← Chapters

စုပေါင်းအားထုတ်မှု

Vol. 3 Ch. 30

စုပေါင်းအားထုတ်မှု

Vol. 3 Ch. 30

ယဲ့ချန်သည် အသိစိတ်ထဲရှိ ဓားအား အလျင်အမြန် နှိုးဆွလိုက်လျှင် သန့်စင်လှသော ထျန်းချီ လှိုင်းလုံးကြီးများသည် ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဆင်းလာကြသည်။

ကမ္ဘာဦးမိုးကြိုးခန္ဓာ …

ရွှေရောင် အရောင်အဝါများ တောက်ပနေသော အလင်းတဖြာသည် ယဲ့ချန်၏ခန္ဓာကိုယ်အား ဖုံးအုပ်လျက် ထွက်ပေါ်လာသည်။

“ကမ္ဘာဦးမိုးကြိုးခန္ဓာ အဲ့တော့ရောဘာဖြစ်လဲ မင်းရဲ့ကျင့်ကြံဆင့်လေးနဲ့ ဒီပညာရပ်ကို ဘယ်လောက်ကြာကြာ ထုတ်ဖော်နိုင်မှာ မို့လို့လဲ ဒီနေ့ ငါက မင်းကို ထျန်းချီအဆင့်၆နဲ့ ၇ကြားက ကွာခြားမှုကို မြင်အောင်ပြပေးမယ်”

ယဲ့မော့ယန်သည် ‘ကမ္ဘာဦး မိုးကြိုးခန္ဓာ’ အား မြင်လိုက်ရချိန်တွင် ထိတ်လန့် သွားသော်လည်း တစ်ခဏသာ။ အရေးမပါဟန်ဖြင့် နှာခေါင်းရှုံ့ရင်း အထက်ပါစကားတို့အား ပြောသည်။ ထို့နောက် မိစ္ဆာအငွေ့အသက်များ ဖြာထွက်နေသော လက်သည်းများဖြင့် ယဲ့ချန်၏ ရင်ဘတ်အား ဦးတည် တိုက်ခိုက်လာသည်။

ယဲ့မော့ယန်၏ လက်ဝါးတွင်ရှိနေသော အဆိပ်ရှိသည့် ထျန်းချီများသည် ယဲ့ချန်ထံ ပန်းထွက်လာသည်။ ယဲ့ချန်သည် ရင်ဘတ်သို့ ဦးတည်သည့် လက်ဝါးချက်အား ရှောင်နိုင်လျှင်ပင် အဆိပ်ကြောင့် အသက်ရှင်နိုင်ရန် မလွယ်ကူပေ။

ဘေးဘက်တွင် အကဲခတ်နေသော ယွင်လောင်လျှိုသည် ယဲ့မော့ယန်၏ အသေသတ်လိုသော တိုက်ကွက်ကြောင့် မျက်မှောင်ကြုတ်သွားကာ ဝင်ရောက်တားဆီးရန် ခုန်ဝင်လာသော်လည်း အတန်ငယ် နောက်ကျသွားခဲ့သည်။

တန်ဖိုးကြီးသည့် ဓားစာခံအား ယဲ့မော့ယန်ကြောင့် ဆုံးရှုံးရတော့မည်ဖြစ်ရာ ယွင်လောင်လျှိုသည် ဒေါသဖြစ်စွာနှင့် ကျိန်ဆဲရန်သာ တတ်နိုင်တော့သည်။

“အသုံးမကျတဲ့ကောင် မင်းကြောင့် အကုန်လွဲချော်တော့မယ်”

ယွင်မိသားစုမှ အခြားသော လိုက်ပါလာသူများ သည်လည်း ခပ်လှမ်းလှမ်းတွင် ဘေးထွက်ရပ်နေကြခြင်း ဖြစ်ရာ ယဲ့မော့ယန်၏ တိုက်ခိုက်မှုအား ဘယ်သူမှ မဟန့်တားလိုက်နိုင်ကြပေ။

အလွန် ယုံကြည်မှု မြင့်မားနေသော ယဲ့မော့ယန်အား ရင်ဆိုင်ရန် ယဲ့ချန်က ခေါင်းမော့လာသည်။ သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်ခြင်း တစိုးတစိမျှ ရှိမနေဘဲ အထင်အမြင် သေးခြင်းတို့သာ ရှိသည်။

