ဝိညာဉ်စစ်သည်တော်
Vol. 3 Ch. 37
နေ့ရက်များက ဆက်လက် ကုန်ဆုံးနေပြီး ယဲ့မိသားစု ရဲတိုက်သည် ပြင်ပ အဆက်အသွယ်များအား ဖြတ်တောက်ကာ တံခါးပိတ်ထားဆဲ။ သို့သော် ဂိတ်တံခါးကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးတခုက တောင်တန်းဘက်မှ ကြားနေရသော ဆူဆူညံညံ အသံများကိုတော့ တားဆီးမပေးနိုင်ပေ။
မှန်ပေသည်။ ယခုဆိုလျှင် ယွင်မိသားစုမှ ငှားယမ်းထားသော အလုပ်သမားများသည် ယဲ့မိသားစုပိုင် သတ္တုတွင်းများသို့ လာရောက်ကာ လက်လွှဲယူရန် ပြင်ဆင်နေကြသည်။
ယဲ့မိသားစုဝင်များသည် အနိုင်ကျင့်ခံရသကဲ့သို့သော ခံစားမှုကြောင့် ယခုအချိန်အခါ၌ ပို၍ စည်းလုံးလာကြသည်။ မိသားစုဝင်များ၏ တိုးတက်လိုစိတ် ပြင်းပြစွာ ရုန်းကန်နေမှုတို့ဖြင့် ယဲ့မိသားစု ရဲတိုက်သည်ကား အသက်ဝင် လှုပ်ရှားလို့နေသည်။
ယဲ့ချန်သည်လည်း တစ်ခါတစ်ရံ ထမင်းစားဆောင်ဘက်သို့ သွားသည်မှလွဲ၍ ခြံဝန်းအပြင်သို့ပင် မထွက်ဘဲ လေ့ကျင့်နေခဲ့သည်။ အချိန်အများစုတွင် သူသည် ထျန်းချီကိုသာ ဦးစားပေးကျင့်ကြံပြီး သိုင်းပညာ ကျင့်စဉ်တို့အား ခဏတာ ရပ်ဆိုင်းထားသည်။
သူသည် ကုတင်ထက်၌ ဈာန်ဝင်စားနေသော ဘုန်းကြီးငယ် တစ်ပါးကဲ့သို့ အာရုံစူးစိုက်စွာ မျက်စိမှိတ်လျက် ထိုင်နေရင်း ကြယ်တာရာ ဘုံကိုးလွှာ၏ နောက်ဆုံး ကျန်ရစ်သော ကဏ္ဍငါးခုမှ သဘာဝ စွမ်းအင်ငါးမျိုး (သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး) တို့၏ ကျင့်စဉ်ပထမအဆင့်အား အသေးစိတ် ဆင်ခြင်သ ုံးသပ်နေ၏။
ယဲ့ချန်အဖို့ ထိုစွမ်းအင်ငါးမျိုးအား ထဲထဲဝင်ဝင် လေ့လာလေလေ အချိတ်အဆက် မိလာလေလေ ဖြစ်ရာ အံ့ဩစရာ ကောင်းစွာပင် ၎င်းတို့ကို တစ်ပြိုင်နက် လေ့ကျင့်ရခြင်းက ကျင့်စဉ် တစ်မျိုးတည်းအား လေ့ကျင့်ရခြင်းထက် နှေးကွေးနေခြင်းမျိုး မဖြစ်တော့ပေ။
ပီရှို့ (အသိစိတ်ထဲရှိဓား) ထံမှ အသန့်စင်ဆုံး ထျန်းချီများသည် ရေတံခွန်တစ်ခု အရှိန်ပြင်းပြင်း စီးဆင်းလာသည့် အလား ယဲ့ချန်၏ အဓိက သွေးကြောမများထဲသို့ ဝင်ရောက်သည်။ နှေးကွေးသော်လည်း အားကောင်းစွာဖြင့် သူ၏ ထျန်းချီများ ပိုမို သိပ်သည်းလာသည်ကို ယဲ့ချန် ခံစားမိသည်။
[ Translator's Note — အခုကစပြီး ယဲ့ချန်ရဲ့ အသိစိတ်ထဲက ဓားကို *ပီရှို့/ဓားပျံ* လို့ ပြောင်းလဲ သုံးနှုန်းသွားပါမယ်။]
ဆယ်ရက်ဟူသော အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးလို့သွားသည်။
ထိုဆယ်ရက်ပြီးနောက် တစ်ခုသောနေ့တွင် သာမန်ထက် ထူးကဲသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့၏။
ယမန်နေ့များကဲ့သို့ ယဲ့ချန်၏ခြံဝန်းသည် တိတ်ဆိတ် ငြိမ်သက်လျက်ရှိပြီး အစိမ်းရောင် သစ်ရွက်များ အချင်းချင်း ပွတ်တိုက်မိသံကိုသာ ကြားနေရသည်။ အဖြူရောင် မြူခိုးငွေ့ အချို့က ခြံဝန်းအတွင်း ယှက်ဖြာနေကာ နေ့တနေ့၏ ပထမဦးဆုံး နေရောင်က မြူခိုးငွေ့များ အကြားမှ ဖောက်ထွင်းလျက် ဖြာကျလာသည်။
