သခင်ကြီးမော့
Vol. 4 Ch. 43
အမွှေးပွလေးက ကောင်းကင်သားရဲ ဖြစ်နိုင်သည်တဲ့လား။
“မှော်သားရဲတွေနဲ့ ကောင်းကင်သားရဲတွေက ဘယ်လိုကွာခြားတာလဲ ဘိုးဘိုး”
ယဲ့ချန်သည် အမွှေးပွလေး၏ နူးညံ့သော အဖြူရောင် အမွှေးလေးများအား ပွတ်သပ်ပေးရင်း မေးလိုက်သည်။
“ဒဏ္ဍာရီတွေ အရတော့ ... ကမ္ဘာဦးခေတ်က ဖန်ဆင်းခြင်း နတ်ဘုရားက သက်ရှိအမျိုးအစား သုံးမျိုးကို ဖန်ဆင်းခဲ့တယ်တဲ့။ လူသားတွေရယ်၊ မှော်သားရဲတွေရယ်၊ ကောင်းကင်သားရဲတွေရယ် ဆိုပြီးတော့ပေါ့။ မှော်သားရဲတွေက သူတို့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ဦးစားပေးလေ့ကျင့်ပြီး အဆင့် ၈ ကိုရောက်ရင် သူတို့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်လုံးကို ဖန်တီးနိုင်ကြတယ်။ စွမ်းအင်လုံး ဆိုတာက လူသားအခေါ်အဝေါ်နဲ့ဆိုရင် တန့်ထျန်ပေါ့။ မှော်သားရဲတွေက အသိဉာဏ် နိမ့်ပါးကြပေမဲ့ အဆင့်၁၀ကို ရောက်သွားရင်တော့ အသိဉာဏ်ရှိလာတဲ့ အပြင် ခန့်မှန်းမရအောင် အစွမ်းထက်သွားကြတယ်။ သူတို့က တောထဲတွေမှာ နေရင်နေ၊ မနေရင်လည်း ခြေဦးတည့်ရာ လျှောက်သွားနေတတ်ကြပြီး လူသားတွေရဲ့ အသားကို စားရင် သူတို့အစွမ်းတွေ တိုးတက်လာမယ်လို့ ယုံကြည် ထားကြတယ်။ ကောင်းကင်သားရဲတွေကကျတော့ နေနဲ့လဆီက စွမ်းအင်တွေကို စုပ်ယူပြီး သူတို့ရဲ့ စိတ်ဝိညာဉ်ကို အားဖြည့်ကြတယ်။ သူတို့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး အစွမ်းထက် လှပါချည်ရဲ့ ဆိုတဲ့ အဆင့်၁၀ မှော်သားရဲတွေကိုတောင် အနိုင်ယူနိုင်တယ်တဲ့လေ။ သူတို့သာ ဆန္ဒရှိရင် ဘယ်အဆင့်က မှော်သားရဲကိုမဆို ကျွန်ပြုနိုင်သေးတယ်။ များသောအားဖြင့် အစွမ်းထက်တဲ့ ကောင်းကင်သားရဲ တကောင်မှာ မှော်သားရဲ အစောင့်အရှောက်တွေ အုပ်လိုက် ရှိနေတတ်တယ်။ ပြောကြတာတော့ ကောင်းကင်သားရဲတွေက လူသားတွေနဲ့ ထိတွေ့ ဆက်ဆံရမှာ အရမ်းကြောက်ကြတယ်တဲ့။ ဒါပေမဲ့ တကယ်တမ်း ပြောရရင် ကောင်းကင်သားရဲတွေရဲ့ စိတ်ဝိညာဉ် တိုက်ခိုက်မှုကို လူသားတော်တော်များများက မခုခံနိုင်ကြပါဘူး။ အရမ်းသန့်စင်တဲ့ ထျန်းချီကို ပိုင်ဆိုင်တဲ့ လူသားတစ်ယောက်တလေသာ ခြွင်းချက်အနေနဲ့ ခုခံနိုင်ကြတာ။ ဘာပဲဖြစ်ဖြစ် ကောင်းကင်သားရဲတွေကတော့ လူသားတွေကို ထိတ်လန့် နေတုန်းပဲ။ အဲဒါကြောင့် တောအုပ်တွေထဲမှာပဲ မျိုးနွယ်စုလိုက် ပုန်းနေလေ့ရှိကြပြီး လူအသွင်ပြောင်းနိုင်တဲ့ ကောင်းကင်သားရဲ တချို့ကသာ လူသားတွေကြားထဲ လွတ်လွတ်လပ်လပ် သွားလာရဲကြတယ်တဲ့”
