ရွမ်ရှန်းအဆင့်
Vol. 38 Ch. 525
မိုဝူကျီ ဒဏ်ရာအပြင်းအထန် ရပြီးနောက် ၂၆ရက် ကျော်လွန်သွားပြီ ဖြစ်၏။ မိုဝူကျီ၏ အသက်လမ်းကြောင်း၊ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းတို့မှာ ဆက်တိုက် လှည့်ပတ်နေရာမှ နောက်ဆုံး၌ အေးစက်စက် စွမ်းအားကို ဖိနှိပ်သွားနိုင်သည်။
အေးစက်စက် စွမ်းအားကို ဖိနှိပ်ထားလိုက် နိုင်သည်နှင့် မိုဝူကျီ၏ ပြန်ကောင်းလည်နှုန်းမှာ မြန်ဆန် လာတော့သည်။
သူ့ပညာရှင်နှလုံးသားကို ချီသွေးကြောများဆီ ဖြတ်စီးဆင်းစေလိုက်ပြီး ပညာရှင်နှလုံးသား တစ်ခါ ဖြတ်သန်းမှုဖြင့် ထိုအေးစက်စက် စွမ်းအားများမှာ လက်ဖျား ဆယ်ချောင်းထိပ်မှ ရေခဲရေအလား ထွက်လာသည်။
အဆောင်၏ အေးစက်စက် စွမ်းအားကို အတင်းကျပ် ထုတ်ပြီးနောက် မိုဝူကျီက မချီးကျူးဘဲ မနေနိုင်တော့ချေ။ အတော်လေး အံ့ဩဖို့ ကောင်းလှသည်။ အကယ်၍ သူသာ ထူးခြားမနေလျှင် သေချာပေါက် သေဆုံးရလိမ့်မည်။
ထိုကြယ်အဆင့် ပါရမီရှင်များကို အလွယ်တကူ သတ်၍ မရပေ။ အမြင်နှင့်တင် သူက မြန်မြန် အဆင့်တက်ဖို့ရာ လိုအပ်နေပေသည်။ သူက အနည်းဆုံး ရွမ်ရှန်းအဆင့်လောက် ရှိမှ သင့်တော်ပေလိမ့်မည်။ ထို့သို့ဆိုလျှင် သူ့အတွက် အန္တရာယ်ကင်းသွား ပေလိမ့်မည်။
ပိုင်ချီထျန်း၏ သိုလှောင်လက်စွပ်ကို ဖွင့်လိုက်သည့်အခါ မိုဝူကျီက အတော်လေး အံ့အားသင့်သွားသည်။ အင်မော်တယ်ဘုရင် တာအိုအသီးအပြင် အဆင့်မြင့် အင်မော်တယ်ကျောက် ငါးသန်းမှ ခြောက်သန်းကြား ရှိနေသေး၏။ သတ္တုများနှင့် မှော်ရတနာများလည်း ရှိသည်။ သို့သော်လည်း သူ့ကို အံ့ဩဆုံး ဖြစ်စေသည်မှာ အထဲရှိ အင်မော်တယ် ဆေးပင်များမှာ အဆင့် ၅နှင့်အထက် ဖြစ်နေသောကြောင့် ဖြစ်သည်။
ပိုင်ချီထျန်း အဆင့်အတန်းမှာ သူ့ထက်များစွာ မြင့်ကြောင်း သိသာလှသည်။ အဆင့်နိမ့် အင်မော်တယ် ဆေးပင်တချို့ ရှိသော်လည်း အဆင့် ၄ အင်မော်တယ်ဆေးပင် အများအပြားတော့ မမြင်မိပေ။ အဆင့် ၃ နှင့်အောက် အင်မော်တယ် ဆေးပင်များထဲ၌ အဖိုးတန်သော ဆေးပင်တချို့သာ မြင်မိသည်။
မိုဝူကျီအတွက် အခုချိန် လိုနေဆုံးအရာမှာ အဆင့် ၆ အင်မော်တယ် ဆေးပင်များသာ ဖြစ်၏။ ထို့အပြင် သူက အဆင့် ၇ ဆေးလုံး ဧကရာဇ် အဆင့်လည်း တက်ရောက် လိုသောကြောင့် အဆင့် ၇ အင်မော်တယ် ဆေးပင်များလည်း မရှိမဖြစ် လိုအပ်နေပေ၏။
