← Chapters

ယွင်ရိရန် ဒေါသအိုးပေါက်ကွဲခြင်း

Vol. 4 Ch. 47

ယွင်ရိရန် ဒေါသအိုးပေါက်ကွဲခြင်း

Vol. 4 Ch. 47

ယဲ့ချန်သည် ယွင်မိသားစု၏ ရတနာတိုက်မှ ပစ္စည်းတို့အား ခိုးယူထားခြင်းအပေါ် အနည်းမျှပင် စိတ်မသက်မသာဖြစ်ခြင်း မခံစားရပေ။ ဆန့်ကျင်ဘက် အနေနဲ့ ကျေနပ်မိသေးသည်။ သူက ယွင်မိသားစု ရတနာတိုက်တင် မကဘဲ တုန်းလင်ဘုရင်ခံနှင့် ဒုတိယမင်းသားတို့၏ ရတနာတိုက်အား အမွှေးပွလေး အားကိုးဖြင့် ဖောက်ထွင်းရရင် ကောင်းမည်လောဟုပင် တွေးနေတာ ဖြစ်သည်။

ယွင်မိသားစုခေါင်းဆောင် ယွင်ရိရန်သည် အလတ်အလတ်ဆင့် ထျန်းချီအဆင့် ၉ ကျင့်ကြံသူဖြစ်ပြီး ဒုခေါင်းဆောင် ယွင်ရိရွှမ်ကမူ ထျန်းချီအဆင့် ၉ စဦးဆင့် ဖြစ်သည်။ ထို့ပြင် ယွင်မိသားစုတွင် ထျန်းချီအဆင့် ၈ ကျင့်ကြံသူ ၆ယောက်နှင့် အခြားနောက်လိုက် အများအပြား ကျန်ရှိသေးရာ ယဲ့ချန်အဖို့ ထိပ်တိုက် ရင်ဆိုင်ရန် မဖြစ်နိုင်သေးပါ။

နောက်တနေ့တွင် သိုင်းပြိုင်ပွဲက တရားဝင် စတင်တော့မည် ဖြစ်ရာ ယဲ့ချန်သည် အခန်းထဲ၌သာ နေပြီး ကြယ်တာရာ ဘုံကိုးလွှာ / ကဏ္ဍကိုးမျိုးအား အကြိမ်ကြိမ် လေ့ကျင့်နေလိုက်သည်။

ယဲ့ချန်တစ်ယောက် အေးအေးဆေးဆေး လေ့ကျင့်နေချိန်တွင် အပြင်ဘက်၌ ယွင်မိသားစုဝင်များမှာတော့ ပရမ်းပတာ အခြေအနေ တစ်ခုသို့ ကျရောက်နေသည်။

“ဒီအခန်းထဲကို ဘယ်သူမှ မဝင်တာ သေချာလား”

ယွင်ရိရန်သည် ဒေါသအား ထိန်းထားရသော လေသံဖြင့် မေးသည်။

မနက်မိုးလင်းခါနီး အချိန်သို့ရောက်မှ အမျိုးမျိုးသော ဆေးပုလင်းများနှင့် သိုင်းကျမ်းစာအုပ်များ ပျောက်ဆုံးသွားခဲ့ကြောင်း သိရှိရခြင်း ဖြစ်သည်။ အရေးကြီးသော သစ်သားသေတ္တာပင် အဆစ်ပါ သွားခဲ့သေးသည်။ သိသိရချင်းတွင် ယွင်ရိရန် ထိတ်လန့် သွားခဲ့ရသည်။

ဆေးပုလင်းအချို့ ပျောက်ဆုံးသွားခြင်းက ယွင်မိသားစု၏ အနေအထားအရ ကိစ္စမရှိသော်ငြား သိုင်းကျမ်းများ ပျောက်ဆုံးသွားခြင်းက ကိစ္စရှိပေသည်။ ယွင်မိသားစု၏ အကြီးအကဲများထံ၌ ပွါးယူထားသော သိုင်းကျမ်း အပြည့်အစုံ ရှိသည့်တိုင် ထိုသိုင်းကျမ်းများသာ အပြင်လောကရှိ ရန်သူတို့လက်ထဲသို့ ရောက်ရှိသွားပါက ယွင်မိသားစုအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်သည်။

သစ်သားသေတ္တာ အတွင်းရှိ ပစ္စည်းသည်လည်း ယွင်မိသားစု အစဉ်အဆက် လက်ဆင့်ကမ်း လာခဲ့သော ပစ္စည်းဖြစ်ရာ ယခု သူ့လက်ထက်မှ ပျောက်သွားကြောင်း မိသားစုဝင်များ သိသွားလျှင်ပင် ရှက်စရာ ကောင်းလှသည်။

