ယဲ့မိသားစုခေါင်းဆောင်
Vol. 3 Ch. 35
ယဲ့ကျန့်ထျန်းသည် မုန်တိုင်းအရိပ် လက်သည်းအား သူနှင့်အတူ လုံခြုံစွာ သိမ်းဆည်း လိုက်ပြီးနောက် ပြောသည်။
“မဟာမိတ် သိုင်းပြိုင်ပွဲပြီးတာနဲ့ ယဲ့မိသားစုနဲ့ ယွင်မိသားစုကြားက စစ်ပွဲ စတင်လိမ့်မယ် ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ယဲ့မိသားစုရဲ့ အင်အားက ယွင်မိသားစုနဲ့ယှဉ်ရင် နည်းနည်း အားနည်းနေသေးတယ်”
မိုးကြိုးအင်ပါယာ ကျင့်စဉ်အား ဝေမျှပြီးနောက် မိသားစုတွင်းရှိ ကျင့်ကြံသူများ၏ စုပေါင်းအင်အားက တိုးတက်လာသော်လည်း လုံလောက်သည့် အတိုင်းအတာ တစ်ခုထိတော့ မရောက်သေးပေ။
“ကျုပ်တို့မှာ ရှိသမျှ ချီစုဆောင်း ဆေးလုံးတွေ အကုန်လုံးက သုံးလို့ကုန်ပြီ တုန်းလင်မှာရှိတဲ့ ဆိုင်တွေ ပိတ်ထားရတဲ့အချိိန် သတ္တုတွင်းတွေကိုလည်း ယွင်မိသားစုက သိမ်းသွားတယ် ချီစုဆောင်း ဆေးလုံးတွေ မရှိဘဲနဲ့ မဟာမိတ်သိုင်းပြိုင်ပွဲ မတိုင်ခင် အဆင့်တက်ဖို့ ကြိုးစားနေတဲ့သူတွေ အတွက် အဆင်မပြေနိုင်ဘူး”
ယဲ့ကျန့်လုံက ဆိုသည်။
လဝက်ခန့် အကြာတွင် ယဲ့မိသားစုသည်ကား ယွင်မိသားစုနှင့် တိုက်ခိုက်ရတော့မည် ဖြစ်သည်။ ချီစုဆောင်း ဆေးလုံးကဲ့သို့ ရိုးရှင်းသော အကူအညီလေးကပင် အရေးအကြီးဆုံး အခြေအနေ၌ မိသားစုအင်အားကို များစွာ တိုးတက်စေနိုင်ပေသည်။
“တခြား ရွေးချယ်စရာ မရှိတော့ရင် ကျန့်ထျန်းနဲ့ငါ လျန်ယွင်တောင်တန်းထဲကို သွားပြီး အဆင့်၇ ဒါမှမဟုတ် အဆင့်၈ မှော်သားရဲတွေကို အမဲလိုက်ရတော့မှာပဲ ဒီလိုမှပဲ မိသားစုဝင်တွေ အတွက် လုံလောက်တဲ့ ချီစုဆောင်း ဆေးလုံးတွေ ရနိုင်မယ်”
ယဲ့ချိန်ရွှမ်းက ပြောသည်။
ထျန်းချီအဆင့်၉ ကျင့်ကြံသူများအနေနှင့် အဆင့်၈ မှော်သားရဲ တချို့တလေအား အမဲလိုက်ရန်မှာ ခက်ခဲလှသည်တော့ မဟုတ်။ ထိုသို့ အမဲလိုက်ခြင်းဖြင့် ချီစုဆောင်းဆေးလုံး အများအပြားကို လဲလှယ်နိုင်ပေမည်။
“မလုပ်နဲ့”
ယဲ့ကျန့်လုံက အော်လျက် တားမြစ်လာသည်။
