← Chapters

ခင်ဗျားတို့ ကိစ္စထဲ ကျုပ်ကို ဆွဲမသွင်းနဲ့

Vol. 39 Ch. 529

ခင်ဗျားတို့ ကိစ္စထဲ ကျုပ်ကို ဆွဲမသွင်းနဲ့

Vol. 39 Ch. 529

မိုဝူကျီက အဝေးတစ်နေရာ၌  မတ်တတ်ရပ်နေသော မုရုန်ရှန်းယွီဆီ အကြည့် ရောက်သွားကာ မေးလိုက်သည်

“ဒီလော့ကျွန်မ်း စာရွက်ခုနစ်ရွက်က  သူမ လက်ထဲ ဘယ်လိုလုပ် ရောက်နေတာလဲ”

မုရုန်ရှန်းယွီက လက်ရှိ၌ အားအနည်းဆုံး မဟုတ်သော်လည်း  သူမက အားအနည်းဆုံးထဲမှ တစ်ယောက် ဖြစ်ပေသည်။ သူမ၏ ကံမည်မျှ ကောင်းစေကာမူ လော့ကျွန်မ်းကဲ့သို့ ရတနာမျိုးသည် မည်သို့ သူမလက်ထဲ ရောက်ရှိနေသနည်း။

မုရုန်ရှန်းယွီက ရှေ့တိုးလာကာ  သနားစွာ ရှင်းပြလိုက်သည်။

“ကျွန်မက အရင်ဆုံး ဒီနေရာကို တွေ့ခဲ့တာပါ။ အားလုံးကို အင်မော်တယ် အဆီအနှစ်တွေနဲ့ ထိပ်တန်း အင်မော်တယ် ဆေးပင်တွေ ရဖို့ ကူညီပေးခဲ့တယ်။ ကျွန်မ ရောက်လာပြီးတော့ လူတွေ ပိုရောက်လာကြတယ်။

အခု သူတို့က  ဒီနေရာမှာ ရှိနေတဲ့ ပစ္စည်းတွေကို သူတို့ကြားတင် ဝေစုခွဲချင်နေရုံတင် မကဘူး။ ကျွန်မရဲ့ လော့ကျွန်မ်းစာရွက်ကိုလည်း လုချင်သေးတယ်”

ထိုစဉ် သူမရှေ့မှ လူမှာ ယန်းယဲ့ဖြစ်ဖြစ် မိုဝူကျီ ဖြစ်ဖြစ် ထိုသူမှာ သူစိမ်းသာ ဖြစ်ပေသည်။ ယန်းယဲ့က သူမ မျက်လုံး၌ အနိမ့်ဆုံးအနေနှင့် အမြဲတမ်း ရှိခဲ့ရာ ငန်းသား စားချင်နေသည့် ဖားနှင့် အလားတူ  ဖြစ်ပေသည်။

“အင်မော်တယ် ရောင်းရင်းမို ... ရှန်းထျန်း ရတနာလို ပစ္စည်းမျိုးက လူတစ်ယောက်တည်း အပိုင်သိမ်းရမဲ့ အရာ မဟုတ်ဘူး။

လော့ကျွန်မ်းစာရွက် ခုနှစ်ရွက်က  ဒီနေရာမှာ ရှိနေတဲ့ ရတနာတွေထဲမှာ အကောင်းဆုံးပဲ။ အဲဒါကြောင့် စာရွက် တစ်ရွက်ချင်းစီကို အင်မော်တယ်နယ်မြေ တစ်ခုဆီ ပြန်လည် ခွဲပေးမယ်လို့ အကြံပြုခဲ့တာ ...

တကယ်လို့ ဒီလိုအဆင့်မြင့်တဲ့ အင်မော်တယ် ရောင်းရင်းမိုအနေနဲ့  ကျိုးပျက်ကမ္ဘာထဲ ဝင်လာပြီး  အကောင်းဆုံး ရတနာရဲ့ အစိတ်အပိုင်း တစ်ခုတောင် မရဘူးဆိုရင် ဘယ်တရားပါ့မလဲ”

ချန်းကျူရှန်က ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။ သူ့၏ အသံကျယ်ကျယ် အသံဖြင့် သူက တရားသည့်ဘက်မှ ပြောနေဟန် ပေါ်နေသေး၏။

