← Chapters

အလဲအလှယ်

Vol. 37 Ch. 515

အလဲအလှယ်

Vol. 37 Ch. 515

ကောင်းကင်လေပြည် နန်းတော် အတွင်း၌ မိန်းကလေး သုံး‌ယောက်မှာ ငယ်ရွယ် ချောမောသည့် လူငယ်လေး တစ်ယောက်ကို ဝန်းရံကာ ထိုင်နေခဲ့ကြ၏။ လင်းမင်မှာ မျက်လုံးများကို တင်းတင်းမှိတ်ထားကာ ကြာပန်း သဏ္ဌာန်ဖြင့် ထိုင်နေခဲ့သည်။ ရောင်စုံ စွမ်းအင် စီးကြောင်းများမှာ ဒွါရပေါက်များမှ တစ်ဆင့် ခန္ဓာကိုယ် အတွင်း စီးဝင်နေသည်နှင့် အမျှ သူ၏ အရောင်အဝါမှာလည်း တဖြည်းဖြည်း မြင့်တက်လာနေခဲ့၏။

လင်းမင်၏ ပတ်လည်တွင်တော့ ပြီးပြည့်စုံစွာ ဝိုင်းထားသည့် စက်ဝိုင်းလွှာ သုံးထပ် တိတိ ရှိသည်။ စက်ဝိုင်း တစ်ခုချင်းစီ၏ ကောက်ကြောင်းများကို မြေဖြူ သို့မဟုတ် ဆေးတစ်မျိုးမျိုး သုံး၍ ရေးဆွဲထားခြင်း မဟုတ်ချေ။ သက်ဝင်လှုပ်ရှားနေသည့် ထူးဆန်းသော သင်္ကေတများကို အသုံးပြု၍ ရေးဆွဲထားခြင်းသာ ဖြစ်သည်။ ၎င်းတို့မှာ သာမန် မျက်စိဖြင့် မမြင်နိုင်လောက်အောင် အလွန်အမင်း သေးငယ်လှကာ ပထမ စက်ဝိုင်းတွင် သန်းနှင့်ချီ ပါဝင်နေသည်။ ဒုတိယမြောက် စက်ဝိုင်းတွင်တော့ ကုဋေနှင့်ချီကာ တတိယမြောက် စက်ဝိုင်းတွင် ဆိုလျှင် ဘီလျံပေါင်း များစွာ အထိ ပါဝင်နေသည်။

စက်ဝိုင်းတစ်ခုချင်းစီတွင် မိန်းကလေး တစ်ယောက်ချင်းစီမှာ လင်းမင်ကို မျက်နှာမူကာ ထိုင်နေကြ၏။ ထန်ရှင်းယွင်မှာ ပထမ စက်ဝိုင်း၌ ရှိနေခဲ့ကာ များပြားလှသော အလင်း သင်္ကေတများမှာ သူမ၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ ဝန်းရံနေခဲ့၏။ ၎င်းတို့က သူမ၏ အလင်း စွမ်းအင်များကို စုပ်ယူ၍ စက်ဝိုင်း တစ်လျှောက် စီးဆင်းသွားကာ သန့်စင်လျှက် လင်းမင်ထံ ပေးပို့နေ၏။ မူလ အလင်း စွမ်းအင်များ လျော့နည်းလာသည်နှင့် အမျှ မိန်းကလေး၏ မျက်နှာက တစ်စတစ်စ ဖြူရော်လာနေသည့်တိုင် သူမ၏ မျက်လုံးများကတော့ အလွန်အမင်း တည်ငြိမ်နေဆဲ ဖြစ်သည်။

