← Chapters

ဖယ်စမ်း

Vol. 38 Ch. 528

ဖယ်စမ်း

Vol. 38 Ch. 528

ချန်းကျူရှန် စကားကို ကြားသောအခါ ကွေ့ယီက မြန်မြန် ဝင်ပြောလိုက်သည် …

“အင်မော်တယ် ရောင်းရင်းချန်း  ... ယုံရင်အင်မော်တယ် နယ်မြေရဲ့ ဝေစုက ကျုပ်ဆီ ပေးမှာဆို ...”

သို့သော်လည်း ချန်းကျူရှန်က ကွေ့ယီ စကားကို ဖြတ်ပြောလိုက်သည် …

“ငါပြောတာက အင်မော်တယ် နယ်မြေ တစ်ခုစီတိုင်းရဲ့ အားအကောင်းဆုံး သူကို ပေးမယ်လို့ ပြောတာလေ။ မင်းက အင်မော်တယ် ရောင်းရင်းမိုထက် အားကောင်းတယ် ထင်နေတာလား”

နောက်ဆုံးစကားက ကွေ့ယီ၏ အမူအရာကို ပို၍ ဆိုးရွားသွားစေသည်။ သူက မိုဝူကျီ မည်သူမှန်း မသိထားသော်လည်း ဟွမ်းရှုရန်နှင့် ချန်းကျူရှန်တို့ နှစ်ယောက်လုံး ဤလူကို ကြောက်ကြသည့် အတွက် သူက အဘယ်ကြောင့်  ရင်ဆိုင် တွေ့ရမည်နည်း။

“လော့ကျမ်းစာရွက် ခုနစ်ရွက်က ဘာတွေလဲ”

မိုဝူကျီက မနားလည်စွာ မေးလိုက်သည်။ သူက  မုရုန်ရှန်းယွီကို လူအုပ်ကြီးလိုက် ဝိုင်းတိုက်နေသည့် အချိန်မှ ရောက်လာခြင်း ဖြစ်ရာ  မူရုန်ရှန်းယွီကို လိုက်ရန် ကြိုးစားနေသော ဂူကျိကျန်းပင် ပါနေသေး၏။ မုရုန်ရှန်းယွီအတွက်   ဤသို့မျိုး အဘယ်ကြောင့်  ဒေါသထွက်နေသည်ကို သူက ကောင်းကောင်း  မသိပေ။

မိုဝူကျီ၏ မုရုန်ရှန်းယွီအပေါ် နားလည်မှုအရ ဤအမျိုးသမီးမှာ သူမ  ကျင့်ကြံခြင်း တာအိုနှင့် ပတ်သက်လာလျှင် ကျန်သည့် ကိစ္စများကို အရေးမစိုက်ပေ။ သို့သော်  အကြောင်းတရား မရှိဘဲ သူမအနေဖြင့် ထိုမျှ လူအများကြီးကို တစ်ကြိမ်တည်း  ရန်စမိမည် မဟုတ်ပေ။

မိုဝူကျီက လော့ကျမ်းစာရွက် အကြောင်း မသိသည်ကို မြင်၍  ချန်းကျူရှန်က  ရယ်မော နေသော်လည်း  သူ့စိတ်ထဲ၌   မကျေမနပ် ဖြစ်နေမိသည်။ တစ်ချိန်တည်းတွင် သူက မိုဝူကျီ အဘယ်ကြောင့် တည်ငြိမ်နေကြောင်း နားလည်သွားပေ၏။ သူက ရှင်းပြတော့မည့် ဆဲဆဲတွင် ခပ်ကြမ်းကြမ်း အသံတစ်သံ ထွက်ပေါ်လာကာ …

“မင်းက မိုဝူကျီလား  ... ငါရဲ့  ဆရာတူ ညီလေး ပိုင်ချီထျန်းနဲ့ သဘာဝ ချိပ်ပိတ်ဂူ တစ်ခုကို တွေ့ပြီး အားလုံး တစ်ယောက်တည်း ယူသွားတဲ့သူလား”

ပိုင်ချီထျန်း၏ ဆရာတူ အစ်ကိုတဲ့လား ...

