← Chapters

ကောင်းကင်သားရဲများ၏ အရှင်သခင်

Vol. 3 Ch. 42

ကောင်းကင်သားရဲများ၏ အရှင်သခင်

Vol. 3 Ch. 42

မနက်ခင်းနေက တောင်တန်းများထက်၌ တဖြည်းဖြည်း ထွန်းလင်းလာသည်။ ဖြာကျလာသော နေရောင်အောက်တွင် ယဲ့မိသားစုရဲတိုက်သည် သက်ဝင် လှုပ်ရှားလို့နေသည်။

လေ့ကျင့်ရေးကွင်းထဲ၌ အားမာန်အပြည့်ဖြင့် လေ့ကျင့်နေကြသော လူငယ်လေးများကိုလည်း မြင်ရမည်ဖြစ်သည်။

နေ့သစ်တစ်နေ့ကား စတင်ခဲ့လေပြီ။

ယဲ့ချိန်ရွှမ်းနှင့် ယဲ့ချန်တို့သည် လေ့ကျင့်ရေး ကွင်းပြင်ဘေးမှ ဖြတ်လျှောက် သွားကြလျှင် လေ့ကျင့်နေသော လူငယ်လေးများသည် တိုင်ပင်မထားပါဘဲ အားလုံး ရပ်တန့်လိုက်ကြကာ မိသားစု ခေါင်းဆောင်ဟောင်းနှင့် လက်ရှိ ခေါင်းဆောင်အား ရိုသေစွာ နှုတ်ဆက်ကြသည်။ အားလုံးက ထိုနှစ်ယောက်အတွက် သိသိသာသာ စိတ်ပူနေကြပုံလည်း ပေါ်သည်။

“ကဲ ... သွားကြရအောင်”

ယဲ့ချိန်ရွှမ်းက ယဲ့ချန်ခေါင်းအားပုတ်ကာ ပြောသည်။

စိတ်ပူနေသော အမူအရာနှင့် ယဲ့ကျန့်ထျန်းတို့အား မျက်လုံးထောင့်စွန်းမှ မြင်နေရသောကြောင့် ယဲ့ချိန်ရွှမ်းက ‘စိတ်ချနေပါ’ ဟူသော အပြုံးမျိုး ပြုံးကာ ပြောလိုက်သည်။

“စိတ်အေးအေးထားကြပါ ငါ တစ်ခုခု ဖြစ်ခဲ့ရရင်တောင် ချန်အစ်ကိုတော့ ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့မယ်လို့ ကတိပေးတယ်”

“မှတ်ထားနော် ချန်အာ တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် မင်းဘိုးဘိုးဆီက အကြံဉာဏ်ကို အရင်ဆုံးတောင်း”

ယဲ့ကျန့်ထျန်းက သတိပေးသည်။

“ကျွန်တော် နားလည်ပါတယ် အဖေ”

ယဲ့ချန်သည် သူ့ဖခင် စိတ်သက်သာရာ ရစေရန် အလိုက်သင့် ပြန်ပြောပြီးနောက် ယဲ့လော့ရပ်နေရာသို့ လှမ်းကြည့်မိသည်။

ယဲ့လော့ကား မျက်နှာသိပ်မကောင်းပေ။ သူမသည် ယဲ့ချန်နှင့်အတူ လိုက်ပါရန် အကြီးအကဲများထံ ခွင့်တောင်း ခဲ့သော်လည်း သဘောတူညီချက် မရခဲ့။

ယဲ့ချန်က သူမလေး၏ နဖူးအား ခပ်ဖွဖွတောက်လျက် ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

“စိတ်မပူနဲ့ ပြိုင်ပွဲပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့မယ်”

ယဲ့လော့သည် သူ့အား အတန်ငယ် စိတ်ဆိုးနေဟန်ရကာ စကားပြန်မပြောပေ။ အနီးရှိ ယဲ့ရွှမ်ကသာ ပြောလာသည်။