ယဲ့ချိန်ရွှမ်း၏ ရှည်လျားလှသော ရှင်းပြချက်အဆုံး ယဲ့ချန် အံ့အားသင့် သွားရသည်။ ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော သက်ရှိမျိုးစိတ်မျိုး ရှိနေလိမ့်မည်ဟု သူ တစ်ခါမှ မတွေးကြည့်ခဲ့ဖူးပေ။ ကမ္ဘာသစ်တခုသို့ အသိဉာဏ် တံခါးချပ် ပွင့်သွားသလိုပင် ခံစားလိုက်ရသည်။
သူပိုင်ဆိုင်ထားသော ဝိညာဉ်အသိအမြင် အကြောင်း သတိရသွား၍ ယဲ့ချန် ထပ်မေးလိုက်သည်။
“လူသားတွေကရော ကောင်းကင်သားရဲတွေလိုမျိုး စိတ်ဝိညာဉ်ကျင့်ကြံမှု လုပ်နိုင်ကြလား”
ယဲ့ချိန်ရွှမ်းက ခေါင်းယမ်းသည်။
“ကံမကောင်းစွာဘဲ လူသားတွေက ကောင်းကင်သားရဲတွေလို စိတ်ဝိညာဉ်ကို ကျင့်ကြံနိုင်စွမ်း မရှိကြဘူး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပါရမီရှင် လူသားကျင့်ကြံသူ တစ်စုက စိတ်ဝိညာဉ်ကျင့်ကြံမှု တချို့ကို စမ်းသပ်ကြည့်ခဲ့ဖူးပေမဲ့ အဆုံးသတ်မှာ မအောင်မြင်တဲ့အပြင် ကျင့်စဉ်ဖောက်ပြန်ပြီး သေသွားခဲ့ကြတယ်၊ အဲဒီနောက်ပိုင်းတည်းက ဘယ်လူသားကျင့်ကြံသူကမှ စိတ်ဝိညာဉ် ကျင့်ကြံမှုကို မလုပ်ရဲကြတော့ဘူး”
‘လူသားတွေက စိတ်ဝိညာဉ်ကို မကျင့်ကြံနိုင်ကြဘူး ဆိုရင် ငါ့ရဲ့ ဝိညာဉ်အသိအမြင်က ဘာကြီးလဲ ငါလည်း လူသားပဲလေ’
ယဲ့ချန် ရှုပ်ထွေးစွာ တွေးမိသည်။ မကြာသေးခင်က နတ်ဆိုးဝံပုလွေ ပြောသွားသည်ကို ပြန်တွေးမိသောအခါ ဘာရယ်မဟုတ် သူ ရယ်ချင်သွားရသည်။
‘ကောင်းကင်သားရဲတွေရဲ့ အရှင်သခင်ဆိုပဲ’
ထိုထူးခြားဆန်ကြယ်မှုများသည် ကြယ်တာရာဘုံကိုးလွှာ၏ အကျိုးကျေးဇူးများလည်း ဖြစ်နိုင်သည်။ ယဲ့ချန်ကိုယ်တိုင်လည်း သိပ်တော့မသေချာပေ။ တစ်ခု သတိထားရမည်မှာ သူ ပိုင်ဆိုင်ထားသော ဝိညာဉ်အသိအမြင် အကြောင်း မပေါက်ကြားစေရန် ထိန်းသိမ်းထားဖို့ ဖြစ်သည်။ မဟုတ်ပါက သူ့အား လူမကျ၊ သားရဲမကျ ‘မကောင်းဆိုးဝါး’ ဟူ၍ ပေါက်တတ်ကရ ထင်ကြေးပေးခြင်းများ ခံနေရပေလိမ့်မည်။
