← Chapters

တိမ်နီကောင်းကင်

Vol. 3 Ch. 41

တိမ်နီကောင်းကင်

Vol. 3 Ch. 41

ထို့နောက် ယဲ့ချန်သည် ကောင်းကင် ပထဝီအိတ်အတွင်းမှ ‘စကြဝဠာလက်ဝါး’ စာအုပ်အား ထုတ်ယူလိုက်သည်။ ထိုစာအုပ်ထဲတွင် ပါဝင်သော သိုင်းပညာရပ် ခြောက်ကွက်မှာ အမှန်တကယ်တွင် မှော်တိုက်ကွက်များ ဖြစ်ကြပေသည်။ ယဲ့ချန်အတွက် လက်ရှိ လိုအပ်နေသော အရာဆိုလည်း မမှားပေ။

ချီကျင့်စဉ်များသည် ထျန်းချီ ကျင့်ကြံရာတွင်သာ အသုံးဝင်ပြီး တိုက်ပွဲအတွင်း၌ တစ်စုံတစ်ယောက်၏ စွမ်းအင်တို့အား မြှင့်တင်မပေးနိုင်ပေ။ သို့သော် မှော်တိုက်ကွက်များ ကတော့ လုပ်ဆောင်နိုင်သည်။

ယဲ့ချန်သည် ‘ကြယ်တာရာဘုံကိုးလွှာ’ ၏ ကဏ္ဍကိုးမျိုးလုံးအား လေ့ကျင့်အောင်မြင်ပြီး ဖြစ်ရာ မည်သည့် မှော်ပညာရပ်ကိုမဆို လိုက်လျောညီထွေ ဖြစ်အောင် လေ့ကျင့်နိုင်ပေသည်။

ယဲ့ချန်သည် ‘စကြဝဠာလက်ဝါး’ ၏ ပထမစာရွက်အား စတင်၍ ဖတ်ရှုကြည့်လိုက်သည်။

‘စကြဝဠာလက်ဝါး’ ၏ ပထမမှော်တိုက်ကွက်မှာ ‘တိမ်နီကောင်းကင်’ ဟု အမည်ရသည်။

၎င်းမှာ အဆင့်၆ မှော်တိုက်ကွက် ဖြစ်သည်။

ယဲ့မိသားစု၌ ရှိရှိသမျှသော မှော်တိုက်ကွက်များထဲတွင် အဆင့်အမြင့်ဆုံး မှော်တိုက်ကွက်မှာ အဆင့်၃လောက်သာ ရှိသည်။ အဆင့်မြင့် မိသားစုကြီးများတွင်ပင် အဆင့်၆ မှော်တိုက်ကွက် အနည်းအကျဉ်းကိုသာ ပိုင်ဆိုင်သည်။

ယဲ့ချန် ဖတ်ကြည့်ရသလောက် ‘တိမ်နီကောင်းကင်’ သည် မီးစွမ်းအင်နှင့် သတ္တုစွမ်းအင်တို့အား ပေါင်းစပ်ထားသော မှော်တိုက်ကွက်ဖြစ်သည်။

ဖတ်နေရင်းဖြင့် ယဲ့ချန်တွေးမိသည်။ အဆင့်၆ မှော်တိုက်ကွက် ဖြစ်သောကြောင့် ‘တိမ်နီကောင်းကင်’သည် သူတို့မိသားရှိ အဆင့်၃ မှော်တိုက်ကွက်များထက် ပိုမို အနုစိတ်ကျကာ ရှုပ်ထွေး၏။

