ပကတိသိုင်းအသိ
Vol. 3 Ch. 39
ယဲ့ချန်က ခေါင်းမော့လိုက်လျှင် သူ၏ နက်မှောင် တောက်ပသော မျက်လုံးများထဲ၌ အလင်းတစ်ချက် လက်သွားသည်။ သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ပြောသည်။
“ဦးလေး ... ကျွန်တော်လာပြီနော်”
ရိုးသားစွာ ဝန်ခံရလျှင် ယဲ့ကျန့်ရှုံးသည် ယဲ့ချန်အား ထျန်းချီအဆင့်၆ အလယ်အလတ်ဆင့် တွင်သာ ရှိလောက်မည်ဟု ခန့်မှန်း ထားသောကြောင် သူ့ခွန်အား၏ ကိုးဆယ် ရာခိုင်နှုန်းမျှဖြင့် ရင်ဆိုင်လျှင် လုံလောက်ပြီဟု တွေးထားခဲ့သည်။ ယဲ့ချန်၏ ထျန်းချီတို့က မယုံနိုင်စရာ သန့်စင်နေသည်ကို ထည့်တွက်လျှင်ပင် ထျန်းချီအဆင့်၆ ထိပ်ဆုံးဆင့်နှင့် ညီမျှသော စွမ်းအားလောက်ကိုသာ ထုတ်ဖော် နိုင်လောက်မည်ဟု ခန့်မှန်းထားတာ ဖြစ်သည်။
သို့သော်လည်း တကယ်တမ်း ရင်ဆိုင်ရသောအခါ ယဲ့ချန်၏ ကျောချမ်းစဖွယ် အသွင်သဏ္ဌာန်ကြောင့် ယဲ့ကျန့်ရှုံးကဲ့သို့ အတွေ့အကြုံရှိသူပင် ခဏတာ ကြောင်အမ်းသွားသည်။ ရုတ်တရက် ယဲ့ကျန့်ရှုံးသည် သူ့တူအား လျှော့တွက်မိပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
ယဲ့ချန်က နောက်ထပ် ခြေတစ်လှမ်း တိုးလာလျှင် ယဲ့ကျန့်ရှုံး၏ နောက်ကျော တစ်လျှောက် တောင့်တင်းသွားသည်။ ယဲ့ချန်ထံမှ ထုတ်လွှင့်နေသော ထျန်းချီ အရှိန်အဝါသည် သူ့ကဲ့သို့ ထျန်းချီအဆင့်၈ ကျင့်ကြံသူကိုပင် ဖိနှိပ်နိုင်စွမ်းရှိသည်။
'ဒါမဖြစ်နိုင်ဘူး ဘယ်လိုလုပ်ပြီး ကျင့်ကြံဆင့်နိမ့်တဲ့သူရဲ့ ထျန်းချီက ကျင့်ကြံဆင့် ပိုမြင့်တဲ့သူအပေါ် သက်ရောက်မှု ရှိနေရတာလဲ'
ယဲ့ကျန့်ရှုံးတစ်ယောက် အတွေးများသွားရသည်။
'ချန်အာရဲ့ ထျန်းချီအရှိန်အဝါက ငါနဲ့တောင် ယှဉ်လို့ရနေပြီ'
နောက်တစ်စက္ကန့် အတွင်း ယဲ့ကျန့်ရှုံးသည် အတွေးတို့အား ရှင်းထုတ်လိုက်ပြီး ထျန်းချီများကို အလျင်အမြန် လှည့်လည်ကာ မူလက ဖန်တီးထားသော ထျန်းချီ အကာအကွယ်ကို အားဖြည့်ပေးလိုက်သည်။
ယဲ့ချန်၏ ခန္ဓာကိုယ် အတွင်းတွင်မူ ကြယ်တာရာ ဘုံကိုးလွှာ / ကဏ္ဍကိုးမျိုး (ဝါ) သဘာဝစွမ်းအင် ကိုးမျိုးတို့၏ ထျန်းချီဝဲကတော့များသည် အလွန်လျင်မြန်သော အရှိန်ဖြင့် လှည့်ပတ်နေကြသည်။