မိုဝူကျီ လာပြောသူကို သေချာ ကြည့်လိုက်သည်။ ထိုလူမှာ လေးထောင့်ကျကျ မျက်နှာထားရှိကာ  ခန္ဓာကိုယ် တောင့်တင်းပြီး သူ့လက်ထဲတွင် ကြီးမားသော  ကြေးတူတစ်လက် ရှိနေသည်။ သူ့ဘေးပတ်လည်မှ အရှိန်အဝါအရ ထိုလူမှာ ပိုင်ချီထျန်းထက် အားမနည်းကြောင်း  သိသာလေ၏။  မိုဝူကျီက ပိုင်ချီထျန်းကို သတ်လိုက်သောကြောင့်  ဤလူကို မျက်နှာသာ ပေးနေမည် မဟုတ်ပေ …

“ဘယ်သူလဲ  ... ဘာတွေ လာပြောနေတာလဲ”

“ငါ က ဖူပေး ...  ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်ကပဲ ...  ညီလေး ပိုင်ချီထျန်း သတင်းကို မကြားတာ ကြာပြီ။  အဲဒီဖွင့်လိုက်တဲ့  ချိပ်ပိတ်ထားတဲ့ အစီအရင်မှာ မင်း  တစ်ခုခု လုပ်လိုက်တာလား ”

ဖူပေးက ခက်ထန်စွာ ကြည့်လိုက်ရင်း မေးလိုက်သည်။

“ကျုပ်က ခင်ဗျားတို့  ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းရဲ့  ကလေးထိန်းလား ... ခင်ဗျား ရှာမတွေ့တဲ့ အမှိုက်ကို ကျုပ်ဆီ လာမေးရအောင် ခင်ဗျားတို့ ဂိုဏ်းက ကျုပ်ကို ဘာပေးမှာ မို့လို့လဲ”

မိုဝူကျီ၏ တုံ့ပြန်မှုမှာ  အငြိုးများ ပါဝင်နေသည်။ စိတ်အတွင်း၌ သူက ထိုဂိုဏ်းနာမည်မှာ ဆိုးရွားလှကြောင်း တွေးတော နေမိသည်။

ဖူပေးက ရှေ့တက်လာကာ  မိုဝူကျီနှင့် မနီးမဝေးတွင် ရပ်လိုက်ပြီး စိုက်ကြည့်လိုက်ရင်း …

“မင်းယူသွားတဲ့အရာက  ပစ္စည်းကောင်းပဲ ဖြစ်လိမ့်မယ်။ ကျုပ် ညီလေး ပိုင်ချီထျန်းက မကောင်းမှုကို မုန်းတီးတော့  ကိုယ်ပိုင်အသိစိတ် မရှိတဲ့သူဆို ဘယ်လိုမှ သည်းမခံနိုင်ဘူး။ မင်းက  အားလုံးကို မင်းအတွက် ယူသွားတယ်ဆိုတော့  သူက မင်းကို  အထင်သေးအမြင် သေးကြည့်မှာ ပုံမှန်ပဲ။

အဲဒါကို မင်းက မခံမရပ်နိုင်ဖြစ်ပြီး ငါ့ညီလေးနောက် လိုက်ပြီး သတ်လိုက်တာမလား”

ဘယ်လိုတောင်လား ...

မိုဝူကျီပင် ကြောင်အမ်းသွားကာ ပြန်ဖြေလိုက်သည် …

“ခင်ဗျားက အရူးပဲ ... ဒီအကြောင်းကို သိမှတော့  အဲဒီမှာ အင်မော်တယ် ရောင်းရင်း ရာကျော်လည်း ရှိနေမှာကို သိမှာပေါ့။ အခု အဲဒီကို သွားခဲ့တဲ့ လူဆယ်ယောက် ကျော်တောင် ရှိနေသေးတယ်။

ဘယ်သူကမှ ကျုပ် ယူသွားပါတယ်လို့ မပြောဘူး။  ပြီးတော့ ကျုပ်ဘာသာ ယူသွားရင်လည်း ခင်ဗျားအပူပါလား”