ချန်းကျူရှန် စကားများကို ကြားပြီးနောက် မိုဝူကျီက အဖြစ်အပျက်ကို နားလည်သွားကာ ခေါင်းတညိတ်ညိတ် လုပ်ရင်း ပြန်ဖြေလိုက်သည်။

“တာအိုရောင်းရင်းချန်း …  ဒီကျိုးပျက်ကမ္ဘာထဲ ဝင်လာပြီးတော့ အကျိုးမြတ် ဘယ်လောက် ရလာပြီလဲ။ ခင်ဗျားလည်း ရှန်းထျန်း ရတနာတချို့ ရထားတာ ဖြစ်နေမလား”

ချန်းကျူရှန်က မျက်မှောင်ကြုတ်ကာ သူ့လေသံမှာလည်း ပြောင်းလဲသွားပြီး …

“ကျုပ်ရတနာတချို့ ရလာပေမဲ့ ရှန်းထျန်း ရတနာတော့ မတွေ့ခဲ့ဘူး”

“အဲဆိုရင် ခင်ဗျားရဲ့ သိုလှောင်လက်စွပ်ကို  ကျုပ်ဆီပြကြည့်ပါ့လား” မိုဝူကျီက တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။

ချန်းကျူရှန် မျက်ဝန်းများက အေးစက် သွားပေ၏။ မိုဝူကျီက မည်မျှပင် အားကောင်း နေစေကာမူ  သူက မိုဝူကျီကို သူ့ခေါင်းပေါ် တက်ခွင့် မပေးနိုင်ပေ။

“ဒါက ဘာအဓိပ္ပာယ်လဲ။  တခြားသူရဲ့ လက်စွပ်ကို ပြခိုင်းတာ ရိုင်းစိုင်းတယ် ဆိုတာ မသိဘူးလား”

မိုဝူကျီက အားရပါးရ ရယ်မောလိုက်ရင်း …

“အဲလိုလား။ အဲဆိုရင် ကျုပ်ခင်ဗျားရဲ့ လက်စွပ်ထဲမှာ  ပစ္စည်းကောင်း တချို့ ရှာတွေ့ခဲ့ရင်  နည်းနည်းပဲ ယူမှာပါ။ ခင်ဗျား အတွက်လည်း နည်းနည်း ချန်ပေးထားမှာပေါ့”

ချန်းကျူရှန် လက်ထဲ ပုလွေရှည်တစ်ချောင်း ရောက်ရှိလာကာ  ကျယ်ကျယ် ပြောလိုက်သည်

“မိုဝူကျီ ခင်ဗျားရဲ့ နောက်ခံက ဘယ်လိုဖြစ်ဖြစ်  ကျုပ်ရဲ့ လျှပ်စီးဂိုဏ်းက မကြောက်ဘူး”

သူက သူကိုယ်တိုင် မိုဝူကျီကို မကြောက်သည့် အကြောင်းတော့ မပြောရဲပေ။ သူက မည်မျှ အားကောင်း စေကာမူ ချန်းကျူရှန် အနေဖြင့်  ဖူပေးကို တစ်ချက်တည်းဖြင့် လွှင့်စင်သွားစေသည့် အထိတော့ မဖြစ်စေနိုင်ပေ။

“ခင်ဗျားက ကျုပ်နဲ့ တိုက်ချင် နေတာလား” မိုဝူကျီ၏ အမူအယာမှာ မှောင်မှိုင်းလာပြီး  ပတ်ဝန်းကျင် တစ်လျှောက် သတ်ဖြတ်ငွေ့များ ပြန့်နှံ့လာသည်။

မွန်းကျပ်စေသည့် သတ်ဖြတ်ငွေ့များ သူ့အပေါ် လွှမ်းခြုံ လာသည့်အခါ ချန်းကျူရှန်က အသက်ဝဝ ရှုသွင်း လိုက်ရသည်။ ဤသတ်ဖြတ်ငွေ့များက အလွန်အားကောင်း နေပေရာ သူက ဖူပေး ခံစားခဲ့ရစည့် အတွေ့အကြုံနှင့် ရုတ်ချည်း ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။ သူက  ကိုယ့်ဘာသာ တည်တည်ငြိမ်ငြိမ် ဖြစ်စေဖို့   စိတ်အားတင်းကာ …

