← Chapters

အပိုင်း (၂၉)

Vol. 3 Ch. 29

အပိုင်း (၂၉)

Vol. 3 Ch. 29

“အမွေးပွလေး ... သူတို့ကို အတူတူ အဆုံးသတ်ပေး လိုက်ရအောင်”

ယဲ့ချန်သည် ခပ်ယဲ့ယဲ့ပြုံးရင်း အမွေးပွလေးအား တီးတိုး ကပ်ပြောလိုက်သည်။ ထို့နောက် ညာဘက်လက်အား ဖျတ်ခနဲ လှုပ်ရှားလိုက်သည်တွင် သူ့လက်ထဲ၌ လက်ပစ်ဗုံးတစ်လုံး အဆင်သင့် ရောက်ရှိလာသည်။

သို့သော်လည်း အမွေးပွလေးသည် လူငယ်လေး၏ လက်မောင်းအား လက်သည်းလေးများဖြင့် ကုတ်တွယ်ထားရင်း ကြောက်ရွံ့တုန်ယင်နေဆဲ ဖြစ်သည်။

အမွေးပွလေးနှင့် ယဲ့ချန်သည် ရက်အတန်ကြာ အတူတူက ုန်ဆုံးခဲ့ပြီးနောက် စကားလုံးများ မလိုအပ်ပဲ အချင်းချင်း နားလည်နေကြပြီ ဖြစ်သည်။ သူက အမွေးပွလေးထံ စောင်းငဲ့ကြည့်ကာ မေးသည်။

“ငါဒါကို အသုံးမပြုသင့်ဘူး ထင်တယ် မင်းအဆင်ပြေပါ့မလား”

အမွေးပွလေးသည် အဆင်ပြေကြောင်း ခေါင်းညိတ်ပြပါ သော်လည်း မျက်လုံးလေးများထဲရှိ အကြောက်တရားမှာ မပျောက်ကွယ်သေး။ တစ်ခါက ယဲ့ချန်သည် သူဖန်တီးထားသော လက်ပစ်ဗုံး၏ အသုံးပြုပုံနှင့် သက်ရောက်မှုများအကြောင်း အမွေးပွလေးအား ရှင်းပြခဲ့ဖူးသည်။ ထို့ကြောင့် အမွေးပွလေးသည် လက်ပစ်ဗုံးအား ဖောက်ခွဲလိုက်လျှင် ဖြစ်လာမည့် အကျိုးဆက်များကို နားလည်နေသည်။ အမွေးပွလေးက လက်ပစ်ဗုံးကြောင့် ထွက်ပေါ်လာမည့် ပေါက်ကွဲသံကြောင့် အနီးအနားရှိ အဆင့်မြင့် သားရဲကြီးများအား ဆွဲဆောင်မိမည်ကို စိုးရိမ်နေခြင်းလည်း ဖြစ်နိုင်ပါသည်။

‘မဟုတ်မှလွဲရော နတ်ဆိုးဝံပုလွေ သုံးကောင်က အမွေးပွလေးရဲ့ မျိုးနွယ်ကို ပျက်စီးစေတဲ့ တရားခံများလား’

အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက် ယဲ့ချန်သည် လက်ဝါးထဲရှိ လက်ပစ်ဗုံးအား ပြန်လည် သိမ်းဆည်းထားလိုက်သည်။ သို့ရာတွင် မှော်သားရဲများသည် လူသားများထက် ပို၍ ဒူပေနာပေ ခံနိုင်လေရာ လက်ပစ်ဗုံး၏ အကူအညီမပါလျှင် အသက်ရှင်နိုင်ဖို့ အခွင့်အရေးကတော့ နည်းပါးသွားမည် ဖြစ်သည်။ သူက ထျန်းချီအဆင့်၇ ကျင့်ကြံသူ တစ်ယောက်နှင့် ရင်ဆိုင်တွေ့လျှင်ပင် အနိုင်ယူနိုင်မည်ဟု ယုံကြည်သော်လည်း အဆင့်၇ မှော်သားရဲ သုံးကောင်ဆိုလျှင်တော့ အဖြေက ကွဲပြားသွားလေပြီ။

