို သက်ရောက်စေနိုင်ကြောင်း အနက်ရောင် အရိုးစုက သူ့ကို ပြောခဲ့ဖူးသည်။ ထိုစကားက တကယ် မှန်ကန်သည်။ အကယ်၍ ထိုပုဂ္ဂိုလ်သာ ဝင်ရောက် နှောက်ယှက် ခိုးယူခြင်း မပြုပါက လင်းမင်မှာ ရတနာသိုက်များထဲရှိ ရင်းမြစ်များ အားလုံးကို အသုံးပြု၍ မည်သည့် ကျင့်ကြံခြင်း အဆင့်ထိ ရောက်နေမည် မခန့်မှန်းနိုင်ချေ။
ဘာပဲဖြစ်ဖြစ် မဟာ မြေကြီး ရတနာသိုက်ကို မခိုးယူခဲ့သည့် အတွက်တော့ ထိုပုဂ္ဂိုလ်ကို သူ ကျေးဇူးတင်မိပေသည်။
ဝေ့ဝူယင် တွေးတောရင်းပင် အစစ်အမှန် ပျက်သုဥ်းခြင်း ဘုရားကျောင်းဆီ လျှင်မြန်စွာ ပြန်လာခဲ့၏။ စိန်ခေါ်ပွဲ မတိုင်ခင် ပေးထားသည့် စုစုပေါင်း အချိန် သုံးနာရီတွင် နှစ်နာရီနှင့် မိနစ်ငါးဆယ် ကျန်ရှိနေသေးဆဲ ဖြစ်သည်။ စိန်ခေါ်မှုက ထိုအတောအတွင်း ဖြစ်ကောင်း ဖြစ်လာနိုင်ချေ ရှိသည်။
သို့ဖြစ်လေရာ မိနစ်တိုင်း စက္ကန့်တိုင်းက အလွန် အရေးပါပေသည်။ ဝေ့ဝူယင် အဋ္ဌဂံ ဒြပ်စင်တိုကင်ကို ကိုင်ရင်း အထဲရှိ မူလ အမတေများ အားလုံးကို စုပ်ယူလိုက်၏။ သူ ထိုအထဲ၌ မည်သည့် အထွတ်အထိပ် ရည်ရွယ်ချက် အကြွင်းအကျန်ကိုမှ ချန်မထားလိုချေ။
သို့သော်လည်း ၎င်းက အချိန်တစ်ခု ကြာလျှင် ပြန်ပြည့်လာနိုင်သလား မသိလေရာ အလွန် သေးငယ်သည့် အဂ္ဂိရတ် အမျှင်တန်း တစ်ခုကို ဝေ့ဝူယင် အထဲတွင် ချန်ရစ်ထားလိုက်၏။ အကယ်၍ ပြန်လည် ပြည့်လာပါက ၎င်းမှာ ထိုရည်ရွယ်ကို သန့်စင်ကာ ဘယ်သူမှ အသုံးမပြုနိုင်အောင် ချိပ်ပိတ် တားဆီးလိမ့်မည် ဖြစ်သည်။
“အနာဂတ်မှာ ဒီဒြပ်စင် တိုကင်တွေကို ငါပိုင်ချင်မှ ပိုင်တော့မှာ... မပိုင်ဖို့က အခွင့်အရေး ပိုများတယ်... ကောင်းကင်တာအိုက ငါ့ကို ဒီစမ်းသပ်ပွဲကနေ ဖယ်ထုတ်ပစ်မှာ အတိအကျပဲ...”
အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံ ဆိုသည့် ထိုဂုဏ်ပုဒ်ကို ဝေ့ဝူယင် မလိုအပ်ချေ။ အစောကတည်းကပင် သူ့ ရည်ရွယ်ချက်က အခြားလူများနှင့် ခြားနားပေသည်။ ယခု ကောင်းကင်တာအိုက ထိုဂုဏ်ပုဒ်ကို လင်းမင် အတွက် ဖြစ်စေလိုရာ သူ့ဘက်ကလည်း ပေးလိုက်ရုံသာ ဖြစ်ပေသည်။
သူ့နေရာတွင် အခြား အမွေခံ အပြစ်သားများ ဆိုပါက မည်ကဲ့သို့ ရွေးချယ်မည်ကို ဝေ့ဝူယင် မသိချေ။ သူတို့က ကောင်းကင်တာအို၏ လွှမ်းမိုးမှုကို ဆန့်ကျင်ကာ အဆုံးတိုင်အောင် တိုက်ခိုက်ကောင်း တိုက်ခိုက်ပေလိမ့်မည်။ ၎င်းက မမျှတသည့် ကောင်းကင်တာအို အပေါ် အပြစ်သားတို့၏ မာန ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
သို့သော်လည်း ဝေ့ဝူယင်ကတော့ မာနတရား၏ အဓိပ္ပာယ်ကို တစ်မျိုး နားလည်ထားသည်။ သူ့အတွက် မာန ဆိုသည်မှာ အကျိုးကျေးဇူး ကင်းမဲ့သည့် ယုံကြည်ချက် တစ်ခု အတွက် ဆင်ကန်းတောတိုး တိုက်ပွဲဝင်ခြင်းမျိုး မဟုတ်ချေ။ မှန်ကန်သော နည်းလမ်းနှင့် ကိုယ့်ကိုယ်ကို ယုံကြည်၍ အတားအဆီးများကို အောင်မြင်စွာ ဖြတ်ကျော်ခြင်းပင် ဖြစ်သည်။
ဝေ့ဝူယင် တော်ဝင် ညီလာခံတွင် ဟယ်ယန်းလဲ့ကို လျှို့ဝှက် အာဏာရှင် တစ်ဦး၏ ရှေ့တွင် တစ်ကြိမ် သတ်ဖြတ်ခဲ့သည်။ ထိုအရာမှာ မာန အတွက် သူ လုပ်ခဲ့ခြင်း ဖြစ်သည်။ မာန အတွက် သူ ကောင်းကင်တာအိုကို ဆန့်ကျင်ခဲ့သည်။ ငရဲ၏ ကပ်ဘေးကြီး ဆယ့်ရှစ်ခုကို ရင်ဆိုင်ခဲ့သည်။ သို့သော်လည်း သူ ဘယ်အရာကိုမှ ဆင်ကန်းတောတိုး မလုပ်ခဲ့။
ရုတ်တရက်... လက်မောင်းမှ ထုံကျင်မှု တစ်ခုကို ဝေ့ဝူယင် ခံစားလိုက်ရ၏။ အလွန် ပြင်းထန်သော နာကျင်မှုက သူ့ဦးခေါင်းထဲ၌ နေရာယူလာသည်။ ၎င်းက အလွန် ပြင်းထန်လွန်းရကား ဝေ့ဝူယင်မှာ အသိစိတ်ပင် လွတ်လုနီးနီး ဖြစ်သွားခဲ့သည်။
ခပ်ဖျော့ဖျော့ အနီရောင် အလင်းတန်းများဖြင့် တောက်ပလာသည့် အပြစ်သား တက်တူးကိုပင် မြင်နိင်စွမ်း မရှိတော့ချေ။
အတန်ကြာပြီးနောက်တွင်ပင် နာကျင်မှုက တဖြည်းဖြည်း ယုတ်လျော့သွားကာ ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းချုပ်လာနိုင်ခဲ့၏။ သူချက်ချင်းပင် ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ် စစ်ဆေးလိုက်တော့သည်။
***