← Chapters

သစ္စာဆိုကြလေပြီ

Vol. 3 Ch. 33

သစ္စာဆိုကြလေပြီ

Vol. 3 Ch. 33

ယဲ့မိသားစုရဲတိုက် ပင်မခန်းမဆောင်၌။

ယဲ့ချန် ရောက်သွားချိန်တွင် ကြီးမားသော ခန်းမအတွင်း ရာချီသောလူများဖြင့် ပြည့်နှက်နေသည်။

ခန်းမ၏ အလယ်တည့်တည့်တွင်ကား ယွင်ရိရွှမ်တို့လူစု ရပ်နေသည်။ လူတိုင်း၏အာရုံသည် ထိုလူစုနှင့် အတူပါလာသော အလောင်း လေးလောင်းထံ၌သာ ရှိနေကြသည်။ တချို့သော အကြောင်းများကြောင့် ယွင်လောင်လျှိုနှင့် ယွင်မိသားစုသုံးဦး၏ အလောင်းများကိုသာ တွေ့ရပြီး ယဲ့မော့ယန်၏ အလောင်းကား မပါဝင်ပေ။

ယဲ့ချိန်ရွှမ်းသည် အလောင်း လေးလောင်းထံ လှမ်းကြည့်မိသော် ယွင်လောင်လျှိုအား မှတ်မိသွားသည်။ မည်သို့ပင်ဆိုစေ ယွင်လောင်လျှိုသည် ယွင်မိသားစုမှ ကျော်ကြားသော ထျန်းချီအဆင့်၈ ကျင့်ကြံသူဖြစ်ရာ ယဲ့ချိန်ရွှမ်းအနေနှင့် မျက်မှန်းတန်းမိသည်။

“မင်းတို့က ကျက်သရေမရှိတဲ့ အလောင်းတွေကို သယ်ပြီး ငါတို့မိသားစုဆီ ရောက်လာတယ် ရည်ရွယ်ချက်က ဘာလဲ”

ယဲ့ချိန်ရွှမ်းသည် ယခင်တစ်ခေါက်က ကဲ့သို့ လောကဝတ်ပင် ပြုမနေတော့ပဲ တဲ့တိုးသာ မေးလိုက်သည်။

ယွင်ရိရွှမ်မှာ တစ်ကိုယ်လုံး တုန်ယင်လာသည်အထိ ဒေါသထွက်နေဟန် ရသည်။ သူက စိတ်မထိန်းနိုင်တော့ပဲ အော်ပြော၏။

“သောက်ပိုတွေ ဟန်ဆောင်မနေနဲ့တော့ ယွင်လောင်လျှိုကို သတ်သွားတဲ့ တရားခံက ခင်ဗျားနဲ့ ယဲ့ကျန့်ထျန်း နှစ်ယောက်ထဲက တစ်ယောက်ပဲ”

နားထောင်နေသော လူအုပ်ကြီး၏ အမူအရာမှာ ထူးဆန်းသွားရသည်။ အထူးသဖြင့် ယဲ့ကျန့်ထျန်းပင်။ ယွင်လောင်လျှိုသည် ယွင်မိသားစု၏ အားထားရသော စွမ်းအားမြင့် ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သည်။ သို့ဖြစ်၍ ဤသေဆုံးမှုသည် ယွင်မိသားစုမှ လုပ်ကြံ လီဆယ်ထားခြင်းမျိုးလည်း မဖြစ်နိုင်ပါ။

ထို့ကြောင့် ယွင်လောင်လျှိုသည် တကယ်ကြီး လုပ်ကြံ သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်နိုင်သည်။ ကံဆိုးစွာနှင့် ယွင်မိသားစုနှင့် အနီးဆုံးတွင် နေထိုင်သည်က ယဲ့မိသားစုသာ ရှိရာ အထင်အမြင်လွဲမှားကာ စွပ်စွဲခံရခြင်းတို့ကို ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ပေ။