ဤအခြေအနေတွင် အမွေးပွလေး၏ စွမ်းရည်တချို့အပေါ်  မှီခိုရပေမည်။

“အမွေးပွလေး ... မင်းအကူအညီကို လိုလာပြီ”

အမွေးပွလေးသည် သေးငယ်သော ပါးစပ်လေးအား ဟလျက် အဖြူရောင် မြူခိုးငွေ့များစွာကို မှုတ်ထုတ်လိုက်သည်။ တောင်ကြားလမ်းတစ်ခုလုံး မြူခိုးငွေ့များကြားထဲ ထုံထိုင်းပိတ်မိနေချိန် ယဲ့ချန်သည် ဝိညာဉ်အသိအမြင်အား ဖော်ထုတ်ကာ နတ်ဆိုးဝံပုလွေ သုံးကောင်၏ တည်နေရာကို အတည်ပြုပြီး သုံးကောင်ထဲမှ တစ်ကောင်ဆီသို့ တစ်ရှိန်ထိုး ပြေးသွားလိုက်သည်။

မြူခိုးငွေ့များကြားတွင် အပြာရောင်မျက်ဝန်း သုံးစုံသည် ဒေါသရိပ်များ သန်းလာကြသော်ငြား ပိုမိုထူထပ်လာသော မြူခိုးများကြောင့် အမြင်အာရုံတို့ တဖြည်းဖြည်း ချို့ယွင်းလာကြသည်။ ထို့ပြင် မြူခိုးငွေ့များသည် အမွေးပွလေးထံမှ ထွက်ပေါ်လာခြင်းဖြစ်ရာ အမွေးပွလေး၏ ကိုယ်ရနံ့ဖြင့်သာ ရစ်သိုင်းနေပြီး ယဲ့ချန်၏ ကိုယ်ရနံ့အား အလိုအလျောက် ဖုံးကွယ်ပေးပြီးသား ဖြစ်သွားသည်။

ထို့ကြောင့် ယဲ့ချန်သည် အနီးဆုံး နတ်ဆိုးဝံပုလွေ တစ်ကောင်ဆီသို့ လျင်မြန်စွာ တိုးကပ်သွားသည်။ ရုတ်တရက် နီးကပ်လာသော တည်ရှိမှုတစ်ခုကို ခံစားမိသောကြောင့် နတ်ဆိုးဝံပုလွေသည် ပါးစပ်ကြီးအား ဖြဲလျက် ကျယ်လောင်စွာ အူလိုက်ရာ ကြောက်မက်ဖွယ် သွားစွယ်ကြီးများက လရောင်အောက်တွင် လှပ်ခနဲ ထွက်ပေါ်လာသည်။

‘ကမ္ဘာဦးမိုးကြိုးခန္ဓာ’

ယဲ့ချန်သည် ကမ္ဘာဦး မိုးကြိုးခန္ဓာအား အသက်သွင်းလိုက်ပြီး နတ်ဆိုးဝံပုလွေ၏ ဘေးဘက်ခြမ်းသို့ လျှပ်တစ်ပြက်အတွင်း ရောက်ရှိသွားကာ မိုးကြိုးဟိန်းသံ လက်ဝါးချက်ဖြင့် နတ်ဆိုးဝံပုလွေ၏ ညာဘက်ဦးခေါင်းခွံသို့ ဦးတည်လျက် ရိုက်ထုတ်လိုက်သည်။

နတ်ဆိုးဝံပုလွေသည် တိုက်ခိုက်လာမှုအား ရှောင်တိမ်းတော့မည့် အချိန်တွင်ပဲ ယဲ့ချန်၏ ပခုံးထက်မှ အလင်းတဖြာ လက်သွားသည်။ တစ်ဆက်တည်းဆိုသလို နတ်ဆိုးဝံပုလွေသည် တစ်စုံတစ်ရာ၌ မိန်းမောသွားသည့် အလား လှုပ်ရှားမှုတို့ ရုတ်ခြည်း တုံ့ဆိုင်းကုန်သည်။ စင်စစ်တွင် နတ်ဆိုးဝံပုလွေကား အမွေးပွလေး၏ ပုံရိပ်ယောင် ထောင်ချောက်အတွင်း ကျဆင်းသွားခြင်းသာ ဖြစ်သည်။