မိုဝူကျီက တွေဝေမနေဘဲ ပိုင်ချီထျန်း လက်စွပ်ထဲမှ ပစ္စည်းများကို စီစဉ်ပြီး သူ့ထာဝရ ကမ္ဘာလောကထဲ ထည့်လိုက်တော့သည်။ ထို့နောက် သူက ထာဝရ ကမ္ဘာလောကထဲမှ ထွက်လာလိုက်သည်။
အပြင်ဘက်တွင် မယုံနိုင်လောက်ဖွယ် တိတ်ဆိတ်မှု ကြီးစိုးနေသည်။ လွန်ခဲ့သည့် တစ်လခန့်က လူတစ်ယောက် ဤနေရာဝန်းကျင်ကို ရက်အတော်ကြာ မွေနှောက်ရှာဖွေ သွားသည့်အကြောင်း မိုဝူကျီ မသိပေ။ သူ့ထာဝရ ကမ္ဘာလောကက က သာမာန်နှင့် တူလွန်းနေသောကြောင့် သဲမြေလိုသာ ဖြစ်နေပြီး သူ့အား ဆက်တိုက် ရှာဖွေနေသူမှာ ရွမ်ရှန်းအဆင့်မျှသာ ဖြစ်နေသည့် အချက်များကြောင့်သာ မဟုတ်လျှင် သူကို ရှာတွေ့ သွားလောက်လေပြီ။
မိုဝူကျီက စိတ်စွမ်းအား ဖြန့်ကျက် ထားသော်လည်း တခြားလူ အရိပ်အယောင်ကို မခံစားမိပေ။ သူက အင်မော်တယ်ကျောက် တစ်သန်းကျော်လောက်ကို ချက်ချင်း ထုတ်ကာ ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင်ကို ခင်းကျင်း ထားလိုက်သည်။
အကယ်၍ သူသာ မိုးကြိုး စမ်းသပ်ချက်ကို ခံယူပြီး ရွမ်ရှန်းအဆင့် တက်မလှမ်းနိုင်လျှင် သူ့စွမ်းအားမှာ ကျိုးပျက်ကမ္ဘာအတွက် မလုံလောက်သေးပေ။ ကျင်းရှန်း ပြီးပြည့်စုံခြင်း အဆင့်ဖြင့် သူက ရွမ်ရှန်း နောက်ပိုင်းအဆင့်ကို အနိုင်ယူနိုင်စွမ်း ရှိသော်လည်း ကျိုးပျက် ကမ္ဘာထဲ၌ ပါရမီရှင်များစွာ ရှိနေသည်။ ကြယ်အဆင့် ရွမ်ရှန်း နောက်ပိုင်းအဆင့် ကျင့်ကြံသူမှာ သာမာန်ကျင့်ကြံသူ တစ်ယောက်နှင့် ကွာခြားလှ၏။
သူ့မိုးကြိုး စမ်းသပ်ချက်ကို ခံယူဖို့ လူသူကင်းမဲ့သည့် နေရာကို ရွေးချယ်ရန် မိုဝူကျီ အတွေးထဲ လုံးဝ ပေါ်မလာပေ။ မိုးကြိုးစမ်းသပ်ချက် ကျရောက် လာသည်နှင့် မည်သို့ လူသူကင်းမဲ့သည့် နေရာ ဖြစ်နေပါစေ သတိပြုမိဦးမည် ဖြစ်သည်။ ထို့အပြင် သူ့မိုးကြို စမ်းသပ်ချက်မှာ အင်မတန် အားကောင်းသည့်အတွက် သူ့အား တစ်ခုခု လုပ်ရန် ကြံစည်နေကြသော လူများအတွက် နှစ်ခါပြန် တွေးတောရလိမ့်မည်။
ရွမ် အတိဒုက္ခ ဖြတ်ကျော်ခြင်း ဆေးလုံးကို မျိုချပြီးနောက် သူ့ချီသွေးကြော ၁၀၈ခုလုံးမှာ ပြောင်းပြန် လှည့်ပတ်နေပြီး ဘေးပတ်လည်မှ ဝိညာဉ်စွမ်းအား များမှာလည်း လှိုင်းလုံးကြီးများသဖွယ် သူ့ဆီ တဟုန်ထိုး ပြေးဝင် လာကြသည်။
