← Chapters

နည်းလမ်း ရှာဖွေခြင်း

Vol. 37 Ch. 512

နည်းလမ်း ရှာဖွေခြင်း

Vol. 37 Ch. 512

“ဘာဖြစ်သွားတာလဲ...”

ထိုအရာက ထိုကဲ့သို့ နာကျင်မှုမျိုးကို သူ ပထမဆုံး အကြိမ် ခံစားဖူးခြင်း ဖြစ်သည်။ ကြယ်တာရာ ဝိညာဥ်များမှာလည်း သူ့နည်းတူပင် နာကျင်မှုကို ခံစားရကြောင်း ဝေ့ဝူယင်ထံ သတင်းစကားများ ပေးပို့လာ၏။ ထိုအချက်က နာကျင်မှုမှာ ခန္ဓာကိုယ်မှ မဟုတ်ပဲ ဝိညာဥ်ကို အခြေပြု၍ ဖြစ်ပေါ်လာကြောင်း သိသာလှပေသည်။

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်ရင်း ညာဘက်လက်ကို ကြည့်လိုက်၏။ သူ့ခန္ဓာကိုယ် နည်းတူပင် အပြစ်သား တက်တူးမှာလည်း တစ်စုံတစ်ရာ ပြောင်းလဲမှု မရှိပါချေ။ သို့သော်လည်း တစ်ခုခု လွဲမှားနေကြောင်း သူ အာရုံထဲမှ ခံစား၍ ရနေခဲ့၏။

အနန္တ ကုန်းမြေတိုက်ကြီးတွင် ဆုံတွေ့ခဲ့ရသည့် ငွေရောင်ဆံပင်၊ အနက်ရောင် မျက်လုံးများနှင့် ညစ်ပတ်သည့် လူငယ်ကို ဝေ့ဝူယင် ပြန်လည် မြင်ယောင်လာခဲ့၏။ ထိုလူငယ်က သူ့ကို ကိုက်ကာ အပြစ်သား သွေးမျိုးဆက်ကို လွှဲပြောင်းပေးခဲ့သည်။ အမွေခံ အပြစ်သား တစ်ယောက် အတင်းအကြပ် ဖြစ်လာစေခဲ့သည်။ မမျှတနှင့် သေမျိုးများ အကြောင်းကို ကျိန်ဆိုခဲ့သည်။

“ငါ ဘာလို့ သူ့အကြောင်းတွေးရမှာလဲ... အတွေးတွေကို လက်စသတ်ပြီး အလုပ်နဲ့ပဲ သက်သက်ပြရအောင်... ဒီလောကနယ်မြေမှာ ငါ့ရဲ့ လုပ်ရပ်တွေက ဘယ်တော့မှ ပြုသမျှနုနေတာမျိုး မဖြစ်စေရဘူး”

ဝေ့ဝူယင် စီတနှင့် အိယင်တို့ကို ခေါ်ဆောင်၍ လောကနယ်မြေ၏ အပြောင်းအလဲများနှင့် အဘယ်ကြောင့် ထိုအပြောင်းအလဲများ ဖြစ်ပေါ်လာရသည်ကို ခပ်မြန်မြန်ပင် ရှင်းပြလိုက်၏။

မိန်းကလေး နှစ်ယောက်မှာ ချက်ချင်းပင် နားလည် သဘောပေါက်ကြပေသည်။ သူတို့က အဖွဲ့ဝင်များကို စုဝေးကာ  ထိတ်လန့် တုန်လှုပ်နေမှုများကို ဟန့်တားလိုက်ကြ၏။ နောက်ဆုံး စမ်းသပ်မှု စည်းမျဥ်းထဲမှ အချို့ အချက်အလက်များ အရဆိုလျှင် ဆန်းကြယ်သည့် သက်ရှိများမှာ မကြာခင် ပေါ်လာဖို့ ရှိပေသည် သို့ဖြစ်လေရာ သူတို့ အနေဖြင့် ကြိုတင်ပြင်ဆင်ထားသင့်ပေသည်။

အစစ်အမှန် ပျက်သုဥ်းခြင်း တစ်ခုလုံး အလုပ်ရှုပ်နေစဥ်တွင် ဝေ့ဝူယင်ကတော့ လေပြည်လွင်ပြင်သို့ ခရီးနှင် သွားခဲ့ပြီ ဖြစ်လေတော့သည်။

...

