အမွှေးပွလေး (ဝါ) ပြောင်မြောက်လှသော သူခိုး
Vol. 4 Ch. 46
ယဲ့ချန်သည် သူတည်းခိုရမည့် အခန်းထဲသို့ ခြေချလိုက်သည့်အခါ အခန်းတစ်ခုလုံးသည် နှစ်ပေါင်းများစွာ မရှင်းလင်းဘဲ ထား,ထားသကဲ့သို့ ရှုပ်ပွနေသည်ကို တွေ့လိုက်ရသည်။ အခန်းထောင့်ရှိ ကုတင်သည်ပင် လူအိပ်သည့်နေရာနှင့် မတူတော့ပါ။
ယွင်မိသားစုသည် သူ့အား ရည်ရည်ချက် ရှိရှိနှင့် ဤအခန်း၌ နေရာချ ထားပေးခြင်း ဖြစ်ရပေမည်။
အခြေအနေနှင့် အချိန်အခါအရ ယဲ့ချန်အဖို့ သည်းခံရုံသာ တတ်နိုင်သည်။ အခန်းတစ်ခုလုံးက ရှုပ်ပွနေသည့်တိုင် အနည်းဆုံးတော့ ညဘက်တွင် လေ့ကျင့်စရာ နေရာတစ်ခု ရှိသေးသည် ဟုပဲ တွေးရတော့သည်။
အမွှေးပွလေးပင် မကျေမချမ်း ဖြစ်သွားဟန်နှင့် တရှူးရှူး အသံပြုလာသည်။ အခန်း၏ အနေအထားသည် အမွှေးပွလေးကဲ့သို့ လူမဟုတ်သော သတ္တဝါ အတွက်တောင် အတော်လေး ညစ်ပတ်ရှုပ်ပွနေတာ ဖြစ်သည်။
ယဲ့ချန်က ရယ်မောလျက် အမွှေးပွလေးအား နှစ်သိမ့်ပေးလိုက်သည်။
“ယွင်မိသားစုက ယဲ့မိသားစုနဲ့ ရန်ဘက်တွေ ဖြစ်နေမှတော့ တစ်နည်းမဟုတ် တစ်နည်းနဲ့ ငါတို့ကို ခက်ခဲအောင် လုပ်လာမှာပဲလေ မထူးဆန်းပါဘူး၊ ဒါပေမဲ့ တစ်နေ့ကျ ဒါတွေ အားလုံးအတွက် သူတို့ကို ကျိန်းသေ ပြန်ပေးဆပ်စေမှာပါ ဟုတ်ပြီလား”
အမွှေးပွလေးသည် ခဏတာ ငြိမ်သွားပြီးနောက်တွင် ယဲ့ချန်အား တစ်စုံတစ်ရာ ပြောလိုသည့်အလား အမြှီးများကို တနှံ့နှံ့ လုပ်ကာ ဂနာမငြိမ် ဖြစ်လာသည်။ သို့သော် သူပြောလိုသည်အား ယဲ့ချန်က နားလည်ပုံမရသောအခါ တစ်ချက် အော်လိုက်ပြီးနောက် ယဲ့ချန်ပခုံးပေါ်မှ ခုန်ဆင်းကာ အခန်းအပြင်ဘက်သို့ ပြေးထွက်သွားလေသည်။
“ဘယ်သွားမလို့လဲ အမွှေးပွလေး”
ယဲ့ချန်သည် ရုတ်တရက်မို့ ထိတ်လန့်သွားပြီး ဆွဲမိဆွဲရာ လှမ်းဆွဲလိုက်သော်ငြား အမွှေးပွလေး၏ ခန္ဓာကိုယ်သည် နူးညံ့ချောမွတ်လှသော အဖြူရောင် အမွှေးများဖြင့် ပြည့်နှက်နေလေရာ ငါးရှဉ့်ထက်ပင် ပို၍ ချောနေသေးသည်။ ထို့ကြောင့် ဖမ်းမမိလိုက်ပေ။
