← Chapters

ယဲ့ချန်၏ စွမ်းရည်အဖြာဖြာ

Vol. 3 Ch. 38

ယဲ့ချန်၏ စွမ်းရည်အဖြာဖြာ

Vol. 3 Ch. 38

စကားပြောသံများကြောင့် အိပ်ပျော်နေသော အမွေးပွလေး နိုးလာကာ အလျင်အမြန်ပဲ ယဲ့ချန်ပခုံးပေါ်သို့ ခုန်တက်သည်။ ကြည့်ရသည်မှာ ထိုအကောင်ပေါက် လေးသည် ယဲ့ချန်၏ပခုံးအား သူ့အပိုင်ဟု တထစ်ချ သတ်မှတ်ထားပုံပါပင်။

အမွေးပွလေးသည် ယဲ့ချန်နှင့် မျက်နှာချင်းဆိုင်တွင် ပြုံးရွှင်လျက် ရပ်နေသော ယဲ့လော့အား မြင်သော် အတန်ငယ် အလိုမကျဟန်ဖြင့် နှုတ်ခမ်းလေးများ မဲ့သွား၏။

ယဲ့ချန်နှင့် ယဲ့လော့တို့သည် ပင်မခန်းမရှိရာသို့ စကားတပြောပြောဖြင့် လျှောက်လာကြသည်။

“လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်ရဲ့ မဟာမိတ် သိုင်းပြိုင်ပွဲက သန်ဘက်ခါနော် အဲဒါ အစ်ကိုချန်သွားမှာလား”

ယဲ့လော့သည် သူမထက် အရပ်ရှည်သော ယဲ့ချန်အား ခေါင်းလေးမော့ကာ ကြည့်ရင်းဖြင့် မေးသည်။

“အင်း”

ယဲ့ချန်က ခေါင်းညိတ်သည်။

“ဖြစ်နိုင်ရင် ... မသွားပါနဲ့လား”

ယဲ့လော့သည် ခပ်တိုးတိုး ဆိုလိုက်ပြီးနောက် ခေါင်းငုံ့သွား၏။ သူမ၏ အသံထဲ၌ပင် ယဲ့ချန်အပေါ်  စိုးရိမ်မှုတို့ ကပ်ငြိနေကြောင်း ပေါ်လွင်လှသည်။

“မရဘူးလေ လော့အာသိပါတယ်”

ယဲ့ချန်သည် သူမလေး၏ ခေါင်းအား ဖွဖွလေးပုတ်ရင်း ခပ်တိုးတိုး ရယ်မိသည်။ အတန်ကြာမှ သူက ထပ်ပြောလိုက်သည်။

“ကိုယ့်ကိုစိတ်မပူနဲ့ အဆင်ပြေသွားမှာပါ”

“တကယ်လို့ အစ်ကိုချန်က မဖြစ်မနေ သွားမှရမယ်ဆိုရင် လော့အာလည်း လိုက်ခဲ့မယ်”

ယဲ့လော့သည် စိတ်ဆုံးဖြတ်ပြီးဟန်ဖြင့် တလက်လက် တောက်ပနေသော မျက်လုံးများက ပြတ်သားစွာ ယဲ့ချန်ထံ မော့ကြည့်လာသည်။

“လော့အာက အခုဆို ထျန်းချီအဆင့်၇ အလယ်အလတ်ဆင့်တောင် ရောက်နေပြီ အစ်ကိုချန့်အတွက် ကျိန်းသေ အထောက်အကူ ဖြစ်မှာပါ”

ယဲ့ချန်သည် သူမလေး၏ စိတ်အား ထက်သန်နေသော မျက်လုံးများကို တည့်တည့်ကြည့်ကာ အမှန်ပင် မငြင်းရက်ပေ။ သို့သော် သူမလေးအား ယွင်မိသားစုသို့ ခေါ်သွားရန်မှာလည်း အန္တရာယ်များလှရာ လက်ခံနိုင်စရာမရှိ။ သို့ဖြစ်၍ ဤကိစ္စအား ဆုံးဖြတ်ရန် တစ်စုံတစ်ယောက်ထံ လွှဲချဖို့သာ တွေးလိုက်သည်။

“အာ ... လော့အာအနေနဲ့ ကိုယ့်အဖေဆီမှာ ခွင့်တောင်းသင့်တယ် သူခွင့်ပြုတယ်ဆို ကိုယ်ကလည်း ပြဿနာမရှိဘူး”