ပိုင်ချီထျန်းကို သူ သတ်လိုက်သည်မှာ မှန်ကန်သော်လည်း  ဝန်ခံဖို့ တောင်းဆိုလျှင်တော့ မဖြစ်နိုင်ချေ။ ကျယ်ပြော ပင်လယ်အင်မော်တယ် ကျောင်းတော်က သူ့လုပ်ရပ်ကို သိသွားလျှင်ပင် သူမဝန်ခံသရွေ့ သူတို့အနေဖြင့် အမှောင်ထဲမှသာ လုပ်ကြံရဲလိမ့်မည်။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲကိုတော့ ပေါ်တင် လုပ်ကြံရဲမည် မဟုတ်ပေ။

မိုဝူကျီက မဝန်ခံသော်လည်း သူ့အကြည့်မှာ  သူ့အား လာရောက် နှုတ်ဆက်ကြသော လူဆယ်ယောက်ကျော် အပေါ် ကျရောက်သွားသည်။ သတ္တု သဘာဝအမြုတေ ဖြစ်ကြောင်း သိကြသူမှာ သူနှင့် ပိုင်ချီထျန်း နှစ်ယောက်တည်း မဟုတ်ပေ။  အခြားလူများက သိသော်လည်း ရဖို့ရာ အခွင့်အရေး မရှိသည့်အတွက် မဝင်ပါခြင်းသာ ဖြစ်လိမ့်မည်။ သို့သော်လည်း ယခုအခါ ဤနေရာရှိ တစ်ယောက်မှ ဖူပေးဆီ သတင်းဖြန့်လိုက်မှန်း သိသာနေပေသည်။ ထိုလူက  သတ္တု သဘာဝ အမြုတေမှန်း မသိသော်လည်း  အရှိန်အဝါအရ ပစ္စည်းကောင်း တစ်ခုဟု ဆိုခြင်း ဖြစ်ပေမည်။

တစ်ခုခု ဖြစ်ပျက် နေသောကြောင့် မည်သူမျှ အသံမထွက်ရဲကြပေ။ ယခုအခါ  ဟွမ်းရှုရန်က မိုဝူကျီကို ပို၍ ကြောက်ရွံ့မိသွားသည်။  သူက ပိုင်ချီထျန်းသည် မည်မျှ မောက်မာကြောင်း သိထားရာ သူ့အတွက် မတရားဘူး ထင်သမျှကို လက်ခံမပေးနိုင်ပေ။ သဘာဝ ချိပ်ပိတ်အစီအရင် ဖွင့်သည့်အခါ ကျင့်ကြံသူ ရာကျော် ရှိနေသည့်ကြားမှ မိုဝူကျီက ပစ္စည်းအားလုံး  တစ်ယောက်တည်း ယူသွားခဲ့နိုင်ရာ  သူက   မည်မျှအထိ  ထူးခြားနေပြီနည်း။

“မင်းနောက်ခံက အတော်လေး ထူးခြားတယ် ဆိုရင်တောင် ငါ့ကျယ်ပြော ပင်လယ် အင်မော်တယ် ကျောင်းတော်က မင်းအလွယ်တကူ နင်းခြေလို့ ရတဲ့အရာ မဟုတ်ဘူး။  ညီလေး ပိုင်ချီထျန်းရဲ့ ပစ္စည်းကို ပေးလိုက် မင်းကို ...”

“ဖယ်စမ်း ” မိုဝူကျီက ဖူပေး စကားဆုံးအောင်ပင် မစောင့်တော့ပဲ  လက်တစ်ချက် ဝှေ့လိုက်သည်နှင့် ဓားမော့က လက်ထဲ ရောက်ရှိလာကာ အလင်းတန်း ဆယ်ချက်ကျော် ထုတ်လွှင့်လိုက်သည်။

