← Chapters

ဝေ့ဝူယင်၏ အသွင်

Vol. 37 Ch. 516

ဝေ့ဝူယင်၏ အသွင်

Vol. 37 Ch. 516

မိနစ် အနည်းငယ် ကြာပြီးနောက် ပုံရိပ်နှစ်ခုမှာ အဓိက ခန်းမကြီး၏ တံခါးဝသို့ ရောက်ရှိလာခဲ့၏။ ဝေ့ဝူယင်က ဖြည်းညင်းစွာပင် လမ်းလျှောက် ဝင်လာခဲ့သည်။ သူက နှုတ်ခမ်းမှ စီးကျနေသည့် လတ်ဆတ်သော သွေးများကို ညာဘက် အင်္ကျီ လက်အိုးဖြင့် သုတ်လိုက်၏။ သူ၏ ငွေရောင် မျက်လုံးများမှာ ပုံမှန်အားဖြင့် လင်းလက်စွာ တောက်ပနေသော်လည်း ယခုတွင်တော့ မှိန်ဖျော့ကာ မီးခိုးရောင် သမ်းနေသည်။ ထို့နည်းတူစွာပင် သူ၏ အသားအရည်မှာလည်း ခြောက်သွေ့ကာ အက်ကွဲနေ၏။ ထိခိုက်မှုက အတော်လေး ကြီးမားနေသည့် ပုံပင်။

ပိုင်ယုရှီနှင့် ထန်ရှင်းယွင်တို့ နှစ်ယောက်စလုံးမှာ အံ့သြ ထိတ်လန့်သွားကြ၏။ မည်မျှ ပြင်းထန်လိုက်သည့် တန်ပြန်မှုနည်း။ ကြောက်မက်ဖွယ် ဆိုးကျိုး တစ်ခုခု ဖြစ်လာမည်မှန်း အစောကတည်းက ကြိတင် သိရှိထားပြီး ဖြစ်သည့်တိုင် ထိုမျှ ပြင်းထန်လိမ့်မည်ဟု မျှော်လင့် မထားခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။

ဝေ့ဝူယင်၏ မျက်လုံးများက အစီအရင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်လုံး မှိတ်ကာ ထန်ရှင်းယွင်ထံမှ မူလ အလင်း စွမ်းအငများကို စုပ်ယူနေသည့် လင်းမင်တို့ အပေါ် ကျရောက်သွား၏။ ‌ထိုအခိုက်၌   သူ၏ ပုံစံက တိတ်တဆိတ်နှင့် အစားကြူးသည့် ကလေး တစ်ယောက်လိုပင်။ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ မူလကထက် များစွာ အားနည်းနေသည့်တိုင် တသွင်သွင် စီးဆင်းနေသည့် ဝိညာဥ် စွမ်းအင်များကို ဝေ့ဝူယင် တွေ့မြင်နိုင်ပေသည်။

ဝေ့ဝူယင် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ မိန်းကလေး နှစ်ယောက်ကို ချက်ချင်း မှတ်မိလိုက်၏။ ပထမ တစ်ယောက်မှာ အကြွင်းမဲ့ မီးတောက် တော်ဝင် သမီးတော် တစ်ယောက် ဖြစ်ကာ ဒုတိယမြောက် တစ်ယောက်မှာ လျှို့ဝှက် ဆန်းကြယ်သည့် အမျိုးသမီး ဖြစ်သည်။ တော်ဝင် ညီလာခံတွင် သူ ထိုအမျိုးသမီး၏ ပုံရိပ်ကို သုံးကာ လင်းမင်ကို အညံ့ခံအောင် လှည့်စားခဲ့ဖူးသည်။

“ကောင်းချီးခံ ယောကျ်ားလေးတွေရဲ့ ဘေးမှာ ဘာလို့ အမြဲတမ်း ထူးချွန်ပြီး လှပတဲ့ မိန်းမတွေ ရှိနေရတာလဲ... တော်တော် ကံကောင်းတဲ့ ကောင်တွေ... ကောင်းချီးခံ မိန်းမတွေ ဆိုရင်ရော အဲဒီလိုပဲ ယောက်ျားတွေ အများကြီး ရမှာလား”

ဝေ့ဝူယင် စိတ်ဝင်တစား တွေးတောနေမိစဥ်မှာပင် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာ၏။

“နင် ဘာလိုချင်တာလဲ...”

