← Chapters

ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်း

Vol. 37 Ch. 514

ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်း

Vol. 37 Ch. 514

လောကနယ်မြေ၏ ထူးဆန်းသော အခြေအနေများကြောင့် ဝေ့ဝူယင်မှာ လေကြောင်းခရီးကိုသာ သုံးကာ လေပြည်လွင်ပြင်ကို ခရီးနှင် နေခဲ့၏။ မူလ ဒြပ်စင် ရည်ရွယ်ချက်ကြောင့် ‌လောက၏ အတားအဆီးများက သူ့ အပေါ် မသက်ရောက်သည့်တိုင်အောင် ဝေ့ဝူယင် အာကာသ ခုန်ကူးခြင်း နည်းလမ်းကို စွန့်စား၍ မသုံးချင်ပေ။ လက်ရှိ၌ ထိုနည်းလမ်း အပေါ် သူ ခံစားချက် သိပ်မကောင်းချေ။

အာကာသ ခုန်ကူးခြင်း နည်းလမ်းက ပုံမှန် ပျံသန်းခြင်းထက် ပိုမို၍ လျှင်မြန်သည့် တိုင်အောင် ပင်ကိုယ် ဗီဇက ဝေ့ဝူယင်ကို မလောဖို့ သတိပေးနေသည်။ လောခြင်းက အစီအစဥ်များကို ပျက်ရွင်း စေနိုင်ကြောင်း သူ သိရှိထားပေသည်။

ဝေ့ဝူယင် အဋ္ဌဂံ ဒြပ်စင် တိုကင်ကို ထုတ်ယူကာ ကြည့်လိုက်၏။

“ရွေးချယ်ခံ တစ်ယောက် ဖြစ်လာတာက ငါ့ကို ပို ကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာတစ်ခုကို ပို့ပေးနိုင်မှာ သေချာတယ်... ဒါပေမဲ့ အဲဒါက ငါ့ရဲ့ ကိုယ်ပိုင် ခံယူချက်တွေကို စတေဖို့ ထိုက်တန်ရဲ့လား... ငါ့ခန္ဓာကိုယ်မှာ အသက်ရှိနေသမျှ၊ ငါ့ခေါင်းထဲမှာ အတွေးတွေ ရှိနေသမျှ စူးစမ်း ရှာဖွေဖို့ နည်းလမ်းတွေက အမြဲ ရှိနေဦးမှာပဲ”

“ရွေးချယ်ခံ ဟုတ်လား... အဲဒီ အစုတ်အပြတ်ဂိုဏ်းကို ဘယ်သူက ဂရုစိုက်မှာလဲ... ဘယ်သူက သူတို့ကို လိုအပ်လို့လဲ”

‌‌ ခရာတိုက ဒေါသတကြီးဖြင့် တံတွေးထွေးလိုက်၏။ အော်ရစ် ပင်လယ်အောက်ရှိ အော်ဟစ်သံများ၊ နာကျင်စွာ မြည်တမ်းသံများက ဝေ့ဝူယင်၏ စိတ်အတွင်း ပြန်လည် ဝင်ရောက်လာခဲ့၏။ ထိုဟင်းလင်းပြင် နဂါး ကြယ်တာရာ ဝိညာဥ်၏ ခံစားချက်များကို သူ နားလည်ပေသည်။

“ငါလည်း အဲဒီဂိုဏ်းကို မကြိုက်ဘူး... လုံးဝ လုံးဝ လုံးဝ လုံးဝပဲ...”

အိုရီကလည်း ခါးခါးသီးသီးပင် အော်ဟစ်လိုက်၏။ လက်ရှိ သူ ပိုင်ဆိုင်ထားသည့် စွမ်းအင်များက အစစ်အမှန် ဒြပ်စင်ဂိုဏ်းနှင့် တစ်မျိုးတစ်ဖုံး ဆက်စပ်နေသည့်တိုင် ထိုဂိုဏ်းနှင့် သူ မပတ်သက်လိုချေ။

“တကယ်လို့ ခင်ဗျား အဲဒီဂိုဏ်းနဲ့ ပူးပေါင်းမယ် ဆိုရင် ကျုပ်တို့ လက်ခံမှာ မဟုတ်ဘူး...”

