တာအို
Vol. 3 Ch. 40
“အာ ... ဘိုးဘိုး ပြောချင်တာက ... ကျွန်တော်နားလည်ခဲ့တဲ့ ပကတိသိုင်းအသိက ဘယ်လိုမျိုးလဲလို့လား”
ယဲ့ချန် နားမလည်စွာ ပြန်မေးမိသည်။
ထို ‘ပကတိသိုင်းအသိ’ ဆိုသည့်အရာအား သူ တကယ်ကို မကြားဖူးတာ ဖြစ်သည်။ ‘ကမ္ဘာဦးမိုးကြိုးခန္ဓာ’ နှင့် ‘လေအရိပ်လက်သည်း’ တို့အား အလွန် လွယ်ကူလျင်မြန်စွာ တတ်မြောက်သွားခြင်းမှာ ‘ကြယ်တာရာဘုံကိုးလွှာ’ ကြောင့်ဟု သူ အမြဲ ထင်ထားခဲ့သည်။ ထိုသို့ မဟုတ်ပါပဲ ယဲ့ချိမ်ရွှမ်း ပြောသည့်အတိုင်း ‘ပကတိသိုင်းအသိ’ အား သူကိုယ်တိုင်ပင် မသိလိုက်ချိန်တွင် နားလည် သွားခဲ့ခြင်းမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ နှစ်ခုစလုံးက သိပ်တော့ မသေချာလှပေ။
ယဲ့ချန်က ခဏမျှ လေးလေးနက်နက် စဉ်းစားလိုက်ပြီးမှ ပြောသည်။
“ကျွန်တော် နားလည်ထားတဲ့ ပကတိသိုင်းအသိက ‘တာအို’ ဖြစ်မယ်လို့ ထင်တယ်”
ထိုစကားအဆုံး ခန်းမတစ်ခုလုံး တိတ်ဆိတ် သွားလေသည်။
“တာ ... တာအို”
“ဟုတ်တယ် တာအို။ ဒီထူးခြား ဆန်းကြယ်တဲ့ စကြဝဠာကြီး တစ်ခုလုံးက တာအို အယူအဆတွေနဲ့ လည်ပတ်နေတယ်။ လူ့လောက၊ မိစ္ဆာလောကနဲ့ အထက်ကောင်းကင်ဘုံ လောက ... သုံးလောကမှာ ဖြစ်ပျက်နေသမျှ အရာအားလုံးက တာအိုအယူအဆတွေ အပေါ်မှာ အခြေခံထားတယ်။ ဘယ်တစ်ခုကမှ တာအိုလမ်းကြောင်းနဲ့ သွေဖည်နေတာမျိုး မရှိဘူး။”
ယဲ့ချန်သည် ယမန်နေ့ညက သူ နားလည် သိမြင်ထားသော အသိအမြင် တစ်ပိုင်းတစ်စလေးအား ရှင်းလင်း ပြောဆိုလိုက်သည်။
“ကျွန်တော်တို့ရဲ့ တည်ရှိမှု အပါအဝင် စကြဝဠာထဲက အရာခပ်သိမ်း အကုန်လုံးက ကြိုတင် သတ်မှတ်ထားပြီးသား အစီအစဉ်အတိုင်း လိုက်နာ နေရတာတွေပဲလေ။ တာအိုက သွယ်ဝိုက်သော အားဖြင့် ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေ၊ အဖြစ်အပျက်တွေ အားလုံးကို လွှမ်းမိုးထားပေမဲ့ တစ်ခါတလေကျတော့ တာအိုဆိုတဲ့ တည်ရှိမှုက ကျွန်တော်တို့ အနေနဲ့ အာရုံခံလို့ မရလောက်အောင် ကွယ်ပျောက် နေတတ်ပြန်ရော”