တစ်ခုရှိသည်မှာ ထိုသစ်သားသေတ္တာအား ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူမှလွဲ၍ အခြားသူများ ဖွင့်ရန် မဖြစ်နိုင်ခြင်း ဖြစ်သည်။ ထို့ပြင် သေတ္တာ၏ သော့ခလောက်၌လည်း ထောင်ချောက်တစ်ခု ရှိနေသေးရာ သူခိုးသာ မဆင်မခြင် ဖွင့်လိုက်ပါက ကျိန်းသေ ဒုက္ခရောက်မည် ဖြစ်သည်။

အစောင့်တာဝန်ကျသော ယွင်မိသားစုမှ ကျင့်ကြံသူတစုသည် ယွင်ရိရန်၏ ရှားရှားပါးပါး ဒေါသထွက်နေပုံကြောင့် တုတ်တုတ်မှ မလှုပ်ရဲဘဲ ရပ်နေကြရရှာသည်။ သို့သော်ငြား သူတို့သည် ယွင်ရိရန် ပျောက်ဆုံး သွားသည်မှာ မည်သည့်ပစ္စည်း ဖြစ်ကြောင်းကိုမူ မသိကြပါ။

“ခေါင်းဆောင် ... ကျုပ်တို့အားလုံး သေချာစောင့်ကြပ် နေခဲ့တာပါ တကယ်ကို ဘယ်သူမှ ဒီအခန်းထဲကို ဝင်မလာပါဘူး”

အစောင့်များထဲမှ တစ်ယောက်က အရဲစွန့်၍ ဖြေရှင်းချက် ပေးသည်။

“အသုံးမကျတဲ့ ကောင်တွေ”

ယွင်ရိရန်က ထိုအစောင့်၏ မျက်နှာအား ဖြတ်ရိုက်ပစ်လိုက်၏။ ထျန်းချီအဆင့် ၉ အလယ်အလတ်ဆင့် တစ်ယောက်၏ အင်အားသည် ပြင်းထန်လှလေရာ ထိုအစောင့်သည် အခန်းထောင့်စွန်းသို့ လွင့်ပျံထွက်သွားသည်။

ယွင်ရိရန်၏ လက်ရှိ ဒေါသမှတ်မှာ အတော်လေး မြင့်မားကြောင်း မြင်လိုက်ရသည့် ကျန်အစောင့်များသည် တစ်ခွန်းမျှ မဟရဲကြတော့။

“သိုင်းပြိုင်ပွဲကို တက်ရောက်တဲ့ လူတွေထဲက တစ်ယောက်ပဲဖြစ်ရမယ်”

ယွင်ရိရန်၏ အနောက်ဘက်နားတွင် ရပ်နေသော ယွင်ရိရွှမ်သည် အစ်ကိုဖြစ်သူ ဒေါသမပြေသေးကြောင်း ရိပ်စားမိ၍ ဘာထင်မြင်ချက်မှ မပေးလာဘဲ တိတ်ဆိတ်စွာသာ ရပ်နေသည်။

“အခုဘယ်လိုလုပ်မှာလဲ ဧည့်သည်တွေ အကုန်လုံးကို တစ်ယောက်ချင်းစီ လိုက်စစ်ဖို့ကလည်း မဖြစ်နိုင်ဘူး”

ယွင်ရိရန်သည် ပြောနေရင်းဖြင့် ထပ်မံ ဒေါသထွက်လာဟန်ရကာ အစောင့်များ ရပ်နေရာဘက်သို့ လှည့်၍ အော်လေသည်။

မဟာမိတ် သိုင်းပြိုင်ပွဲသို့ တက်ရောက် လာကြသူတိုင်းသည် လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်မှ မဟုတ်လျှင်တောင် တုန်းလင်ပြည်နယ်၍ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ယွင်ရိရန်က ထိုသူတို့အား ဖိအားပေးကာ စစ်ဆေးပါက တစ်ထိုင်တည်းနှင့် ထျန်းချီအဆင့် ၉ ကျင့်ကြံသူ အများအပြားကို ရန်စမိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

“ကျုပ်တို့ တိတ်တဆိတ် စစ်ဆေးကြည့်ကြမလား သူခိုးက ယွင်မိသားစု ပိုင်နက်ထဲမှာပဲ ရှိနေသေးတာ သေချာသလောက်ပဲ”