“ကျုပ်ရဲ့ လက်စွပ်ကို ကြည့်ပြီးတော့ ကျုပ်အပိုင်တွေကို ခင်ဗျားက ယူချင်တယ်ပေါ့။ အနည်းဆုံးတော့ ကျုပ်ကို ပြန်လည် တိုက်ခိုက်ခွင့် ပေးသင့်တယ် မဟုတ်ဘူးလား။  ဒါက ဘယ်လို သဘောလဲ …. ကျုပ် ချန်းကျူရှန်က  ခင်ဗျားလောက် အားမကောင်းပေမဲ့  ခင်ဗျား အလွယ်တကူ လာနှပ်လို့ ရတဲ့သူ မဟုတ်ဘူး ”

တုံ့ပြန်သည့် အနေဖြင့် မိုဝူကျီက  ဂရုမစိုက်စွာ ပြန်ဖြေလိုက်သည်။

“ခင်ဗျား ကျိုးပျက်ကမ္ဘာထဲမှာ ရလာတာက ခင်ဗျားအပိုင် ဖြစ်ပြီးတော့ တခြားသူတွေကျ ဝေစုပြန်ခွဲ ရမယ်တဲ့လား။ ဘယ်လိုတောင် အရှက်မရှိတာလဲ။ ခင်ဗျားလည်း ထိပ်သီး တာအိုဂိုဏ်းကို ဝင်သင့်တယ်။  ခင်ဗျားနဲ့ဆို အသင့်တော်ဆုံးပဲ …”

သူက မိုဝူကျီ ပြောချင်သည့် ဆိုလိုရင်းကို နားလည်သော်လည်း မိုဝူကျီက မလှုပ်ရှားသေးသည့် အတွက် ချန်းကျူရှန်က မိုဝူကျီကို အရင်ရန်စရအောင် တုံးအမနေပေ။ သူက ပုလွေရှည်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး လော့ကျွန်မ်းစာရွက် ခုနှစ်ရွက်ကို လိုချင်နေသည့် အခြား ပါရမီရှင်များကို ကြည့်လိုက်သည်။

အကယ်၍ ဤလူများသာ တစ်ပြိုင်နက် တိုက်ခိုက်ကြလျှင် သူလည်း တွန့်ဆုတ်ခြင်းမရှိ တိုက်ခိုက်မည် ဖြစ်သည်။ သို့သော် သူက မိုဝူကျီနှင့် ထပ်တိုက် ရင်ဆိုင်လျှင် ထိုသို့ ဖြစ်လာမည့် အခွင့်အရေး မရှိတော့ပေ။

သို့သော်လည်း ချန်းကျူရှန်ကို မည်သူကမှ မတုံ့ပြန်ကြပေ။  ဘုန်းကြီးယီနဉ်က သူ့ကတုံးကို ပွတ်ကာ ပြုံးရင်း ပြောလိုက်သည်။

“ညီအစ်ကိုမိုက  တစ်ချက်တည်းနဲ့ ကြည့်ရုံနဲ့  ယုံကြည်လို့ ရတဲ့သူမှန်း သိလိုက်တယ်။ ကိုယ်တော်တို့ စူးခရာ အင်မော်တယ်မြို့ဟောင်းကို ပြန်ရောက်ရင် အပြင်းဆုံး သေရည်နဲ့ ဧည့်ခံမယ်”

မိုဝူကျီလည်း ပြောစရာ ရှာမတွေ့ ဖြစ်သွားသည်။ အားလုံးက သူ့အား “အင်မော်တယ် ရောင်းရင်း” ဟု အမည်တပ် ခေါ်ဆိုနေကြစဉ် ဤကိုယ်တော်က  ညီအစ်ကို ဟု သုံးနှုန်းကာ  သူ့အား အပြင်းဆုံး သေရည် ဧည့်ခံချင်နေသေး၏။

သူက တုံ့ဟွားလုံဆီမှ ကိုယ်တော် ယီနဉ်အကြောင်း ကြားဖူးသည်။ ကိုယ်တော်ယီနဉ်မှာ ကြယ်ကိုးလုံး ပါရမီရှင် တစ်ယောက် ဖြစ်သောကြောင့် သူလည်း ပြန်လည် ဦးညွှတ် နှုတ်ဆက်လိုက်သည်။

အနက်ရောင်ဝတ်စုံနှင့် လူငယ် လုကျားကျစ်က ရှေ့ထွက်လာကာ မိုဝူကျီကို အသာလေး ပြုံးရင်း

“အင်မော်တယ် ရောင်းရင်းမို … ကျုပ်အပေါ် အကြွေးတစ်ခု တင်နေတယ်နော်”