မည်သို့ပင်ဆိုစေ သူ့ဖခင်အနေနဲ့ ယဲ့လော့အား ခွင့်မပြုမည်မှာ ရာနှုန်းပြည့် သေချာလှသည်မို့။

ယဲ့လော့သည် သူ့စကားကြောင့် စိတ်ရှုပ်သွားဟန် ရသည်။ သို့သော် ခဏမျှသာ။ ရုတ်ခြည်းဆိုသလို သူမသည် တစ်စုံတစ်ရာအား အမှတ်ရကာ ပြုံးသွားသည်။

“အခုဆိုရင် အစ်ကိုချန်က မိသားစုခေါင်းဆောင် ဖြစ်နေပြီ မဟုတ်ဘူးလား”

သူမက စကားတစ်လုံးချင်းစီအား ဖိပြောလျက် သတိပေးသည်။

“မိသားစုအရေးနဲ့ ပတ်သက်သမျှ ကိစ္စတွေမှာ အစ်ကိုချန်ရဲ့ ဆုံးဖြတ်ချက်က အဓိကပဲ မဟုတ်ဘူးလား”

သူသည် မကြာသေးခင်ကမှ မိသားစုခေါင်းဆောင် အဖြစ် အကြီးအကဲများမှ လွှဲပြောင်းခန့်အပ်ခြင်း ခံထားရကြောင်း ယဲ့ချန်မေ့နေခဲ့တာ ဖြစ်သည်။ သူ့ဖခင်သည် လွန်ခဲ့သောရက်ကမှ ထိုကိစ္စအား အတိအလင်း ကြေညာထားသည်။ လေ့ကျင့်ခြင်းဖြင့် လုံးလည်ချပ်ပြား လိုက်နေခဲ့ရာ ထိုကိစ္စအား သူ လုံးဝမေ့နေခဲ့သည်။

ယဲ့ချန်သည် မပြုံးချင်ပြုံးချင် ကြိုးစားပြုံးလိုက်ရ၏။

“ဟုတ်သားပဲ ... အင်း ကိုယ်က အခု မိသားစုခေါင်းဆောင်ပဲ ဒါပေမဲ့ အဲဒါက ... ကိုယ်ထင်တာ ဒီလိုအရေးကြီး ကိစ္စမျိုးမှာ လော့အာအနေနဲ့ အဖေ့ကိုပဲ မေးသင့်တယ်”

“အဲဒီလိုလား”

ယဲ့လော့သည် မျက်နှာ မကောင်းစွာဖြင့် တိတ်ဆိတ်သွားသည်။ ဦးလေးကျန့်ထျန်းထံမှ ခွင့်ပြုချက် ရဖို့ဆိုသည်မှာ ထင်သလောက် မလွယ်ကူကြောင်း သူမလည်း သိပေသည်။

ထိုအချိန်တွင်ပဲ သူတို့နှစ်ဦးသည် ပင်မခန်းမရှေ့ရှိ မြေကွက်လပ်သို့ ရောက်ရှိလာကြသည်။

“မိသားစုခေါင်းဆောင်”

“ကောင်းသောနေ့ပါ မိသားစုခေါင်းဆောင်”

မိသားစုဝင်များသည် ယဲ့ချန်အားမြင်သည်နှင့် လေးလေးစားစားဖြင့် နှုတ်ဆက် လာကြသည်။ ယဲ့ချန်အဖို့မူ မိသားစုခေါင်းဆောင် ဟူသော ဂုဏ်ပုဒ်ကြီးနှင့် အသားကျရန် အချိန် အတော်ယူရ ပေဦးမည်။

ထိုနေရာ၌ ရှိနေသော ယဲ့မုန့်သည် ယဲ့ချန်တို့အား မြင်သော် အနီးသို့လျှောက်လာပြီး နှုတ်ဆက်သည်။

“မိသားစုခေါင်းဆောင်”

“မင်းကပါ ‘မိသားစုခေါင်းဆောင်’ ဆိုပြီး လုပ်မနေနဲ့လေ ပုံမှန်အတိုင်း ‘အစ်ကိုချန်’ လို့သာ ခေါ်စမ်းပါ”