ယဲ့မော့ယန်ပင် ထိုအမူအရာကြောင့် နှလုံးခုန်မြန်သွားရသည်။ ယဲ့ချန်တွင် ဖုံးကွယ်ထားသော စွမ်းရည်တချို့ ရှိကောင်းရှိနိုင်သော်လည်း သည်အခြေအနေ အထိ ရောက်ပြီးကာမှ ယဲ့မော့ယန်က လက်မလျှော့လိုပေ။

ယဲ့မော့ယန် နောက်ဆုံးသိလိုက်သည်မှာ ယဲ့ချန်ပခုံးထက်ရှိ အမွေးပွလေး၏ မျက်လုံးများထဲ အလင်းတစ်ချက် လက်သွားသည်ကိုသာ။ ထို့နောက် သူ့အရှေ့ရှိ ယဲ့ချန်၏ပုံရိပ်မှာ ဝေဝါးသွားပြီး မြင်ကွင်းထဲမှပါ ပျောက်ကွယ်သွားသည်။ တစ်ဆက်တည်းဆိုသလို ယဲ့မော့ယန်သည် လူတဦးတစ်ယောက်မျှ ရှိမနေသော ဖုန်းဆိုးမြေတစ်ခုသို့ ရုတ်ခြည်း ရောက်ရှိသွားသည်။ ယဲ့မော့ယန် ကိုယ်တိုင်လည်း ဖြစ်ပျက်သွားသည်တို့ကို လိုက်မမှီတော့။

လက်တွေ့ကမ္ဘာသို့ ပြန်သွားရသော် ယဲ့မော့ယန်၏ မျက်လုံးများသည် ရီဝေဝေဖြစ်သွားပြီး တိုက်ခိုက်မှုကလည်း အားပျော့သွားရာ ယဲ့ချန်က အသာအယာပဲ ရှောင်တိမ်းလိုက်နိုင်သည်။ အရှိန်လွန်ကာ ရှေ့သို့ကျလာသော ယဲ့မော့ယန်သည် ယဲ့ချန်၏ မိုးကြိုးဟိန်းသံ လက်ဝါးချက်ဖြင့် အမိအရ ထိမိသွားသည်။

ယဲ့ချန်သည် ယဲ့မော့ယန်၏ အားအပျော့ဆုံး ဟာကွက်အား အသေအချာ တွက်ချက်၍ အင်ပြည့်အားပြည့် တိုက်ခိုက်လိုက်ခြင်း ဖြစ်ရာ အကျိုးဆက်အနေနှင့် ယဲ့မော့ယန် ရရှိသွားသော ဒဏ်ရာက အလွန်ပြင်းထန်သည်။

ကမ္ဘာဦးမိုးကြိုးခန္ဓာ၏ အကူအညီနှင့် ယဲ့ချန်သုံးလိုက်သော မိုးကြိုးဟိန်းသံ လက်ဝါးချက်သည် ထျန်းချီအဆင့်၇ အလယ်အလတ်အဆင့် တစ်ယောက်၏ အင်အားနှင့် ညီမျှသည်။ ထို့ပြင် ယဲ့ချန်သည် မကြာသေးခင်ကမှ နတ်ဆိုးဝံပုလွေ သုံးကောင်အား လက်ဝါးတစ်ချက်စီ သုံး၍ သတ်ခဲ့သေးရာ ထိုစွမ်းအားက သံသယဝင်စရာ မရှိပေ။

ထျန်းချီအဆင့်၇သို့ ရောက်ရှိပြီးသော မည်သည့်ကျင့်ကြံသူမဆို ခန္ဓာကိုယ်ထဲရှိ အတွင်းကလီစာများအား ထျန်းချီဖြင့် ကာကွယ်ထားနိုင်ကြသည်။ ယဲ့မော့ယန်လည်း ခြွင်းချက်မရှိပေ။ သို့မဟုတ်ပါက ယဲ့ချန်၏ ပြင်းထန်သော လက်ဝါးချက်ကြောင့် အသက်ပင် ရှိတော့မည်မဟုတ်။