ပိုင်ယုရှီပင်။

ဝေ့ဝူယင်က သူမကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူက လင်းမင်ဘက်ကို ပြန်လှည့်လိုက်သည်။

“လင်းမင်... ငါ မင်းနဲ့ အပေးအယူလုပ်ဖို့ လာခဲ့တာ... အဟွတ်... အဟွတ်... ”

စတင် စကားပြောရန် ကြိုးစားလိုက်သည်နှင့် ဝေ့ဝူယင်မှာ ချောင်းများ ဆိုးလာခဲ့၏။ သွေးစမှုန်များက ထိန်းချုပ်မှု ကင်းမဲ့စွာပင် သူ့ ပါးစပ်မှ ထွက်ပေါ်လာကာ ခြေထောက်များမှာ ပြင်းပြင်းထန်ထန်ပင် ခွေယိုင်သွားသည်။ သူ့လည်ချောင်းမှ သွေးများမှာ ကြမ်းပြင်ပေါ် စီးကျသွားကာ ချင်းချင်း နီရဲသွား၏။ သူ၏ မီးခိုးရောင် မျက်လုံးများကတော့ ပို၍ပင် မှိန်ဖျော့သွားခဲ့လေသည်။

မိန်းကလေးများမှာ ဝေ့ဝူယင်၏ သွေးထွက် သံယို မြင်ကွင်းကြောင့် ပိုမို၍ ထိတ်လန့် သွားမိကြ၏။ သူ တကယ် ဒဏ်ရာရနေတာပဲ ဟု သူမတို့ ပြိုင်တူ တွေးလိုက်မိကြသည်။ တစ်ချိန်တည်း၌ လင်းမင် အပေါ် သူမတို့ ယုံကြည်ခဲ့သည်က မှန်ကန်သော ရွေးချယ်မှု တစ်ခု ဖြစ်သည်ဟုပါ ခံစားလာရသည်။

ဝေ့ဝူယင်မှာ ဒူးများ ကွေးညွှတ်လု နီးပါး အထိ တုန်ရီနေသော်လည်း အားတင်းကာ ရပ်နေဆဲ ဖြစ်သည်။ ချောင်းများ အဆက်မပြတ် ဆိုးကာ အဆုပ်ထဲမှ သွေးများကို ကုန်စင်အောင် ထုတ်ပစ်ပြီးသော အခါတွင်မှ သူက အနည်းငယ် ပြန်လည် သက်သာလာဟန် ရ၏။ ဖြူရော်နေသည့် အမူအရာနှင့် အတူ သူက မျက်လုံးများကို ပင့်တင်ရင်း လင်းမင်ကို ကြည့်လိုက်သည်။

လင်းမင်မှာ သူ့ရှေ့တွင် ဖြစ်ပျက်နေသမျှကို အကုန်အစင်ပင် မြင်တွေ့နေရ၏။ ပထမ၌ သူ့ကို လှည့်စားခဲ့သည့် အတွက် ဝေ့ဝူယင်ကို သတ်ဖြတ်ချင်ခဲ့သော်လည်း ဝေ့ဝူယင်၏ ဆိုးရွားလွန်းလှသည့် အခြေအနေကို တွေ့မြင်ပြီးနောက်၌ သူ ထိတ်လန့်သွားခဲ့သည်။ ကောင်းကင်ဘုံက တရားမျှတကာ ကိုယ်စိုက်ပျိုးသည့် မျိုးစေ့ကို ပြန်ရိတ်သိမ်းရသည်ဟု သူ ခံစားလိုက်ရသည်။ ကိုယ်ပိုင် ကျင့်ကြံ ကြိုးကုပ်မှု မရှိပဲ စွမ်းအားကို ဖြတ်လမ်းမှ လိုက်လိုသူများမှာ ထိုကဲ့သို အကျိုးဆက်မျိုးကို ခံစားသင့်ပေသည်။

“သူ အသက်ရှင်နေသေးတယ် မလား...”

