← Chapters

လေအရိပ်လက်သည်း

Vol. 3 Ch. 31

လေအရိပ်လက်သည်း

Vol. 3 Ch. 31

ယဲ့ချန်နှင့် မျက်နှာချင်းဆိုင်တွင် အသက်မျော့မျော့သာ ကျန်တော့သော ယွင်လောင်လျှို လဲကျနေသည်။ သူသည် ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျနေပြီး ခန္ဓာကိုယ် တစ်ခုလုံးရှိ ထျန်းချီများလည်း ခန်းခြောက်နေပြီ ဖြစ်သည်။ ထျန်းချီသာမက တစ်ကိုယ်လုံးရှိ အသက်ဓာတ်များပါ မရှိတော့သော အနေအထားတွင် ယွင်လောင်လျှိုကား ဆက်လက် တောင့်ခံထားနိုင်ခြင်း မရှိတော့ပဲ သူ၏ဦးခေါင်းမှာ မြေပြင်ပေါ်သို့ လဲကျသွားသည်နှင့် တစ်ပြိုင်နက် အသက်ပါ ပါသွားတော့သည်။

လက်ပစ်ဗုံးကြောင့်သာ မဟုတ်ပါက သူ့အဖို့ ထျန်းချီအဆင့်၈ ကျင့်ကြံသူ တစ်ယောက်နှင့် လုံးဝ မယှဉ်သာကြောင်း ယဲ့ချန် နားလည်လိုက်ရသည်။ ယွင်လောင်လျှို အတွက်ကတော့ ထျန်းချီအဆင့်၆သာ ရှိသော ကောင်လေးတစ်ယောက် လက်ထဲတွင် ရှုံးနိမ့်သွားရသည် ဟူသော အတွေးအား တမလွန်အထိ မကျေမနပ်ဖြင့် သယ်ဆောင်သွားရုံသာ တတ်နိုင်လိမ့်မည်။

ယဲ့ချန်သည် လျင်မြန်စွာဖြင့် ကုန်ဆုံးသွားသော ထျန်းချီများကို ပြန်လည် ဖြည့်တင်းလိုက်သည်။ တိုက်ပွဲအတွင်းမှ ပေါက်ကွဲသံ၊ ဆူညံသံများကြောင့် ပတ်ဝန်းကျင်ရှိ လူများ မကြာခင် ရောက်လာမည်မှာ မလွဲပေ။ ရောက်လာသူက မည်သူဖြစ်ပါစေ သူ့အနေနှင့် ဤနေရာမှ အမြန်ဆုံး ထွက်သွားနိုင်ဖို့ လိုပေသည်။

အိမ်သို့မပြန်ခင် ရန်သူများ၏ အလောင်းများထံမှ အဖိုးတန်လောက်မည့် ပစ္စည်းတို့အား သိမ်းယူရန်လည်း မမေ့ပေ။

ယဲ့ချန်ထွက်ခွာသွားပြီး သိပ်မကြာသော အချိန်အတွင်း တိုက်ပွဲဖြစ်ခဲ့သော နေရာသို့ ယွင်မိသားစုမှ လူများ ရောက်ရှိလာသည်။ ထိုသူတို့သည် ဆူဆူညံညံ ပေါက်ကွဲသံများ ကြားလျှင်ကြားချင်း ပြေးလွှားလာကြခြင်း ဖြစ်သော်လည်း ဤနေရာ၌ ယွင်လောင်လျှို၊ ယဲမော့ယန်နှင့် အခြားသူများ၏ အလောင်းတို့အား တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့။

ယွင်လောင်လျှို၏ အလောင်းတွင် ကျန်ရစ်သော ဒဏ်ရာ ဒဏ်ချက်များကို စစ်ဆေးရင်း ထိုသူတို့ မျက်နှာပျက်သွားကြသည်။

‘ထျန်းချီအဆင့်၉ ကျင့်ကြံသူရဲ့ လက်ချက်ပဲ’

ထိုသူတို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ ပြီးနောက် အလောင်းများအား သယ်ဆောင်ကာ ယွင်မိသားစုရဲတိုက်သို့ အလျင်အမြန် ပြန်သွားကြတော့သည်။