ကြည်လင်သော မျက်ဝန်းများနှင့် အတူ ထန်ရှင်းယွင်မှာ ဆုံးဖြတ်ချက် ပြတ်သားမှုကို ဖော်ပြနေကာ စွမ်းအင် ထုတ်ယူမှုကို နည်းနည်းမျှ ခုခံခြင်း မပြုချေ။ ထို့အပြင်... မူလ အလင်း ရင်းမြစ်များကို သူ သိပ် အလေးမထားချေ။ ဆေးရည်၊ ဆေးလုံးများ သောက်သုံးခြင်းဖြင့် လည်းကောင်း၊ အထူး နည်းလမ်းများ အသုံးပြုခြင်းဖြင့် လည်းကောင်း ၎င်းတို့ကို လွယ်ကူစွာ ပြန်လည် ရရှိနိုင်သည်။ ၎င်းက သူမ၏ ကျင့်ကြံခြင်း အခြေခံကို ထိခိုက်လိမ့်မည် မဟုတ်ပါချေ။

တစ်ခုတည်းသော ပြဿနာက ဝိညာဥ်စွမ်းအင်များမှာ ထိုအတွင်း ရောနှောကာ ပါဝင်သွားခြင်း ဖြစ်သည်။ ထိုအခိုက်၌ သူမ ခံစားနေရသော နာကျင်မှုက စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်အောင် ဆိုးရွားလှသည်။ ဥပမာ ပေးရပါက ကျီးကန်းနှင့် လင်းတများက ချွန်ထက်သော နှုတ်သီးများဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို တူးဆွ နေသလိုမျိုးပင်။ သို့သော်လည်း ထိုစွမ်းအင်များ သူမ ခန္ဓာကိုယ်ထဲမှ စီးထွက်သွားသည်ကို ထိုင်ကြည့်နေရုံမှ လွဲ၍ ဘာတတ်နိုင်မည်နည်း။

လင်းမင်မှာ လောကနယ်မြေတစ်ခုကို ဖွဲ့စည်းတော့မည် ဖြစ်လေရာ ပေါင်းစပ် စွမ်းအင်များ ဖြစ်သည့် ဟင်းလင်းပြင် စွမ်းအင်၊ မူလ အလင်း စွမ်းအင်၊ မြေဆွဲအား လွတ်မြောက်ခြင်း စွမ်းအင်နှင့် ဝိညာဥ် စွမ်းအင်များကို လိုအပ်သည်။ သူက အလင်း စွမ်းအင်များကို သူမ ထံမှ ရရှိနေသည် ဆိုသော်လည်း ၎င်းတို့ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ရန် အတွက် ဝိညာဥ် စွမ်းအင် အချို့ လိုအပ်နေဆဲ ဖြစ်သည်။

မဟာ ဘုန်းတော်ကြီး ကျိဂူမှာလည်း ထိုနေရာတွင် ရှိနေကာ ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေခဲ့၏။ ဆန်းကြယ် တမန်တော်က အရေးပေါ် ကိစ္စ တစ်ခု အတွက် အစီအရင် တစ်ခု လုပ်ရမည် ဟုသာ သူ့ကို ပြောခဲ့သည်။

သို့သော်လည်း... ဘာအရေးအပေါ် ကိစ္စနည်း။ ဘာအတွက်နည်း။ ကျိဂူ မမေးရဲပါချေ။ သေချာတာ တစ်ခုကတော့ ထိုအစီအရင်မှာ လင်းမင် ရွေးချယ်ခံ ရာထူးကို ရရှိဖို့ သေချာစေရန် အတွက် ရည်ရွယ်ဟန် ရသည်။ နောက်ပြီး ပို၍ သေချာတာက ၎င်းမှာ သူ့နားလည်မှုထက် အဆပေါင်းများစွာ ကျော်လွန်နေပေသည်။

အစီအရင်ကို ပိုမို နားလည်အောင် ကြိုးစားဖို့ အတွက် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ကျိဂူမှာ ဝိညာဥ် သတင်းပို့မှု တစ်ခုကို လက်ခံ ရရှိလိုက်၏။ သတင်းစကားကို နားထောင်နေရင်း သူ၏ မျက်လုံးများက မယုံကြည်နိုင်မှု အလင်းရောင်များဖြင့် တဖျပ်ဖျပ် တောက်ပလာကာ ပိုင်ယုရှီဘက်သို့ လှည့်လိုက်လေသည်။

“ဆန်းကြယ် တမန်တော်... ကျွန်တော် အခုလေးတင်ပဲ ဝိညာဥ် သတင်း ပို့မှုတစ်ခုကို လက်ခံ ရထားပါတယ်... ဒြပ်စင်ရှစ်ခု တော်ဝင် သားတော်ဆီက အခု နန်းတော် အပြင်ဘက်မှာ ရောက်နေတယ် တဲ့...”

