ခေါင်းဆောင်ငါးဦး ဆိုက်ရောက်လာ
Vol. 3 Ch. 32
‘စကြဝဠာလက်ဝါး’ သည် ပဟေဠိဆန်သော ကျင့်စဉ်တစ်ခုဖြစ်ပြီး ၎င်းနှင့် ခေတ်ပြိုင်ပေါ်ထွန်းခဲ့သည့် ထျန်းချီအဆင့်၆၊ အဆင့်၇၊ အဆင့်၈ ကျင့်စဉ်များထက် များစွာသာလွန်သည်ဟု ဖော်ပြထားသည်။
ထိုသို့ဆိုသော်ငြား ... ၎င်းအား ‘ကြယ်တာရာဘုံကိုးလွှာ’ နှင့် နှိုင်းယှဉ်ရပါလျှင်မူ မှီနိုင်ဖို့ရာ အလွန်ဝေးကွာနေသေးသည်က သေချာပါ၏။
ဤလောက၌ ‘ကြယ်တာရာဘုံကိုးလွှာ’ ထက် သာလွန်သော ကျင့်စဉ်တစ်ခုအား ရှာဖွေခြင်းမှာ ဆင်ကန်းတောတိုးသကဲ့သို့ အရူးတစ်ယောက်၏ အဆင်အခြင်မဲ့ လုပ်ရပ်နှင့်သာ တူပေလိမ့်မည်။
‘စကြဝဠာလက်ဝါး’ အကြောင်း ပြန်သွားရသော် ထိုကျင့်စဉ်စာအုပ်တွင် မတူညီသော သိုင်းပညာရပ်၆မျိုး ပါဝင်သည်။ ထိုသိုင်းပညာရပ်၆မျိုးသည် အနည်းဆုံး အဆင့်၆ ပညာရပ်များ ဖြစ်ပြီး တချို့မှာ အဆင့်၈ခန့် ဖြစ်လောက်မည်ဟု ခန့်မှန်းရသည်။
ယခုလောလောဆယ် ယဲ့ချန်အတွက် ဤစာအုပ်ထဲရှိ သိုင်းပညာရပ် ၆မျိုးအား လေ့ကျင့်ရန်မှာ ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်သကဲ့သို့ ဖြစ်မည်ကို စိုးရသည်။ လေးလေးနက်နက် စဉ်းစားပြီးသည့်နောက် ယဲ့ချန်သည် ဤသိုင်းပညာရပ် ၆မျိုးအား ကြယ်တာရာဘုံကိုးလွှာ၏ ကဏ္ဍကိုးမျိုးလုံးကို ကျင့်ကြံအောင်မြင်ပြီးကာမှ လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ယဲ့ချန်သည် ‘မဟာအဂ္ဂိရတ်ပညာ’ နှင့် ‘စကြဝဠာလက်ဝါး’ နှစ်အုပ်လုံးအား အသေအချာ သိမ်းဆည်းထားလိုက်သည်။
‘လောလောဆယ် ငါ့အနေနဲ့ ကြယ်တာရာဘုံကိုးလွှာထဲက ကဏ္ဍကိုးမျိုးလုံးရဲ့ ပထမအဆင့်ကို အောင်မြင်အောင် ကြိုးစားဖို့ပဲ အာရုံစိုက်ထားရမယ်’
ထိုသို့အတွေးနှင့် ယဲ့ချန်သည် စတင် လေ့ကျင့်လိုက်သကဲ့သို့ အမွေးပွလေးသည်လည်း တကိုယ်တည်း တိတ်ဆိတ်စွာ လေ့ကျင့်လျက်ရှိသည်။
ယဲ့ချန်သည် အိပ်ယာထက်၌ ခြေချိတ်ထိုင်လိုက်ပြီး မျက်လုံးများမှိတ်ကာ သဘာဝစွမ်းအင်လေးမျိုးအား တပြိုင်နက် လှည့်လည်လိုက်သည်။ ရေခဲ၊ လေ၊ မိုးကြိုး၊ အလင်း — ထိုစွမ်းအင်လေးမျိုးအား စုပေါင်း၍ ‘သဘာဝစွမ်းအင်ကြီးလေးမျိုး’ ဟု ခေါ်ဆိုသမုတ်ကြသည်။
လှည့်လည်သည့်အကြိမ်ရေ များလာသည်နှင့်အမျှ ယဲ့ချန်သည် သူ့ခန္ဓာကိုယ်အတွင်း၌ ဝဲကတော့ကဲ့သို့ အဆက်မပြတ်ဘဲ လျင်မြန်စွာ လည်ပတ်နေသည့် စွမ်းအင်လေးမျိုးအား ခံစားမိသည်။ အသိစိတ်ထဲရှိ ဓားထံကလည်း အဆုံးမရှိသော ထျန်းချီလှိုင်းလုံးကြီးများအား စဉ်ဆက်မပြတ် ထောက်ပံ့ပေးနေသည်။