တခြားသော ကျင့်ကြံသူများ ရွမ်ရှန်းအဆင့် တက်လှမ်းဖို့ ကြိုးစားရာ၌ သူတို့က ထိပ်ဆုံးအထိ ရောက်အောင် ကျင့်ကြံ၍ သော် လည်းကောင်း ဒါမှမဟုတ် သူတို့ရွမ် အတိဒုက္ခ ဖြတ်သန်းခြင်း ဆေးလုံး မသောက်သုံးခင် မိုးကြိုးစမ်းသပ်ချက် ကျရောက်လာသည်ကို စောင့်ဆိုင်း၍ လည်းကောင်း ပြုမူကြသည်။ သို့သော် မိုဝူကျီက အင်မော်တယ် ဝိညာဉ် စွမ်းအားများကို မစုပ်ယူခင် ဆေးလုံးကို အရင်ဦးစွာ သောက်သုံးလိုက်ခြင်း ဖြစ်သည်။
ကောင်းကင်တစ်ခုလုံး မှုန်မှိုင်းလာသည့်အခါ မိုဝူကျီက နောက်ထပ် ရွမ် အတိဒုက္ခ ဖြတ်သန်းခြင်း ဆေးလုံး နောက်တစ်လုံးကို ထပ်သောက်လိုက်သည်။
အင်မော်တယ် ဝိညာဉ်စွမ်းအားများက အင်မော်တယ် သဘာဝ စွမ်းအားများအဖြစ် အလျှင်အမြန် ပြောင်းလဲလာသည်။ မိုဝူကျီ၏ လှုံ့ဆော်မှုကြောင့် သူ့အင်မော်တယ် သဘာဝစွမ်းအားများက ကျင်းရှန်းအဆင့်နှင့် ရွမ်ရှန်း အဆင့်ကြားရှိ အချုပ်အနှောင်များကို ပြင်းထန်စွာ သွားတိုက်လေသည်။
“ဘုန်း ဘုန်း”
မိုးကြိုးစမ်းသပ်ချက်က မိုဝူကျီ မျှော်လင့်ထားသည်ထက် မြန်မြန်ဆန်ဆန် ရောက်ရှိလာသည်။ သူက မိုးကြိုးလျှပ်စီး အဆီအနှစ်များကို စုပ်ယူဖို့ရာ ပြင်ဆင်နေစဉ် ထူထပ် သိပ်သည်းသည့် မိုးကြိုးအားများက သူ့အပေါ် ကျရောက်လာသည်။
မိုဝူကျီ တစ်ယောက် ကျင်းရှန်းအဆင့် တက်လှမ်းစဉ်က မိုးကြိုးအားများကြောင့် သေလုနီးပါးအထိ ဖြစ်ခဲ့ရသည်။ ပြောရမည်ဆိုလျှင် ကျင်းရှန်းအဆင့် တက်လှမ်းပြီး မေ့မြောသွားသည့်အချိန် မိုးကြိုးတိမ်တိုက်ထဲ၌ လျှပ်စီးချက် အနည်းငယ်သာ ကျန်ရှိနေတော့သည့် အချက်ကြောင့်သာ မဟုတ်လျှင် သူ သေနေလောက်လေပြီ။
မိုဝူကျီက ဤတစ်ကြိမ်၌ ကောင်းစွာ ပြင်ဆင်ထားပေသည်။ သူက မိုးကြိုးလျှပ်စီး အဆီအနှစ်များနှင့် အင်မော်တယ် ဝိညာဉ်စွမ်းအားကို အသည်းအသန် စုပ်ယူနေရင်း ရွမ်ရှန်းအဆင့် တက်လှမ်းဖို့ရာ ပြင်ဆင်နေသည်။ သူ့မိုးကြိုး စမ်းသပ်ချက်မှာ တခြားသူများထက် အမြဲတမ်း အားကောင်းနေရာ သူသာ မိုးကြိုးချက်များကို တောင့်ခံရင်း အဆီအနှစ်များကို စုပ်ယူနေပါက သေချာပေါက် သေဆုံးရလိမ့်မည်။