စကားတစ်ခွန်းမျှ မပြောဘဲ မိုဝူကျီက အရင်ဆုံး လှုပ်ရှားလိုက်လေ၏။ လူအုပ်ကြီးထဲမှ လူတိုင်းလည်း ထိုရုတ်ခြည်းဆန်ဆန် တိုက်ခိုက်မှုကြောင့် အံ့ဩကုန်ကြသည်။ ဖူပေးလည်း အပါအဝင် ဖြစ်ပေ၏။ ဤနေရာရှိ လူများမှာ သာမန် တစ်ယောက်မှ မပါပေ။ သူတို့   မုရုန်ရှန်းယွီကို တိုက်ခိုက်ရဲသည်မှာ  သူမ၏ ထိပ်သီး တာအိုဂိုဏ်းမှာ ပျက်စီးနေပြီး  ယုံရင်အင်မော်တယ် နယ်မြေမှာလည်း အင်မော်တယ် နယ်မြေ ခုနစ်ခုအနက် အဆိုးရွားဆုံး ဖြစ်နေသေးသည်။

ကျင့်ကြံသူ လက်တစ်ဆုပ် လောက်သာ မိုဝူကျီ မည်သူမှန်း သိကြပြီး  သူ့တွင် ထိုသို့လုပ်ပိုင်ခွင့် အပြည့်အဝ ရှိကြောင်း သတိပြုမိကြသည်။  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲ အနေဖြင့်  လေးစားမှုမရှိသည့် လူတချို့ကို သင်ခန်းစာ ပေးခြင်းမှာ ဘာမှ မမှားယွင်းပေ။

ဖူပေးက မိုဝူကျီအပေါ် သတိကြီးကြီး ထားထားသော်လည်း ဓားမော့၏ အလင်းတန်းကို မြင်လိုက်ရသည့်အချိန် အနည်းငယ် ပျာယာခတ်သွားသည်။ မိုဝူကျီ သူ့ဓားမော့ ဝေ့ယမ်းလိုက်သည်နှင့် ဖူပေးက  သူ့ဆီ ချေမှုန်းပစ်မည့် အရှိန်အဝါ ရောက်ရှိလာသလို ခံစားမိလိုက်သည်။

အမှန်ပင် ချေမှုန်းခြင်း ဖြစ်ပေသည်။ သူ ဖူပေးက  ရွမ်ရှန်း နောက်ပိုင်းအဆင့် ဖြစ်သည့်အပြင် ကြယ်ရှစ်လုံး ပါရမီရှင် တစ်ယောက် ဖြစ်ပေသည်။ ရွမ်ရှန်း ပြီးပြည့်စုံခြင်း အဆင့်ရှိ ကြယ်ကိုးလုံး ပါရမီရှင်ပင် သူ့အား ထိုသို့ခံစားမိအောင် မပြုလုပ်နိုင်ကြပေ။ သို့သော်လည်း မိုဝူကျီဆီမှ ထိုဖိအားနှင့် အရှိန်အဝါကို ခံစားမိနေသည်။

ငါဒီလူကို မယှဉ်နိုင်ဘူး  ... ဖူပေးစိတ်ထဲ၌ အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။

သူ့စွမ်းအား စက်ကွင်းကို ထုတ်လွှင့်လိုက်ပြီး ကြေးတူကို ဝေ့ယမ်းလိုက်သည်။

သို့သော် မကြာခင်၌ ဖူပေးက သူ့စွမ်းအား စက်ကွင်းမှာ မိုဝူကျီရှေ့တွင် ဘာဆိုဘာမှ မဟုတ်ကြောင်း သိရှိလိုက်ရသည်။

“ဘုန်း ဘုန်း” ဆယ်မီတာ ရှည်လျားသည့် ဓားမော့အလင်းက ဖူပေး၏‌ ကြေးတူအပေါ် ကျရောက်လာပြီး သူ့လမ်းတစ်လျှောက်မှ အင်မော်တယ်စွမ်းအားများ သယ်ဆောင်လာသည်။ သွေးတစ်လုပ်ကို အတင်းမျိုချလိုက်ရပြီး နောက်သို လွင့်စဉ်သွားကာ   မီတာဆယ်ချီ အကွာတွင် လဲကျသွားသည်။

မိုဝူကျီ၏ ဓားမော့မှာ သူ့နောက်ကျောပေါ် ပြန်လည် ရောက်ရှိသွားပြီ ဖြစ်၏။ သူက ဖူပေးကို လိုက်မဖမ်းတော့ပဲ ဖူပေး၏ ပတ်လည်၌ သူ့စိတ်စွမ်းအားကို ဖြန့်ကြက် ထားလိုက်သည်။