ဧဒင်ကလည်း တည်ငြိမ် ပြတ်သေားသော လေသံဖြင့် ဆိုလိုက်၏။

"ဟမ့်...”

ဘုရင်ကတော့ အေးစက်စက် နှာခေါင်းတစ်ချက်သာ ရှုံ့၏။ ထိုဆေဘာဝိညာဥ် ၏ အမူအရာက “သူတို့ အားလုံးက ငါ့ဓားနဲ့ပဲ တန်တယ်” ဟု ပြောနေသယောင်ပင်။

ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးလိုက်၏။ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ နယ်နိမိတ်ကို ကျော်လွန်၍ ပိုမို ကြီးကျယ် ခမ်းနား သော ကျင့်ကြံခြင်း လောကကို ခြေဆန့်ခြင်းက ငရဲ၏ ကပ်ဘေးများကို ဆန့်ကျင်ရန် သူ မျှော်လင့်နိုင်သည့် အခွင့်အရေး အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။ သူ၏ အကြီးမားဆုံးသော ပန်းတိုင်က အနက်ရောင် အရိုးစု ပြောသည့် သူတော်စင်တို့၏ အလွှာကို ‌ရောက်ဖို့ပင်။

သို့သော်လည်း သူတို့ ပြောတာ မှန်သည်။ လုံးဝကို မှန်သည်။ ထိုဂိုဏ်းကို ဝင်ရောက်ရန် လုံးဝ ဆန္ဒ မရှိကြောင်း သူ့ကိုယ်သူ သိသည်။ ၎င်းက နဂါးမျိုးနွယ် အပေါ် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရက်စက်မှုများကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သလို သူကိုယ်တိုင် နဂါး သွေးမျိုးဆက် တစ်ယောက် ဖြစ်နေခြင်းကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ထို့အပြင်... သူ့တွင် ပိုမို ခိုင်လုံသော အကြောင်းပြချက် ရှိပေသည်။ ဂိုဏ်းတစ်ခု အတွင်း ဝင်ရောက်ခြင်းမှာ ထိုဂိုဏ်းကို မိမိနှင့် ထာဝရ ချည်နှောင်လိုက်ခြင်းမျိုး ဖြစ်သည်။ ထိုချည်နှောင်မှုက သေသည် အထိ ခိုင်မြဲလိမ့်မည် ဖြစ်သည်။ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ကို ပုဂ္ဂိုလ်ရေး အရ လေးစားသည့်တိုင် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာရန် အတွက်တော့ မသင့်တော်ဟု သူ့ကိုယ်သူ ခံစားရသည်။

ထိုကဲ့သို့ တွေးတောပြီးနောက် ဝေ့ဝူယင်၏ စိတ်ထဲတွင် နောင်တနှင့် တုန့်ဆိုင်းမှုများ မရှိတော့ချေ။ ဘာပဲဖြစ်ဖြစ် လုပ်သင့်လုပ်ထိုက်သည့် အရာတစ်ခုကိုတော့ သူ လုပ်ရဦးမည် ဖြစ်သည်။

တစ်နာရီမျှ မကြာခင်မှာပင် ဝေ့ဝူယင်မှာ လေပြည်လွင်ပြင် နယ်စပ်သို့ ရောက်ရှိလာခဲ့၏။ မြက်ခင်းစိမ်းများ လွှမ်းမိုးနေသည့် ကမ္ဘာထက်သို့ ရောက်လျှင် ရောက်ချင်းပင် အလွန် ပြင်းထန်စွာ ပေါက်ကွဲနေသည့် စွမ်းအင်များကို သူ ခံစားလိုက်ရသည်။ ၎င်းတို့ကား ကောင်းကင်လေပြည် နန်းတော်မှ ဆင်းသက်လာနေခြင်းပင်။

...

