ညှိနှိုင်းခြင်း
Vol. 37 Ch. 517
လင်းမင်က ဝေ့ဝူယင်ဘက်သို့ လှည့်လိုက်၏။ နောက်ထပ် မိန်းကလေး တစ်ယောက်၏ အလှည့် မစတင်ခင် မိနစ် အနည်းငယ် ရှိကြောင်း သူ သိရှိထားပေသည်။
“မင်းက မသင့်လျော်တဲ့ နည်းလမ်းနဲ့ စွမ်းအားကို ဆင့်ခေါ်ဖို့ ကြိုးပမ်းခဲ့တယ်... အဲဒါအပြင် လူတွေရဲ့ စိတ်နဲ့ ခံစားချက်တွေကို လှည့်ဖျားဖို့ အတွက် ပုံရိပ်ယောင်တွေပါ ဖန်တီးခဲ့သေးတယ်... ဒါတောင် ငါက မင်းရဲ့ အပေးအယူ လုပ်ဖို့ သဘောတူလိမ့်မယ်လို့ ဘာလို့ တွေးနေသေးတာလဲ”
အလင်းပြန်ခြင်း အဆင့်၏ ခွန်အား အသစ်နှင့် အတူ အဆုံးမဲ့သော ယုံကြည်မှုများကို ပြန်လည် ရရှိလာလေရာ လင်းမင်၏ သူရဲကောင်းဆန်သော အမူအရာမှာလည်း ပြန်လည် ပေါ်လာခဲ့၏။
ဝေ့ဝူယင်က သွေးချောင်းအကြိမ်ကြိမ် ဆိုးလိုက်ရင်း လင်းမင်ကို ကြည့်လိုက်သည်။
“ငါ တိုက်ရိုက်ပဲ ပြောတော့မယ်... ဒီနေ့မှာ မင်း လောကသခင် အဆင့်ကို တက်လှမ်းနိုင်မယ် ဆိုရင်တောင်မှ မင်း ငါ့ကို နိုင်မှာ မဟုတ်ဘူး ဆိုတာ ငါလောင်းရဲတယ်... နောက်ပြီး မင်းလည်း သေဖို့ ဆန္ဒ မရှိသေးဘူးလို့ ငါ ထင်တယ်”
စကား စတင် ပြောသည်နှင့် ကြောက်ရွံ့ ထိတ်လန့်မှု အငွေ့အသက်များက ပျောက်ကွယ်သွားကာ အဆုံးမဲ့ ယုံကြည်ချက်များမှာ ဝေ့ဝူယင်၏ မီးခိုးရောင် ဖျော့ဖျော့ မျက်လုံးများ အတွင်း ပြန်လည် မွေးဖွားလာခဲ့၏။ ၎င်းက ကြယ်တာရာ နယ်မြေတစ်ခုလုံး ရင်းနှီးပြီးသား ဖြစ်သည့် အာရုဏ်ဦး ဧကရာဇ်၏ အစစ်အမှန် သဘောထား ဖြစ်သည်။
လင်းမင်က မျက်မှောင်ကြုတ်လိုက်၏။ သူ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိသည့်တိုင် စောစောက သတိ မထားမိခဲ့သည့် အရာများ ရှိသေးကြောင်း သူ သိပေသည်။ တော်ဝင် ညီလာခံ တိုက်ပွဲတွင် ဝေ့ဝူယင်မှာ အသုံးမပြုခဲ့သည့်တိုင် အဖြူရောင် နဂါး ကိုးကောင်ကို တိုက်ပွဲ စင်မြင့်ထက်သို့ အဟန့်အတား မရှိ ဆင့်ခေါ်နိုင်ခဲ့သည်။
ထိုနဂါးများမှာ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် အပြင် ပြင်းထန်သည့် လောကဖိအားကိုပါ ထုတ်ဖော်နိုင်စွမ်း ရှိသည်။ ၎င်းတို့နှင့် တိုက်ခိုက်ရသည်ကက တုနှိုင်းမဲ့ လောကသခင် ကိုးယောက်နှင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်နေရသလိုပင် ဖြစ်သည်။
“မင်း ဘာလိုချင်လို့လဲ...”