အဆင့်မြင့် မှော်တိုက်ကွက်များကို လေ့ကျင့်ရာတွင် သေးငယ်သော နားလည်မှု၊ သေးငယ်သော တိုးတက်မှု၊ သေးငယ်သော အောင်မြင်မှု၊ ကြီးမားသော နားလည်မှု၊ ကြီးမားသော တိုးတက်မှုနှင့် ကြီးမားသော အောင်မြင်မှုဟူ၍ အဆင့်ခြောက်ဆင့် ခွဲခြားထားသည်။ ထို့ပြင်  ‘စကြဝဠာလက်ဝါး’ ၌ တိမ်နီကောင်းကင်၊ လောကအမျက်၊ တောင်ခွဲခွန်းလွန်၊ နေမင်းဖြိုခွင်း၊ မာန်ဟုန်ပြင်းပြင်းနှင့် မိုးမြေအားလုယူခြင်း ဟူ၍ မှော်တိုက်ကွက်ခြောက်ခု ပါဝင်သည်။ ၎င်းမှော်တိုက်ကွက် ခြောက်ခုသည် တစ်ခုထက်တစ်ခု ပိုမို ခက်ခဲလာမည် ဖြစ်ပြီး တစ်စုံတစ်ယောက်သည် ပထမဆုံး တိုက်ကွက်အား ‘ကြီးမားသော နားလည်မှု’ အဆင့်သို့ရောက်မှသာ ဒုတိယတိုက်ကွက်အား ဆက်လက် လေ့ကျင့်ရမည် ဖြစ်သည်။ ခြောက်ကွက်လုံးအား ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားပြီ ဆိုပါက ၎င်းတို့ကို မှော်တိုက်ကွက် တစ်ခုတည်းအဖြစ် ပေါင်းစပ် အသုံးပြုနိုင်သည်။ ထိုအခါ မယုံနိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်သွားမည် ဖြစ်သည်။

ယဲ့ချန်အတွက် မှော်တိုက်ကွက်များအား လေ့လာရခြင်းမှာ ပြဿနာ မရှိသော်ငြား ‘ကြီးမားသော နားလည်မှု’ အဆင့်ထိ ရောက်အောင် လေ့ကျင့်ရန်မူကား စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်သည်။ လက်တွေ့ ကြိုးစားရင်းနှင့် အမှားအယွင်း ဖြစ်သွားတာမျိုးလည်း ရှိနိုင်သည်။

ယဲ့ချန်သည် မျက်လုံးမှိတ်လျက် ‘စကြဝဠာလက်ဝါး’ ပထမအကွက် တိမ်နီကောင်းကင်၏ ကျင့်စဉ် အသေးစိတ်အား နှုတ်မှ ခပ်တိုးတိုးရေရွတ်လျက် ဆင်ခြင်သုံးသပ်ကြည့်သည်။

ထိုစဉ် ကြယ်တာရာ ဘုံကိုးလွှာ၏ ကဏ္ဍကိုးမျိုးထဲမှ မီးသဘာဝစွမ်းအင်မှာ အသက်ဝင်လာပြီး ယဲ့ချန်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် အနီရောင် အလင်းတဖြာ ရစ်သိုင်းလာသည်။

ယဲ့ချန် စိတ်ထဲကနေ ရေရွတ်လိုက်သည်။

တိမ်နီကောင်းကင် …

ရုတ်ခြည်းဆိုသလို ယဲ့ချန်၏ ညာဘက်လက်သီး၌ အလျှံတငြီးငြီး တောက်ပနေသော မီးတောက်များ ထွက်ပေါ်လာသည်။ ယဲ့ချန်သည် မျက်လုံးမှိတ်လျက်ကပဲ လေထဲသို့ လက်သီးတစ်လုံး ပစ်ခွင်းလိုက်လျှင် အနီးတစ်ဝိုက်ရှိ မြက်ပင်များ အားလုံး မီးတောက်တို့ တောက်လောင်လျက် ပြာကျသွားလေသည်။

ယဲ့ချန်၏ အဆင့်၆ မှော်တိုက်ကွက်အား ပထမဆုံး လေ့လာသည့် ရလဒ်က မဆိုးဟုပြောရမည်။ ‘သေးငယ်သော အောင်မြင်မှု’ အဆင့်သို့တိုင် တိုက်ရိုက် ရောက်ရှိသွားသည်။