ယွင်လောင်လျှို သေဆုံးသွားခြင်းအပေါ် ယဲ့ကျန့်ထျန်းတို့က ကျေနပ်အားရ မိသော်ငြား ထိုသို့ဆိုတိုင်း တရားခံက သူတို့ မဟုတ်ပေ။ ယဲ့ကျန့်ထျန်းသည် သံသယဖြစ်ဖွယ် လူတချို့အား အမှတ်စဉ်တပ်ကာ ခန့်မှန်း ကြည့်ပါသော်လည်း သံသယဝင်စရာ အကောင်းဆုံးက သူကိုယ်တိုင်နှင့် ယဲ့ချိန်ရွှမ်းသာ ရှိသည်။

သေချာသည်မှာ ယဲ့ကျန့်ထျန်းသည် သူ၏ သံသယဖြစ်ဖွယ် လူစာရင်း၌ သားဖြစ်သူ ယဲ့ချန်ကိုတော့ လုံးဝ ထည့်မတွက်မိခဲ့ပေ။

“ငါသူ့ကိုမသတ်ဘူး”

ယဲ့ချိန်ရွှမ်းက ငြင်းဆိုသည်။

“ဒီရက်ပိုင်းအတွင်း ယဲ့မိသားစုရဲတိုက် အပြင်ဘက်ကို ခြေတစ်လှမ်းတောင် မချခဲ့ဖူးဘူး”

“ကျုပ်ကို အရူးမှတ်နေလား ခင်ဗျားပြောသလိုသာဆို ယွင်မိသားစုရဲ့ လူလေးယောက်က သေစရာအကြောင်း ရှိပါ့မလား”

ယွင်ရိရွှမ်က ဒေါသတကြီး တုံ့ပြန်သည်။

“မင်းက နားပဲ မကောင်းတာလား ဒါမှမဟုတ် ကျပ်ပဲမပြည့်တာလား ဟမ် ငါမသတ်ပါဘူးလို့ ပြောနေတာက တကယ် မသတ်ခဲ့လို့ပဲ ငါ့အဆင့်အတန်းနဲ့ ထျန်းချီအဆင့်၈ ကျင့်ကြံသူ တစ်ယောက်ကို တကယ် သတ်ခဲ့တယ်ဆိုရင် ဝန်မခံရဲဘူးလို့များ ထင်နေလား”

ယဲ့ချိန်ရွှမ်းက ချက်ကျလက်ကျ ပြန်လည် တုံ့ပြန်လိုက်သည်။

ယွင်ရိရွှမ်သည် လက်ခံဟန်မရ။ အကြည့်များဖြင့်သာ လူသတ်နိုင်လျှင် ယွင်ရိရွှမ်၏ အကြည့်များကြောင့် ယဲ့မိသားစုတစ်စုလုံး သေနေပေတော့မည်။

“ငါတို့မိသားစုက လူတွေရဲ့ အလောင်းတွေကို ဘယ်နေရာကနေ ပြန်ရှာတွေ့ခဲ့လဲ သိလား ယဲ့မိသားစုရဲတိုက်ရဲ့ အပြင်ဘက်နားလေးမှာ ရှာတွေ့ခဲ့တာ ခင်ဗျားရဲ့ မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး ယွင်လောင်လျှိုရဲ့ ကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်တွေကို ကြည့်ကြည့် ထျန်းချီအဆင့်၉ ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ချက်ဆိုတာ အသိသာကြီး တကယ်လို့ ဒီသေဆုံးမှုက ခင်ဗျားလက်ချက် မဟုတ်ဘူးဆိုရင် ယဲ့ကျန့်ထျန်းလက်ချက်ပဲ ဖြစ်ရမယ်”

“ဒါဆိုရင်တော့ မင်းတို့လမ်းလွဲနေပြီ မင်းလူတွေကို ငါမသတ်ဘူး”