ယဲ့ချန်လည်း ဘာမှမတတ်နိုင်တော့ဘဲ ဝိညာဉ်အသိအမြင်ဖြင့် အမွှေးပွလေးအား အာရုံခံလျက် အလျင်အမြန် လိုက်သွားရတော့သည်။
အမွှေးပွလေးသည် လူအများအပြား ရှိနေသော စင်္ကြံလမ်းများအား ရွှစ်ခနဲ ရွှစ်ခနဲဖြင့် အလွန်လျင်မြန်စွာ ဖြတ်သန်းသွားလေရာ သူ့အုပ်စုနှင့်သူ အတင်း ပြောနေကြသော ကျင့်ကြံသူ အပေါင်းတို့အနက် ဘယ်သူကမှ အလင်းတန်းသဖွယ် ဖြတ်ကျော်သွားသည့် ပုံရိပ်လေးအား သတိမထားမိပေ။
တဖြည်းဖြည်းနှင့် ယဲ့ချန်နှင့် အမွှေးပွလေးကြားရှိ အကွာအဝေးသည် ပိုဝေးလာပြီး နောက်ဆုံး အမွှေးပွလေးသည် ယဲ့ချန်၏ ဝိညာဉ်အသိအမြင်မှ ထောက်လှမ်းနိုင်သော အတိုင်းအတာ အတွင်းမှ လွတ်ထွက်သွားလေသည်။
ယဲ့ချန်လည်း စိုးရိမ်စပြုလာသည်။ ယွင်မိသားစု ပိုင်နက်အတွင်း စိတ်ထင်တိုင်း လျှောက်မသွားရန် ယဲ့ချိန်ရွှမ်းက အထပ်ထပ်အခါခါ သတိပေးထားခဲ့သည်။ အမွှေးပွလေးသာ တားမြစ်နေရာ တစ်ခုခုသို့ ကျူးကျော်မိ သွားပါက ဒုက္ခများပေတော့မည်။ ယဲ့ချန်သည် တွေးလေတွေးလေ စိတ်ပူလာရပြီး ဝိညာဉ်အသိအမြင်ကို သုံးကာ နေရာအနှံ့၌ လိုက်ရှာရတော့သည်။ တနာရီခန့် ကြာသောအချိန်၌ ရင်းနှီးနေသော အငွေ့အသက် တစ်ခုအား အာရုံခံမိလိုက်သည်။
‘အမွှေးပွလေးပဲ’
ထိုအငွေ့အသက် ရှိရာသို့ အပြေးအလွှား ရောက်သွားသောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ယဲ့ချန် ကြောင်အသွားရသည်။ အမွှေးပွလေးသည် သူ့ကိုပင် ဂရုမစိုက်အားဘဲ နောက်မှ ကျားလိုက်လာသည့်အလား အသွားတုန်းကထက်ပင် ပိုမြန်သော အရှိန်အဟုန်ဖြင့် တောင်ဘက် ခြံဝင်းရှိ ယဲ့ချန်၏ အခန်းဘက်သို့ ပြန်ပြေးနေလေသည်။
ယဲ့ချန်သည် ကြာကြာပင် မကြောင်အလိုက်နိုင်၊ နောက်တကြိမ် ထပ်ကာ ပြေးထွက်သွားမည် စိုး၍ အမွှေးပွလေးနောက်မှ ထပ်ချပ်မကွာ လိုက်လာခဲ့ရသည်။
“ဘယ်တွေ လျှောက်ပြေးနေတာလဲ အန္တရာယ်များတယ် ဆိုတာ မသိဘူးလား”
အခန်းထဲသို့ ပြန်ရောက်သော် ယဲ့ချန်သည် မျက်နှာထား တင်းတင်းဖြင့် အမွှေးပွလေးအား ဆူလိုက်၏။
“ငါလည်း မင်းကို မဆူချင်ပါဘူး ဒါပေမဲ့ ...”