အလွန်အမင်း အားပြင်းသည့် မိုးကြိုးအားများ ဆင်းသက် လာသည်နှင့်အတူ ရွမ်အတိဒုက္ခ ဖြတ်ကျော်ခြင်း ဆေးလုံးအကူဖြင့် လျှပ်စီးအဆီအနှစ်များနှင့် အင်မော်တယ် ဝိညာဉ် စွမ်းအားများမှာ ရွမ်ရှန်းအဆင့်ကို ရောက်ဖို့ရာ တစ်လှမ်းမျှသာ လိုအပ်တော့သည်။
မိုဝူကျီက ရွမ် အတိဒုက္ခဖြတ်ကျော်ခြင်း ဆေးသုံးလုံးကို ဆက်တိုက် မျိုချလိုက်ပြီး အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ လှိုင်းလုံးကြီးများ သဖွယ် စီးဆင်း လာတော့သည်။ ထိုစွမ်းအားများက မိုဝူကျီ၏ ချီသွေးကြောများကို စတင်ဖွင့်ဟ ပေးလိုက်သည်။
မည်သူမှ ရွမ်ရှန်းအဆင့် တက်လှမ်းရာဝယ် မိုဝူကျီ၏ အပြုအမူအတိုင်း မပြုမူကြပေ။ ရွမ် အတိ ဒုက္ခဖြတ်ကျော်ခြင်း ဆေးလုံးကို ထိုမျှ လောဘတကြီး အသုံးပြုဖို့ရာ မည်သူမှ ရူးရူးမိုက်မိုက် မလုပ်ရဲကြပေ။
ပါရမီရှင် တစ်ယောက်ပင် ရွမ်ရှန်းအဆင့် တက်လှမ်းဖို့ ကြိုးစားရာ၌ ထိုသို့ ရွမ် အတိ ဒုက္ခဖြတ်ကျော်ခြင်း ဆေးခြောက်လုံးကို သောက်ရဲမည် မဟုတ်ပေ။ သို့သော် မိုဝူကျီက ယခင် ကျင်းရှန်းအဆင့် တက်လှမ်းရင်း သေလုနီးပါး ဖြစ်ခဲ့သည့် အတွေ့အကြုံကြောင့်သာ မဟုတ်လျှင် သူလည်း ထိုသို့ လုပ်မိမည် မဟုတ်ပေ။ သာမာန် ကျင်းရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် ရွမ် အတိ ဒုက္ခဖြတ်ကျော်ခြင်း ဆေးလုံးကို အသုံးပြုပြီုး ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင်၏ အဆုံးမဲ့သော ဝိညာဉ် စွမ်းအားများနှင့် ဖျက်ဆီးနိုင်စွမ်းရှိသော လျှပ်စီး အဆီအနှစ်များပါ ထည့်တွက်လိုက်လျှင် ဝိညာဉ်လမ်းကြောင်းများမှာ တစ်စစီ ဖြစ်သွားကာ ချက်ချင်းဆိုသလို အမှိုက်သဖွယ် အသုံးမဝင် ဖြစ်လာလိမ့်မည်။
မည်သူမှ မိုဝူကျီကဲ့သို့ မဟုတ်ပေ။ ဝိညာဉ်လမ်းကြောင်း များစွာ ဖွင့်ထားသော ပါရမီရှင်ပင် သူတို့၏ ဝိညာဉ်လမ်းကြောင်းများ အပေါ်၌ မိုဝူကျီ၏ ချီသွေးကြော နားလည်မှုကို ကျော်လွန်နိုင်မည် မဟုတ်ပေ။ မိုဝူကျီက သူ့ချီသွေးကြော ၁၀၈ ခုလုံးကို ဆက်တိုက် လှည့်ပတ်နိုင်ပြီး အသေးစား လှည့်ပတ်ခြင်းမှ ပေါင်းစပ်လိုက်ပြီး ဖြည်းဖြည်းချင်း ဧရာမ လှည့်ပတ်လမ်းကြောင်း ဖြစ်ပေါ်လာစေနိုင်သည်။