ယဲ့ကျန့်ထျန်းက တည်ငြိမ်စွာ ပြောသည်။ ယဲ့မိသားစု၌ ယဲ့ချိန်ရွှမ်းကလွဲ၍ ထျန်းချီအဆင့်၉ ကျင့်ကြံသူမှာ သူတစ်ယောက်သာ ရှိသော်ငြား ယွင်လောင်လျှိုတို့လူစုအား သတ်ဖြတ်ခဲ့သည့် တရားခံမှာ အမှန်ပင် သူ မဟုတ်ပေ။

ရုတ်တရက် ယဲ့ကျန့်ထျန်းသည် အရုဏ်တက်ချိန်လောက်က ကြားခဲ့ရသည့် ပေါက်ကွဲသံ ကျယ်ကြီးအား အမှတ်ရသွားပြီး သံသယတစ်စက ခေါင်းထဲ ရောက်လာသည်။ သို့သော် ယဲ့ကျန့်ထျန်းသည် ထိုသံသယအား ထုတ်ဖော်မပြောပေ။

“ပြောရရင် ငါတို့ကတောင် မင်းကို မေးခွန်း ပြန်ထုတ်ရဦးမယ် မင်းတို့မိသားစုက လူတွေက ငါတို့ရဲတိုက်နားကို ခိုးကြောင်ခိုးဝှက်နဲ့ ဘာလာလုပ်ကြတာလဲ မင်းကရော ဒီသေဆုံးမှုက ငါတို့ကြောင့်ပါလို့ ဘာလို့ အရမ်း သေချာနေရတာလဲ အလောင်းတွေကို ငါတို့ရဲတိုက်နားမှာ ရှာတွေ့တယ်ဆိုတဲ့ ရယ်စရာ အကြောင်းပြချက်ကြောင့်တဲ့လား တကယ်ကို မင်းတို့ယွင်မိသားစုက ဉာဏ်များလွန်းတယ်”

ယဲ့ချန်သည် ဤသေဆုံးမှု၏ တရားခံ မဟုတ်သည့်အလား လူအုပ်ကြား၌ အေးဆေး တည်ငြိမ်စွာ ရှိနေသည်။

အကယ်၍ သူသာ လူသိရှင်ကြား ဝန်ခံလိုက်ပါက ယွင်မိသားစုသည် ထိုကိစ္စအား ဆင်ခြေအဖြစ် အသုံးပြုကာ စစ်ပွဲကို စတင်လာပေလိမ့်မည်။

“သေချာတာ တစ်ခုကတော့ တရားခံကို ဖော်ထုတ်နိုင်တဲ့အချိန်ထိ ခင်ဗျားတို့ဘက်က ပူးပေါင်း ရှာဖွေပေးရမယ် မဟုတ်ရင် ဒီကိစ္စက ဒီမှာတင် ရပ်သွားမယ်မထင်နဲ့”

ယွင်ရိရွှမ်က ပြောသည်။

ယဲ့ချိန်ရွှမ်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားရသည်။ သူက ကျန်မိသားစုလေးစုမှ ခေါင်းဆောင်းများထံ ဝေ့ဝဲကြည့်လိုက်ကာ ...။

“မေးပါရစေ ... ရန်မိသားစု၊ ချင်မိသားစု၊ လင်းမိသားစုနဲ့ ဝေ့မိသားစုက ခေါင်းဆောင်တွေကရော ကျုပ်တို့ ယဲ့မိသားစုကို ဖိအားပေးဖို့ သက်သက် ရောက်လာကြတာများလား”

ရန်ယင်း၊ ချင်ယွိနှင့် အခြားသော မိသားစုခေါင်းဆောင် နှစ်ယောက်သည် ယဲ့ချိန်ရွှမ်းအား တုံ့ပြန်ခြင်းမပြုဘဲ တိတ်ဆိတ်၍သာ ရပ်နေကြသည်။ ဘယ်မိသားစုကမှ ယွင်မိသားစုနှင့် ဆန့်ကျင်ဘက်၌ မရပ်တည်လိုသည်မှာ ထင်ရှားသည်။