“စိတ်ဝိညာဉ်အစွမ်းကို သုံးပြီး မှော်သားရဲတွေကို ကျွန်ပြုလို့ ရတယ်လား”
မည်သို့ပင်ဆိုစေ ထိုအကြောင်းအရာမှာ စိတ်ဝင်စားစရာ ကောင်းလှသောကြောင့် ယဲ့ချန် မရှင်းလင်းသည်ကို ထပ်မေးမိသည်။
“အဘိုးဖတ်ဖူးတဲ့ စာအုပ်အရတော့ အဲဒါအမှန်ပဲ မှော်သားရဲတွေက ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ ထိပ်တန်းပေမဲ့ စိတ်ဝိညာဉ်တော့ အားနည်းကြတယ်လေ စိတ်ဝိညာဉ်ကို အဓိက လေ့ကျင့်တဲ့ ကောင်းကင်သားရဲတွေအဖို့ မှော်သားရဲတွေကို ကျွန်ပြုဖို့ဆိုတာ သိပ်ကိုလွယ်တာပေါ့၊ တကယ်လို့ အဆင့်တူချင်း ဆိုရင်တောင် မှော်သားရဲတွေအနေနဲ့ ကောင်းကင်းသားရဲတွေကို မယှဉ်နိုင်ဘူး”
ယဲ့ချိန်ရွှမ်းသည် မည်သည့် အကြောင်းကြောင့် ယဲ့ချန်တယောက် ဤအကြောင်းအရာအား စိတ်ဝင်စားနေကြောင်း မသိရသော်လည်း ကောင်းကင်သားရဲများနှင့် ပတ်သက်၍ သူသိသမျှအား စိတ်ရှည်လက်ရှည် ရှင်းပြပေးသည်။
“ဪ ... ”
ယဲ့ချန်လည်း အတန်အသင့် နားလည်သွားသောကြောင့် ခေါင်းညိတ်သည်။
‘ဒီတော့ ငါ့ရဲ့ ဝိညာဉ်အသိအမြင်ကို သုံးပြီး မှော်သားရဲတွေရဲ့ စိတ်ကို ထိန်းချုပ်နိုင်တယ်ပေါ့လေ’
သူ၏ ဝိညာဉ် အသိအမြင်ဖြင့် ဖန်တီးထားသော ဝိညာဉ် စစ်သည်တော်အား တွေ့လိုက်ရပြီးနောက် နတ်ဆိုးဝံပုလွေသည် အသိစိတ်လွတ်မတတ် ကြောက်လန့် ထွက်ပြေးသွားသည်မှာ မထူးဆန်းတော့ပေ။
“ဒါဆို ဘိုးဘိုး ... ဝိညာဉ်ပုံဖော်ခြင်း ဆိုတာကရော ဘာလဲ”
“ဝိညာဉ်ပုံဖော်ခြင်းတဲ့လား အဲဒါကဘာလဲ”
ယဲ့ချိန်ရွှမ်းသည်ပင် မကြားဖူးဟန်နှင့် ယဲ့ချန်ထံ ပြန်ကြည့်ကာ မေးသည်။
“ (အသိပညာမှတ်စုများ) စာအုပ်ထဲမှာတောင် မတွေ့ဖူးဘူး”
“အဲဒီလိုလား ထားလိုက်ပါတော့ ကျွန်တော်က ဒီတိုင်း မေးကြည့်ရုံပါ”
ယဲ့ချန်က ပြုံးလျက် ခေါင်းယမ်းကာ ပြောသည်။ သူ့အဘိုးကဲ့သို့ အသိပညာ ကြွယ်ဝသူပင် ဝိညာဉ်ကျင့်ကြံခြင်းနှင့် ပတ်သက်၍ လုံးလုံးလျားလျား မသိပုံရသည်။ ထို့ကြောင့် သူက နောက်ထပ် မေးခွန်းတစ်ခုကိုသာ မေးလိုက်၏။
“ကောင်းကင်သားရဲ အရှင်သခင် ဆိုတာကရော ဘာကိုပြောတာလဲ ကောင်းကင်သားရဲတွေထဲမှာမှ အစွမ်းအထက်ဆုံးလို့ ဆိုလိုတာလား”