အမွှေးပွလေးသည် ယဲ့ချန်မှ သူ့အား မတရားသဖြင့် အနိုင်ကျင့်နေသည့်အလား နာကျင်နေသည့် မျက်လုံးရွှဲလေးများဖြင့် မော့ကြည့်လာလေသည်။
ယဲ့ချန်မှာ အစောပိုင်းက တွေးထားသည့် ‘ပြင်းပြင်းထန်ထန် ဆူပစ်လိုက်မည်’ ဟူသော စိတ်ကူးများပင် ဘယ်ဆီဘယ်ဝယ် ရောက်သွားမှန်း မသိတော့။
အမွှေးပွလေးအား ပြန်ချော့ရန် ပြင်လိုက်စဉ်တွင်ပဲ ယဲ့ချန်သည် ၎င်း၏ ရှေ့လက်နှစ်ချောင်း၌ ကိုင်ထားသည့် ကောင်းကင်ပထဝီအိတ်ကို မြင်လိုက်ရ၍ နောက်တကြိမ် ထိတ်လန့် သွားရပြန်သည်။ အနှီအကောင်ပေါက်လေးသည် သူ့ခါးတွင် ချိတ်ထားသော ကောင်းကင်ပထဝီ အိတ်အား ဘယ်အချိန် ဘယ်လို ဖြုတ်ယူသွားသည် မသိပေ။
“ကောင်းကင်ပထဝီအိတ်ကို ဘယ်ကို ယူသွားရတာတုန်း”
သနားစဖွယ် လုပ်ပြနေသည့် တတ်လည်း တတ်နိုင်ပါသော အကောင်ပေါက်လေးကြောင့် ယဲ့ချန်သည် ဆူမည့် အတွေးအား လက်လျှော့လိုက်ရပြီး ကူကယ်ရာမဲ့စွာသာ မေးမိတော့သည်။
ထိုအခါမှ အမွှေးပွလေး၏ အမူအရာသည် ရွှင်ပျသွားပြီး ရှေ့လက်နှစ်ချောင်းဖြင့် ကောင်းကင်ပထဝီအိတ်အား ယဲ့ချန်ထံ တိုးပေးလေသည်။
‘ဖွင့်ကြည့်လိုက်’ ဟူသည့် သဘော။
ယဲ့ချန်သည် အိတ်အား ယူလိုက်ပြီး ဖွင့်ကြည့်လိုက်သော် မြင်လိုက်ရသည်မှာ - များပြားလှသော ကြွေဘူးလေးများ ဖြစ်ပြီး ၎င်းကြွေဘူးများထဲ၌ ချီစုဆောင်းဆေးလုံး အများအပြား ပါဝင်လေသည်။ ထိုမျှမကသေးပေ။ အတိအကျ ပြောရလျှင် - ချီစုဆောင်းဆေးလုံး ၅၀၀၀/ ၆၀၀၀ခန့်၊ ချီအဆီအနှစ် ဆေးလုံး ၁၅ လုံးနှင့် ရှားပါးသော မီးအနှစ်သာရဆေးလုံး တစ်လုံးပင် ပါဝင်သေးသည်။
မျှော်လင့်မထားသော မြင်ကွင်းကြောင့် ယဲ့ချန်မှာ အံ့ဩသွားရသည်ထက်ကို ပို၏။ မရေမတွက်နိုင်သော မေးခွန်းတို့က သူ့ခေါင်းထဲ၌ ထွက်ပေါ်လာရပြီး ကောင်းကင်ပထဝီအိတ် အတွင်းတွင် ကျန်ရှိနေသေးသော ပစ္စည်းများကို ဆက်လက် စစ်ဆေးကြည့်မိသော် စာအုပ်အချို့အပြင် ထူးထူးဆန်းဆန်း ပုံသဏ္ဌာန်ဖြင့် သစ်သားသေတ္တာလေး တစ်လုံးကိုလည်း တွေ့ရသည်။
ယဲ့ချန်သည် စာအုပ်များအား တစ်ချက် ခြုံကြည့် လိုက်မိသည်တွင် တစ်ခုသော စာအုပ်က သူ့အာရုံအား ဖမ်းစားသွားသည်။
‘ကောင်းကင်ဖွဲ့စည်းခြင်းကျမ်း တဲ့လား’
လောလောဆယ်တွင် ထိုစာအုပ်ထက် အရေးကြီးသော ဖြေရှင်းစရာ ရှိနေ၍ ယဲ့ချန်သည် ဖတ်မကြည့်နိုင်သေး။ အမွှေးပွလေးအား ကြည့်ကာ လေးလေးနက်နက် မေးလိုက်သည်။
“အမွှေးပွလေး ... မင်း ...”