ယဲ့ချန်သည် စကားလုံးတို့အား နားလည်လွယ်အောင် အတတ်နိုင်ဆုံး ရွေးချယ်ကာ ပြောခြင်း ဖြစ်သော်လည်း တာအိုအပေါ် နားလည်သိမြင်မှုသည် ထိုစကားလုံးများနှင့် ရှင်းလင်းပြ၍ မရသောအရာ ဖြစ်သည်ကို အတွင်းစိတ်ထဲမှ သေချာနေပါ၏။ ထို့အပြင် တာအိုအပေါ် ယဲ့ချန် နားလည်ထားသော အသိအမြင်လေးသည် စစ်မှန်သော တာအို သဘောတရားနှင့် နှိုင်းယှဉ်ပါက သမုဒ္ဒရာထဲမှ ရေတစ်စက်ကဲ့သို့ နည်းပါးလှသေးသည်။
နားထောင်နေသော အကြီးအကဲများသည် ရှုပ်ထွေးစွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ ထို့နောက် အားလုံး၏ အကြည့်တို့က ဗဟုသုတ အများဆုံးဟု ယူဆရသော ယဲ့ချိန်ရွှမ်းထံ မသိမသာ ရောက်ရှိလာကြသည်။ ကံမကောင်းစွာပင် ယဲ့ချိန်ရွှမ်းသည်လည်း သူတို့ကဲ့သို့ နဝေတိမ်တောင် အမူအရာဖြင့်သာ ရှိနေလေရာ သိပ်တော့မထူးလှပေ။
ဧကရာဇ်မင်ဝူ နားလည် ဆင်ခြင်နိုင်ခဲ့သော ‘ပကတိသိုင်းအသိ’ သည် ‘အောင်နိုင်ခြင်း’ ၏ သဘောတရား ဖြစ်လေရာ အနည်းဆုံးတော့ လူပိန်းများအဖို့ တီးမိခေါက်မိ ရှိသေးသည်။ သို့သော် ယဲ့ချန်နားလည်ထားသော ‘ပကတိသိုင်းအသိ’ ၏ သဘောတရားသည်ကား ‘တာအို’ ဟု ဆိုလေရာ ခန်းမထဲရှိ ဘယ်သူကမှ နားမလည်ကြပေ။
‘တာအိုဆိုတာက သိုင်းပညာရပ်လား ဟုတ်တာလား၊ မဟုတ်ဘူးလား တကယ်လို့ သိုင်းပညာရပ် မဟုတ်ဘူးဆိုရင် ဘယ်လို သဘောတရားမျိုးလဲ’
အခုလေးတင် ယဲ့ချန် ရှင်းပြခဲ့သော ‘တာအို’ ဟူသည့်အရာသည် ‘လူသား၊ မိစ္ဆာ၊ နတ်ဘုရား’ စသဖြင့် စုံလင်လှကာ မည်သို့ပင် စဉ်းစားပါစေ၊ လောက သဘောတရားများနှင့်သာ ဆင်တူပြီး ကျင့်ကြံခြင်း (သို့မဟုတ်) သိုင်းပညာရပ်များနှင့် မည်သို့မည်ပုံ ဆက်စပ်နေသည် မသိပေ။
“အမှန်အတိုင်းဝန်ခံရရင် အဘိုးတို့ထဲက ဘယ်သူကမှ မင်းပြောတဲ့ ‘တာအို’ ဆိုတာကို နားမလည်ကြဘူး ဖြစ်နိုင်တာက အဘိုးတို့ တစ်ဘဝလုံး နားလည်ဖို့ ကံမပါဘူး ထင်ပါရဲ့”
ယဲ့ချိန်ရွှမ်းသည် ကူကယ်ရာမဲ့စွာ ပြုံးလျက် ပြောလာ၏။ ယဲ့ချန်က ရိုးရှင်းလွယ်ကူစွာ ပြောပြနေသော်လည်း သူတို့အတွက်မူ အလွန် ထူးခြားဆန်းကြယ်ကာ နားလည်ခြင်းငှါ မစွမ်းသာပေ။
