သာမန်ပါရမီရှင်
Vol. 4 Ch. 45
“သွားရအောင် အဘိုး”
ယဲ့ချန်သည် စေ့ပိတ်သွားသော တံခါးမကြီးဘက်သို့ နောက်ဆုံးအနေနှင့် တစ်ချက် ကြည့်ကာ ပြောလိုက်သည်။ ဆရာလီသည် ယွင်မိသားစုနှင့် သဘောတူညီမှုတစ်ခု လုပ်ထားပုံရသည်။ ထုတ်မပြောသည်က လွဲ၍ ထိုအချက်အား လူတိုင်း သံသယ ဝင်နေကြသည်။
အဘိုးဖြစ်သူ၏ အတန်ငယ် စိတ်ပျက်အားလျော့သွားသော အမူအရာကြောင့် ယဲ့ချန် လက်သီးတင်းတင်း ဆုပ်မိသည်။
ယဲ့ချိန်ရွှမ်းသည် သက်ပြင်းချကာ ဆိုပါ၏။
“သွားကြတာပေါ့”
“အရမ်း စိတ်မကောင်း မဖြစ်ပါနဲ့ ဘိုးဘိုး ဆရာရွှမ်းယီရဲ့တပည့် ဖြစ်လာဖို့က ဒီလောက်ထိ အရေးကြီးတာမှ မဟုတ်တာ”
ယဲ့ချန်က ယဲ့ချိန်ရွှမ်းအား နှစ်သိမ့်သည်။
သူသည် အဘိုးဖြစ်သူ၏ စိတ်အား ကောင်းကောင်း နားလည်၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ယဲ့ချိန်ရွှမ်းသည် အချိန်မှန်သမျှအား မိသားစုတိုးတက်ရေး အတွက်သာ အားစိုက်ထားခဲ့ပြီး လက်ထပ်ခြင်းပင် မပြုခဲ့ပေ။ ယဲ့မိသားစု၏ ထျန်းချီကျင့်စဉ်သည် ‘မိုးကြိုးသဘာဝကျင့်စဉ်’ ဖြစ်ခြင်းကြောင့် ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာရန် ခက်ခဲလှကြောင်း နားလည်ထားသော်ငြား ယဲ့ချိန်ရွှမ်း၏ ဘယ်တုန်းကမှ ထုတ်ဖော်မပြခဲ့သော အတွေးထဲတွင်တော့ ယဲ့မိသားစုမှ ဆေးဝါးပညာရှင် တစ်ယောက် ထွက်ပေါ်လာရန် တိတ်တိတ်လေး မျှော်လင့်နေခဲ့တာ ဖြစ်သည်။
ယဲ့ချိန်ရွှမ်းက ခေါင်းညိတ်ကာ ဆိုသည်။
“မှန်ပါတယ် သွားစို့”
နှစ်ဦးသားသည် ယွင်မိသားစုမှ နေရာချပေးထားသော တောင်ဘက် ခြံဝင်းရှိ ဧည့်သည်အခန်းဆီသို့ ပြန်လာခဲ့ကြသည်။ ယဲ့ချန်တို့ ရရှိသော အခန်းကား တိုက်တိုက်ဆိုင်ဆိုင် မော့ဖုန်းတို့ မြေးအဘိုးနှင့် ဘေးချင်းကပ်လျက် ဖြစ်နေသည်။
အရှေ့ဘက်ခြံဝင်း အတွင်း၌ ... ။
မီးသဘာဝကျင့်စဉ်အား လေ့ကျင့်သည့် ကျင့်ကြံသူများအတွက် အထူးပြုလုပ်ထားသော အမွှေးနံ့သာနံ့တစ်မျိုး ပျံ့လွင့်နေသည်။ ထိုအမွှေးနံ့သာသည် ယွင်ရိရန်မှ ဆရာလီအတွက် ရည်ရွယ်ကာ ပြင်ဆင် ပေးထားခြင်း ဖြစ်သည်။ ခန်းမအတွင်းရှိ ထိုင်ခုံတစ်ခုံတွင် အရောင်အဆင်း ကင်းမဲ့သည့် ဖြူဖျော့ဖျော့ ဝတ်စုံအား ဝတ်ဆင်ထားသူတစ်ဦး ထိုင်နေ၏။ ထိုသူကား