ယဲ့ချန်သည် စိတ်မသက်မသာဖြစ်စွာ ပြောမိသည်။

“ဟင့်အင်း ကျွန်တော် မလုပ်နိုင်ဘူး မိသားစုခေါင်းဆောင် အပေါ် အကြွင်းမဲ့ လေးစားမှု ရှိရမယ် ဒါက ယဲ့မိသားစုရဲ့ စည်းမျဉ်းတွေထဲက တစ်ခုပဲလေ”

ယဲ့မုန့်သည် အလွန်လေးနက်သော အမူအရာနှင့် ပြန်ပြောလေသည်။

ယဲ့ချန်မှာ ထိုကောင်စုတ်လေး၏ အတည်အတံ့ အမူအရာကြောင့် ရယ်ရမည်လား၊ ငိုရမည်လား မသဲကွဲတော့ပေ။

ဤသို့ဖြင့် ယဲ့ချန်၊ ယဲ့မုန့်နှင့် ယဲ့လော့တို့ ပင်မခန်းမထဲသို့ အတူတကွ ဝင်လာခဲ့ကြသည်။ ခန်းမထဲ၌ လူပေါင်း ၆၀၊ ၇၀ခန့် ရှိနေကြပြီး ယဲ့ချန်အား စောင့်ဆိုင်း နေကြသည်။ ယဲ့ကျန့်ထျန်းတို့ ညီအစ်ကို တစ်သိုက်လည်း အပါအဝင် ဖြစ်သည်။

ယဲ့ချန်၏ ဝိညာဉ် အသိအမြင်သည် ယခင်ကထက် အစွမ်းထက်လာပေရာ သူ့အနေနှင့် ခန်းမထဲရှိ လူအားလုံး၏ လက်ရှိ ကျင့်ကြံဆင့်တို့အား မြင်နိုင်ရန် အချိန်ခဏသာ ကြာလိုက်သည်။ သူ့ဖခင် ယဲ့ကျန့်ထျန်းသည် ထျန်းချီအဆင့်၉ အလယ်အလတ်ဆင့်သို့ ရောက်ရှိနေပြီး ထျန်းချီအဆင့်၈ အလယ်အလတ်ဆင့်၌ အချိန်အတန်ကြာ တန့်နေခဲ့သော ယဲ့ကျန့်လုံသည် ထျန်းချီအဆင့်၈ ထိပ်ဆုံးဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ယဲ့ကျန့်ရှုံးနှင့် အခြားသော ဦးလေးတို့သည်ကား ထျန်းချီအဆင့်၈သို့ အသီးသီး ရောက်ရှိနေကြပြီ ဖြစ်သည်။

ယဲ့ချန်သည် သူ့အစ်ကို နှစ်ဦးဘက်သို့ ကြည့်လိုက်သော် နှစ်ယောက်လုံးသည် ထျန်းချီအဆင့်၆ အလယ်အလတ်ဆင့်သို့ ရောက်ရှိနေကြောင်း ဝမ်းမြောက်ဖွယ် တွေ့ရသည်။

သို့သော် လောလောဆယ်တွင် ယဲ့ချန်အား အံ့အားသင့်စေသည့် အရာမှာ ဤမျှ အချိန်တိုအတွင်း ခန်းမထဲရှိ လူအားလုံး၏ ကျင့်ကြံဆင့်အား သိနိုင်သည်အထိ တိုးတက်လာသော သူ၏ ဝိညာဉ်အသိအမြင် ဖြစ်သည်။

ယဲ့ချန်သည် ခန်းမထဲရှိ လူများထံသို့ ပြန်လည် အာရုံစိုက်ကာ နှုတ်ဆက်လိုက်သည်။

“ကောင်းသောနေ့ပါ အဖေ၊ ဘိုးဘိုးကြီးနဲ့ ဦးလေးတို့ ...”

“ကောင်းသောနေ့ပါ မိသားစုခေါင်းဆောင်”

ယဲ့ချန်၏ နှုတ်ဆက်လိုက်သံက ခန်းမအတွင်းရှိ မိသားစုဝင်များ အားလုံး မတ်တတ်ရပ်ကာ တညီတညာတည်း နှုတ်ဆက်လိုက်သံ အောက်၌ အစအန ရှာမရအောင် ကြားညပ် ပျောက်ကွယ်သွားသည်။

ယဲ့ချန် “ ...”