လင်းမင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ ဝေ့ဝူယင်နှင့် ပတ်သက်၍ မကျေမနပ်ချက် များစွာ စိတ်ထဲတွင် ရှိနေသည့်တိုင် လင်းမင် အခြေအနေမှန်ကို နားလည်ပေသည်။ နာရီ အနည်းငယ်မျှသော ပြင်ဆင်ချိန်ဖြင့် ဝေ့ဝူယင်၏ နဂါး ကိုးကောင်ကို သူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း အဋ္ဌဂံ ဒြပ်စင် တိုကင်ကို ထုတ်ယူလိုက်၏။
“အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာမယ် ဆိုရင်တောင် လက်ရှိ ငါ့ အခြေအနေနဲ့ ဘယ်လိုမှ မသင့်တော်ဘူး... အသက်နဲ့ ရင်းပြီး တိုက်ပွဲဝင်တော့ရော ဘာအကျိုးရှိမှာလဲ... နောက်ပြီး ငါက တိုက်ခိုက်ရေး သမား တစ်ယောက် ဆိုတာထက် အဂ္ဂိရတ် သမား တစ်ယောက် ဆိုရင် ပိုမှန်လိမ့်မယ်... ဒါကို မင်းလည်း သိပါတယ်
လင်းမင်က ခေါင်းညိတ်လိုက်၏။ ဝေ့ဝူယင်မှာ အလွန် ကျော်ကြားသည့် အာရုဏ်ဦး ဧကရာဇ် ဖြစ်သည်။ သူက အဂ္ဂိရတ် ပါရမီတွင် အလွန်အမင်း ထူးချွန်သည်။ သူ့တွင် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် မရှိသည်မှာ ကံဆိုးလှသည်။ ထာဝရ မင်းသမီးလေးကို အနိုင်ယူနိုင်ခဲသည့်တိုင် နှစ် ဒါဇင် အနည်းငယ် ကြာသည်နှင့် သူမက သူ့ကို ပြန်ကျော်တက်သွားလိမ့်မည် ဖြစ်သည်။ စီနီယာ အမလင်းက သူ့ကို ထိုအတိုင်းပင် ပြောကြသည်။ လျှို့ဝှက် အာဏာရှင် အဆင့်ကို မတက်လှမ်းနိုင်ပါက သူ၏ အဂ္ဂိရတ် အဆင့်အတန်းမှာ ထာဝရ နတ်မိမယ်လေး၏ နောက်တွင်သာ ထာဝရ တည်ရှိနေတော့မည် ဖြစ်သည်။
ဝေ့ဝူယင်က လင်းမင်၏ အထင်သေးနေသည့် မျက်လုံးများကို လျစ်လျူရင်း ဆက်လက် ပြောလိုက်၏။
“တားမြစ် ကျင့်စဥ်ကို တစ်ခါ သုံးပြီးတဲ့ နောက်ထပ် ထိခိုက်မှုတွေ ငါ ထပ်မဖြစ်ချင်တော့ဘူး... အဆင့်ရှစ် အဂ္ဂိရတ် ဆေးလုံးတွေ သုံးမယ် ဆိုရင်တောင် ခုအခြေအနေနဲ့ ပြန်ကောင်းဖို့ အတွက် ဆယ်စုနှစ်... အခန့်မသင့်ရင် ရာစုနှစ်လောက် အထိ ကြာမှာ... နောက်ပြီး အဲဒီ အတောအတွင်း ငါ့အခြေအနေက ဒုက္ခိတ တစ်ယောက်လို ဖြစ်နေမှာ”
ဝေ့ဝူယင်၏ စကားလုံးများက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
လင်းမင် ပင်လျှင် ပြိုင်ဘက်၏ အဆိုးရွားဆုံးသော အခြေအနေနှင့် အရိုးသားဆုံး ဝန်ခံနေပုံတို့ကို ကြည့်ရင်း ခံစားချက် အမျိုးမျိုး ခံစားလိုက်ရသည်။ တကယ် ကြောက်ဖို့ ကောင်းလွန်း၏။ သူ၏ ကြယ်တာရာ ဝိညာဥ်ပင်လျှင် စက္ကန့်တိုင်း၌ ပြင်းထန်သော တုန်လှုပ် အက်ကွဲမှုများနှင့် ရင်ဆိုင်နေရသည်။ မည်ကဲ့သို့သော နည်းလမ်းမျိုးကို သူက သုံးခဲ့သနည်း။
ဝေ့ဝူယင်က ရှုံးနိမ့်မှု အငွေ့အသက်များ ပါဝင်နေသည့် သက်ပြင်းတစ်ချက် ချလိုက်၏။
“နောက်ထပ် တစ်ခါ ထပ်သုံးမယ် ဆိုရင် ကုန်ကျမှုက ပိုပြီး များသွားမှာ သေချာတယ်... အဲဒါ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာတောင် ငါမသိဘူး...”