သူက အစီအရင်ကို နှောက်ယှက်မိမှာ စိုးသဖြင့် ဝိညာဥ်အာရုံ အစား အသံဖြင့်သာ ပြောလိုက်၏။

“ဟမ်...”

ပိုင်ယုရှီ၏ အမူအရာက ပြောင်းလဲသွားကာ အဆုံးမဲ့ အံ့အားသင့်ခြင်းများနှင့် ပြည့်နှက်သွား၏။ မဟာ ဘုန်းတော်ကြီး ကျိဂူက နားကြားလွဲနေသလော။

“ ... “

ထန်ရှင်းယွင်မှာလည်း တူညီစွာပင် အံ့အားသင့်သွား၏။ သို့သော်လည်း မူလ အလင်း စွမ်းအင်များမှာ ခန္ဓာကိုယ်မှ စီးထွက်နေလေရာ သူမ စကားပြောနိုင်ခြင်း မရှိပါချေ။ ဝေ့ဝူယင်က အဘယ်ကြောင့် ပြန်လာရသနည်း။ စိန်ခေါ်ဖို့ အတွက်လား။ သူမ၏ နှလုံးသားက ထိတ်လန့်တကြား တုန်ရီလာ၏။

သို့သော်လည်း ပိုင်ယုရှီကတော့ ထန်ရှင်းယွင်နှင့် ခြားနားစွာပင် ထိုဖြစ်နိုင်ချေကို ချက်ချင်းပင် ပယ်ချလိုက်သည်။ ဝေ့ဝူယင် အနေဖြင့် စိန်ခေါ်လိုပါက ဘယ်နေရာက မဆို စိန်ခေါ်နိုင်ပေသည်။ သူ့ အနေဖြင့် ကိုယ်တိုင် ကိုယ်ကျ လာရောက်ရန် မလိုချေ။

“သူက ဘာလို့ ရောက်လာတာလဲ လို့ မေးလိုက်...”

ပိုင်ယုရှီက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။ ကျိဂူက ခေါင်းတစ်ချက် ညိတ်ကာ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။ စက္ကန့် အနည်းငယ် ကြာပြီးနောက်၌ သူ၏ မျက်လုံးများက ပြန်လည် ပွင့်လာခဲ့၏။ ထိုအထဲတွင် ထူးဆန်းသော အလင်းရောင် တစ်ခု ပါဝင်နေ၏။ ကျိဂူ၏ ထူးထူးခြားခြား တုန့်ပြန်မှုကြောင့် ပိုင်ယုရှီနှင့် ထန်ရှင်းယွင်တို့မှာ စိုးရိမ်သွားကြသည်။

“ဘာတဲ့လဲ...”

ပိုင်ယုရှီက မေးလိုက်၏။ ကျိဂူက တစ်ချက်မျှ တုန့်နှေးပြီးနောက်မှ ပြန်ဖြေလိုက်သည်။

“သူက ဒီကို မဟာ လေပြင်း တော်ဝင်သားတော်နဲ့ စကားပြောဖို့ လာတာတဲ့... နောက်ပြီး သူ့ ပုံစံကို ကြည့်ရတာ အရမ်းကို ဆိုးရွားတဲ့ တန်ပြန်မှု တစ်ခုခုကို ခံစားနေရတဲ့ပုံ ရှိတယ်... သူ့ရဲ့ ခန္ဓာကိုယ်၊ စိတ်နဲ့ ကျင့်ကြံခြင်း အခြေခံ အားလုံးက တော်တော်ကြီးကို အားနည်းနေတာ”

"တန်ပြန်မှု...”

