← Chapters

ခြင်ဆီသန့်စင် ဆေးလုံးများ

Vol. 3 Ch. 36

ခြင်ဆီသန့်စင် ဆေးလုံးများ

Vol. 3 Ch. 36

အဆုံးတွင် ယဲ့ချိန်ရွှမ်းနှင့် အခြား အကြီးအကဲများသည် ယဲ့ချန်သုံးစွဲရန် အတွက် ချီအဆီအနှစ်ဆေးလုံး သုံးလုံး ချန်ထားပေးရန် ဆုံးဖြတ်လိုက်ကြသည်။

ထို့နောက်တွင် ယဲ့ချိန်ရွှမ်းတို့သည် မိသားစုဝင်များအား ပင်မခန်းမသို့ လာရောက်စေကာ ကျင့်ကြံရာတွင် ကြုံတွေ့နေရသော အခက်အခဲများ အတွက် ညွှန်ကြားချက်များ ပေးသည်။

ချီအဆီအနှစ်ဆေးလုံး ၅၀သည် မည်မျှ အကျိုးသက်ရောက်မည်ကို မသိရသေးသော်ငြား ရလဒ်က အံ့မခန်း ဖြစ်မည်မှာတော့ သေချာပါ၏။

သူ ပါဝင်ပတ်သက်ရန် မလိုတော့ကြောင်း မြင်ရသည့်အခါ ယဲ့ချန်သည် ပင်မခန်းမထဲမှ ထွက်လာခဲ့ပြီး သူ့အစ်ကိုများ၏ ခြံဝန်းဆီသို့ ဦးတည်လိုက်သည်။

တုန်းလင်ရှိ ဆိုင်ခန်းများ ပိတ်လိုက်ရပြီး ကတည်းက ယဲ့ဖုန်းသည် အားလပ်ချိန် အများအပြား ရရှိနေသောကြောင့် ကျင့်ကြံရာ၌ အာရုံစိုက်ထားရန် တွေးခဲ့သည်။ သူအပါအဝင် ညီလတ် ယဲ့မူတို့သည် အသက်၁၈နှစ် မတိုင်မီ ထျန်းချီအဆင့်၆သို့ မရောက်ရှိနိုင် ခဲ့သောကြောင့် အဓိကသွေးကြောမများ ပိတ်ဆို့သည့် ပြဿနာနှင့် ရင်ဆိုင်နေရကာ ထျန်းချီအဆင့်၅ အထွတ်အထိပ်ဆင့်မှ မတိုးတက်နိုင်သေးပဲ ရှိနေခဲ့၏။

သို့သော် မိုးကြိုးအင်ပါယာ ကျင့်စဉ်အား ပြောင်းလဲ လေ့ကျင့်ခဲ့ပြီးနောက် အဓိက သွေးကြောမများ ပိတ်ဆို့နေရာ၌ တစ်စုံတစ်ရာ အပြောင်းအလဲ ဖြစ်လာကြောင်း ယဲ့ဖုန်း ခံစားမိခဲ့သည်။ ကျင့်ကြံရာတွင်လည်း မဆိုသလောက်သော တိုးတက်မှုလေး ရှိလာသည်။

ကြီးကြီးမားမား တိုးတက်မှု မဟုတ်လျှင်တောင် နှစ်ပေါင်းများစွာ မတိုးတက်ခဲ့သော ယဲ့ဖုန်းအတွက် စိတ်လှုပ်ရှား ပျော်ရွှင်ဖို့ လုံလောက်၏။

ထိုစဉ် တစ်စုံတစ်ယောက်က သူ့အခန်းတံခါးအား ခေါက်လာခဲ့သည်။ တံခါးဖွင့်လိုက်သည့်အခါ အံ့ဩစရာကောင်းစွာပင် ရောက်လာသည့်သူမှာ သူ၏ညီလေး ယဲ့ချန်ဖြစ်နေကြောင်း သိလိုက်ရသည်။

“ရှားရှားပါးပါး လာလည်လို့ပါလား ချန်အာ”

“ကျွန်တော်က အမြဲတမ်း အစ်ကိုကြီးဆီ လာလည်ချင်ခဲ့ပါတယ် အစ်ကိုကြီးတို့သာ အိမ်မှာ ရှိခဲတာ မဟုတ်ဘူးလား”