အမွေးပွလေးသည် မျက်လုံးမှိတ်ကာ လေ့ကျင့်နေသော ယဲ့ချန်ဘက်သို့ တစ်ချက်လှမ်းကြည့်ပြီး စာအုပ်ဖတ်နေခြင်းအား ရပ်တန့်လိုက်သည်။ စိတ်အားထက်သန်စွာနှင့် ယဲ့ချန်အနီးသို့ တိုးကပ်လာပြီး ယဲ့ချန်၏ကိုယ်မှ စိမ့်ထွက်လာသော အသန့်စင်ဆုံး ထျန်းချီများအား ပျော်ပျော်ကြီး စုပ်ယူပါတော့သည်။ အမွေးပွလေးက ထိုသို့ စုပ်ယူနေသည့်တိုင် ပိုလျှံနေသေးသော ထျန်းချီများသည် ယဲ့ချန်၏အခန်းထဲမှတဆင့် ခြံဝန်းအနှံ့ ပျံ့လျက် ဆက်ခံသူခြံဝန်းသည် အခြားခြံဝန်းများထက် ထျန်းချီကြွယ်ဝသော နေရာတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာတော့သည်။
မိသားစုခေါင်းဆောင် ခြံဝန်း၌။
“ခုနလေးက ရဲတိုက်အပြင်ဘက်မှာ ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရတယ် မဟုတ်မှလွဲရော ချန်အာက သူ့ရဲ့ ... ဘာတဲ့ လက်ပစ်ဗုံးဆိုလား အဲဒါတွေကို ထပ်ပြီး စမ်းသပ်နေတာတော့ မဟုတ်လောက်ပါဘူးနော်”
ယဲ့ကျန့်လုံက ရယ်ရင်း ပြောသည်။
သူသည် ထိုအသံကျယ်ကြီးအား ကြားလိုက်ရစဉ် ယဲ့ချန် ပထမဦးဆုံး ထိုလက်ပစ်ဗုံးများအား စပ်းသပ်သည့် အချိန်အား ပြန်မတွေးမိပဲ မနေနိုင်ပါချေ။ ထိုနေ့က မိသားစု တစ်စုလုံးမှ အကြီးအကဲများ ထိတ်ထိတ်ပျာပျာနှင့် ဆက်ခံသူခြံဝန်းသို့ ပြေးသွားခဲ့ရသည်လေ။
“အဖေတစ်ယောက် အနေနဲ့ ချန်အာ့မှာ အဲဒီလို ထွေလီကာလီ ဝါသနာမျိုး ရှိနေတာကို တားဆီးသင့်တယ်လို့ တွေးမိတယ် မတော်လို့ ဒီလိုဝါသနာတွေကြောင့် ကျင့်ကြံတဲ့နေရာမှာ နှောင့်နှေးသွားရရင် မခက်ပေဘူးလား”
ယဲ့ကျန့်ထျန်းသည် အထက်ပါစကားအား ရေရွတ်ရင်း သက်ပြင်းချပါ၏။ ထို့နောက် စကားဆက်သည်။
“ထမင်းစားဆောင်မှာ တွေ့တော့မှ ချန်အာ့ကို နားချကြည့်ရမယ်”
“စိတ်အေးအေးထားပါ ဒီလိုကိစ္စလေးအတွက် ချန်အာ့ကို စိတ်ရှုပ်စေဖို့ မလိုပါဘူး ချန်အာ့ကြောင့်သာ မဟုတ်ရင် ငါတို့အနေနဲ့ မိုးကြိုးအင်ပါယာလို အစွမ်းထက် ကျင့်စဉ်မျိုးကို ဒီတစ်သက် လေ့ကျင့်နိုင်လိမ့်မယ် မထင်ဘူး”
ယဲ့ချိန်ရွှမ်းက ပြောလာသည်။
သူတို့အားလုံး၏ ကျင့်ကြံခြင်းသည် ဤရက်ပိုင်းအတွင်း များစွာတိုးတက်ခဲ့သည်။ ယွင်ရိရန်တို့ တစ်သိုက်အား ယှဉ်နိုင်ရန်ပင် ဘယ်လောက်မှ မလိုတော့သလို ခံစားရသည်။ မိုးကြိုးအင်ပါယာ ကျင့်စဉ်ဖြင့် ယဲ့မိသားစု ပြန်လည်ဦးမော့နိုင်မည့် နေ့ရက်များကား ရောက်ရှိ လာပေတော့မည်။