ယဲ့ချန်သည် တစ်စုံတစ်ရာအား ရေးတေးတေး ခန့်မှန်းမိ နေပါသော်လည်း မယုံကြည်နိုင်သေး၍ မေးဖို့ရာ တွန့်ဆုတ်နေသည်။
“မဟုတ်မှလွဲရော ယွင်မိသားစုရဲ့ ရတနာတိုက်ထဲကို ခိုးဝင်ပြီး ဒီပစ္စည်းတွေကို ယူလာတာလား ဟုတ်လား”
အမွှေးပွလေးသည် အလွန် ဂုဏ်ယူဖွယ်ရာ ကိစ္စတခုအား ပြုလုပ်ခဲ့သည့်အလား အမြှီးလေးများ တထောင်ထောင်ဖြင့် ခေါင်းလေးမော့ကာ ယဲ့ချန်အား ကြည့်သည်။ ၎င်း၏ ပုလဲနက်သဖွယ် မျက်လုံးလေးများထဲ၌ ‘ဘာလုပ်နေတာလဲ မြန်မြန်ချီးကျူးလေ’ ဟူသော စကားလုံးတို့အား အတိုင်းသား မြင်နေရ၏။
ဆွံ့အသွားရသည့် ယဲ့ချန် : “...”
အမွှေးပွလေး၏ အမူအရာအရ မေးနေစရာပင် မလိုတော့ပေ။ အနှီ ရဲတင်းလှသော အကောင်ပေါက်လေးသည် ယွင်မိသားစုမှ ယဲ့ချန်အား စုတ်ချာသည့် အခန်း၌ နေရာချ ပေးခြင်းအတွက် တုံ့ပြန်သည့် အနေနှင့် အမှန်တကယ်ကို ယွင်မိသားစု ရတနာတိုက်ထဲသို့ ခိုးဝင်ကာ ဤပစ္စည်းတို့အား ယူလာခဲ့ပုံရသည်။
အမွှေးပွလေး ယူဆောင်လာသော စာအုပ်များမှာ ယွင်မိသားစုမှ သိုင်းပညာရပ် ၆ မျိုး၏ ကျင့်စဉ်စာအုပ်များအပြင် ထျန်းချီကျင့်စဉ် စာအုပ်များလည်း ပါဝင်ပြီး အမျိုးအစား စုံလင်လှသည်။ အမွှေးပွလေးသည် တွေ့ရာမြင်ရာ အကုန် သိမ်းကြုံး ကောက်ထည့်လာပုံ ရ၏။
ယွင်မိသားစု၏ သိုင်းပညာရပ် ၆ မျိုး အနက် အစွမ်းအထက်ဆုံးသည်ပင် အဆင့် ၃ မျှသာ ရှိသည်။ ‘စကြဝဠာ’ လက်ဝါး၏ မှော်တိုက်ကွက် ၆ ခုနှင့် လုံးဝမယှဉ်သာပေ။ ‘ကောင်းကင် ဖွဲ့စည်းခြင်းကျမ်း’ သည်လည်း အထင်ကြီးဖွယ် ကောင်းသော်ငြား ‘ကြယ်တာရာဘုံကိုးလွှာ’ ၏ ‘မိုးကြိုးအင်ပါယာ’ ကျင့်စဉ်နှင့်တော့ မနှိုင်းသာသေး။ ထို့ကြောင့် ယဲ့ချန်သည် ထိုကျမ်းအား လေ့ကျင့်ရန် စိတ်မဝင်စားတော့ပါ။