ယဲ့ချန်သည် ထိုင်နေကျနေရာ၌ပင် ခြေချိတ်လျက် ထိုင်နေပြီး အကျဉ်းအကျပ် အခြေအနေတစ်ခုသို့ မရောက်ခင်အထိ နာရီပေါင်းများစွာ ကျင့်ကြံနေခဲ့တာ ဖြစ်သည်။ အကြောင်းတချို့ကြောင့် သူ၏ထျန်းချီများသည် အတားအဆီးတစ်ခုနှင့် ကြုံတွေ့နေရသကဲ့သို့ တိုးတက်လာခြင်း မရှိ ဖြစ်နေသည်။ မည်သို့ ကြိုးစားပါစေ မပြောင်းလဲပေ။
“ငါ့ရဲ့ထျန်းချီတွေက ဘာဖြစ်တာလဲ … ကျင့်စဉ် ငါးခုကို တစ်ပြိုင်နက် လေ့ကျင့်တာမှာ တစ်နေရာရာ လွဲမှားသွားလို့ များလား”
ယဲ့ချန်သည် စိတ်ညစ်ညူးစွာဖြင့် ရေရွတ်မိ၏။ ထိုစဉ်တွင်ပဲ သူ့ခန္ဓာကိုယ်ထဲရှိ ထျန်းချီများသည် ရုတ်တရက် ပေါက်ကွဲမှု အသေးစားလေး ဖြစ်သွားသကဲ့သို့ တန့်ထျန်ထဲမှ တိုးထွက်လာကာ အဓိက သွေးကြောမများထဲသို့ ကမူးရှူးထိုး ဝင်ရောက်လာသည်။ ထိုမတည်မငြိမ် ဖြစ်နေသော ထျန်းချီများနှင့် ထိတွေ့မိသမျှ ခန္ဓာကိုယ်၏ နေရာအနှံ့သည် ပင်အပ်များနှင့် တစပ်စပ် အထိုးခံရသကဲ့သို့ ပြင်းထန်စွာ နာကျင်မှုကို ခံစားလာရ၏။
အဖြစ်အပျက်က ရုတ်တရက် ဆန်လှသည်မို့ ယဲ့ချန် နာကျင်စွာ ခပ်တိုးတိုး ညည်းညူမိသွားသည်။ နာကျင်မှုအား တောင့်ခံပြီး ထျန်းချီများအား ထိန်းချုပ်ရန် ကြိုးစားသော်လည်း မတည်မငြိမ် ဖြစ်နေသော ထျန်းချီများသည် အားကောင်းလွန်းလှကာ သူထိန်းချုပ်နိုင်သည့် အနေအထားတွင် ရှိမနေပေ။
'မဖြစ်ဘူး … ဒီတိုင်းဆက်သွားရင် ငါ့ရဲ့ အဓိက သွေးကြောမတွေ နောက်တစ်ကြိမ် ပျက်စီးသွားလိမ့်မယ် … မဟုတ်မှလွဲရော ဒါက ... အရမ်းမြန်မြန် အဆင့်တက်တာကြောင့် ရလာတဲ့ ဆိုးကျိုးများလား'
စိုးရိမ်ပူပန်မှုကြောင့် ယဲ့ချန်၏ နဖူးပြင်ရှိ သွေးကြောများပင် ထောင်ထလာသည်။ အလိုအလျောက် တုံ့ပြန်မှုဖြင့် သူသည် ကြိုးစား၍ မတ်မတ်ထိုင်လိုက်ပြီး ထျန်းချီများအား ကြယ်တာရာ ဘုံကိုးလွှာမှ နောက်ဆုံးကျန်ရစ်သော ကဏ္ဍငါးမျိုး / သဘာဝ စွမ်းအင်ငါးမျိုး၏ ကျင့်စဉ်တို့ဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းမိသည်။
သို့သော်ငြား သိပ်ပင် မကြာလိုက်သော အချိန်၌ တူညီသော မတည်မငြိမ် ဖြစ်နေသည့် ထျန်းချီလှိုင်းလုံးကြီး တခုသည် ဆက်လက် ကြီးထွားလာကာ ခုခံနိုင်စွမ်း ကင်းမဲ့နေသော ယဲ့ချန်၏ အဓိက သွေးကြောမများထဲသို့ ထပ်မံ တိုးဝင်သွားလေသည်။
အခြေအနေသည် ပို၍ပင် အထိန်းအကွပ်မဲ့လာပြီး ယဲ့ချန်၏ ခန္ဓာကိုယ်တွင်း၌ ဟာရီကိန်း အသေးစားတစ်ခု တိုက်ခတ်နေသည့်နှယ် ထျန်းချီများဖြင့် ဖရိုဖရဲဖြစ်နေတော့သည်။
ယဲ့ချန် မည်သို့ပင် ထိန်းချုပ်ရန် ကြိုးစားပါစေ ငြင်းဆန်နေသော အနှီထျန်းချီများသည် အချိန်တစ်ခု ကြာသည့်နောက် ၎င်းတို့၏ တာဝန် အောင်မြင်စွာ ပြီးမြောက်သွားသည့် အလား ယဲ့ချန်၏ ခန္ဓာကိုယ်ထဲမှ ထွက်သွားကြပြီး လေထုထဲ၌ အလိုအလျောက် အငွေ့ပျံသွားကြသည်။