ယဲ့ကျန့်လုံကလည်း အပြုံးတစ်ခုနှင့် သူ့အစ်ကိုအား ပြောသည်။
“တကယ်တော့ ချန်အာရဲ့ ဝါသနာက အရမ်း ဆိုးရွားနေတာလည်း မဟုတ်ပါဘူး လက်ပစ်ဗုံးဆိုတဲ့ အရာက မိသားစုအတွက် အကျိုးပြုလာမှာပါ အစ်ကိုကြီးကသာ အစိုးရိမ်လွန်နေတာ”
“လက်ပစ်ဗုံးဆိုတဲ့ အရာက အရမ်းအသုံးဝင်တာ မှန်ပါတယ် ဒါပေမဲ့ တကယ့်ထျန်းချီအဆင့်၉ ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်လာရတဲ့အခါ ကူညီပေးနိုင်တာ သိပ်မရှိဘူး … ပြီးတော့ ချန်အာက အရမ်းထက်မြက်တော့ သူ ထျန်းချီအဆင့်၁၀ ဒါမှမဟုတ် အဲဒီထက်ပိုမြင့်တဲ့ အဆင့်တစ်ခုထိ ရောက်တာကို ငါမသေခင် မြင်သွားချင်သေးတယ်လေ”
ယဲကျန့်ထျန်းက သက်ပြင်းချရင်း ပြောသည်။
“အဲဒါကြောင့် ချန်အာရဲ့ ကျင့်ကြံခြင်းမှာ အဲဒီ့ ‘ဝါသနာ’ ဆိုတဲ့ဟာကြီး ဝင်ရှုပ်သွားမှာကို စိုးတာပါ”
ထိုအရာမှာ မိဘတစ်ယောက်၏ သားသမီးများအပေါ် စိုးရိမ်လွန်ကဲခြင်းမျိုး ဖြစ်လေရာ ကျန်သူများကလည်း နားလည်စွာဖြင့် ဘာမှ ထပ်မပြောကြတော့ပေ။
နာရီပေါင်းများစွာ ကုန်ဆုံးသွားသည်။ ယဲ့ချန်သည် ကြယ်တာရာ ဘုံကိုးလွှာ၏ ကဏ္ဍကိုးမျိုးထဲမှ လေးခုမြောက်ကျင့်စဉ် ‘အလင်းဝိညာဉ်’ ပထမအဆင့်အား အောင်မြင်လုနီးနီး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ငါးခုမြောက်အနေနှင့် သဘာဝစွမ်းအင် တစ်မျိုးကို ရွေးချယ်ရန်လိုလာသည်။
သူသည် ကျန်ရှိနေသေးသော သဘာဝစွမ်းအင် ငါးမျိုးအား ပြန်လည် စိစစ်ကြည့်သော် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးစွမ်းအင်တို့ ကျန်ရစ်နေကြောင်း တွေ့ရသည်။ ထိုစွမ်းအင်ငါးမျိုးလုံး၏ သဘောသဘာဝသည် မူလကပင် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေပြီး ယဲ့ချန်က ငါးမျိုးထဲမှ တစ်မျိုးအား လေ့ကျင့်လိုက်ပါလျှင် အစောပိုင်း ကျင့်ကြံထားသည့် စွမ်းအင်လေးမျိုး၏ မျှခြေကို ဖျက်ဆီးလိုက်သလို ဖြစ်သွားနိုင်သည်။
ယဲ့ချန်သည် စဉ်းစားရ ကျပ်နေရင်းမှ အတွေးတစ်ချက် လက်သွား၏။
“နေဦး ... စွမ်းအင်ငါးမျိုးလုံးကို တစ်ပြိုင်နက် လေ့ကျင့်မယ်ဆိုရင်ရော ရလဒ်က ပြောင်းလဲသွားနိုင်မလား”
ထိုနည်းလမ်းက အလွန်ဖြစ်နိုင်ချေ ရှိသောကြောင့် ယဲ့ချန်သည် အလျင်အမြန်ပဲ စွမ်းအင်ငါးမျိုးလုံး၏ ကျင့်စဉ်အသေးစိတ်အား အတွေးထဲ၌ ပုံဖော်ကြည့်သည်။