“အစ်ကိုချန် ... ဂရုစိုက်နော်”

“ကောင်းပြီ”

ထို့နောက် ယဲ့ချန်သည် အားလုံးအား ပြုံးပြနှုတ်ဆက်ကာ ယဲ့ချိန်ရွှမ်းနှင့်အတူ ယဲ့မိသားစု ရဲတိုက်အတွင်းမှ ထွက်ခွါလာခဲ့သည်။ ယဲ့မိသားစုဝင် အများအပြားသည် ရဲတိုက်ဂိတ်ဝသို့တိုင် လိုက်လံ၍ ယဲ့ချန်အတွက် ဆုမွန်ကောင်း တောင်းပေးကြ၏။

“မိုးနတ်မင်း စောင့်ရှောက်ပါစေ ခေါင်းဆောင်”

“လမ်းခရီးမှာ ဘေးကင်းပါစေ ခေါင်းဆောင်”

“အောင်ပွဲနဲ့ ပြန်လာမဲ့ခေါင်းဆောင် အတွက် အကောင်းဆုံး အရက်ကို ပြင်ထားပြီး စောင့်နေပါ့မယ်”

မိသားစုဝင်များ၏ ဆုမွန်ကောင်းတို့က ယဲ့ချန်အား ‘မိသားစု’ ဟူသော နွေးထွေးမှုကို ခံစားရစေသည်။ သူ့အတွက်တော့ ယဲ့မိသားစုသည်သာ စစ်မှန်သောအိမ် ဖြစ်ကာ ယဲ့မိသားစုတွင် မှီတင်း နေထိုင်သမျှသော လူတစ်ယောက်ချင်းစီသည် သူ၏ မိသားစုများ ဖြစ်ကြပေသည်။

ယဲ့ချန်တို့နှစ်ဦးသည် ယဲ့မိသားစုရဲတိုက်နှင့် တဖြည်းဖြည်း ဝေးလာခဲ့ပြီး လျန်ယွင်တောင်တန်း ဧရိယာသို့ ခြေချသောအခါ ယဲ့ချိန်ရွှမ်းက အကြံပြုလာသည်။

“ချန်အာ ... အခု အဘိုးတို့ ယဲ့မိသားစုရဲတိုက်နဲ့ အတော်လေးလှမ်းတဲ့ နေရာကို ရောက်နေပြီ ဒီကနေ လမ်းတစ်လျှောက်မှာ ယွင်မိသားစုက လွှတ်ထားတဲ့သူတွေ ရှိနေလောက်တယ် … အဲဒါကြောင့် လူသိနည်းတဲ့ လမ်းကြမ်းကသွားတာ ပိုကောင်းလိမ့်မယ် ထင်တယ်”

ယဲ့ချိန်ရွှမ်းသည် ရဲတိုက်မှ ထွက်လာကတည်းက သတိကြီးကြီး ထားခဲ့သည်။ သူက ယဲ့ချန်၏ လုံခြုံမှုအတွက် တာဝန်အပြည့်အဝ ယူထားရလေရာ တစ်မိသားစုလုံး၏ အနာဂတ်အား ပခုံးပေါ် ထမ်းထားရသကဲ့သို့ ဖိအားများလှသည်။ အရာရာကို လက်လွတ်စပယ် ဆုံးဖြတ်၍ မရပေ။

ယွင်မိသားစုနှင့် ယဲ့မိသားစုကြားရှိ အကွာအဝေးသည် အနည်းဆုံး မိုင်၂၀ရှိသည်။ လူသိနည်းသော လမ်းကြမ်းမှ သွားမည်ဆိုပါက အကွာအဝေးသည် နှစ်ဆ (သို့မဟုတ်) သုံးဆ ဖြစ်သွားနိုင်သည်။ လမ်းခရီးကလည်း ပိုကြမ်းသွားမည်ဖြစ်ရာ အနည်းဆုံး ၅နာရီ၊ ၆နာရီခန့်ကြာမှ ရောက်ပေလိမ့်မည်။