သို့သော် ထိုထျန်းချီဖြင့် ကာကွယ်ထားခြင်းသည် ယဲ့မော့ယန်၏ အဓိက သွေးကြောမများကိုတော့ ကာကွယ်မပေးနိုင်ခဲ့။ တစ်နည်းဆိုရသော် ပြင်းထန်သော လက်ဝါးချက်အား ခံယူပြီးနောက် ယဲ့မော့ယန်၏ အဓိကသွေးကြောမများ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ယဲ့မော့ယန်သည် သွေးတစ်ပွက် အန်ထုတ်လိုက်ရကာ အနောက်ဘက်သို့ လွင့်ပျံထွက်သွားပြီး မြေပြင်သို့ အားပြင်းပြင်း မိတ်ဆက်မိသွားသည်။

သူက ထပင်မထနိုင်ပဲ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ဖြင့် ယဲ့ချန်ထံ မော့ကြည့်ရုံသာ တတ်နိုင်တော့သည်။

‘မဖြစ်နိုင်ဘူး’

အနီးနားတွင် ရပ်နေကြသော ယွင်မိသားစုမှ ကျင့်ကြံသူ လေးယောက်လုံး တညီတညွတ်တည်း တွေးမိကြသည်။

‘လွင့်ပျံထွက်သွားတဲ့ သူက ဟိုကောင်စုတ်လေး မဟုတ်ဘဲ ယဲ့မော့ယန်တဲ့လား’

ယွင်မိသားစုမှ လူများအားလုံး မှင်တက်စွာနှင့် ကြောင်ရပ်နေမိကြသည်။ အထူးသဖြင့် မျက်လုံးများ ပြူးကျယ်နေသော ယွင်လောင်လျှိုပင်။ ‘ဘာတွေဖြစ်သွားတာလဲ’ ဟူသော မေးခွန်းကသာ သူ့ခေါင်းထဲတွင် တဝဲလည်လည် ရှိနေသည်။ ထိုကောင်စုတ်လေး၏ ကျင့်ကြံဆင့်သည် အသေအချာကို ထျန်းချီအဆင့်၆သာ ဖြစ်သော်လည်း ယဲ့မော့ယန်၏ မုန်တိုင်း အရိပ်လက်သည်းအား ရှောင်တိမ်းနိုင်သည့် အပြင် ပြင်းထန်သော လက်ဝါးချက်ဖြင့်ပင် တုံ့ပြန်နိုင်သေးသည်။

ယွင်လောင်လျှိုသည် မိမိများ အာရုံချောက်ချား သွားလေသလားဟု တွေးမိသည်အထိ။

ထိုအချိန်တွင် ယွင်လောင်လျှိုသည် ယဲ့ချန်၏ ခန္ဓာကိုယ်တစ်ဝိုက်၌ ရစ်သိုင်းနေသော ရွှေရောင် အလင်းလွှာအား သတိထားမိသွားသည်။ ယွင်လောင်လျှိုသည် သိုင်းပညာရပ်များနှင့် ပတ်သက်၍ ဗဟုသုတ ကြွယ်ဝသူဖြစ်ရာ ခဏချင်းအတွင်း ယဲ့ချန် အသုံးပြုနေသည်မှာ ယဲ့မိသားစု၏ အစွမ်းအထက်ဆုံး ‘ကမ္ဘာဦး မိုးကြိုးနတ်ဘုရား’ ပညာရပ်ဖြစ်ကြောင်း ရိပ်မိသွားသည်။ ထိုပညာရပ်က မည်မျှ အစွမ်းထက်ပါစေဦး၊ ကျင့်ကြံမှု အဆင့်ကြီးတစ်ဆင့် ကွာခြားနေမှုအား ချုံ့ပေးနိုင်ပါမည်လား။ ယွင်လောင်လျှိုလည်း မသေချာပေ။

“ကောင်စုတ်လေးနဲ့ ပတ်သက်ပြီး ရထားတဲ့ သတင်းတွေမှာ တစ်ခုခုတော့ လွဲချော်နေပြီ အဆိုးဆုံးကတော့ မြေခွေးအိုကြီး ယဲ့ကျန့်ထျန်းက ဒီကောင်စုတ်လေးကို သူတို့မိသားစုရဲ့ အစွမ်းထက်ဆုံး ကျင့်စဉ်ကို ပေးထားတာပဲ မင်းတို့အားလုံး တစ်ပြိုင်နက်တည်း တက်ပြီး ကောင်စုတ်လေးကို ဖမ်းကြ”