“ဟားဟားဟား ... မင်းကြည့်ရတာ အသားမကျသေးပုံပဲ ချန်အာ”

ယဲ့ကျန့်ထျန်းသည် ယဲ့ချန် စဝင်လာကတည်းက အကဲခတ်နေလေရာ သားဖြစ်သူ၏ အမူအရာကြောင့် မစနောက်ပဲ မနေနိုင် ဖြစ်သွားရသည်။

ထို့နောက်မှ ယဲ့ကျန့်ထျန်းက တည်ကြည်သော အမူအရာဖြင့် ဆုံးမစကားဆိုသည်။

“အပြင်လောကက ထင်တာထက်ပိုပြီး ရက်စက် ကြမ်းကြုတ်တယ် ငါ့သား။ အသက်ရှင်နိုင်ဖို့က အာမခံချက် မရှိလှဘူး ကိုယ်တိုင်က ကြိုးစားနိုင်မှ တော်ရာကျမယ်။ အခု မင်းက ဒီမိသားစုကြီး တစ်ခုလုံးရဲ့ ခေါင်းဆောင်ဖြစ်နေပြီ။ မိသားစုရဲ့ ရှင်သန်မှု၊ ကျဆုံးမှု အားလုံးက မင်းပခုံးပေါ်မှာ ... ဒါကြောင့် ဘယ်တော့မှ ဒီတာဝန်ကို လျစ်လျူမရှုပါနဲ့”

ယဲ့ချန်သည် ခန်းမတစ်ခုလုံးအား ဝေ့ဝဲကြည့်မိသော် အားလုံး၏ ယုံကြည်ကိုးစားသော အကြည့်တို့က သူ့အပေါ်၌ မြဲမြံစွာ ရှိနေသည်။

‘အခုကစပြီး ဒီလူတွေရဲ့ ကံကြမ္မာက ငါ့အပေါ် မူတည်နေပြီ ခေါင်းဆောင်ဆိုတဲ့ နေရာနဲ့ ညီမျှတဲ့ တာဝန်တွေကလည်း ငါ့ပခုံးပေါ်မှာ ရှိနေပြီ မိုးရွာသည်ဖြစ်စေ၊ နှင်းခဲသည်ဖြစ်စေ ဒီလူတွေကသာ ငါနဲ့ မခွဲမခွာ အတူရှိနေမဲ့ မိသားစုပဲ’

ရုတ်တရက် ယဲ့ချန်သည် ‘မိသားစုခေါင်းဆောင်’ ဟူသော စကားရပ်လေး နောက်တွင် ရှိနေသည့် ကြီးလေးသည့် တာဝန်တို့အား သိမြင်လိုက်သလို ခံစားလိုက်ရသည်။

“ကျွန်တော် နားလည်ပါပြီ”

ယဲ့ချိန်ရွှမ်းသည် ကျေနပ်အားရစွာ ခေါင်းညိတ် လိုက်ပြီးနောက် ဝတ်ရုံလက်စအား တစ်ချက် ဝှေ့ယမ်းလျက် အဓိက အကြောင်းအရာအား ပြောဆိုလာသည်။

“ကောင်းပြီ ကောင်းပြီ ဆုံးမတဲ့ကိစ္စက ဒီလောက်ဆို လုံလောက်ပြီ ချန်အာ ... မင်းအဖေနဲ့ ငါက ဒီနေ့ မိသားစုထဲက ကျင့်ကြံသူတွေကို စုစည်းပြီး အားလုံးရဲ့ ကျင့်ကြံဆင့်တွေကို စစ်ဆေးနေတာ ... မင်းဦးလေးတွေနဲ့ အစ်ကိုတွေလည်း အပါအဝင်ပေါ့ အားလုံးကတော့ စစ်ဆေးပြီးသွားပြီ အခုက မင်းအလှည့်”

ယဲ့ကျန့်ထျန်းကလည်း ဝင်မေးသည်။

“အဖေ့အထင် ချန်အာက ထျန်းချီအဆင့်၆ စဦးအဆင့်ကို ရောက်နေလောက်ပြီ ဒါမှမဟုတ် ထျန်းချီအဆင့်၆ အလယ်အလတ်ဆင့် ကိုတောင် ရောက်နေပြီလား”

သူ့ဖခင်၏ စိတ်အား ထက်သန်နေသော အမူအရာကိုကြည့်၍ ယဲ့ချန် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

‘ငါ ထျန်းချီအဆင့်၇ ထိပ်ဆုံးဆင့်ကို ရောက်နေပြီဆိုတာ အဖေ့ကို ပြောလိုက်သင့်လား’