ယဲ့ချန်သည် ထူးခြားသော စိတ်အခြေအနေ တစ်ခုသို့ ရောက်ရှိသွားပြီး သူ၏ညာလက်မှ သန့်စင်သော ထျန်းချီများသည်လည်း ပိုမိုသိပ်သည်းလာကာ ရှေ့သို့ ခြေတစ်လှမ်း ထပ်တိုးသည်။
ယဲ့ကျန့်ရှုံးသည် တဖြည်းဖြည်းနှင့် တစ်ဖက်လူ၏ ထျန်းချီ အရှိန်အဝါအောက်တွင် ဖိအားများလာသည်။ တစ်ဖက်လူသည် သူ့တူ ဖြစ်နေခြင်းကြောင့် ထျန်းချီ အရှိန်အဝါတွင် ရန်ပြုလိုသော အရိပ်အယောင် မရှိသောကြောင့်သာ မဟုတ်ပါက သူ့အနေနှင့် ယခုထိပင် တောင့်ခံ ထားနိုင်ပါ့မလား မသေချာပေ။ ဤအခြေအနေရောက်မှ ယဲ့ကျန့်ရှုံး နားလည်လိုက်သည်မှာ ယဲ့ချန်၏ ထျန်းချီအရှိန်အဝါအား သူ လုံးဝမယှဉ်သာခြင်း ဆိုသည်ကိုဖြစ်သည်။
'ဒါ ... ဒါက မဖြစ်နိုင်တာကြီး'
ယဲ့ကျန့်ရှုံးမျက်နှာမှာ ဖြူဖျော့နေလေပြီ။
“မိုးကြိုးဟိန်းသံ”
ယဲ့ချန်သည် ယဲ့မိသားစု၏ အခြေခံအကျဆုံး သိုင်းပညာကို ထုတ်ဖော်လိုက်သည်။
သို့သော် ကြည့်နေကြသည့် မည်သူမဆို ယဲ့ချန်၏ လက်ဝါးရိုက်ချက်တွင် ပါဝင်သည့် ပြင်းအားသည် 'မိုးကြိုးဟိန်းသံ' လက်ဝါးချက်တွင် ရှိသင့်သည့်အားထက် အဆများစွာ သာလွန်နေကြောင်း မြင်နိုင်သည်။ 'မိုးကြိုးဟိန်းသံ' ပညာရပ်ကို တီထွင်ခဲ့သော ဘိုးဘေးကြီး သေရာမှ ပြန်ရှင်လာပြီး ထိုပညာရပ်အား အသုံးပြုပြလျှင်ပင် ယဲ့ချန်လောက် အားပြင်းပါ့မလား မသိချေ။
ယဲ့ကျန့်ရှုံးသည်လည်း တူညီသော လက်ဝါးရိုက်ချက်ဖြင့် တုံ့ပြန်သည်။ လက်ဝါးနှစ်ဖက်သည် လေထုထဲ၌ အရှိန်ပြင်းစွာ ထိတွေ့မိကြသည်။
အလွန်ကျယ်လောင်လှသော အသံကျယ်ကြီးနှင့် အတူ ပင်မခန်းမဆောင် တစ်ခုလုံး လှုပ်ယမ်း သွားသယောင် ထင်ရသည်။ ထျန်းချီအားလှိုင်းများသည် ပတ်ပတ်လည်သို့ လွင့်စဉ်လာလေရာ ကျင့်ကြံဆင့် နိမ့်သူများသည် ကမျောသောပါး နောက်ဘက်သို့ ခုန်ဆုတ် လိုက်ကြရသည်။ ယဲ့ကျန့်ထျန်းနှင့် ယဲ့ချိန်ရွှမ်းတို့ကဲ့သို့ ထျန်းချီအဆင့်၉ ကျင့်ကြံသူများပင် ခန်းမအလယ်မှ ထျန်းချီပေါက်ကွဲမှုသည် အလွန်ပြင်းထန်ကြောင်း ခံစားမိသည်။
ယဲ့ကျန့်ရှုံးသည် နောက်သို့ ခြေလှမ်းခြောက်လှမ်း ဆုတ်လိုက်ရကာ မတ်မတ်ရပ်နိုင်ရန် မနည်း ကြိုးစားနေရချိန်၌ ယဲ့ချန်ကမူ နောက်သို ခြေနှစ်လှမ်းသာ ဆုတ်လိုက်ရပြီး တည်တည်ငြိမ်ငြိမ် ဆက်ရပ်နေနိုင်သည်။
