← Chapters

ဆရာလီ

Vol. 4 Ch. 44

ဆရာလီ

Vol. 4 Ch. 44

ယဲ့မိသားစုနှင့် ယွင်မိသားစုကြားရှိ အဆင်မပြေမှုများကို သတိထားမိနေ၍ မော့ဖုန်းသည် ယဲ့ချိန်ရွှမ်းနှင့် ဆက်ဆံရေးအား မနီးလွန်း၊ မဝေးလွန်းသော အနေအထား တစ်ခု၌သာ ထိန်းသိမ်းထားသည်။ အတန်ကြာ စကားချင်း ဖလှယ်ပြီးသည့်နောက် မော့ဖုန်းသည် မိတ်ဆွေဟောင်း တချို့အားရှာရန် ဟူသော အကြောင်းပြချက်ဖြင့် နှုတ်ဆက်ကာ လမ်းခွဲသွားသည်။

ယဲ့ချိန်ရွှမ်းနှင့် ယဲ့ချန်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ပြုံးရုံ ပြုံးမိကြသည်။ ထို့နောက် နှစ်ယောက်တည်းဖြင့် ယွင်မိသားစု ရဲတိုက်ထဲသို့ ဝင်ခဲ့ကြ၏။

လမ်းတလျှောက်တွင် အခြားသော အိမ်တော်များမှ မိသားစု ခေါင်းဆောင်တို့သည် ယဲ့ချိန်ရွှမ်းအား နှုတ်ဆက် လာကြသော်လည်း အရမ်းကြီး ဖော်ဖော်ရွေရွေ မရှိကြပေ။ အကွာအဝေးတစ်ခု ခြားထားလိုဟန်ဖြင့် ခပ်တန်းတန်းသာ ပြောဆိုကြသည်။ သူတို့အားလုံး ရောက်ရှိနေသော နေရာမှာ ယွင်မိသားစုပိုင်နက် ဖြစ်လေရာ နေရာတိုင်း၌ ယွင်မိသားစု၏ မျက်စိနှင့်နားများ ရှိနေသည်။ ဘယ်အိမ်တော်ကမှ ယွင် / ယဲ့ နှစ်မိသားစု၏ တိုက်ပွဲထဲ၌ ကြားမညပ်လိုရာ အားလုံးက အနေအထိုင် ဆင်ခြင်နေကြသည်။

အပေါ်ယံတွင် အပြုံးကိုယ်စီနှင့် ရှိနေကြသော်ငြား အတွင်းစိတ်ထဲတွင်တော့ ယဲ့မိသားစု ပြိုလဲမည့် အချိန်ကို စောင့်ဆိုင်းနေသူများလည်း ရှိပေသည်။

ရဲတိုက်ဂိတ်ဝ၌ ဧည့်သည်များအား ကြိုဆိုနေသော ယွင်မိသားစုမှ လူနှစ်ယောက်သည် ယဲ့ချန်တို့အားမြင်သော် ရန်လိုသော အကြည့်များဖြင် ကြည့်လာကြသည်။ သို့သော် ယနေ့ သိုင်းပြိုင်ပွဲသို့ ကြွရောက်လာသည့် အထူးဧည့်သည်တော်တစ်ဦး ရှိနေလေရာ ၎င်းတို့အနေနှင့် ပြဿနာ ဖြစ်စေ၍ မရပေ။ ထို့ကြောင့် ယဲ့ချန်တို့မြေးအဘိုး ယွင်မိသားစု ရဲတိုက်ထဲသို့ အေးအေးဆေးဆေး ဝင်သွားသည်အား စိတ်မကြည်လင်စွာ လိုက်ကြည့်နေရုံသာ တတ်နိုင်ကြသည်။

ယဲ့ချန်သည် ယွင်မိသားစုရဲတိုက် အတွင်းဘက်အား တစေ့တစောင်း အကဲခတ်ကြည့်သော် ထျန်းချီအဆင့် ၉ ကျင့်ကြံသူ အယောက် ၂၀ / ၃၀ ခန့် စောင့်ကြပ်နေသည်ကို တွေ့ရသည်။