တာအို အယူအဆများနှင့် ပတ်သက်၍ ဤကမ္ဘာပေါ်ရှိ မည်သည့် စာအုပ်ထဲတွင်မှ ဖော်ပြမထားလေရာ ကမ္ဘာပေါ်ရှိ ဘယ်သူကမှ ထိုအယူအဆ၊ သဘောတရားတို့အား ကျွမ်းကျင် သိမြင်လိမ့်မည် မဟုတ်ပေ။
“အင်း ... ဒီလိုရှင်းပြရင်ရော ဘယ်လိုလဲ ဧကရာဇ်မင်ဝူက ‘အောင်နိုင်ခြင်း’ သဘောတရား ရှိတဲ့ ပကတိ သိုင်းအသိကို နားလည်ခဲ့တယ်လို့ ဘိုးဘိုး ပြောတယ်မလား အဲဒီ့ ‘အောင်နိုင်ခြင်း’ ဆိုတဲ့ သဘောတရားကလည်း ပြောရရင် တာအိုပဲ။ ဒါပေမဲ့ တကယ့်အစစ်အမှန် တာအိုရဲ့ သဘောတရားနဲ့တော့ အလှမ်းဝေးနေသေးတဲ့ အဖျားအနား သဘောတရားလေးပေါ့။ ‘အောင်နိုင်ခြင်း’ တာအိုလို့လည်း ပြောလို့ရတယ်”
ယဲ့ချန်က နီးစပ်သည့် ဥပမာတစ်ခုနှင့် ထပ်မံရှင်းပြသည်။
သို့တိုင်အောင် ယဲ့ချိန်ရွှမ်းအပါအဝင် အားလုံးသော အကြီးအကဲတို့သည် ရှုပ်ထွေးနေကြဆဲ ...။
သူ့အနေနှင့် ရှင်းပြဖို့ ကြိုးစားလေလေ နားထောင်နေသူများ အဖို့ နားလည်ရန် ခက်ခဲလေလေ ဖြစ်နေသလားဟုပင် ယဲ့ချန်တွေးမိသည်။
တာအိုဟူသည် မိမိဘာသာ သိမြင် နားလည်လာအောင် ကြိုးစား အားထုတ်ရသည့် အရာ ဖြစ်ပြီး အခြားသူများမှ ‘ဒါကတော့ဒီလို၊ ဟိုဟာကတော့ ဟိုလို’ အစရှိသဖြင့် လွယ်လွယ်လေး ရှင်းလင်း ပြနိုင်သည်မျိုး မဟုတ်ကြောင်း ထိုစဉ်က ယဲ့ချန်လည်း မသိခဲ့ပေ။
‘အောင်နိုင်ခြင်း’ တာအိုအား အနည်းအကျဉ်း လောက်သာ ဆင်ခြင်သုံးသပ်၊ နားလည်နိုင်ခဲ့သော ဧကရာဇ်မင်ဝူသည်ပင် စစ်ပွဲပေါင်း များစွာအား အဆက်မပြတ် အောင်နိုင်ခဲ့ပြီး နောက်မျိုးဆက် လူငယ်များအတွက် နတ်ဘုရားကဲ့သို့ တည်ရှိမှုမျိုး ဖြစ်လာခဲ့သည်။
တာအိုသည် လူတိုင်း လွယ်လွယ်ကူကူ နားလည်နိုင်သည့် သဘောတရားမျိုး မဟုတ်ပေ။ မခန့်မှန်းနိုင်လောက်သည် အထိ ကျယ်ပြန့်လှသည်။
“ဒီလောက်ဆို လုံလောက်ပါပြီ ဆက်ရှင်းပြ နေရရင်လည်း ချန်အာသာ အမောဆို့ပြီး အသက်ထွက်သွားမယ် ဒီအခန်းထဲက တစ်ယောက်မှ တာအိုဆိုတာ ဘာမှန်း နားလည်လိုက်မှာ မဟုတ်ဘူး”
ယဲ့ချိန်ရွှမ်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလျက် ပြောသည်။