တခြားသော ကျင့်ကြံသူများ၌ ဝိညာဉ်လမ်းကြောင်း မည်မျှပင် ရှိနေစေကာမူ သူတို့က အသေးစား လှည့်ပတ်ခြင်း ၁၀၈ ခုလုံးကို တစ်ခါတည်း မလုပ်နိုင်ကြပေ။ အပြည့်အဝ ဧရာမ လှည့်ပတ်ခြင်းကို ဆိုမထားလေနှင့်။
မိုဝူကျီ၏ ၁၀၈ခုသော ချီသွေးကြောများက တစ်ပြိုင်နက် ပြောင်းပြန် လှည့်ပတ် နေကြသော်လည်း ပြင်းထန်သည့် ဝိညာဉ်စွမ်းအား ပမာဏ၏ လွမ်းမိုးမှုကို တောင့်မခံနိုင်ပေ။ သူ့ပြင်းထန်လှသော အင်မော်တယ် ဝိညာဉ် စွမ်းအားများမှာ သူ့ခန္ဓာကိုယ် တစ်လျှောက်၌ စတင်၍ သွေူးများ ထွက်လာစေကာ သူ့အရိုးများမှာလည်း စတင်၍ တုန်ယင်လာလေသည်။
“ဘုန်း ဘုန်း”
နောက်ထပ် မိုးကြိုအားများက ဆင်းသက်လာပြန်သည်။
မိုဝူကျီ၏ ယခင် အားစိုက်မှုများကြောင့် သူ့ရွမ်ရှန်း အချုပ်အနှောင်များနှာ စတင်၍ တုန်ခါလာသည်။ ဤမိုးကြိုးချက်များဖြင့် သူ့ရွမ်ရှန်း အချုပ်အနှောင်များ အားလုံးမှာ တစ်စစီ ကွဲကြေသွားတော့သည်။
မြစ်ငါးတစ်ကောင်က ပင်လယ်ကြီးကို တွေ့လိုက်ရသည့်အလား ပျော်ရွင်မှုက စိတ်ထဲ တတိတိ ပေါ်လာသည်။ ထိုစဉ် မိုဝူကျီက သူ့ဝိညာဉ် အဆင့်မြင့်သွားကာ အားကောင်းလာကြောင်း ခံစားမိလိုက်သည်။
လန်းဆန်းမှု ... လွတ်လပ်မှု ... ကြီးကျယ်ခမ်းနားမှု ...
“ဘုန်း ဘုန်း ဘုန်း”
မိုဝူကျီက ရွမ်ရှန်းအဆင့် အချုပ်အနှောင်များ ချိုးဖျက်နိုင်လိုက်ပြီး ရွမ်ရှန်းအဆင့် ရောက်လုနီးပါးတွင် လေထုအတွင်း မှုန်မှိုင်းမှိုင်း ခံစားချက်နှင့်အတူ ထိတ်လန့် အားငယ်စေမှု ကြီးစိုးလာပြီး နောက်ထပ် မိုးကြိုးဆယ်ချက် ထပ်မံ ကျရောက်လာတော့သည်။
ထိုမိုးကြိုးချက်များ၌ သေခြင်းတရား အရိပ်အယောင်များ လွှမ်းခြုံနေပြီး ဖျက်ဆီးလိုသည့် စိတ်ဆန္ဒလည်း ပါရှိသည်။
မိုဝူကျီ၏ မျက်ဝန်း၌ တုန်လှုပ်မှုများ ကြီးစိုးလာကာ အဆင့်တက် လှမ်းပြီးနောက် သူခံစားမိသည့် ပျော်ရွင်မှု အမျိုးမျိုးလည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။ သူက မိုးကြိုးချက်များကို စိုက်ကြည့်လိုက်ရင်း သူ့ စိတ်နှလုံးသားမှာ အနည်းငယ် အေးစက် သွားလေ၏။
အကယ်၍ လွန်ခဲ့သည့် လအနည်းငယ်မှ ဖြစ်လျှင် သူက ထိုကြောက်မက်ဖွယ် မိုးကြိုးချက်များနှင့် ရင်ဆိုင်ရလျှင် မေ့မြော သွားလောက်သည်။ ယခင် သူ ကျင်းရှန်းအဆင့် တက်လှမ်းစဉ်က မေ့မြောမသွားခင် အဆင့်တက် လှမ်းခဲ့ပြီး၍သာ အသက်ဆက်ရှင်နေခြင်း ဖြစ်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် ထိုမျှ ကံကောင်းမည်လား။