အားလုံးက သူတို့ရှေ့မှ မြင်ကွင်းကို မြင်သည့်အခါ တုန်လှုပ်နေကြသည်။ ဖူပေးက ဤနေရာတွင် အားအကောင်းဆုံး မဟုတ်သော်လည်း အနည်းဆုံး ထိပ်တန်း ဆယ်ယောက်တွင် ပါဝင်ပေ၏။

ထိုသို့မျိုး အားကောင်းသည့်သူက တစ်ချက်တည်းဖြင့် လွင့်စဉ်သွားသည်တဲ့လား ...

ဖူပေးနဖူးရှိ ဒဏ်ရာချက်မှ သွေးများ စီးကျနေပြီး  နေရာတွင် ကြောင်ကြည့်နေမိသည်။  သို့သော်လည်း  သူက လုံးဝ သတိမပြုမိပဲ မိုဝူကျီကို အံ့ဩတုန်လှုပ်သည့် အမူအရာဖြင့် စိုက်ကြည့်မိနေသည်။  ယခုအချိန်အထိ သူ့လက်များမှာ တုန်ယင်နေဆဲ ဖြစ်သည်။ အကယ်၍ မိုဝူကျီနှင့် ထိပ်တိုက်  ရင်ဆိုင်မတွေ့လျှင် ရွမ်ရှန်းအဆင့် ကျင့်ကြံသူက ထိုမျှ အားကောင်းလိမ့်မည်ဟု ယုံနိုင်မည် မဟုတ်ပေ။

သူက မိုဝူကျီနှင့် ထိပ်တိုက် ရင်ဆိုင် တွေ့ခဲ့သောကြောင့်  မိုဝူကျီမှာ ကျင်းရှန်းအဆင့် မဟုတ်ဘဲ ရွမ်ရှန်းအဆင့် ရောက်နေကြောင်း သိလိုက်သည်။ တစ်ချိန်တည်းတွင် သူက ပိုင်ချီထျန်းမှာ မိုဝူကျီ လက်ချက်ဖြင့် သေဆုံးသွားကြောင်း  ၈၀ ရာခိုင်နှုန်းအထိ သေချာသွားသည်။

ပိုင်ချီထျန်းမှာ သူနှင့် ဂိုဏ်းအတူတူ ဖြစ်ပြီး တခြားသူများ မသိလျှင်ပင် သူ့အနေနှင့် ပိုင်ချီထျန်းမှာ ထိုကိစ္စများ မတရားခံပြီးနောက်    မိုဝူကျီနောက်မှ လိုက်လိမ့်မည် ဖြစ်ကြောင်း သိထားသည်။  မိုဝူကျီက ထိုမျှ အားကောင်း နေသောကြောင့်  ပိုင်ချီထျန်း မည်သို့ ဖြစ်သွားသည်ကို ခန့်မှန်းကြည့်ဖို့ရာ မလိုတော့ပေ။ သို့သော်လည်း  သူက ပိုင်ချီထျန်းနှင့် ရင်ဆိုင်တွေ့စဉ်က မိုဝူကျီမှာ ကျင်းရှန်းအဆင့်သာ ရှိသေးကြောင်း မသိထားပေ။

ထိုစဉ် ဟွမ်းရှုရန်သာလျှင်မက ဂူကျိကျန်း၊ ချန်းကျူရှန်၊ ယီနဉ်နှင့် ကျန်လူများပါ အံ့ဩကုန်ကြသည်။ အနက်ရောင်ဝတ်စုံနှင့် လူငယ် လုကျားက မျက်မှောင်အနည်းငယ် ကြုတ်မိလိုက်သည်။ သူက မိုဝူကျီကို လျှော့တွက်မိခဲ့သည်။ မိုဝူကျီ  ပိုင်ချီထျန်းကို သတ်ခဲ့စဉ်က  သူက နောက်ကြောင်း အားလုံးကို ရှင်းပေးခဲ့သူ ဖြစ်၏။ ထိုအချိန်က နေ့ဝက်တာ ရှာဖွေခဲ့သော်လည်း  မိုဝူကျီကို မတွေ့ခဲ့ပေ။