ဤဖြစ်ရပ်အား အခြားသော ကျင့်ကြံသူများသာ မြင်သွားပါက မနာလိုရလွန်း၍ အသက်ထွက်သွား ပေလိမ့်မည်။ မှော်တိုက်ကွက်များကို လေ့ကျင့်ရခြင်းက ထင်သလောက် မလွယ်ကူပေ။ အထူးသဖြင့် အဆင့်၆ မှော်တိုက်ကွက်ကဲ့သို့ အဆင့်မြင့် မှော်တိုက်ကွက်များ ဆိုလျှင် အလွန်ခက်ခဲသည်။ ကျင့်ကြံသူ အများစုသည် လပေါင်းများစွာ သို့မဟုတ် နှစ်နဲ့ချီကာ လေ့လာပြီးမှ အသုံးပြုနိုင်ကြသည်။ ယဲ့ချန်ကမူ ကျင့်စဉ်စာအုပ်အား တစ်ချက်မျှ လှန်လှောဖတ်ရှုပြီး ခဏတာ မျက်စိလေးမှိတ်ကာ လေ့ကျင့်လိုက်သည်နှင့် ချက်ချင်းပင် အသုံးပြုနိုင်သည့် အပြင် ‘သေးငယ်သော နားလည်မှု’အဆင့်ကိုလည်း ရောက်ရှိသွားသေးသည်။

“အားနည်းလွန်းတယ် စာအုပ်ထဲမှာ ဖော်ပြထားတဲ့ အတိုင်း အားပြင်းတဲ့ စွမ်းအားမျိုးကို မထုတ်ဖော်နိုင်သေးဘူး”

ယဲ့ချန်သည် မျက်မှောင်ကြုတ်ကာ တကိုယ်တည်း ရေရွတ်နေပြီးနောက် တိမ်နီကောင်းကင်အား ထပ်ကာထပ်ကာ ဆက်လက် လေ့ကျင့်နေသည်မှာ ထျန်းချီ ကုန်ခန်းသွားမှသာ ရပ်တော့သည်။ သို့သော် ခဏမျှသာ။ သူ့တွင် ပီရှို့ထံမှ မဆုံးနိုင်သော ထျန်းချီ အထောက်အပံ့ကြီး ရှိနေလေရာ အလျင်အမြန် အားဖြည့်ပြီးသည်နှင့် ဆက်လက် လေ့ကျင့်ပြန်သည်။

ယဲ့ချန်၏ အနီးတစ်ဝိုက်တွင် အားကောင်းသော မီးစွမ်းအင်များ လောင်ကျွမ်း နေလေရာ အမွေးပွလေးသည် ခပ်လှမ်းလှမ်း တနေရာသို့ သွားနေရရှာသည်။ ကျင့်ကြံခြင်းတွင် စိတ်စွဲကာ သေဆုံးသွားသည့်သရဲ ဝင်ပူးနေသကဲ့သို့ မရပ်မနား လေ့ကျင့်နေသော ယဲ့ချန်အား အမွေးပွလေးသည် စိတ်ကုန်နေဟန်နှင့် မေးလေးထောက်ကာ ကြည့်နေပါ၏။

ကောင်းကင်ကား တဖြည်းဖြည်း အရောင်မှိန်လာကာ နေလုံးသည်လည်း အနောက်အရပ်သို့ တိုးဝင် ပျောက်ကွယ်သွားသည်။ ယဲ့ချန်ကား ကျင့်ကြံခြင်းတွင် နစ်မျောနေခဲ့သဖြင့် ညစာစားရန်ပင် လုံးလုံးလျားလျား မေ့လျော့နေခဲ့သည်။

ထိုစဉ် ယဲ့ချန်၏ခြံဝန်းထဲသို့ တစ်စုံတစ်ယောက် ဝင်ရောက်လာသည်။

ခြေသံက အလွန် ညင်သာသော်ငြား ယဲ့ချန်သည် ဝိညာဉ် အသိအမြင်ဖြင့် အာရုံခံမိ၍ ကျင့်ကြံခြင်းကို ရပ်တန့်ကာ မျက်လုံး ဖွင့်ကြည့်လိုက်သော် ခပ်လှမ်းလှမ်းတွင် ရပ်နေသော ဝမ်းကွဲညီမ ယဲ့ရွှမ်အား တွေ့လိုက်ရသည်။

“ရွှမ်အာပါလား ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ”

“အဖေနဲ့ ဦးလေးတို့က အစ်ကိုချန် ညစာလာမစားတာကို သတိထားမိလို့ ညီမကို အစ်ကိုချန့်အတွက် အစားအသောက်တချို့ ပို့ခိုင်းလိုက်တာ ...”