အသက်လေးဆယ်ကျော်ခန့် ရှိလောက်မည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သို့သော် ထိုသူသည် ရှိရင်းစွဲ အသက်ထက် များစွာ နုပျိုပုံ ပေါ်သည့်အပြင် အထက်တန်းလွှာဆန်သည့် အငွေ့အသက်မျိုးလည်း ထုတ်လွှင့်နေသည်။ ထိုသူ၏ လက်ထဲတွင် အကောင်းစား ကြွေထည်ဖြင့် ပြုလုပ်ထားသော လက်ဖက်ရည်ခွက် တစ်ခွက်ကို ကိုင်ထားပြီး ဖြည်းဖြည်းချင်း အရသာခံကာ သောက်နေသည်။ ထိုသူက မျက်လုံးတချက် ပင့်ကြည့်လိုက်လျှင် နံဘေးတွင် စောင့်နေကြသော အစေခံနှစ်ယောက်သည် အလိုက်သိစွာဖြင့် ဦးညွှတ်လျက် ထွက်ခွာသွားကြသည်။
“ဆရာလီ ... ဒါက ကျုပ်တို့ ယွင်မိသားစုရဲ့ အထူးချွန်ဆုံး ပါရမီရှင်ပါ အသက်၁၈နဲ့ ထျန်းချီအဆင့် ၇ ထိပ်ဆုံးဆင့်ကို ရောက်နေပါပြီ”
ယွင်ရိရွှမ်သည် အလွန်ရိုကျိုးသော လေယူလေသိမ်းဖြင့် ဆရာလီအား ယွင်ရိဖေးနှင့် ပတ်သက်၍ ရှင်းပြသည်။
ယွင်ရိရွှမ်ကဲ့သို့ ယွင်မိသားစု၏ ဒုခေါင်းဆောင်လေး မဆိုထားနှင့်၊ တုန်းလင်ပြည်နယ်၏ ဘုရင်ခံကိုယ်တိုင် ရောက်လာလျှင်ပင် ဆရာလီကဲ့သို့ အဆင့်မြင့် ဆေးဝါးပညာရှင်အား လေးလေးစားစား ဆက်ဆံရမှာ ဖြစ်သည်။
“ဒီအသက်အရွယ်နဲ့ ထျန်းချီအဆင့် ၇ ထိပ်ဆုံးဆင့်ဆိုတော့ အထင်ကြီးစရာပါပဲ၊ သူ့ရဲ့ ထျန်းချီအပေါ် ထိန်းချုပ်နိုင်စွမ်းကရော ဘယ်လိုရှိလဲ မီးသဘာဝ မှော်တိုက်ကွက်တွေ ဘာတွေရော လေ့ကျင့်ဖူးလား”
ဆရာလီ (ဝါ) လီရှုက လက်ထဲမှ လက်ဖက်ရည်ခွက်အား စားပွဲပေါ်သို့ ဖြည်းညင်းစွာ ချလိုက်ရင်း မေးသည်။ လီရှု၏ အဆင့်အတန်းအရ မရေမတွက်နိုင်သော ပါရမီရှင်တို့အား မကြာခဏ တွေ့ဖူးပေသည်။ ထို့ကြောင့် ထူးချွန်သည့် ပါရမီရှင်တိုင်းက ဆေးဝါးပညာရှင် ဖြစ်မလာနိုင်သည်ကို ကောင်းကောင်း နားလည်သည်။
“ဆရာလီကိုယ်တိုင် စစ်ဆေးကြည့်နိုင်ပါတယ်”
ယွင်ရိရွှမ်က ဦးညွှတ်လျက် ပြောသည်။
ယွင်ရိဖေးကမူ ယခုထက်ထိ ခေါင်းမော့မလာရဲသေးပေ။ ခေါင်းငုံ့ထားလျက်သာ ဆရာလီ၏ အမိန့်အား စောင့်ဆိုင်းနေသည်။
“ဒီကိုလာခဲ့”
ဆရာလီက ပြောသည်။
ယွင်ရိဖေးသည် ဆရာလီ၏ ထိုင်ခုံအနီးသို့ တိုးကပ်သွားပြီး သူ၏ ညာဘက်လက်အား နာခံစွာဖြင့် ထုတ်ပေးလိုက်သည်။
လီရှုသည် ယွင်ရီဖေး၏ ညာဘက် လက်ကောက်ဝတ်အား အသာအယာ စမ်းသပ်ကြည့်ပြီးနောက် ပြောလာသည်။