“ဆိုတော့ကာ ဒါက လင်းမင်ရဲ့ ကမ္မတန်ဖိုးတွေကို ဖြတ်တောက်သွားခဲ့တဲ့ ရင်းမြစ် တစ်ခုပေါ့လေ”

ဝေ့ဝူယင် လေပြည်လွင်ပြင် နယ်နိမိတ်တွင် ရပ်ရင်း ကောင်းကင်လေပြည် နန်းတော်ကို လှမ်းကြည့်နေခဲ့၏။ အလွန် ပြင်းထန်သော စွမ်းအင်လှိုင်းများမှာ ပြိုးပြိုးပြက်ပြက်သော အလင်းရောင်၊ ဆွဲငင်အားများနှင့် အတူ နန်းတော် အတွင်း လှည့်ပတ်နေကာ ထူးဆန်းသော လောက စွမ်းအားအင် တစ်ခု အဖြစ် ပေါင်းစပ်နေပုံ ပေါ်သည်။

“အဲဒါက ဘာလဲ... လောကနယ်မြေလား...”

ဝေ့ဝူယင် မျက်မှောင်ကြုတ်ရင်း ဖြစ်နိုင်ချေရှိသည်များကို စဥ်းစားလိုက်၏။ သို့သော်လည်း စမ်းသပ်ပွဲ၏ လျှို့ဝှက် စည်းမျဥ်းများကို မသိလေရာ အဖြစ်မှန်ကို သူ မည်ကဲ့သို့ ရှာဖွေနိုင်မည်နည်း။ မည်မျှပင် ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်စေကာမူ ကျိုးကြောင်း ဆီလျော်သော ခန့်မှန်းချက်များ ရဖို့ အတွက် လုံလောက်သည့် အချက်အလက်များ လိုအပ်နေသေးဆဲ ဖြစ်သည်။

သူ ကောက်ချက်ချနိုင်သည့် တစ်ခုတည်းသော အရာက သူတို့မှာ လင်းမင် ရွေးချယ်ခံ ရာထူး ရဖို့ သေချာအောင် လုပ်နေကြခြင်းပင်။ သို့သော်လည်း နှစ်နာရီကျော် သုံးနာရီမျှ အချိန်ကလေး အတွင်း လင်းမင်မှာ သူနှင့် ယှဥ်နိုင်သည် အထိ သန်မာလာလိမ့်မည်ဟု ဝေ့ဝူယင် မယုံကြည်ချေ။

အကယ်၍ ထိုလူငယ် လောကနယ်မြေ တစ်ခုကို တည်ဆောက်နိုင်မည် ဆိုလျှင် ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိနေသေးဆဲ ဖြစ်သည်။ နာရီပိုင်းဖြင့် တည်ဆောက်ထားသည့် ကျင့်ကြံခြင်း အခြေခံက မည်ကဲ့သို့ တည်မြဲလိမ့်မည်နည်း။

သို့ဖြစ်လေရာ သူတို့ နှစ်ယောက်ကို ထိပ်တိုက် တွေ့ခိုင်းဖို့ရာက ကောင်းကင်တာအို၏ ရည်မှန်းချက် မဟုတ်လောက်ချေ။ လင်းမင် အတွက် အခြား လမ်းကြောင်း တစ်ခု ကျိန်းသေပင် ရှိရမည်။

အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် ဝေ့ဝူယင်က လက်ဝါးဖြင့် သူ့ ရင်ဘတ်ကို ပြန်ကာ ရိုက်ချလိုက်တော့၏။

ဘုန်း...