“အရှေ့ဘက် ခြံဝင်းကို သွားရအောင် ချန်အာ ... ဆရာလီက အဲဒီမှာ ရှိနေတယ်လို့ ကြားတယ်”

ပါးစပ်ကလည်း ပြောရင်း ယဲ့ချိန်ရွှမ်းသည် ယဲ့ချန်အား အရှေ့ဘက် ခြံဝင်းဆီသို့ ဆွဲခေါ်သွား၏။

“ခေါင်းဆောင်ချင်ပါလား မတွေ့တာတောင်ကြာပြီ၊ ဒီအတောအတွင်း အဆင်ပြေရဲ့လား”

ချင်ယွိနှင့် အခြားခေါင်းဆောင် အချို့သည် ရယ်ရယ်မောမော စကားလက်ဆုံ ကျနေရာမှ ရုတ်တရက် ယဲ့ချိန်ရွှမ်း ထွက်ပေါ်လာသောအခါ မည်သို့မည်ပုံ တုံ့ပြန်ရမည်မသိ ဖြစ်သွားသည်။

“နှုတ်ဆက်ပါတယ် ခေါင်းဆောင်ဟောင်းယဲ့”

အားလုံးထဲ၌ ချင်ယွိက ဦးစွာသတိဝင်လာကာ အလျင်အမြန် နှုတ်ဆက်လေသည်။ သူ့ဘေးတွင်တော့ ရန်ယင်း၊ မော့ဖုန်းအပြင် အခြားအိမ်တော်မှ ခေါင်းဆောင်များလည်း ရှိနေကြ၏။

လူအုပ်ထဲတွင် ယဲ့ချန်သည် ရင်းနှီးနေသော လူနှစ်ယောက်ကို မြင်လိုက်ရသည်။ ယွင်မိသားစု ဒုတိယခေါင်းဆောင် ယွင်ရိရွှမ်နှင့် ခြေဖနောင့်သံ စူးနေသော ယွင်ရိဖေးတို့ ဖြစ်သည်။

(တရုတ်စကားပုံ - ခြေဖနောင့်မှာ သံစူးထားသလို မြောက်ကြွမြောက်ကြွနှင့် ဘဝင်မြင့်နေသည်ဟု ဆိုလိုသည်။)

အရှေ့ဘက်ခြံဝင်း၏ အပြင်ဘက်တွင် ဆယ်ယောက်ထက် မနည်းသော ထျန်းချီအဆင့် ၉ ကျင့်ကြံသူများသည် နံဘေး၌ လူငယ်တစ်ယောက် (သို့မဟုတ်) နှစ်ယောက် ခြံရံလျက် စုရုံးနေကြသည်။ သူတို့အားလုံးသည် ဆေးဝါးပညာရှင် ဆရာရွှမ်းယီ၏ တပည့်ကြီး ဆရာလီနှင့် တွေ့ဆုံခွင့်ရရန် ဤသို့ ရစ်သီရစ်သီ လုပ်နေကြမှန်း သိသာလှပါ၏။

သို့တိုင်အောင် အရှေ့ဘက် ခြံဝင်း၏ တံခါးမကြီးသည်ကား ခိုင်ခိုင်မာမာ ပိတ်ထားဆဲ ရှိသေးသည်။

“ဆရာလီက ဘယ်အချိန်မှ ထွက်လာမှာလဲ၊ ငါတို့ ဒီမှာ ရပ်စောင့်နေတာ သုံးနာရီတောင် ကျော်သွားပြီ”

“စိတ်ရှည်စမ်းပါ”

“ငါကြားသလောက်ဆိုရင် ဆရာလီက ဆရာရွှမ်းယီရဲ့ အနှစ်သက်ဆုံးတပည့် ဖြစ်တဲ့အပြင် ဆေးဝါးပညာမှာလည်း အရမ်းကို ထူးချွန်တယ်တဲ့လေ”