အမွေးပွလေးသည် ယဲ့ချန်ပခုံးပေါ်၌ ပျင်းရိပျင်းတွဲဟန်ဖြင့် မှီနေရာမှ ဆတ်ခနဲဖြစ်သွားကာ ၎င်း၏ ပုလဲနက်သဖွယ် မျက်လုံးလေးများက ပတ်ဝန်းကျင်တစ်ဝိုက်အား နိုးနိုးကြားကြားဖြင့် အကဲခတ်နေလေသည်။

“တစ်ခုခု မြင်လိုက်လို့လား မကြောက်နဲ့ အဆင်ပြေသွားလိမ့်မယ်”

ယဲ့ချန်က အမွေးပွလေး၏ အမူအရာကို သတိထားမိသွား၍ ကျောပြင်သို့ ဖွဖွသပ်ပေးကာ နှစ်သိမ့်သည်။ အရင်တစ်ခေါက်က နတ်ဆိုးဝံပုလွေများနှင့် ရင်ဆိုင်ရပြီး ကတည်းက အမွေးပွလေးသည် ‘လျန်ယွင်တောင်တန်း’ ဟူသော အသံကို ကြားလိုက်သည်နှင့် စိုးရိမ်ပူပန်သော ပုံစံ ဖြစ်နေခဲ့သည်။ ယခုလည်း လျန်ယွင်တောင်တန်းထဲသို့ ဝင်ရောက်လာပြီ ဖြစ်ရာ အမွေးပွလေးက တစ်စုံတစ်ရာကို စိုးရိမ်ကြောက်ရွံ့နေခြင်း ဖြစ်နိုင်သည်။

အမွေးပွလေးသည် ယဲ့ချန်ပခုံးပေါ်မှ ရင်ခွင်ထဲသို့ ခုန်ဆင်းကာ ပူးကပ်တိုးဝှေ့လျက် တအီအီ အသံပြုနေ၏။

ယဲ့ချိန်ရွှမ်းသည် ယဲ့ချန်ရင်ခွင်ထဲရှိ သားရဲ အကောင်ပေါက်လေးက အလွန် လူရိပ်လူကဲ နားလည်ကြောင်း သတိထားမိသည်။ ထူးဆန်းသည်မှာ သူသည် အနှီ အကောင်ပေါက်လေးအား သေသေချာချာ အကဲခတ်ကြည့်ပါ သော်လည်း မည်သည့် မျိုးနွယ်ဝင်သားရဲ ဖြစ်သည်ကို စဉ်းစားမရဘဲ ရှိနေခြင်းဖြစ်သည်။ အဆုံးတွင် သူက အကောင်ပေါက်လေးသည် အများဆုံးမှ အဆင့်၂၊ အဆင့်၃ မှော်သားရဲသာ ဖြစ်လောက်သည်ဟု ကောက်ချက်ချ လိုက်တော့သည်။

လျန်ယွင် တောင်တန်းသည် သစ်ပင်ကြီးများ အလွန်အုံ့ဆိုင်း ထူထပ်ရုံသာမကဘဲ အချို့နေရာများတွင် ကျောက်ဆောင်၊ ကျောက်တုံးတို့ဖြင့်လည်း ပြည့်နှက်နေသေးသည်။ ထို့ကြောင့် ယဲ့ချန်တို့က ကျောက်ဆောင်၊ ကျောက်တုံး အထူထပ်ဆုံးနှင့် အကြမ်းတမ်းဆုံး လမ်းကို ရွေး၍ သွားလိုက်သောအခါ ယွင်မိသားစုအနေနှင့် လုံးဝ ခြေရာခံနိုင်တော့မည် မဟုတ်ပေ။