ပြင်းထန်သည့် ပေါက်ကွဲသံ တစ်ခုနှင့် အတူ ပြင်းထန်သော ဝေဒနာကြောင့် သူ၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ခါသွားသည်။ ရင်ဘတ်တစ်ဝိုက်ရှိ အရိုးများမှာ ကျိုးကြေသွားကာ ခန္ဓာကိုယ် တစ်ခုလုံးမှ သွေးကြောများမှာ ဖောင်းကား လာ၏။ ဘယ်ဘက်မျက်လုံးထဲမှ သွေးမျှင်ကြော တစ်ခု ဆိုလျှင် ပေါက်ပင် ထွက်သွားလေရာ သွေးများမှာ ချက်ချင်း ပန်းထွက်လာလေသည်။ သို့သော်လည်း ဝေ့ဝူယင်မှာ ကျေနပ်ခြင်း မရှိသေးချေ။

သူက လက်ချောင်းများကို ဆုပ်လိုက်ရင်း ပြင်းထန်သည့် စွမ်းအင်လှိုင်းများကို ခန္ဓာကိုယ် အတွင်း နောက်တစ်ကြိမ် ထပ်မံ ပို့လွှတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်က အနည်းငယ် ကိုင်းသွားကာ သွေးများမှာ နှုတ်ခမ်းမှ စီးကျလာသည်။ သူ၏ အတွင်း ကလီစာများ အားလုံးမှာ ထိခိုက်ကာ လုပ်ဆောင်ချက်များ ရပ်လုနီးနီး အထိ ဖြစ်သွားခဲ့၏။ သို့တိုင်အောင် ဝေ့ဝူယင်က မရပ်သေးပဲ လက်ကို ဖြည်းညင်းစွာ မလိုက်ရင်း မျက်ခုံးနှစ်ခုကြား နေရာကို ထိလိုက်၏။

ဂျစ်... ဂျစ်...

ထူးဆန်းသော အသံများနှင့် အတူ သူ၏ ငွေရောင် မျက်လုံးများမှာ မီးခိုးရောင် ဖြစ်သည် အထိ မှေးမှိန်သွားသည်။ ၎င်းက အသိစိတ်ပင်လယ် ပျက်စီးခြင်း၏ လက္ခဏာ တစ်ရပ်ပင် ဖြစ်ကာ သူ၏ အတွေးများမှာ ပိုမို နှေးကွေး၍ မတည်မငြိမ် ဖြစ်လာ၏။

ဝေ့ဝူယင်၏ လက်ချောင်းများက သွေးကြောများ၏ အဓိက နေရာများကို ဆက်တိုက် ဆိုသလို ဆက်လက် ရွေ့လျား သွား၏။ အက်ကွဲ ပေါက်ပြဲမှုများနှင့် အတူ သွေးများမှာ နေရာ အနှံ့ စီးကျလာသည်။ သူ၏ ကျန်းမာ သန်စွမ်းသော ဆံပင်များ ပင်လျှင် အရောင် မှေးမှိန်ကာ ပြောင်းဖူးမွေးများလို ဖြစ်လာခဲ့၏။

“အခုဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ်၊ အသိစိတ် ပင်လယ်နဲ့ သွေးကြောတွေ အားလုံး ဒဏ်ရာ ရနေပြီ... ဒီလောက်ဆို လုံလောက်ပြီ ထင်တယ်”

ဝေ့ဝူယင် တွေးတောရင်း ကျေနပ်စွာ ပြုံးလိုက်မိ၏။

“နေဦး... နေဦး...”

ထိုအခိုက်တွင်ပင် အိုရီ၏ အသံက ကျလောင်စွာ ထွက်ပေါ်လာသည်။

“ကလန့်...”

ဘုရင်၏ အသံက ထိတ်လန့်ဟန်နှင့် ဆက်တိုက် ဆိုသလိုပင် အလျင်စလို ထွက်ပေါ်လာသည်။ သူက အိုရီကို တိတ်တိတ်လေး နေရန် တိုက်ရိုက် ပြောလိုက်ခြင်းပင် ဖြစ်သည်။ သို့သော်လည်း အိုရီမှာ ဘယ်တုန်းကမှ တိတ်တိတ်နေတတ်သူ မဟုတ်ပါချေ။

“တို့ကိုလည်းလုပ်... တို့ကိုလည်းလုပ်...”