ယွင်လောင်လျှို၏ အမိန့်ပေးသံ အဆုံးတွင် ကြောင်ရပ်နေသူများ အားလုံး လှုပ်ရှားသွားကြပြီး သတိအပြည့်နှင့် ယဲ့ချန်အား အဘက်ဘက်မှ ဝိုင်းရံလိုက်ကြသည်။

အမွေးပွလေးသည် စိတ်တိုသွားသည့် အလား စူးရှစွာအော်ရင်း တစ်ဆက်တည်း ဆိုသလို ၎င်း၏ ပါးစပ် သေးသေးလေးထဲမှ မြူခိုးငွေ့များ အဆက်မပြတ် မှုတ်ထုတ် လိုက်လေသည်။ ထိုမြူခိုးငွေ့များသည် တစ်စထက်တစ်စ  သိပ်သည်း ထူထပ်လာပြီး အားလုံး၏ အမြင်အာရုံအား ပိတ်ဆို့သွားသည်။

“ငါ ဘာမှ မမြင်ရတော့ဘူး”

“သေစမ်း ငါလည်း မမြင်ရတော့ဘူး မဟုတ်မှလွဲရော ... ဒါက မှော်သားရဲတွေရဲ့ စိတ်အာရုံလှည့်စားတဲ့ ပညာရပ်များလား”

ယွင်မိသားစုမှ လူများအားလုံး ခဏတာ မျက်ကန်းများ ဖြစ်သွားကြစဉ် ယဲ့ချန်သည် မျက်လုံးများမှိတ်ကာ ဝိညာဉ်အသိအမြင်အား ဖော်ထုတ်လိုက်သည်။

မြူခိုးငွေ့များကြားထဲတွင် မလူးမလွန့်သာ ပိတ်မိနေသော ရန်သူများအား ကြည့်ရင်း ယဲ့ချန်၏ နှုတ်ခမ်းထောင့်စွန်း၌ မဲ့ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

‘ယဲ့မိသားစုကနေ ကြိုဆိုပါတယ် ဒီနေရာမှာ မင်းတို့ပျော်ရွှင်ကြဖို့ မျှော်လင့်တယ် ဘာလို့ဆို ငါက မင်းတို့ကို လွတ်မြောက်ခွင့် ပေးတော့မှာ မဟုတ်လို့ပဲ’

ယဲ့ချန်သည် မြူခိုးငွေ့များကြားတွင် လှပစွာ တစ်ပတ်ကျွမ်းပစ်လိုက်ပြီး ထျန်းချီအဆင့်၆ ကျင့်ကြံသူ နှစ်ယောက်ထဲမှ တစ်ယောက်အား မိုးကြိုးဟိန်းသံ လက်ဝါးချက်ဖြင့် ရိုက်ထုတ်လိုက်သည်။

ပစ်မှတ်၏ တုံ့ပြန်မှုက လျင်မြန်လှပြီး လေတိုးသံ ကြားသည်နှင့် ရှောင်တိမ်းရန် ကြိုးစားသော်လည်း ကံမကောင်းစွာပင် ထိုလူ၏ လှုပ်ရှားမှုက ယဲ့ချန်လောက် လျင်မြန်မနေခဲ့။ လက်ဝါးချက်သည် ထိုလူ၏ ဦးခေါင်းတည့်တည့်အား ထိမှန်သွားပြီး လေထဲသို့ လွင့်ပျံသွားကာ မြေပြင်သို့ ပြန်မကျခင်ပင် အသက်ထွက်သွားခဲ့သည်။

ယဲ့ချန်၏ မျက်လုံးတို့က ကျန်ရှိနေသော ရန်သူသုံးယောက်ထံ စူးရှစွာ ကြည့်သည်။

အချိန်မဆွဲတော့ပဲ ယဲ့ချန်သည် နောက်ထပ် ထျန်းချီအဆင့်၆ ကျင့်ကြံသူထံ ခုန်ဝင်သွားသည်။ ထိုတစ်ယောက်အားလည်း တစ်ချက်တည်းနှင့် အဆုံးသတ်ပေးလိုက်သည်။

“မင်း မကောင်းတဲ့ ကောင်စုတ်လေး သတ္တိရှိရင် ဒီသောက်ရေးမပါတဲ့ မြူခိုးငွေ့တွေကိုဖယ်ပြီး ယောကျ်ားပီပီသသ တိုက်စမ်းပါ”