“ယွင်မိသားစုက လွှတ်ထားတဲ့ လူတွေက ဒီနားတစ်ဝိုက်မှာ အများကြီးပဲ ကျုပ်တို့မိသားစုရဲ့ အရေးအကြီးဆုံး ခေါင်းဆောင် နှစ်ယောက်က အမဲလိုက်ဖို့ ထွက်လာတာသာ သိရင် ချောင်းမြောင်း လုပ်ကြံကြမှာ သေချာတယ်”
ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည် ယဲ့မိသားစု၏ အဓိက ထောက်တိုင်ကြီး နှစ်ခု ဖြစ်ရာ သူတို့သာ တစ်ခုခုဖြစ်သွားပါက ယဲ့မိသားစုပါ ပြိုလဲသွားပေလိမ့်မည်။
“ဒါပေမဲ့ ... အဲဒါအပြင် ငါတို့လုပ်နိုင်တာ ဘာများရှိသေးလို့လဲ”
ယဲ့ကျန့်ထျန်းက ခန်းမအတွင်းရှိ လူများအား ဝေ့ဝဲကြည့်လျက် မေးမြန်းလိုက်သည်။ တိတ်ဆိတ်မှုက ခန်းမအတွင်း ကြီးစိုးသွားပြီး ဘယ်သူမှ ဘာမှ ထပ်ပြောမလာတော့။
လူကြီးများ၏ စကားဝိုင်းအား နားထောင်နေရင်း ယဲ့ချန်သည် သူ၏ အသစ်စက်စက် ရရှိထားသော ကောင်းကင်ပထဝီ အိတ်အတွင်းမှ ချီအဆီအနှစ် ဆေးလုံးများကို သတိရသွားသည်။ ယဲ့ချန်တွင် အသိစိတ်အတွင်းမှဓား ရှိနေသ၍ ပြင်ပဆေးလုံးများကို မှီခိုသုံးစွဲရန် လုံးဝ မလိုအပ်လေရာ မိသားစုအတွက် အသုံးပြုလိုက်သည်ကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့သော် ပြဿနာမှာ ထိုအဖိုးတန် ဆေးလုံးများအား မည်သည့်နေရာမှ ရလာကြောင်း ဖြေရှင်းဖို့ လိုနေခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ယဲ့ချန်က အမွေးပွလေး၏ မျိုးနွယ်စုနှင့် ပတ်သက်၍တော့ ထုတ်မပြောလိုပါ။
“အဖေ ... ကျွန်တော့်မှာ စုဆောင်းထားတဲ့ ဆေးလုံးတချို့ ရှိသေးတယ် အဲဒါတွေကို မိသားစုအတွက် အသုံးပြုလိုက်လို့ ရပါတယ်”
ယဲ့ချန်သည် အတန်ကြာ တွေးတော၊ စဉ်းစားပြီးနောက်မှ ဝင်ပြောလိုက်သည်။
ယဲ့ကျန့်ထျန်းသည် ကူကယ်ရာမဲ့စွာ ရယ်မောလိုက်မိပြီး သားဖြစ်သူ၏ ခေါင်းလေးအား ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။
“မင်းမှာရှိတဲ့ ချီစုဆောင်းဆေးလုံး ပမာဏက တစ်မိသားစုလုံးက လူတွေအတွက် ဘယ်လောက်ပါ့မလဲ ငါ့သားရာ ... ဒါက လူကြီးတွေရဲ့ ပြဿနာမို့လို့ စိတ်ထဲမထားနဲ့ လေ့ကျင့်စရာ ရှိတာကိုသာ ကောင်းကောင်း လေ့ကျင့်”