'ယဲ့ကျန့်ရှုံး ... ရှုံးသွားခဲ့တာလား”
စောင့်ကြည့် နေကြသော လူအုပ်ကြီးသည် အံ့ဩမှုကြောင့် မေးများ ကြမ်းပြင်သို့ ပြုတ်ကျလုမတတ်။
ယဲ့ကျန့်ထျန်းနှင့် ယဲ့ချိန်ရွှမ်းတို့ဆိုလျှင် ပါးစပ် အဟောင်းသားနှင့် အသိစိတ် ခဏတာ ကင်းလွတ်သွားကြပုံ ပေါ်သည်။
ယဲ့ကျန့်ရှုံးသည် ထျန်းချီအဆင့်၈ အလယ်အလတ်ဆင့်သို့ ရောက်နေပြီဖြစ်ကာ တိုက်ပွဲ အတွေ့အကြုံနှင့် သဘောတရားများတွင် ယဲ့ချန်ထက် များစွာသာသည်။ သို့ဖြစ်ပါလျက်နှင့် ယဲ့ကျန့်ရှုံးက မည်သို့သော အကြောင်းကြောင့် ရှုံးသွားရပါသည်နည်း။
ယဲ့ချန်သည် အသက်၁၇နှစ်လေးနှင့် ထျန်းချီအဆင့်၈ အလယ်အလတ်ဆင့်သို့ ရောက်နေခြင်းပေလော။
လူအုပ်ကြီးသည် တွေးလေတွေးလေ၊ အဓိပ္ပာယ်မဲ့လာ လေလေ ဖြစ်နေရာ ဆက်မတွေး နိုင်တော့ပဲ သူတို့အရှေ့ရှိ လူငယ်လေးကိုသာ မျက်လုံးအပြူးသားဖြင့် ကြည့်နေမိတော့သည်။
သမိုင်းကား တကျော့ပြန်လာ လေပြီ။
လွန်ခဲ့သော သုံးနှစ်ကျော်ခန့်က ယဲ့ချန်အား ဖော်လံဖားယားခဲ့သော လူငယ်လေးများသည် ယခုတွင် ယဲ့ချန်အား အမှန်တကယ် လေးစားအားကျ မိသွားကြသည်။
ယဲ့ကျန့်ရှုံးသည် ဤယှဉ်ပြိုင်မှု၌ အင်အားကုန် ထုတ်သုံးခဲ့သော်လည်း တူဖြစ်သူအား ရှုံးနိမ့်သွားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားမိခဲ့။ သူသည် ဖျော့တော့စွာပြုံးရင်း ယဲ့ကျန့်ထျန်းဘက်သို့ လှည့်ကာ ဆိုမိသည်။
“အစ်ကိုကြီး ... ကြည့်ရတာ ချန်အာက ကျုပ်ကို ကျော်တက်သွားပြီ ထင်ပါရဲ့”
ထို့နောက် သူက ခဏမျှစဉ်းစားပြီးမှ ထပ်ပြော၏။
“ချန်အာရဲ့ တကယ့်ခွန်အားကို သိချင်ရင် အစ်ကိုကြီးက ိုယ်တိုင် သူ့ကို စစ်ဆေး ကြည့်တာက ပိုကောင်းလိမ့်မယ်”
ယဲ့ကျန့်ရှုံး၏ အနည်းငယ် တုန်ယင်နေသော အသံမှတစ်ဆင့် သူ မည်မျှ စိတ်လှုပ်ရှား နေကြောင်းကို ရိပ်စားမိနိုင်သည်။