ယွင်လောင်လျှိုသည် မျက်လုံးများက ဘာမှမမြင်ရသော်လည်း ကြားနေရသော အသံများအရ အခြေအနေ အရပ်ရပ်အား ရိပ်စားမိပြီး ဒေါသကြောင့် သွေးအန်လုမတတ် ဖြစ်နေရာက အော်ပြောလိုက်သည်။

ယွင်လောင်လျှိုသည် မြေပြင်အား ခပ်ပြင်းပြင်း တစ်ချက်ဆောင့်လိုက်ရာ မြေကြီး အပိုင်းအစများသည် အရပ်မျက်နှာ အဘက်ဘက်သို့ လွင့်ထွက်သွားသည်။ ယဲ့ချန်လည်း ရှောင်လိုက်ရရာ သူရပ်နေသော နေရာမှ အသံထွက်လာသည်။

ယွင်လောင်လျှို အနေနှင့် ယဲ့ချန် ရှိနေသည့်နေရာအား ခန့်မှန်း တိုက်ခိုက် နိုင်ပါသော်လည်း သူ၏ အမြင်အာရုံက လုံးဝ ပိတ်ဆို့ခံထားရရာ ယဲ့ချန်အဖို့ တစ်နေရာမှ တစ်နေရာသို့ တိတ်တဆိတ် ရွှေ့ပြောင်းရန် အလွန်လွယ်ကူလှသည်။

“ကျွန်တော်က ဘာမှမဟုတ်တဲ့ ခပ်တုံးတုံး ကောင်လေးပဲဟာ သူရဲကောင်းကြီးလည်း မဟုတ်ဘူးလေ … ဒီတော့ ကျွန်တော့်ဘာသာ ပုန်းနေတာပဲဖြစ်ဖြစ်၊ အလစ်ချောင်းပြီး တိုက်တာပဲဖြစ်ဖြစ် ပြဿနာရှိလို့လား”

ယဲ့ချန်က ခပ်တိုးတိုး ရယ်လိုက်ရင်း အလွန် အမြင်ကတ်ချင်စဖွယ် အသံနေ အသံထားဖြင့် ညစ်ပေါက်ကပ်ကျယ် ပြောလိုက်သည်။

ကျန်ရှိနေသော ရန်သူနှစ်ယောက် အနက် ယွင်လောင်လျှိုသည် အဓိကကျသူ ဖြစ်ကြောင်း ယဲ့ချန် ရိပ်စားမိသည်။ ထျန်းချီအဆင့်၈ ကျင့်ကြံသူ တစ်ယောက်အား ရင်ဆိုင်အနိုင်ယူရန်ဆိုပါက သူ့အနေနှင့် သာမန်နည်းလမ်းဟောင်းများ အပေါ်  မှီခို၍မရပေ။ ထိုသို့အတွေးနှင့် ယဲ့ချန်သည် လက်ပစ်ဗုံးတစ်လုံးအား ထုတ်ယူလိုက်သည်။ သူတို့က လျန်ယွင် တောင်တန်းဒေသ ပိုင်နက်ထဲတွင် မဟုတ်တော့ရာ လက်ပစ်ဗုံးမှ အသံကြောင့် အဆင့်မြင့် မှော်သားရဲများ ရောက်ရှိလာမည်ကို ဂရုစိုက်ရန် မလိုတော့ပေ။

ယွင်လောင်လျှိုသည် အုံ့ဆိုင်းနေသော မြူခိုးငွေ့များကြားထဲ စမ်းတဝါးဝါးဖြင့် ရှေ့သို့တိုးကြည့်သည်။ အချိန်ခဏ ကြာပြီးနောက် သူ့ထံသို့ တရွေ့ရွေ့ နီးကပ်လာနေသော တိုးညင်းလှသည့် အသံတစ်ခုအား ကြားလိုက်ရသည်။ သူလည်း ချက်ချင်းဆိုသလို သတိအနေအထား ဖြစ်သွားပြီး တိုက်ခိုက်တော့မည့် ဆဲဆဲ၌ ရင်းနှီးနေသော အသံအား ကြားလိုက်ရသည်။

“ဘယ်သူလဲ”

“ငါပါ”

