← Chapters

သဘောတူညီခြင်း

Vol. 37 Ch. 518

သဘောတူညီခြင်း

Vol. 37 Ch. 518

ပိုင်ယုရှီမှာ စကား‌ပြောရန် ပါးစပ်ကို ဖွင့်လိုက်သော်လည်း ဝေ့ဝူယင်၏ နောက်ဆုံး စကားကို ကြားပြီးနောက်တွင် အနည်းငယ် ဆွံ့အသွားခဲ့၏။ အခြေခံ ဝါးမြိုခြင်း အစီအရင်မှာ အောင်မြင်နိုင်ချေ သုံးဆယ် ရာခိုင်နှုန်းသာ ရှိလေရာ သူမ သဘောတူချင်ပေသည်။

သို့သော်လည်း လင်းမင်ကတော့ သတိထားနေဆဲ ဖြစ်သည်။

“ကတယ်လို့ ရတနာသိုက်ထဲ ရောက်ပြီးမှ မင်းက ငါတို့ကို တိုက်ခိုက်ဖို့ ကြိုးစားရင်ရော”

ဝေ့ဝူယင်က လင်းမင်ကို အရူးတစ်ယောက် အလား ကြည့်လိုက်သည်။

“မင်းက ပြဿနာတွေကိုပဲ စဥ်းစားနေတာ... ဘာလို့ အဖြေရှာဖို့ မကြိုးစားတာလဲ... ဥပမာ ငါနဲ့ မင်းနဲ့ ယာယီ ငြိမ်းချမ်းရေး ဝိညာဥ်ကျိန်စာ ကျိန်ဆိုသလိုမျိုးပေါ့... နောက်ပြီး ငါ့ဘက်က တိုက်ခိုက်ဖို့ ဆန္ဒ ရှိမယ် ဆိုရင် ဘာလို့ မင်းကို တိုကင် ပေးနေဦးမှာလဲ... ငါ့ဘာသာ ရတနာသိုက်ကို အပိုင်သိမ်းမှာပေါ့”

လင်းမင်မှာ ခေါင်းတစ်ချက် ညိတ်ကာ ဝေ့ဝူယင်၏ စကားက မှန်ကန်သည် ဟု တွေးလိုက်မိ၏။ သို့သော်လည်း ဝေ့ဝူယင် ပစ္စည်းတစ်ခုထက် ပိုမို လိုချင်နေသည် ဆိုသည့် ခံစားချက်က သူ့နှလုံးသားထဲတွင် ဖြစ်ပေါ်နေသည်။ အဘယ်ကြောင့်မှန်း မသိသော်လည်း ထိုခံစားချက်က အတော်လေး ပြင်းထန်သည်။

သူ မျက်မှောင်ကြုတ်လိုက်မိ၏။ တကယ်၍ အစီအရင်သာ အလုပ်ဖြစ်ခဲ့ပါက ဝေ့ဝူယင်ထံမှ တိုကင်ကို ခွန်အား တစ်စုံတစ်ရာ စိုက်ထုတ်စရာမလိုပဲ သူ ရယူနိုင်လိမ့်မည် ဖြစ်သည်။ သို့ဖြစ်လေရာ အရင်ဆုံး အစီအရင် ပြီးဆုံးသည် အထိ စောင့်ဆိုင်းသင့်ပေသည်။

“ကောင်းပြီလေ.... ငါ ပြန်ပြီး အပြည့်အဝ ကောင်းလာတာနဲ့ ဝိညာဥ် ကျိန်ဆို ကြတာပေါ့”

“မရဘူး...”