ထိုအချိန်တွင် လက်သည်တရားခံ ယဲ့ချန်သည်ကား ယဲ့မိသားစုရဲတိုက်၏ နံရံများအား တိတ်တဆိတ် ကျော်တက်ပြီး ကိုယ်ပိုင်ခြံဝန်းဆီသို့ အန္တရာယ်ကင်းစွာဖြင့် ပြန်ရောက်နေပြီ ဖြစ်သည်။

ကိုယ်လက် သန့်စင်ပြီးနောက် ယဲ့ချန်သည် ရန်သူများထံမှ သိမ်းယူလာခဲ့သော ပစ္စည်းတို့အား ထုတ်ယူ စစ်ဆေးလိုက်သည်။ အံ့ဩစရာ ကောင်းစွာပင် ယွင်လောင်လျှိုနှင့် ယဲ့မော့ယန်တို့၏ ပိုင်ဆိုင်မှုမှာ အလွန်သနားစရာ ကောင်းလောက်အောင် နည်းပါးသည့် ချီစုဆောင်း ဆေးလုံးများသာ ရှိသည်။ ယဲ့မော့ယန်၏ ပိုင်ဆိုင်မှုများထဲမှ သိုင်းကျမ်းတစ်ခု တွေ့လိုက်ရ၍ ယဲ့ချန် အံ့ဩသွားသည်။

‘မုန်တိုင်း အရိပ်လက်သည်း’

ယဲ့ချန် မျက်မှောင်ကြုတ်မိသည်။ ထိုပညာရပ်သည် တားမြစ်ပညာရပ် ဖြစ်သော်ငြား ယဲ့မိသားစု ပိုင်ဆိုင်သမျှထဲ၌ ‘ကမ္ဘာဦး မိုးကြိုးခန္ဓာ’ ပြီးလျှင် ဒုတိယ အစွမ်းအထက်ဆုံးဟု ဆိုနိုင်သည်။ သို့သော် ထိုပညာရပ်ကို လေ့ကျင့်လိုပါက ကြီးမားသော အလဲအလှယ်တစ်ခု လိုအပ်သည်။ အကြောင်းမှာ ထိုပညာရပ်အား လေ့ကျင့်သူတိုင်းသည် အဆင့်မြင့်လာသည်နှင့် အမျှ ဒေါသကြီးကာ ရုန့်ရင်း ကြမ်းတမ်းလာမည် ဖြစ်သည်။ ယဲ့မိသားစု ဘိုးဘေးများကတော့ ထိုပညာရပ်အား မလေ့ကျင့်သည်က အကောင်းဆုံးဖြစ်မည်ဟု ယူဆကာ တားမြစ်ပညာရပ် အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်တန်ရာ၏။

ယဲ့ချန်သည် အစပိုင်းတွင် သို့လော၊ သို့လောဖြစ်နေသော်ငြား သိလိုစိတ်က အသာရသွားပြီး အပေါ်ယံမျှ ဖတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဖတ်ကြည့်ပြီးနောက် ဤပညာရပ်ထဲမှ တချို့ ယူဆချက်များသည် သူ၏ သိုင်းပညာရပ်များ အပေါ်  နားလည် သဘောပေါက်မှုအား အထောက်အကူ ပြုနိုင်ကြောင်း သိလိုက်ရသည်။

တစ်ချိန်တည်းတွင် ယဲ့ချန်က ဤပညာရပ်များသည် လေ့ကျင့်သူများအား ထိန်းမနိုင်သိမ်းမရ ဒေါသကြီးကာ ရုန့်ရင်း ကြမ်းတမ်းစေသည့် အကြောင်းအရင်းအား နားလည်သွားသည်။ မုန်တိုင်း အရိပ်လက်သည်းအား လေ့ကျင့်သူများသည် ၎င်းတို့ကိုယ်ထဲရှိ ထျန်းချီများကို ပုံမှန်အတိုင်း မလှည့်ပတ်မီ ထိုက်ရန်အကြောဆုံသို့ ပို့ဆောင်ရသည်။ ထိုအကြောဆုံသည် လူတစ်ယောက်၏ အာရုံကြောများ အားလုံးကို ဖိနှိပ်ထားသည့်နေရာ ဖြစ်သည်။ အချိန်ကြာလာပါက လေ့ကျင့်သူများသည် ကိုယ်တိုင်းအင်္ဂါများ ပျက်စီးခြင်းကဲ့သို့ ကြီးကြီးမားမား ပြဿနာမျိုးနှင့် ကြုံတွေ့နိုင်သည်။