ခပ်အုပ်အုပ် အသံတစ်ခုနှင့်အတူ ယဲ့ချန်၏လက်ဝါးချက်သည် အရေပြားလွှာအား ထိုးဖောက်ကာ ချက်ကောင်းသို့ မိမိရရ ထိမိသွားသည်။ သွေးအလိမ်းလိမ်း ဖြစ်နေသော ဦးနှောက်စများ နတ်ဆိုးဝံပုလွေ၏ ခေါင်းဘယ်ဘက်မှ ထွက်ကျလာသည်။

ယေဘုယျအားဖြင့် နတ်ဆိုးဝံပုလွေ တစ်ကောင်၏ သေကွင်းသေကွက်သို့ တိုက်ခိုက်ခြင်းက ဤမျှမလွယ်ကူနိုင်။ သို့သော် အမွေးပွလေး၏ ပြည့်စုံစွာ ပူးပေါင်း ပါဝင်လာသော စွမ်းရည်ကြောင့် အောင်မြင်သွားခဲ့သည်။

ယဲ့ချန်လည်း ပထမဆုံး တိုက်ခိုက်မှုက ထိရောက်သွားမည်မှန်း မျှော်လင့်မထားခဲ့။ ယခုအချိန်ကား အောင်မြင်မှုအား အရသာခံရမည့်အချိန် မဟုတ်သေး၍ များများစားစား တွေးနေချိန်မရှိပေ။ အခြားသော နတ်ဆိုးဝံပုလွေနှစ်ကောင် ရှိနေသေးသည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်း သူသည် နောက်ထပ် ပစ်မှတ်အနီးသို့ ဖျတ်ခနဲ ရွေ့လျားသွားလိုက်သည်။

ကျန်ရှိနေသော နတ်ဆိုးဝံပုလွေ နှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် ကာကွယ်လိုဟန်နှင့် ဘေးချင်းကပ်လျက် ရှိနေကြသည်။ သို့သော် ထိုနှစ်ကောင်သည် ယဲ့ချန်အား ပူးပေါင်း ထိုးစစ်ဆင်တော့မည့် အချိန်တွင်ပဲ ရီဝေနေသည့် မျက်လုံးများဖြင့် တန့်သွားကြသည်။ မှန်ပေသည်၊ အမွေးပွလေး၏ ပုံရိပ်ယောင် ထောင်ချောက်အတွင်း ကျရောက်သွားကြခြင်း ဖြစ်သည်။ အခွင့်အရေးအား လက်လွှတ်မခံဘဲ ယဲ့ချန်သည် နှစ်ကောင်ထဲမှ တစ်ကောင်ထံသို့ ရုတ်ခြည်း တိုက်ခိုက်လိုက်သည်။

မိုးကြိုးဟိန်းသံ လက်ဝါးချက်အောက်တွင် နောက်ထပ် နတ်ဆိုး ဝံပုလွေတစ်ကောင် သေသွားတော့၏။

နောက်ဆုံးကျန်ရှိသော တစ်ကောင်သည် ပုံရိပ်ယောင် ထောင်ချောက်ထဲမှ လွတ်မြောက်လာပြီးနောက် အခြေအနေအား ရိပ်စားမိသွားကာ တောင်ကြားလမ်း အပြင်ဘက်သို့ ထွက်ပြေးရန် ပြင်လေသည်။ စိတ်မကောင်းစရာပင်၊ ထိုအချိန်၌ ဆီးနှင်းဖြူများ ရုတ်ခြည်း ထူထပ် သိပ်သည်းလာပြီး နတ်ဆိုးဝံပုလွေ၏ အမြန်နှုန်းမှာ အလွန်နှေးကွေးသွားသည်။ ယဲ့ချန်သည် နောက်မှ အမှီလိုက်လာပြီး လက်ဝါးတစ်ချက်ဖြင့် အသာအယာ ဇီဝိန်ချုပ်ပေးလိုက်သည်။

“အဲဒီ့ဆီးနှင်းဖြူတွေက လှုပ်ရှားမှုကို နှေးကွေးစေတဲ့ ညှို့ဓာတ်ရှိတာလား”