နာရီအချို့ကြာအောင် မရပ်မနား ခရီးဆက်ခဲ့သည့်နောက် တောင်တန်းဒေသ၏ အလယ်တွင် တည်ရှိသော ယွင်မိသားစု ရဲတိုက်အား သစ်ပင်များအကြားမှ ဝိုးတိုးဝါးတား မြင်နေရပြီ ဖြစ်သည်။ ယွင်မိသားစုရဲတိုက်သည် အရွယ်အစားအားဖြင့် အလွန်ကြီးမားပြီး ဗိသုကာလက်ရာပိုင်း ဆိုင်ရာတွင်လည်း ယဲ့မိသားစုရဲတိုက် တည်ဆောက်ထားပုံထက် များစွာ သာလွန်သည်။ ပင်မရဲတိုက်၏ ဘေးပတ်ပတ်လည်တွင် ကြီးကြီးငယ်ငယ် အဆောက်အဦပေါင်း များစွာအား စနစ်တကျ လှလှပပ ဆောက်လုပ်ထားသည့် အပြင် အလွန်မြင့်မားသော အလှသစ်ပင်ကြီးများ၊ ကျောက်တုံးတုများနှင့် အလှဆင်ထား၏။

ထိုစဉ် လေတစ်ချက် ဝေ့တိုက်သွား၍ သစ်ပင်များမှ သစ်ရွက်အချင်းချင်း တရွှမ်းရွှမ်း ထိခတ်သံကို ကြားလိုက်ရသည်။ ရုတ်တရက် အမွေးပွလေးသည် တစ်စုံတစ်ရာကို ထိတ်လန့်နေဟန်နှင့် တုန်ယင်လာ၏။

ယဲ့ချန် မျက်မှောင်ကြုတ်မိ သွားသည်။

‘အမွေးပွလေးက တစ်ခုခုကို အာရုံခံမိလို့များလား’

“ဘိုးဘိုး ... ခဏလောက် နားရအောင်”

ယဲ့ချန် သူ့အဘိုးအား ပြောလိုက်သည်။

“ကောင်းပြီလေ”

ယဲ့ချိန်ရွှမ်းကလည်း မငြင်းပေ။ မည်သို့ပင်ဆိုစေ သူတို့သည် ယွင်မိသားစု ရဲတိုက်ကိုပင် လှမ်းမြင်နေရပြီဖြစ်ရာ အလျင်စလို ဖြစ်ရန် မလိုတော့ပေ။

ယဲ့ချန်သည် မတ်တတ်ရပ်လျက်ကပဲ ဝိညာဉ်အသိအမြင်ကို ဖော်ထုတ်လျက် ပတ်ဝန်းကျင်အား စစ်ဆေးကြည့်မိသော် ခပ်လှမ်းလှမ်း ချုံပုတ်ထဲတွင် ပုန်းအောင်းနေသော မျက်လုံးစိမ်းကြီးများနှင့် နတ်ဆိုးဝံပုလွေ သုံးကောင်အား မြင်လိုက်ရသည်။ ထိုသုံးကောင်အနက် နှစ်ကောင်သည် ယခင်တစ်ခေါက်က တောင်ကြားလမ်းတွင် ရင်ဆိုင်ခဲ့ရသည့် နတ်ဆိုး ဝံပုလွေများကဲ့သို့ အဆင့်၇ သားရဲများဖြစ်ပြီး နောက်တစ်ကောင်ကမူ ကျန်နှစ်ကောင်ထက် ပိုအစွမ်းထက်ပုံ ပေါ်သည်။ ၎င်းမှာ မည်သည့်အဆင့်ရှိ သားရဲဖြစ်ကြောင်း ယဲ့ချန်ပင် မခန့်မှန်းနိုင်ပေ။

“ဘာလို့ ဟိုမြေခွေးစုတ်က လူသားနှစ်ယောက်နဲ့ အတူရှိနေတာလဲ အဲဒီ့လူသား နှစ်ယောက်ကရော ဘယ်သူတွေလဲ”