“သူ့အဆင့်အတန်းနဲ့ ငါတို့ကို အခုလို စောင့်နေရအောင် လုပ်တော့ရော ဘာအရေးလဲ ငါတို့တတ်နိုင်တာ ဘာမှမရှိဘူးလေ”

ထျန်းချီအဆင့် ၉ ကျင့်ကြံသူများကြားမှ စကားဝိုင်းကို နားထောင်ပြီးသော် ယဲ့ချန်သည် ပိတ်ထားသော တံခါးမကြီးအား နောက်တကြိမ် ပြန်ကြည့်ကာ တွေးမိသည်။ ဆရာလီ ဆိုသူသည် ဆရာရွှမ်းယီ၏ တပည့်သာ ဖြစ်သည့်တိုင် အလွန်အရေးပေးခံ ရသည်။ ဤကျင့်ကြံခြင်း လောက၌ ဆေးဝါး ပညာရှင်များ၏ အဆင့်အတန်းကား သူ ထင်ထားသည်ထက်ပင် ပိုမြင့်နေဟန် ရ၏။

“ဘိုးဘိုး ... ဆေးဝါးပညာရှင်တွေရဲ့ အဆင့်အတန်းက သိပ်ကိုမြင့်တာပဲလား”

ယဲ့ချန်၏ မေးခွန်းကြောင့် ယဲ့ချိန်ရွှမ်းကား သက်ပြင်းချသည်။

“ဒါပေါ့ ဆရာလီကိုပဲ ဥပမာထားပြီး ကြည့်ကြည့် ... ဆရာလီက အသက် ၄၂ နှစ်ပဲ ရှိသေးပေမဲ့ အဆင့်မြင့် ဆေးဝါးပညာရှင် ဖြစ်နေပြီ အဆင့်မြင့် ဆေးဝါးပညာရှင် ဖြစ်ဖို့ဆိုရင် ထျန်းချီအဆင့် ၉ ကျင့်ကြံသူ ဖြစ်နေဖို့က လိုသေးတယ်၊ ဒါ့ကြောင့်လည်း ဆေးဝါးပညာရှင် တွေထဲမှာမှ လက်တစ်ဆုပ်စာ ပမာဏလောက်ကပဲ အဆင့်မြင့် ဆေးဝါးပညာရှင် ဖြစ်လာနိုင်ကြတယ်”

“ဆေးဝါးပညာရှင်တွေက ဆေးဖော်စပ်တာအပြင် တခြား လုပ်နိုင်တာ ရှိသေးလား”

ယဲ့ချန်က ထပ်မေးသည်။

“ဆေးဝါးပညာရှင်တွေကို လျှော့မတွက်နဲ့ အဘိုးတို့ မိသားစုမှာ အဆင့်နိမ့် ဆေးဝါးပညာရှင် တစ်ယောက်လောက်ပဲ ရှိခဲ့ရင်တောင် မိသားစုရဲ့ အဆင့်အတန်းက အရမ်းကို မြင့်သွားမဲ့အပြင် တုန်းလင်ပြည်နယ် တစ်ခုလုံးရဲ့ လေးစားခြင်းကိုလည်း ခံရလိမ့်မယ်၊ တကယ်လို့ အဘိုးတို့ မိသားစုမှာ ချီအဆီအနှစ် ဆေးလုံးလို တန်ဖိုးကြီး ဆေးလုံးမျိုး ဖော်စပ်နိုင်တဲ့ အလယ်အလတ်ဆင့် ဆေးဝါးပညာရှင်သာ ရှိရင် မရေမတွက်နိုင်တဲ့ လူတွေက နေ့တိုင်း ယဲ့မိသားစု တံခါးရှေ့ကို လာပြီး ဆေးဖော်စပ်ပေးဖို့ တောင်းဆိုကြလိမ့်မယ်၊ ဒါပေါ့ လက်ဗလာနဲ့ လာတောင်းဆိုကြမှာတော့ ဘယ်ဟုတ်မလဲ တန်ဖိုးကြီးသတ္တုတွေ၊ မှော်ရတနာတွေ၊ ရွှေငွေပစ္စည်းတွေနဲ့ လဲလှယ်ကြမှာပေါ့၊ အဲဒီလိုသာဆိုရင် ယွင်မိသားကလည်း အဘိုးတို့ မိသားစုကို နောက်ထပ် လာရှုပ်ရဲတော့မှာ မဟုတ်ဘူး”