ယဲ့ချန်သည် အမွေးပွလေးအား ကြည့်ရင်း ထိတ်လန့်စွာမေးမိသည်။ ထိုဆီးနှင်းဖြူ ညှို့ဓာတ်သည်လည်း အမွေးပွလေး၏ စွမ်းရည်များထဲမှ အသစ်တစ်ခု ဖြစ်ဟန်ရသည်။ ပို၍ အံ့ဩစရာ ကောင်းသည်မှာ ထိုစွမ်းရည်အသစ်သည် ရေခဲသဘာဝ စွမ်းရည် ဖြစ်နေခြင်းပင်။

အမွေးပွလေး၏ ထိတ်လန့်ဖွယ် စွမ်းရည်များနှင့် လက်ပစ်ဗုံးများအား ပေါင်းစပ်လိုက်မည် ဆိုပါက ယဲ့ချန်သည် သူ့ထက် ကျင့်ကြံဆင့် ပိုမြင့်သူများဖြင့် ရင်ဆိုင်ရာတွင်ပင် အခက်အခဲ မရှိနိုင်တော့ပေ။

သို့သော်လည်း အမွေးပွလေးသည် နတ်ဆိုးဝံပုလွေ သုံးကောင်လုံးအား သတ်လိုက်နိုင်ခြင်းအပေါ်  ဂုဏ်ယူလိုဟန် မရှိဘဲ အသံစူးစူးလေးဖြင့် ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားကြရန်သာ တိုက်တွန်းနေသည်။

အဆင့်၇ မှော်သားရဲများ ဖြစ်ကြသည့်အလျောက် နတ်ဆိုးဝံပုလွေများ၏ ခန္ဓာကိုယ်တွင် စွမ်းအင်လုံးများ ရှိနေမည်မှာ သေချာသည်။ ထိုအဖိုးတန် စွမ်းအင်လုံးများကို လျစ်လျူရှုလိုက်ရန်မှာ နှမြောဖွယ် ကောင်းလှသော်လည်း အမွေးပွလေးသည် ထွက်ခွာရန်သာ အလိုရှိနေပြီး စိတ်အခြေအနေလည်း သိပ်ကောင်းပုံမရ။ ထို့ကြောင့် ယဲ့ချန်သည် အမွေးပွလေးအား နှစ်သိမ့်ပေးရင်း ယဲ့မိသားစု ရဲတိုက်ဘက်သို့ ဦးတည်ကာ ထွက်ခွါလာခဲ့သည်။

ယဲ့ချန်သည် စိတ်ထဲတွင်တော့ အတွေးပေါင်းစုံ ရောထွေးနေသည်။ အမွေးပွလေးတွင် မြင့်မားသော တိုက်ခိုက်နိုင်စွမ်း မရှိသော်ငြား ၎င်း၏ များပြားလှသည့် ညှို့ဓာတ် စွမ်းရည်များနှင့် ဆိုပါက နတ်ဆိုးဝံပုလွေ သုံးကောင်သည် ကြီးမားသော ခြိမ်းခြောက်မှုမဟုတ်။ ထို့ကြောင့် နောက်ကွယ်တွင် ပုန်းကွယ်နေသော၊ အမွေးပွလေးပင် အလွန်ကြောက်လန့်ရသည့် အန္တရာယ်ကြီးတစ်ခု ရှိနေလိမ့်မည်ဟု သူယူဆသည်။

ထိုအတွေးက ယဲ့ချန်၏ ပြေးလွှားနေသောနှုန်းအား ပိုမို လျင်မြန်သွားစေသည်။ အကယ်၍ ထိုမျှကြီးမားသော အန္တရာယ်တစ်ခု အမှန်တကယ် ရှိနေပါက လျန်ယွင်တောင်တန်းမှ ထွက်ခွာသွားရုံနှင့် လွတ်မြောက်နိုင်မည်ဟု မသေချာပေ။

လမ်းတစ်လျှောက်တွင် အမွေးပွလေးသည် ယဲ့ချန်ပခုံးပေါ်၌ လိုက်ပါလာရင်း လေထုအား အငမ်းမရ ရှူရှိုက်လျက် တစုံတရာပြုလုပ်ရန် ကြိုးစားနေသည်။ မသေချာသော်လည်း ယဲ့ချန် ခန့်မှန်းကြည့်ရသလောက် လေထုထဲရှိ သူတို့နှစ်ဦး၏ ကိုယ်ရနံ့အား အပြီးတိုင် ဖျောက်ဖျက်နေခြင်း ဖြစ်နိုင်သည်။