အိုရီက အော်ဟစ်လိုက်၏။ ထိုဆန်းကြယ် ဒြပ်စင် ကြယ်တာရာ ဝိညာဥ်မှာ ဝေ့ဝူယင် ဖျက်ဆီးတာကို ခံယူရန် စိတ်လှုပ်ရှားနေပုံ ရသည်။

ဘုရင်က ဘာမှ ဆက်မပြောတော့ပဲ လက်မှိုင်ချသွားသည်။ သို့သော်လည်း သူ့ထံမှ ထွက်ပေါ်နေသည့် မကျေနပ်ချက်နှင့် စိတ်ပျက်သည့် အငွေ့အသက်များကို ဝေ့ဝူယင် ရှင်းရှင်းလင်းလင်းပင် ခံစားမိပေသည်။

"စေ့စေ့စပ်စပ် လုပ်ပါ...”

ဧဒင်က ထပ်ပေါင်းပြောလိုက်၏။

ဝေ့ဝူယင်က မတုန့်မဆိုင်းပင် ခေါင်းညိတ်လိုက်ရင်း လက်ဖြင့် ထျန်းတျန် တည်ရှိရာ နေရာကို ဖိလိုက်၏။ သိပ်မကြာခင်မှာပင် ခပ်ဖျော့ဖျော့ ပေါက်ကွဲသည့် အသံနှစ်ခုမှာ ထျန်းတျန် အတွင်းမှ ထွက်ပေါ်လာသည်။ ကြယ်တာရာ အမြုတေ နှစ်ခုမှာ ပြင်းထန်သော အက်ကွဲကြောင်းများနှင့် ပြည့်နှက်လာကာ အပိုင်းအစ အချို့ပင် ထျန်းတျန် အောက်ခြေ အောက်ခြေသို့ ပြုတ်ကျသွားခဲ့သည်။ ၎င်းတို့၏ အရွယ်အစားများပင် စင်တီမီတာ အနည်းငယ် လျော့ကျသွားခဲ့သည်။

သွေးများမှာ ရေပိုက်တစ်ခုမှ ပန်းထွက်နေသည့် အလား ဝေ့ဝူယင်၏ ပါးစပ် အတွင်း လျှံထွက်လာ၏။ သို့သော်လည်း ဝေ့ဝူယင်က ၎င်းတို့ကို ပြန်လည် မြိုချပစ်လိုက်သည်။ သူ၏ မှိန်ဖျော့ဖျော့ မျက်လုံးများမှာ ပြင်းထန်သော နာကျင်မှုများနှင့် ပြည့်နှက်နေသည့်တိုင် ဝေ့ဝူယင်ကတော့ တစ်ချက်မှ ငြီးငြူခြင်း မပြုချေ။

“ဒါပဲကွ...”

အိုရီက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ သို့သော်လည်း သူ၏ အသံကတော့ အတော်လေး အားနည်း နေခဲ့ပြီ ဖြစ်သည်။

"ဟမ့်...”

ဘုရင်ကတော့ နှာခေါင်းရှုံ့သာ တစ်ချက်သာ ပြု၏။ သူက ဘာမှ ထပ်မပြောပါချေ။ ဝေ့ဝူယင်က ထိုအရာကို လုပ်သင့် လုပ်ထိုက်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သူ နားလည်ပေသည်။

ကြောက်မက်ဖွယ် ကောင်းအောင် ပျက်စီးနေသည့် ခန္ဓာကိုယ်ကို သေချာစွာ စစ်ဆေးပြီးနောက် ဝေ့ဝူယင်က ကျေနပ်စွာ ပြုံးလိုက်၏။ ထို့နောက် သူက လေးလံသော ခြေလှမ်းများနှင့် အတူ အဖြူရောင် အလင်းတန်း တစ်ခု အသွင် ပြောင်းလဲကာ ကောင်းကင်လေပြည် ဘုရားကျောင်းဆီသို့ ဦးတည်လိုက်လေတော့သည်။

***

All Chapters