ကောင်းကင်လေပြည် မြို့တော်၊ အကြွင်းမဲ့ မီးတောက် တော်ဝင် သမီးတော်၏ ဟင်းလင်းပြင် သင်္ဘောထက်၌ ပိုင်ယုရှီနှင့် ထန်ရှင်းယွင်တို့ ရှိနေခဲ့ကြလေသည်။

“တမန်တော်... အဲဒါက ဘာအဓိပ္ပာယ်လဲ...”

ထန်ရှင်းယွင်၏ ဒေါသနှင့် ရူးသွပ်မှုများမှ ပိုင်ယုရှီ အပေါ် ပုံကျနေ၏။ အကယ်၍ စည်းမျဥ်းများသာ ပိုမို တင်းကြပ်ခဲ့ပါက ဝေ့ဝူယင်မှာ အနိုင်ရရှိရေး အတွက် ယုတ်မာ အောက်တန်းကျသည့် နည်းလမ်းများကို အသုံးပြုနိုင်လိမ့်မည် မဟုတ်ပါချေ။

“အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ တမန်တော် တစ်ယောက် အနေနဲ့ ငါ့မှာ တာဝန် တစ်ချို့ ရှိတယ်... ပြိုင်ပွဲစည်းမျဥ်းတွေကို ချိုးဖောက်တဲ့ လူကို ထုတ်ပယ်ပစ်ဖို့နဲ့ ဒီလောကနယ်မြေကို မထိခိုက်အောင် တားဆီး ထိန်းသိမ်းဖို့ပဲ... မူလ ကြီးကြပ်သူက ငါ့ဆုံးဖြတ်ချက်ကို တားဆီးမှာ မဟုတ်ဘူး”

ပိုင်ယုရှီက ဖြည်းညင်းစွာပင် စတင် ရှင်းပြလိုက်၏။ ဆိုလိုသည်က ကန့်သတ်ချက်နှင့် အတားအဆီး အချို့မှ လွဲ၍ သူမအနေဖြင့် ထိုတိုက်ရိုက်သြဇာအာဏာနှင့် ရာထူးတို့ကို အလွဲသုံးစား လုပ်၍ ရသည်။

“ရှင်လုပ်နိုင်တာလား...”

ထန်ရှင်းယွင်မှာ အံ့အားသင့်သွားခဲ့၏။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ တမန်တော်၊ စမ်းသပ်ပွဲ၏ ဒုတိယမြောက် ကြီးကြပ်သူမှာ ထိုကဲ့သို့ သြဇာအာဏာမျိုးကို ပိုင်ဆိုင်နိုင်သည်လား။ ချက်ချင်းပင် သူမ၏ မျက်လုံးများက ဒေါသများဖြင့် ပြန်လည် ပြည့်နှက်လာ၏။

“ဒါဆို ရှင်က ဘာလို့ အဲဒီကောင်ကို ခုထိ မထုတ်ပယ်သေးတာလဲ... သူ ပြိုင်ပွဲ စည်းမျဥ်းတွေကို ချိုးဖောက်တယ် ဆိုတာ ရှင်းနေတာပဲ... ရှင်ရော ကျွန်မရော... မျက်လုံးပါတဲ့ လူတိုင်း အဲဒါကို မြင်ခဲ့တာပဲ”

ပိုင်ယုရှီမှာ သူမ၏ စွပ်စွဲမှု အပေါ်  စိတ်အနှောက်အယှက်ဖြစ်ခြင်း မရှိပါချေ။ သူမက တည်ငြိမ်စွာပင် ရှင်းပြလိုက်၏။

“ငါ့မှာ အဲဒီလိုလုပ်နိုင်တဲ့ ခွန်အား မရှိဘူး”

“ဘာလဲ...”