ဝေ့ဝူယင်က ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်၏။ သူက အဘယ်ကြောင့် သဘောတူရမည်နည်း။ ကောင်းကင်တာအိုက မည်သည့် အရာကို စီစဥ်နေသည် ဖြစ်စေ... ၎င်းက လင်းမင်ကို ရွေးချယ်ခံ ရာထူးပေးရန် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်မှာ သေချာသည်။

ယင်းက မည်ကဲ့သို့သော အရာဖြစ်သည်ကို သူ မသိချေ။ နောက်ပြီး... ထိုအရာကို ရှာဖွေရန် စောင့်ဆိုင်းဖို့ သူ့တွင် အချိန် မရှိချေ။

“အခု လုပ်မလား... မလုပ်ဘူးလား ဆိုတာ မင်း ဆုံးဖြတ်ပါ... တကယ်လို့ မလုပ်ဘူး ဆိုရင် ငါ သေရမယ် ဆိုရင်တောင် ခုချက်ချင်း မင်းကို စိန်ခေါ်မယ်... ငါ့မှာ ဒီထက် ပိုပြီး ရှုံးစရာ ဘာမှ မရှိတော့ဘူး”

ဝေ့ဝူယင်၏ တည်ငြိမ်သော စကားလုံးများကြောင့် လင်းမင်ဦ ထန်ရှင်းယွင်နှင့် ပိုင်ယုရှီတို့မှာ မျက်မှောင်ကြုတ် သွားကြ၏။ အကယ်၍ ဝေ့ဝူယင်သာ ချက်ချင်း စိန်ခေါ်ခဲ့ပါက အစီအရင်မှာ တစ်ဝက်တစ်ပျက်နှင့် ပြတ်တောက်သွားကာ သူတို့အားလုံးလည်း ပြင်းထန်စွာ ဒဏ်ရာ ရလိမ့်မည် ဖြစ်သည်။

ပိုင်ယုရှီက လင်းမင်ထံ ဝိညာဥ်အာရုံနှင့် ဆက်သွယ်ကာ အစီအရင် အောင်မြင်ရန် ဖြစ်နိုင်ချေနှင့် သူမ၏ အတွေးများကို ပြောပြလိုက်၏။ အကယ်၍ သဘောတူခဲ့ပါက ရတနာသိုက်ထဲမှ ပစ္စည်းတစ်ခုကိုသာ ဆုံးရှုံးလိမ့်မည် ဖြစ်သည်။ သို့သော်လည်း တိုကင်ကို ရမည် ဖြစ်သည်။

အကယ်၍ သဘောမတူခဲ့ပါက အရာရာက ကျဆုံးခြင်းသာ ဖြစ်ရလိမ့်မည် ဖြစ်သည်။ အရှင် ဝိညာဥ် လမ်းလျှောက်သူမှာ အစီအရင်ကို ကူညီရန်သာ ကတိ‌ပေးထားခြင်း ဖြစ်သည်။ ထိုအထဲတွင် ဝေ့ဝူယင်ကို သတ်ဖြတ်ပေးမည်ဟူသည့် ကတိစကား မပါချေ။

အပြန်အလှန် ဝိညာဥ်အာရုံ ဆက်သွယ်မှုများနှင့် အတူ အတန်ကြာ တိတ်ဆိတ်ပြီးနောက်၌ လင်းမင်က သက်ပြင်းတစ်ချက် ချလိုက်၏။

“ကောင်းပြီလေ... ငါ သဘောတူတယ်”

ထို့နောက် ဖြစ်စဥ် တစ်ခုလုံးမှာ ချောမွေ့စွာပင် ပြီးဆုံး သွားခဲ့၏။ ဝေ့ဝူယင်နှင့် လင်းမင်တို့မှာ အသီးသီးပင် ဝိညာဥ်ကျိန်ဆိုပြီးကြပြီ ဖြစ်သည်။ လင်းမင် ရွေးချယ်ခံ တစ်ယောက် ဖြစ်လာပြီးသည်နှင့်  ဝေ့ဝူယင်မှာ သူတို့နှင့် လာရောက် ပူးပေါင်းကာ ရတနာသိုက်ကို သွားမည် ဖြစ်သည်။