ထိုအချိန်တွင် ယဲ့ချန်အနေနှင့် အသုံးပြုနိုင်သည့် အရာမှာ ဝိညာဉ်အသိအမြင်သာ ရှိတော့သည်။ ညည်းညူလျက်ကပဲ လူငယ်လေးသည် အားနည်းစွာဖြင့် ဝိညာဉ်အသိအမြင်အား ထုတ်ဖော်လိုက်သည်။ ဝိညာဉ်အသိအမြင် ထွက်ပေါ်လာသည့် အချိန်တွင် ယဲ့ချန်၏ စိတ်ထဲ၌ မိုးကြိုးသွားတစ်ချက် လက်သွားသကဲ့သို့ ဖြစ်သွားပြီး သူ့အသိစိတ် တစ်ခုလုံးသည် အလွန်ပြတ်သားလျက် ကြည်လင် ရှင်းလင်းသော အခြေအနေတစ်ခုသို့ ကျရောက်သွားသည်။
ဝိညာဉ် အသိအမြင်သည် သူ၏ခန္ဓာကိုယ်ထဲမှ ထိတ်လန့်စရာ ကောင်းလောက်သော အမြန်နှုန်းဖြင့် ထွက်ပေါ်လာခြင်း ဖြစ်ပြီး ပုံမှန်ထက် အလွန်ကြီးမားသော အရွယ်အစား တစ်ခုသို့ ရောက်သည်အထိ အဆက်မပြတ် ကြီးထွားလာနေသည်။
ယဲ့ချန်ဘေးတွင် တိတ်ဆိတ်စွာ လေ့ကျင့်နေသော အမေွးပွလေးသည်ပင် မျက်လုံးများ ပွင့်လာပြီး ယဲ့ချန်အား အံ့ဩတကြီး ကြည့်သည်။ ကြောက်မက်ဖွယ် တစ်စုံတစ်ရာကို ခံစားမိသောကြောင့် ၎င်း၏တစ်ကိုယ်လုံးရှိ အဖြူရောင် အမွေးလေးများသည် ထောင်မတ် သွားကြသည်။ မသိစိတ်၏ တုံ့ပြန်မှုအရ အမွေးပွလေးသည် ယဲ့ချန်ဘေးတွင် ထိုင်နေရာမှ ခပ်ဝေးဝေး တစ်နေရာသို့ အလျင်အမြန် ပြေးတော့သည်။ သို့သော် သိလိုစိတ်ကလည်း ရှိနေသေးသောကြောင့် ခေါင်းသေးသေးလေးအား ယဲ့ချန်ဘက်သို့ လှည့်လျက် စူးစမ်း၏။
ယဲ့ချန်၏ ဝိညာဉ်ခန္ဓာကိုယ် (ဝိညာအသိအမြင်) သည် ဖောက်ထွင်း မြင်ရမတတ် ကြည်လင်နေရာမှ ထိတွေ့လို့ရတော့မည့် အလား အကောင်အထည် ပေါ်လာသည်။ ၎င်းသည် ယဲ့ချန်၏ အထက် လေထုထဲ၌ ရွှေရောင် အရောင်အဝါများ ဖြာထွက်လျက် လွင့်မျောနေသည်။ ထို့ပြင် ၎င်း၏ အရွယ်အစားသည် ပေပေါင်းများစွာ မြင့်မားသည့်အပြင် စစ်သည်တော် တစ်ဦး၏ ဩဇာပြင်း၍ ကြောက်ရွံ့ တုန်လှုပ် သွားစေနိုင်သော အငွေ့အသက်များ ထုတ်လွှတ် နေသေးသည်။
'ဒါက ဝိညာဉ် စစ်သည်တော်'
စိတ်မကောင်းစရာ တစ်ခုမှာ ထိုဟာက ပုံရိပ်ယောင်သာ ဖြစ်ပြီး တကယ့် စစ်သည်တော်တစ်ဦး ဟုတ်မနေခြင်းပင်။
ယဲ့ချန်သည် ပီရှို့အား ပိုမိုများပြားသော ထျန်းချီတို့ ထုတ်လွှတ်ပေးရန် နှိုးဆွလိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ ထိုထျန်းချီများက ယဲ့ချန်၏ ထိန်းချုပ်မှု အောက်တွင် ရှိနေပြီး ခန္ဓာကိုယ်ထဲရှိ ဒဏ်ဖြစ်သွားသော သွေးကြောများအား တဖြည်းဖြည်း ပြန်လည်ကုစားသည်။
'ဖြစ်နိုင်တာက ကြယ်တာရာ ဘုံကိုးလွှာကို လေ့ကျင့်တဲ့ သူတွေရဲ့ ခန္ဓာကိုယ်က ပိုကောင်းတဲ့ အဆင့်တစ်ခုထိ မရောက်ခင် အဓိက သွေးကြောမတွေကို ဖျက်ဆီးပစ်ပြီး အသစ် ဖြစ်လာစေတာလား'
ယဲ့ချန် ကိုယ့်ဘာသာ ကိုယ်သာ ကောက်ချက်ချလိုက်သည်။ ထို့နောက် သူသည် ပီရှို့ထံမှ စီးဆင်းလာသော ထျန်းချီတို့အား သဘာဝစွမ်းအင် ငါးမျိုးတို့၏ ပထမအဆင့် ကျင့်စဉ်အတိုင်း လှည့်လည်လိုက်သည်။ ထျန်းချီဝဲကတော့ များသည် သဘာဝစွမ်းအင် ငါးမျိုးအဖြစ် ပြောင်းလဲကာ သူ့ခန္ဓာကိုယ်ထဲရှိ ဒဏ်ဖြစ်သွားသော အဓိက သွေးကြောမများနှင့် အခြားသက်ဆိုင်ရာ ကိုယ်တွင်းအင်္ဂါများ အနီး၌ လှည့်လှည်နေပြီး တဖြည်းဖြည်း ပျော်ဝင်သွားတော့သည်။