ရှင်းအောင် ပြောရလျှင် ယဲ့ချန်အနေနှင့် ဤပညာရပ်၏ ဆိုးကျိုးတို့အား ဖယ်ရှားရန် လေ့ကျင့်သည့် နည်းစနစ် အမှားတချို့ကို ပြုပြင်လိုက်ရုံသာ။

ထိုနည်းနှင့် မုန်တိုင်း အရိပ်လက်သည်း၏ အစွမ်းအစသည် နောက်တစ်ဆင့်သို့ ရောက်ရှိသွားမည့် အပြင် ဆိုးကျိုးလည်း ရှိတော့မည်မဟုတ်။

သို့နှင့် မုန်တိုင်း အရိပ်လက်သည်းထဲရှိ ဆိုးကျိုးဖြစ်စေသည့် လေ့ကျင့်နည်း အမှားတို့အား ပြုပြင်လိုက်ပြီးနောက် ယဲ့ချန်သည် ထျန်းချီများအား နည်းစနစ် အသစ်အတိုင်း လှည့်ပတ်လိုက်လျှင် ရွှေဝါရောင် အလင်းလုံးလေးတစ်လုံး လက်ဝါးအလယ်၌ ဖြစ်ပေါ်လာသည်။

ပြုပြင်ထားသော မုန်တိုင်း အရိပ်လက်သည်းကား မူလကကဲ့သို့ တားမြစ်ပညာရပ် လုံးဝ မဟုတ်တော့ပေ။ ပြောရလျှင် မူလထက်ပင် အစွမ်းထက်သွားပြီး အဆင့်၃နှင့် အထက်ဆင့် သိုင်းပညာရပ်များထဲ တွင်ပင် ပါဝင်သွားပြီ ဖြစ်သည်။

ယဲ့ချန်သည် ထျန်းချီများအား ‘ငြိမ့်ညောင်းလေပြေ’ ၏ နည်းစနစ်အတိုင်း လှည့်ပတ်လိုက်လျှင် ‘မုန်တိုင်း အရိပ်လက်သည်း’ ကို အသုံးပြုရသည်မှာ ပို၍ မြန်ဆန် လွယ်ကူလာသည်။ ထိုအချက်ကြောင့် ‘မုန်တိုင်း အရိပ်လက်သည်း’ သည် အနည်းဆုံး အဆင့်၄ရှိသည့် ပညာရပ်ဖြစ်သွားကြောင်း ယဲ့ချန် သေချာသွားသည်။ တစ်နည်းဆိုရလျှင် ‘ကမ္ဘာဦး မိုးကြိုးခန္ဓာ’ ထက်ပင် အစွမ်းထက်သွားပြီ ဖြစ်သည်။

[‘မိုးကြိုးအင်ပါယာ’ ‘ငြိမ့်ညောင်းလေပြည်’ နှင့်

 ‘ဆန်းကြယ်ရေခဲ’ တို့သည် ထျန်းချီကျင့်စဉ်များဖြစ်ကြပြီး ‘ကမ္ဘာဦးမိုးကြိုးခန္ဓာ’ နှင့်

‘မုန်တိုင်း အရိပ်လက်သည်း’ တို့သည်ကား သိုင်းကျင့်စဉ်များ ဖြစ်ကြသည်။]

ယဲ့ချန်တွေးမိ၏။

‘မုန်တိုင်း အရိပ်လက်သည်း ဆိုတာကြီးက တစ်မျိုးပဲ ... အခုကစပြီး လေအရိပ် လက်သည်းလို့ ခေါ်ရမယ်’

ထိုစဉ် အခြား အတွေးတစ်ခုက သူ့ခေါင်းထဲ ဝင်ရောက်လာသည်။

‘တကယ်လို့ တစ်နေ့မှာ ဒီလေအရိပ် လက်သည်းကို ရေခဲသဘာဝကျင့်စဉ် ဖြစ်တဲ့ ဆန်းကြယ်ရေခဲနဲ့ ပေါင်းစပ်နိုင်ခဲ့ရင် ဘယ်လိုဖြစ်မလဲ မသိဘူး’