ထိုအတောအတွင်း သူတို့မှာ တစ်ယောက်နှင့် တစ်ယောက် အန္တရာယ် ပြုခွင့် ရှိလိမ့်မည် မဟုတ်ပါချေ။ အကယ်၍ လုပ်ရန် ကြိုးစားပါက ဝိညာဥ်ကျိန်စာ ဖောက်ဖျက်သည့် ဆိုးကျိုးများကို ခံစားရလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်က စိတ်ထဲမှ ကျေနပ်စွာ ပြုံးလိုက်ရင်း အေးဆေးစွာပင် ဝိညာဥ်ကျိန်စာမှ ရုန်းထွက်လိုက်၏။ အစောကြီးကတည်းကပင် အဆင့်ရှစ် အဆင့်မြင့် ဝိညာဥ် သန့်စင်ခြင်း ဆေးရည်ကို သူ သောက်သုံးပြီး ဖြစ်သည်။

အခြေအနေအားလုံး ဖြေရှင်းပြီးနောက် သူတို့က ဝေ့ဝူယင်ကို ထွက်ခွာရန် တောင်းဆိုလိုက်၏။ အခြေခံ ဝါးမြိုခြင်း အစီအရင်ကို ဝေ့ဝူယင် တစ်ခုခု နှောက်ယှက်မှာ သူတို့ မလိုလားကြချေ။

ဝေ့ဝူယင်ဘက်ကလည်း အစီအရင်ကို နှောင့်ယှက်ရန် စိတ်မဝင်စားပါချေ။ ၎င်းအား ထိန်းချုပ်ထားသူက ထန်ရှင်းယွင်၏ ဓမ္မ ကာကွယ်သူ ဖြစ်မည်မှာ ကျိန်းသေသလောက် ဖြစ်သည်။ ဓားသွားဖျား၌ မကခုန်လိုရာ ဝေ့ဝူယင်မှာ အသာအတကြည်ပင် ကောင်းကင်လေပြည် နန်းတော်ထဲမှ ပြန်လည် ထွက်ခွာလာခဲ့၏။

ဝေ့ဝူယင် အပြင်သို့ ရောက်ရှိချိန်၌ အခြေခံ ဝါးမျိုခြင်း ဝင်္ကပါမှာ ဒုတိယမြောက် အဆင့်ကို စတင်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထန်ရှင်းယွင်၏ အစေခံမလေးမှာ ထိုကဲ့သို့ ပြုလုပ်ရန် တွန်းအားပေး ခံရမှုကြောင့် အလွန် စိတ်လှုပ်ရှားနေကာ ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့၏။

မျိုးရိုးနာမည် မပါပါက သူမ၏ နာမည်က ရှုယင်ဖြစ်သည်။ သူမမှာ လက်ချောင်းများပင် တုန်ရီနေကာ အလွန် စိတ်လှုပ်ရှားနေသည့် မိန်းမငယ်လေး တစ်ယောက် အသွင် ပေါက်နေသည်။ ထိုမိန်းကလေးမှာ အလွန်အမင်း ပါရမီ မြင့်မားကာ အသက် သုံးရာ မပြည့်ခင် ကြယ်တာရာ အမြုတ အဆင့်ခြောက်ကို တက်လှမ်းထားနိုင်သည် ဆိုပါက လူတိုင်း ယုံကြည်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

သူမ၏ ငယ်ရွယ် နုနယ်သည့် အသွင်အပြင်မှာ ယင်ဓာတ် အခြေခံ ကျင့်စဥ်၏ အကျိုးသက်ရောက်မှု တစ်ခုပင် ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ် ကြီးထွားနှုန်းက အလွန်အမင်း နှေးကွေးလှကာ အနက်ရောင် ကျစ်ဆံမြီး၊ ပန်းနုရောင် ပါးပြင်ကလေးများနှင့် အသက် ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ် အရွယ်ခန့် မိန်းကလေး တစ်ယောက် ဟုသာ ထင်ရသည်။

ရှုယင် ကိုယ့်ကိုယ်ကို ကြိုးစားကာ ထိန်းသိမ်းရန် ကြိုးစားလိုက်၏။ မည်သို့ပင် ဆိုစေ... သူမက ထန်ရှင်းယွင်၏ အစေခံ ဖြစ်သည်။ သခင်မလေး လိုအပ်ချိန်တိုင်း လူသားဒိုင်းတစ်ခု သဖွယ် တားဆီးပေးရန် သူမတွင် တာဝန်ရှိပေသည်။

ဟူး... ဟူး...