ယဲ့ချန်က ပြုံးလျက် စနောက်လိုက်သည်။

ယဲ့ဖုန်းသည် 'ငါ့ညီလေး ဘာပြောပြော အကုန်မှန်တယ်' ဟူသော မျက်နှာထားဖြင့် ရယ်လေသည်။ ထို့နောက်မှ အပေါက်ဝ၌ ပိတ်ရပ်ထားရာမှ ဖယ်ပေးရင်း ပြော၏။

“ဟုတ်ပါပြီ အထဲဝင်လေ”

“မဝင်တော့ဘူး အစ်ကိုကြီး အချိန်အများကြီး မရဘူး အခုက အရေးကြီးလို့ ကျွန်တော်လာခဲ့တာ ...”

ယဲ့ချန်က လာရင်း အကြောင်းအား စကားစလိုက်သည်။

ယခုအချိန်အခါတွင် မိသားစုထဲရှိ တစ်ယောက်ချင်းစီတိုင်းသည် သူတို့၏ အချိန်အလုံးစုံအား ကျင့်ကြံခြင်း၌သာ မြှုပ်နှံထားကြသည်။ သို့ဖြစ်ရာ ယဲ့ချန်သည် အလဟဿ အချိန်မဖြုန်းဝံ့ပေ။ ထို့အတူ ယဲ့ဖုန်းကလည်း အချိန်ဖြုန်းလိုမည် မဟုတ်။ ယဲ့ချန်သည် သူ့အစ်ကိုကြီး၏ ခြံဝန်းထဲသို့ မဝင်မီက ဝိညာဉ်အသိအမြင်ဖြင့် စစ်ဆေးခဲ့ရာ အစ်ကိုကြီးသည် ကျင့်ကြံနေခြင်း ဖြစ်ကြောင်း တွေ့ခဲ့ရသည်။ သူက မနှောင့်ယှက်လို သော်လည်း မဖြစ်မနေကိစ္စ ဖြစ်နေ၍သာ တံခါးခေါက်ခဲ့ခြင်း ဖြစ်၏။

“ဟုတ်လား ဘာအရေးကြီး ကိစ္စများလဲ … အစ်ကိုကြီး ကူညီနိုင်တာ တစ်ခုခုရှိမလား”

ယဲ့ဖုန်းက ခေါင်းညိတ်ရင်း ပြန်မေး၏။ အတွင်းစိတ်ထဲတွင်မူ ယဲ့ဖုန်းသည် သူ့ညီငယ်လေး၏ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ အလွန်ကောင်းမွန်စွာ ကြီးပြင်း လာခဲ့မှုကြောင့် ပီတိဖြစ်လို့နေသည်။

“ကျွန်တော် အစ်ကိုကြီးကို ဆေးလုံးတစ်လုံး လက်ဆောင်ပေးချင်လို့”

ယဲ့ချန်သည် စကားဆုံးသည်နှင့် ကောင်းကင် ပထဝီအိတ် အတွင်းမှ ခြင်ဆီ သန့်စင်ဆေးလုံး တစ်လုံး ထုတ်ယူကာ ပေးလိုက်သည်။

ယဲ့ဖုန်းသည် သူ့လက်ထဲ ရောက်လာသော ဆေးလုံးအား ဘာမှန်းမသိသောကြောင့် အနည်းငယ် ကြောင်သွားသည်။ ထိုဆေးလုံးသည် အလွန်ထူးဆန်းသော အရောင် ရှိပြီး အရင်က တခါမှ မမြင်ဖူးသည့်အပြင် ပုံမှန်ဆေးလုံးများထက် ပိုကြီးသော အရွယ်အစားရှိသည်။

“ဒါက သောက်လို့တော့ ရပါတယ်နော်”