တစ်ဖက်လူက ယွင်မိသားစုမှ လိုက်ပါလာသူ ဖြစ်နေ၍ ယွင်လောင်လျှို အလျင်အမြန် ပြန်ဖြေလိုက်ရသည်။

နှစ်ဦးသားသည် တိုင်ပင်စရာမလိုဘဲ အချင်းချင်း နီးကပ်စွာ ရပ်လိုက်ကြပြီး သတိအပြည့်နှင့် ပတ်ဝန်းကျင်အား ဆက်လက် စောင့်ကြည့်ကြသည်။

“ကောင်စုတ်လေးကတော့ ဒီလို မြူခိုးငွေ့မျိုး ထုတ်လွှတ်နိုင်မှာ မဟုတ်ဘူး ရှားပါးတဲ့ မှော်သားရဲ တစ်မျိုးမျိုးကို ယဉ်ပါးအောင် လုပ်ထားတာပဲနေမှာ ဒီသောက်ရေးမပါတဲ့ မြူခိုးငွေ့တွေကလည်း အဲဒီ့မှော်သားရဲရဲ့ မွေးရာပါစွမ်းရည်ပဲ ဖြစ်ရမယ်”

ယွင်လောင်လျှိုက အံကြိတ်လျက် ပြောလိုက်သည်။

ကမ္ဘာပေါ်တွင် စိတ်အာရုံ လှည့်စားခြင်း မွေးရာပါစွမ်းရည် ရှိသည့် မှော်သားရဲမျိုးစိတ်ပေါင်း များစွာ ရှိသော်လည်း ထိုမှော်သားရဲများအား ယဉ်ပါးစေကာ တိုက်ပွဲတွင် အသုံးချခြင်းကိုတော့ သူတို့ လုံးဝမကြားဖူးပေ။ ထို့ပြင် ယခုကဲ့သို့ ထျန်းချီအဆင့်၈ ကျင့်ကြံသူပင် မတွန်းလှန်နိုင်သော မြူခိုးငွေ့များ မှုတ်ထုတ်ကာ အမြင်အာရုံအား ပိတ်ဆို့နိုင်သည့် မှော်သားရဲသည် ကျိန်းသေပေါက် ရှားပါးအဖိုးတန် မျိုးစိတ်ကသာ ဖြစ်ရပေမည်။

ထိုနှစ်ယောက် စကားပြောနေစဉ်တွင်ပဲ ယဲ့ချန်သည် လက်ပစ်ဗုံးတစ်လုံးဖြင့် ၎င်းတို့ရပ်နေရာသို့ လှမ်းပစ်လိုက်ပြီ ဖြစ်သည်။

ယွင်လောင်လျှိုသည် သူတို့ရပ်နေရာသို့ တစုံတရာ ပျံဝဲလာသည်ကို အာရုံခံမိသော်လည်း အမည်းရောင် ဝေဝေဝါးဝါးသာ မြင်ရလေရာ ကျောက်တုံးတစ်တုံး ဖြစ်မည်ဟု ကောက်ချက်ချလိုက်ပြီး နှာခေါင်းရှုံ့လျက် ပြောမိသည်။

“ကောင်စုတ်လေး လှည့်ကွက်တွေ သုံးရတာ အားမရလို့ ကလေးကလား တွေ့ကရာ ကျောက်ခဲနဲ့တောင် ပစ်ပေါက်နေပြီပေါ့”

ယွင်လောင်လျှိုက စကားနှင့် ပြောရသည်မှာ အားမရ၍ထင်သည်။ တဖြည်းဖြည်း နီးကပ်လာနေသည့် ထိုအမည်းရောင် အရာအား ဖမ်းဆုပ်ရန် လက်မြှောက်လိုက်သည်။

ပထမဦးစွာ အလွန် ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထို့နောက် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မီးတောက်များမှာ တိုက်ပွဲဧရိယာ တစ်ဝိုက်အား ဝါးမျိုသွားသည်။ ယွင်လောင်လျှိုသည် ထိတ်ထိတ်ပျာပျာဖြင့် ထျန်းချီ အကာအကွယ်အား အသက်သွင်းလိုက် ပါသော်လည်း အလွန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ပြင်းထန်လှသော အားအင်ကြီး တစ်ခုက စုပ်ယူသွားသကဲ့သို့ လေထဲသို့ မြောက်တက်သွားတော့သည်။