ခဏမျှ စဉ်းစားပြီးနောက် ယဲ့ချန်သည် ‘ကောင်းကင်ဖွဲ့စည်းခြင်းကျမ်း’ အား သူ့အဘိုးထံ ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ ချီစုဆောင်း ဆေးလုံးများနှင့် ချီအဆီအနှစ် ဆေးလုံးများကမူ ယဲ့မိသားစုဝင်များအတွက် အသုံးဝင် ပေလိမ့်မည်။ ယွင်မိသားစု အနေနှင့်ကတော့ ဆရာလီကဲ့သို့ အရေးကြီးပုဂ္ဂိုလ် ရောက်ရှိနေချိန်၌ ရတနာတိုက်ထဲမှ ပစ္စည်းတချို့တလေ ပျောက်ဆုံး သွားခြင်းအား ရေးကြီးခွင်ကျယ် ပြဿနာရှာရဲမည် မဟုတ်ပေ။
နောက်ဆုံးတွင် ယဲ့ချန်၏ အကြည့်တို့က ထူးထူးဆန်းဆန်း အသွင်သဏ္ဌာန် ရှိသည့် သစ်သားသေတ္တာလေးထံ ရောက်ရှိသွားသည်။ ထိုသေတ္တာလေးအား ရွှေရောင် သော့ခလောက် တစ်ခုဖြင့် အသေအချာ ချိတ်ပိတ်ထားပြီး အမွှေးပွလေး ယူလာသည့် အထဲ၌ သော့နှင့်တူတာ တစ်ခုမှ မပါလေရာ ခွန်အားသုံး၍ ဖွင့်ကြည့်မှ ရပေလိမ့်မည်။
ထိုသို့အတွေးနှင့် ယဲ့ချန်က သေတ္တာလေးအား ကောင်းကင်ပထဝီအိတ် အတွင်းမှ ထုတ်ယူလိုက်ပြီး လက်တစ်ဖက်တွင် ထျန်းချီများကို စုစည်းကာ ရိုက်ဖွင့်လိုက်သည်။
“ဘန်း”
အသံကျယ်ကြီး တစ်သံသာ ထွက်ပေါ်လာပြီး သေတ္တာအား ချိပ်ပိတ်ထားသော သော့ခလောက်သည်ကား အနည်းငယ်မျှပင် ယိုယွင်းမသွားခဲ့။
ယဲ့ချန်ပင် အံ့ဩသွားရသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ထျန်းချီများသည် အလွန်သန့်စင်လှပြီး မည်မျှ အစွမ်းထက်သည်ကို သူကိုယ်တိုင် အသိဆုံးဖြစ်သည်။ သော့ခလောက် မပွင့်လျှင်ပင် သစ်သားသေတ္တာကတော့ ကွဲထွက်သွားသင့်သည်။ ယခုမူ သစ်သားသေတ္တာ၌ ခြစ်ရာ တစ်ခုတောင် ထင်မနေပေ။
“ထူးဆန်းတယ် ...”