သတ္တုစွမ်းအင်က အဆုတ်သို့၊ သစ်သားစွမ်းအင်က အသည်းသို့၊ ရေစွမ်းအင်က ကျောက်ကပ်သို့၊ မီးစွမ်းအင်က နှလုံးသို့၊ မြေကြီးစွမ်းအင်က သရက်ရွက်သို့ ... စသည်ဖြင့်။
အသီးသီးသော ထျန်းချီဝဲကတော့ တစ်ခုချင်းစီသည် သဘာဝစွမ်းအင် ငါးမျိုး၏ ထူးခြားသော စွမ်းရည်တို့ကို ကိုယ်စားပြုသည်။ ဖြစ်နိုင်သည်မှာ ကြယ်တာရာ ဘုံကိုးလွှာအား လေ့ကျင့်သည့်ရလဒ် နောက်တစ်ခုအနေနှင့် တစ်စုံတစ်ယောက်သည် ကွဲပြားသော သဘာဝရှိသည့် ထျန်းချီတို့ကို ခန္ဓာကိုယ်အတွင်း စုစည်းကာ ဖြစ်ပေါ် စေနိုင်ခြင်းပေလော။
သဘာဝစွမ်းအင် ငါးမျိုးတို့၏ ထျန်းချီများသည် တစ်ခုမှတစ်ခုသို့ စဉ်ဆက်မပြတ် ပြောင်းလဲလျက် ယဲ့ချန်၏ တန့်ထျန်အတွင်း စွမ်းအင်ဆုံချက် အဖြစ် စုဆုံသည်။ အပြင်ဘက်၌လည်း မတူကွဲပြားသော သဘာဝစွမ်းအင် ရောင်စဉ်ငါးဖြာသည် တဖြည်းဖြည်း စုရုံးလာပြီး သူ့ခန္ဓာကိုယ် ပတ်လည်တွင် လှည့်လည်နေသည်။
ထိုရောင်စဉ်တန်းများသည် တခါတရံတွင် အချင်းချင်း ယှက်ဖြာလျက် ပေါင်းစည်းတော့မည်ဟန် ရသည်။ အလင်းရောင်ငါးမျိုးက ယဲ့ချန်၏ မျက်နှာ၌ ထင်ဟပ်နေပြီး အလွန် ပျော်မြူးနေသကဲ့သို့ လေထဲတွင် ကခုန်နေဟန်လည်း ရပြန်သည်။ ယဲ့ချန်သည် ထျန်းချီတို့အား သဘာဝစွမ်းအင် ငါးမျိုးအဖြစ် ပြောင်းလဲရာတွင် အောင်မြင်သွားရုံမက တစုတစည်းတည်း စုပေါင်း လိုက်နိုင်ပုံပေါ်ကာ တစ်စုံတစ်ယောက်သာ အနီးနားမှ ဖြတ်သွားပါက ရောင်စုံ အလင်းတန်းများကြား နစ်မြုပ်နေသော ယဲ့ချန်ကို မြင်ရမည်ဖြစ်သည်။
သဘာဝစွမ်းအင်ငါးမျိုးလုံး၏ ပထမအဆင့်အား ယဲ့ချန်ကား အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
'ကြည့်ရတာ သဘာဝစွမ်းအင်ငါးမျိုး (သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး)က ထျန်းချီဝဲကတော့တွေ ဖန်တီးနိုင်ပုံပဲ ... ဒီလိုဆိုရင် သဘာဝ အင်အားစုကြီးလေးမျိုး (မိုးကြိုး၊ လေ၊ ရေခဲ၊ အလင်း) ကရော ထျန်းချီဝဲကတော့တွေ ဖန်တီးနိုင်လောက်လား'
ထိုသို့အတွေးနှင့် ယဲ့ချန်သည် ထျန်းချီတို့အား ကဏ္ဍကိုးမျိုးလုံး၏ သဘာဝစွမ်းအင် ကိုးမျိုးအဖြစ် ပြောင်းလဲကာ လှည့်ပတ်ကြည့်လိုက်သည်။
သဘာဝစွမ်းအင် ငါးမျိုး၏ အသီးသီးသော ရောင်စဉ်တန်းများနှင့်အတူ သဘာဝအင်အားစုကြီး လေးမျိုး၏ အလင်းတန်းများပါ ထွက်ပေါ်လာပြီး ယဲ့ချန်၏ ခန္ဓာကိုယ်အား စတင်၍ ကခုန် လှည့်ပတ်လာသည်။
လူတစ်ယောက်အား သဘာဝစွမ်းအင် ရောင်စဉ်တန်း ကိုးမျိုးဖြင့် လှည့်ပတ်နေသော မြင်ကွင်းကား မှင်တက်ဖွယ် ကောင်းလောက်အောင် လှပလှသည်။
ထို့ပြင် ယဲ့ချန်၏ လက်ဝါးနှင့် ခြေဖဝါးတို့တွင်လည်း ထျန်းချီဝဲကတော့ လေးမျိုး အသစ်ဖြစ်ပေါ်လာသည်။ ၎င်းတို့ကား မိုးကြိုး၊ လေ၊ ရေခဲ၊ အလင်းစွမ်းအင်တို့ ဖြစ်ကြပေသည်။
ယခုအချိန်တွင် ယဲ့ချန်သည် ကြယ်တာရာ ဘုံကိုးလွှာ၏ ကဏ္ဍကိုးမျိုးလုံးအား အတူတကွ အသုံးပြုနိုင်သွားခဲ့ပြီ ဖြစ်သည်။ ထျန်းချီဝဲကတော့ ကိုးခုသည် ဖြည်းညင်းစွာနှင့် စုပေါင်းလျက် တန့်ထျန်ရှိရာသို့ စီးဝင်လာသည်။ ၎င်းတို့က တန့်ထျန်ဆီသို့ သွားရာ လမ်းတစ်လျှောက်တွင် ပျက်စီးနေသော အဓိက သွေးကြောမများကို ပိုမိုကြံ့ခိုင် သန်မာသွားစေရန် ပြုပြင်ပေးခဲ့သည်။