သူက ကြိုတင်တွက်ချက်ပြီးပြီ ဖြစ်ရာ ထိုမိုးကြိုးချက်များ ကျရောက်မလာခင် သူက ရွမ်အတိဒုက္ခ ဖြတ်ကျော်ခြင်း ဆေးလုံးကို အသည်းအသန် ချေဖျက်ရင်း ရွမ်ရှန်းအဆင့် တက်လှမ်းရန် ကြိုးစားလိုက်သည်။
သူသာ ကျင်းရှန်းအဆင့် ဖြစ်နေဦးမည် ဆိုလျှင် သူ့အား သတ်သွားနိုင်မည့် ထိုမိုးကြိုးချက်များမှာ သူ့ရွမ်ရှန်းအဆင့်ကို အခြေတည်စေရန် အကူအညီပေးမည် မဟုတ်သော်လည်း အဆင့်ကိုတော့ မြင့်လာစေလိမ့်မည်။
“ဂျွတ်”
ပြင်းထန်သည့် မိုးကြိုးချက်များက မိုဝူကျီပေါ် အပြင်းအထန် ကျရောက်လာသည်။ မိုဝူကျီ၏ အရေပြားနှင့် အသားကို ဆွဲဖြဲပစ်လိုက်သော်လည်း ထိုမိုးကြိုးချက်များမှာ မိုဝူကျီကို သူ့အဆင့် မြင့်စေရန် ကူညီပေးပြီး ကျင့်ကြံဆင့်ကိုလည်း တည်ငြိမ်လာစေသည်။
ယခု ကြောက်မက်ဖွယ် မိုးကြိုးလှိုင်းလုံးက ကျော်လွန်သွားပြီ ဖြစ်ရာ နောက်ပိုင်း မိုကြိုးချက်များမှာ မိုဝူကျီအတွက် အပျော့စားလေး ဖြစ်၏။ မိုးကြိုးချက်တချို့ ကျရောက် လာပြီးနောက် ကောင်းကင်က ပြန်လည် ကြည်လင်လာသည်။ ဤမိုးကြိုးစမ်းသပ်ချက်မှာ မိုဝူကျီနှင့် ရင်ဆိုင်ရာ၌ အနိုင်မရမှန်း သိ၍ လက်လျှော့ သွားလေသည်။
အံ့ဩစရာ မရှိဘဲ မိုဝူကျီက ရွမ်ရှန်းအဆင့် တက်လှမ်းသွားလေသည်။ ထိုစဉ် သူ့ဘေးပတ်လည်မှ အရှိန်အဝါများမှာ ထူးထူးကဲကဲ ထွက်ပေါ်နေသည်။ အဝေးမှပင် မိုဝူကျီ ထုတ်လွှင့်နေသော ပြင်းထန်သည့် အရှိန်အဝါများကို မြင်တွေ့နိုင်သည်။
အင်မော်တယ် အရှိန်အဝါများက မိုဝူကျီကို တစ်ပတ် လှည့်ပတ်ပြီးနောက် ကြယ်အဆင့် ပါရမီရှင်များထက်ပင် ပို၍ မျက်စိပသာဓ ဖြစ်လာသည်။ မိုဝူကျီက သူ့ကျင့်ကြံဆင့်ကို ဆက်တိုက် အခြေတည်ရန် ကြိုးစားနေသောကြောင့် အင်မော်တယ် အရှိန်အဝါများက ဖြည်းဖြည်းချင်း သူ့ခန္ဓာကိုယ်အတွင်း ပုန်းလျှိုးကွယ်လျှိုး ဝင်ရောက်သွားသည်။
ရက်များစွာ ကုန်လွန်သွားပြီးနောက် မိုဝူကျီက နဂိုသွင်ပြင်ကို ပြန်လည် ရရှိသွားသည်။ အကယ်၍ လူများက မိုဝူကျီ၏ မျက်နှာကို သတိမပြုမိလျှင် သူတို့က မိုဝူကျီသည် ရွမ်ရှန်းအဆင့် တက်လှမ်းသွားပြီ ဖြစ်ကြောင်း မသိနိုင်ပေ။ လက်ရှိ မိုဝူကျီမှာ ကျင်းရှန်း အဆင့် မိုဝူကျီနှင့် ကွာခြားမှု မရှိပေ။ သူက သာမာန်ဖြစ်ကာ သေမျိုးနှင့်ပင် တူနေသေး၏။