သဘာဝစွမ်းအင် ငါးမျိုးလုံးအား တစ်ပြိုင်နက် လေ့ကျင့်ခြင်းက ထင်သလောက် မလွယ်ကူပေ။ သို့ရာတွင် ထိုအချိန်၌ အသိစိတ်ထဲရှိ ဓားမှာ ရုတ်ခြည်း ရုန်းကြွလာပြီး ယဲ့ချန်၏ ပုန်းကွယ်နေသော ထိုးထွင်း သိမြင်နိုင်စွမ်းများ နိုးထလာသလို ခံစားလိုက်ရကာ မကြာသေးခင်က လွန်စွာ ရှုပ်ထွေးလှသည်ဟု ထင်မှတ်ခဲ့သော အရာများအားလုံးက ခဏချင်း လွယ်ကူ ရှင်းလင်းသွားသည်။ စွမ်းအင်ငါးမျိုးအား တစ်ပြိုင်နက် လေ့ကျင့်ရသည့် အခက်အခဲမှာ ယဲ့ချန်အတွက် လုံးဝ မပြောပလောက်တော့ပေ။
မိုးကြိုး၊ လေ၊ ရေခဲနှင့် အလင်း သဘာဝ စွမ်းအင်လေးမျိုး၏ ပထမအဆင့်များကို အောင်မြင်ခဲ့ပြီးနောက် ယဲ့ချန်၏ ကျင့်ကြံဆင့်သည်လည်း တိုးတက်မှု အနည်းငယ် ရှိလာသည်။ ယခုဆိုလျှင် ယဲ့ချန်သည် ထျန်းချီအဆင့်၆ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ထျန်းချီအဆင့်၇သို့ ရောက်ရှိရန်ပင် သိပ်မလိုတော့ပေ။ သိုင်းပြိုင်ပွဲနေ့ မတိုင်မီ ထျန်းချီအဆင့်၇သို့ ရောက်ရှိသွားနိုင်ရန် အခွင့်အလမ်း များသည်။
သိုင်းပြိုင်ပွဲအကြောင်း တွေးမိသည်နှင့် ယဲ့ချန်သည် အလိုအလျောက် မျက်မှောင် ကြုတ်မိရက်သား ဖြစ်သွားရသည်။ ယွင်မိသားစုမှ ကြီးမှူးကျင်းပသော ထိုမဟာမိတ် သိုင်းပြိုင်ပွဲသည် လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးပွားစေလို၍ ပြုလုပ်ခြင်းတော့ လုံးဝမဖြစ်နိုင်ပါ။ ပြိုင်ပွဲနောက်ကွယ်မှ ပစ်မှတ်သည် ကျိန်းသေပေါက် ယဲ့မိသားစုသာ ဖြစ်မည်ကို ယဲ့ချန် ခံစားမိပါ၏။
ယဲ့ချန်သည် တစ်လအတွင်း ထျန်းချီအဆင့်၅မှသည် ထျန်းချီအဆင့်၆သို့ ရောက်ရှိခဲ့ပြီး ယခုလည်း နှစ်မကူးခင် ထျန်းချီအဆင့်၇သို့ ချိုးဖျက်ရောက်ရှိခဲ့လျှင် ယဲ့ကျန့်ထျန်းတစ်ယောက် မည်သို့တုံ့ပြန်မည် မသိပေ။
သူကိုယ်တိုင်လည်း ယခုကဲ့သို့ သာမန်ထက်ထူးကဲစွာ မြန်မြန်ဆန်ဆန် အဆင့်တက်နေခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများ ရှိလာမည်ဟု စိုးရိမ်မိသည်။ ယခုထိတော့ အဆင်ပြေနေ သေးသည်မှာ ကြယ်တာရာ ဘုံကိုးလွှာ၏ သဘာဝလွန် စွမ်းအားများကြောင့်ဟု ယူဆရသည်။
ထို့နောက်တွင် လူငယ်လေးသည် ခေါင်းယမ်းလိုက်ပြီး မဖြစ်လာသေးသော ကိစ္စရပ်များအပေါ် တွေးပူကာ အချိန်ဖြုန်းနေခြင်းမှ ရပ်တန့်လိုက်သည်။ လတ်တလော၌ သိုင်းပြိုင်ပွဲကား အလွန်နီးကပ်နေပြီ ဖြစ်သောကြောင့် ပစ္စုပ္ပန်တွင်သာ အာရုံစိုက်ထားရပေမည်။