ထိုမျှမကသေး ထျန်းချီဝဲကတော့ ကိုးခုသည် တန့်ထျန်အတွင်းသို့ ရောက်ရှိကြပြီးနောက် မရပ်တန့်ကြပဲ နောက်ထပ် ကျင့်ကြံဆင့်တစ်ခု၏ အတားအဆီးသို့ နီးကပ်သွားသည့် အထိ ဆက်လက် စီးဝင်ကြသည်။
ယဲ့ချန်က ခန္ဓာကိုယ်ထဲရှိ ထျန်းချီများအား မွှေနှောက် ပစ်လိုက်သည်။ တန့်ထျန်အတွင်းရှိ ထျန်းချီများအားလုံး ပေါက်ကွဲထွက်လာပြီး ယဲ့ချန်၏အရေပြားရှိ မွေးညင်းပေါက်များမှ တစ်ဆင့် လေထုထဲသို့ ပျံ့နှံ့သွားသည်။ ဆက်တိုက်ဆိုသလို အနှီပျံ့နှံ့သွားသော ထျန်းချီများသည် သူ့ထံသို့ ရုတ်ခြည်း ပြန်လှည့်လာပြီး တန့်ထျန်ထဲသို့ အလုအယက် ပြန်လည် ဝင်ရောက်ကာ နောက်တစ်ဆင့်သို့ တားဆီးထားသော အကာအရံအား အရှိန်အဟုန်ဖြင့် ချိုးဖျက်လိုက်လေသည်။
'ချပ်'
အကာအရံ ပြိုပျက်သွားသံနှင့်အတူ တန့်ထျန်အတွင်း၌ ထျန်းချီများ ပိုမိုသိပ်သည်း များပြားလာပြီး ထျန်းချီအဆင့်၇ — အတွင်းအား ချီအကာအကွယ်လွှာ ဖန်တီးနိုင်သော အဆင့်သို့ ရောက်ရှိသွားတော့၏။
သို့သော်ငြား ယဲ့ချန်သည် စိတ်မအေးနိုင်သေး။ မကြာသေးခင်ကမှ သောင်းပြောင်း ရောနှောလျက် ရှုပ်ယှက်ခတ်နေသော တန့်ထျန်ထဲသို့ စစ်ဆေး ကြည့်လိုက်သော် အံ့ဩစရာ ကောင်းလောက်အောင် တန့်ထျန်ထဲ၌ သဘာဝစွမ်းအင် ကိုးမျိုးလုံးသည် သဟဇာတဖြစ်စွာ ပေါင်းစည်း နေကြကြောင်း တွေ့လိုက်ရသည်။
စွမ်းအင်ကိုးမျိုး အနက် တစ်ခုက တန့်ထျန်၏ အလည်တည့်တည့်၌ တည်ရှိနေစဉ် ကျန်စွမ်းအင် ရှစ်မျိုးတို့သည် ၎င်းအား ဗဟိုပြုလျက် လှည့်လည်နေကြပုံမှာ အာကာသထဲတွင် လှည့်လည်နေသော ကြယ်အဖွဲ့အစည်းများ၏ သဏ္ဌာန်နှင့်ပင် တူနေသေးသည်။
ယခုမှ ယဲ့ချန်သည် 'ကြယ်တာရာ ဘုံကိုးလွှာ' ဟူသော အမည်နာမ၏ အဓိပ္ပာယ်အား နားလည်သွားရသည်။
သူ အတွေးပွား နေစဉ်တွင်ပဲ တန့်ထျန်ထဲရှိ ထျန်းချီများသည် မရပ်တန့်ပဲ ပိုမိုလျင်မြန်သည်ထက် လျင်မြန်စွာ လှည့်ပတ်သည်။ တဖြည်းဖြည်းနှင့် သူ၏ ကျင့်ကြံဆင့်သည်လည်း ထျန်းချီအဆင့်၇ စဦးအဆင့်မှ အလယ်အလတ်ဆင့်သို့ တစ်ဟုန်ထိုး မြင့်တက်သွားသည်။ ထိုမျှနှင့် မရပ်တန့်သေးပဲ ဆက်လက် မြင့်တက်နေပြီး နောက်ဆုံး ထျန်းချီအဆင့်၈သို့ မရောက်မီ ထျန်းချီအဆင့်၇ ထိပ်ဆုံးဆင့်၏ အကာအရံသို့ ရောက်တော့မှ ရပ်တန့်သွားသည်။
ထျန်းချီအဆင့်၆ ထိပ်ဆုံးဆင့်မှသည် ထျန်းချီအဆင့်၇ ထိပ်ဆုံးဆင့်သို့ ရောက်ရှိရန် မိနစ်အနည်းသာ ကြာမြင့်လိုက်သည်။ ကြောက်စရာ ကောင်းသော တိုးတက်မှုပါပင်။
ယဲ့ချန်သည် အစပိုင်းတွင် ကြောင်အမ်းနေပြီး ဖြစ်ပျက်သွားသည် တို့အား နားလည်သွားသောအခါ စိတ်ရှုပ်ထွေးသွားရ ပြန်သည်။ ကြယ်တာရာ ဘုံကိုးလွှာ / ကဏ္ဍကိုးမျိုးလုံး၏ ပထမအဆင့်အား အောင်မြင်သွားခြင်းမှ ရရှိလာသည့် အကျိုးကျေးဇူးကား ကြောက်မက်ဖွယ် ကောင်းလှပေသည်။ အမှန်အတိုင်း ဝန်ခံရလျှင် ယခုကဲ့သို့ အခြေအနေ၌ ယဲ့ချန်သာ အင်တိုက်အားတိုက် ဆက်လက် ကျင့်ကြံလိုက်ပါက မည်သည့် အဆင့်ထိတိုင် ရောက်ရှိသွားမည် မသိပေ။