သုံးနာရီခန့် ပြေးလွှား လာခဲ့ပြီးနောက် အတော်လှမ်းလှမ်းရှိ ယဲ့မိသားစု ရဲတိုက်ကြီး၏ အရိပ်အား မြင်နေရပြီဖြစ်သည်။

ရုတ်တရက် ယဲ့ချန်သည် အနောက်ဘက်တွင် ချန်ထားခဲ့သော လျန်ယွင် တောင်တန်းဘက်မှ စူးစူးရှရှ အူသံတစ်ခုအား ကြားလိုက်ရသည်။ ထိုအသံအား ကြားလိုက်ရသည့် အချိန်တွင် အမွေးပွလေး၏ တစ်ကိုယ်လုံးရှိ အမွေးများ ထောင်မတ်သွားကာ ကြောက်လန့်မှုကြောင့် တဆတ်ဆတ် တုန်လို့လာသည်။

“မစိုးရိမ်နဲ့ အဆင့်မြင့် မှော်သားရဲအများစုက လူသားတွေရဲ့ ပိုင်နက်ကို လွယ်လွယ်ကူကူနဲ့ မလာတတ်ကြဘူး”

ယဲ့ချန်က အကောင်ပေါက်လေး၏ ကြောက်လန့် စိုးထိတ်နေမှုအား သတိထားမိ၍ စိတ်သက်သာရာ ရစေရန် ပြောရသည်။

သူ့စိတ်ထဲ၌မူ တွေးမိပါ၏။

‘ဘယ်လောက်ထိ အစွမ်းထက်တဲ့ မှော်သားရဲမို့လို့ အမွေးပွလေးက ဒီလောက်ထိ ကြောက်နေရတာလဲ’

နံနက်ခင်း အရုဏ်တက်ချိန်သို့ ရောက်ခဲ့ပြီဖြစ်ရာ မှောင်ပျပျ ပတ်ဝန်းကျင်တွင် နေရောင်ဖျော့ဖျော့ တစ်စွန်းတစ်စ တိုးထွက်လာသည်။

“ငါတို့ မကြာခင် အိမ်ပြန်ရောက်တော့မှာပါ”

ယဲ့ချန်လည်း သက်ပြင်းချရင်း ထပ်ပြောလိုက်သည်။ သူ့အတွက်တော့ ကမ္ဘာလောကကြီးသည် အန္တရာယ်များ ပြည့်နှက်နေသော နေရာတစ်ခုဆိုပါလျှင် ယဲ့မိသားစု ရဲတိုက်သည်ကား ကန္တာရထဲမှ အိုအေစစ်လေးကဲ့သို့ နားခိုနိုင်မည့် နေရာလေးဖြစ်သည်။ အခက်ခဲဆုံးသော အချိန်များတွင်ပင် ဤကမ္ဘာပေါ်၌ သူတစ်ယောက်တည်း ရှိနေခြင်းမဟုတ်ဟု အမြဲတမ်း အမှတ်ရနေစေသည့် နေရာဆိုလည်း မမှားပါချေ။

ထို့နောက် ယဲ့ချန်သည် ယဲ့မိသားစု ရဲတိုက်အတွင်းသို့ တိတ်တဆိတ် ပြန်ဝင်တော့မည့်ဆဲဆဲ၌ လေတိုးသံများနှင့်အတူ လူရိပ်ငါးရိပ်က ဘယ်နေရာကမှန်း မသိဘဲ ထွက်ပေါ်လာကာ သူ့အား ဝိုင်းရံထားကြသည်။

ယဲ့ချန်၏ အကြည့်တို့က ထိုလူရိပ်ငါးရိပ်အနက် တစ်ရိပ်ထံ ကျရောက်သွားသော် ဒေါသဖြင့် မျက်လုံးများ ခက်ထန်သွားရသည်။