ထိုစကားလုံးကို ထန်ရှင်းယွင် တွေးတောလိုက်စဥ်တွင် ပိုင်ယုရှီကတော့ ကျင်လောင်စွာ အော်ဟစ်လိုက်လေ၏။ ကြည့်ရသည်က ဝေ့ဝူယင်မှာ ကြယ်တာရာ အမြုတေ အရွယ်အစားနှင့် ဝိညာဥ်အင်အားကို တိုးမြှင့်ဖို့ အတွက် အသုံးပြုခဲ့သည့် ကျင့်စဥ်၏ တန်ပြန်မှုကို ခံစားနေရဟန် ရသည်။

ပိုင်ယုရှီ၏ မျက်လုံးများမှာ တောက်ပသွား၏။ သူမ၏ နှလုံးသားက ချက်ချင်းပင်  အခြေခံ ဝါးမျိုခြင်း အစီအရင်ကို ရပ်ဆိုင်းကာ ဝေ့ဝူယင်ကို စိန်ခေါ်လိုသည့် ဆန္ဒ တစ်ခုဖြင့် ပြည့်နှက်လာသည်။ သိုသော်လည်း ပိုင်ယုရှီ၏ စကားလုံးများက သူမ၏ အတွေးများကို ရပ်တန့်သွားစေ၏။

“တကယ်လို့ သူက ညာနေတာ ဆိုရင်ရော...”

“ ... “

ထန်ရှင်းယွင်မှာ တိတ်ဆိတ်သွားမိ၏။ ပိုင်ယုရှီ၏ စကားက တကယ် မှန်သည်။ ဝေ့ဝူယင် ညာနေသည်ဆို မည်ကဲ့သို့ ဖြစ်မည်နည်း။ သေချာတာ တစ်ခုက စိန်ခေါ်မိသည်နှင့် သူမက သူ့ ထောင်ချောက် အတွင်း သက်ဆင်းမိသွားလိမ့်မည် ဖြစ်သည်။

ပိုင်ယုရှီမှာလည်း တိတ်ဆိတ်နေ၏။ သူမတို့ ယခု သွားနေသည့် လမ်းကြောင်းက လင်းမင် ရွေးချယ်ခံ ဖြစ်လာရန် အသေချာဆုံး လမ်းကြောင်း ဖြစ်သည်။ အသက်ကို ဖြည်းညင်းစွာ ရှူထုတ်လိုက်ရင်း ဝေ့ဝူယင်ကို လျစ်လျူလိုက်ရန်သာ သူမ ဆုံးဖြတ်လိုက်၏။

သို့သော်လည်း အသံတစ်ခုမှာ ပတ်ဝန်းကျင်မှ ထွက်ပေါ်လာ၏။

“ငါ အခုလေးတင် သူ့ကို စစ်ဆေးကြည့်ခဲ့တယ်... သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံက တကယ် ထိခိုက်နေတာ... နောက်ပြီး သူ့သွေးကြောတွေကလည်း ဆိုးဆိုးရွားရွား ပျက်စီးနေပြီ... သူ့ရဲ့ အသိစိတ် ပင်လယ်ကလည်း မတည်ငြိမ်တော့ဘူး”

တစ်ချက် ကြည့်ရုံဖြင့်ပင် ဝိညာဥ် လမ်းလျှောက်မှာ ဝေ့ဝူယင်၏ အခြေအနေများကို အကုန်အစင် မြင်ပြီး ဖြစ်သည်။ ကြယ်တာရာ အမြုတေ အရွယ်အစားကို ၃၂ စင်တီမီတာ အထိ ရောက်အောင် လောဘတကြီး မြှင့်တင်ခဲ့ခြင်း အတွက် ထိုတန်ပြန်မှုက ထိုက်တန်မှု ရှိပေည်။