ယဲ့ချိန်ရွှမ်းသည် ထိုလူများ၏ အမူအရာအား ကြည့်လျက် နှာခေါင်းရှုံ့သည်။

“ယွင်ရိရွှမ် ... မင်းတို့ဘက်က စစ်ပွဲစဖို့ စိတ်မရှည်ဖြစ်နေရုံနဲ့ ကျက်သရေမရှိတဲ့ အလောင်းတွေကို သယ်လာပြီး အကြောင်းပြချက် ရှာနေဖို့ မလိုဘူး ဒီတိုင်းသာ ပြောလိုက်လို့ရတယ် ယဲ့မိသားစုဘက်ကလည်း တွန့်ဆုတ်နေမှာ မဟုတ်ဘူး”

ထို့နောက် ယွင်ရိရွှမ်သည် အခြားသော မိသားစု ခေါင်းဆောင်များဘက်သို့ လှည့်ကာ တစ်ဆက်တည်း ပြောသည်။

“ယဲ့မိသားစုအနေနဲ့ မင်းတို့ထဲက ဘယ်သူနဲ့မှ ရန်သူမဖြစ်ချင်ဘူး ဒါပေမဲ့ မင်းတို့ကြောင့် ငါ့မိသားစုဝင်တွေထဲက တစ်ယောက်ယောက်ရဲ့ ဆံချည်တစ်မျှင်လောက် ဆုံးရှုံးရပြီဆိုတာနဲ့ မင်းတို့ကို ငါ ယဲ့ချိန်ရွှမ်းက လုံးဝ အလွတ်မပေးဘူးလို့ ကတိပေးတယ်”

ထိုအခိုက်အတန့်တွင် ယဲ့ချိန်ရွှမ်း၏ ခန္ဓာကိုယ်မှ အလွန် ခြိမ်းခြောက်နိုင်စွမ်း ရှိသော အရှိန်အဝါများ ဖြာထွက်လာသည်။

ရန်ယင်းတို့လေးဦးမှာ ထိုအရှိန်အဝါအား မြင်ရသည်တွင် စိတ်ထဲ၌ အော်ငိုချင်စိတ်ပင် ဖြစ်လာရသည်။

‘အဘိုးကြီးရဲ့ ကျင့်ကြံဆင့်က ယွင်ရိရန်နဲ့ မတိမ်းမယိမ်းလောက် ရှိနေပြီ’

“ယဲ့ချိန်ရွှမ်း ခင်ဗျားတို့မိသားစုမှာ ထျန်းချီအဆင့်၉ ကျင့်ကြံသူ ၂ယောက် ရှိတာနဲ့ပဲ ဟုတ်လှပြီ ထင်နေတယ်ပေါ့ ခင်ဗျားမေ့နေမှာစိုးလို့ သတိပေးလိုက်မယ် ကျုပ်တို့ ယွင်မိသားစုဘက်မှာ တုန်းလင်ရဲ့ ဒုတိယမင်းသား တစ်ယောက်လုံး ရှိနေသေးတယ် တကယ်တမ်း မိသားစုနှစ်စုကြားက တိုက်ပွဲသာ ဖြစ်လာခဲ့ရင် အရှင်မင်းသားက တုံ့ဆိုင်းခြင်းမရှိဘဲ ထျန်းချီအဆင့်၉ ထိပ်ဆုံးဆင့် ကျင့်ကြံသူ၂ယောက်ကို စစ်ကူအနေနဲ့ လွှတ်ပေးလိမ့်မယ်”

“မင်းက ငါတို့ကို ခြောက်လှန့်ချင်နေတာလား မကြာခင်မှာ အဆင့်မြင့် ဆေးဝါးပညာရှင် ဆရာရွှမ်းယီက တုန်းလင်ပြည်နယ်ကနေ လက်ထောက်တစ်ယောက် ရွေးချယ် ခေါ်ယူတော့မယ် ဒုတိယမင်းသား ကိုယ်တိုင်တောင် အဲဒီကိစ္စနဲ့ အလုပ်ရှုပ်နေတာ မင်းတို့ကို စစ်ကူလွှတ်ဖို့ အဲဒီလောက် လွယ်ပါ့မလား ပြောရရင် မဟာမိတ် သိုင်းပြိုင်ပွဲရဲ့ နောက်ကွယ်က ရည်ရွယ်ချက်အစစ်ကလည်း ဆရာရွှမ်းယီရဲ့ အာရုံစိုက်မှုကို ရရှိဖို့ပဲ မဟုတ်ဘူးလား”