ယဲ့မိသားစုတွင် လူထောင်ချီရှိရာ ထိုလူအားလုံးအတွက် လိုအပ်သော တစ်နေ့စာ ဆေးလုံး အရေအတွက်ကပင် မနည်းလှပေ။
“အဖေ ကျွန်တော့်မှာ ချီအဆီအနှစ်ဆေးလုံး ၅၃လုံးရှိတယ်”
ယဲ့ချန်က အလွန် အလေးအနက်ထား၍ နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
“အင်း ... ၅၃လုံးဆိုတော့ တစ်ရက်၊ နှစ်ရက်လောက်တော့ အသုံးခံ ... နေပါဦး မဟုတ်သေးဘူး မင်းပြောတာ ချီအဆီအနှစ်ဆေးလုံး”
ယဲ့ကျန့်ထျန်း၏ စကားသည် လမ်းတစ်ဝက်၌ ရပ်တန့်သွားပြီး ကျယ်လောင်စွာနှင့် အော်မေးမိသွားသည်။ ဘေးနား၌ နားထောင်နေသော ယဲ့ချိန်ရွှမ်းသည်ပင် ကြားလိုက်ရသော ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွားရ၏။
နှိုင်းယှဉ်ရလျှင် ချီအဆီအနှစ်ဆေးလုံး တစ်လုံးသည် ချီစုဆောင်းဆေးလုံး ရာပေါင်းများစွာနှင့် ညီမျှသည်။ ထို့ကြောင့် ချီအဆီအနှစ်ဆေးလုံး ၅၃လုံးဆိုပါက ချီစုဆောင်းဆေးလုံး သန်းပေါင်းများစွာနှင့် ညီမျှပေသည်။ ထိုပမာဏကား ယဲ့မိသားစု၏ ဆယ်နှစ်စာ ရှာဖွေနိုင်စွမ်းထက်ပင် ကျော်လွန်နေသေး၏။
“ချန်အာ ... မင်း ... မင်း မှားပြောလိုက်တာပါ ဟုတ်တယ်မလား ချီစုဆောင်းဆေးလုံးနဲ့ ချီအဆီအနှစ် ဆေးလုံးနဲ့ မှားပြောလိုက်တာမလား”
ယဲ့ကျန့်ထျန်းသည် စိတ်လှုပ်ရှားမှုအား ဖြေဖျောက်ရန် အလွန် ကြောင်တောင်တောင် နိုင်စွာ ရယ်မောလိုက်ပြီး ယဲ့ချန်ထံ အတည်ပြုမေးမြန်းသည်။ သူ့အတွေးထဲတွင် ယဲ့ချန်ကဲ့သို့ ကလေးတစ်ယောက် အနေနှင့် ချီအဆီအနှစ်ဆေးလုံး တစ်လုံးမျှ ပိုင်ဆိုင်နိုင်ရန်ပင် မလွယ်ကူလေရာ ၅၃လုံးဆိုပါက ဆိုဖွယ်မရှိတော့။
ယဲ့ချန်၏ ပခုံးပေါ်တွင် ထိုင်လျက်ငြိမ်နေသော အမွေးပွလေးသည် နှာခေါင်းလေး ရှုံ့လျက်ဖြင့် ယဲ့ကျန့်ထျန်းတို့ အုပ်စုအား အထင်သေးစွာ ကြည့်သည်။ ၎င်း၏ ပုလဲနက်သဖွယ် မျက်လုံးလေးများကမူ 'မင်းတို့လူသားတွေ ဒီလောက်လေးကို ရုပ်ပျက်ဆင်းပျက် အံ့ဩနေဖို့ လိုလို့လား' ဟူ၍ မေးခွန်း ထုတ်နေသယောင် ရှိသည်။
“မဟုတ်ဘူး ကျွန်တော့်မှာရှိတာက တကယ်ကို ချီအဆီအနှစ် ဆေးလုံးတွေပါ”