ဝေ့ဝူယင် နည်းနည်း ကံကောင်းသွားသည်က ဝိညာဥ် လမ်းလျှောက်သူမှာ သူမ၏ အာရုံ စူးစိုက်မှု အလုံးစုံကို အခြေခံ ဝါးမြိုခြင်း အစီအရင် ပေါ်တွင် စုစည်းထားရခြင်း ဖြစ်သည်။ စောစောက သူမ ပြောခဲ့သမျှက သိလိုစိတ်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည့် အချိန် ခဏလေးအတွင်း မြင်ခဲ့ရသည်များသာ ဖြစ်သည်။ သို့သော်လည်း ထိုအရာက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ အမြင်အာရုံ ဖြစ်လေရာ သူမ နည်းနည်းလေးမှ သံသယ မရှိပါချေ။

“ ... “

ပိုင်ယုရှီ၏ မျက်လုံးများက မကြုံစဖူး အလွန်တရာ တောက်ပလာ၏။ ထိုအခိုက်၌ သူမ၏ မျက်ဝန်းများထဲတွင် နေများ၊ လများနှင့် ကြယ်တာရာများပင် ထွန်းလင်းနေပုံ ပေါ်သည်။

“အခြေခံ ဝါးမြိုခြင်း အစီအရင်က စပြီးရင် ရပ်လို့ မရတော့ဘူး... ရပ်လိုက်မယ် ဆိုရင် လင်းမင်က ဆိုးဆိုးရွားရွား တန်ပြန် သက်ရောက်မှုကို ခံစားရလိမ့်မယ်... သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံး ပျက်စီးသွားမယ့် အပြင် သူ့ရဲ့ ပါရမီနဲ့ နားလည်နိုင်စွမ်းတွေပါ ပျောက်ကွယ်သွားလိမ့်မယ်”

ဝိညာဥ် လမ်းလျှောက်သူ၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာကာ အခြေအနေကို ရှင်းပြလိုက်၏။ ထိုအရာက မိစ္ဆာနည်းလမ်း၏ အကျိုးဆက်များပင် ဖြစ်သည်။ စတင်ပြီးသည်နှင့် ဆုတ်ခွာရန် လမ်းကြောင်း မရှိချေ။

“ ... “

ပိုင်ယုရှီနှင့် ထန်ရှင်းယွင်တို့၏ မျက်လုံးများမှာ တစ်ပြိုင်နက်တည်းပင် မှေးမှိန်သွားခဲ့၏။ ထိုအရာက သူတို့၏ ဆုံးဖြတ်ချက် ဖြစ်သည်။ နောက်ပြီး ၎င်းက နောက်ဆုတ်၍ မရသည့် ဆုံးဖြတ်ချက်ပင်။

မိန်းကလေး နှစ်ယောက်၏ မတည်မငြိမ် ဖြစ်နေသည့် အမူအရာကြောင့် ဝိညာဥ် လမ်းလျှောက်သူ၏ မျက်လုံးများမှာ ဒေါသအရိပ်အငွေ့များဖြင့် ပြည့်နှက်သွား၏။

“ဒီမယ် ကလေးမတွေ... နင်တို့ သိထားရမှာ တစ်ခုက ဒီနည်းလမ်းက ရာနှုန်းပြည့် အောင်မြင်နိုင်တဲ့ နည်းလမ်း မဟုတ်ဘူး... အများဆုံး ၃၀ ရာနှုန်းလောက်ပဲ အောင်မြင်နိုင်ချေ ရှိတယ်... နင်တို့ ငါ့ကို သေချာ ကူညီမှ ရမယ်”