“ဘာပဲဖြစ်ဖြစ် ချန်အာ့အနေနဲ့ ပကတိသိုင်းအသိကို နားလည်နိုင်ခဲ့တာက မိသားစုတစ်ခုလုံး အတွက် ကောင်းကင်ဘုံရဲ့ ချီးမြှောက်ခြင်းပဲ”
ခဏမျှ ရပ်တန့်ပြီးနောက် သူက ယဲ့ချန်ဘက်သို့ လှည့်ကာ ဆက်ပြောသည်။
“ချန်အာ ... အခုကစပြီး အဘိုးတို့အနေနဲ့ မင်းကို သင်ပေးနိုင်တဲ့အရာ သိပ်မရှိတော့ဘူး အထူးသဖြင့် ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီးပေါ့ ဒီတော့ ကိုယ့်ရဲ့ယုံကြည်မှု အတိုင်းသာ မယိမ်းမယိုင်နဲ့ ရှေ့ဆက်လျှောက်ပါ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ မသိပေမဲ့ အဘိုးကတော့ မင်း အကောင်းဆုံး လုပ်နိုင်လိမ့်မယ်လို့ ယုံတယ်”
“ဟုတ်တယ် ချန်အာ ... ဘာပဲဖြစ်ဖြစ် ပကတိသိုင်းအသိကို နားလည်နိုင်တယ် ဆိုတာ ကောင်းတဲ့အရာပဲလေ အဖေတော့ မင်းအတွက် ဂုဏ်ယူတယ် ငါ့သား”
ယဲ့ကျန့်ထျန်းကလည်း ပြုံးလျက် ပြောသည်။
ဖခင်ဟူသည် ကိုယ်တိုင်က အမြင့်သို့ မတက်လှမ်းနိုင်လျှင်ပင် သားသမီးများ အတွက် အောက်ခြေမှနေ၍ ပီတိဖြာကာ လှမ်းကြည့်နေမည့်သူများ ဖြစ်သည်။
“လက်ရှိ အရေးကြီးနေတဲ့ ကိစ္စအကြောင်းကို ဆွေးနွေးရအောင်”
ယဲ့ချိန်ရွှမ်းက လောဆော်လိုက်သည်။
“မဟာမိတ် သိုင်းပြိုင်ပွဲက အရမ်းကိုနီးကပ်နေပြီ”
ယွင်မိသားစုသည် သိုင်းပြိုင်ပွဲအား အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမည် ဖြစ်ရာ မည်သို့သော အကြံအစည်များ ပြုလုပ်ထားမည်ကို မသိရချေ။ ယဲ့မိသားစုအနေနဲ့ မျိုးစုံ ကြိုတင် ပြင်ဆင်ထားရန် လိုအပ်သည်။
“ဘယ်လိုအခြေအနေပဲ ရှိလာပါစေ ချန်အာကတော့ အဲဒီ့ပြိုင်ပွဲကို လုံးဝမသွားရဘူး”
ယဲ့ကျန့်လုံက အလျင်အမြန် ဝင်ရောက်ပြောဆိုသည်။
“ချန်အာက မိသားစုရဲ့ အနာဂတ်လို့တောင် ပြောလို့ရတယ် နည်းနည်းလေးမှ ထိခိုက်သွားလို့ မဖြစ်ဘူး”
“ဘိုးဘိုး၊ အဖေနဲ့ ဦးလေးတို့ စိတ်ပူတာကို ကျွန်တော်နားလည်တယ် ဒါပေမဲ့ ကျွန်တော်က အခု မိသားစု ခေါင်းဆောင်တောင် ဖြစ်နေပြီ ဒီလိုမျိုး ခေါင်းရှောင်နေဖို့ မသင့်ဘူး ကျေးဇူးပြုပြီး ...”