ဝေ့ဝူယင်က စကားလုံး တစ်လုံးချင်းစီကို ဂရုတစိုက် စစ်ဆေးပြီးမှ ပြောနေခဲ့၏။ မည်သည့် လိမ်ညာမှုမှ မပေါ်လွင်စေဖို့ အတွက် အမှန်တရား အချို့ပါ စကားလုံးများထဲတွင် သူ ရောနှောထားသည်။ ဤနေရာ၌ အကြွင်းမဲ့ မီးတောက် တော်ဝင် သမီးတော်၏ ဓမ္မ ကာကွယ်သူ ရှိနေဖို့ ဖြစ်နိုင်ချေ များသည်။ ထို့ကြောင့် သူ အရမ်းကြီး အရဲမစွန့်ဝံ့ချေ။
“ဆိုတော့ကာ နင်က တိုကင် အတွက် အသက် မစွန့်ချင်ဘူးပေါ့”
ပိုင်ယုရှီက မေးလိုက်၏။ သူမ၏ မျက်လုံးများက စိတ်လှုပ်ရှားမှု အငွေ့အသက်များဖြင့် တဖျပ်ဖျပ် တောက်ပလာနေခဲ့သည်။
ဝေ့ဝူယင်က သူမကို တစ်ချက် လှမ်းကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။ သူက သွေးချောင်းများ အဆက်မပြတ် ဆိုးနေကာ ခန္ဓာကိုယ် အခြေအနေမှာ အချိန်နှင့် အမျှ ပိုမို၍ ဆိုးရွားလာနေခဲ့သည်။ အကယ်၍ စိတ်တင်းကာ ရပ်ထားခြင်း မပြုပါက သူ၏ ခန္ဓာကိုယ်မှာ ပုံရက်သား လဲကျနေလောက်ပြီ ဖြစ်သည်။
ဝေ့ဝူယင်၏ ဆိုးရွားလွန်းလှသည့် အခြေအနေကို ကြည့်ရင်း လင်းမင်၏ တင်းမာမှုများက အနည်းငယ် ပြေလျော့သွားသည်။
“အကြောင်းကြောင့် အကျိုးဖြစ်တယ်... အရူးတွေပဲ ယာယီ စွမ်းအား အတွက် ကိုယ့်ကိုယ်ကို ထိခိုက်စေတဲ့ နည်းလမ်းကို သုံးကြတာ... အဂ္ဂိရတ် သမား တစ်ယောက်အနေနဲ့ မင်း ပိုပြီး သိသင့်တယ်”
လင်းမင်၏ စကားက ဝေ့ဝူယင်၏ မျက်လုံးများကို ဒေါသ အရိပ်အငွေ့များဖြင့် ပြည့်နှက် သွားစေ၏။
“တကယ်လို့ အဲဒီ မိန်းမကသာ ငါ့ကို မတားခဲ့ရင် မင်း ငါနဲ့ ခုလို စကားပြောနေနိုင်မှာတောင် မဟုတ်ဘူး... ငါ ရွေးချယ်ခံ ဖြစ်ပြီးတာလည်း ကြာလောက်ပြီ... နောက်ပြီး နောက်ဆုံး ရတနာသိုက်ကလည်း ငါ့အပိုင်ဖြစ်လာမှာ... မင်းက အဲဒါကိုတောင် မမြင်နိုင်ရအောင် ရူးနေတာလား...”