သို့သော်လည်း သူ့အမာရွတ် အပြည့် ဖြစ်နေသည့် မျက်နှာမှာ နဂိုသွင်ပြင်အတိုင်း ပြန်ဖြစ်သွားပြီး အမာရွတ် တစ်ခုပင် မကျန်ရှိတော့ပေ။ သူ့လက်ရှိ အဆင့်အတန်းဖြင့် သူက ပုန်းကွယ်နေစရာ မလိုတော့ပေ။
သူ့အသိစိတ် ပင်လယ်နှင့် သူ့အင်မော်တယ် သဘာဝစွမ်းအားများ တိုးတက်လာကြောင်း ခံစားမိလိုက်ပြီး မိုဝူကျီက အတော်လေး ကျေနပ်မိသွားသည်။ နောက်ဆုံးတွင် သူက ရွမ်ရှန်းအဆင့် တက်လှမ်းနိုင်ခဲ့လေပြီ။ အခြားအရာများကို မဆိုထားနှင့် ကျိုးပျက်ကမ္ဘာထဲ၌ သူက ကိုယ့်ဘာသာ ကာကွယ်နိုင်စွမ်း ရှိသွားလိမ့်မည်။
မိုဝူကျိက အဝတ်အစားပင် မလဲဘဲ သူ့ပညာရှင် နှလုံးသားကို တိုက်ရိုက် ထုတ်ယူလိုက်သည်။ သူက ပွင့်ချပ် သုံးလွှာ မီးတောက်နှလုံးသား ကျောက်တုံးကိုလည်း ထုတ်ယူလိုက်သည်။
သူ့ပညာရှင်နှလုံးသားမှာ အဆင့်၁ အင်မော်တယ်မီးတောက် ဖြစ်နေစဉ် ပွင့်ချပ် သုံးလွှာ မီးတောက်နှလုံးသား ကျောက်တုံးကို အဆင့် ၂ မှ အဆင့် ၃ အထိ တက်လှမ်းဖို့ရာ အသုံးပြုနိုင်လိမ့်မည်။ မိုဝူကျီ က ကျင်းရှန်းအဆင့်တွင် ရှိစဉ်က မီးတောက်နှလုံးသား ကျောက်တုံးကို ထိန်းချုပ်နိုင်စွမ်း မရှိမည်ကို စိုးရိမ်မိ၏။ ယခု သူက ရွမ်ရှန်းအဆင့် တက်လှမ်းပြီးပြီ ဖြစ်ရာ ထိန်းချုပ် နိုင်လောက်သည် မဟုတ်လော။
ပွင့်ချပ် သုံးလွှာ မီးတောက်နှလုံးသား ထွက်လာသည်နှင့် မိုဝူကျီက ကျောက်တုံးဗဟိုမှ ပွင့်ချပ် သုံးလွှာမှာ အပြင်းအထန် တုန်ခါနေကြောင်း သိလိုက်သည်။ တစ်ချိန်တည်းတွင် သူ့ပညာရှင် နှလုံးသားက နိဗာန မီးတောက် အနှစ်သာရနှင့် တွေ့သည်ထက် ပို၍ ပျော်ရွင်နေဟန် ပေါ်သည်။ ချက်ချင်းဆိုသလို ပွင့်ချပ် သုံးလွှာ မီးတောက် နှလုံးသား ကျောက်တုံးကို သိမ်းယူသွားတော့သည်။
“ဘုန်း”
မီတာ၃၀ မြင့်မားသည့် မီးတောက်တစ်ခုက ကောင်းကင်အထိ အရှိန်ညီးညီး တောက်လောင်နေသည်။ ထိုစဉ် မိုဝူကျီက မီးတောက်အပြည့် ဖုံးလွှမ်းနေသည့် တောင်ထဲ ကျရောက်သလို ခံစားလိုက်ရသည်။ ပညာရှင်နှလုံးသားက ပွင့်ချပ် သုံးလွှာ မီးတောက် နှလုံးသားကျောက်တုံးကို ဝါးမျိုးလိုက်ပြီးနောက် မီးတောင်ကြီးအလား ပြောင်းလဲသွားကာ လေထုအတွင်း စတင်၍ ယိမ်းထိုးလာသည်။