‘ကောင်းကင်သားရဲ အရှင်သခင်’ ဟူသော ဝေါဟာရကိုကြားသော် ယဲ့ချိန်ရွှမ်းသည် အနည်းငယ် အံ့အားသင့် သွားပုံပေါ်၏။ သူ့မြေးဖြစ်သူက ထိုသို့ နှိုက်နှိုက်ချွတ်ချွတ် အကြောင်းအရာတို့အား မည်သည့်နေရာမှ သိလာသည်ကို အံ့ဩသွားမိခြင်း ဖြစ်သည်။
“ကောင်းကင်သားရဲတွေမှာက လူသားတွေလိုပဲ ကျင့်ကြံဆင့်တွေကို ၁ ကနေ ၁၀ အထိ သတ်မှတ်ထားတယ် အဆင့် ၁၀ ထက်ကျော်တဲ့ ကောင်းကင်သားရဲရယ်လို့တော့ အဘိုးလည်း တစ်ခါမှ မကြားဖူးဘူး မင်းပြောတဲ့ ‘ကောင်းကင်သားရဲ အရှင်သခင်’ ဆိုတာ တကယ်ရှိရိုးမှန်ရင် နယ်နယ်ရရ အဆင့်မျိုးတော့ ဖြစ်မယ်မထင်ဘူး အရမ်း အစွမ်းထက်လိမ့်မယ်”
အဘိုးဖြစ်သူ၏ သိပ်မသေချာလှသော အဖြေကြောင့် ယဲ့ချန် နည်းနည်းတော့ စိတ်ဓာတ်ကျ သွားသည်။ ထိုအကြောင်းအရာများအား အသေးစိတ် သိလိုလျှင် သူကိုယ်တိုင် စုံစမ်း လေ့လာရမည့်ပုံပါပင်။
ယဲ့ချန်သည် သူ့ရင်ခွင်ထဲတွင် ခွေနေသော အမွှေးပွလေးအား ငုံ့ကြည့်မိသော် အနှီအကောင်ပေါက်လေးသည် အပြစ်မကင်းသော မျက်လုံးလေးများနှင့် သူ့ထံ မော့ကြည့် နေသည်ကို တွေ့ရသည်။
ယဲ့ချန်သည် နွေးထွေးသော အပြုံးတစ်ခုဖြင့် အကောင်ပေါက်လေးအား နှစ်သိမ့်ပေးမိ၏။
“အဆင်ပြေပါတယ်၊ မှော်သားရဲပဲဖြစ်ဖြစ် ကောင်းကင်သားရဲပဲဖြစ်ဖြစ် ဘာမှမပြောင်းလဲဘူး၊ မင်းက အမြဲတမ်းအတွက် ငါ့ရဲ့ အမွှေးပွလေးပဲ”
ထိုစကားများကို ကြားသော် အမွှေးပွလေး၏ ပုလဲနက်သဖွယ် မျက်လုံးလေးများထဲမှ မျက်ရည်စက်တို့ စီးကျလာလေသည်။ အမွှေးပွလေးသည် မျက်လုံးများ မှိတ်လိုက်ပြီး ယဲ့ချန်၏ ရင်ခွင်ထဲသို့ ပို၍ တိုးဝင်လာသည်။ ပြောမပြနိုင်သော အကြောင်းတချို့ကြောင့် ယဲ့ချန်၏ ရင်ခွင်ထဲ၌ ရှိနေပါက မည်သို့သော အန္တရာယ်မျိုး ကျရောက်လာပါစေ လုံခြုံသည်ဟု အမွှေးပွလေးက ခံစားရသည်။
“သွားရအောင် ချန်အာ ... အချိန်ကျပြီ”
ယဲ့ချိန်ရွှမ်းက လောဆော်သည်။
ယွင်မိသားစုရဲတိုက်သည် အမြဲတစေ ဧည့်သည်တို့ဖြင့် စည်ကားနေတတ်သော်ငြား သည်တစ်ကြိမ်တွင်တော့ ပုံမှန်ထက်ကို ပိုသော ဧည့်သည်တို့ဖြင့် စည်ကား နေပေရော့မည်။ လျန်ယွင်အိမ်တော်ဆယ့်ရှစ်ဆောင်မှ လာရောက်ကြသူများအပြင် တုန်းလင်ပြည်နယ် တစ်လွှားရှိ အထင်ကရ ပုဂ္ဂိုလ်တို့သည်လည်း မဟာမိတ်သိုင်းပြိုင်ပွဲသို့ တက်ရောက် ကြလိမ့်မည်ဟု ခန့်မှန်းရသည်။
“သွားရအောင်”