ယဲ့ချန်က ပြုံးလျက် ပြောသည်။ ထို့နောက် သက်သေပြသည့် အနေနှင့် လူငယ်လေးသည် ကောင်းကင် ပထဝီအိတ်အတွင်းမှ ချီအဆီအနှစ်ဆေးလုံး အားလုံးကို ထုတ်ယူပြလိုက်သည်။
ဆေးလုံးများ၏ သင်းပျံ့သော ထျန်းချီရနံ့လေးက ခန်းမအတွင်း ပျံ့နှံ့သွားသည်။
လူတိုင်း၏ နှလုံးသားများလည်း စိတ်လှုပ်ရှား ပျော်ရွှင်မှုကြောင့် တုန်ယင်သွားရသည်။
တကယ်ကို ချီအဆီအနှစ် ဆေးလုံးတွေပဲ ဒီဆေးလုံးတွေနဲ့သာ ဆိုရင် မိသားစုရဲ့စွမ်းအားက ခုန်ပျံ တက်သွားနိုင်တော့မယ်
“ချန်အာ ... ဒီလောက်အဖိုးတန်တဲ့ ဆေးလုံးတွေကို ဘယ်ကရခဲ့တာလဲ”
ယဲ့ကျန့်ထျန်းက တုန်ယင်နေသော အသံဖြင့် မေးသည်။ ယဲ့မိသားစု၏ ခေါင်းဆောင် တစ်ယောက် အနေနှင့် သူ၏ပိုင်ဆိုင်မှု အားလုံးကို ရောင်းစားလိုက်လျှင်ပင် ချီအဆီအနှစ်ဆေးလုံး ၅၃လုံးကို ဝယ်ယူရန် မတတ်နိုင်ပါ။
“ကျွန် ... ကျွန်တော် ... အရင်တစ်ခေါက် အပြင်ကို ခိုးထွက်တုန်းက လမ်းဘေးက ကောက်လာခဲ့တာ”
ယဲ့ချန်သည် ပါးစပ်ထဲရှိရာ ပေါက်တတ်ကရ အဖြေကို ပေးရင်း ရှက်ရွံ့မှုကြောင့် ပါးပြင်များပင် အနည်းငယ် ပူနွေးလာသလို ခံစားလိုက်ရသည်။
ခန်းမထဲရှိ အကြီးအကဲများ အားလုံးသည် အလွန် ရယ်ရွှင်ဖွယ် ဆင်ခြေဖြင့် လိမ်ညာနေသော လူငယ်လေးကို ကြည့်၍ ဘာပြောရမှန်းမသိ ဖြစ်သွားကြသည်။ သို့သော် ဆေးလုံးများ၏ အရင်းအမြစ်အား ပြောပြရန် ယဲ့ချန် တုံ့ဆိုင်းနေခြင်းကို သတိထားမိ ကြသောကြောင့် သူတို့က အတင်းအကျပ် ထပ်မမေးကြတော့ပေ။ “ချန်အာ ဒီဆေးလုံးတွေ အကုန်လုံး မိသားစုအတွက် ပေးပစ်မှာ သေချာရဲ့လား”
ယဲ့ချိန်ရွှမ်းက အဓိကအချက်ကို ထောက်ပြကာ မေးမြန်းသည်။ “ဒီဆေးလုံး အရေအတွက်နဲ့ဆို မင်းအနေနဲ့ ထျန်းချီအဆင့်၉ ရောက်တဲ့အထိတောင် အသုံးပြုသွားလို့ ရတယ်”
“ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ ဘိုးဘိုး ကျွန်တော်လည်း ကလေး မဟုတ်တော့ဘူးလေ အခု မိသားစုက အကျပ်အတည်းထဲ ရောက်နေတာ ... အဓိကအရေးကြီးတဲ့ ဒီအသိုက်အမြုံကြီးသာ ယိုင်နဲ့သွားရင် မှီခိုနေကြတဲ့သူတွေ ဘယ်လိုလုပ်ပါ့မလဲ” ယဲ့ချန်က ဆုံးဖြတ်ပြီးဟန်နှင့် အခိုင်အမာ ဆိုသည်။