ယဲ့ကျန့်လုံ၏ စကား အတည်ဖြစ်သွားမည် စိုးသောကြောင့် ယဲ့ချန်က ကမန်းကတန်း ဝင်ပြောရသည်။
ယဲ့ချိန်ရွှမ်းသည် အတန်ကြာသည်အထိ ဘာမှ မပြောလာသေးပဲ ယဲ့ချန်ကိုသာ အကဲခတ်နေသည်။ ထို့နောက်မှ ခေါင်းညိတ်လျက် ဆိုသည်။
“ချန်အာက အရည်အချင်း ပြည့်မီတဲ့အပြင် သွားဖို့ အခွင့်အရေးလည်း ရှိတယ် ထျန်းချီအဆင့်၈ အလယ်အလတ်ဆင့် ကျင့်ကြံသူကိုတောင် မမှုတဲ့အပြင် ပကတိသိုင်းအသိ ကိုလည်း နားလည်ထားပြီး နေမှတော့ သူ့ကိုယ်သူ ကောင်းကောင်း ဂရုစိုက်နိုင်မှာပါ”
“ဒါပေမဲ့ ဦးလေး ...”
ယဲ့ကျန့်လုံသည် သဘောမတူလိုဟန်ဖြင့် ထိတ်ပျာသွား၏။
“ဒါက ချန်အာ့ကို ခြင်္သေ့ဂူထဲ အဆင်သင့် တွန်းပို့လိုက်သလို ဖြစ်မနေဘူးလား … ယွင်ရိရန်သာ သတိထားမိသွားရင် အကျိုးဆက်က မတွေးရဲလောက်အောင်ပဲ”
ယဲ့ချိန်ရွှမ်းက ခေါင်းယမ်းလျက် ပြုံးသည်။
“မဟုတ်သေးဘူး ကျန့်လုံ ယွင်မိသားစုက ယဲ့မိသားစုကို တစ်ချိန်လုံး မျက်ခြည်မပြတ် စောင့်ကြည့်နေတာ မင်းလည်းသိမှာပါ ဒါပေမဲ့ သူတို့ဘက်က အတိအလင်း စတိုက်ခိုက်လာတာမျိုး မရှိဘူး … ဘာလို့လဲသိလား သူတို့ကိုယ်တိုင်ကိုက လာမဲ့ မဟာမိတ် သိုင်းပြိုင်ပွဲအတွက် ပြင်ဆင်နေလို့ပဲ သေချာတာပေါ့ သိုင်းပြိုင်ပွဲက သူတို့ရဲ့ ရည်ရွယ်ချက်အစစ် မဟုတ်သေးဘူး”
ယဲ့ချိန်ရွှမ်းက ခဏရပ်ပြီးနောက် ဆက်ပြောသည်။
“သူတို့ရဲ့ တကယ့်ရည်ရွယ်ချက်က ဆေးဝါးပညာရှင် ဆရာရွှမ်းယီ သတိထားမိအောင် အစွမ်းပြဖို့ပဲ ဆရာရွှမ်းယီက တုန်းလင်ပြည်နယ်ကနေ လက်ထောက်တစ်ယောက် ခေါ်ယူဖို့ ပြင်ဆင်နေတယ် ဆရာရွှမ်းယီရဲ့ အဆင့်အတန်းအရ သိုင်းပြိုင်ပွဲကို ကိုယ်တိုင် ရောက်မလာရင်တောင် သူ့တပည့် တစ်ယောက်ယောက်ကို ကိုယ်စားပြု လွှတ်လိုက်ရုံနဲ့ လုံလောက်တယ် … ဘာပဲဖြစ်ဖြစ် ယွင်မိသားစုက ဆရာရွှမ်းယီရဲ့ လက်ထောက်ဖြစ်ဖို့ အရေး လုံးပမ်းနေကြရင်း အလုပ်ရှုပ်နေမှာဆိုတော့ တစ်နည်းအားဖြင့် ငါတို့ ယဲ့မိသားစုအတွက် လုံခြုံမှုရှိတယ်လို့ ပြောလို့ရတယ်”