ယဲ့ချန်လည်း ပြန်ပြောလိုက်သည်။
သို့နှင့် နှစ်ဦးသားသည် လျင်မြန်သော အရှိန်ဖြင့် ခန့်ညား ထည်ဝါလှသည့် ယွင်မိသားစုရဲတိုက်ကြီး တည်ရှိရာသို့ ဦးတည်လိုက် ကြတော့သည်။
ယွင်မိသားစုရဲတိုက်၏ နံရံများသည် ယဲ့မိသားစုရဲတိုက်၏ နံရံများထက် ပိုမြင့်သည့်အပြင် ပိုလည်း ထူထဲပုံရသည်။ အတွင်းဘက်တွင်လည်း ခမ်းနားကြီးကျယ်၍ အလွန်လှပသော အဆောက်အဦတို့အား ရွှေသားအတိပြီးသော အဆောင်အယောင်များဖြင့် ဆင်ယင် ခင်းကျင်းထားလေသည်။
“ယဲ့မိသားစုနဲ့ ယှဉ်ရင် ယွင်မိသားစုက အဆောက်အဦတွေက တကယ်ကို ခမ်းနားလွန်းတယ်”
ယဲ့ချိန်ရွှမ်းက သက်ပြင်းချလျက် ဝန်ခံသည်။
“စိတ်ချပါ အဘိုး တနေ့ကျရင် ယဲ့မိသားစုက ယွင်မိသားစုထက်ပိုပြီး ခမ်းနားကြီးကျယ် လာမှာပါ”
ယဲ့ချန်သည်လည်း ယွင်မိသားစု၏ ခမ်းနားကြီးကျယ်မှုများအား ကြည့်ရှုလေ့လာရင်း အခိုင်အမာ ပြောမိသည်။
ယဲ့ချိန်ရွှမ်းက ပြုံးကာ ခေါင်းညိတ်သည်။ ယဲ့ချန်၏ လက်ရှိလုပ်နိုင်စွမ်းနှင့် ဆိုပါက တစ်နေ့နေ့တွင် ယွင်မိသားစုထက် သာလွန်သွားမည်မှာ လုံးဝ သံသယရှိစရာ မလိုပေ။
“မှတ်ထားဦး ချန်အာ ယွင်မိသားစု ပိုင်နက်ထဲမှာ အဘိုးတို့က နှိမ့်နှိမ့်ချချ နေဖို့လိုတယ်”
“ကျွန်တော် နားလည်ပါတယ် ဘိုးဘိုး”
အဘိုးနှင့်မြေး နှစ်ဦးသားသည် လူများစွာ စုရုံးလျက် ဝင်ထွက်သွားလာ နေကြသော ယွင်မိသားစုရဲတိုက်၏ ဂိတ်ဝသို့ ဦးတည်လျှောက်လှမ်း နေစဉ်တွင်ပဲ ထျန်းချီအဆင့် ၆ ၊ အဆင့် ၇ ၊ အဆင့် ၈ နှင့် အဆင့် ၉ များပင် ပါဝင်သော လူစုတစ်စုနှင့် သွားဆုံလေသည်။
“နှုတ်ဆက်ပါတယ် ခေါင်းဆောင်ဟောင်းယဲ့”
ရှည်လျားသော ဝတ်ရုံကြီးဖြင့် အဘိုးကြီးတယောက်က လှမ်းခေါ်သည်။ ထိုအဘိုးကြီး၏ ဟန်ပန်သည် ခိုင်မာ၍ အလွန်စွမ်းအားကြီးဟန် ရသော်ငြား မျက်နှာတွင်တော့ အပြုံးတို့ဖြင့် ဝေဆာနေသည်။
ထိုအဘိုးကြီးအား မြင်သော် ယဲ့ချိန်ရွှမ်းကလည်း ပြုံးရွှင်သွားပြီး ပြန်လည် နှုတ်ဆက်သည်။
“နှုတ်ဆက်ပါတယ် ခေါင်းဆောင်မော့”
ယဲ့ချိန်ရွှမ်းသည် ယဲ့ချန်ကိုပါ ထိုအဘိုးကြီးနှင့် မိတ်ဆက် ပေးလေသည်။
“ချန်အာ ... ဒါက မော့ဖုန်းတဲ့ မော့မိသားစုရဲ့ ခေါင်းဆောင်ပဲ”