ယဲ့ချန် ခက်ခက်ခဲခဲ တွေးတောနေရသည်။

‘မယုံတဲ့အပြင် တော်တော်လေး လန့်သွားလောက်မယ် ထင်တယ်’

တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ယဲ့ချန် စကားစရန် ပြင်လိုက်သော်လည်း ယဲ့ကျန့်ထျန်းက ဖြတ်ပြောလိုက်သည်။

“မင်းညီလေး ယဲ့မုန့်နဲ့ ယဲ့မင်တို့လည်း ထျန်းချီအဆင့်၆ကို ချိုးဖျက် ဝင်ရောက်သွားကြပြီ သူတို့မပြောနဲ့ မင်းရဲ့အစ်ကိုနှစ်ယောက် ယဲ့ဖုန်းနဲ့ ယဲ့မူတို့တောင် အဆင့်တက်သွားကြတယ်”

ယဲ့ကျန့်ထျန်းကား ဖုံးဖိမရအောင် ပျော်ရွှင်နေလေသည်။ ပါရမီ အတန်အသင့်သာ ရှိသော သူ၏ သားကြီးနှင့် သားလတ်တို့ အဆင့်တက်သွား ခြင်းကြောင့် သူ မည်မျှထိ ပျော်ရွှင်နေရသည်ကို မိုးနတ်မင်းသာ သိပေလိမ့်မည်။

“ဂုဏ်ပြုပါတယ် အစ်ကိုတို့”

ယဲ့ချန်သည် ခပ်တိုးတိုး ရယ်လျက် သူ့အကိုနှစ်ဦးအား ဂုဏ်ပြုစကား ဆိုလိုက်သည်။

ယဲ့ဖုန်းနှင့် ယဲ့မူတို့သည် အချင်းချင်း အကြည့်များ ဖလှယ်ပြီးနောက် ဘာမှပြောမလာပေ။ သူတို့၏ ညီငယ်လေးကြောင့်သာ မဟုတ်ပါက သူတို့အနေနှင့် အဆင့်တက်ရန် ဤမျှလွယ်ကူလိမ့်မည် မဟုတ်ပေ။

ယဲ့ကျန့်ထျန်းသည် ယဲ့ချန်အား ကြည့်လျက် အဆောတလျင် တိုက်တွန်းသည်။

“ရှေ့ထွက်လာပြီး ဘယ်လောက် တိုးတက်လာလဲ ပြတော့လေ ငါ့သား”

“ချန်အာကို ကျုပ်ကိုယ်တိုင် စစ်ဆေးပေးပါရစေ အစ်ကိုကြီး”

ယဲ့ကျန့်ရှုံးက စိတ်လှုပ်ရှားစွာ ပြောလာသည်။ သူသည်လည်း သူ့တူလေး၏ တိုးတက်လာမှုအား မြင်ရရန် မစောင့်နိုင်တော့ပေ။

“ကောင်းပြီလေ”

ယဲ့ကျန့်ထျန်းက ခွင့်ပြုလိုက်သည်။

ယဲ့ကျန့်ရှုံးသည် ခန်းမအလယ်သို့ လျှောက်လာသည်တွင် အခြားသော မိသားစုဝင်များက အလိုက်တသိ နောက်သို့ ဆုတ်ပေးကြသည်။

အားလုံး၏ မျက်လုံးတို့က ယဲ့ချန်ထံ၌ စူးစိုက်ကာ ကြည့်နေကြသည်။ သူတို့က သိလိုစိတ်တစ်ဝက်၊ စိတ်လှုပ်ရှားမှု တစ်ဝက်ဖြင့် စောင့်ဆိုင်းနေကြကာ မိသားစုခေါင်းဆောင် အသစ်က သူတို့အား စိတ်ပျက်စေမည် မဟုတ်ဟုလည်း ယုံကြည်ထားကြသည်။

ယဲ့ကျန့်ရှုံးသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ထျန်းချီ အကာအကွယ်တစ်ခု ဖန်တီးလိုက်ပြီးနောက် စိတ်အား ထက်သန်စွာဖြင့် ယဲ့ချန်အား ပြောသည်။

“ကောင်းပြီ ချန်အာ စွမ်းအားအကုန်သုံးပြီး ဦးလေးရဲ့ အကာအကွယ်ကို တိုက်ခိုက်ကြည့် ...”