အမျိုးမျိုးသော အတွေးများဖြင့် ရောက်ယက်ခတ်နေစဥ်မှာပင် သူမ၏ ပတ်လည်ရှိ သင်္ကေတ စကားလုံးများမှာ စတင် လှည့်ပတ်လာ၏။ သူမက လက်သီးကို တင်းတင်း ဆုပ်လိုက်ရင်း နှုတ်ခမ်းကို ကိုက်ကာ မခုခံမိစေရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုသင်္ကေတများထံမှ ပြင်းထန်သည့် အန္တရာယ်ကို သူမ ခံစားမိပေသည်။

သူမ ကြည့်နေစဥ်မှာပင် သင်္ကေတများမှာ သူမထံသို့ စီးဆင်းလာကာ တက်တူးများ သဖွယ် ခန္ဓာကိုယ် အနှံ့ နေရာယူ သွားကြ၏။ ၎င်းတို့က ရေထဲမှ ငါးများအလား သူမ အရေပြားအောက်တွင် ကူးခပ်သွားကာ အချိန်နှင့် အမျှ ပိုမို၍ တောက်ပလာကြသည်။ သိပ်မကြာခင်မှာပင် သူမ၏ သွေးကြောများ၊ ထျန်းတျန်နှင့် အသိစိတ် ပင်လယ်တို့မှာ လက်ဖြင့် ဖိနှိပ်ခံရသည့် အလား ထူးဆန်းသည့် ဖိအားတစ်ခုကို ခံစားလာရ၏။

“ဒီလောက်ဆိုရင်တော့ သိပ်မဆိုးသေးဘူး...”

သူမ၏ အတွေးများက အနည်းငယ် ပြေလျော့သွား၏။ သို့သော်လည်း ကံမကောင်းစွာပင် ထိုအရာက အစမျှသာ ဖြစ်ပေသည်။

ရွှစ်... ရွှစ်...

ပရမ်းပတာနိုင်သည့် လေများမှာ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ သူမ၏ အဝတ်အစားများကို မုန်တိုင်း တစ်ခုထဲ ကျရောက်သွားသလို တဖျပ်ဖျပ် လွင့်စဥ် သွားစေ၏။ ဖြည်းညင်းစွာပင် သူမ၏ ကြယ်တာရာ ဝိညာဥ်မှ မြေဆွဲအား စွမ်းအင်များမှာ တမြည့်မြည့် ဆွဲထုတ်ခံနေရသလို သူမ ခံစားလာရသည်။ ထိုအရာက အူများကို သူမ၏ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်နေသည့် အတိုင်းပင်။

“အား...”

သူမက ထန်ရှင်းယွင်လိုမျိုး ခံနိုင်ရည် မရှိလေရာ နာကျင် ကိုက်ခဲမှုကြောင့် အဆုပ်များ ပွင့်ထွက် မတတ် အော်ဟစ်လိုက်၏။ အဆုံးမဲ့ မျက်ရည်များမှာ သူမ၏ မျက်ဝန်းများမှ စီးကျလာသည်။ သူမ ထိုအရာကို ရပ်ချင်သည်။

“ရပ်ပေးပါ... ကျေးဇူးပြုပြီး...”