ယဲ့ရွှမ်သည် အနေအေး၍ အရှက်အကြောက်ကြီးသူ ဖြစ်ရာ ဤမျှ စကားအရှည်ကြီး ပြောရန် အတော်လေး အားယူလိုက်ရဟန် ရှိသည်။

“ဪ ... အစ်ကို့ကိုပေးခဲ့လေ”

ယဲ့ချန်သည် ယဲ့ရွှမ်လက်ထဲရှိ ထမင်းခြင်းထောင်းအား သတိထားမိသွားပြီး လက်လှမ်းလိုက်သည်။

“မဟုတ်ဘူး”

ယဲ့ရွှမ်က ခေါင်းခါသည်။

“အစ်ကိုချန့်အတွက် စားပွဲပေါ်မှာ ပြင်ဆင်ပေးခဲ့မယ်”

“ဒါဆိုလည်း ရွှမ်အာ့ကိုပဲ အလုပ်ရှုပ်ခံ ခိုင်းရတော့မှာပဲ အကို လေ့ကျင့်တာမှာ ရုတ်တရက် နားလည်လိုက်တာလေး တစ်ခု ရှိလို့ ဆက်လေ့ကျင့်ဖို့ လိုနေလို့”

ယဲ့ချန်လည်း ပြုံးလျက်ပြောလိုက်သည်။ ယဲ့ရွှမ်နှင့်သူသည် စကားများများစားစား မပြောဖြစ်ကြ သော်လည်း မောင်နှမတစ်ဝမ်းသာ ကွဲလေရာ မလိုအပ်ဘဲ အားနာမနေတော့ပေ။

ယဲ့ရွှမ်သည် ခေါင်းညိတ်လျက် ထမင်းစားပွဲသို့ သွားမယ်အပြု ခြံဝန်းအလယ်ရှိ မီးကျွမ်းထားသကဲ့သို့ မည်းတူးနေသော မြေကွက်လပ်အား အမှတ်မထင် သတိထားမိသွား၍ အံ့အားသင့်သွားသည်။

ယဲ့ချန်သည် ယဲ့ရွှမ်ကြည့်နေသည့် နေရာအား လိုက်ကြည့်မိသော် ‘တိမ်နီကောင်းကင်’ လက်ချက်ဖြင့် မီးကျွမ်းနေသော မြေကွက်လပ်ကို မြင်လိုက်ရ၍ အနည်းငယ် ရှက်သွားကာ ပြောမိသည်။

“အာ ... ခြံထဲမှာ နည်းနည်းတော့ ရှုပ်နေတယ် စိတ်မရှိပါနဲ့”

ယဲ့ရွှမ်သည် သူ့သဘာဝအတိုင်း သိမ်မွေ့သော အပြုံးတစ်ခုနှင့်သာ တုံ့ပြန်ပြီး ဘာမှမပြောမလာဘဲ ထမင်းစားပွဲ ပြင်ဆင်ရန်သာ အခန်းထဲသို့ ဝင်သွားသည်။

ယဲ့ချန်သည်လည်း မျက်လုံးများ ပြန်မှိတ်လိုက်ပြီး တိမ်နီကောင်းကင်အား အင်တိုက်အားတိုက် ဆက်လက် လေ့ကျင့်သည်။ ဤသို့ဖြင့် အချိန်တစ်ခု ကြာသောအခါ ‘သေးငယ်သော တိုးတက်မှု’ အဆင့်သို့ ရောက်ရှိသွားသည်။ ယခုနှုန်းထား အတိုင်းသာ ဆက်သွားပါက သူ့အနေနှင့် သိုင်းပြိုင်ပွဲမတိုင်မီ ‘သေးငယ်သော အောင်မြင်မှု’ အဆင့်ထိ ရောက်ရှိ နိုင်လောက်သည်။ ကျန်တိုက်ကွက်ငါးခု အတွက်မူကား လေ့ကျင့်ရန် အချိန်မရှိတော့ပေ။ ကျန်ငါးကွက်သည် တိမ်နီကောင်းကင်ထက် ပို၍ ခက်ခဲသည့်အပြင် ၎င်းတို့အား မလေ့ကျင့်မီ တိမ်နီကောင်းကင်အား ‘ကြီးမားသော နားလည်မှု’ အဆင့်ထိ ရောက်ဖို့လိုသေးသည်။