ထန်ရှင်းယွင်မျာ နားမလည် ဖြစ်သွား၏။

ပိုင်ယုရှီက ဆက်လက် ရှင်းပြလိုက်သည်။

"ငါက ဒီကို လက်ထောက် ကြီးကြပ်သူ အနေနဲ့ တိုက်ရိုက် ရောက်လာတဲ့လူ မဟုတ်ဘူး... တကယ်က လျှို့ဝှက် ရည်ရွယ်ချက်ကို ထိတွေ့ထားပြီးသား ဖြစ်တဲ့ စီနီယာ အမလင်း ဖြစ်ရမှာ... တမန်တော် တိုကင်ရဲ့ အချို့  လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ဖို့ အတွက် ချှို့ဝှက် ရည်ရွယ်ချက်နဲ့ မူလ ဒြပ်စင် ရည်ရွယ်ချက် လိုအပ်တယ်... ငါ့မှာ နောက်တစ်ခု ရှိပေမဲ့ ရှေ့တစ်ခုတော့ မရှိဘူး”

“တမန်တော် တိုကင် မရှိပဲ သူ့ကို ထုတ်ပယ်ပစ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ကြီးကြပ်သူ ကိုယ်တိုင် အရေးယူဖို့ပဲ... ဒါပေမဲ့ အဲဒီ ဦးနှောက် မပါတဲ့ လူအိုကြီးက ဘယ်လိုနည်းလမ်းတွေ သုံးလဲဆိုတာ ခွဲခြား သိနိုင်တဲ့ပုံ မပေါ်ဘူး... အမြဲတမ်း လွယ်လွယ်ကူကူနဲ့ အရူးလုပ်ခံနေတာပဲ”

ပိုင်ယုရှီက အနည်းငယ် ဒေါသထွက်စွာဖြင့် ပြောလိုက်၏။ ဝမ်ယုထျန်း၏ ဇစ်မြစ်နှင့် မူယင်း ကျင့်ကြံခြင်း အဆင့်ကို သူမ ရှင်းရှင်းလင်းလင်း သိရှိထားခြင်း မရှိချေ။ အကယ်၍ သိရှိပါက ထိုစကားများကို ပြောရန် မဆိုထားနှင့် စိတ်ကူးထဲပင် ပေါ်လာလိမ့်မည် မဟုတ်ပါချေ။

လိုအပ်ချက်က လျှို့ဝှက် ရည်ရွယ်ချက် ဖြစ်ကြောင်း သိရသော အခါ၌ ထန်ရှင်းယွင်၏ နှလုံးသားက တင်းကြပ်သွား၏။ ကျင့်ကြံသူ တစ်ယောက် အတွက် လျှို့ဝှက် ရည်ရွယ်ချက်ကို ပိုင်ဆိုင်နိုင်ရန် ဆိုလျှင် အနိမ့်ဆုံး ကြယ်တာရာ အမြုတေ အဆင့်ကိုး ကြယ် အမတေ အဆင့်ကို ရောက်ရှိကာ သေမျိုး အကန့်အသတ်၏ နယ်နိမိတ်မျဉ်းကို ထိတွေ့ထားဖို့လိုအပ်သည်။ ပိုင်ယုရှီ၏ အခက်အခဲကို နားလည်သွားပြီ ဖြစ်လေရာ ထန်ရှင်းယွင်မှာ ထပ်မံ အပြစ်တင်ခြင်း မပြုတော့ချေ။

"ဆိုတော့ကာ ရှင့်မှာလည်း အဲဒီ လူယုတ်မှာကို ဖယ်ရှားပစ်ဖို့ ရည်ရွယ်ချက် ရှိတယ်ပေါ့…"

ထန်ရှင်းယွင်က ပိုင်ယုရှီ ဘာကို ဆိုလိုချင်နေသည်ကို သိပ်နားမလည်ရာ  မေးလိုက်၏။

ပိုင်ယုရှီက တည်ငြိမ်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်လုံးများက ပြတ်သားသော ဆုံးဖြတ်ချက်များနှင့် ပြည့်နှက်နေကာ သံမဏိ ကဲ့သို့ ခိုင်မာနေသည်။