ယဲ့ဖုန်းသည် တုံ့ဆိုင်းစွာဖြင့် မေးမိ၏။

ကျင့်ကြံသူများအကြား အသုံးများသော ချီစုဆောင်းဆေးလုံးနှင့် ချီအဆီအနှစ် ဆေးလုံးများကို လူတိုင်းနီးပါး မြင်ဖူး၊ ကြားဖူးကြသည်။ နေ့စဉ်ဘဝ၌ အလွန်အသုံးဝင်သော ဆေးများဖြစ်ရာ ဆေးဝါးပညာရှင်များ ကလည်း အလေးပေး၍ ဖော်စပ်ကြသည်။ လူသုံးများသော ဆေးတို့ကို အများအပြား ဖော်စပ်မှသာ ပိုက်ဆံရ လွယ်သောကြောင့်လည်း ဖြစ်၏။ ခြင်ဆီသန့်စင် ဆေးလုံးကဲ့သို့ ရှားပါးအဖိုးတန်သော ဆေးလုံးများကိုမူ ဆေးဝါးပညာရှင်များ အနေနှင့် ဖော်စပ်ခဲလှသလို ဈေးကွက်ထဲ၌ ထွက်ပေါ်လာသည်ကလည်း ရှားရှားပါးပါး ဖြစ်သည်။ အဓိကအချက်မှာ အဆင့်မြင့်သော ဆေးဝါးပညာရှင်များ ကသာ ခြင်ဆီသန့်စင် ဆေးလုံးကဲ့သို့ ဆေးလုံးများကို ဖော်စပ်နိုင်ကြသည်။ အထက်ဖော်ပြပါ အကြောင်းများကြောင့် ယဲ့ဖုန်းအနေနှင့် ခြင်ဆီသန့်စင် ဆေးလုံးအား ကြားဖူးနားဝသာ ရှိပြီး မမြင်ဖူးခြင်း ဖြစ်သည်။

ထို့ကြောင့် ယဲ့ဖုန်းသည် သူ့ညီက သူ့အား ဆေးဝါးပညာရှင် ပေါက်စတစ်ယောက်၏ စမ်းသပ်ထားသော ဆေးလုံးကို လာပေးနေခြင်းလော ဟူ၍ တွေးမိသွားရသည်။

“အာ ... သောက်လို့ရပါတယ် ဒီဆေးက အစ်ကိုကြီးရဲ့ ကျင့်ကြံခြင်းမှာ ပိတ်ဆို့နေတာတွေကို ဖြေရှင်းပေးနိုင်တယ် တကယ်ပြောတာ ကျွန်တော့်ကိုယုံ”

ယဲ့ချန်က ခိုင်ခိုင်မာမာ အာမခံလိုက်သည်။

“ဒါဖြင့်လည်း ကောင်းပြီလေ ချန်အာ့ကိုယုံပြီး သောက်လိုက်မယ်”

ထိုထူးဆန်းသော ဆေးလုံးက သူ၏ ပိတ်ဆို့နေသော အဓိက သွေးကြောများကိုသာ ဖြေရှင်းပေးနိုင်မည် ဆိုပါက ယဲ့ဖုန်းအနေနှင့် တုံ့ဆိုင်းနေရန် အကြောင်း မရှိတော့ပေ။ ထို့ကြောင့် သူက ဆေးလုံးအား ပါးစပ်ထဲထည့်ကာ မျိုချလိုက်သည်။

တစ်ခဏအကြာ၌ အလွန်ကြီးမားသော စွမ်းအားကြီး တစ်ခုသည် ယဲ့ဖုန်း၏ ချက်အပေါ်ဘက်နားမှ တစ်ဆင့် သွေးကြောများ အားလုံးကို ဖြတ်သန်း စီးဆင်းကာ ခန္ဓာကိုယ်အနှံ့သို့ ရောက်ရှိသွားသည်။ ထိုခံစားမှုကြောင့် ယဲ့ဖုန်းသည် အလွန် ထိတ်လန့်သွားရ၏။

'ဘာဆေးလုံးမို့လို့ အကျိုးသက်ရောက်မှုက ဒီလောက် ကြောက်စရာ ကောင်းရတာလဲ'

အတွေးနှင့်အတူ ယဲ့ဖုန်းသည် အလျင်အမြန် ခြေချိတ် ထိုင်ချလိုက်ပြီး ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များအား ထိန်းငြိလိုက်သည်။ သူ၏ တစ်ကိုယ်လုံးသည် မီးပြင်းဖိုထဲမှ လောလောလတ်လတ် ထွက်လာရသကဲ့သို့ ပူပြင်း တောက်လောင်နေပြီး အရေပြားများပင် နီရဲလာသည်။ ထိုပြောင်းလဲမှုများ၏ နောက်တွင် မကွဲပြားသော ခပ်သင်းသင်း မွှေးရနံ့တစ်ခုပါ ကပ်ပါလာ၏။