ယဲ့ကျန့်ရှုံး၏ မှတ်ချက်က အတွေးလွန်နေသော ယဲ့ချန်အား လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာစေသည်။ အမှန်တကယ်တွင် ယဲ့ချန်သည် တိုက်ခိုက်နေရင်း ထူးဆန်းသော စိတ်အခြေတစ်ခုသို့ ကျရောက်သွားခဲ့ကာ 'မိုးကြိုးဟိန်းသံ' လကဝါးချက်၌ အင်အားကုန် ထည့်မိသွားသည်။ သူကိုယ်တိုင်ကလည်း လက်ရှိ ခွန်အားအစစ်အား သိရှိလိုသောကြောင့် ထူးဆန်းသော စိတ်အခြေအနေမှ ရုန်းထွက်ရန် မကြိုးစားပဲ မျောလိုက်ခဲ့သည်။ အကျိုးဆက် အနေနှင့် ဦးလေးဖြစ်သူ ယဲ့ကျန့်ရှုံးတစ်ယောက် သူ့အား အလွန်အမင်း အထင်ကြီးသွားပုံ ပေါ်သည်။
ယဲ့ချန်လည်း မိမိဘာသာ ခေါင်းယမ်းမိရင်း ထျန်းချီအရှိန်အဝါအား ပြန်လည် ရုပ်သိမ်းလိုက်သည်။
မျက်တောင် တစ်ခတ်စာ အချိန်အတွင်း ပင်မခန်းမအတွင်းရှိ လေထုသည် ဘာမှမဖြစ်ခဲ့သည့် အတိုင်း ငြိမ်သက် အေးဆေးသွားသည်။
ထိုအချိန်တွင် ယဲ့ကျန့်ရှုံး၏ မှတ်ချက်ကြောင့် မိသားစုတွင်းရှိ လူငယ်လေးများသည် ရုတ်ရုတ်သဲသဲ ဖြစ်နေကြ၏။
“အစ်ကိုချန်က ဦးလေးကျန့်ရှုံးနဲ့ တန်းတူ အစွမ်းထက်နေပြီလား”
“တန်းတူ လာနောက်နေတာလား ခုဏပဲ ဦးလေးကျန့်ရှုံး ကိုယ်တိုင် ပြောတာကို မကြားလိုက်ဘူးလား အခု အစ်ကိုချန်က ဦးလေးကျန့်ရှုံး ထက်တောင် ပိုပြီး အစွမ်းထက်နေပြီကွ”
“သောက်ကျိုးနည်း အစ်ကိုချန်ရဲ့ အဓိက သွေးကြောမတွေ ပြန်ကောင်းလာတာ တနှစ်တောင် မပြည့်သေးဘူး ကျင့်ကြံနှုန်းက အဲဒီလောက်တောင် မြန်နေရလား ၁၆နှစ်လုံး ကျင့်ကြံလာတာတောင် အစ်ကိုချန်ကို လိုက်မမီဘူးဆိုတော့ ငါတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသင့်နေပြီ မဟုတ်ဘူးလား”
ယဲ့လော့သည် ဘေးတနေရာ၌ ရပ်ကာ ယဲ့ချန်ထံ ကြည့်နေရင်း ပုံမှန်ဆိုလျှင် လူရှေ့၌ ပြုံးခဲသော သူမမျက်နှာလေးက ပြုံးရွှင်နေသည်။
'အစ်ကိုချန်က နောက်ဆုံးတော့ သူရသင့်တဲ့ အရာတွေအားလုံးကို ပြန်ရသွားခဲ့ပြီ'
ယဲ့ကျန့်ထျန်းသည် လက်တစ်ဖက် မြှောက်လျက် ခန်းမထဲရှိ လူများအား တိတ်ဆိတ် စေလိုက်သည်။
“ဒီနေ့အတွက် စစ်ဆေးမှုက ဒီလောက်ပဲ”
ယဲ့ကျန့်ထျန်းက ကြေငြာသည်။ အလွန် စိတ်လှုပ်ရှားနေ၍ သူ့ခမျာ အသံ တုန်မသွားစေရန်ပင် မနည်း သတိထားနေရသည်။
အသက်၁၇လေးနှင့် ထျန်းချီအဆင့်၈ အလယ်အလတ်ဆင့်မှ ကျင့်ကြံသူအား အနိုင်ယူခြင်း။