“ပြောရရင် ယွင်မိသားစုနဲ့ ယဲ့မိသားစုကြားက အကွာအဝေးက သိပ်ဝေးလှတာလည်း မဟုတ်ဘူး ချန်အာရဲ့ လုံခြုံမှုအတွက် ယွင်ရိရန် သတိမထားမိအောင် အစီအစဉ်တချို့ လုပ်ဖို့ မခက်ခဲဘူး ဒါပေမဲ့ ယွင်မိသားစုကိုလည်း လျှော့တွက်လို့ မရပြန်တော့ သိုင်းပြိုင်ပွဲကို ချန်အာနဲ့အတူ လိုက်မဲ့ လူအရေအတွက်ကို တတ်နိုင်သမျှ လျှော့ချဖို့လိုတယ်”
အကြီးအကဲများ အားလုံး ယဲ့ချိန်ရွှမ်း၏ ဆုံးဖြတ်ချက်အား စဉ်းစားနေကြဟန်ဖြင့် တိတ်ဆိတ်သွားကြသည်။
“ကြည့်ရတာ ဦးလေးက အစီအစဉ် အသေးစိတ်ကိုတောင် စဉ်းစားပြီးတဲ့ပုံပဲ”
အကြီးအကဲ တစ်ယောက်က မေးလိုက်သည်။
“မှန်တယ် လာမဲ့ မဟာမိတ် သိုင်းပြိုင်ပွဲမှာ ချန်အာ့ကို စောင့်ရှောက်ဖို့ ငါတစ်ယောက်ပဲ လိုက်သွားလိုက်မယ် မင်းတို့တွေက ကျန်ခဲ့ပြီး မိသားစုကို ကောင်းကောင်း စောင့်ရှောက်ထားကြ”
“ချန်အာနဲ့ နှစ်ယောက်တည်း သွားမလို့လား”
အားလုံးက အထိတ်တလန့်နှင့် ရေရွတ်လိုက်ကြသည်။
“ငါ့အစီအစဉ်အတွက် ချန်အာနဲ့ငါ နှစ်ယောက်ဆို လုံလောက်ပြီ ဆရာရွှမ်းယီကိုယ်စား ဘယ်သူရောက်လာမလဲ မသိပေမဲ့ မိသားစုတွေ အကုန်လုံးက သူတို့မိသားစုရဲ့ အတောက်ပဆုံး ပါရမီရှင်တွေကို ခေါ်လာကြမှာ အသေအချာပဲ … ဒါပေမဲ့ အဲဒီ့ပါရမီရှင်တွေ အားလုံးကို ချန်အာက ရိုက်ချနိုင်လိမ့်မယ်လို့ ငါယုံတယ် တကယ်လို့ ငါတို့မိသားစုက နောက်ထပ်လူတွေ ခေါ်သွားလည်း မှေးမှိန်သွားမှာပဲ ဒီတော့ မခေါ်သွားတာက ပိုကောင်းတယ်”
ယဲ့ချိန်ရွှမ်းက ရှင်းပြသည်။
“မင်းတို့ စိတ်မချနိုင်သေးရင် မိသားစုထဲက အစွမ်းထက်တဲ့ ကျင့်ကြံသူတွေကို ငါတို့ ပြန်လာတဲ့အခါ လာကြိုဖို့ ကင်းပုန်းချထားလိုက်”
ယဲ့ကျန့်ထျန်းတို့က အကျိုးသင့်၊ အကြောင်းသင့် စဉ်းစားကြည့်ကြသည်။
ယဲ့ချိန်ရွှမ်းသည် ထျန်းချီအဆင့်၉ အလယ်အလတ်ဆင့်သို့ ရောက်နေပြီဖြစ်ကာ ယွင်မိသားစုခေါင်းဆောင် ယွင်ရိရန်နှင့် အဆင့်တူသည်။ တစ်ဖက်တွင်လည်း ယဲ့ချန်သည် ထျန်းချီအဆင့်၈ အလယ်အလတ်ဆင့် ကျင့်ကြံသူကိုပင် မမှုသူဖြစ်သည်။