ယဲ့ချိန်ရွှမ်း၏ အပြောကြောင့် ယွင်ရိရွှမ် မျက်နှာပျက်သွားရသည်။ ထိုအဘိုးကြီးက အတွင်းသတင်းများအား သိနေလိမ့်မည်ဟု သူ ထင်မထားမိခဲ့ပေ။

“ကျုပ်တို့ ဒီတစ်ခေါက်တော့ ခြေတစ်လှမ်း ဆုတ်ပေးလိုက်မယ် နောက်ဆုံးအနေနဲ့ ကြေညာရရင် ဒီနေ့ကစပြီး ယဲ့မိသားစုပိုင် သတ္တုတွင်းတွေက ကျုပ်တို့ယွင်မိသားစု လက်အောက်ကို ရောက်သွားပြီဆိုတာပဲ ယွင်မိသားစုက ကျင့်ကြံသူ လေးယောက်ရဲ့ အသက်အတွက် ပြန်ပေးဆပ်ရတယ်လို့ မှတ်ပါ”

ယွင်ရိရွှမ်က ကျယ်လောင်စွာ ပြောသည်။

ယွင်လောင်လျှိုတို့ လူစု၏ သေဆုံးမှုကြောင့် ယွင်မိသားစုသည် ပေါ်ပေါ်ထင်ထင် စစ်ကြေညာလာခြင်း မပြုလျှင်ပင် ယဲ့မိသားစု၏ သတ္တုတွင်းများအား လွှဲယူနိုင်လောက်သော အကြောင်းပြချက် အနေနှင့်တော့ ခိုင်လုံနေသေးသည်။

ထိုကြေညာချက်ကြောင့် ခန်းမအတွင်း ဆူညံသွားသည်။

“ယွင်မိသားစုက လွန်လာပြီ”

လူအုပ်ထဲရှိ ယဲ့မိသားစုဝင်များကား ဒေါသခိုးဝေစွာ အော်ဟစ်လာကြ၏။

ယဲ့ကျန့်ထျန်းသည် လက်သီးနှစ်ဖက်အား တင်းနေအောင် ဆုပ်ထားရလွန်း၍ သွေးကြောများပင် ထောင်လာသည်။ သူက သွားကြားထဲမှ ထွက်သော လေသံဖြင့် စကားတစ်ခွန်းချင်းစီအား ဖိကာ ပြောလိုက်သည်။

“မဟာမိတ်သိုင်းပြိုင်ပွဲ ပြီးတဲ့နောက် ယဲ့မိသားစုအတွက် မျှတမှုကို ပြန်ရှာမယ်”

ယဲ့ကျန့်ထျန်းနှင့် အနီးဆုံးတွင် ရပ်နေသော ယဲ့ချန်သည် ဖခင်ဖြစ်သူ မည်မျှ မခံမရပ်နိုင် ဖြစ်နေကြောင်း ခံစားမိပါ၏။ သို့သော် သူသည် ခေါင်းဆောင်တစ်ယောက် အနေနှင့် မိသားစု၏ အနာဂတ်အတွက် သည်းမခံနိုင်ဖွယ် စော်ကားမှုတို့အား ကျိတ်မှိတ်ခံနေရသည်။

ယခုအခြေအနေထိ ရောက်လာရသည်မှာ သူ့အပြစ် မကင်းသောကြောင့် ယဲ့ချန်သည်လည်း လက်သီးတင်းတင်း ဆုပ်ရင်း ယွင်ရိရွှမ်ထံ လှမ်းကြည့်မိသည်။