“ယွင်မိသားစုရဲ့ ထျန်းချီကျင့်စဉ်က ရေသဘာဝနှင့် မြေကြီးသဘာဝအပေါ် အခြေခံတယ် ဒါ့ကြောင့် ယွင်မိသားစုက ကျင့်ကြံသူတွေ အနေနဲ့ ဆေးဝါးပညာရှင် ဖြစ်လာနိုင်ဖို့ ခဲယဉ်းတယ် ဒါပေမဲ့ စိတ်ဝင်စားစရာ ကောင်းတာက ဒီကောင်လေးရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက မီးသဘာဝထျန်း ချီကျင့်စဉ်နဲ့လည်း လိုက်လျောညီထွေ ဖြစ်လောက်တာကို တွေ့ရတယ်”
လီရှု၏စကားကြောင့် ယွင်ရိဖေးနှင့် ယွင်ရိရွှမ်တို့ ပြုံးရွှင်သွားကြသည်။
လီရှုက စကားဆက်သည်။
“ဒါပေမဲ့ ... လူတစ်ရာထဲမှာ တစ်ယောက်လောက်ကပဲ ထျန်းချီကို စိတ်တိုင်းကျ ထိန်းချုပ်ပြီး အသုံးပြုနိုင်ကြတယ် အဲဒီအသုံးပြုနိုင်တဲ့ လူနည်းစုထဲမှာမှ အကောင်းမွန်ဆုံး ထိန်းချုပ်နိုင်တဲ့ သူကို ရှာတွေ့ဖို့က ကောက်ရိုးပုံထဲ ကျပျောက်သွားတဲ့ အပ်ကို ရှာရသလိုပဲ ခက်ခဲလွန်းတယ် အခု ငါက ဒီကောင်လေးရဲ့ ထျန်းချီအပေါ် ထိန်းချုပ်နိုင်စွမ်းကို စမ်းသပ်မယ်”
လီရှုသည် ယွင်ရိရွှမ်နှင့် ယွင်ရိဖေးတို့အား ကြည့်ရင်း အတိတ်တစ်ချိန်က ဆရာရွှမ်းယီ၏ တပည့်အဖြစ် ရွေးချယ်ခံခဲ့ရပုံကို ပြန်တွေးမိသည်။ ထိုစဉ်က သူသည် ဆရာရွှမ်းယီ၏ ရှေ့မှောက်၌ အခြားသော လူပေါင်းများစွာထက် သာလွန်သည့် ထျန်းချီအပေါ် ထိန်းချုပ်နိုင်စွမ်းကို ပြသခဲ့၍ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ လူသန်းပေါင်း များစွာထဲတွင် သူ၏ စွမ်းဆောင်ရည်က အကောင်းဆုံး ဖြစ်ခဲ့၍သာ ရွေးချယ်ခံခဲ့ရခြင်းပင်။ ထျန်းချီအား သာမန်မျှ ထိန်းချုပ်နိုင်ရုံလောက်နှင့် အဆင့်မြင့် ဆေးဝါးပညာရှင် တစ်ယောက်၏ အာရုံကို မဖမ်းစားနိုင်ပေ။ မီးသဘာဝ ထျန်းချီကျင့်စဉ်ကို လေ့ကျင့်ထားခြင်း မရှိလျှင်ပင် ဆေးဝါးပညာရှင် လမ်းကြောင်းပေါ်သို့ ရောက်မှ စတင် လေ့ကျင့်၍ ရသေးသည်။ သို့သော် တစ်စုံတစ်ယောက်၏ ထျန်းချီအပေါ် ထိန်းချုပ်နိုင်စွမ်း သည်တော့ လုပ်ယူနိုင်သည့်အရာ မဟုတ်ဘဲ ပင်ကိုပါရမီနှင့်သာ သက်ဆိုင်၏။
ထိုသည်ကို နားမလည်သော ယွင်ရိရွှမ်ကမူ ယွင်ရိဖေးအပေါ် မျှော်လင့်ချက် ကြီးကြီး ထားနေပုံရသည်။