ယဲ့ချန်သည် အတွေးရေယာဉ်ကြော မျောနေရင်းက သတိဝင်လာသည့်အခါ သူသည် လေအရိပ် လက်သည်းအား အပြည့်အဝ ကျွမ်းကျင်စွာ ထိန်းချုပ် အသုံးပြုနိုင်နေပြီ ဖြစ်ကြောင်း သိလိုက်ရ၍ ထခုန်မိမတတ် လန့်ဖျပ်သွားရသည်။ ပုံမှန် လူတစ်ယောက်သည် အဆင့်၄ ရှိသော သိုင်းကျင့်စဉ် တစ်ခုအား အပြည့်အဝ ထုတ်ဖော် အသုံးပြုနိုင်ရန် သုံး၊ လေးနှစ်ခန့် အချိန်ယူရသည်။ ပါရမီရှင်များ အတွက်ပင် ခြွင်းချက်မရှိပေ။ တချို့ နားလည် သဘောပေါက်နိုင်စွမ်း အားနည်းသည့် ကျင့်ကြံသူများဆိုလျှင် ဆယ်နှစ်နှင့်အထက် အချိန်ယူပြီးမှ အပြည့်အဝ ကျွမ်းကျင်စွာ အသုံးပြုနိုင်ကြသည်။

မယုံနိုင်စရာ အမြန်နှုန်းကြောင့် ယဲ့ချန်သည် မျက်တောင်များ ပုတ်ခပ်၊ ပုတ်ခပ် လုပ်မိရင်း ကိုယ့်ကိုယ်ကိုယ်ပင် သံသယ ဝင်လာရသည်။

‘မဟုတ်မှလွဲရော ကြယ်တာရာ ဘုံကိုးလွှာရဲ့ ကဏ္ဍကိုးမျိုးထဲက သုံးမျိုးရဲ့ ပထမအဆင့်ကို အောင်မြင်ပြီးတဲ့နောက် ရလာတဲ့ အကျိုးကျေးဇူးများလား’

ယဲ့ချန်သည် ဤပြုပြင်ထားသော ကျင့်စဉ်အား သူ့ဖခင်ထံ ပြန်အပ်နှံရန် တွေးထားသည်။ သို့သော် အချို့သော ခက်ခဲသည့် နေရာများအား အပြောင်းအလဲ အနည်းငယ် လုပ်ဖို့တော့ လိုသေးသည်။ မိသားစုထဲရှိ ဘယ်သူကမှ ‘ငြိမ့်ညောင်းလေပြည်’ အား လေ့ကျင့်ထားခြင်း မရှိရာ ‘လေအရိပ် လက်သည်း’ ကို လေ့ကျင့်ရခြင်းက ထိုမျှ လွယ်လိမ့်မည်မဟုတ်။

ရုတ်တရက် ဘေးဘက်တွင် တိတ်တဆိတ် ရှိနေခဲ့သော အမွေးပွလေးက အသံတစ်ချက် ပြုလာသည်။

ယဲ့ချန်လည်း အမွေးပွလေးထံ ငုံ့ကြည့်မိသော် အကောင်ပေါက်လေး၏ ပုလဲနက်သဖွယ် မျက်လုံး တောက်တောက်လေးများက တစ်နေရာသို့ စိုက်ကြည့်နေသည်ကို တွေ့ရသည်။

“ဒါကို ရှာနေတာလား”

ယဲ့ချန်သည် ခါးတွင်ချိတ်ထားသော ကောင်းကင် ပထဝီအိတ်အား လှုပ်ယမ်းပြလိုက်သော် အမွေးပွလေးကား မတုံ့ပြန်ပဲ တိတ်ဆိတ်ခြင်းဖြင့် ဝန်ခံသည်။ ယဲ့ချန်လည်း ကောင်းကင် ပထဝီအိတ်အား ခါးမှ ဖြုတ်ယူကာ အမွေးပွလေးရှေ့သို့ ချထားပေးလိုက်သည်။