"ငါတို့မှာ နည်းလမ်းနှစ်ခု ရှိတယ်… လူတွေ အများကြီး မသိကြပေမဲ့ ဒီစမ်းသပ်မှုရဲ့ နောက်ဆုံး ရလဒ်နဲ့ သက်ဆိုင်တဲ့ လျှို့ဝှက် စည်းမျဉ်းတွေ ရှိတယ်… ဥပမာ ပြောရရင် ပြိုင်ပွဲဝင် တစ်ယောက်က ပြိုင်ပွဲကာလ အတွင်း လောကနယ်မြေကို ဖွဲ့စည်းနိုင်ခဲ့မယ် ဆိုရင် သူတို့က သူ့ကို စမ်းသပ်ပွဲရဲ့ အောင်နိုင်သူ အဖြစ် အလိုအလျောက် ရွေးချယ်ကြလိမ့်မယ်… ထပ်ပြီး ပြိုင်ဆိုင်ဖို့ မလိုတော့ဘူး"

"ဘယ်လိုကြီးလဲ…"

ထန်ရှင်းယွင်မှာ မျက်မှောင်ကြုတ် သွားရာ ထိုစည်းမျဉ်းက မဖြစ်နိုင်တာကို ရေးဆွဲထားခြင်းဟု သူမ တွေးလိုက်မိသည်။ ပြိုင်ပွဲဝင် တစ်ယောက် ဖြစ်လာရန် အဓိက လိုအပ်ချက်မှာ အသက်သုံးရာအောက် ငယ်ရမည် ဖြစ်သည်။

လောကသခက် အဆင့်မှာ ကျင့်ကြံသူများ၏ အခြေခံ အုတ်မြစ်ကို ခိုင်မာစေခြင်း ဖြစ်ကြောင်း အားလုံး သိထားကြပေသည်။ ထိုအဆင့်ကို ရောက်သည်နှင့် ဝိညာဉ်ဆင်းတု၊ အာကာသ ပဲ့တင်သံလှိုင်း၊ မူလ အလင်းနှင့် မြေဆွဲအား စွမ်းအင်များ အားလုံးမှာ လောကနယ်မြေ အဖြစ် အတူတကွ ပေါင်းစည်း သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့ကို ပြောင်းလဲ၍ မရသလို မြှင့်တင်၍လည်း ရတော့မည် မဟုတ်ချေ။

ချွင်းချက် တစ်ခုသာလျှင် ရှိကာ အဂ္ဂိရတ် သူတော်စင်များထံမှ အကူအညီကို ရယူဖို့ ဖြစ်သည်။ အဂ္ဂိရတ် သူတော်စင်များမှာ သေမျိုး အကန့်အသတ်ကို ကျော်လွန်သည့် လျှို့ဝှက် ဆန်းကြယ် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို ဖန်တီး ဖော်စပ်နိုင်စွမ်းများ ရှိကြသည်။ သူတို့က ကြယ်တာရာ အမြုတေ အဆင့်တို့ အတွက် တည်မြဲသည့် သဘောတရားများကို လွယ်ကူစွာပင် ချိုးဖျက် ပေးနိုင်ကြသည်။

သို့ပေမဲ့… အဂ္ဂိရတ် သူတော်စင် တစ်ယောက်ကို ရှာတွေ့ဖို့ရန် အဘယ်မျှ ခက်ခဲသနည်း။ လျှို့ဝှက် ဆန်းကြယ် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များမှာ မည်မျှ တန်ဖိုး မြင့်မားသနည်း။ သေချာတာ တစ်ခုက ကြယ်တာရာ အမြုတေ အဆင့်များ မဆိုထားနှင့် လျှို့ဝှက် အာဏာရှင် အဆင့်များပင် ထိုထုတ်ကုန်များ အတွက် စစ်ခင်းကြလိမ့်မည် ဖြစ်သည်။