ရန်ယင်းတို့ လေးယောက်သည်ကား ခန်းမအလယ်၌ ကျောချမ်းစွာဖြင့် ရပ်နေကြရသည်။ အကယ်၍ ယဲ့ကျန့်ထျန်းကသာ စိတ်မထိန်းနိုင်ပဲ တိုက်ခိုက်ရန် အမိန့်ပေးလာပါက ထျန်းချီအဆင့်၉ ကျင့်ကြံသူများ ဖြစ်ကြသော သူတို့လေးယောက်ပင် ယဲ့မိသားစုမှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ရန် မသေချာပါ။

ခန်းမထဲရှိ ယဲ့မိသားစုဝင်များ၏ တစ်စစီ ဆွဲဖြဲလိုနေသော အကြည့်များ အောက်တွင်ပင် ယွင်ရိရွှမ်သည် အလွန်မော်ကြွားသော မျက်နှာထားနှင့် သူ့လူများအား ဦးဆောင်လျက် ယဲ့မိသားစုရဲတိုက်မှ ပြန်လည် ထွက်ခွာသွားသည်။

မကြာမီတွင် သူတို့အားလုံး၏ အရိပ်များ မြင်ကွင်းမှ ပျောက်ကွယ်သွားပါ၏။

ရုတ်တရက် ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ယဲ့မိသားစုမှ ကျင့်ကြံသူ တစ်ယောက်သည် ကြမ်းပြင်၌ ဒူးထောက်ချလိုက်ကာ အရှိန်ပြင်းပြင်း ဦးတိုက်ရင်း ဆိုလာသည်။

“ခေါင်းဆောင် ... ဒီစော်ကားခံရမှု အတွက် ကျုပ်တို့ကို တုံ့ပြန်ခွင့်ပေးပါ”

“ခေါင်းဆောင်ဟောင်းနဲ့ ခေါင်းဆောင် ... ကျေးဇူးပြုပြီး ယွင်ရိရွှမ်ကို သတ်ခွင့်ပေးပါ ကျုပ်တို့အသက်တွေက တန်ဖိုးမရှိတဲ့ အတွက် ကျုပ်တို့ သေသွားရရင်တောင် ဆုံးရှုံးစရာမရှိဘူး ဒါပေမဲ့ ဒီလို စော်ကားမှုကြီးကိုတော့ သည်းမခံပါရစေနဲ့”

“ယဲ့မိသားစု ဘိုးဘေးတွေ လက်ထက်ကတည်းက သတ္တုတွင်း လုပ်ငန်းနဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုလာခဲ့ရတာ ဒီသတ္တုတွင်းတွေက နောက်မျိုးဆက်တွေ အတွက် တစ်ခုတည်းသော အရင်းအမြစ်ပဲ နည်းနည်းလေးမှ ကြိုးစား မကြည့်ရသေးပဲ လက်မလျှော့ လိုက်ပါရစေနဲ့ တောင်းပန်ပါတယ်”

ခန်းမတစ်ခုလုံး ဒူးထောက်နေကြသော မိသားစုဝင်တို့၏ အသံတို့ဖြင့် ဆူညံသွားသည်။

ယဲ့မိသားစုသည် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက တင်းကျပ်သော စည်းမျဉ်း စည်းကမ်းများ ထားရှိပြီး ခေါင်းဆောင်၏ ခွင့်ပြုချက်မပါဘဲ မိသားစုဝင်များက စတင် တိုက်ခိုက်ခြင်း မပြုနိုင်ကြရာ ယခုကဲ့သို့ အသနားခံနေကြခြင်း ဖြစ်သည်။

“ယဲ့မိသားစုရဲ့ ယဲ့ကျန့်ခွမ်း  ... နောက်ဆုံးထွက်သက် အထိ မိသားစုအတွက် တရားမျှတမှု ရှာပေးနိုင်ဖို့ ယွင်မိသားစုနဲ့ တိုက်ခိုက်သွားမယ်လို့ သစ္စာဆိုပါတယ်”