ယဲ့ဖုန်းက သာမန်ဉာဏ်ရည်သာ ရှိသော ငထုံတစ်ယောက်ဆိုလျှင်ပင် သူမျိုချခဲ့သော ဆေးလုံးမှာ သာမန်မဟုတ်ကြောင်း ရိပ်မိနေလောက်ပြီ ဖြစ်သည်။

ကြမ်းပြင်ပေါ်၌ ဆယ့်ငါးမိနစ်ခန့် လေ့ကျင့်ပြီးနောက် ယဲ့ဖုန်းသည် ဆေးလုံး၏ စွမ်းအင် အများအပြားအား စုပ်ယူနိုင်ခဲ့သည်။ ပြောင်းလဲ တိုးတက်မှုများအား လျစ်လျူရှုရင်း ယဲ့ဖုန်းသည် ထိုင်နေရာမှ အလျင်အမြန်ထကာ ညီဖြစ်သူ၏ ပခုံးနှစ်ဖက်အား လှုပ်ယမ်းလျက် မေးမိ၏။

“ခုဏဆေးလုံးက ဘာဆေးလုံးလဲ”

သူသာ ပြန်မဖြေလျှင် ယခုချက်ချင်း ငိုချတော့မတတ် အသည်းအသန် ဖြစ်နေသော အကိုဖြစ်သူအား ယဲ့ချန်သည် ရယ်ရခက်၊ ငယ်ရခက်ဖြင့် ကြည့်မိသည်။

“အဲဒါက ခြင်ဆီ သန့်စင်ဆေးလုံး”

“ခြင် ... ခြင်ဆီ ... သန့်စင် ဆေးလုံး”

ယဲ့ဖုန်း၏ တုံ့ပြန်မှုကား ယဲ့ချန်တီထွင်ထားသော လက်ပစ်ဗုံး ပေါက်ကွဲသည်ထက်ပင် ကျယ်လောင်သေးသည်။ အော်လိုက်သော အသံ အနေအထားအရ အလွန် ထိတ်လန့်သွားပုံပင်။

ယဲ့ဖုန်း၏ အတွေးထဲ၌မူ ယဲ့ချန် ထင်ထားတာထက်ကို ပိုပြီး ကမ္ဘာပျက်လို့နေသည်။

'မိုးနတ်မင်းရေ ငါ ... အခုလေးတင် ... ခြင်ဆီသန့်စင်ဆေးလုံး တစ်လုံးကို မျိုချလိုက်တယ်တဲ့လား'

မကြာသေးခင်က သူ့မျက်နှာပေါ်တွင် ရှိခဲ့သော တက်ကြွမှုများပင် အလုံးစုံ ပျောက်ကွယ်သွားပြီး ယဲ့ဖုန်း၏ မျက်နှာမှာ ဇီးရွက်လောက်သာ ရှိတော့သည်။

“ချန်အာ ... ဒီဆေးလုံးကို ဘယ်တုန်းက ဘယ်လိုရလာခဲ့လဲ မသိပေမဲ့ အစ်ကိုကြီးကို ဒီအတိုင်းပေးလိုက်မဲ့ အစား ချီစုဆောင်း ဆေးလုံးတွေနဲ့ လဲလှယ်ပြီး အဖေ့ကို ပေးလိုက်သင့်တယ် ဒီလိုဆို မိသားစုဝင်တွေ အကုန်လုံးအတွက် အကျိုးရှိမှာ အမှန်ပဲ အခုတော့ အစ်ကိုကြီးကြောင့်နဲ့ ဒီလောက် အဖိုးတန်တဲ့ ဆေးလုံးကို ဖြုန်းတီးသလို ဖြစ်သွားရပြီ”

ယဲ့ဖုန်းသည် မရေမတွက်နိုင်သော ချီစုဆောင်း ဆေးလုံးများနှင့် လဲလှယ်နိုင်သည့် အဖိုးတန် ဆေးလုံးအား ကိုယ်ကျိုးအတွက် စားသုံးလိုက်ရခြင်း အပေါ် အလွန်ပင် အပြစ်ရှိသလို ခံစားနေရတာ ဖြစ်သည်။