ယဲ့ရွှမ်သည် ထမင်းစားပွဲ ပြင်ဆင်ပေးပြီးနောက် အခန်းထဲမှ ထွက်လာကာ ယဲ့ချန်လေ့ကျင့်နေသည်အား တိတ်ဆိတ်စွာ ရပ်ကြည့်နေလေသည်။

ယဲ့ချန်က သတိထားမိသော်လည်း လေ့ကျင့်ရာတွင် ဈာန်ဝင်နေ၍ မရပ်တန့်နိုင်ပဲ နောက်ထပ် နာရီဝက်ခန့် ကြာပြီးမှသာ ရပ်တန့်လိုက်နိုင်သည်။

ယဲ့ချန် မျက်လုံးဖွင့်လာသည်ကို မြင်သော် ယဲ့ရွှမ်ကပြောသည်။

“ထမင်းတွေတောင် အေးကုန်ပြီ မြန်မြန်စားတော့လေ”

“လာပြီ လာပြီ”

ယဲ့ချန်လည်း ဖုတ်ဖက်ခါလျက် ထိုင်နေရာမှထကာ အခန်းထဲသို့ ဦးတည်လိုက်သည်။

“ညီမပြန်တော့မယ် ခဏနေမှ ပန်းကန်တွေ လာသိမ်းလိုက်မယ်”

ယဲ့ရွှမ်က ပြောသည်။

“ကောင်းပြီ”

ယဲ့ချန်လည်း ခေါင်းညိတ် ပြလိုက်သည်။

ထို့နောက်မှ သူ တစ်စုံတစ်ရာကို သတိရသွားကာ ယဲ့ရွှမ်အား လှမ်းခေါ်လိုက်မိသော် ယဲ့ရွှမ်က လှည့်ကြည့်လာ၏။

“ရွှမ်အာ ... စိတ်ချလက်ချနေပါ ယွင်မိသားစုက ဟိုကောင် မင်းကို လာခေါ်သွားဖို့ အစ်ကို လုံးဝခွင့်ပြုမှာ မဟုတ်ဘူး … သူမှ မဟုတ်ဘူး တခြား တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ရဲရင်လည်း အကို့ဆီလာခဲ့ အစ်ကိုက သူတို့ကို ကောင်းကောင်း ပညာပြပေးမယ် မှတ်ထားနော် အစ်ကိုတို့က မိသားစုတွေ ... ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် တိုင်ပင်ရမယ် ဟုတ်ပြီလား”

ယဲ့ရွှမ်သည် မူလကပင် အနေအေးရသည့်အထဲ အလွန် သည်းခံတတ်သော စရိုက်မျိုး ရှိသူဖြစ်သည်။ ယွင်ရိဖေးကဲ့သို့ ထောင်လွှားတတ်သော အလကားကောင်မျိုးနှင့် လုံးဝ မလိုက်ဖက်ပေ။

ယဲ့ချန်စကားကြောင့် ယဲ့ရွှမ် အတန်ငယ် အံ့ဩသွားပုံရကာ မျက်လုံးလေးများ ဝိုင်းလျက် ယဲ့ချန်အား စိုက်ကြည့်နေသည်။ ခဏနေမှ နှစ်လိုစွာပြုံးကာ ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာသွား၏။

ယဲ့ချန်သည် ယဲ့ရွှမ်အား မျက်စိတစ်ဆုံး လိုက်ကြည့်နေပြီးမှ အခန်းထဲသို့ ဝင်လာခဲ့သည်။ ယဲ့ရွှမ်သည် ထမင်းစားပွဲ ပြင်သွားပေးရုံတင် မကပေ။ အခန်းထဲရှိ ရှုပ်ပွနေသော အိပ်ရာခင်းများ၊ ပြန့်ကျဲနေသော စာအုပ်များကိုလည်း သပ်သပ်ရပ်ရပ် သိမ်းပေးသွားသည်။

ဝမ်းကွဲညီမ၏ သိတတ်လိမ္မာမှုကြောင့် ယဲ့ချန် မပြုံးဘဲမနေနိုင်တော့။

ထို့နောက် ယဲ့ချန်သည် မြန်မြန်ဆန်ဆန် စားသောက်ပြီး ခြံဝန်းထဲသို့ ပြန်ဆင်းကာ ဆက်လက် လေ့ကျင့်သည်။ တစ်နာရီခန့်အကြာတွင် ပန်းကန်းများအား ယဲ့ရွှမ် လာသိမ်းသွားသည်ကို သတိထားမိလိုက်သည်။