ယွင်ရိရွှမ်က အကြံပြုကြည့်သည်။ သူ့အကိုကြီး ထိုမျှအထိ ဒေါသထွက်သည်ကို မြင်ဖူးခြင်းမှာ ယခုတခေါက်က ပထမဆုံး ဖြစ်လေရာ ယွင်ရိရွှမ်သည် စကားကို သတိနှင့် ပြောနေရသည်။

“စိတ်ချရတဲ့ လူတွေကိုခေါ်ပြီး ဒီနားတဝိုက်မှာ ခြေရာလက်ရာ ကျန်၊ မကျန် စစ်ဆေးကြည့် ... ပြီးရင် ဧည့်သည်တွေ အကုန်လုံးရဲ့ အခန်းတွေကို လိုက်စစ်ဆေး ... တိတ်တိတ်ဆိတ်ဆိတ်နဲ့ သေသေချာချာ လုပ်လာခဲ့”

ယွင်ရိရန်က အမိန့်ပေးသည်။ ထို့နောက် သူက အတွေးတခု ဝင်သွားကာ ထပ်ပြောလာသည်။

“အစောင့်တွေ အကုန်လုံး သတိမထားမိအောင် ခိုးသွားနိုင်တယ် ဆိုတော့ သူခိုးက ထျန်းချီအဆင့် ၉ ထက် မနိမ့်လောက်ဘူး၊ အရမ်းကာရော မလှုပ်ရှားနဲ့ စစ်ဆေးကြည့်ရုံပဲလုပ် ထျန်းချီအဆင့် ၉ ကျင့်ကြံသူ တစ်ယောက်ကို မှားယွင်းစွပ်စွဲမိရင် ကောင်းတာဘာမှ ဖြစ်လာမှာ မဟုတ်ဘူး”

နေ့ခင်းကြောင်တောင် အချိန်ကြီး၌ အစောင့်များ ရှိနေသည့်ကြားက ထိုပစ္စည်းတို့အား အရခိုးသွားနိုင်သူမှာ တော်တန်ရုံ အရည်အချင်း ရှိသူတော့ မဖြစ်နိုင်ပေ။ ထို့ပြင် အစောင့်များ အားလုံးသည် အတွေ့အကြုံရှိသော ထျန်းချီအဆင့် ၇ ကျင့်ကြံသူများ ဖြစ်ကြသည်။ ယွင်ရိရန် ကိုယ်တိုင်ပင် ထိုသူခိုးကဲ့သို့ မစွမ်းဆောင်နိုင်လောက်ပေ။ သူခိုးက အခန်းအတွင်း တပ်ဆင်ထားသမျှသော အဆင့်မြင့် ထောက်ချောက်တို့ကိုလည်း ရှောင်ကွင်း သွားနိုင်သေးသည်။ ထိုတချက်နှင့်တင် သူခိုးမှာ လျော့တွက်၍ရသူ မဟုတ်ကြောင်း ထင်ရှားနေပြီ ဖြစ်သည်။

ယွင်ရိရန်သည် တွေးလေတွေးလေ မျက်မှောင်ကြုတ်မိလေ ဖြစ်နေသည်။ ထိုမျှ အစွမ်းထက်သော သူခိုးက ယွင်မိသားစုနှင့် မည်သည့် ရန်ငြိုးရန်စမျိုး ရှိနေ၍ ဤကဲ့သို့ ဖောက်ထွင်းမှုမျိုး ပြုလုပ်ရသည် မသိပေ။ ယဲ့ချိန်ရွှမ်းများလား။ မဖြစ်နိုင်ပေ။ ယဲ့ချိန်ရွှမ်းကဲ့သို့ ပေတံထက်ပင် ဖြောင့်မတ်သူက ထိုသို့ ခိုးကြောင်ခိုးဝှက် လုပ်မည်မဟုတ်။

ပျောက်ဆုံးသွားသော ပစ္စည်းတို့ကိုသာ ပြန်ရှာမတွေ့ပါက ယွင်မိသားစုအတွက် အချိန်မရွေး အန္တရာယ်ပေးလာနိုင်သော ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။

ယွင်ရိရန်သည် ဒေါသနှင့် စားပွဲအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ စားပွဲမှာ အပိုင်းပိုင်းအစစ ဖြစ်သွားလေသည်။ မည်သို့ပင်ဆိုစေ သူခိုးနှင့်အတူ ပါသွားသော ပစ္စည်းတို့အား ပြန်တွေ့ကိုတွေ့မှ ရပေမည်။