“အင်မော်တယ် ရောင်းရင်းမိုက  ကြားထားတဲ့ သတင်းတွေ အတိုင်း အားကောင်းတာပဲ” ချန်းကျူရှန်က ပြုံးကာ တည်တည်ငြိမ်ငြိမ် သူ့ပုံစံ ထိန်းထားရင်း ပြောလိုက်သည်။

မိုဝူကျီကို သူ့ကို စိတ်ထဲ မထားဘဲ ဖူပေးဆီသာ လျှောက်လှမ်း သွားလိုက်သည်။

ဖူပေး၏ ကတုန်ကယင် ဖြစ်နေမှုမှာ ရပ်တန့်သွားလေပြီ။ သူက မိုဝူကျီ သူ့နောက် လိုက်မည့်အကြောင်း စိုးရိမ်နေခြင်း   သို့မဟုတ် သူချန်ရစ် ထားခဲ့ရမည့် ပစ္စည်းကောင်းတွေ ကြောင့်သာ မဟုတ်လျှင် ထွက်ပြေး သွားလောက်လေပြီ။

မိုဝူကျီ လာနေသည်ကို မြင်၍ ဖူပေးက နောက်ဆုတ်ကာ  အသည်းအသန် အော်ဟစ်ပြောလိုက်သည်  “မင်း ဘာလိုချင်လို့လဲ”

ဘေးပတ်လည်မှ လူအားလုံးမှာ စိတ်ပျက်သွားကြသည်။ ဖူပေးက  မောက်မာနေကာ မိုဝူကျီအား ပြဿနာ ရှာခဲ့သော်လည်း  အဆုံးသတ်၌ မိုဝူကျီ၏ တစ်ကွက်တည်းဖြင့် ထိုသို့အခြေအနေ ကျရောက် သွားပေသည်။

ခြားနားချက် မည်မျှ ကြီးမားနေတာပါလိမ့် ...

မိုဝူကျီက ဖူပေးရှေ့ ရပ်ကာ  အေးဆေးစွာ ပြောလိုက်သည်  “ပြောစမ်း မင်းကို သဘာဝ ချိပ်ပိတ်အစီအရင် အကြောင်း ဘယ်သူ ပြောပြတာလဲ ”

ဖူပေးက ပြန်မဖြေခင် မိုဝူကျီက ဓားမော့ကို ဆွဲထုတ်ကာ  ဖူပေးကို သူ့စွမ်းအား စက်ကွင်းထဲ ထည့်ထားလိုက်ပြီး ဆက်ပြောလိုက်သည် …

“မဖြေလို့လည်း ရတယ်။ ဒါပေမဲ့ ကျုပ် ခင်ဗျားကို သတ်မယ်ဆိုတာ သေချာပေါက် သိပါတယ်”

ဖူပေးက သူ  ပိုင်ချီထျန်းကို သတ်လိုက်ကြောင်း မှန်းဆမိသွားသည်ကို မည်သို့မသိဘဲ နေမည်နည်း။ သို့သော် ပိုင်ချီထျန်းကို သတ်လိုက်ခြင်းနှင့် လူအုပ်ကြီးရှေ့ ဖူပေးကို သတ်လိုက်ခြင်းမှာ ကွာခြားလှသည်။ သူက  ဖူပေးကို သတ်လိုလျှင်ပင် နှစ်ဦးတည်း ရှိမည့်အချိန်မှ လုပ်မိလိမ့်မည်။

ဖူပေးက ပိုင်ချီထျန်းမှာ မိုဝူကျီလက်ချက်ဖြင့် သေသွားမှန်း သေချာသိနေ၍ ထိုစကားကို အသေအချာ ယုံကြည်နေမိသည်။

ဖူပေးက အသက်ဝဝ ရှူလိုက်ပြီး မိုဝူကျီကို စောစောလေးက နှုတ်ဆက်ထားသည့် ရွမ်ရှန်းအဆင့် ကျင့်ကြံသူကို ကြည့်ကာ …