အရေးပေါ်အခြေအနေနှင့် ကြုံလာလျှင်ပင် ယဲ့ချန်၌ ဝှက်ဖဲအနေနှင့် လက်ပစ်ဗုံးများ ရှိနေသေးသည်။
“ကောင်းပြီလေ ဒီအစီအစဉ်တိုင်းပဲ လုပ်ကြတာပေါ့”
နောက်ဆုံးတွင် ယဲ့ကျန့်ထျန်းက သဘောတူလိုက်သည်။ ယဲ့ကျန့်လုံပင် ထပ်မံ၍ ကန့်ကွက်မလာတော့ပေ။
“ချန်အာ ... ဟိုရောက်ရင် ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ပြီး ယွင်မိသားစုက လူတွေရှေ့မှာ မဆင်မခြင် လုပ်မိတာမျိုး မဖြစ်စေနဲ့”
ယဲ့ကျန့်ထျန်းက သတိပေးသည်။
“နားလည်ပါပြီ အဖေ”
ယဲ့ချန်သည် ဖခင်ဖြစ်သူ၏ စိတ်ပူပန်တတ်ပုံကို သိနေ၍ ခေါင်းညိတ်ကာ ဖြေလိုက်သည်။
“ကောင်းပြီ အခန်းကိုပြန်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်တော့လေ”
ခွင့်ပြုချက်ရသည်နှင့် ယဲ့ချန်သည် ပြုံးရွှင်သွားပြီး တက်ကြွစွာနှင့် ပင်မခန်းမထဲမှ ထွက်ခွာသွားတော့သည်။
ယဲ့ချန် ထွက်ခွာသွားသော အခါတွင်မှ ယဲ့ကျန့်ထျန်းသည် ယဲ့ချိန်ရွှမ်းအနီးသို့ တိုးကပ်ကာ တီးတိုးမေးမြန်းလေသည်။
“ဦးလေး ... ချန်အာရှင်းပြတဲ့ တာအိုဆိုတဲ့ ဟာကိုလေ ဦးလေး နားလည်လိုက်လား ကျုပ်တော့ သေချာ နားထောင်ပေမဲ့လည်း တကယ်ကို တစ်ခုမှ နားမလည်ဘူး”
ထိုစကားအားကြားသော် ယဲ့ချိန်ရွှမ်းသည် မျက်နှာကြီးနီသွားကာ ပြန်ဖြေ၏။
“မင်းက ငါနားလည်လိုက်တယ်များ ထင်နေလို့လား မင်းနဲ့အတူတူပဲ ဘာမှမထူးဘူး”
ခဏနေမှ ယဲ့ချိန်ရွှမ်းက သက်ပြင်းချလျက် ဆက်ပြောသည်။
“မင်းစိတ်ဝင်စားရင် မိသားစု စာကြည့်ဆောင်ထဲက ရှေးဟောင်း စာအုပ်တွေထဲမှာ တစ်ချက်ရှာကြည့် ... ကံကောင်းရင်တော့ တာအိုနဲ့ ပတ်သက်တဲ့စာအုပ် တစ်အုပ်တလေ တွေ့လောက်မှာပါ”
“စာကြည့်ဆောင်ထဲက စာအုပ်အားလုံးနီးပါး ဖတ်ဖူးပါတယ် ဒါပေမဲ့ တာအိုဆိုတဲ့ဟာနဲ့ ပတ်သက်ပြီး တခါမှ မတွေ့ဖူးဘူး ချန်အာက ဘယ်ကနေဘယ်လို ဉာဏ်အလင်းရပြီး ထူးခြား ဆန်းကြယ်တဲ့ တာအိုဆိုတဲ့အရာကို နားလည်သွားသလဲ မတွေးတတ်တော့ဘူး”
ယဲ့ကျန့်ထျန်းသည် အတန်ငယ် ဝေခွဲရ ခက်နေဟန်နှင့် ပြော၏။