“အဲဒီလိုလည်း မဟုတ်ဘူးလေ ခြင်ဆီ သန့်စင်ဆေးလုံးလို အရမ်းရှားပါးတဲ့ ဆေးလုံးမျိုးကို ချီစုဆောင်း ဆေးလုံးတွေနဲ့ ပေါ်ပေါ်ထင်ထင် သွားလဲလိုက်ရင် အားလုံးက ယဲ့မိသားစုအပေါ် စိတ်ဝင်စားကုန် ကြမှာပေါ့ ဒါမျိုးက လျှို့ဝှက်ချက်အဖြစ် ထားတာ အကောင်းဆုံးပဲ မဟုတ်ရင် အန္တရာယ်တွေကို ဖိတ်ခေါ်သလို ဖြစ်နေလိမ့်မယ်”

ယဲ့ချန်သည် သက်ပြင်းချရင်း ရှင်းပြရ၏။ သူ၏ အစ်ကိုကြီးကား အမြဲတမ်း ထိုသို့သာ။ အလွန်ကြင်နာတတ်ပြီး သူကိုယ်တိုင်ထက် မိသားစု၏ အကျိုးကိုသာ လိုလားသည်။

“အဲဒီလိုတွေးမယ် ဆိုရင်တော့ ... ချန်အာပြောတာ မှန်ပါတယ် ဒါပေမဲ့ အပြစ်ရှိသလို ခံစားရတာကိုတော့ မရပ်တန့်နိုင်ဘူးလေ”

ယဲ့ဖုန်းက ဝန်ခံသည်။

“ဟုတ်ပါပြီ ဒါပေမဲ့ အများကြီး ထပ်မတွေးနဲ့တော့ ဘာပဲဖြစ်ဖြစ် ဆေးလုံးကို ပြန်အန်ထုတ်လို့ ရတာမှမဟုတ်တာ ပိုကြီးတဲ့ တိုက်ပွဲတွေ လာတော့မှာကိုသာ မမေ့ပါနဲ့ ဒီအတောအတွင်းမှာ အစ်ကိုကြီးရဲ့ ကျင့်ကြံဆင့်တွေ တိုးတက်လာပြီး မိသားစုကို တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့”

ယဲ့ချန်က ပြောသည်။

ယဲ့ဖုန်းသည် ခေါင်းညိတ်ရင်း ယဲ့ချန်ထံ နက်နက်နဲနဲကြည့်ကာ ပြောလာသည်။

“ချန်အာ ... ဒီနေ့ကစပြီး ငါ့အသက်က မင်းအပိုင်ပဲ”

“အစ်ကိုကြီးကတော့ လုပ်ပြီ ညီအကိုအချင်းချင်း ဒီလိုတွေ ပြောစရာ လိုလို့လား စကားပုံတောင် ရှိတယ်မလား 'သွေးက ရေထက်ပျစ်တယ်' ဆိုတာလေ”

ယဲ့ချန်က ရယ်လျက် ပြန်ပြောရင်း ခေါင်းစဉ် ပြောင်းလိုက်၏။

“ဒါနဲ့ အစ်ကိုလတ်ရော ကျွန်တော် သူ့အတွက် နောက်ထပ် ခြင်ဆီ သန့်စင်ဆေးလုံး တစ်လုံး ယူလာခဲ့သေးတယ်”

“နောက်တစ်လုံး ပါလာသေးတယ်”

ယဲ့ဖုန်းသည် အံ့ဩထိတ်လန့်မှုကြောင့် ထပ်အော်မိမတတ်။

အတန်ကြာမှ သူ့ခမျာ တုံ့ပြန်နိုင်ရှာသည်။

“ခဏစောင့်နေ သူ့ကိုခေါ်ပေးမယ်”

ထို့နောက် ယဲ့ဖုန်းသည် ယဲ့မူအား ခေါ်ဆောင်လျက် ပြန်ရောက်လာသည်။

ယဲ့ချန်သည် အစ်ကိုဖြစ်သူ ယဲ့ဖုန်း၏ ကွဲပြားနေသော အမူအရာကြောင့် ဘာမှ မတတ်နိုင်သော်ငြား ရယ်မိ၏။ ယဲ့ဖုန်းသည် ခြင်ဆီ သန့်စင်ဆေးလုံးအား သူကိုယ်တိုင် သောက်မိစဉ်က အပြစ်ကြီးတစ်ခု ကျူးလွန်မိသည့်နှယ် ထိတ်လန့်နေသော်ငြား ညီဖြစ်သူ ယဲ့မူ သောက်ရချိန်တွင်တော့ အလွန်ပျော်ရွှင်ဟန်နှင့် တက်ကြွနေပါ၏။ ထိုသည်ကိုကြည့်လျှင် ယဲ့ဖုန်းသည် သူ၏ ညီငယ်နှစ်ဦးအား မည်မျှချစ်ကြောင်း သိနိုင်ပါသည်။