“သူပါ ... သူက ခင်ဗျား အကုန်ယူသွားတယ် ဆိုပြီး ပြောခဲ့တာ”

“ထွက်သွားစမ်း ” မိုဝူကျီက စွမ်းအားစက်ကွင်းကို ရုပ်သိမ်းလိုက်ပြီး ဖူပေးကို ထွက်သွားရန် အမိန့်ပေးလိုက်သည်။

အင်မော်တယ် ဆေးပင်များကို ကြည့်ကာ ဖူပေးက မိုဝူကျီသည် သူ့နောက်ကို ထိုအရာအားလုံး ခူးဆွတ်မပြီးခင်  အထိ လိုက်မလာကြောင်း သိလိုက်သည်။ ထို့ကြောင့် ဘာမှ ဆက်မပြော နေတော့ပဲ လျှပ်တစ်ပြက် ထွက်သွားလိုက်တော့သည်။

သတင်းပေးသူက မိုဝူကျီ သူ့ဘက် လှည့်လာသည်ကို မြင်သောအခါ သူ့မျက်နှာမှာ ဖြူလျော့သွားပြီး   နောက်ကိုသာ ဆုတ်မိနေလေ၏။

မိုဝူကျီက ဘာမှမလုပ်ဘဲ သူ့ဓားမော့ကို ပြန်သိမ်းလိုက်ကာ  ထိုကျင့်ကြံသူကို အေးစက်စွာ ပြောလိုက်သည် …

“မင်းလည်း ထွက်သွားစမ်း  နောက်တစ်ခါ ထပ်မတွေ့စေနဲ့  ...”

ထိုကျင့်ကြံသူ စိတ်ထဲ နောင်တရမိသွားသည်။ သူက အများကြီး ပြောပြခဲ့မိ၏။ သူက မိုဝူကျီကို ရန်စမိခဲ့ရုံသာမက  သူ့ဆေးလုံး အလကား ဖော်စပ်ပေးမည့် အခွင့်အရေးလည်း လက်လွတ် ဆုံးရှုံးလိုက်ရလေပြီ။ မိုဝူကျီက သူ့ကို မသတ်ချင်၍သာ ကံကောင်း ပေတော့သည်။ သူက ဆက်မနေရဲတော့ပဲ မြန်မြန်ဆန်ဆန် ထွက်သွားတော့သည်။

“အင်မော်တယ် ရောင်းရင်းမို ... ဒီလော့ကျမ်းစာရွက် ခုနစ်ရွက် အကြောင်း ရှင်းပြပါ့မယ်။ ဒီလော့ကျမ်းက  အင်မော်တယ် နယ်မြေရဲ့ သဘာဝ ရတနာတွေထဲက အဆင့်မြင့်ဆုံးထဲက တစ်ခုပဲ။

ဒီရတနာက ဂိုဏ်းတစ်ခုရဲ့  ကံကြမ္မာကို ပြောင်းလဲနိုင်ရုံတင်   မကဘူး။ ကျင့်ကြံသူရဲ့ ကံတရားကိုလည်း  ဘေးကင်း လုံခြုံစေလိမ့်မယ်။  တိုက်ခိုက်ရေး ရတနာထဲက အဆင့် ၉ အင်မော်တယ်  ပစ္စည်းတောင် လော့ကျမ်းစာရွက်နဲ့ တွေ့ရင် ဘာဆိုဘာမှ မဟုတ်ဘူး။

လော့ကျမ်း စာရွက် ခုနစ်ရွက်ကို  မုရုန်ရှန်းယွီက တွေ့ခဲ့တာ။  ကျုပ် သဘောအရတော့ အင်မော်တယ် နယ်မြေ ခုနစ်ခုက တစ်ရွက်စီ ရသင့်တယ်လို့ ထင်တယ်  ...”

ချန်းကျူရှန်က မိုဝူကျီ၏ သဘောထားကို  ဂရုမစိုက်ဘဲ မျက်နှာ၌ အပြုံးကြီး ချိတ်ဆွဲထားလေသည်။

***

All Chapters