မိစ္ဆာနည်းလမ်းများမှာ ကလေး ကစားစရာများ မဟုတ်ချေ။ နောက်ပြီး ပြဿနာက သူမ မဟုတ်ပဲ ထိုမိန်းကလေးများသာ ဖြစ်သည်။ အထူးသဖြင့် မြေဆွဲအား လွတ်‌မြောက်ခြင်း အဆင့်ကို လောလောလတ်လတ် တက်လှမ်းထားသည့် မိန်းကလေး၏ ကျင့်ကြံခြင်း အခြေခံမှာ ယခုထိ တိုင်အာင် မတည်ငြိမ်သေးချေ။ ထိုအရာက အစီအရင်နှင့် ချိတ်ဆက်ရာတွင် ပြဿနာ အကြီကြီး တက်မည့် လက္ခဏာပင်။ အကယ်၍ လင်းမင်၏ စုပ်ယူမှုနှုန်းမှာ ပိုမို အားကောင်းပါက ထိုမိန်းကလေး၏ ဝိညာဥ်နှင့် မြေဆွဲအား စွမ်းအင် အားလုံးမှာ ခမ်းခြောက် သွားနိုင်ချေ ရှိသည်။

မည်သို့ပင် ဆိုစေ... ဤသည်က မိစ္ဆာ နည်းလမ်း ဖြစ်သည်။ အရာရာကို လုယူရန် ဒီဇိုင်းဆွဲထားသည့် ကျင့်စဥ် ဖြစ်သည်။

“မသေချာဘူးလား...”

ပိုင်ယုရှီ၏ နှလုံးသားက စိုးရိမ်မှုဖြင့် တဒိတ်ဒိတ် ခုန်သွားခဲ့၏။ ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း ဝိညာဥ် လမ်းလျှောက်သူက ဆက်ပြောလိုက်သည်။

“သူ့ကို အထဲခေါ်လိုက်... သူ ဘာကိစ္စနဲ့ ဒီကို လာရတာလဲ ဆိုတာ အရင် ကြည့်ရတာပေါ့... နောက်မှ ငါတို့ ဘာလုပ်သင့်လဲ ဆုံးဖြတ်မယ်”

ဝေ့ဝူယင်၏ လက်ရှိ အခြေအနေဖြင့် ဆိုပါက သူက ခြိမ်းခြောက်မှု တစ်ခုဟု မဆိုသာချေ။ နောက်ပြီး ပို၍ သေချာတာ တစ်ခုက သူမ၏ စောင့်ကြပ်မှု အောက်တွင် ထိုကောင်စုတ်လေးမှာ ဘယ်လိုနည်းနှင့်မှ အစီအရင် ဝင်္ကပါကို နှောက်ယှက်နိုင်မည် မဟုတ်ပါချေ။

ပိုင်ယုရှီမှာ ဝိညာဥ်လမ်းလျှောက်သူ၏ ဆိုလိုရင်းကို နားလည်ရာ ခေါင်းညိတ်လိုက်၏။ သူမက ချက်ချင်းပင် ကျိဂူဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။

“သူ့ကို အထဲ ခေါ်ခဲ့လိုက်...”

လက်ရှိ၌ ဝိညာဥ်လမ်းလျှောက်သူ၏ စကားကို သူမနှင့် ထန်ရှင်းယွင်တို့မှ လွဲ၍ မည်သူမှ မကြားနိုင်ချေ။ ထို့အပြင် ထိုအမျိုးသမီး၏ တည်ရှိမှုကို သိသည်ကလည်း သူမတို့ နှစ်ယောက်တည်းသာ ဖြစ်သည်။ လင်းမင် ပင်လျှင် သိရှိခြင်း မရှိချေ။

ကျိဂူမှာ အနည်းငယ် နားမလည်နိုင် ဖြစ်သွား၏။ ဆန်းကြယ် တမန်တော်က မည်ကဲ့သို့ တွေးတောနေသနည်း။ အကယ်၍ ဝေ့ဝူယင်က ဝင်္ကပါကို တစ်စုံတစ်ရာ နှောင့်ယှက်ခဲ့လျှင် မည်ကဲ့သို့ လုပ်မည်နည်း။ နောက်... ဝေ့ဝူယင်၏ ဒဏ်ရာများက အတုများ ဆိုလျှင်ရော...။ သံသယများ ကြားမှပင် ကျိဂူ အပြင်ရှိ အစောင့်များထံ အမိန့်ကို ပေးပို့လိုက်လေ၏။

***

All Chapters