တစ်ဆက်တည်း ဆိုသလို ယဲ့ကျန့်ရှုံးသည် ထျန်းချီအဆင့်၈ ကျင့်ကြံသူ တစ်ယောက်၏ အရှိန်အဝါအား ထုတ်ဖော်လိုက်သည်။ ခန်းမထဲရှိ ကျင့်ကြံဆင့် သိပ်မမြင့်သော လူငယ်လေးများဆိုလျှင် အားပြင်းလှသော ထိုအရှိန်အဝါအောက်တွင် အသက်ရှူ မဝသလိုပင် ဖြစ်လာကြသည်။

ယဲ့ကျန့်ထျန်း၊ ယဲ့ချိန်ရွှမ်းနှင့် အခြား အကြီးအကဲတို့သည်ကား ယဲ့ချန်၏ အစွမ်းအစအား အကဲခတ်ရန် ခန်းမအလယ်သို့ မျက်တောင် မခတ်တမ်း စိုက်ကြည့်နေကြသည်။

ယဲ့ချန်သည် ခန္ဓာကိုယ်ထဲရှိ ထျန်းချီများအား လှည့်လည် လိုက်သည်တွင် သူ၏ အနီးတစ်ဝိုက်ရှိ ယဲ့ကျန့်ရှုံး၏ ဖိအားအရှိန်အဝါမှာ ရုတ်ခြည်း ပျောက်ကွယ်သွားကာ တစ်ချိန်တည်းတွင်ပဲ အလွန် သန့်စင်လှသော ထျန်းချီများသည် ယဲ့ချန်၏ လက်ဖဝါး၌ စတင် ဖြစ်ပေါ်လာသည်။

ထိုအခိုက်အတန့်တွင် လူတိုင်းသည် ယဲ့ချန်ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ထူးဆန်းသော ထျန်းချီ အရှိန်အဝါအောက်တွင် ဆွဲဆောင်ခံလိုက်ရသည်။ ထိုအရှိန်အဝါမှာ ထူးခြား ဆန်းကြယ်လှပြီး ကြည့်နေသူများ၏ မျက်လုံးထဲ၌ ယဲ့ချန်ကသာ တစ်ခုတည်းသော တည်ရှိမှုအဖြစ် ထင်မှတ်သွားစေသည်။

အနေအထားမှာ ပို၍ ထူးဆန်းလာပြီး ခန်းမအတွင်းရှိ လူတိုင်း၏ ထျန်းချီများသည် ယဲ့ချန်၏ ထျန်းချီ အရှိန်အဝါအောက်တွင် ထိန်းချုပ် ခံလိုက်ရသကဲ့သို့ မငြိမ်မသက် ဖြစ်လာကြသည်။

“ဟင်”

ခန်းမထဲရှိ လူများအနက် ဝါအရင့်ဆုံး ကျင့်ကြံသူဖြစ်သည့် ယဲ့ချိန်ရွှမ်းသည်ပင် အလွန်အံ့အားသင့်သွားပြီး အလန့်တကြားဖြင့် ယဲ့ကျန့်ထျန်းအား လှည့်ကြည့်မိသော် တစ်ဖက်လူသည်လည်း စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် သူ့အား ကြည့်နေသည်ကို မြင်ရသည်။

‘ချန်အာ ထုတ်လွှတ်နေတဲ့ ထျန်းချီတွေက ဘယ်လောက်ထိတောင် သန့်စင်နေလို့ ထျန်းချီအဆင့်၈၊ အဆင့်၉ ကျင့်ကြံသူတွေရဲ့ ထျန်းချီတွေကိုတောင် ထိန်းချုပ်နိုင်နေ ရတာလဲ’

သူတို့ပြောနိုင်သည်မှာ ယဲ့ချန်ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ထျန်းချီများသည် အလွန် သန့်စင်ရုံသာမက မွန်မြတ်သော အရှိန်အဝါတစ်မျိုးလည်း ကိန်းဝပ်နေသေးသည်။ ထို့ပြင် ယခုအနေအထားအရ ယဲ့ချန်၏ ကျင့်ကြံဆင့်သည် ထျန်းချီ အဆင့်၆လောက်သာ မဟုတ်တော့သည်ကို ယဲ့ကျန့်ထျန်းတို့ နှစ်ဦးလုံး နားလည်လိုက်ကြသည်။

***

All Chapters