ဝိညာဉ်အသိအမြင်ဖြင့် ထောက်လှမ်းနေသော ယဲ့ချန်သည် နတ်ဆိုးဝံပုလွေ သုံးကောင်ထဲမှ အစွမ်းအထက်ဆုံး တစ်ကောင်၏ လူကဲ့သို့ ပီပီသသပြောလိုက်သော စကားသံကြောင့် ကြောင်အသွားရသည်။

‘မှော်သားရဲက လူစကားပြောနိုင်တယ်’

ယဲ့ချန် ခဏတာ တွေဝေသွားချိန်၌ အုပ်စုထဲမှ အစွမ်းအထက်ဆုံး ဝံပုလွေသည် ယဲ့ချန်၏ ဝိညာဉ်အသိအမြင်အား သတိပြုမိသွားပုံပေါ်ကာ လေသံမာမာဖြင့် မေးလာသည်။

“ဘယ်သူလဲ”

တုံ့ပြန်မှု မတွေ့ရသောအခါ ထိုဝံပုလွေသည် ၎င်း၏ ဝိညာဉ်အသိအား ထုတ်ဖော်ကာ ယဲ့ချန်၏ ဝိညာဉ်အသိအမြင် ရှိနေရာဘက်သို့ ဦးတည်တိုက်ခိုက်လိုက်၏။

ယဲ့ချန် နောက်တစ်ကြိမ် အံ့ဩသွားရပြန်သည်။ ကြည့်ရသည်မှာ ထိုဝံပုလွေအုပ်သည် ထင်သလောက် ရိုးရှင်းဟန်မရပေ။ ဝိညာဉ်အသိအမြင်ကိုပင် အသုံးပြုနိုင်နေသည်။

ထိုသို့အတွေးနှင့် ယဲ့ချန်သည် သူ၏ ဝိညာဉ်အသိအမြင်အား ပိုမိုအားကောင်းသော အသွင်သို့ ပြောင်းလဲလိုက်သည်။ ရုတ်ခြည်းဆိုသလို သူ၏ ဝိညာဉ်အသိအမြင်သည် ဓားတစ်ချောင်း ကိုင်ဆွဲထားသော အရှိန်အဝါကြီးသည့် ဝိညာဉ်စစ်သည်တော် အဖြစ် ပြောင်းလဲသွားသည်။ ဝိညာဉ်စစ်သည်တော်သည် သာမန်မျက်စိဖြင့် မမြင်နိုင်သော ဝိညာဉ်အသိမျှသာ ဖြစ်သော်လည်း ၎င်း၏ ဩဇာကြီးမားသော အရှိန်အဝါနှင့် ဖိအားသည် ယခင်တစ်ခေါက် ယဲ့ချန် စမ်းသပ်ခဲ့တုန်းကထက် နည်းနည်းလေးမှ မယုတ်လျော့ပေ။

တဖက်မှ နတ်ဆိုးဝံပုလွေက မည်မျှအစွမ်းထက်ပါစေ၊ တိုက်ခိုက်နိုင်မည်ဟု ယဲ့ချန် ယုံကြည်ပေသည်။

နတ်ဆိုးဝံပုလွေ၏ ဝိညာဉ်အသိသည် ရှေ့သို့ တိုးလာပြီးသည့်နောက် ယဲ့ချန် ထုတ်ဖော်ထားသော ဝိညာဉ်စစ်သည်တော်၏ ပုံရိပ်အား မြင်သွားသောအခါ မျက်လုံးများ ပြူးကျယ်သွားကာ ခန္ဓာကိုယ်တွင် ရှိရှိသမျှသော အမွေးတို့ပင် ထောင်ထသွားသလို ခံစားလိုက်ရသည်။

“ဒါ ... ဒါ ... ဝိညာဉ်ပုံဖော်ခြင်းပဲ မြန်မြန်ပြန်ဆုတ်ကြ ခေါင်းဆောင်ကို အသိပေးရမယ် မြေခွေးစုတ်က လူသားပုံစံရှိတဲ့ ‘ကောင်းကင်သားရဲ အရှင်သခင်’ နဲ့ အတူတူရှိနေတယ်”