အဖြူရောင် အရိပ်လေးတစ်ခုသည် အလင်းအလျင်နှုန်းဖြင့် ယဲ့ချန်နံဘေးသို့ ဖျတ်ခနဲ ရောက်ရှိလာသည်။ ထိုအရိပ်လေးကား အခြားမဟုတ်၊ အမွေးပွလေးပင်။
တန့်ထျန်ထဲရှိ ထျန်းချီတို့အား ထိန်းငြိ လိုက်ပြီးနောက် ယဲ့ချန်သည် တစ်နေ့တာ အတွက် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။ သူသည် မျက်လုံးများ ဖွင့်လိုက်ပြီး ပြတင်းတံခါးမှ တစ်ဆင့် တရွေ့ရွေ့ မြင့်တက်လာနေသော နေလုံးကြီးအား လှမ်းကြည့်မိသည်။ ထို့နောက် နံဘေးရှိ အမွေးပွလေးအား ငုံ့ကြည့်လိုက်သည်တွင် ပြောင်းလဲမှု တစ်စုံတစ်ရာကို သတိထားမိသွား၍ အံ့ဩသွားရသည်။
“ကြည့်စမ်း … မင်းရဲ့ လေးချောင်းမြောက် အမြီးလေးတောင် ရှည်လာပြီ”
အမွေးပွလေး သည်လည်း ပျော်ရွှင်မှုဖြင့် လှုပ်လှုပ်ရွရွ ဖြစ်နေသည်ကို မြင်သော် ယဲ့ချန်သည် ရုတ်ခြည်း စနောက်ချင်စိတ် ပေါ်လာရ၏။ သူက အမွေးပွလေး၏ အမြီးလေးများအား လက်ချောင်းတို့ဖြင့် ခပ်ဖွဖွထိတွေ့ရင်း ပြောလိုက်သည်။
“ငါးချောင်းမြောက် အမြီးလေးရော ပေါက်လာတော့မလား ဆိုတာ ကြည့်ပေးရမလား ... ဟင်”
ထိုစကားအား ကြားသော် အမွေးပွလေး၏ မျက်နှာ သေးသေးလေးမှာ နီရဲသွားသော်ငြား ယခင်ကကဲ့သို့ ထွက်ပြေးမသွားသည့် အပြင် တွန့်ဆုတ်တွန့်ဆုတ်နှင့် ယဲ့ချန်၏ ပေါင်ပေါ်သို့ ခွေခွေလေး တက်ထိုင်လိုက်လေသည်။ အမွေးပွလေး၏ ယခင်ကထက် ပွင့်လင်းလာသည့် ဆက်ဆံပုံကြောင့် ယဲ့ချန်မှာလည်း ခဏတာ မှင်တက်သွားရကာ အတန်ကြာမှ ကျယ်လောင်စွာ အော်ရယ်လိုက်မိသည်။
အမွေးပွလေးကား အမှန်ပင် ချစ်စရာ ကောင်းလှသည်။
ထို့နောက် ယဲ့ချန်သည် မစနောက်တော့ပဲ အမွေးပွလေး၏ နောက်ကျောဘက်အား စစ်ဆေး ကြည့်လိုက်သော် အမြီးအသစ်တစ်ချောင်း ပေါက်လာမည့် အရိပ်အယောင် မမြင်ရပေ။ သို့သော် ဝိညာဉ် အသိအမြင်ဖြင့် အာရုံခံမိသည်မှာ အမွေးပွလေး၏ စိတ်ညှို့နိုင်သော စွမ်းရည်အပြင် အခြား စွမ်းရည်များသည်လည်း ယခင်တစ်ခေါက်ကထက် တိုးတက်လာကြောင်း တွေ့ရ၏။
“အမွေးပွလေး ... ငါ ခုနလေးကမှ နားလည်သွားတဲ့ သဘောတရား တစ်ခုရှိတယ် မင်းကို ပြောပြမယ်ဆိုရင် မင်းလည်းပဲ နားလည်နိုင်မယ် ထင်တယ် နားထောင်ချင်လား”
စကားဆုံးသည်နှင့် အမွေးပွလေးကား ခေါင်းလေး ထောင်မတ်လာကာ ယဲ့ချန်ထံ ရွှန်းရွှန်းစားစား ကြည့်လေသည်။ ၎င်း၏ အမွေးထူထူ နားရွက်လေးများ သည်ပင် စိတ်ဝင်တစားဟန်ဖြင့် ထောင်နေ၏။
ယဲ့ချန်သည် နူးညံ့စွာ ပြုံးလိုက်ရင်း မနက်ခင်း နေထွက်လာရာ ဘက်သို့ တစ်ချက်လှမ်းကြည့်ကာ ဆိုသည်။
“သဘာဝတရားထဲမှာ ရှိတဲ့ အရာအားလုံးက ... တာအိုကို ကိုယ်စားပြုတယ်”
အမွေးပွလေး၏ ပုလဲနက်သဖွယ် မျက်လုံးလေးများသည် နားမလည်ဟန်နှင့် အရောင်မှိန်သွား၏။