“ဒါက မိသားစုဝင် တစ်ယောက်ချင်းစီရဲ့ အသက်တွေ၊ ဘဝတွေနဲ့ သက်ဆိုင်နေတယ် ကျွန်တော် တတ်နိုင်တဲ့ဘက်က ကူညီအားဖြည့် ပေးတာလေးက မပြောပလောက်ပါဘူး”
ထို့ပြင် ယဲ့ချန် ထုတ်မပြောသော အချက်မှာ သူ့အသိစိတ်အတွင်းရှိ ဓားသည် သူ့အတွက် ဘယ်တော့မှ မကုန်ဆုံးနိုင်သော ထျန်းချီသမုဒ္ဒရာကြီး အဖြစ် ရှိနေသည်ဆိုတာပင်။
ယူချန်၏စကားကြောင့် ယဲ့ချိန်ရွှမ်းသည် အလွန် ကျေနပ်အားရစွာဖြင့် ရယ်မောလိုက်လေသည်။
“ပြောတာ သိပ်ကောင်းတယ် မိသားစုထဲက ကလေးတွေအားလုံး ချန်အာ့လို အတွေးမျိုးရှိရင် ယဲ့မိသားစု ပြန်လည် ထွန်းတောက်ဖို့ အချိန်ကို မကြာခင်ရောက်လိမ့်မယ်”
ယဲ့ချိန်ရွှမ်း၏ မှတ်ချက်ကြောင့် ပဲ့ကျန့်ထွန်းလည်း ပီတိဖြာသွားရကာ ပြောလာသည်။
“ဦးလေး ... ကျုပ် အကြံပြုချင်တာလေး တစ်ခု ရှိတယ် ကျုပ်အသက် ၁၇နှစ်တည်းက မိသားစုခေါင်းဆောင် နေရာကို လက်လွှဲယူခဲ့တာ ဆိုတော့ အခု ဒီအချိန်က ချန်အာ့ကို မိသားစုခေါင်းဆောင် အဖြစ် လွှဲပြောင်းပေးဖို့ သင့်တော်ပြီလို့ မထင်ဘူးလား”
“ဒါပေမဲ့ အဖေ ယွင်မိသားစုနဲ့ တိုက်ပွဲက စတော့မှာလေ”
ယဲ့ချန်က ချက်ချင်းဆိုသလို ဝင်ရောက်ကန့်ကွက်၏။ ပြောရလျှင် ယဲ့ချန်သည် မိသားစု ခေါင်းဆောင်နေရာအား လုံးဝ စိတ်မဝင်စားခဲ့ပေ။ ဆက်ခံသူပြိုင်ပွဲတုန်းက အလွန်အားစိုက်ထုတ်၍ ယှဉ်ပြိုင်ခဲ့ခြင်းမှာ ပဲ့ခုံးယန်ကဲ့သို့သော လူမျိုး၏ လက်ထဲသို့ မိသားစုအနာဂတ်အား ထည့်မပေးလိုက် လိုသောကြောင့်သာ ဖြစ်သည်။
“ဒါပေမဲ့ဆိုတာ မရှိဘူး ငါ့သား”
ယဲ့ကျန့်ထွန်းက ပြောသည်။ သူ့ပုံစံမှာ မည်သို့သော အကြောင်း ရှိလာပါစေ၊ ဆုံးဖြတ်ချက်အား မပြင်တော့မည့်နှယ် ရှိသည်။ “မင်းပဲ ကလေး မဟုတ်တော့ဘူးဆို ခုနပဲပြောခဲ့တာ မဟုတ်ဘူးလား ပြီးတော့ အဖေတို့က မင်းကို ပစ်စလက်ခပ် လက်လွှဲခဲ့မှာမှ မဟုတ်ပဲ ... ဘေးနားကနေ ဝိုင်းဝန်း လမ်းညွှန်ပေးမှာပါ ဒါကြောင့်
...
မငြင်းနေနဲ့တော့ ကြည့်ရတာ အကြီးအကဲတွေ အားလုံးကလည်း သဘောတူကြပုံပဲ”
"3260 ..."