လီရှုသည် စားပွဲပေါ်တွင် အသင့်ထားရှိသော ပန်းကန်ပြားထဲမှ သစ်သားပြာမှုန် လက်တဆုပ်စာအား ဆုပ်ကိုင်ဟန်ပြုသည်။ ထူးဆန်းသည်မှာ လီရှုသည် ပြာမှုန်တို့အား အမှန်တကယ် မထိတွေ့ဘဲ ပြာမှုန်ပန်းကန်၏ အထက် လေထုထဲ၌ တစ်စုံတစ်ရာအား ဖမ်းဆုပ်ဟန်သာ ပြုလိုက်ခြင်း ဖြစ်သည်။ ထိုပြာမှုန်တို့သည် လီရှု၏ လက်အား တစ်စတလေပင် ကပ်ငြိခြင်း မရှိဘဲ လေထုထဲသို့ မြောက်တက်လာကာ အမိန့်အတိုင်း ရွေ့လျားနေသကဲ့သို့ လွင့်မျော နေလေသည်။ ထို့နောက် ပြာမှုန်များဖြင့် ဖွဲ့စည်းထားသော မီးပြင်းဖိုတစ်လုံး၏ အသွင်သဏ္ဌာန် ဖြစ်ပေါ်လာ၏။ ထိုမြင်ကွင်းအား ကြည့်ကာ ယွင်ရိရွှမ်တစ်ယောက် အံ့ဩမှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူ့အကို ယွင်ရိရန်ပင် ထိုကဲ့သို့ မလုပ်နိုင်သည်ကို သူက အသေအချာ သိပါ၏။
လီရှုက ယွင်ရိဖေးအား ကြည့်ကာ ပြောသည်။
“မင်းရဲ့လက်ကို ပြာမှုန်ထည့်ထားတဲ့ ပန်းကန်ပြားရဲ့ အထက် နှစ်လက်မအကွာမှာ ထားပြီး ငါလုပ်သလို လုပ်ကြည့် မီးပြင်းဖိုပုံ မဟုတ်လည်း မင်းကြိုက်တဲ့ ပုံသဏ္ဌာန်ကို လုပ်နိုင်တယ်”
ယွင်ရိဖေးကား လီရှု၏ ခိုင်းစေမှုကို ကြားသော် မင်သက်သွားသည်။ သူ့အနေနှင့် ထိုသို့သော စမ်းသပ်မှုမျိုးကို ကြုံရလိမ့်မည်ဟု ထင်မှတ် မထားခဲ့မိပေ။ များသောအားဖြင့် ဆေးဝါးပညာရှင်များသည် တပည့်ရွေးချယ်ရာ၌ ရွေးချယ်ခံမည့် သူတို့အား လူလုပ်သစ်သားရုပ်များဖြင့် တိုက်ခိုက်စေသည်။ ထိုတိုက်ပွဲတွင် ရွေးချယ်ခံမည့်သူ တစ်ဦးချင်းစီ၏ ထျန်းချီ ထိန်းချုပ်နိုင်စွမ်းကို အကဲခတ်ကာ အမှတ်ပေးကြခြင်း ဖြစ်သည်။
ဆရာလီ၏ စမ်းသပ် စစ်ဆေးမှုသည်ကား ယွင်ရိဖေးကဲ့သို့ လူငယ်တစ်ယောက်အတွက် မဆိုထားနှင့်၊ ယွင်ရိရွှမ်အတွက်ပင် ခက်ခဲလှသည်။
ယွင်ရိဖေးသည် စိုးရိမ်စိတ်ကြောင့် အလွန် စိတ်လှုပ်ရှားနေရပြီ ဖြစ်သည်။ အတန်ကြာမှ သူသည် ညာဘက်လက်အား ပြာမှုန်ပန်းကန်၏ အထက် နှစ်လက်မအကွာသို့ ဆန့်ထုတ်ပြီး ခန္ဓာကိုယ်ထဲရှိ ထျန်းချီတို့အား ညာဘက်လက်ဝါးဆီ ပို့ဆောင်လိုက်သည်။ သူ၏ ညာဘက်လက်သည် တန်ပေါင်းများစွာ လေးလံသော တစ်စုံတစ်ရာအား သယ်ဆောင်ထား ရသကဲ့သို့ တောင့်တင်း လေးလံလာပြီး နဖူးပြင်၌ ချွေးစတို့ စို့လာသည်။ ရလဒ်အနေနှင့် ပန်းကန်ထဲရှိ ပြာမှုန်တို့သည် လေထုထဲသို့ အနည်းငယ် မြောက်တက်လာသည်။ ယွင်ရိဖေးလည်း