ယဲ့ချိန်ရွှမ်းက ဆက်ပြောသည်။

“ယဲ့မိသားစုသမိုင်း တစ်လျှောက်မှာ ဆေးဝါးပညာရှင် တစ်ယောက်မှ မရှိခဲ့ဖူးဘူး၊ ဒါပေမဲ့ မော့မိသားစုမှာတော့ လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်က အလယ်အလတ်ဆင့် ဆေးဝါးပညာရှင် တစ်ယောက် ရှိခဲ့ဖူးတယ် အဲဒီဆေးဝါးပညာရှင်ရဲ့ ကျေးဇူးနဲ့ မော့မိသားစုက လင်းနန်ဒေသရဲ့ ဆယ့်သုံးပြည်နယ်မှာ နေရာတခု ခြေကုပ်ယူထားနိုင်ခဲ့တယ်၊ အဲဒီအကြောင်းတွေကြောင့် ယွင်မိသားစုခေါင်းဆောင် ယွင်ရိရန်ကတောင် မော့ဖုန်းကို အထိုက်အလျောက် လေးလေးစားစား ဆက်ဆံရတယ်”

ရဲတိုက်ဂိတ်ဝတွင် တွေ့ခဲ့ရသော မော့ထန်း၏ မျက်နှာပေါ်ရှိ ယုံကြည်မှု လွန်ကဲနေသော အမူအရာတို့က မည်သည့် အကြောင်းကြောင့် ဖြစ်သည်ကို နောက်ဆုံးတော့ ယဲ့ချန် နားလည်သွားရသည်။

“ဆရာလီလို အဆင့်မြင့် ဆေးဝါးပညာရှင် တစ်ယောက်မှာ အနည်းဆုံး ထျန်းချီအဆင့် ၉ အစောင့်အရှောက် ၁၀ ယောက် ဒါမှမဟုတ် အယောက် ၂၀ လောက် ပါလာနိုင်တယ်”

ကောင်းကင်ပထဝီအိတ် အတွင်းရှိ ‘မဟာအဂ္ဂိရတ်ပညာ’ စာအုပ်အကြောင်း တွေးမိသွားသောအခါ ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာရန်မှာ တကယ်ပဲ ထိုမျှခက်ခဲသလောဟု ယဲ့ချန် တွေးမိသွားရသည်။ ထိုစာအုပ်ကို အကြမ်းဖျင်း ဖတ်ကြည့်ရသလောက်တော့ အဂ္ဂိရတ်လမ်းစဉ်သည် အရမ်းကြီး မရှုပ်ထွေးသယောင် ထင်ရသည်။ မိမိနှင့် သင့်လျော်သည့် မီးပြင်းဖိုတခု ရှာဖွေရန်ကသာ အနည်းငယ် ခက်ခဲတာဖြစ်သည်။ အကယ်၍ ဦးလေးမော့ယွမ်အား ကုန်ကြမ်း အပြည့်အစုံ ပေးကာ ဆေးဖော်ရန် မီးပြင်းဖိုတစ်လုံး ပြုလုပ်ခိုင်းလျှင်ပင် အချိန်တစ်နှစ်ခန့် ကြာလောက်မည်ဟု ခန့်မှန်းရသည်။