ထိုဖြစ်ရပ်ကား ယဲ့မိသားစု အတွက် ဖြစ်ရပ်ဆန်း ဖြစ်သည့်အပြင် တုန်းလင်ပြည်နယ် တစ်ခုလုံးအတွက် ဖြစ်ရပ်ဆန်း ဆိုလည်း မမှားပေ။ လွန်ခဲ့သော နှစ်ပေါင်း သုံး၊ လေးရာအတွင်း ထိုကဲ့သို့ အရည်အချင်းနှင့် ပါရမီရှင်မျိုး တုန်းလင်ပြည်နယ်၌ တစ်ကြိမ်တစ်ခါမှ ပေါ်ထွက် မလာခဲ့ဖူးပေ။
“ခန်းမထဲက ကိစ္စတွေကို ခန်းမထဲမှာပဲ ထားခဲ့၊ ချန်အာနဲ့ ပတ်သက်ပြီး အပြင်ဘက်မှာ ကောလာဟလတွေ ပြန့်သွားတာမျိုး မဖြစ်စေနဲ့”
ယဲ့ချိန်ရွှမ်းကလည်း ဝင်ရောက် သတိပေးသည်။ ယနေ့ ခန်းမထဲ၌ ရှိနေသူများသည် မိသားစု၏ ယုံကြည်စိတ်ချရသော ကျင့်ကြံသူများ ဆိုသော်လည်း သတိဟူသည် ပိုသည်မရှိပေ။
“ကောင်းပြီ အားလုံး ကိုယ့်နေရာ ကိုယ်ပြန်ပြီး လေ့ကျင့်ကြတော့”
ယဲ့ချိန်ရွှမ်း၏ စကားအဆုံး ခန်းမထဲရှိ လူများအားလုံး အသီးသီး နှုတ်ဆက်လျက် ထွက်ခွါသွားကြသည်။ ၎င်းတို့၏ စိတ်ထဲတွင်မူ ငယ်ရွယ်လှသော မိသားစု ခေါင်းဆောင်သစ်အား ယခင်ကထက် ပို၍ လေးစားသွားကြသည်။
ခန်းမထဲ၌ ယဲ့ချန်၊ ယဲ့ကျန့်ထျန်း၊ ယဲ့ချိန်ရွှမ်းနှင့် အခြားသော ယဲ့ချန်၏ ဦးလေးများသာ ကျန်ရစ်ခဲ့တော့သည်။
သားဖြစ်သူအား ကြည့်နေရင်း ယဲ့ကျန့်ထျန်းသည် ယခင်က ယဲ့ချန်၏ ကျင့်ကြံမှု နှောင့်နှေးမည်ကို စိုးရိမ်နေမိခဲ့ခြင်းမှာ အလွန် ရယ်စရာ ကောင်းသည်ဟု တွေးနေမိသည်။ တစ်ဖက်တွင်လည်း သူက လက်ရှိ အခြေအနေအပေါ် များစွာ ကျေနပ်မိသည်သာ။
“ချန်အာ ... ထျန်းချီအဆင့်၈ကို ဘယ်တုန်းက ရောက်သွားတာလဲ”
ယဲ့ကျန့်လုံသည် သိလိုစိတ်အား မထိန်းနိုင်တော့ သောကြောင့် ဦးစွာ မေးမိသည်။
ယဲ့ချန်က ခေါင်းယမ်း၏။
“ကျွန်တော် ... ထျန်းချီအဆင့်၈ကို ရောက်လုနီးနီးပဲ ရှိသေးတာ ...”
ယဲ့ချန်က နောက်တစ်ကြိမ် အသေအချာ ထပ်ပြော၏။
“အခုမှ ထျန်းချီအဆင့်၇ ထိပ်ဆုံးဆင့်မှာပဲ ရှိနေသေးတယ်”
အကြီးအကဲများ အားလုံး ကျောက်ရုပ်သဖွယ် ဖြစ်သွားကြသည်။
သူတို့၏ ဦးနှောက်များမှာ မရပ်မနား တွက်ချက်နေကြသည်။ ဤဖြစ်ရပ်ကား ပြီးခဲ့သော ဆက်ခံသူပြိုင်ပွဲ၌ ယဲ့ချန်သည် ထျန်းချီအဆင့်၅တွင်သာ ရှိသေးသော်လည်း ထျန်းချီအဆင့်၆တွင် ရှိသော ယဲ့ခုံးယန်အား အနိုင်ယူခဲ့ခြင်းနှင့် ဆင်တူသည်။