စိတ်အားတက်သွားပြီး ပြာမှုန်တို့ဖြင့် ဓားတစ်ချောင်း၏ အသွင်သဏ္ဌာန် ဖွဲ့စည်းရန် ကြိုးပမ်းလိုက်သည်။ သို့သော် ကံမကောင်းစွာပင် ပြာမှုန်တို့သည် ဓားတချောင်း၏ သဏ္ဌာန် ဖြစ်လာရမည့်အစား ဟိုဘက်သို့ ရွဲ့သွားလိုက်၊ သည်ဘက်သို့ စောင်းသွားလိုက်ဖြင့် လုံးလည်ချပ်ပြား လိုက်နေတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ ယွင်ရိဖေး၏ ထျန်းချီတို့မှာ အားနည်း လျော့ရဲလာပြီး ချွေးစတို့က မျက်နှာအနှံ့မှ စီးကျလာကြ၏။
ဘေးဘက်မှ ရပ်ကြည့်နေသော ယွင်ရိရွှမ်၏ စိတ်အခြေအနေ သည်လည်း သိပ်တော့မကောင်းလှ။ စိတ်ထဲ၌လည်း သူပင် မအောင်မြင်လောက်သော စစ်ဆေးမှုအား ယွင်ရိဖေးလည်း မအောင်မြင်နိုင်ဟု သေချာနေပြီ ဖြစ်သည်။ အဆင့်မြင့် ဆေးဝါးပညာရှင် တယောက်၏ စစ်ဆေးမှုကား ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ခဏတာ တုံ့ဆိုင်းနေပြီးမှ ယွင်ရိရွှမ် မေးလိုက်၏။
“သူ ... အရည်အချင်း ပြည့်မီရဲ့လား ဆရာလီ”
လီရှုက ခေါင်းယမ်းသည်။
“ယွင်ရိဖေးရဲ့ ထျန်းချီအပေါ် ထိန်းချုပ်နိုင်စွမ်းက သာမန်ပဲရှိတယ် ဆရာကောင်း တစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့ ဆိုရင်တော့ အဆင့်နိမ့် ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာနိုင်လောက်ပါတယ်၊ ဒါပေမဲ့ ... ဒါက ကျုပ်အတွက်တော့ မလုံလောက်ဘူး”
ယွင်ရိရွှမ်နှင့် ယွင်ရိဖေးတို့ နှစ်ဦးလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ ဆရာလီ၏ စကားတွင် အဓိပ္ပာယ်နှစ်မျိုး ပါဝင်သည်။ ယွင်ရိဖေးသည် အဆင့်နိမ့် ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာနိုင်သော်ငြား ဆရာရွှမ်းယီ၏ လက်အောက်၌ လေ့ကျင့်ရန်တော့ အရည်အချင်း မပြည့်မီဟု ဆိုလိုခြင်း ဖြစ်သည်။
“ဆရာလီအနေနဲ့ ရိဖေးကို ခြွင်းချက်အနေနဲ့ လက်ခံပေးလို့ မဖြစ်ဘူးလား”
ယွင်ရိရွှမ်က တောင်းဆိုသည်။
“အဲဒီလိုသာ ဆိုရင် ယွင်မိသားစုကလည်း ကျေးဇူးမမေ့ပါဘူး”
ထိုစကားအားကြားသော် လီရှု၏ အမူအရာမှာ အေးစက်သွားသည်။