ကြယ်တာရာဘုံ ကိုးလွှာ၏ ကဏ္ဍကိုးမျိုးထဲမှ မီးသဘာဝကျင့်စဉ် ဖြစ်သော ‘တောက်လောင်နေသောမီးလျှံ’ သည် စကြဝဠာလက်ဝါး/ ပထမအကွက် ‘တိမ်နီကောင်းကင်’ အား လေ့ကျင့်ရာတွင် အသုံးဝင်သည် သာမက ဆေးဝါးဖော်စပ်ခြင်းနှင့်လည်း အထူးသင့်လျော်သည်ဟု ယဲ့ချန် ခံစားရသည်။ ထို့ကြောင့် အခွင့်အခါသင့်လျှင် ဦးလေးမော့ယွမ်အား မီးပြင်းဖိုတစ်ခု ပြုလုပ်ခိုင်းပြီး ချီအဆီအနှစ် ဆေးလုံးကို စမ်းသပ်ဖော်စပ်ကြည့်မည်ဟု ယဲ့ချန် တွေးလိုက်သည်။

အကယ်၍ အရှေ့ဘက် ခြံဝင်းရှေ့၌ စောင့်နေကြသော ကျင့်ကြံသူများသာ ယဲ့ချန်၏ အတွေးအား ဖတ်နိုင်ပါက ဒေါသထွက်လွန်း၍ သတိလစ် သွားကြလောက်သည်။ ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာရန်ကပင် ခက်ခဲလွန်းလှသည်ကို ယဲ့ချန်ကား တစ်ခါတည်းနှင့် အလယ်အလတ်ဆင့် ဆေးဝါးပညာရှင်များသာ ဖော်စပ်နိုင်သော ဆေးလုံးအား စမ်းသပ်ကြည့်ရန် ကြံစည်နေသည်။

ထိုစိတ်ကူးကား ရူးနှမ်းလွန်း လှချေသည်။

ယဲ့ချိန်ရွှမ်းက ယဲ့ချန်အတွေးလွန် နေသည်ကို ကြည့်ကာ ပြုံးသည်။

“ဒီနေရာမှာ ရောက်နေကြတဲ့ လူတွေ အကုန်လုံးက သူတို့ခေါ်လာတဲ့ လူငယ်လေးတွေကို ဆရာလီ သတိထားမိသွားပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ချည်းပဲ အမှန်အတိုင်း ဝန်ခံရရင် အဘိုးလည်း ပါတာပေါ့လေ၊ ဒါပေမဲ့ ဖြစ်မလာလည်း ကိစ္စမရှိပါဘူး ချန်အာ တတ်နိုင်သလောက် ကြိုးစားကြည့်ပေါ့ အများကြီးတော့ မျှော်လင့်မထားနဲ့”

ယဲ့ချိန်ရွှမ်းသည် အပြင်ပန်းတွင် ယဲ့ချန်အား ဖြေသိမ့်နေသယောင် ထင်ရသော်လည်း တကယ်တမ်းတွင်တော့ သူ့ကိုယ်သူ ဖြေသိမ့်နေခြင်း ဖြစ်သည်။ သည်တစ်ကြိမ်ခရီး၌ သူက ယဲ့ချန်အား မည်မျှအထိ မျှော်လင့်ထားမိကြောင်း မိုးနတ်မင်းသာ သိပေလိမ့်မည်။

လူအုပ်ကြီးသည် အရှေ့ဘက် ခြံဝင်းရှေ့၌ စကားစမြည် ပြောလျက် စောင့်မြဲ စောင့်နေကြစဉ် ခြံဝင်းတံခါးမကြီး ပွင့်လာကာ အစိမ်းရောင်ဝတ်စုံနှင့် ဆယ်ကျော်သက် လူငယ်လေး တစ်ယောက် အထဲမှ ထွက်လာလေသည်။ လူငယ်လေး၏ အသွင်သဏ္ဌာန်သည် ရည်ရည်မွန်မွန် ရှိလှပြီး အရွယ်နှင့် မလိုက်အောင် တည်ငြိမ်ပုံလည်း ပေါ်သည်။

ထိုလူငယ်လေးက အမေးရှိလာသည်။

“ဘယ်သူက ယွင်မိသားစုရဲ့ ဒုတိယခေါင်းဆောင်လဲ”

“ကျုပ်ပါ”