နောက်တစ်နေ့လုံးတွင်လည်း ယဲ့ချန်သည် တိမ်နီကောင်းကင်ကိုသာ ဆက်လက် လေ့ကျင့်နေခဲ့သည်။ ယဲ့ရွှမ်နှင့် ယဲ့လော့တို့က တစ်လှည့်စီ ထမင်းလာပို့ကြသည်။

ယဲ့ချန်နှင့် ယဲ့လော့အကြားရှိ စိတ်ခံစားချက်များမှာ တစ်စထက်တစ်စ ပိုမို ရှုပ်ထွေး နက်ရှိုင်းလာသည်။ ယဲ့ချန်သည် ယဲ့လော့အား ညီမငယ်လေးကဲ့သို့သာ သဘောထားချင် ပါသော်လည်း သူ့နှလုံးသား၏ အတွင်းဘက်ဆုံး တစ်နေရာရှိ ခံစားချက်များမှာ ထိုသို့ မဟုတ်တော့ကြောင်း သူကိုယ်တိုင်လည်း သတိထားမိပါ၏။

ထိုနေ့ ညနေဘက်တွင် ယဲ့ချန်သည် တိမ်နီကောင်းကင်အား ‘သေးငယ်သော အောင်မြင်မှု’ အဆင့်ထိ ရောက်ရှိသွားခဲ့သည်။ ယဲ့ချန်က တိမ်နီကောင်းကင် မှော်တိုက်ကွက် တကယ့်စွမ်းအား၏ သုံးပုံနှစ်ပုံခန့်အထိ ထုတ်ဖော်နေနိုင်ပြီ ဖြစ်သည်။ တိမ်နီကောင်းကင်ကဲ့သို့ အဆင့်၆ မှော်တိုက်ကွက်၏ သုံးပုံနှစ်ပုံသော စွမ်းအားသည် အခြား သာမန် မှော်တိုက်ကွက်များ၏ စွမ်းအားပြည့်ထက်ပင် ပြင်းထန်ပါသေးသည်။

ယဲ့ချန်သည် မြေပြင်ပေါ်၌ မတ်မတ်ရပ်လိုက်ပြီး တိမ်နီကောင်းကင်အား စတင် အသက်သွင်းသည်တွင် ကြယ်တာရာဘုံကိုးလွှာ၏ ကဏ္ဍကိုးမျိုးထဲမှ မီးသဘာဝ စွမ်းအင်ကပါ လိုက်ပါ တောက်လောင်သည်။ ယဲ့ချန်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အပူရှိန်ကြောင့် ခြေဖဝါးအောက်ရှိ မြေပြင်သည်ပင် အနည်းငယ် ကြွလာသယောင် ထင်ရသည်။

တိမ်နီကောင်းကင် …

တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များသည် ယဲ့ချန်၏ လက်သီး၌ ထွက်ပေါ်လာပြီး အဆက်မပြတ်သော အပူလှိုင်းများက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ ယဲ့ချန်သည် မာန်သွင်းလျက် လက်သီးချက်အား လေထုထဲသို့ ပစ်ခွင်းလိုက်လျှင် ပေပေါင်းများစွာ အကွာအထိ မြေကြီးများ ဖွာလန်ကြဲသွားကာ သွေးနီရောင် မီးတောက်များက မြေကြီးပေါ်ရှိ အရာရာကို ဝါးမျိုသွားသည်။

ယဲ့ချန်၏ ကိုယ်ထဲ၌လည်း မီးသဘာဝ စွမ်းအင်ရှိသည့် ထျန်းချီများ တောက်လောင်နေပြီး အလွန် အားကောင်းလှသည်။ ယဲ့ချန်သည် တိမ်နီကောင်းကင်အား ‘သေးငယ်သော အောင်မြင်မှု’ အဆင့်ထိသာ လေ့ကျင့်ရသေး သော်လည်း ထျန်းချီအဆင့်၈ ကျင့်ကြံသူ တစ်ယောက်သည်ပင် ဤလက်သီးချက်အား ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

***

All Chapters