သူ့စကားအဆုံးတွင် လုကျားကျစ်က မိုဝူကျီကို စိတ်ထဲမှ ဆက်သွယ်ကာ  …

“ ပိုင်ချီထျန်းနဲ့ သားရဲကို ကျုပ်အစဖျောက် ပေးလိုက်တာ။ အဲဒါ ခင်ဗျား လုပ်ရမှာမလား”

ထိုအရာကို ကြားပြီး မိုဝူကျီက ရယ်မောကာ တည့်တိုး ပြန်ပြောလိုက်သည်။

“တာအိုရောင်းရင်းလု ပြောနေတာကို ကျုပ်နားမလည်ပေမဲ့   အခုကစပြီး ခင်ဗျားနဲ့ မိတ်ဆွေတွေလို သဘောထား လိုက်ပြီ”

မည်သည့် နည်းလမ်းကို အသုံးပြုစေကာမူ ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်မှ တစ်ယောက်ကို သတ်ထားသည့် အကြောင်း ဝန်ခံမည် မဟုတ်ပေ။

ယီနဉ်နှင့် လုကျားကျစ်တို့က ကြယ်ကိုးလုံး ပါရမီရှင်များ ဖြစ်ကြပြီး နှစ်ယောက်လုံးက မိုဝူကျီနှင့် မိတ်ဆွေဖွဲ့နေကြစဉ် ဖူပေးက မိုဝူကျီ၏ တိုက်ကွက် တစ်ကွက်တည်းဖြင့် လွှင့်စင်သွားလေရာ  ဂူကျိကျန်းက လော့ကျွန်မ်း စာရွက် ခုနှစ်ရွက်ကို ခွဲဝေဖို့ ကိစ္စကို ထွက်မပြောရဲပေ။ ကွေ့ယီလည်း လုံးဝ မေ့လျော့ နေလေ၏။ ဟွမ်းရှုရန်အတွက် မျှော်စင်ကိစ္စ ဖြစ်ပျက်ပြီးနောက် သူ့အနေဖြင့် ပြောရန် အခွင့်အရေး ပို၍ နည်းပါး သွားလေပြီ။ ထို့ကြောင့် ချန်းကျူရှန်က ဆက်မပြောတော့ဘဲ လော့ကျွန်မ်းစာရွက် ပြဿနာမှာ ဤကဲ့သို့ အဆုံးသတ် သွားလေသည်။

လော့ကျွန်မ်းစာရွက် တစ်ရွက်စီကို  မူလက လက်ခံရန် သဘောတူကြသော သူများပင် တစ်ခွန်းမှ ဝင်မပြောကြပေ။ အကယ်၍ သူတို့သာ ဤကိစ္စ၌ ဝင်ပါလိုက်လျှင်ပင် လော့ကျွန်မ်းစာရွက် မရရှိနိုင်ကြောင်း သိထား၏။ တချို့ကျင့်ကြံ သူများက မိုဝူကျီကို လော့ကျွန်မ်းစာရွက် မျက်စိရှေ့မှောက် ရှိနေလျက်နှင့် မတုန်လှုပ် သွားသည့် အကြောင်းအရင်းကြောင့်  တိတ်တခိုး လေးစား နေကြသည်။

အကယ်၍ တစ်ခြား တစ်ယောက်သာ ဖြစ်နေလျှင် သူတို့က လော့ကျွန်မ်း စာရွက်အကြောင်း ကြားသည်နှင့် မိုဝူကျီကဲ့သို့ တည်ငြိမ် နေနိုင်မည်တော့ မဟုတ်ပေ။ တချို့လူများက မိုဝူကျီသည် မုရုန်ရှန်းယွီနှင့် နှစ်ယောက်တည်း ကျန်သည့်အချိန်မှ လော့ကျွန်မ်း စာရွက်ကို မောင်ပိုင်စီးရန် ကြံစည်နေကြောင်း တွေးမိကြသည်။