ထိုစည်းမျဉ်းနှင့် ပတ်သက်၍ ထန်ရှင်းယွင် မယုံကြည်နိုင်မှုကို ခံစားနေရသည့် အကြောင်းရင်းမှာ ရွေးချယ်ခံ တစ်ယောက် ဖြစ်ရန် သတ်မှတ်ချက်များကြောင့် ဖြစ်သည်။

အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံမှာ ပြိုင်စံရှားသည့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။ ကျင့်ကြံခြင်း အခြေခံမှာ အနာဂတ်ကို သတ်မှတ်ပေးသည့် အုတ်မြစ် ဖြစ်သည်။ အကယ်၍ သူမသာ ကျင့်ကြံခြင်း တစ်ခုတည်းကို အာရုံစိုက်ကာ လောကသခင် အဆင့်ကို တက်လှမ်းဖို့ ကြိုးစားပါက (အထူးသဖြင့်) သူမ၏ ပါရမီဖြင့် နှစ်သုံးရာ အတွင်း ဖြစ်နိုင်ချေ ရှိသည်။ သို့သော်လည်း ရလဒ် အနေဖြင့် သူမ၏ ခွန်အားက အလွန် နိမ့်ပါးကာ ပိုမို အဆင့်နိမ့်သူများပင် သူမကို သတ်ဖြတ်နိုင်လိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့ အရည်အချင်း ရှိသူမှာ မည်ကဲ့သို့ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံ ဖြစ်နိုင်ပါမည်နည်း။

လင်းမင်မှာ ယခုမှ အာကာသ ပဲ့တင်သံ အဆင့်တွင်သာ ရှိသည်။ ထို့အပြင် အစီအရင်၏ တားဆီးမှုကြောင့် ပြင်းထန်သည့် ထိခိုက်ဒဏ်ရာ ရထားသေးသည်။ သူက မည်ကဲ့သို့ သုံးနာရီ အတွင်း လောကသခင် အဆင့်ကို တက်လှမ်းနိုင်မည်နည်း။

ထန်ရှင်းယွင်မှာ ပိုင်ယုရှီပြောသည့် ပထမ စကားကို ပြန်လည် အစကောက်လိုက်၏။

"ရှင်ပြောတဲ့ အထဲမှာ နည်းလမ်း နှစ်ခု ရှိတယ်ဆို… ဒုတိယမြောက် နည်းလမ်းက ဘာလဲ…"

ပိုင်ယုရှီက မျက်မှောင်ကြုတ်ကာ အမှောင်ရိပ်ထဲကို အခိုက်အတန့်မျှ လှမ်းကာ ငေးကြည့်လိုက်၏။

"ဒုတိယမြောက် နည်းလမ်းက အရှင် ဝိညာဉ်လမ်းလျှောက်သူ ကိုယ်တိုင် လှုပ်ရှားပြီး သူ့ကို သတ်ပစ်လိုက်ဖို့ပဲ"

" … "

ခန်းမမှာ အတန်ကြာအောင် တိတ်ဆိတ် ငြိမ်သက်သွား၏။ ၎င်းက တိုက်ရိုက် အကျဆုံး ဖြေရှင်းနည်း ဖြစ်သည်။ အရှင် ဝိညာဉ်လမ်းလျှောက်သူ၏ ကျင့်ကြံခြင်း အဆင့်မှာ အလွန် မြင့်မားသည်။ အကယ်၍ သူမသာ လှုပ်ရှားမည် ဆိုပါက မူလ ကြီးကြပ်သူမှာ ဘယ်လိုမှ တားနိုင်လိမ့်မည် မဟုတ်ချေ။ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ရင်ဆိုင်ရမည် ဆိုလျှင်ပင် သူမ၏ ကျင့်ကြံခြင်း အဆင့်ဖြင့် ရှောင်လွှဲနိုင်မှာ သေချာသည်။