သေတ္တာအား ပြုလုပ်ထားသည့် သစ်သားသည် သာမန် သစ်သားတော့ မဖြစ်နိုင်ပေ။ ယဲ့ချန်သည် သေတ္တာ၏ ရွှေရောင် သော့ခလောက်ကြီးအား အတန်ကြာ စိုက်ကြည့် နေပြီးနောက် လှည့်ကွက် တချို့သုံးရန် တွေးမိသွားသည်။
သူက ထျန်းချီတို့အား ညာဘက်လက်တွင် စုစည်းလိုက်ပြီး ထျန်းချီဖြင့် သော့တံတစ်ချောင်း ဖန်တီးကာ ရွှေရောင် သော့ခလောက်ကြီး၏ သော့ပေါက်ထဲသို့ တဖြည်းဖြည်းချင်းစီ ထိုးထည့်လိုက်သည်။
ဤမျှခိုင်ခံ့သော သစ်သားသေတ္တာ အတွင်း၌ အသေအချာ ထည့်သိမ်း ထားသည်မှာ ယွင်မိသားစု၏ အဖိုးတန်ရတနာ တခု ဖြစ်ရပေမည်။
ယဲ့ချန်၏ ထျန်းချီတို့ဖြင့် ဖန်တီးထားသော သော့တံအတုသည် ရွှေရောင်သော့ခလောက်၏ အတွင်းဘက်ဆုံးသို့ ဝင်ရောက်သွားသည့် အချိန်၌ ရုတ်ခြည်း ဆိုသလို ရွှေရောင်အလင်းတဖြာက သော့ခလောက်ထံမှ ထွက်ပေါ်လာသည်။ ထို့ပြင် ပြင်းထန်လှသော စုပ်အားတစ်ခုက ယဲ့ချန်၏ ညာဘက်လက်အား ရစ်ပတ်လာ၏။
“မကောင်းတော့ဘူး”
ယဲ့ချန်သည် သေတ္တာအား ကောင်းကင်ပထဝီအိတ် အတွင်းမှ ထုတ်ယူလိုက်စဉ် ကတည်းက သတိကြီးကြီး ထားခဲ့ပါသော်လည်း ထိုရွှေရောင်သော့ခလောက်သည် ထောင်ချောက်တစ်ခု ဖြစ်နေလိမ့်မည် ဟုတော့ မတွေးခဲ့မိပေ။
ရွှေရောင် သော့ခလောက်ထံမှ ဖြာထွက်လာသော ထိုရွှေရောင် အလင်းသည် ယဲ့ချန်ကိုယ်ထဲရှိ ထျန်းချီတို့အား အရှိန်ပြင်းပြင်းဖြင့် မရပ်မနား စုပ်ယူနေလေသည်။
ယဲ့ချန် ခဏတာတော့ ထိတ်လန့်သွားပြီး ဘာလုပ်ရမည်မသိ ဖြစ်သွား၏။ ဘေးနားမှ စောင့်ကြည့်နေသော အမွှေးပွလေးသည်လည်း စိုးရိမ်တကြီးနှင့် ယဲ့ချန်အနီးသို့ တိုးကပ်လာသည်။
ယဲ့ချန်၏ တစ်ကိုယ်လုံးရှိ ထျန်းချီများမှာ ရွှေရောင်သော့ခလောက် အတွင်းသို့ စုပ်ယူခံလိုက်ရကာ တန့်ထျန်ထဲ၌ အနည်းငယ်မျှသော ထျန်းချီတို့သာ ကျန်ရစ်တော့သည်။
ရုတ်တရက် အတွေးတစ်စက ယဲ့ချန်ခေါင်းထဲ၌ ထွက်ပေါ်လာသည်။
‘ငါ့ရဲ့ ထျန်းချီတွေကို စုပ်ယူချင်တယ်လား ကောင်းပြီ ဘယ်လောက်ထိ စုပ်ယူနိုင်မလဲ ကြည့်ရသေးတာပေါ့’
ထို့နောက် ယဲ့ချန်သည် အချိန်မဆွဲတော့ဘဲ ပီရှို့အား နှိုးဆွလိုက်လျှင် အလွန်သန့်စင်လှသော ထျန်းချီများသည် ယဲ့ချန်၏ ညာဘက်လက်မှ တစ်ဆင့် ရွှေရောင် သော့ခလောက်ထဲသို့ အလုံးအရင်းလိုက် တိုးဝင် သွားကြသည်။