“နေဦးလေ ဆန္ဒမစောနဲ့ ငါတောင်မှ ဒီသဘောတရားကို ရိပ်ခနဲ နားလည်လိုက်တယ် ဆိုရုံလေးရှိသေးတာ ဟုတ်ပြီလား … ဆက်ပြောမယ် ဒီတိုင်း နားထောင်ကြည့် ... သက်ရှိအားလုံးရဲ့ ဖွံ့ဖြိုးကြီးထွားလာမှု ကလည်း တာအိုပဲ။ တောင်တန်းနဲ့ မြစ်ပြင်တွေရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောတရားကလည်း တာအိုပဲ။ ကြယ်တာရာ အစုအဝေးတွေ၊ ဂြိုလ်တွေ၊ နဂါးငွေ့တန်းတွေ၊ စဉ်ဆက်မပြတ် လှည့်လည်နေတဲ့ နေအဖွဲ့အစည်းတွေ ကုန်ကုန်ပြောရရင် ကောင်းကင်နဲ့ မြေကြီးရဲ့ တည်ရှိမှုအထိ အရာအားလုံးက တာအိုရဲ့ ပြယုဂ်တွေပဲ။ တာအိုက စကြဝဠာကြီး တစ်ခုလုံးနဲ့ ပေါင်းစည်း ချည်နှောင်ထားတယ်”
ယဲ့ချန်သည် ယခင်ဘဝက မသေဆုံးမီ ခေတ်သစ် တာအိုအယူအဆနှင့် ပတ်သက်သည့် စာအုပ်များ မဖတ်ခဲ့ရသည့် အတွက် နောင်တရမိသည်။ ထိုစာအုပ်များကိုသာ ဖတ်ခဲ့ရပါက ယခုတွင် သူ၏ နားလည်နိုင်စွမ်းက ပိုမို မြင့်မားနေပေလိမ့်မည်။ လောလောဆယ်၌ အဓိက အရေးကြီးသော သဘောတရားများနှင့် ပတ်သက်၍ ဉာဏ်အလင်း မရရှိသေးသော်လည်း ကျင့်ကြံခြင်း လမ်းစဉ်တွင် ယဲ့ချန်၏ အခြေခံ နားလည်မှုသည် အလွန်ကောင်းမွန်စွာ တိုးတက်ခဲ့ပြီဟု ဆိုနိုင်ပေသည်။
သူက ဆက်လက်၍ ကောက်ချက်ချ ပြောဆိုသည်။
“ငါတို့အားလုံးက မွေးဖွားလာပြီး ကတည်းက အချိန် တော်တော်များများကို ကျင့်ကြံခြင်းမှာပဲ ဝီရိယရှိရှိ မြှုပ်နှံထားပေမဲ့လည်း တာအိုကို နားလည်နိုင်ဖို့ ရှာဖွေနေဆဲပဲ ရှိပါသေးတယ် တစ်စုံတစ်ယောက်က ကျင့်ကြံခြင်း လမ်းစဉ်မှာ ဘယ်လောက်ပဲ ခရီးရောက်နေပါစေဦး တာအိုရဲ့ အမှန်တရားအပေါ် နားလည်နိုင်မှုက သာမန်ထက် ပိုဖို့ဆိုတာ ခက်ခဲလွန်းတယ်”
အမွေးပွလေးကား မေးခွန်းများစွာ ပြည့်နေသော မျက်လုံးများဖြင့် ဇဝေဇဝါ ဖြစ်နေလျက် လူငယ်လေးအား မော့ကြည့်သည်။ လူငယ်လေး၏ မျက်လုံးတို့သည်ကား အသန့်စင်ဆုံး ပုံဆောင်ခဲများကဲ့သို့ ကြည်လင်နေပြီး အခြားလူများနှင့် မသက်ဆိုင်သည့် ကမ္ဘာသစ်တစ်ခုသို့ လှမ်းမျှော်ကြည့်နေသည့် အလား တဖျတ်ဖျတ် လက်လို့နေ၏။
အမွေးပွလေးသည် ထိုမျက်လုံးများ၏ ဆွဲဆောင်မှုအောက်သို့ ရောက်ရှိသွားပြီး အချိန်မည်မျှ ကြာသွားသည်ကိုပင် မသိစွာ ဆက်လက် စိုက်ကြည့်နေမိသည်။ ထိုမျက်လုံးများထဲ၌ အပြစ်အနာအဆာ ကင်းစင်သော စကြဝဠာ အသစ်တစ်ခုကို အမွေးပွလေးက မြင်ရသည်။ ထိုနေရာ၌ မည်သို့သော ဆိုးယုတ်မှုမှ ရှိမနေဘဲ အရာအားလုံးက ငြိမ်သက်အေးချမ်းဟန် ရသည်။ အမွေးပွလေးသည် ကြည့်နေရင်း၊ ကြည့်နေရင်းမှ ပို၍ သက်သောင့်သက်သာ ဖြစ်မှုကို ခံစား လာရသောကြောင့် လူငယ်လေး၏ ပေါင်ပေါ်၌ ခွေနေရင်းဖြင့် မျက်လုံးများ မှိတ်ထား လိုက်တော့သည်။
အချိန်တချို့ ကြာသွားပြီးနောက် လူငယ်လေးက ခေါင်းငုံ့ကြည့်မိသည်တွင် သူ့ပေါင်ပေါ်၌ အိပ်မောကျနေပြီ ဖြစ်သော အကောင်ပေါက်လေးအား တွေ့လိုက်ရ၍ ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလျက် ရယ်မိသည်။ ကြည့်ရသည်မှာ တစ်လျှောက်လုံးတွင် သူက လေကိုသာ စကားပြောမိနေပုံ ရသည်။