ယွင်ရိရွှမ်သည် ကပျာကယာ ရှေ့သို့ထွက်လာကာ လေးလေးစားစား ဆို၏။

“ဆရာလီက ခင်ဗျားနဲ့ ယွင်ရိဖေးကို အထဲဝင်လာဖို့ ပြောလိုက်တယ်”

လူငယ်လေးက ထိုသို့ ပြောပြီးနောက် ‘ဝင်ပါ’ ဟူသော သဘောဖြင့် လက်ပြသည်။

“ကျေးဇူးတင်ပါတယ်”

ယွင်ရိရွှမ်သည် နှုတ်မှ ကျေးဇူးတင်စကား ဆိုလိုက်ရင်း လူငယ်လေး၏ လက်ထဲသို့ ချီစုဆောင်း ဆေးလုံးများ ပါဝင်သော ဘူးတဘူး ထည့်ပေးလိုက်သည်။

လူငယ်လေးသည် အနည်းငယ်မျှပင် ရှိုးတိုးရှန်းတန်း ဖြစ်မနေဘဲ ထိုဘူးအား လက်ခံယူကာ လမ်းပြသည်။

“ဒီဘက် ... ”

ယွင်ရိရွှမ်နှင့် ယွင်ရိဖေးတို့သည် ပြုံးရွှင်နေသော မျက်နှာများဖြင့် ခြံဝင်းထဲသို့ ဝင်ရောက်သွားကြ၏။

ထိုအခါမှ လူငယ်လေးသည် ခြံဝင်းရှေ့တွင် စောင့်ဆိုင်း နေကြသူများဘက်သို့ လှည့်ကာ ရှင်းပြသည်။

“ဆရာလီက အားလုံးကို စကားပါးလိုက်တယ် ဒီတစ်ခေါက် မဟာမိတ် သိုင်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပတာက ယွင်မိသားစု ဖြစ်တဲ့အတွက် ယွင်ရိဖေးကို အရင်ဆုံးတွေ့ပြီး စစ်ဆေးတာက ဖြစ်သင့်တဲ့ကိစ္စပဲ ကျန်တဲ့မိသားစုက အရွေးချယ်ခံမဲ့ လူတွေကိုတော့ မနက်ဖြန်မှ ဆက်ပြီး စစ်ဆေးပေးမယ်၊ ဒါ့ကြောင့် ခင်ဗျားတို့အားလုံး ဒီမှာ ဆက်စောင့်နေဖို့ မလိုတော့ဘူး၊ ကောင်းသောနေ့လေး ဖြစ်ပါစေ”

စကားဆုံးသည်နှင့် လူငယ်လေးကား ခြံဝင်းထဲသို့ ပြန်ဝင်သွားကာ တံခါးမကြီးသည်လည်း နောက်တစ်ကြိမ် စေ့ပိတ်သွား၏။

“ဒါပေမဲ့ ... ငါတို့ သုံးနာရီကျော်တောင် စောင့်ခဲ့ရတာလေ”

“ဆရာလီက တကယ်ကို မထောက်ထားတတ်တာပဲ”

“တော်စမ်း ဟိုကကြားသွားရင် မလွယ်ဘူး အပြောအဆို ဆင်ခြင်စမ်းပါ”

လူအုပ်ကြီးသည် ယွင်ရိရွှမ်နှင့် ယွင်ရိဖေးတို့ နှစ်ဦးတည်း ဝင်ခွင့်ရသွားခြင်းအပေါ် သိပ်မကျေနပ်ကြသော်ငြား တိတ်ဆိတ်စွာသာ ရပ်ကြည့် နေနိုင်ကြသည်။ မကျေနပ်ချက်အား ထုတ်ဖော်ပြမိလျှင် ကောင်းတာ ဘာမှ ဖြစ်မလာမည် မဟုတ်ပေ။ ထို့ကြောင့် အားလုံးသော လူတို့သည် မနက်ဖြန်အတွက် မျှော်လင့်ရင်း လာရာလမ်းအတိုင်း လှည့်ပြန်ရုံသာ တတ်နိုင်ကြသည်။

***

All Chapters