ယဲ့ချန်သည် အားလျော့စွာဖြင့် ညည်းညူရုံသာ တတ်နိုင်တော့၏။ သူ့ဖခင် ပြောသည့်အတိုင်းပါပင်၊ အကြီးအကဲများ အားလုံးက သဘောတူဟန်နှင့် ခေါင်းတညိတ်ညိတ် လုပ်နေကြလေသည်။ “အိုး ... စိုးရိမ်ပူပန် မနေစမ်းပါနဲ့ကွာ ယဲ့မိသားစုဝင်တွေ အားလုံးက စည်းကမ်းတကျ ရှိကြပြီးတော့ တာဝန်သိစိတ်လည်း ရှိကြပါတယ် ခေါင်းဆောင် တစ်ယောက် အနေနဲ့ လုပ်ဖို့လိုတာက အရေးကြီးတဲ့ ကိစ္စတွေမှာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချပေးရုံပဲ
ကျန်တဲ့အချိန်တွေမှာ အေးအေးဆေးဆေး ကျင့်ကြံနေလို့ရတယ်”
ယဲ့ချိန်ရွှမ်းသည် ရယ်ကာမောကာနှင့် ယဲ့ချန်အား စိတ်သက်သာရာ ရစေရန် ပြောလို့နေသည်။
ယဲ့ချန်က သူစိတ်ပူနေခြင်းမှာ ကျင့်ကြံရန် အချိန်ရှိ၊ မရှိ ဆိုသည့်အကြောင်း မဟုတ်သည်ကို ပြောပြလိုသော်လည်း
အကြီးအကဲများ အားလုံးသည် စိတ်ဆုံးဖြတ်ထားပြီးကြပုံ ပေါ်သောကြောင့် သူ ဘာပြောပြော ပြောင်းလဲသွားတာက ရှိမည်မဟုတ်။
မိသားစုတစုတွင် ခေါင်းဆောင်သည် အကြွင်းမဲ့သော အာဏာ ပိုင်ဆိုင်သူ ဖြစ်ကာ ခေါင်းဆောင် နှုတ်ဖျားမှ ပြောသမျှအားလုံးသည် ချိုးဖောက်၍ မရသော စည်းမျဉ်းများနှင့် ညီမျှသည်။ အကယ်၍ မိသားစုဝင်များသည် ခေါင်းဆောင် ချမှတ်လိုက်သော စည်းမျဉ်းများက မတရားဘူးဟု ယူဆလျှင် အကြီးအကဲများထံမှ ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော်ခွင့် ရှိသည်။ နိဂုံးချုပ်ရသော် မိသားစုကြီး တစ်ခု၏ ခေါင်းဆောင် လုပ်ရခြင်းက ထမင်းစား၊ ရေသောက်သကဲ့သို့ မလွယ်ကူပေ။ အလွန်ရှုပ်ထွေးသော လုပ်ငန်းစဉ်များလည်း ရှိသေးရာ အချိန်ကုန်၊ လူပင်ပန်း၍ အလုပ်လည်း ရှုပ်လှသည်။
ဟဲ့ကျန့်ထွန်းသည် မဖုံးနိုင်၊ မဖိနိုင် ပျော်ရွှင်နေဟန်ဖြင့်
ယဲ့ချန်ပခုံးအား ပုတ်လျက် ပြောသည်။
“ရက်ပိုင်းအတွင်း ဒီကိစ္စကို မိသားစုဝင်တွေ သိအောင် ကြေညာလိုက်မယ်”
သည်အခြေအနေထိ ရောက်ပြီးမှတော့ ယဲ့ချန်အနေနှင့် ရွေးချယ်စရာ မရှိတော့။ ဦးလေးများထံ အကူအညီ တောင်းလိုဟန်ဖြင့် လှည့်ပတ် ကြည့်ပါသော်လည်း အားလုံးက မျက်နှာလွှဲသူကလွှဲ၊ ကျေနပ်စွာ ကျိတ်ပြုံးသူကပြုံးနှင့် ဘယ်သူမှ သူ့ဘက်၌ ရှိဟန်မတူပေ။
ထို့ကြောင့် စိတ်မပါလက်မပါနှင့် ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့သည်။