ယွင်လောင်လျှို၏ အနီးတွင် ရှိနေခဲ့သော ထျန်းချီအဆင့်၇ ကျင့်ကြံသူသည်လည်း သိပ်တော့ အခြေအနေ မကောင်းလှ။ ထို့အပြင် အနှီကျင့်ကြံသူသည် ယွင်လောင်လျှိုကဲ့သို့ ထျန်းချီအကာအကွယ်အား အသက်သွင်းရန်ပင် အလျင်မမီခဲ့ရာ သူ့အခြေအနေက ပိုဆိုးသည်ဟု ပြောရမည်။ ထိုသူသည် ပြင်းထန်သော ပေါက်ကွဲမှုအားကြောင့် အနောက်ဘက်သို့ နှစ်ပေခန့် လွင့်စဉ်သွားပြီး မျက်နှာရှိ အသားစများ ပဲ့ပါသွားသည့်အပြင် အတွင်းကလီစာများ အထိ ထိခိုက်သွားလေရာ မြေပြင်နှင့် အရှိန်ပြင်းပြင်း မိတ်ဆက်ပြီးနောက် ဘယ်တော့မှ ပြန်ထ မလာနိုင်တော့ပေ။

ယွင်လောင်လျှိုသည်လည်း မြေပြင်ပေါ်သို့ ကိုးရိုးကားရား ပြုတ်ကျလာပြီး ချက်ချင်း အသက်မထွက် သွားသည့်တိုင် အခြေအနေ ကောင်းလှသည်တော့ မဟုတ်။ ယဲ့ချန် ပစ်လွှတ်လိုက်သည့် အရာမှာ ကျောက်တုံးတစ်ခု မဟုတ်ကြောင်း သူ နားလည်သွားပြီ ဖြစ်သည်။ ထိုအရာမှာ အသုံးမဝင်သော ကျောက်တုံးတစ်တုံး ဟုတ်မနေသည့်အပြင် ကြောက်မက်ဖွယ် အားပြင်းလှသည့် လက်နက်ပုန်းတစ်ခု ဖြစ်နေခဲ့သည်။ ထိုလက်နက်ပုန်းသည် သူ ဖမ်းမမိခင်၌ ပေါက်ကွဲသွား၍သာ တော်တော့သည်။ မဟုတ်ပါက ဆက်ပင် မတွေးဝံ့တော့ပေ။

သူ၏ ရင်ဘတ်တစ်ခုလုံးသည် မခံမရပ် နိုင်လောက်အောင် နာကျင်နေပြီး ထျန်းချီ အကာအကွယ်အား အချိန်မီ အသက်သွင်း လိုက်သည့်တိုင် အတွင်းကလီစာများအား ထိခိုက်သွားသေးသည်။ လက်ရှိအခြေအနေအား ပြန်တွေးမိသော် ယွင်လောင်လျှိုသည် တုံ့ဆိုင်းမနေတော့ပဲ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသေးသော ရှိစုမဲ့စု ထျန်းချီများအား စုဆောင်းကာ ထွက်ပြေးရန် ပြင်လေသည်။

“ခင်ဗျား ဘယ်ကိုမှ မသွားရပါဘူး”

ယဲ့ချန်သည် လက်နှစ်ဖက်အား နောက်ပစ်ရင်း အေးအေးဆေးဆေး ရှိဟန်နှင့် ယွင်လောင်လျှိုထံ လျှောက်လာသည်။ သူက လက်ပစ်ဗုံး တစ်လုံးအား အသုံးပြုပြီးဖြစ်ရာ နောက်ထပ်တစ်လုံး ထပ်မံ မဖြုန်းတီးလိုပေ။ တိုက်ပွဲဧရိယာ တစ်ဝိုက်ရှိ ပျက်စီးနေသော အခြေအနေအား သုံးသပ်ကြည့်လျှင် ယွင်လောင်လျှို၏ ဒဏ်ရာသည် မည်မျှအထိ ပြင်းထန်လိမ့်မည် ဖြစ်ကြောင်း အလွယ်လေးသိနိုင်သည်။