ယဲ့ချန်သည် မော့ဖုန်းအမည်ရ အဘိုးကြီးအား ရိုရိုသေသေ ဦးညွှတ်လျက် နှုတ်ဆက်လိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ် ဘိုးဘိုးမော့”
အဘိုးကြီးမော့သည် သူ့အဘိုး၏ သူငယ်ချင်းဟောင်း ဖြစ်ရမည်ဟု ယဲ့ချန်က တွေးမိသည်။
“လူချောလေးပဲ ကျန့်ထျန်းရဲ့ သားထွေးလေးမလား နှစ်တွေ အများကြီး ကြာခဲ့ပြီပဲ ဒီကလေးတောင် အရွယ်ရောက်လာပြီ”
မော့ဖုန်းသည် အတိတ်သို့ တမ်းတဟန်ဖြင့် ရေရွတ်လိုက်ပြီးနောက် သူနှင့်အတူ ခေါ်လာသော မြေးဖြစ်သူကိုလည်း ပွဲထုတ်လာသည်။
“ဒီတစ်ခေါက် ငါလည်း ငါ့မြေးကို ခေါ်လာခဲ့တယ် မော့ထန်း ... နှုတ်ဆက်လိုက်ပါဦး”
မော့ဖုန်းဘေးတွင် ရပ်နေသော လူငယ်လေးကား အသက် ၁၆ ၊ ၁၇ ခန့်သာ ရှိဦးမည့်ပုံ ပေါ်ကာ အတန်ငယ် မောက်မာဟန် ရသည်။ ထိုလူငယ်လေးက ယဲ့ချန်ဘက်သို့ တစ်ချက်သာ ကြည့်ပြီး ယဲ့ချိန်ရွှမ်းအား နှုတ်ဆက်သည်။
“နှုတ်ဆက်ပါတယ် ဘိုးဘိုးယဲ့”
မော့ဖုန်းက ပြုံးလျက် ဆက်ပြောလာသည်။
“ငါတို့တောင် တော်တော် အိုနေပြီပဲ နောက်ဆုံးတခေါက် မင်းနဲ့ငါ တွေ့ဖြစ်တာက လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်မယ်ထင်တယ်”
“အမှန်ပဲ အချိန်က လူကိုမစောင့်ဘူးလေ”
ယဲ့ချိန်ရွှမ်းသည်လည်း အရင်အချိန်များသို့ ပြန်တမ်းတလျက် ရီဝေစွာ ပြောသည်။
“ငါကြားတာတော့ ဆေးဝါးပညာရှင် ဆရာရွှမ်းယီက သူ့တပည့်ကြီး ဆရာလီကို ကိုယ်စားလှယ်အဖြစ် လွှတ်လိုက်တယ်တဲ့လေ ငါ့မြေးက ဆရာလီရဲ့ အာရုံကို ဆွဲဆောင်နိုင်သွားဖို့တော့ မျှော်လင့်မိသား”
မော့ဖုန်းသည် နံဘေး၌ ရပ်နေသော မြေးဖြစ်သူအား လှည့်ကြည့်ရင်းနှင့် မျှော်လင့်တကြီး ဆိုသည်။
“တကယ်လို့ မော့ထန်းသာ ဆရာရွှမ်းယီရဲ့ တပည့်အဖြစ် ရွေးချယ်ခံရမယ် ဆိုရင် ငါ့တသက်လုံးစာ စိတ်အေးရပါပြီ”
ယဲ့ချိန်ရွှမ်းက သူငယ်ချင်းဟောင်းများ ကြားထဲ အချင်းများဖွယ် စကားဝိုင်းမျိုး မဖြစ်စေလို၍ ချီးကျူးစကား တစ်ခုဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။
“မော့မိသားစုရဲ့ ထျန်းချီကျင့်စဉ်က မီးသဘာဝကျင့်စဉ် ဆိုတော့ ဆရာလီအနေနဲ့ မော့ထန်းကို ကျိန်းသေ သတိထားမိမှာပါ၊ မော့ထန်းရဲ့ လက်တလော ကျင့်ကြံမှုကရော ဘယ်လိုလဲ ကောင်းကောင်း တိုးတက်နေတယ်မလား”