ယဲ့မော့ယန် …

ယဲ့မော့ယန်နှင့်အတူ လိုက်ပါလာသော လေးယောက်ကိုမူ သူမမြင်ဖူးပေ။ သို့သော် ထိုလူများသည် ယွင်မိသားစုမှ ဖြစ်သည်ကို သေချာပါ၏။

ယဲ့မိသားစုမှ အကြီးအကဲချုပ်ဟောင်းသည် ထျန်းချီအဆင့်၈ ကျင့်ကြံသူတစ်ယောက်၊ ထျန်းချီအဆင့်၇ ကျင့်ကြံသူတစ်ယောက်နှင့် ထျန်းချီအဆင့်၆ ကျင့်ကြံသူ နှစ်ယောက်တို့အား ခေါ်ဆောင်လျက် ယဲ့မိသားစုရဲတိုက် အပြင်ဘက်တွင် ပုန်းလျှိုးကွယ်လျှိုး ရှိနေခြင်းမှာ မည်သို့သော ရည်ရွယ်ချက်နည်း။

ယဲ့မော့ယန်သည်လည်း ယဲ့ချန်အား မြင်လိုက်ရသည့်အပေါ် အံ့ဩသွားဟန်ရပြီး ခဏအကြာတွင် ထိုအံ့ဩမှုက ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားသည်။

“ဒီနေ့တော့ ခင်ဗျားကံကောင်းတာပဲ ယွင်လောင်လျှို ဒါက ယဲ့မိသားစု ခေါင်းဆောင်ရဲ့ အချစ်ဆုံး သားထွေးလေးပဲ ခင်ဗျားအတွက် သူ့ကို ကျုပ်ကိုယ်တိုင် ဖမ်းခွင့်ပြုပါ”

ယဲ့မော့ယန်က ငါးယောက်အုပ်စုထဲမှ တစ်ယောက်အား ပြောလိုက်သည်။ စကားအသွားအလာအရ ယဲ့ချန်အား အရှင်လတ်လတ် ဖမ်းခေါ်သွားမည့်ဟန် ရသော်လည်း ယဲ့မော့ယန်၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် တောက်လောင်နေသည်။

ယွင်မိသားစုမှ လိုက်ပါလာသူများ၏ အမြင်တွင် ယဲ့ချန်သည် အဖိုးမဖြတ်နိုင်သော ဓားစာခံဖြစ်သည်။ ယဲ့ချန်၏အသက်နှင့် အကျပ်ကိုင်၍ ယဲ့ကျန့်ထျန်းထံမှ သဘောတူညီချက်များ ရယူနိုင်ပေမည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်ချက်များ ရှိနေသည့် ယဲ့မော့ယန်အတွက်မူ ယဲ့ချန် မြန်မြန်သေသွားလေ ကောင်းလေပင်။

“မင်းက ကိုယ့်လုံခြုံရေးကိုတောင် ဂရုမစိုက်ဘဲ တစ်ယောက်တည်း အပြင်ထွက်ရဲ လိမ့်မယ်လို့ ထင်မထားခဲ့ဘူး လေဆန်မှာ တစ်ယောက်တည်း ရွက်နှင်ပြီး ကံတရားကို အန်တုဖို့ကြိုးစားနေတာလား အင်းပေါ့လေ ယဲ့မိသားစုရဲ့ နှစ်ယောက်မရှိတဲ့ ပါရမီရှင်လေး ဆိုတော့လည်း ... တစ်ခုတော့ စိတ်မကောင်းဘူး မင်းရဲ့ အဓိကသွေးကြောမတွေ ပြန်ကောင်းသွားပြီးကာမှ အဖမ်းခံရတော့မှာမို့လို့”

ယဲ့မော့ယန်က ခနဲ့တဲ့တဲ့ဆိုသည်။ သားဖြစ်သူ ယဲခုံးယန်၏ အဓိကသွေးကြောမများ ပျက်စီးသွားသော မြင်ကွင်းအား မြင်ယောင်မိသော် ယဲ့မော့ယန်၏ မျက်နှာသည် ပုံမှန်ထက် အဆများစွာ အေးစက်သွားသည်။