ကောင်းကင်ပထဝီအိတ် အတွင်း၌ အဖိုးမဖြတ်နိုင်သည့် ကျင့်စဉ်စာအုပ် သုံးအုပ်အပြင် တန်ဖိုးကြီး ဆေးဝါးများလည်း ပါဝင်လေရာ မည်သူမဆို လိုချင်တပ်မက်မိမှာ ဖြစ်သည်။ သို့ဖြစ်သော်ငြား ထိုအိတ်အား အမွေးပွလေး၏ မျိုးနွယ်မှ ပိုင်ဆိုင်ရာ အမွေးပွလေးသာ လိုချင်ပါက ယဲ့ချန်ကလည်း မပေးလိုက်နိုင်စရာ အကြောင်း မရှိပေ။

အမွေးပွလေးသည် ကောင်းကင် ပထဝီအိတ်အတွင်းရှိ စာအုပ်သုံးအုပ် အနက်မှ တစ်အုပ်အား ထုတ်ယူလိုက်ကာ ရတနာတပါးအလား လက်များကြားထဲ ပွေ့ပိုက်ထားလေသည်။ ထိုစာအုပ်ကား ‘မှော်သားရဲကျင့်စဉ် ကောင်းကင် လမ်းညွှန်’ ဟူသည့် စာအုပ်ဖြစ်သည်။

စာအုပ်၏ ပထမစာမျက်နှာ အချို့သည် လူသားများ အသုံးပြုသည့် အရေးအသား အတိုင်း ရေးသားထားသော်လည်း အလယ်သို့ ရောက်လာသော် တဖြည်းဖြည်း နားလည်ရခက်သည့် အရေးအသားမျိုး ဖြစ်လာသည်။ သို့သော် ယဲ့ချန်အဖို့ ကြိုးစားကာ ဖတ်နိုင်သေးသည်။ စာအုပ်၏ နောက်ပိုင်း စာမျက်နှာများသို့ ရောက်လာသည်တွင်မူ လုံးဝကို ခေါင်းနောက်စေသည့် ဟိုခြစ်သည်ခြစ် အရေးအသားမျိုး ဖြစ်လာသည်။ အမွေးပွလေးနှင့် ယဲ့ချန် စတွေ့ခဲ့စဉ်က ထိုအကောင်ပေါက်လေး အသုံးပြုခဲ့သည့် အရေးအသားပုံစံမျိုး ဖြစ်သည်။ ယဲ့ချန်သည် ခေါင်းတစ်ခုလုံး ချာလပတ်ယမ်းသည့် အထိ ကြိုးစားကာ ဖတ်ကြည့်ပါသော်လည်း တစ်လုံးမှ နားမလည်ပေ။

‘မှော်သားရဲကျင့်စဉ် ကောင်းကင်လမ်းညွှန်’ စာအုပ်အား ရယူပြီးနောက် အမွေးပွလေးသည် ကောင်းကင် ပထဝီအိတ်အား အနည်းငယ်မျှပင် စိတ်မဝင်စားတော့သည့် အလား ယဲ့ချန်ဘက်သို့ ပြန်တွန်းပို့သည်။

“နေပါဦး ... အိတ်ထဲက ကျန်တာတွေ အကုန်လုံးက ငါ့ကိုပေးတာလား”

ယဲ့ချန်သည် မယုံကြည်နိုင်စွာ မေးမိပါ၏။

အမွေးပွလေးကား ထူးမခြားနားဟန်ဖြင့် ခေါင်းညိတ်ပြသည်။

လူငယ်လေးသည် အံ့ဩမှုတစ်ဝက်ဖြင့် ပျော်ရွှင်မှုတစ်ဝက်ဖြင့် တိတ်ဆိတ်သွားရသည်။

‘ပိုင်ရှင်ဖြစ်တဲ့ အမွေးပွလေး ကိုယ်တိုင်က လိုလိုချင်ချင် ပေးနေမှတော့ ငါကလည်း ငြင်းစရာ အကြောင်း မရှိနေပါဘူး ဟုတ်တယ်မလား’

ထို့အပြင် အိတ်ထဲ၌ ကျန်ရှိနေသည့် ပစ္စည်းများသည် အမွေးပွလေးအတွက် အသုံးဝင်ခြင်းမရှိပါ။ အပြန်အလှန် အနေနှင့် မျိုးနွယ်တစ်ခုလုံးအား ဆုံးရှုံးလိုက်ရသော အမွေးပွလေးအား ယနေ့မှစ၍ သူကိုယ်တိုင် စောင့်ရှောက် ပေးသွားရပေမည်။