‘အလင်းဝိညာဉ်’၏ ပထမအဆင့်အား အောင်မြင်ပြီးနောက် ယဲ့ချန်၏ ဝိညာဉ် အသိအမြင်သည် ယခင်ကထက် ပိုမို အစွမ်းထက်လာခဲ့သည်။ ဝိညာဉ်အသိအမြင်သည် သူ၏ အစွမ်းထက် ဝှက်ဖဲတစ်ချပ် ဖြစ်လေရာ ထိုအချက်ကား အံ့ဩဝမ်းသာဖွယ် ကောင်းလှသည်။
ယဲ့ချန်သည် ဝိညာဉ်အသိအမြင်၏ တိုးတက်လာမှုအား လက်တွေ့ စမ်းသပ်နေခိုက် ယဲ့မိသားစုရဲတိုက်ဆီသို့ စုရုံးကာ လာနေကြသော လူတစ်စုအား သတိပြုမိသွားသည်။ ထိုလူစုတွင် လူအယောက်သုံး၊ လေးဆယ်ခန့် ပါဝင်ပြီး ၎င်းတို့နှင့်အတူ အလောင်းအချို့အား သယ်ဆောင်လာကြသည်။
‘အလောင်းတွေက ... ယွင်လောင်လျှိုတို့ လူစုရဲ့ အလောင်းတွေပဲ’
ယဲ့ချန် မျက်မှောင်ကြုတ်မိ သွားသည်။
‘သူတို့လူတွေရဲ့ သေဆုံးမှုအတွက် လာပြီး စစ်ဆေးတာများလား’
ယဲ့ချန်သည် လွင့်မျောနေသော ဝိညာဉ်အား ခန္ဓာကိုယ်အတွင်းသို့ ပြန်ဝင်စေပြီး မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် နံဘေး၌ အသံသေးသေးလေးဖြင့် တကွိကွိ အသံပြုနေသော အမွေးပွလေးကို တွေ့ရသည်။
“အမွေးပွလေး ... ယွင်မိသားစုကလူတွေ အလည်အပတ် ရောက်လာပုံပဲ သွားနှုတ်ဆက်ကြစို့”
စကားဆုံးသည်နှင့် အမွေးပွလေးသည် အလိုက်သိစွာ ယဲ့ချန်ပခုံးပေါ်သို့ ခုန်တက်လျက် နေရာယူသည်။ ထို့နောက် ယဲ့ချန်လည်း ယဲ့မိသားစုရဲတိုက်၊ ပင်မခန်းမဘက်သို့ ဦးတည်ကာ ထွက်လာခဲ့သည်။
“သတင်းပို့ပါတယ် ယွင်မိသားစု ဒုတိယ ခေါင်းဆောင် ယွင်ရိရွှမ် ရောက်လာပါတယ် သူနဲ့အတူ ချင်မိသားစု ခေါင်းဆောင်၊ ရန်မိသားစု ခေါင်းဆောင်၊ လင်းမိသားစု ခေါင်းဆောင်နဲ့ ဝေ့မိသားစု ခေါင်းဆောင်တို့လည်း ပါလာကြတယ်”
အစောင့်တစ်ယောက်သည် အဆောတလျင်ဖြင့် မိသားစု ခေါင်းဆောင်ခြံဝန်းသို့ လာရောက် အကြောင်းကြားသည်။
ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့ တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်မိကြသည်။
“ယွင်ရိရွှမ်က နောက်တစ်ခေါက် ဘာလာလုပ်ပြန်တာလဲ”
ယဲ့ကျန့်လုံသည် အလိုမကျစွာဖြင့် ရေရွတ်လိုက်ပါ၏။
“သေချင်လို့ ထပ်ရောက်လာမှတော့ ကြိုဆိုပေးရုံပေါ့”
ယဲ့ချိန်ရွှမ်းကလည်း နှာခေါင်းရှုံ့ရင်း ဆိုသည်။ မဟာမိတ် အဖွဲ့အတွင်းမှ မိသားစုခေါင်းဆောင် လေး၊ ငါးယောက်ခန့် စုရုံးလာရောက်ကြခြင်းမှာ မည်သည့် အဓိပ္ပာယ်လေနည်း။ သူတို့က ယဲ့မိသားစုအား လျှော့တွက်လွန်းနေကြသည်။
***