ဝေ့ဝူယင်က တင်းမာစွာ ဆိုလိုက်၏။ အကယ်၍ လျှို့ဝှက် အာဏာရှင် အဆင့် ဓမ္မ ကာကွယ်သူသာ ဝင်ရောက် စွက်ဖက်ကာ တစ်နှစ် သဘောတူညီချက် ပြုလုပ်ရန် တွန်းအား မပေးခဲ့ပါက ရွေးချယ်ခံ ဖြစ်မည့်လူက သူ ဖြစ်မှာ သေချာသည်။ သို့သော်လည်း ကောင်းကင်တာအိုက ဝင်ရောက် နှောက်ယှက်ကာ အခြေအနေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲပစ်ခဲ့သည်။
လင်းမင်၏ မျက်လုံးများက ဒေါသ အရိပ်အငွေ့များဖြင့် ပြည့်နှက်သွား၏။ သို့သော်လည်း ဝေ့ဝူယင်ကို ကဲ့ရဲ့၍ မရချေ။ သူ ပြောတာ မှန်သည်။ ဝေ့ဝူယင် စကားထဲမှ “အဲဒီမိန်းမ” ဆိုသည်က ပိုင်ယုရှီကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း သူ တွေးလိုက်မိ၏။ ဝေ့ဝူယင် သူ့ကို မသတ်ရဲခဲ့သည်က သူမ ကြောင့်လော။
ပိုင်ယုရှီက လည်ချောင်းရှင်းလိုက်ပြီးနောက် ဝင်ရောက် စကားပြောလိုက်၏။
“ဆိုတော့ကာ နင်က ဘာလိုချင်တာလဲ... ဘာကို အပေးအယူ လုပ်ချင်တာလဲ”
လက်ရှိ အခြေအနေကိုပင် ရောက်ရှိနေပြီ ဖြစ်လေရာ ဝေ့ဝူယင်ဘက်မှ ကမ်းလှမ်းမှုကို သူတို့ နားထောင် သင့်ပေသည်။ ပြီးမှ သင့်၊ မသင့် ဆုံးဖြတ်ရပေလိမ့်မည်။
ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်ရင်း ပိုင်ယုရှီကို လှမ်းကြည့်လိုက်၏။
“တစ်ခုပဲ... ရွေးချယ်ခံကို ပေးတဲ့ နောက်ဆုံး ရတနာသိုက်ထဲက ပစ္စည်း တစ်ခုကို ကျုပ် လိုချင်တယ်... ဘယ်သူမှ မထိရသေးခင် ကျုပ် ပထမဆုံး ရွေးချယ်ချင်တယ်... ဒီလောက်ပဲ... အပြန်အလှန် အနေနဲ့ ဒီတိုကင်ကို ကျုပ် ခင်ဗျားတို့ကို ပေးမယ်”
ပိုင်ယုရှီမှာ မျက်မှောင်ကြုတ်သွား၏။
“ငါတို့...”
သို့သော်လည်း ဝေ့ဝူယင်က သူမ စကား မစရသေးခင် ဖြတ်ပြောလိုက်သည်။
“စျေးညှိလို့ မရဘူး... ကျုပ်မှာ အချိန်မရှိသလို စိတ်လည်း မရှိဘူး... အပေးအယူကို သဘောတူတယ် မတူဘူး ဆိုတာပဲ ကျုပ် သိချင်တယ်”
ပိုင်ယုရှီမှာ ပြန်လည် ငြိမ်ကျသွား၏။ ပစ္စည်းတစ်ခု... နောက် ပထမဆုံး ရွေးချယ်ခွင့်။ နောက်ဆုံး ရတနာသိုက်မှာ အခြား ရတနာသိုက်များထက် အဆပေါင်း ရာချီ ပိုမို များပြားသော ရင်းမြစ်များကို သိုလှောင်ထားသည်။ သူက ထိုအထဲမှ ပစ္စည်းတစ်ခုကိုသာ တောင်းသည်။
“ဆိုတော့ကာ မင်းက ပစ္စည်းတစ်ခု အတွက် တိုကင်ကို ပေးမယ်ပေါ့... ကြည့်ရတာ အဲဒီ ပစ္စည်းက ဘာလဲ ဆိုတာ မင်း ကြိုသိထားပုံ ရတယ်”
လင်းမင်က ဝေ့ဝူယင်ကို စိုက်ကြည့်ရင်း ပြောလိုက်၏။ အကယ်၍ ထိုပစ္စည်းက ရွေးချယ်ခံနှင့် တိုက်ကြီး တစ်ခုလုံး၏ ဝင်္ကပါကို ထိန်းချုပ်နိုင်မည့် ပစ္စည်းဆိုလျှင် မည်ကဲ့သို့ ဖြစ်မည်နည်း။ သူက လွယ်လွယ်နှင့် အရူးလုပ် ခံမည့်လူမျိုး မဟုတ်ပါချေ။
ဝေ့ဝူယင်က စိတ်ပိုင်းဆိုင်ရာ ပင်ပန်း နွမ်းနယ်မှုများကို ပြင်းထန်စွာ ခံစားနေရသည့် အလား လေးပင်စွာ သက်ပြင်းချလိုက်၏။
“ငါ တိုက်ရိုက်ပဲ ပြောတော့မယ်... ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ အသိစိတ် ပင်လယ် အခြေအနေကို ပြန်ကောင်းလာအောင် ကူညီပေးနိုင်တဲ့ ပစ္စည်းတစ်ခု၊ ထုတ်ကုန် တစ်ခုကို ငါလိုချင်တာ... မင်းထင်နေတဲ့ အမိန့်ပေး တိုကင်လို ပစ္စည်းမျိုးကို ငါ မယူဘူး... မင်း မယုံရင် ဝိညာဥ်ကျိန်ဆိုကြတာပေါ့...”
***