သို့သော်ငြား ထျန်းချီအဆင့်၆ နှင့် ထျန်းချီအဆင့်၈သည် မိုးနှင့်မြေလို ကွာခြားလှကာ ထိုကွာခြားချက်ကား ဟာသမဟုတ်ပေ။
နောက်ဆုံးတွင် ယဲ့ချိန်ရွှမ်းက သက်ပြင်းချကာ ပြောလာသည်။
“ချန်အာ့ကို သာမန် ပါရမီရှင်တွေရဲ့ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာလို့ မရဘူးဆိုတာ ငါတော့ လက်ခံလိုက်ပြီ”
သူတို့အားလုံး သေချာ ပြောနိုင်သည်မှာ တနေ့တွင် ယဲ့ချန်သည် သူတို့အနေနှင့် လုံးဝ မရောက်ရှိနိုင်သော ကျင့်ကြံဆင့် တစ်ခုသို့ ကျိန်းသေ ရောက်ရှိလိမ့်မည် ဆိုတာပင်။
“ချန်အာ ... အဖေနဲ့ မင်းဦးလေးတွေ သေချာလေ့လာပြီးပြီ ပြန်လည် ပြုပြင်ထားတဲ့ မုန်တိုင်း အရိပ်လက်သည်းက တကယ်ပဲ လေ့ကျင့်ဖို့ သင့်တော်တယ် ဖြစ်နိုင်ရင် မင်းလည်း အဲဒါကို လေ့ကျင့်သင့်တယ်”
ယဲ့ကျန့်ထျန်းက ပြောသည်။
“အမှန်တော့ ကျွန်တော် အဲဒါကို လေ့ကျင့် အောင်မြင်ပြီးပါပြီ”
ယဲ့ချန်ကလည်း ပွင့်ပွင့်လင်းလင်းသာ ပြောဖို့ ဆုံးဖြတ်လိုက်သည်။ ဦးလေးကျန့်ရှုံးကိုပင် အနိုင်ယူလိုက်မိပြီးမှ ဟိုဖုံးသည်ဖုံး ထပ်လုပ်နေလို့လည်း မထူးတော့ပေ။
ယဲ့ကျန့်ထျန်းသည် အစပိုင်းတော့ မျက်လုံးပြူးသွား သော်ငြား နောက်တော့ သူ့ဘာသာသူ စိတ်ဖြေကာ တွေးလိုက်မိသည်။ 'ကမ္ဘာဦး မိုးကြိုးခန္ဓာ' ကဲ့သို့ ခက်ခဲလှသော သိုင်းပညာရပ်ကိုပင် ရက်ပိုင်းအတွင်း လေ့ကျင့် အောင်မြင်ခဲ့သူ အနေနှင့် 'မုန်တိုင်း အရိပ်လက်သည်း' (လေအရိပ် လက်သည်း) အား လေ့ကျင့်ရန် လုံးဝ ခက်ခဲမှု ရှိလိမ့်မည် မဟုတ်ပေ။
“ဦးလေး ... ကျုပ်နည်းနည်း မရှင်းလင်း ဖြစ်နေတာ တစ်ခု ရှိသေးတယ် 'မိုးကြိုးဟိန်းသံ' လက်ဝါးကွက်က ယဲ့မိသားစုရဲ့ အခြေခံ သိုင်းကွက်တွေထဲက တစ်ခု မဟုတ်လား ဒါပေမဲ့ ခုန ချန်အာ အသုံးပြုလိုက်တုန်းက သိပ်ကို အားပြင်းလွန်းတယ် အဲဒီ့လက်ဝါးချက်ရဲ့ ဖိအားအောက်မှာ ဘယ်လိုမှ ရှောင်လွှဲ မရတော့သလိုပဲ ဦးလေးလည်း မြင်လိုက်တယ်မလား”
ယဲ့ကျန့်ရှုံးက ယဲ့ချိန်ရွှမ်းအား မေးသည်။ မည်သို့ပင်ဆိုစေ ယဲ့ချိန်ရွှမ်းသည် မိသားစုထဲတွင် အသက်အကြီးဆုံးနှင့် အတွေ့အကြုံ အရင့်ဆုံး ကျင့်ကြံသူဖြစ်သည်။
“ဖြစ်နိုင်တာက ...”