ကမ္ဘာဦး မိုးကြိုးခန္ဓာ …

ယဲ့ချန်သည် ကမ္ဘာဦး မိုးကြိုးခန္ဓာအား မိုးကြိုးဟိန်းသံ လက်ဝါးချက်နှင့် တွဲဖက်လျက် ယွင်လောင်လျှို၏ ကျောပြင်အား တည့်မတ်စွာ ရိုက်ချလိုက်သည်။ တိုက်ပွဲစပြီ ဆိုကတည်းက ယဲ့ချန်အနေနှင့် ပင်ပင်ပန်းပန်း ဘာမှ မလုပ်ရသေးရာ လောလောဆယ် သူ့တွင် အပေါဆုံးကား ထျန်းချီပါပင်။ ထို့ကြောင့်လည်း ကမ္ဘာဦး မိုးကြိုးခန္ဓာအား စိတ်ရှိလက်ရှိ ထုတ်ဖော် အသုံးပြုနိုင်သည်။

ယွင်လောင်လျှိုသာ လွတ်မြောက်သွားပါက ယဲ့ချန်၏ တချို့သော လျှို့ဝှက်ချက်များ အပါအဝင် အမွေးပွလေး အကြောင်းလည်း သတင်းပြန့်သွားမည် ဖြစ်ရာ ယဲ့ချန်က ယွင်လောင်လျှိုအား အလွတ်ပေးရန် စိတ်ကူးမရှိပေ။

ယွင်လောင်လျှိုသည် ဒယိမ်းဒယိုင်ဖြင့် ခြေလှမ်းများ လှမ်းနေပါသော်လည်း ခန္ဓာကိုယ်က သွေးထွက်လွန်နေသည့် အပြင် အမြင်အာရုံများပါ ဝေဝါးလာသည်။ ကူကယ်ရာမဲ့စွာဖြင့် သူ တွေးမိပါ၏။

‘ဒါက ငါ့ရဲ့ အဆုံးသတ်တဲ့လား ထျန်းချီအဆင့်၈ ကျင့်ကြံသူ တစ်ယောက်က ဘာမဟုတ်တဲ့ ကလေးတစ်ယောက် လက်မှာ သေရတော့မယ်တဲ့လား’

အနောက်ဘက်မှ တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသော လေတိုးသံကိုပင် ကြားနေရသည်။ နောက်ဆုံး အချိန် အခိုက်အတန့်တွင် ယွင်လောင်လျှို၏ အသိစိတ် တစ်ခုလုံးသည် ဗလာဖြစ်သွားပြီး ယဲ့ချန်အား အနိုင်ရလိုစိတ်သာ ကျန်ရှိတော့သည်။ ထို့ကြောင့် ယွင်လောင်လျှိုသည် တန့်ထျန်အတွင်း ရှိနေသေးသမျှသော ထျန်းချီတို့အား စုဆောင်းလိုက်ကာ နောက်ဆုံး တိုက်ကွက်ဖြင့် ခုခံလိုက်လေသည်။

ဘန်း …

ယဲ့ချန်သည် အနောက်ဘက်သို့ ခြေလှမ်း အတော်များများ ဆုတ်လိုက်ရပြီး ပါးစပ်အပြည့် သွေးများ အန်ထွက်လာသည်။ အတိအကျပြောရလျှင် ယွင်လောင်လျှို၏ တိုက်ခိုက်မှုကြောင့် အတွင်းအင်္ဂါတချို့ပင် ထိခိုက်သွားပြီး ညာဘက်လက်ရှိ သွေးကြောများ ရပ်ဆိုင်းသွားသလို ခံစားလိုက်ရသည်။ ယဲ့ချန်အဖို့ ထျန်းချီအဆင့်၈ ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအင်အား ယခုမှ နားလည်သွားရ၏။ ယွင်လောင်လျှိုသည် သေအံ့ဆဲဆဲ အခြေအနေတွင် ရှိနေသော်ငြား ဖိအားများ အောက်တွင် ထိုမျှပြင်းထန်သည့် တိုက်ခိုက်မှုကို ဖော်ထုတ်နိုင်သည်။

ရိုးရိုးသားသား ဝန်ခံရလျှင် ယဲ့ချန်သည် ထျန်းချီအဆင့်၈ ကျင့်ကြံသူ တစ်ယောက်နှင့် တစ်ခါမှ မတိုက်ခိုက်ဖူးလေရာ အမြင်ကျယ်သွားသည်ဟု ဆိုရမည်။

***

All Chapters