ယွင်မိသားစုများ အားလုံး သတိအနေအထားနှင့် ဖြစ်နေကြပြီး ပစ္စည်းတို့အား ရှာဖွေရန် တာဝန်ပေးခြင်း ခံရသူများသည် တိတ်တဆိတ်ဖြင့် ဧည့်သည်တို့၏ အခန်းများကို ရှာဖွေနေကြ၏။ ယွင်ရိရန်၏ အမိန့်အရ ထျန်းချီအဆင့် ၉ ကျင့်ကြံသူများသည်သာ အဓိက စစ်ဆေးခြင်း ခံနေရပြီး ယဲ့ချန်နှင့် ယဲ့ချိန်ရွှမ်းတို့ကမူ သံသယ မဝင်ခံရဆုံးသောလူများ ဖြစ်နေ၏။ အနည်းငယ်တော့ ရယ်စရာ ကောင်းလှပေသည်။

ယဲ့ချန်သည် တနေကုန် အခန်းထဲ၌သာ နေနေ၍ အပြင်ဘက်၌ ဖြစ်ပျက်နေသမျှကို ဘာမှမသိပေ။

သူက ကြယ်တာရာဘုံကိုးလွှာ/ ကဏ္ဍကိုးမျိုးမှ သဘာဝစွမ်းအင် ကိုးမျိုးတို့၏ ထျန်းချီဝဲကတော့တို့အား တန့်ထျန်ထဲတွင် စနစ်တကျ လှည့်လည်နေခဲ့ပြီး အခန်းထဲ၌ ရောင်စဉ်တန်း ကိုးမျိုးက မှိန်ဖျော့ဖျော့ တောက်ပနေသည်။ လှည့်ပတ်သည့် အကြိမ်ရေ များလာသည်နှင့်အမျှ ယဲ့ချန်သည် သူ၏ထျန်းချီများ ပိုမိုသန်မာ လာသည်ကို ခံစားရသည်။ တဖြည်းဖြည်းနှင့် ထျန်းချီအဆင့် ၇ ထိပ်ဆုံးဆင့်နှင့် ထျန်းချီအဆင့် ၈ အကြားရှိ အကာအရံ အလွှာသို့ပင် ရောက်ရှိလာလေသည်။

အကယ်၍ သူသာ ထျန်းချီအဆင့် ၈ သို့ ရောက်ရှိခဲ့ပြီး အခြေခိုင်အောင် လေ့ကျင့်လိုက်ပါက ယွင်ရိရွှမ်နှင့်ပင် လက်ရည်တူ တိုက်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသည်။

မဟာမိတ် သိုင်းပြိုင်ပွဲအတွင်း မည်သည့်ကိစ္စမဆို ဖြစ်သွားနိုင်သည်။ သူ့အနေနှင့် အတတ်နိုင်ဆုံး ခွန်အားကို တိုးမြှင့်ထားမှ တော်ရာကျပေမည်။

မနက်ဖြန်၌ လျန်ယွင် အိမ်တော်ဆယ့်ရှစ်ဆောင်၏ သိုင်းပြိုင်ပွဲကား စတင်တော့မည် ဖြစ်သည်။ ထိုပြိုင်ပွဲသည် တုန်းလင်ပြည်နယ်တွင် နှစ်ပေါင်းများစွာကြာမှ တခါသာ ကျင်းပခြင်း ဖြစ်သောကြောင့် တက်ရောက်ကြသူ အများအပြားနှင့် ထင်ရှားသည်။ ယခုအကြိမ်၌မူ အဆင့်မြင့် ဆေးဝါးပညာရှင် တစ်ဦး၏ လက်ထောက်ဖြစ်လာရန် အခွင့်အရေးကလည်း ရှိနေလေရာ ယခင်ပြိုင်ပွဲများထက် ပို၍ ပြိုင်ဆိုင်မှု ပြင်းထန် ပေလိမ့်မည်။ အဘိုးက သူ့အား နှိမ့်နှိမ့်ချချ နေရန် သတိပေးထားသော်လည်း ယဲ့ချန်သည် ပြိုင်ပွဲ စင်မြင့်ထက်၌ ယွင်ရိဖေးအား အနည်းငယ်မျှ ပညာပေးရန် တိတ်တိတ်လေး တွေးထား၏။ ထိုဘဝင်ရူးကောင်သည် ယဲ့မိသားစု၏ အဖိုးတန် သမီးပျိုလေး ယဲ့ရွှမ်အား ကိုယ်လုပ်တော်အဖြစ် လက်ထပ်မည်ဟု ထောင်လွှားစွာ ပြောခဲ့မှတော့ အကျိုးဆက်ကိုလည်း လက်ခံသင့်ပေသည်။