မုရုန်ရှန်းယွီက သူမမျက်စိရှေ့မှ အဖြစ်အပျက်များကို မြင်သည့်အခါ အတော်လေး အံ့အားသင့်မိသည်။ ဤကိစ္စများ မတိုင်ခင် သူ့မ အသက်ဓာတ်ကို နှိုးဆွ၍ ထွက်ပြေးရန် အထိပါ ကြံစည်ခဲ့မိသော်လည်း မိုဝူကျီ  ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။  ထို့အပြင် သူ့၏ လွှမ်းမိုးနိုင်သော သွင်ပြင်ဖြင့် ကြယ်ကိုးလုံး ပါရမီရှင်များပင် လော့ကျွန်မ်း စာရွက်ကို ရရှိရန် ကိစ္စအား ညှိနှိုင်းကြမည့် အနေအထား မဟုတ်တော့ပေ။

သူမရဲ့ လက်တွဲဖော်အဖြစ်ကနေ ဦးဆုံး ဖယ်ရှား ပစ်လိုက်တဲ့သူရော ဟုတ်ရဲ့လား …

မုရုန်ရှန်းယွီကို  သူမ၏ ယခင်အကဲဖြတ်မှု၌ အမှားလုပ်ခဲ့ကြောင်း ရုတ်ချည်း ခံစားမိလာစေသည်။

သူမအနေဖြင့်  မိုဝူကျီ သူမကို ဆက်ဆံပုံကို  ပြန်လည် တွေးကြည့် လိုက်သည့်အခါ သူမ စိတ်ထဲ၌  နွေးထွေးမှုလေး ဖြစ်ပေါ်လာသည်။ မိုဝူကျီက သူ့အရည်အချင်းများကို ကောင်းကောင်း ဖုံးကွယ်ထားခြင်းသာ ဖြစ်ပြီး ထိုသို့မျိုး စွမ်းအားဖြင့် သူမအနေဖြင့် ထိုသူမှာ  ချစ်မြတ်နိုးဖို့ အကောင်းဆုံးလူ မဟုတ်ပါလော။ ထို့အပြင် သူမက မိုဝူကျီ၏ ဇနီး ဖြစ်သောကြောင့် သူ့ကို ချစ်မြတ်နိုးခြင်းမှာ သဘာဝ ကျပေသည်။  သူမ၏  စိတ်နှလုံးသား ထဲ၌လည်း တွေဝေမှု ရှိနေမည် မဟုတ်ပေ။

အကောင်းဆုံးအရာမှာ မျက်စိရှေ့မှောက် ရှိနေရက်နှင့် အဝေးကို လိုက်ရှာနေခဲ့မိသည်။

“စီနီယာ အစ်ကိုမို ... ကျုပ်တို့တွေ အင်မော်တယ် အဆီအနှစ် ကျောက်တွေနဲ့ အင်မော်တယ် ဆေးပင်တွေကို ဘယ်လိုခွဲမလဲ” ယုံရင်အင်မော်တယ် နယ်မြေ၏ ကျိုးယီရှန်းက ရိုရိုသေသေ ဦးညွှတ်ရင်း  အရင်ဦးစွာ မေးလိုက်သည်။

ချန်းကျူရှန်က ယုံရင် အင်မော်တယ် နယ်မြေကို ဆယ်ရာခိုင်နှုန်းသာ ပေးပြီး နောက်ဆုံးမှ ဝင်ရန် ပြောခဲ့သည်။  သူက ထိုဆုံးဖြတ်ချက် ချမှတ်ထားသော်လည်း အင်အားမရှိဘဲ ကန့်ကွက်ဖို့ အသုံးမဝင်ပေ။

လူအုပ်ကြီးကို လေးလေးစားစား ဦးညွှတ်ကာ မိုဝူကျီက ကြေညာ ပေးလိုက်သည်။

“အငင်မော်တယ် ရောင်းရင်း အပေါင်းတို့ … ဒီနေရာက ချိတ်ပိတ် ထားတာက အရင်ကတည်းက ချိုးဖျက် ထားတာနဲ့တော့ မတူဘူး။ အားလုံး အတူတူ ချိုးဖျက်ပြီးတော့ ဝေတူဝေမျှ ခွဲကြမယ်လေ”

“ကျုပ်သဘောတူတယ်” ကျိုးယီရှန်းက အရင်ဦးဆုံး ရှေ့ထွက်လာသူ ဖြစ်၏။ ယုံရင်အင်မော်တယ် နယ်မြေ၌ အစစ်အမှန် ပါရမီရှင် တစ်ယောက် မရှိခဲ့သော်လည်း ယခု မိုဝူကျီ  ထွက်ပေါ်လာပြီ  ဖြစ်ရာ  သူ့အနေနှင့် ထိုအခွင့်အရေးမျိုးကို လက်လွတ်မခံပေ။