စာအုပ်အား ရရှိပြီးနောက် အမွေးပွလေးသည် ပျော်ရွှင်စွာနှင့် အိပ်ရာထောင့်စွန်းသို့ သွားကာ စာမျက်နှာများကို လှန်လှော ဖတ်ရှုနေတော့သည်။ စာအုပ်ဖတ်နေချိန်၌ အမွေးပွလေး၏ မျက်နှာထက်ရှိ အလေးအနက် ဖြစ်နေသော အမူအရာကြောင့် ယဲ့ချန်သည် မရည်ရွယ်ပါပဲ သဘောတကျ ပြုံးမိသည်။ အမွေးပွလေးကား အမှန်ပင် လူသား တစ်ယောက်နှင့် တူလွန်းလှသည်။

‘မှော်သားရဲကျင့်စဉ် ကောင်းကင်လမ်းညွှန်’ မှလွဲ၍ ကျန်စာအုပ် နှစ်အုပ်သည် ယဲ့ချန်အတွက် အလွန်အသုံးဝင်သည်။ ဥပမာ- ‘မဟာအဂ္ဂိရတ်ပညာ’ စာအုပ်တွင် မရေမတွက်နိုင်သော ဆေးလုံး ဖော်စပ်နည်းများ ပါဝင်သည်။ လူသိများသည့် ချီစုဆောင်း ဆေးလုံးမှစ၍ ချီအဆီအနှစ်ဆေးလုံး၊ ကွမ်းရှီဆေးလုံးအပြင် ယဲ့ချန် ကြားပင်မကြားဖူးသော ဆေးအများအပြား၏ ဖော်စပ်နည်းများလည်း တွေ့ရသည်။

ကျင့်ကြံခြင်း လောကတွင် ဆေးလုံးများ ဖော်စပ်ရောင်းချသည့် ဆေးဝါးပညာရှင်များသည် ချမ်းသာမှု၏ ပြယုဂ် ဖြစ်သည်။ အခြေခံ ချီစုဆောင်း ဆေးလုံးလောက်သာ ဖော်စပ်နိုင်သော ဆေးဝါးပညာရှင် ပေါက်စ တစ်ယောက်၏ တနှစ်ဝင်ငွေကပင် ယဲ့မိသားစု နှစ်ပေါင်းများစွာ ရှာဖွေရမည့် ဝင်ငွေပမာဏနှင့် ညီမျှသည်။

သို့သော်လည်း ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာဖို့ရာ တင်းကြပ်သော ကန့်သတ်ချက်များ ရှိနေသည်။ မဟုတ်ပါက ဆေးဝါးပညာရှင်များ မှိုလိုပေါများနေပြီး ကျင့်ကြံခြင်း လောကတစ်ခုလုံး ချမ်းသာကြွယ်ဝ နေပေရော့မည်။

အဆင့်အနိမ့်ဆုံး ဆေးဝါးပညာရှင် တစ်ယောက်သည်ပင် အနည်းဆုံး ထျန်းချီအဆင့်၆ ကျင့်ကြံဆင့်တွင် ရှိရန်လိုသည်။ ထို့ပြင် မီးသဘာဝကျင့်စဉ်အား အလေးပေး လေ့ကျင့်သော ကျင့်ကြံသူဆိုပါက ဆေးဝါးပညာရှင် ဖြစ်လာရန် အလားအလာ ပိုကောင်းသည်။ ထိုအဆင့်များ အားလုံးကို ဖြတ်ကျော်ပြီးလျှင်တောင် လက်တဆုပ်စာ ပမာဏသော လူများသည်သာ ကျွမ်းကျင်အဆင့် ဆေးဝါးပညာရှင်များ ဖြစ်လာနိုင်ကြသည်။ အချုပ်ဆိုရသော် ဆေးဝါးပညာရှင် တစ်ယောက်သည် လက်ဖျား ရွှေသီးသော်ငြား ထိုက်သင့်သလောက် ပေးဆပ်မှုတို့ ပြုလုပ်ပြီးမှသာ အောင်မြင်မှု လမ်းကြောင်းပေါ်သို့ ခြေချနိုင်ကြခြင်း ဖြစ်သည်။