“ချန်အာက သိုင်းပညာရပ်တွေနဲ့ ပတ်သက်ရင် တကယ့်ပါရမီရှင်ပဲ ငါတို့နဲ့တော့ ဘယ်တူပါ့မလဲ ပြောလို့မရဘူး ချန်အာက တာအိုဆိုတဲ့အရာကို ထမင်းစားနေရင်း ဒါမှမဟုတ် လမ်းလျှောက်နေရင်း နားလည်သွားတာလည်း ဖြစ်နိုင်တာပဲလေ”
ယဲ့ချိန်ရွှမ်းက အရွှန်းဖောက်သည်။
ယဲ့ကျန့်ထျန်းကမူ သူ့အပူနှင့်သူမို့ မရယ်နိုင်ပေ။
“တစ်နေ့တခြား ချန်အာ အရွယ်ရောက်လာတာကို ကြည့်နေရတာ ကျုပ်အတွက်တော့ အိပ်မက်လိုပဲ ချန်အာက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် ထက်မြက်နေတာ ... အခုတောင် ကျုပ်အနေနဲ့ သူ့ကို သင်ပြပေးနိုင်တာ ဘာမှမရှိတော့ဘူး … တစ်နေ့နေ့ကျ ချန်အာက ကျုပ်လို ဘာမှ မထူးခြား၊ မထူးချွန်တဲ့ လူတစ်ယောက်ကို အဖေအဖြစ် မသတ်မှတ်ချင်တော့ရင် ဘယ်လိုလုပ်ပါ့မလဲ”
ပူစရာမရှိ၊ ကြံဖန်အပူရှာနေသည့် တူဖြစ်သူကိုကြည့်ကာ ယဲ့ချိန်ရွှမ်းသည် ဘာမှ မပြောဖြစ်တော့ပဲ ရယ်သာရယ်နေမိတော့သည်။
ထိုအချိန်တွင် ပင်မခန်းမထဲမှ ထွက်ခွာလာခဲ့သော ယဲ့ချန်သည် မိသားစုပန်းပဲဖိုသို့ သွားကာ ဦးလေး ယဲ့မော့ယွမ်ထံမှ လုပ်ပြီးသလောက်သော လက်ပစ်ဗုံးအခွံတို့ကို စုဆောင်းနေသည်။ ယခင်တစ်ခေါက် တိုက်ပွဲမှ ကျန်ရစ်သော တစ်ခုနှင့် ဆိုပါက လောလောဆယ် ယဲ့ချန်တွင် လက်ပစ်ဗုံး ငါးလုံး ရှိပေသည်။
လက်ပစ်ဗုံးတစ်လုံး၏ အခွံအား ပြုလုပ်ရခြင်းမှာ ယဲ့မော့ယွမ်ကဲ့သို့ ဝါရင့် ပန်းပဲသမားတစ်ယောက် အတွက်ပင် မလွယ်ကူလှ။ ဒါတောင် ရလဒ်ထွက်လာလျှင် အရည်အသွေးက ခေတ်သစ် လက်ပစ်ဗုံးများနှင့် မယှဉ်နိုင်သေးပေ။ အသုံးပြုရသည် မှာလည်း မလွယ်ကူ။ အသုံးမတတ်လျှင် လက်ထဲ၌ ထပေါက်နိုင်ပေသည်။ ထို့ကြောင့် ယဲ့ချန်က လက်ပစ်ဗုံးများအား သူ့ဖခင်ကိုပင် မပေးဘဲ သူတစ်ဦးတည်းသာ အသုံးပြုခြင်း ဖြစ်သည်။
ကိုယ်ပိုင်ခြံဝန်းသို့ ပြန်ရောက်သောအခါ ယဲ့ချန်သည် ပန်းပဲဖိုမှ ရလာသော လက်ပစ်ဗုံး အခွံများထဲသို့ သူကိုယ်တိုင် ရောစပ် ပြုလုပ်ထားသော ယမ်းမှုန့်များ ဖြည့်သည်။ အသုံးပြုရန် အဆင်သင့်ဖြစ်ပြီဆိုမှ ကောင်းကင်ပထဝီအိတ် အတွင်းသို့ ထည့်သိမ်းထားလိုက်သည်။
***