ရွှေရောင် သော့ခလောက်သည် ပီရှို့ထံမှ ထျန်းချီတို့အား အလွန်ကြာညောင်းစွာ စုပ်ယူနေခဲ့ပြီး ထျန်းချီများ၏ စီးဆင်းမှုအားကြောင့် ယဲ့ချန်၏ ညာဘက် လက်ဝါးသည်ပင် စပ်ဖျင်းဖျင်း ဖြစ်လာရသည်။
“ချောက်”
အသံတစ်ခုနှင့်အတူ ရွှေရောင် သော့ခလောက်ကား အလိုအလျောက် ပွင့်သွားကာ ပြုတ်ကျလာ၏။
ယဲ့ချန်လည်း ယခုမှ စိတ်သက်သာရာ ရသွားကာ သက်ပြင်းချမိသည်။ ဤထောင်ချောက်ကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ အကယ်၍ ယဲ့ချန်တွင်သာ ပီရှို့ထံမှ မဆုံးနိုင်သော ထျန်းချီအထောက်အပံ့ ရှိမနေပါက ရွှေရောင် သော့ခလောက်၏ စုပ်ယူနှုန်းနှင့် ထျန်းချီ ခန်းခြောက်ကာ အသက်ဆုံး ရပေလိမ့်မည်။
ယဲ့ချန်သည် ခန္ဓာကိုယ်ထဲရှိ ယောက်ယက်ခတ်နေသော ထျန်းချီများ ငြိမ်သက်သွားစေရန် ခဏမျှ တရားထိုင်လိုက်ရသည်။
အမွှေးပွလေးသည်ကား သေတ္တာထဲတွင် ပါဝင်သည့် ပစ္စည်အား စပ်စုလိုစွာ အငြိမ်မနေဘဲ တလှုပ်လှုပ် လုပ်နေလေ၏။
သစ်သားသေတ္တာလေး အတွင်း၌ ရှိနေသည်မှာ အနည်းငယ် ဟောင်းနွမ်းနေပြီ ဖြစ်သော စာရွက်လိပ်လိုလို၊ ပိတ်စလိပ်လိုလို ပေလိပ်တလိပ် ဖြစ်သည်။ ယဲ့ချန်က ထိုပေလိပ်အား ဖြန့်ကြည့်လိုက်သည်တွင် ၎င်းအပေါ်၌ ရေးခြစ်ထားသည့် လူ့ခန္ဓာကိုယ်ရှိ သွေးကြောများနှင့်ပင် ဆင်တူသော မျဉ်းကြောင်းများကို တွေ့ရသည်။ ထို့ပြင် ထိုဘာမှန်းမသိသော ပေလိပ်ထံမှ ရင်းနှီးနေသည့် ထျန်းချီအနံ့ သင်းသင်းလေးအား ရှုရှိုက်မိ၏။ ထိုအနံ့မှာ ပီရှို့ထံမှ ယဲ့ချန် စုပ်ယူနေကျသော ထျန်းချီများ၏ အနံ့ဖြစ်သည်။ တိုက်ဆိုင်သည်လားတော့ မပြောတတ်ပေ။
“ဒါက မြေပုံလား ဒါမှမဟုတ် ကျင့်စဉ် တစ်ခုခုကို ရေးထားတာလား”
ယဲ့ချန်သည် နှုတ်မှလည်း ရေရွတ်ရင်း ထိုပေလိပ်အား ဖင်တပြန်၊ ခေါင်းတပြန် စစ်ဆေးကြည့်သည့်တိုင် မည်သည့် သဲလွန်စကိုမှ မတွေ့ရပေ။
“အမွှေးပွလေး ... ဒီပေလိပ်က ဘာလဲဆိုတာ သိလား”
ယဲ့ချန်က ဘေးနားတွင် စပ်စုနေသော အကောင်ပေါက်လေးအား မေးကြည့်သော် မျှော်လင့်ထားသည့် အတိုင်း ၎င်းက မသိကြောင်း ခေါင်းခါပြသည်။
ယခုအချိန်၌ ရေရေရာရာ ကောက်ချက် မချနိုင်သေးသော်လည်း ထိုပေလိပ်ထံမှ ရရှိသည့် ထျန်းချီ အနံ့အသက်ကြောင့် ထူးခြားသော နောက်ကြောင်း ရှိသည့် ပစ္စည်းမျိုး ဖြစ်ရမည်ဟု ယဲ့ချန် ယုံကြည်သည်။
ထိုကြောင့် သူက ပေလိပ်အား သစ်သားသေတ္တာလေးထဲသို့ ပြန်ထည့်ကာ ကောင်းကင်ပထဝီအိတ် အတွင်း၌ သေတ္တာလိုက် ထည့်သိမ်း ထားလိုက်သည်။
***