“မော့ထန်းရဲ့ ကျင့်ကြံနှုန်းက ငါငယ်ငယ်တုန်းက ထက်တောင် မြန်ပါသေးတယ်၊ အသက် ၁၆ နှစ်လေးနဲ့ ထျန်းချီအဆင့် ၆ ထိပ်ဆုံးဆင့်ကို ရောက်နေပြီလေ”
မော့ဖုန်းက သာမန်ကာလျှံကာမျှ ပြောလိုက်သော်လည်း သူ့မျက်နှာပေါ်ရှိ မြေးဖြစ်သူအတွက် ဂုဏ်ယူနေသော အမူအရာမှာ သိသာလှသည်။
မော့ဖုန်း၏ စကားအဆုံး မော့ထန်းသည် ယခင်ကထက်ပင် ပို၍ မောက်မာ ဝင့်ကြွားသော အမူအရာမျိုး ဖြစ်သွားသည်။
ယဲ့ချန်ကမူ ထိုလူငယ်လေး၏ ဒေါင်းတစ်ကောင် အမြှီးဖြန့်ထားသကဲ့သို့ ဆောင့်ကြွားကြွား အမူအရာကို ကြည့်ကာ ရယ်ချင်နေတာပဲ သိသည်။
အတိတ်တွင်သာ ‘အသက် ၁၆ နှစ်အရွယ် ထျန်းချီအဆင့် ၆ ထိပ်ဆုံးဆင့် ကျင့်ကြံသူ’ တစ်ယောက်အား တွေ့ကြုံခဲ့ရပါက ယဲ့ချိန်ရွှမ်းသည် အမှန်ပင် အံ့ဩမိမှာ ဖြစ်သည်။ သို့သော် ယခုအချိန်၌ သူသည် မြေးဖြစ်သူ ယဲ့ချန်ထံမှ အံ့ဩစရာကိစ္စ အများအပြားကို ကြုံတွေ့ထားရရာ တော်တန်ရုံ ကိစ္စများအတွက် အံ့ဩရန်ပင် သတိမရတော့ပေ။ ယဲ့ချန်သည် အသက် ၁၇ နှစ်နှင့် ထျန်းချီအဆင့် ၇ ထိပ်ဆုံးအဆင့်သို့ ရောက်နေသည့်အပြင် တိုက်ခိုက်နိုင်စွမ်းကလည်း ထျန်းချီအဆင့် ၈ အလယ်အလတ်ဆင့်က ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်သည်အထိ မြင့်မားသည်။ မော့ထန်းနှင့် ယဲ့ချန် နှစ်ယောက်အား ယှဉ်ကြည့်စရာကို မလိုတာဖြစ်သည်။
“မင်းရဲ့မြေးရော ဘယ်လိုလဲ”
မော့ဖုန်းက ယဲ့ချန်ထံ တစ်ချက်ကြည့်ရင်း မေးလာသည်။
ယဲ့ချိန်ရွှမ်းပင် ဘာမှ ပြန်မဖြေရသေးခင် ယဲ့ချန်က ကြားဖြတ်ဝင်ဖြေ၏။
“ကျွန်တော်က ထျန်းချီအဆင့် ၆ ကို ရောက်တာ သိပ်မကြာသေးပါဘူး ဘိုးဘိုးမော့”
“အသက် ၁၇ နှစ်မှာ ထျန်းချီအဆင့် ၆ စဦးအဆင့်ဆိုတော့ ဒါလည်း မဆိုးပါဘူး”
တစ်ဖက်တွင်တော့ ယဲ့ချိန်ရွှမ်းသည် မျက်တောင်တစ်ချက် မခတ်ဘဲ ပြုံးပြုံးလေး လိမ်နေသည့် မြေးဖြစ်သူအား အကဲခတ်နေရင်းမှ အတွင်းစိတ်ထဲတွင် အော်ရယ်နေမိသည်။
ယဲ့ချန်၏ ကျင့်ကြံဆင့်မှာ သူ့ထက်နိမ့်ကြောင်း သိလိုက်ရပြီးနောက် မော့ထန်းသည် မဲ့ပြုံးတစ်ခု ပြုံးလိုက်ကာ ယဲ့မြေးအဘိုးအား ထပ်မံ အာရုံစိုက် မနေတော့ဘဲ တစ်စုံတစ်ယောက်ကို ရှာဖွေနေသည့်အလား ပျားပန်းခတ် သွားလာနေသော လူများကြားထဲ စေ့စေ့စပ်စပ် လိုက်ကြည့် နေလေသည်။
***