ယဲ့ချန်၏ အကြည့်တို့က တိမ်များအကြား ထွက်ပြူလာသည့် နေလုံးကြီးထံ ထပ်မံ ရောက်ရှိသွားသည်။ သူ၏ စိတ်အစဉ်က တည်ငြိမ်လို့နေသည်။ တစ်စုံတစ်ယောက်သည် ကျင့်ကြံရာတွင် မည်သို့သော အကန့်အသတ်မှ ရှိမနေကြောင်း မကြာသေးခင်ကမှ သူသဘောပေါက်ခဲ့သည်။ စိတ်အခြေအနေက အမှားကင်းစင်နေသ၍ လမ်းလျှောက်နေရင်း၊ စားသောက်နေရင်း၊ အိပ်စက်နေရင်းနှင့်ပင် ကျင့်ကြံနိုင်ပေသည်။
ယဲ့ချန်သည် အမွေးပွလေးအား အိပ်ရာပေါ်သို့ အသာအယာ နေရာချပြီးနောက် ထရပ်လိုက်သည်။ ထျန်းချီများက သူ့ခန္ဓာကိုယ် အတွင်း အလိုအလျောက် လှည့်လည်နေပြီး ပီရှို့ထံမှ ထျန်းချီများကလည်း တန့်ထျန်ထဲသို့ စနစ်တကျ ဖြည်းညင်းစွာ ဝင်ရောက်သည်။
ယခု သူသည် ကြယ်တာရာ ဘုံကိုးလွှာ / ကဏ္ဍကိုးမျိုးလုံး၏ ပထမအဆင့်အား အောင်မြင်ခဲ့ပြီ ဖြစ်ရာ 'စကြဝဠာလက်ဝါး' စာအုပ်အတွင်းရှိ သိုင်းပညာရပ် ခြောက်မျိုးကို လေ့ကျင့် နိုင်တော့ပေမည်။
ထိုစဉ် အခန်းတံခါး ခေါက်သံက ထွက်ပေါ်လာသည်။
ယဲ့ချန်က တံခါးဖွင့်လိုက်လျှင် သူ့ထံ ပြုံးပြနေပါသော ယဲ့လော့အား မြင်လိုက်ရသည်။
ယဲလော့သည် နောက်ဆုံးတစ်ခေါက် မြင်ခဲ့တုန်းကထက်ပင် ပိုမို ရင်သပ်ရှုမောဖွယ် လှပလာပြီး ခဲရောင်ဖျော့ဖျော့ ဝတ်စုံအား ဝတ်ဆင်ထား၍ ကျက်သရေရှိသည့် အလှမျိုးဖြင့် တင့်တယ်နေသည်။
ဝိညာဉ် အသိအမြင်၏ အာရုံခံနိုင်စွမ်းအရ ယဲ့လော့သည် ထျန်းချီအဆင့်၇ အလယ်အလတ်ဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယဲ့ချန် သိလိုက်၏။ ထို့ပြင် ထူးဆန်းတာ တစ်ခုမှာ ယဲ့လော့၏ ကိုယ်ထဲရှိ ထျန်းချီများသည် ပီရှို့ထံမှလာသော ထျန်းချီများလောက် မသန့်စင်သော်ငြား သာမန် ကောင်းကင်နှင့် မြေကြီးမှ စုပ်ယူရသော ထျန်းချီများထက်တော့ များစွာ သန့်စင်နေသည်။ ထိုအချက်သည် ယဲ့လော့၏ လည်ပင်းရှိ ကျောက်စိမ်း လည်ဆွဲနှင့် တစ်စုံတစ်ရာ ပတ်သက် နေလောက်ကြောင်း ယဲ့ချန် ခန့်မှန်းမိသည်။ ဆက်ခံသူနေရာ အတွက် ယဲ့ခုံးယန်နှင့် ယှဉ်ပြိုင်ရသောနေ့က ယဲ့လော့သည် ထိုမျှတန်ဖိုးကြီးသော လည်ဆွဲကိုချွတ်ကာ သူ့အား လွယ်လင့်တကူ ပေးခဲ့ကြောင်း အမှတ်ရသွားသော် ယဲ့ချန်၏ နှလုံးသားတစ်ခုလုံး ပြောမပြတတ်အောင် နွေးထွေးသွားရသည်။
“တခုခုလိုတာ ရှိလို့လား လော့အာ”
ယဲ့ချန်က မေးလိုက်သည်။
ယဲ့လော့သည် ယဲ့ချန်၏ ယခင်နေ့များနှင့် မတူညီစွာ ကွဲပြားနေသော ပုံစံအား လေ့လာနေရာမှ ယဲ့ချန်၏ မေးလိုက်သံကြောင့် သတိပြန်ဝင်လာသည်။ အကြောင်းတချို့ကြောင့် သူမရှေ့မှ ချောမောလှသော လူငယ်လေး၏ အရည်လဲ့လျက်ရှိသော မျက်လုံးများနှင့် အကြည့်ချင်း ဆုံသွားချိန်တွင် ယဲ့လော့၏ နှလုံးခုန်သံများမှာ သိသိသာသာကို မြန်လာရသည်။
“ဦးလေးတို့က အစ်ကိုချန့်ကို ပင်မခန်းမဆီ လာခဲ့ဖို့ပြောတယ်”
ယဲ့လော့က ခေါင်းငုံ့လိုက်ရင်းမှ ခပ်တိုးတိုး ပြောသည်။ သူမအသံမှာ လေသံမျှသာ ရှိတော့သည်အထိ အလွန်တိုးညင်းနေပြီး မျက်နှာ တစ်ပြင်လုံးသည်လည်း ချယ်ရီသီးလေးကဲ့သို့ ရဲရဲနီနေတော့သည်။
***