“စကားပြောတာ ဆင်ခြင်ပါ ကျုပ်ဒီကို လာခဲ့တာက ကျုပ်ဆရာအတွက် လက်ထောက်တစ်ယောက် ရွေးချယ်ဖို့ လက်ထောက် တစ်ယောက်ရဲ့ တာဝန်က ဆေးဝါးပညာရှင် တစ်ယောက် ဆေးဖော်စပ်တဲ့ အချိန်မှာ မီးကို လိုသလို ထိန်းငြှိပေးဖို့ပဲ၊ ဒါပေမဲ့ ယွင်ရိဖေးက အရည်အချင်း မပြည့်မီဘူး၊ ကျုပ်ဆရာ ဆေးဖော်စပ်နေတုန်း သူ့ကြောင့် အမှားအယွင်း တစ်ခုခု ဖြစ်သွားခဲ့ရင် ယွင်မိသားစုရဲ့ ပိုင်ဆိုင်သမျှ အကုန်လုံးနဲ့ ပြန်လျော်ပေးတောင် မလုံလောက်ဘူး”
ယွင်ရိရွှမ်မှာ လီရှု၏ ပြတ်သားသော သဘောထားကြောင့် အထိတ်ထိတ် အလန့်လန့်နှင့် တောင်းပန်လိုက်ရသည်။
“ကျုပ်မသိတတ်တာပါ စိတ်မရှိပါနဲ့ ဆရာလီ ကျုပ်ရဲ့ နားမလည်မှုကြောင့် ပြောမိသွားတာကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
လီရှု၏ ပြင်းထန်သော စကားတို့က ယွင်ရိရွှမ်၏ မျက်နှာအား ဖြတ်ရိုက်လိုက်သကဲ့သို့ ရှိသည်။ လီရှုပြောသည်မှာ မှန်ပေ၏။ ဆရာရွှမ်းယီကဲ့သို့ ဆေးဝါးပညာရှင် တစ်ယောက်၏ ဆေးလုံးတစ်လုံးသာ ပျက်စီးသွားပါက ယွင်မိသားစု ပိုင်ဆိုင်သမျှအား ထုခွဲရောင်းချကာ လျော်ပေးလျှင်ပင် လုံလောက်မည် မဟုတ်ပေ။
“ခင်ဗျားတို့ နှစ်ယောက် ပြန်လို့ရပြီ”
လီရှုက ဝတ်ရုံလက်စအား ဝှေ့ယမ်းလျက် ပြော၏။
“ကောင်းကောင်း အနားယူပါ ဆရာလီ”
ယွင်ရိရွှမ်သည် ယွင်ရိဖေးအား မျက်ရိပ်ပြလျက် ခန်းမထဲမှ အလျင်အမြန် ထွက်ခွာလာခဲ့၏။
အရှေ့ဘက်ခြံဝင်း အပြင်ဘက်သို့ ရောက်သော အခါတွင်မှ ယွင်ရိရွှမ်က သက်ပြင်းချသည်။
“လီရှုက မောက်မာလွန်းတယ်”
ယွင်ရိဖေးကား မကျေမနပ် ရေရွတ်လေ၏။
သူသည် ငယ်စဉ်ကတည်းက ယွင်မိသားစု တခုလုံးတွင် အထူးချွန်ဆုံး ပါရမီရှင်အဖြစ် သတ်မှတ်ခြင်း ခံရသည်။ ယခု လီရှုနှင့်ကျကာမှ သာမန်သာ ပါရမီရှိသူအဖြစ် သတ်မှတ်ခံရလေရာ လုံးဝ မကျေနပ်နိုင်ပေ။
“စကားပြောတာ ဆင်ခြင်စမ်း”
ယွင်ရိရွှမ်သည် ယွင်ရိဖေးအား လှည့်ကြည့်ပြီး တင်းတင်းကျပ်ကျပ် သတိပေး၏။
“မင်းစကားကို လီရှုသာ ကြားသွားရင် ယွင်မိသားစု တစ်ခုလုံး အဆုံးသတ် သွားလိမ့်မယ် နားလည်လား”
“လီရှုက အဲဒီလောက်ထိ လုပ်နိုင်စွမ်းရှိလို့လား”
“ငါက မင်းကို အားအားယားယား ဘာလို့လိမ်ရမှာလဲ”
ယွင်ရိရွှမ်သည် စိတ်မရှည်တော့ဘဲ ဒေါသနှင့် အော်လိုက်တော့သည်။ ယွင်ရိရွှမ် အမှန်တကယ် ဒေါသထွက်သွားခြင်း ဖြစ်ကြောင်း မြင်ရတော့မှ ယွင်ရိဖေးလည်း ပါးစပ်ပိတ်သွား၏။
***