တဖြည်းဖြည်း အနီးသို့ တိုးကပ်လာသော ယဲ့မော့ယန်ကြောင့် ယဲ့ချန်သည် လက်နှစ်ဖက်၌ ထျန်းချီများအား တိတ်တဆိတ် စုဆောင်းရင်း နောက်သို့ဆုတ်သည်။ ကျင့်ကြံဆင့်မြင့်သော ရန်သူလေးယောက် ရှိနေသေးသော်လည်း သူက ထွက်ပြေးနိုင်မည်ဟု ယုံကြည်သည်။ ထွက်မပြေးခင်တော့ ယဲ့မော့ယန်အား သေအောင် သတ်ရပေမည်။

ယွင်လောင်လျှို ဆိုသူသည် ဘေးဘက်သို့ဆုတ်ကာ ယဲ့မိသားစုရဲတိုက်သို့ သွားရာလမ်းအား ပိတ်လိုက်ရင်း ပြောသည်။

“အကြီးအကဲယဲ့ ... ခင်ဗျား ဒီကောင်လေးကို သတ်လို့မဖြစ်ဘူးနော် သူက ကျုပ်တို့အတွက် အသုံးဝင်သေးတယ် ခင်ဗျားသိမှာပါ”

သတင်းများအရ ယဲ့ချန်သည် ထျန်းချီအဆင့်၆၌သာ ရှိသေးကြောင်း ယွင်မိသားစုက သိထားကြသည်။ သို့ဖြစ်ရာ သူတို့အနေနှင့် တိုက်ပွဲအတွင်း ဝင်ရောက်ဖို့မလိုပေ။ ထျန်းချီအဆင့်၇ ဖြစ်သော ယဲ့မော့ယန်ကား ထိုမဖြစ်စလောက် ကောင်လေးအား ထိန်းချုပ်ရန် လိုအပ်တာထက်ပိုသည်။ ထို့ကြောင့် အားလုံးက ပြုံးလျက် အပျော်တမ်း တိုက်ပွဲတစ်ခု ကြည့်ရတော့မည့်နှယ် ဘေးသို့ ဖယ်ပေးထားကြသည်။

ယဲ့မော့ယန်သည် ခန့်မှန်းရခက်သော အပြုံးတစ်ခုနှင့် ယွင်လောင်လျှိုအား ပြန်ဖြေသည်။

“ဒါပေါ့ ကျုပ်ကောင်းကောင်းကြီး နားလည်ပါတယ်”

ယဲ့မော့ယန်သည် ထျန်းချီများအား လက်ဝါးတစ်ဖက်သို့ ပို့ဆောင်လိုက်လျှင် လက်ဝါး၏ အလယ်နေရာသည် ရုတ်ခြည်း မည်းနက်သွားသည်။ ‘မုန်တိုင်း အရိပ်လက်သည်း’ သည် မိစ္ဆာဆန်သော သိုင်းပညာရပ်ဖြစ်ပြီး စတင် အသက်သွင်းလိုက်သည်နှင့် လက်ဝါးတစ်ခုလုံး မည်းနက်သွားမှာ ဖြစ်သည်။ သို့သော် ထိုပညာရပ်အား ပိုမိုနားလည်ပြီး လေ့ကျင့်သောအဆင့် မြင့်လာလေလေ မည်းနက်သော အရွယ်အစားက ပိုမိုသေးငယ်လာမည် ဖြစ်ပြီး လက်ဝါးတစ်ခုလုံး မည်းနက်သွားရမည့်အစား လက်ဝါး အလယ်ကောင်၌သာ မည်းနက်တော့မှာ ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ယဲ့မော့ယန်၏ မုန်တိုင်း အရိပ်လက်သည်းသည် ယဲ့ခုံးယန်ထက် အဆင့်မြင့်ကြောင်း သိနိုင်သည်။

ယဲ့မော့ယန်သည် လေထဲတွင် လွှားခနဲဝဲပျံကာ ယဲ့ချန်ထံ ခုန်ဝင်လာသည်။

ယွင်လောင်လျှိုသည် အခြေအနေ အရပ်ရပ်အား ဘေးမှ အကဲခတ်နေရင်း ယဲ့ချန်၏ တည်ငြိမ်လွန်းနေသော အမူအရာကြောင့် တစုံတရာက စိတ်အနှောင့်အယှက် ပေးလာသလို ခံစားလာရသည်။

***

All Chapters