နတ်ဆိုးဝံပုလွေသည် ၎င်း၏ အဖော်နှစ်ကောင်အား ထိုသို့အော်ပြောပြီးနောက် အသိစိတ် လွတ်ထွက်မတတ် ကြောက်ရွံ့နေဟန်နှင့် နောက်သို့ပင် လှည့်မကြည့်တော့ပဲ တောအုပ်အတွင်းသို့ တန်းနေအောင် ထွက်ပြေးလေသည်။ ကျန်နတ်ဆိုးဝံပုလွေ နှစ်ကောင်သည်လည်း ဘုမသိ၊ ဘမသိနှင့် လိုက်လံ ထွက်ပြေးရတော့သည်။

ထိုအခါမှ ယဲ့ချန်ရင်ခွင်ထဲရှိ အမွေးပွလေးမှာ စိတ်အေးသွားဟန်ဖြင့် ငြိမ်ကျသွားတော့၏။

“ဝိညာဉ်ပုံဖော်ခြင်း ကောင်းကင်သားရဲ အရှင်သခင် အဲဒါဘာတွေလဲ”

ယဲ့ချန် နားမလည်စွာ ရေရွတ်မိသည်။ သူသည် ထိုစကားရပ်တို့အား တစ်ခါမှပင် ကြားဖူးခြင်းမရှိပေ။ ခဏမျှ စဉ်းစားပြီးနောက် သူက နတ်ဆိုးဝံပုလွေ အမှတ်မှားသွားခြင်း ဖြစ်လောက်သည်ဟုသာ ယူဆလိုက်သည်။

“တစ်ယောက်တည်း ဘာတွေ ရေရွတ်နေတာလဲ ချန်အာ”

ယဲ့ချိန်ရွှမ်းက မျက်ခုံးပင့်လျက် မေးလာသည်။

“အာ ... ဘာမှမဟုတ်ဘူး ဘိုးဘိုး”

အတန်ကြာ တုံ့ဆိုင်းနေပြီးမှ ယဲ့ချန် အဘိုးဖြစ်သူအား မေးကြည့်မိသည်။

“ဒါနဲ့ ဘိုးဘိုး ... ကောင်းကင်သားရဲ ဆိုတာက ဘာကိုပြောတာလဲ”

ထိုမေးခွန်းအား ကြားသော် ယဲ့ချိန်ရွှမ်းသည် ယဲ့ချန်အား ဇဝေဇဝါ ကြည့်လာသည်။

“ရုတ်တရက်ကြီး ဘာလို့မေးတာလဲ အိမ်က စာအုပ်တစ်အုပ်အုပ်မှာ ဖတ်ခဲ့ရလို့လား”

ထို့နောက် ယဲ့ချိန်ရွှမ်း၏ အကြည့်တို့က အမွေးပွလေးထံသို့ ရောက်ရှိသွားကာ ဆက်ပြောသည်။

“ရိုးရိုးသားသား ပြောရရင် မင်းရဲ့ ဒီအကောင်ပေါက်လေးက မှော်သားရဲမျိုးနွယ်က မဟုတ်ဘဲ ကောင်းကင်သားရဲများ ဖြစ်နေမလားလို့ အဘိုး ထင်ခဲ့မိသေးတယ် … ဒါပေမဲ့ ဖြစ်နိုင်ချေက အရမ်းနည်းပါတယ် ကောင်းကင်သားရဲတွေက လူသားတွေနဲ့ဝေးရာ တောနက်ထဲမှာပဲ အတည်တကျ နေလေ့ရှိပြီး မြင်ရခဲတယ် မှော်သားရဲတွေလို ခြေဦးတည့်ရာ လျှောက်သွား မနေတတ်ဘူး အဘိုး အတွေးလွန်သွားတာပဲ ဖြစ်မှာပါ”

***

All Chapters