သို့သော်လည်း လျှို့ဝှက် အာဏာရှင် အဆင့်  ဖြစ်သည့် သူမမှာ သွေးသား မတော်စပ်သူ တစ်ယောက် အတွက် အဘယ်ကြောင့် ထိုမျှ စွန့်စားမည်နည်း။ သွေးသား တော်စပ်သည့် တိုက်ရိုက် မျိုးဆက် တစ်ယောက် အတွက်ပင် သူမ ချီတုံချတုံနှင့် စဉ်းစားရလိမ့်မည် ဖြစ်သည်။

"ငါ မလုပ်နိုင်ဘူး…"

ထိုအရာက သူမ ပေးနိုင်သည့် အရှင်းလင်းဆုံး အဖြေပင်။

ပိုင်ယုရှီမှာ ထိုအရာကို အစောကတည်းက ကြိုတင် မျှော်လင့်ထားပြီးသည့်ပုံ ပေါ်သည်။ အကယ်၍ သူမသာ ဝိညာဉ် လမ်းလျှောက်သူ နေရာတွင် ဆိုလျှင်လည်း တူညီသည့် ဆုံးဖြတ်ချက်မျိုးကို ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။

"ရှင်က ဘာလို့ ကိုယ်တိုင် မလုပ်တာလဲ…"

ထန်ရှင်းယွင်က မေးလိုက်၏။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ တမန်တော်နှင့် ပြိုင်ပွဲ၏ လက်ထောက် ကြီးကြပ်သူ တစ်ယောက် အနေဖြင့် သူမ၏ စွမ်းအားများမှာ အခြားလူများ ကဲ့သို့ ကန့်သတ်ခံထားရခြင်း မရှိချေ။ သူမတွင် ဝေ့ဝူယင်ကို သတ်ဖြတ်နိုင်သည့် စွမ်းအားများ ရှိပေသည်။

ပိုင်ယုရှီက ခေါင်းခါလိုက်၏။

"ငါ့မှာလည်း လိုက်နာရတဲ့ စည်းမျဉ်းတွေ ရှိတယ်… အဲဒီထဲက တစ်ချက်က ရွေးချယ်ခံတွေကို သတ်လို့ မရတာပဲ… အဲဒီလို လုပ်တာနဲ့ မူလ ကြီးကြပ်သူက တစ်ခါတည်း ငါ့ကို သတ်ပစ်လိမ့်မယ်… ငါ့ရဲ့ ကျင့်ကြံခြင်း အခြေခံက သူ့ကို ခုခံနိုင်တဲ့ အထိ မမြင့်မားသေးဘူး"

" … "

ထန်ရှင်းယွင်မှာ တိတ်ဆိတ်သွား၏။ သူမက မျက်လုံးများကို ကစားရင်း ပလ္လင် လက်ရန်းကို တဒေါက်ဒေါက် ခေါက်လိုက်သည်။

"ဆိုတော့ ရှင်က ဘယ်လို စီစဉ်ထားလဲ…"

ပိုင်ယုရှီ ဤနေရာကို ရောက်ရှိလာကတည်းက သူမတွင် ပိုင်နိုင်သည့် အကြံတစ်ခု ရှိရပေမည်။ သူမက ထိုအကြံကို ထုတ်ဖော် မပြောသေးခြင်းသာ ဖြစ်သည်။

ပိုင်ယုရှီက ထန်ရှင်းယွင်ကို ကြည့်လိုက်၏။ တစ်ခဏ ကြာပြီးနောက် သူမက အမှောင်ရိပ်ဘက်သို့ လှည့်ကာ ဖြည်းညင်းစွာပင် ကြမ်းပြင်ထက်၌ ဒူးထောက်လိုက်လေသည်။

"အရှင်ဝိညာဉ်လမ်းလျှောက်သူ… ကျွန်မရဲ့ ကျင့်ကြံခြင်းကို အခြေခံ ဝါးမျိုခြင်း နည်းလမ်း သုံးပြီး လင်းမင်ထံ လွှဲပြောင်းပေးဖို့ တောင်းပန်ပါတယ်"

" … "

***

All Chapters