သူမက နာကျင်မှုကို ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့လေရာ အသံကုန် အော်ဟစ်လိုက်လေ၏။ တသွင်သွင် စီးကျနေသည့် မျက်ရည်စီးကြောင်းများက ချက်ချင်းပင် ချင်းချင်းနီလာကာ ငွေ‌ရောင် အဆင်းရှိသော အရိပ်အယောင်များဖြင့် တောက်ပနေသည်။ ၎င်းတို့က သူမ၏ သွေးများကို သန့်စင်ကာ ခန္ဓာကိုယ်ကို ငယ်ရွယ်နုနယ်အောင် သန့်စင်ပေးသည့် ယင်စွမ်းအင်များပင် ဖြစ်သည်။

“အား...”

မိန်းကလေးမှာ အဆက်မပြတ် ဆက်လက် အော်ဟစ်‌နေ၏။ သုံးမိနစ်ခန့် ကြာမြင့်ပြီးနောက်တွင် သူမ၏ အသံက ပြာလာကာ  ပါးစပ်များမှာ ခြောက်ကပ်လာသည်။  မိန်းကလေးမှာ အင်အားကို အစွမ်းကုန် သုံး၍ ခုခံရန် ကြိုးစားနေသည့်တိုင် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ထိန်းချုပ်ထားသည့် ဝင်္ကပါကို မည်ကဲ့သို့ တွန်းလှန်နိုင်မည်နည်း။ သူမ မခုခံနိုင်ပါချေ။

အနှစ်နှစ် အလလ သူမ ကျင့်ကြံထားသည့် မြေဆွဲအား စွမ်းအင်များကတော့ စက်ဝိုင်း သုံးထပ်၏ အလယ်ဗဟို တည့်တည့်တွင် ထိုင်နေသည့် လင်းမင်ထံသို့သာ တသွင်သွင် စီးဆင်းနေခဲ့တော့၏။

လင်းမင်မှာ မိန်းကလေး၏ အော်ဟစ်သံများကြောင့် ဝင်္ကပါကို ရပ်တန့်ချင်နေသည့်တိုင် မြေဆွဲအား စွမ်းအင်များက သူ့ကြယ်တာရာ ဝိညာဥ် အတွင်း စီးဝင်နေလေရာ စကားပြောနိုင်ခြင်း မရှိပါချေ။ အနည်းငယ် အာရုံပျံ့လွင့်သည်နှင့် သူရော ရှုယင်ပါ ပေါက်ကွဲကာ သေဆုံးသွားလိမ့်မည် ဖြစ်သည်။

နောက်ထပ် သုံးမိနစ်မျှ ကြာမြင့်ပြီးနောက် နာကျင်စွာ အော်ဟစ်သံများမှာ ပျောက်ကွယ်သွားသည်။ ရှုယင်၏ ခေါင်းက သတိလက်လွတ်ဖြင့် တစ်ဖက်သို့ ‌စောင်းသွားကာ သူမ၏ မျက်လုံးများမှာ ကွက်လပ် ဖြစ်သွား၏။ နာကျင် ကိုက်ခဲမှုဒဏ်ကြောင့် သူမ၏ အသိစိတ်ပင်လယ်မှာ ကွဲအက်သွားခဲ့ပြီ ဖြစ်လေတော့သည်။

“ ... “

ထန်ရှင်းယွင်မှာ ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် ချောက်ချားမှုကို ခံစားလိုက်ရ၏။ တစ်ချိန်တည်း၌ ဝင်္ကပါကတော့ ဆက်လက် အသက်ဝင်နေဆဲ ဖြစ်ကာ မိန်းကလေးထံမှ မြေဆွဲအား စွမ်းအင်များကို ထုတ်ယူနေဆဲ ဖြစ်သည်။ ထန်ရှင်းယွင်မှ ဘယ်လိုမှ ကြည့်မနေနိုင်တော့။

“ရပ်လိုက်တော့... သူ သေတော့မယ်...”

သူမက အသံကုန် အော်ဟစ်လိုက်တော့၏။

***

All Chapters