ဝေ့ဝူယင်က မလှုပ်မယှက် ငြိမ်သက်နေသည့် လင်းမင်ကို စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် လေ့လာရင်း မေးလိုက်၏။

ပိုင်ယုရှီက ဝေ့ဝူယင်၏ မေးခွန်းကို ပြန်မဖြေပဲ အေးစက်စက်ဖြင့် နှာခေါင်းတစ်ချက်သာ ရှုံ့လိုက်၏။

“နင်က ဒီကို တစ်ယောက်တည်း လာရဲတယ်ပေါ့”

သူမ၏ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။ သို့သော်လည်း ဝေ့ဝူယင်က ထိုအရာကို ကြိုတင် သတိထားမိဟန်ဖြင့် ဖြူရော်စွာ ပြုံးလိုက်၏။ ထို့နောက် သူက တည်ငြိမ်စွာပင် အဖြေ ပေးလိုက်သည်။

“အခု လောလောဆယ် ဒဏ်ရာ ရနေတယ် ဆိုပေမဲ့ ကျုပ်မှာ နည်းလမ်းတွေ ရှိနေတုန်းပဲ... တကယ်လို့ ကျုပ် ဆန္ဒ ရှိရင် အဲဒါကို နောက်တစ်ကြိမ် ထပ်သုံးလို့ ရသေးတယ်... ကုန်ကျမှုက ပိုပြီး များမယ် ဆိုပေမဲ့ပေါ့လေ... နောက်ပြီး ဒီနေရာမှာ ရှိနေတဲ့ လူတွေထဲမှာ တစ်ယောက်က ကျုပ် ပြိုင်ဘက် မပါဘူး”

ဝေ့ဝူယင်၏ စကားသံက ခိုင်မာသည့် ယုံကြည်ချက်များနှင့် ပြည့်နှက်နေလေရာ ပိုင်ယုရှီက မျက်မှောင်ကြုတ် သွားသည်။ ဝေ့ဝူယင် ပြောသည့် “အဲဒါ” ဆိုသည်က “ကိုယ့်ကိုယ်ကို ထိခိုက်စေသည့် နည်းလမ်း” ကို ရည်ညွှန်းကြောင်း သူမ သိပေသည်။

ထို့အပြင် နတ္ထိရာသီမှာ မူလဒြပ်စင် ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားသည့် ‌ရွေးချယ်ခံများ လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်ရန် အတွက်  ပြင်ပစွမ်းအားများကို ကန့်သတ်ထားသည့် ရာသီ ဖြစ်သည်။ အချိန်သခင်များ ပင်လျှင် မူလ ဒြပ်စင်ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားသည့် လောကပင်လယ် အဆင့်များကို လွှမ်းမိုးနိုင်လိမ့်မည် မဟုတ်ပါချေ။

ထိုအရာကို တွေးတောရင်း ပိုင်ယုရှီမှာ အေးစက်စက် ရည်ရွယ်ချက်များကို ပြန်လည် သိမ်းဆည်းလိုက်၏။ သမာရိုးကျ စည်းကမ်းများ အရဆိုလျှင် သူမ ဝေ့ဝူယင်ကို တိုက်ခိုက်၍ မရသလို ဝိညာဥ် လမ်းလျှောက်သူလည်း တိုက်ခိုက်၍ မရချေ။ သို့ဖြစ်လေရာ လင်းမင် အတုအယောင် လောကနယ်မြေကို မပိုင်ဆိုင်ခင် အချိန် အထိ ဝေ့ဝူယင်က ပြိုင်ဘက်ကင်း နေသေးဆဲ ဖြစ်သည်။