ယဲ့မူသည် အစပိုင်းတွင် ဇဝေဇဝါ ဖြစ်နေသော်လည်း အကိုနှင့် ညီတို့၏ လောဆော်မှုကြောင့် ခြင်ဆီသန့်စင် ဆေးလုံးအား ဘာဆေးလုံးမှန်း မသိပါပဲ သောက်လိုက်ရသည်။ ယဲ့မူအဖို့ ဆေးလုံး၏ စွမ်းအင်များအား စုပ်ယူရန် နာရီဝက်ခန့် အချိန်ယူလိုက်ရသည်။

ထိုဆေးလုံးမှာ ခြင်ဆီ သန့်စင်ဆေးလုံး ဖြစ်ကြောင်း သိပြီးသည့်နောက် ယဲ့မူ၏ တုံ့ပြန်မှုမှာ ယဲ့ဖုန်းကဲ့သို့ တစ်ထပ်တည်းပါပင်။

“ချန်အာရာ ... မင်း အဲဒီ့ဆေးလုံးကို ရောင်းမစားရင်တောင် မိသားစုထဲက အလားအလာ အကောင်းဆုံး ကျင့်ကြံသူကို ပေးလိုက်သင့်တာ”

ယဲ့မူသည် သက်ပြင်းချလျက် ဆို၏။

“ဘယ်အလားအလာ ရှိတဲ့ ကျင့်ကြံသူက အသက်၁၈နှစ် မတိုင်မီ ထျန်းချီအဆင့်၆ကို မရောက်ဘဲ နေပါ့မလဲ မဟုတ်ဘူးလား”

ယဲ့ချန်သည် ခပ်တိုးတိုးရယ်ရင်း ပြန်ပြောမိသည်။

“မိသားစုထဲမှာ ခြင်ဆီ သန့်စင်ဆေးလုံးကို အလိုအပ်ဆုံးသူက အစ်ကိုတို့နှစ်ယောက် အပြင် တကယ်မရှိဘူး အဲဒါကြောင့် စိတ်သန့်သန့်နဲ့ နေလို့ရပါတယ် ဟုတ်ပြီလား”

ယဲ့မူသည် အတန်ကြာ တွေဝေနေပြီးမှ ပြုံးကာ ခေါင်းညိတ်လေသည်။

“ဟုတ်ပါပြီ သောက်ပြီးမှတော့ ဘာမှလည်း လုပ်လို့ရတာမှ မဟုတ်တော့တာ”

နှိုင်းယှဉ်ရသော် ယဲ့မူကမှ ယဲ့ဖုန်းထက် ပိုတည်ငြိမ်စွာ လက်ခံနိုင်စွမ်း ရှိသည်ဟု ပြောရမည်။

မည်သို့ပင်ဆိုစေ ယဲ့ချန်ဆန္ဒရှိသည့် အတိုင်း သူ့အစ်ကိုနှစ်ယောက်လုံး ခြင်ဆီ သန့်စင်ဆေးလုံးအား သောက်ပြီးပြီဖြစ်၍ ယဲ့ချန်မှာ ပျော်တာထက်ကို ပိုနေသည်။ အစ်ကိုနှစ်ဦးနှင့် အတန်ကြာ စကားချင်း ဖလှယ်ပြီးနောက် တက်ကြွစွာနှင့် ပြန်လည် ထွက်ခွာလာခဲ့သည်။ သူက မိုးကြိုး အင်ပါယာကျင့်စဉ် ဒုတိယအဆင့်နှင့် ပြုပြင်ထားသော မုန်တိုင်း အရိပ်လက်သည်း အကြောင်းကိုပင် အစ်ကိုနှစ်ဦးအား ပြောပြခဲ့သေးသည်။ သိပ်မကြာခင်တွင်ပဲ ယဲ့ဖုန်းနှင့် ယဲ့မူတို့သည် တစ်ရက်တည်း၌ ထျန်းချီအဆင့်၆သို့ အတူတူ အဆင့်တက်သွား ကြလေသည်။

***

All Chapters