မိုဝူကျီ  ပြုလုပ်လိုက်သည့် အကြံပြုချက်မှာ အကျိုးအကြောင်း သင့်ပေသည်။ သို့သော် သာမာန် လူတစ်ယောက်က  ထိုသို့ ဝင်ပြောလျှင် ချန်းကျူရှန်က ချက်ချင်း ငြင်းပယ် ပစ်လိမ့်မည်။ သို့သော်လည်း မိုဝူကျီက ပြောလိုက်သောကြောင့် မည်သူကမှ ဝင်ရောက် မကန့်ကွက်ကြပေ။ သူ့လျှို့ဝှက် အဆင့်အတန်းပေါ်  မူတည်၍ မည်သူမှ ရုန်းရင်းဆန်ခတ် မလုပ်ရဲကြပေ။

မိုဝူကျီ၏ အဆင့်အတန်း အမှန်ကို သိရှိသွားကြသော သူများလည်း ဖူပေး၏ ကိစ္စရပ် အပြီးတွင် မည်သူမှ ဝင်ရောက် မပြောရဲကြတော့ပေ။ မိုဝူကျီက သူ့အဆင့်အတန်း ပေါ်သွားမည်ကို စိတ်ထဲ မထားသော်လည်း  သူ့ကို သိရှိကြသူများက သတိထားကြ၏။ သူတို့က သူ့ဆီ ဆေးလုံး တောင်းဆိုကြမည် ဖြစ်ရာ မိုဝူကျီကို ရန်စမိလိုက်လျှင် မောင်းထုတ် ခံလိုက်ရသော ဖူပေးနှင့် အဆုံးသတ် တူညီသွားလိမ့်မည်။

ချန်းကျူရှန်မှာ သူ့အကြံပြုချက် မပြုလုပ်ခင် ဆွေးနွေးပွဲ၌ လူသေ တစ်ယောက်လို စိတ်မပါ လက်မပါသာ ဖြစ်နေသည်။

“ယန်း ... ဝူကျီ  ...” မုရုန်ရှန်းယွီက မိုဝူကျီဘေးနား လျှောက်လာကာ တုန်တုန်ယင်ယင်ဖြင့် သနားစဖွယ် ခေါ်လိုက်သည်။

လူတစ်ယောက်ကို အခြားလူနှင့် နှိုင်းယှဉ်၍ မရပေ။ မိုဝူကျီ တည်ရှိမှုဖြင့် ချောင်းချန်ယန်ပင် ဖြစ်စေ ဂူကျိကျန်းပင် ဖြစ်စေ မုရုန်ရှန်းယွီ မျက်လုံး၌ အားလုံးကို သူနှင့် နှိုင်းယှဉ် ကြည့်သည့်အခါ မှိန်ဖျော့နေကြ၏။

“ဘာလဲ” မိုဝူကျီက မျက်မှောင်ကြုတ်ကာ  မေးလိုက်သည်။ ဤအမျိုးသမီးမှာ သူမပတ်သက် လိုသော သူသာ ဖြစ်ပေသည်။

“အကူအညီအတွက် ကျေးဇူးတင်ပါတယ် ... ရှင့်ကြောင့်သာ မဟုတ်ရင်  …”

မိုဝူကျီကို လက်ကို မြှောက်ကာ  မုရုန်ရှန်းယွီ စကားကို တားဆီးလိုက်ပြီး …

“အရင် ခင်ဗျားက  ကျုပ်ကို တစ်ခါ ကူညီဖူးတယ်။ အဲဒါကြောင့် ကျေးဇူးတင်ဖို့ မလိုဘူး။ အခု ကျုပ်တို့က အကြွေးရှင်းပြီ။ ပြီးတော့ တစ်ခြား တစ်ယောက် ဆိုရင်လည်း ကျုပ်ဝင်ပါမိမှာပဲ” သူက ဤနေရာတွင် ကိုယ်ရည်သွေး ကြွားဝါနေခြင်း မဟုတ်ပေ။ သူ့တွင် လုပ်နိုင်စွမ်း ရှိနေသည့်အခါ ဤသို့သော ကိစ္စမျိုး၌ ကူညီဖို့ရာက သာမာန်သာ ဖြစ်၏။