ထို့ကြောင့် တုန်းလင်ပြည်နယ် တစ်လွှားတွင် လူဦးရေ သန်းပေါင်း ၁၀၀ခန့် မှီတင်းနေထိုင်ကြသော်လည်း တစ်နှစ်၊ တစ်နှစ် ပေါ်ထွက်လာနေသော ဆေးဝါးပညာရှင် အသစ်လေးများ၏ အရေအတွက်မှာ ဘယ်တုန်းကမှ တစ်ဒါဇင်ထက် မကျော်ဖူးခဲ့ပေ။

အကယ်၍ ယဲ့မိသားဝင်များထဲမှ တစ်ယောက်ယောက်ကသာ ဆေးဝါးပညာရှင် ဖြစ်နိုင်ခဲ့ပါက မိသားစု၏ အဆင့်အတန်းမှာ မိုးထိအောင် မြင့်တက် သွားလောက်ပေသည်။

ယဲ့ချန်သည် ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာလျှင် ရရှိမည့် အကောင်းအဆိုး၊ အကျိုးအပြစ်တို့အား ချင့်ချိန်နှိုင်းဆနေမိသည်။ ပြောရလျှင် သူ့အတွက် ဆေးဝါးပညာရှင်တစ်ယောက် ဖြစ်လာရန်မှာ ခက်ခဲလှသည်တော့ မဟုတ်။ ‘မဟာအဂ္ဂိရတ်ပညာ’ စာအုပ် ရှိနေ၍ ပိုလို့လွယ်ကူရန်သာ ရှိသည်။

ထို့ပြင် ပါရမီအရာတွင်လည်း ယဲ့ချန်သည် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိသည်။ တစ်ခုတည်းသော လိုအပ်ချက်ဟူ၍ မီးသဘာဝစွမ်းအင်သာ ရှိသည်။ ကြယ်တာရာဘုံကိုးလွှာ၏ ကဏ္ဍကိုးမျိုးတွင် မီးသဘာဝစွမ်းအင်ကျင့်စဉ် ပါဝင်သော်လည်း သူ့အနေနှင့် ထိုအပိုင်းတွင် မည်မျှ ပေါက်ပေါက်ရောက်ရောက် လေ့ကျင့်နိုင်မည်ကိုကား မသေချာပါ။

ထို့နောက်တွင် ယဲ့ချန်၏အာရုံသည် ကောင်းကင်ပထဝီအိတ် အတွင်းရှိ အမျိုးအမည် မသိရသေးသော ကြက်သွေးရောင် ဆေး၂လုံးထံ ရောက်ရှိသွားသည်။ ‘မဟာအဂ္ဂိရတ်ပညာ’ အား လှန်လှောဖတ်ရှုပြီးနောက် ထိုဆေး၂လုံးမှာ ‘ခြင်ဆီသန့်စင်ဆေးလုံး’များ ဖြစ်ကြောင်း ယဲ့ချန် သိခဲ့ရသည်။ စာအုပ်ထဲတွင် ဖော်ပြထားချက်အရ ခြင်ဆီသန့်စင်ဆေးလုံးသည် ကြက်သွေးရောင် အရောင်အဆင်းဖြင့် ခိုဥတဥ၏ အရွယ်အစားခန့်ရှိပြီး ဆေးမြစ်ပေါင်း ၃၂မျိုးမှ ဖော်စပ်ထားသည်ဟု သိရသည်။