မိသားစုဝင်များထဲမှ တစ်ယောက်ဖြစ်သော ယဲ့ကျန့်ခွမ်းဆိုသူသည် ဓားမြှောင်ဖြင့် သူ၏လက်မောင်းအား ထိုးခွဲလိုက်ပြီး ကျယ်လောင်စွာ သစ္စာဆိုသည်။ သွေးများက လက်မောင်းမှနေ၍ တတောက်တောက် စီးကျလာကြသည်။

ရှီဝူအင်ပါယာ အတွင်းရှိ ကျင့်ကြံသူများအကြား လက်မောင်းသွေးအား ဖောက်လျက် သစ္စာဆိုခြင်းသည် အလွန်လေးနက်သော သဘောကိုဆောင်ပြီး ယနေ့၌မူ ထိုလေးနက်လှသော သစ္စာဆိုခြင်းက ယဲ့မိသားစုရဲတိုက် ပင်မခန်းမ၌ ဖြစ်ပွားခဲ့သည်။

“ယဲ့မိသားစုရဲ့ ယဲ့ကျန့်ရင် ... နောက်ဆုံး ထွက်သက်ထိ နောင်တအလျဉ်းမရှိဘဲ မိသားစုအတွက် တိုက်ခိုက်သွားမယ်လို့ သစ္စာဆိုပါတယ်”

“ယဲ့မိသားစုရဲ့ ယဲ့ကျန့်ဝမ် ... နောက်ဆုံး ထွက်သက်ထိ နောင်တအလျဉ်းမရှိဘဲ မိသားစုအတွက် တိုက်ခိုက်သွားမယ်လို့ သစ္စာဆိုပါတယ်”

အယောက်၇၀ ခန့်ရှိသော မိသားစုဝင်များသည် မဆိုင်းမတွ လက်မောင်းသွေးများအား ဖောက်ထုတ်လျက် သစ္စာဆိုကြ၏။ မြင်ကွင်းကား အလွန် စိတ်အားတက်ကြွဖွယ် ကောင်းလှပြီး တစ်ချိန်တည်းတွင်ပဲ ဆို့နင့်ဖွယ် ခံစားချက် တစ်မျိုးကိုလည်း ပေးစွမ်းသည်။

ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် ကျန်အကြီးအကဲများသည် ထိုမြင်ကွင်းအား ကြည့်ရင်း မျက်လုံးများ နီရဲလာကြသည်။ သူတို့လည်းပဲ မိသားစုဝင်များကဲ့သို့ ထပ်တူထပ်မျှ ဆန္ဒရှိသော်ငြား လူ့အသက်ပေါင်းများစွာနှင့် သက်ဆိုင်နေသော ဆုံးဖြတ်ချက် တစ်ခုအား အဘယ်မှာ လွယ်လွယ်ကူကူ ချနိုင်ပါအံ့နည်း။

ဖြစ်ရပ်အစအဆုံး တစ်ခွန်းမှ ဝင်မပြောခဲ့သော ယဲ့ချန်သည် ဘေးထွက်ရပ်နေရင်းမှ မျက်ရည်စတချို့ တိတ်တဆိတ် ကျဆင်းလာသည်။ သူ၏ဝိညာဉ်သည် အခြားသော ကမ္ဘာတစ်ခုမှ ကူးပြောင်းလာခဲ့ခြင်း ဖြစ်သော်ငြား ‘ယဲ့မိသားစု’ သည်သာ သူ့နှလုံးသားထဲ၌ ရှိနေသည့် တစ်ခုတည်းသော မိသားစု ဖြစ်သည်။ ‘သွေးက ရေထက်ပျစ်တယ်’ ဟူသော စကားရပ်၏ စစ်မှန်သော အနက်ကား မိသားစုဝင်များဟူသည် တစ်ယောက်၏ အကျိုး၊ အပြစ်နှင့် နာကျင်မှုတို့အား အခြားတစ်ယောက်မှ မျှဝေခံစားပေးခြင်း ဖြစ်သည်ဟု သူက ယုံကြည်ထားပါသည်။

***

All Chapters