မိုဝူကျီက အနည်းငယ် တုန်လှုပ်သွားမိသည်။ အကယ်၍ ပညာရှင်နှလုံးသားမှာ သူ့အပိုင် မဟုတ်ပါက ထိုမီးတောက်များကြား ပြာအဖြစ် လောင်ကျွမ်းသွားပေလိမ့်မည်။
ပြင်းထန်လွန်းသည့် မီးတောင်ကြီးက နောက်ထပ် လေးနာရီအကြာ တောက်လောင်နေပြီးနောက် ဖြည်းဖြည်းချင်း ငြိမ်ကျသွားကာ လက်မအရွယ်အစား အစိမ်းရောင် မီးတောက်အလုံးလေးအဖြစ် ပြောင်းလဲသွားသည်။ ထိုအစိမ်းရောင် မီးတောက်ထဲ၌ အညှောင့်လေး နှစ်တက် မှိန်ဖျဖျ ထွက်နေသည်။ မိုဝူကျီက သူ့ပညာရှင်နှလုံးသား မီးတောက်မှာ ယခင်ထက် အဆများစွာ အားကောင်းလာကြောင်း သိသိသာသာ ခံစားမိနေသည်။
ထိုအရာမှာ အမှန်ပင် ပစ္စည်းကောင်းလေး ဖြစ်ပေသည်။ မိုဝူကျီအနေနှင့် အတော်လေး စိတ်လှုပ်ရှားမိနေ၏။ မီးတောက် တစ်ခု တိုးတက်ပြောင်းလဲလာဖို့ရာ အင်မတန် ခက်ခဲသော်လည်း သူ့ကံ အရမ်းကောင်းနေသောကြောင့် အချိန်တိုလေးအတွင်း ပညာရှင် နှလုံးသားကို အဆင့် ၃ ရောက်ဖို့ရာ တစ်လှမ်းအကွာ အဆင့် ၂ ထိပ်သီး မီးတောက်အဖြစ် ဖန်တီးနိုင်ခဲ့သည်။
သူက နောက်ဆုံး၌ ကိုယ်ပိုင် အရင်းအမြစ် ရရှိသွားပြီ ဖြစ်၏။ သူ့ပညာရှင်နှလုံးသား မီးတောက်က အဆင့်တိုးတက်လာရုံသာမက သူ့ဆေးလုံးဖော်စပ်ခြင်းနှင့် စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်တို့နှင့်လည်း တိုက်ရိုက် ပတ်သတ်နေသည်။
အတွေးတစ်ချက်ဖြင့် သူ့လက်ထဲမှ ပညာရှင်နှလုံးသားမှာ ပျောက်ကွယ်သွားလေ၏။ ဤအခိုက်အတန့်လေး၌ မိုဝူကျီ ပတ်ဝန်းကျင်၌ လုံးဝ ဆိတ်ငြိမ်နေလေသည်။
မိုဝူကျီက မျက်မှောင်ကျုတ်မိလိုက်သည်။ တစ်ခုခုတော့ လွဲမှားနေလေပြီ။ သူ့မိုးကြိုးစမ်းသပ်ချက်မှ မီးတောက် ဆင့်ကဲ ပြောင်းလဲသည့်အထိ အမျိုးမျိုးသော အနှောင့်အယှက်များကို ဖန်တီးမိခဲ့ရာ အဘယ်ကြောင့် တစ်ယောက်မှ ရောက်မလာရတာလဲ။
ကျိုးပျက်ကမ္ဘာတွင် လူများစွာ ရှိသောကြောင့် သူတို့ပျောက်ကွယ်သွားလျှင်ပင် တချို့လူများက ဤရုတ်ရုတ်သည်းသည်း ဖြစ်လာမှုကို သတိပြုမိသင့်သည် မဟုတ်ပါလော။ သို့သော်လည်း တိတ်ဆိတ်ငြိမ်သက်နေသည့် ကျိုးပျက်ကမ္ဘာကြီးမှာ သာမာန် မဟုတ်ဘဲ ထူးဆန်းနေသည်။
***