ကျင့်ကြံသူအများစုသည် အသက်၁၈နှစ်၌ ထျန်းချီအဆင့်၇အား မကျော်ဖြတ်နိုင်ပါက အဓိကသွေးကြောမများ၌ စွမ်းအင်ခမ်းခြောက်ကာ ပိတ်ဆို့လာခြင်းကဲ့သို့သော အခက်အခဲမျိုး ကြုံရတတ်သည်။ သို့ဆိုလျှင် ကျင့်ကြံရာတွင်လည်း တိုးတက်ခြင်းမရှိတော့ဘဲ ရောက်ရာအဆင့်၌ တစ်နေတော့သည်။ သို့သော် ‘ခြင်ဆီသန့်စင်ဆေးလုံး’ က ထိုပြဿနာအား ဖြေရှင်းပေးနိုင်သည်။ ‘ခြင်ဆီသန့်စ်ဆေးလုံး’သည် ပိတ်ဆို့နေသော အဓိကသွေးကြောမများကို ချဲ့ထွင်ပေးနိုင်ပြီး အသက်၁၃၊ ၁၄နှစ် အရွယ်ကကဲ့သို့ စွမ်းအင်ပြည့်ဖြိုးလာအောင် စွမ်းဆောင်ပေးနိုင်သည်။

‘ဒီတော့ ဒါက အဆင့်မြင့်မိသားစုကြီးတွေ အနေနဲ့တောင် ဝယ်ချင်တိုင်း ဝယ်လို့မရတဲ့ ဒဏ္ဍာရီလာ ခြင်ဆီသန့်စင်ဆေးလုံးပေါ့’

ယဲ့ချန်လည်း အနည်းနှင့်အများတော့ အံ့ဩရသည်။ ‘ခြင်ဆီသန့်စင်ဆေးလုံး’ ၏ တန်ဖိုးကား ကွမ်းရှီဆေးလုံးနှင့်ပင် ယှဉ်မရပေ။

ကွမ်းရှီဆေးလုံးသည် ပျက်စီးနေသော အဓိကသွေးကြောမများအား ကုသပေးနိုင်သည် ဆိုပါလျှင် ခြင်ဆီသန့်စင်ဆေးလုံးသည်ကား သာမန်လူတစ်ယောက်အား ပြာပုံထဲမှ တိုးထွက်လာသော ဖီးနစ်ငှက်အသွင် ပြောင်းပေးနိုင်သည်ဟု ဆိုရပေမည်။

ရုတ်ခြည်းဆိုသလို ယဲ့ချန်သည် သူ၏ချစ်လှစွာသော အစ်ကိုနှစ်ယောက် ဖြစ်ကြသည့် ယဲ့မူနှင့် ယဲ့ဖုန်းတို့အား သတိရမိသွားသည်။ သူတို့နှစ်ဦးလုံးသည် ၁၈နှစ် ကျော်နေကြပြီဖြစ်ကာ အဓိကသွေးကြောမများ ခမ်းခြောက် ပိတ်ဆို့နေသည့် ပြဿနာကို ရင်ဆိုင်နေရသည်။ ‘ခြင်ဆီသန့်စင်ဆေးလုံး’၏ အကူအညီနှင့် ဆိုပါက သူတို့နှစ်ဦးလုံး ကျင့်ကြံရာတွင် ဒုတိယအကြိမ်မြောက် အခွင့်အရေးကို ဖမ်းဆုပ်နိုင်ပေလိမ့်မည်။

အစ်ကိုနှစ်ဦးသည် သူ့အား မည်မျှ ချစ်ခင်ကြင်နာ၍ အရေးပေးသည်ကို ပြန်တွေးမိသော် ယဲ့ချန်၏မျက်နှာပေါ်ရှိ အပြုံးမှာ ပိုလို့အသက်ဝင်လာရသည်။ နောက်ဆုံးတွင်တော့ သူသည် အစ်ကိုနှစ်ဦး၏ သူ့အပေါ်  ကြင်နာမှုတို့အား ပြန်လည်ပေးဆပ်ရန် အခွင့်အရေး ကြုံလာခဲ့ပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဆေးဝါးပညာရှင်တစ်ယောက် ဖြစ်လာရန်မှာ အရင်ဦးဆုံး မီးသဘာဝ စွမ်းအင်ကျင့်စဉ်အား လေ့ကျင့်ရမည် ဖြစ်၍ ယဲ့ချန်သည် ‘မဟာအဂ္ဂိရတ်ပညာ’အား ခဏတာ ဘေးပို့ထားလိုက်သည်။

ထို့နောက် ယဲ့ချန်၏ အာရုံအလုံးစုံက နောက်ဆုံးကျန်ရှိသည့် စာအုပ် — ‘စကြဝဠာလက်ဝါး’ ထံ ရောက်ရှိသွားသည်။

***

All Chapters