“လမ်းမမှာတုန်းက ကျွန်မ တောင်းပန်ပါတယ်”  မုရုန်ရှန်းယွီ ပြောလိုက်ရင်း လက်ထပ်စာချုပ် ပြန်တောင်းသင့်လား တွေးတော နေမိသည်။

မိုဝူကျီက လက်ကာပြကာ ထပ်ပြောလိုက်သည်။

“အတိတ်ကို ပြန်မပြောမနေပါနဲ့တော့  ... ကျုပ်အားလုံးကို မေ့ထားပြီးပြီ။ ပြီးတော့ ကျုပ်က ယန်းယဲ့ မဟုတ်ဘူး။ မိုဝူကျီ  …”

မုရုန်ရှန်းယွီက ခဏတာ ကြောင်အမ်း သွားသော်လည်း  ခံစားချက်ကို ထိန်းကာ …

“စီနီယာအစ်ကိုဝူကျီ ... ကျွန်မ အဲဒီလက်ထပ် စာချုပ်ကို ရှင့်ဆီ ပြန်မပေးလိုက်သင့်ဘူး။ မဟုတ်ရင် ကျွန်မတို့တွေ  ... ”

မိုဝူကျီက သူ့ရှေ့ ရပ်နေသည့် အမျိုးသမီးကို စိုက်ကြည့် လိုက်သည်။

ထိုအမျိုးသမီးက ကံစမ်းမဲ နှိုက်နေတယ်လို့ ထင်နေတာလား ဒါမှမဟုတ် နားလည်နိုင်စွမ်း နိမ့်နေတာများလား …

“မုရုန်ရှန်းယွီ … အတိတ်က အကြောင်းတွေ  ပြန်မပြောနဲ့တော့လို့ ကျုပ် အခုလေးတင် ပြောလိုက်တယ်မလား။ ပြီးတော့ ခင်ဗျားက ထိပ်သီးတာအိုဂိုဏ်းရဲ့ အစိတ်အပိုင်း တစ်ခုလေ။  အဲဒါကြောင့် ကျုပ်နား မလာခဲ့နဲ့ ...

ကျုပ်က ခင်ဗျားရဲ့ ဂိုဏ်းကို မုန်းတယ်။   ပြီးတော့  ခင်ဗျားဘာသာ ဘာကစားနည်း ဆော့ဆော့ ကျုပ်ကို ဆွဲမသွင်းနဲ့။ ဒီမှာ ခင်ဗျားနဲ့ ဆော့ကစားချင်တဲ့ သူတွေ အများကြီး ကျုပ်ဆီ မလာပါနဲ့ ….

စိုးရိမ်နေဖို့လည်း မလိုဘူး။ ဒီနေရာမှာ တစ်ယောက်မှ ခင်ဗျားကို တိုက်ရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့  ခင်ဗျား ဘယ်လောက် အသက်ဆက်ရှင်မလဲ ဆိုတာတော့ ခင်ဗျားပေါ် မူတည်တယ်” မိုဝူကျီက ပြောလိုက်ရင်း မုရုန်ရှန်းယွီကို ထပ်ပြောဖို့ရာ စိတ်မပါတော့ပေ။

သူက မုရုန်ရှန်းယွီမှာ လွှမ်းမိုးနိုင်စွမ်း ရှိသူများကို မျက်စိကျသည့်သူ မဟုတ်ကြောင်း ကောင်းကောင်း သိထားသော်လည်း ထိပ်သီးတာအိုဂိုဏ်းရှိ သူမ ကျင့်ကြံခြင်းကြောင့် သူမ နားလည်နိုင်စွမ်း ပျောက်ဆုံးသွားဟန် ပေါ်သည်။ လမ်းမပေါ်၌ လက်ထပ်စာချုပ် ပြန်လည် ပေးအပ်သည့် အပြုအမူပေါ် မူတည်၍ သုံးသပ်ထားခြင်း ဖြစ်သည်။  ဤသို့သော အမျိုးသမီးဆီမှ ခံစားချက်များ၊ သဘောတရားများ ရလာမည် မဟုတ်ပေ။ မုရုန်ရှန်းယွီ၏ ကျေးဇူးစကားကို လက်ခံဖို့ရာ သူက အစကတည်းက  စဉ်းစား မထားခဲ့ပေ။

***

All Chapters