ယဲ့ချိန်ရွှမ်းသည် အလွန် လေးနက်စွာနှင့် မျက်မှောင်ကြုတ်လျက် ပြောလာသည်။
“ချန်အာက ပကတိ သိုင်းအသိကို နားလည်သွားတာများလား”
“ပကတိသ ိုင်းအသိ”
ယဲ့ကျန့်ထျန်းကလည်း နောက်မှလိုက်၍ ရေရွတ်သည်။ သူ့အသံထဲတွင် အံ့ဩခြင်းထက် နားမလည်နိုင်ခြင်းတို့က ပိုများနေသည်။
“ပြောကြတာတော့ ... ပကတိသိုင်းအသိကို ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူတွေကသာ နားလည်နိုင်တယ်တဲ့။ ပကတိသိုင်းအသိက သိုင်းပညာရပ်တွေ အပေါ် သာမန်လူတွေ မြင်နိုင်တာထက် ပိုပြီး ရှင်းရှင်းလင်းလင်း နားလည် သိမြင်အောင် ကူညီပေးနိုင်တဲ့ အပြင် ကျင့်ကြံဆင့် မြန်မြန် တက်အောင်လည်း ကူညီပေးနိုင်တယ်။ ကျင့်ကြံသူ တစ်ယောက်က ပကတိ သိုင်းအသိကို နားလည်ပြီးသွားရင် တခြား ကျင့်ကြံသူတွေနဲ့ မတူညီတဲ့ အဆင့်အတန်း တစ်ခုကို ရောက်သွားသလိုပဲလို့ ပြောကြတယ်။”
ယဲ့ချိန်ရွှမ်းက အသက်ပြင်းပြင်း ရှူလျက် ဆက်ပြော၏။
“မိုးနတ်မင်းက ယဲ့မိသားစုအတွက် အဖိုးမဖြတ်နိုင်တဲ့ ကလေးတစ်ယောက်ကို လက်ဆောင် ပေးခဲ့တာပဲ”
ယဲ့ကျန့်ထျန်းသည် 'ပကတိသိုင်းအသိ' ဆိုသည်အား ဘာမှန်း အသေအချာ နားမလည်သော်ငြား ယဲ့ချိန်ရွှမ်း၏ လေးနက်လှသော အမူအရာအရ အလွန်ထူးခြားသော စွမ်းရည်တစ်မျိုး ဖြစ်မည်မှာ သေချာပါ၏။
ယဲ့ကျန့်ထျန်းသည် ယဲ့ချန်အား အဓိပ္ပာယ် အပြည့်ပါသော မျက်လုံးများဖြင့် လှမ်းကြည့်မိသည်။ ယဲ့ကျန့်ထျန်း၏ နှလုံးသားထဲ၌မူ သားဖြစ်သူအတွက် ဂုဏ်ယူ ဝင့်ကြွားမှုတို့နှင့် ပြည့်နှက်လို့နေသည်။
“ဘယ်အချိန် ကတည်းက ... ပကတိသိုင်းအသိကို နားလည်နေခဲ့တာလဲ ချန်အာ”
ယဲ့ချိန်ရွှမ်းက မေးသည်။
“အာ ... ကျွန် ... ကျွန်တော်လည်း သိပ်တော့ မသေချာဘူး”
ယဲ့ချန်သည် အပြင်ဘက်၌ အလိုက်သင့် ပြန်ဖြေလိုက်ရသော်ငြား အတွင်းစိတ်ထဲတွင်တော့ ကမ္ဘာပျက်နေပြီ ဖြစ်သည်။
'ပကတိသိုင်းအသိ အဲဒါဘာကြီးတုံး … ကြားတောင် မကြားဖူးဘူး တကယ်ပဲ အဲဒါကြီးကို ငါနားလည်သွားပြီလို့ ထင်နေကြတာတော့ မဟုတ်ပါဘူးနော်'
“ပကတိသိုင်းအသိကို နားလည်ဖို့ဆိုရင် သိုင်းပညာရပ်တွေ အပေါ်မှာ နားလည်မှုက အခြားသူတွေထက် အဆပေါင်းများစွာ သာနေဖို့လိုတယ်။ ရှီဝူအင်ပါယာက ဘီလီယမ်နဲ့ချီတဲ့ လူတွေအကြောင်း တွေးကြည့် ... နှစ်ရာပေါင်းများစွာ ကုန်ဆုံးပြီးတာတောင် အဲဒီ့လူတွေထဲက လက်တစ်ဆုပ်စာ ပမာဏရှိတဲ့ လူတွေကသာ ပကတိသိုင်းအသိကို နားလည်နိုင်ကြတယ်။ လက်ရှိ ရှီဝူအင်ပါယာရဲ့ အရှင်သခင် ဧကရာဇ်မင်ဝူက အဲဒီ့လက်တဆုပ်စာ လူတွေထဲက တစ်ယောက်ပဲ။ ဧကရာဇ်မင်ဝူ နားလည်ခဲ့တဲ့ ပကတိသိုင်းအသိက ‘အောင်နိုင်ခြင်း’ လို့ ပြောကြတယ်။”
ယဲ့ချိန်ရွှမ်းသည် အလွန် စိတ်လှုပ်ရှားစွာဖြင့် ယဲ့ချန်ဘက်သို့ ကြည့်လာရင်း မေးလေသည်။
“ချန်အာ ... မင်းကရော ဘယ်လို ပကတိ သိုင်းအသိမျိုးကို နားလည်ခဲ့တာများလဲ ဘိုးဘိုးတို့ကို ပြောပြပါဦး”
***