သုံးဆယ် ရာနှုန်းသာ အောင်မြင်နိုင်ချေ ရှိသည် ဆိုသည့် ဝိညာဥ် လမ်းလျှောက်သူ၏ စကားကို ပြန်လည် တွေးလိုက်မိသော အခိုက်၌ သူမ၏ နှလုံးသားက အနည်းငယ် မွမ်းကြပ်သွား၏။ အကယ်၍ လင်းမင် ကျဆုံးသွားပါက မည်ကဲ့သို့ ဖြစ်မည်နည်း။

ကိုယ့်ကိုယ်ကို ထိခိုက်စေသည့် နည်းလမ်းကို နောက်တစ်ကြိမ် ထပ်သုံး၍ ပိုမို ဆိုးရွားစွာ ဒဏ်ရာများ ရသွားခဲ့မည် ဆိုလျှင်ပင် ဘာပဲဖြစ်ဖြစ် ဝေ့ဝူယင်မှာ ရွေးချယ်ခံ ဂုဏ်ပုဒ်ကို ရနိုင်သေးဆဲ ဖြစ်သည်. သို့သော်လည်း.. လင်းမင်ကတော့ အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို ဝင်ရောက်ရန် အခွင့်အရေးများကို ဆုံးရှုံးသွားရလိမ့်မည် ဖြစ်သည်။

တစ်ခဏမျှ တိတ်ဆိတ်ပြီး နောက်၌ သူမက မေးလိုက်၏။

“နင်က ဒီကို အပေးအယူ လုပ်ဖို့ လာတာ မလား... ဘာအပေးအယူလဲ”

ဘယ်လို ပဲဖြစ်ဖြစ် ဝေ့ဝူယင်မှာ ဤနေရာကို ရောက်ရှိနေပြီ ဖြစ်လေရာ သူ့ဘက်က ကမ်းလှမ်းမှုကို သူမ ကြားချင်ပေသည်။  ထိုအချိန်တွင်ပင် ထန်ရှင်းယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် စွမ်းအင်များမှာ အရေအတွက်အားဖြင့် ကျဆင်းလာ၏။ ထိုအပြောင်းအလဲနှင့် အတူ လှိုင်းပုတ် သကဲ့သို့ အသံများက လိုက်ပါလာသည်။

လူတိုင်းမှာ ထန်ရှင်းယွင်ကို ကြည့်လိုက်ကြ၏။ သူမ၏ ခန္ဓာကိုယ် ဟန်ထားက လျော့လျဲလာကာ နဖူးမှာ ချွေးများဖြင့် စိုရွှဲနေ၏။ တစ်ခါတစ်ရံ သူမ၏ လက်ချောင်းများ ပင်လျှင် မထိန်းချုပ်နိုင်ပဲ တုန်ရီနေသည်။ အနည်းငယ် လှုပ်ရှားနိုင်သည်မှ လွဲ၍ ထိုအခိုက်၌ မိန်းကလေး၏ ပုံစံက ထိုင်လျက် သေနေသည့် အလောင်း တစ်လောင်းလိုပင်။

လင်းမင်က သူမထံမှ နောက်ဆုံး ကျန်နေသည့် မူလအလင်း စွမ်းအင်များကို ဝိညာဥ် စွမ်းအင် အချို့နှင့် ရောနှော၍ စုပ်ယူလိုက်၏။ အာကာသ ပဲ့တင်သံ အဆင့်တွင်သာ ရှိသေးသည့်တိုင် ထိုစွမ်းအင်များက အလင်းပြန်ခြင်း အဆင့် တစ်ယောက်၏ အရည်အသွေးများကို သူ့အတွက် ယူဆောင်ပေးသည်။  ယခုဆိုလျှင် လျှို့ဝှက် အာဏာရှင် အဆင့်များပင် တစ်ချက် ကြည့်ရုံဖြင့် သူ၏ ကျင့်ကြံခြင်း အခြေခံကို ခန့်မှန်းရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ကျင့်ကြံခြင်း ပြီးဆုံးသည်နှင့် လင်းမင်၏ မျက်လုံးများမှာ အဖြူရောင် တောက်ပလာ၏။ ထန်ရှင်းယွင်၏ မူလ အလင်းမှာ အဖြူ အဆင့်၌ ရှိနေသည်။ ၎င်းမှာ ကွင်းကိုးကွင်း ဝိညာဥ် ဆင်းတု၊ အာကာသ ပဲ့တင်သံလှိုင်း ကိုးခု တို့လို အမြင့်ဆုံး အဆင့်အတန်း ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်း အခြေခံက အမှားအယွင်း မရှိချေ။

အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရင်း လေထဲမှ အလင်း စွမ်းအင်များကို လင်းမင် စုပ်ယူလိုက်၏။ ထို့နောက် သူက စွမ်းအင် အငွေ့အသက် အချို့ကို ထွက်လေနှင့် အတူ မှုတ်ထုတ်လိုက်ရာ လူတိုင်း၏ အင်္ကျီစများမှာ တဖျပ်ဖျပ် လွင့်စဥ်သွားသည်။ ပိုင်ယုရှီ ပင်လျှင် ပြင်းထန်သည့် မုန်တိုင်းကြီး တစ်ခုနှင့် ရင်ဆိုင်လိုက်ရသလို ခံစားလိုက်ရ၏။

“သူတို့ လုပ်ဖို့ ကြိုးစားနေတာက ဒါလား...”

ဝေ့ဝူယင်က ဝင်္ကပါအား တစ်ချက် အကဲခတ်ရင်း မိန်းကလေး တစ်ယောက်ချင်းစီ၏ နေရာ ယူထားပုံကိုပါ သုံးသပ်လိုက်သည်။

သေချာတာ တစ်ခုက ၎င်းက ပြန်လည် ကုသခြင်း ဝင်္ကပါ တစ်ခု မဟုတ်ချေ။ အလွန် အဆင့်မြင့်သည့် မိစ္ဆာနည်းလမ်း တစ်ခုခု ဖြစ်ပုံ ရသည်။ ဖြစ်နိုင်ချေများကို စိတ်ထဲမှ တွေးတောနေမိသည့်တိုင် မျက်နှာထက်တွင်တော့ စိုးရိမ်မှုနှင့် ကြောက်လန့်မှုတို့ကို  ဝေ့ဝူယင် အထင်သားပင် ဆက်လက် ဖော်ပြထားဆဲ ဖြစ်သည်။

“ဒါက ဘယ်လို ဝင်္ကပါမျိုးလဲ... သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံက ဘယ်လို လုပ်ပြီး တိုးတက်လာတာလဲ... သူ... သူက ဘာဖြစ်နေတာလဲ...”

သူက ထိတ်လန့် တုန်လှုပ်ဟန်နှင့် မေးလိုက်၏။ ပိုင်ယုရှီမှာ ဝေ့ဝူယင်၏ သွေးပျက် တုန်လှုပ်နေသည့် ပုံစံကို ကြည့်ကာ စိတ်ထဲမှ နှာခေါင်းရှုံ့ လိုက်မိသည်။

လင်းမင်က ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေသည့် စွမ်းအား အသစ်ကို ခံစားရင်း မှိန်ဖျော့စွာ ပြုံးလိုက်သည်။ သူက ထန်ရှင်းယွင်ဘက်သို့ လှည့်လိုက်၏။  နူးညံ့ သိမ်မွေ့ပြီး နွေးထွေးသည့် အကြည့်တစ်ခုက သူ၏ မျက်လုံးများထဲတွင် အလိုလို မွေးဖွားလာသည်။

“ကျေးဇူးတင်ပါတယ်...”

ထန်ရှင်းယွင်က ဖြူရော်စွာ ပြုံးရင်း ခေါင်းညိတ်ပြလိုက်၏။ အကယ်၍ သာမန် မိန်းကလေး တစ်ယောက်၏ အသွင်အပြင်ဖြင့်သာ ဖုံးကွယ် မထားပါက သူမ၏ အပြုံးမှာ ပြောင်မြောက်လှသည့် အလွန်တရာ လှပသည့် လက်ရာ ပန်းချီကား တစ်ခု အလား ကောင်းကင်ဘုံကိုပင် လှည့်ဖျားနိုင်လိမ့်မည် ဖြစ်ပေသည်။

***

All Chapters