သို့သော် ယဲ့ချန်သည် လူမြင်ကွင်း၌ စွမ်းအား အစစ်အမှန်ကို အလုံးစုံ ထုတ်ပြရန်တော့ စိတ်ကူးမရှိပေ။ ပြိုင်ပွဲစင်မြင့်ထက်သို့ ရောက်မှ မီးစင်ကြည့် ကရပေမည်။

ထိုနေ့ညသို့ ရောက်သောအခါ ယွင်မိသားစုက လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်မှ ကြွရောက် လာသူများကို ဖိတ်ကြားကာ ညစာစားပွဲတခု ကျင်းပလေသည်။ ယွင်ရိရန်၏ တကယ့် ရည်ရွယ်ချက်က ဘာမှန်းမသိသောကြောင့် ယဲ့ချိန်ရွှမ်းက ညစာစားပွဲသို့ မသွားပေ။ သို့နှင့် ယဲ့ချန်လည်း မသွားဖြစ်တော့။ ပထမနေ့က ဤသို့နှင့် ကုန်ဆုံးသွား၏။

နောက်တစ်နေ့နံနက်သို့ ရောက်သောအခါတွင်မူ သိုင်းပြိုင်ပွဲကား တရားဝင် စတင်ပြီ ဖြစ်သည်။ နံနက်ခင်းစောစောသာ ရှိသေးသော်လည်း ယွင်မိသားစု ရဲတိုက်၌ ဧည့်သည်များဖြင့် လှုပ်ရှား သက်ဝင်နေသည်။

မနက်စာ စားပြီးသည့်နောက် ယဲ့ချန်တို့ မြေးအဖိုးသည် ယွင်မိသားစု ရဲတိုက်၏ ဗဟိုချက်မဖြစ်သော ပြိုင်ပွဲကျင်းပမည့် နေရာသို့ ဦးတည်ကာ ထွက်ခွာလာခဲ့ကြသည်။

ယွင်မိသားစုမှ ဆောက်လုပ်ထားသည့် ပြိုင်ပွဲစင်မြင့်များသည်ကား အလွန်ကြီးမား ခန့်ထည်လှသည်။ ကွင်းပြင်အလယ် တည့်တည့်တွင် မြင့်မားသည့် ပြိုင်ပွဲစင်မြင့်ငါးခုကို တည်ဆောက်ထားပြီး ဘေးပတ်ပတ်လည်တွင် ကြည့်ရှုသူများအတွက် ထောင်နှင့်ချီသော ထိုင်ခုံနေရာများ စီစဉ်ပေးထားသည့်တိုင် အနည်းငယ်မျှပင် ကျပ်သိပ်နေခြင်းမျိုး မရှိပေ။ စင်မြင့်များ၏ ရှေ့တည့်တည့်၌ ယွင်ရိရန်နှင့် အခြားအိမ်တော်များမှ ခေါင်းဆောင်များသည် အတူတကွ ထိုင်နေကြသော်လည်း ယဲ့ချိန်ရွှမ်းကမူ ထိုလူတို့နှင့် ဝေးကွာလှသည့် ထောင့်ကျကျ တစ်နေရာတွင် နေရာချထားပေးခြင်း ခံရသည်။

ယွင်မိသားစု၏ ယဲ့မိသားစုအပေါ် ပေါ်ပေါ်ထင်ထင် ဖိနှိပ်လာမှုကြောင့် ယဲ့ချန် ဒေါသ ထွက်သွားရသည်။

ထိုအချိန်တွင် အခြားခေါင်းဆောင်များနှင့် ထိုင်နေသည့် ယွင်ရိရန်သည် ယဲ့မြေးအဘိုးအား အာရုံမစိုက် အားသေးပေ။ သူသည် ယွင်မိသားစု ပစ္စည်းတို့အား ခိုးယူသွားသည့် သူခိုး၏ သတင်း အစအနလေးမျှ မရသေးခြင်းအပေါ် စိတ်အလိုမကျ ဖြစ်နေရသည့် အပြင် ထိုသူခိုးအကြောင်း တွေးနေရ၍ ညဘက်တွေ၌ အိပ်ပင် မပျော်တော့။ နောက်ဆုံးတွင် သူက ယွင်မိသားစုဝင် သွေးရင်းများကိုပါ သံသယ ဝင်နေမိပြီ ဖြစ်သည်။

ယွင်ရိရန်သည် သက်ပြင်းချလိုက်ပြီး အကြည့်တို့က ကွင်းပြင်အနှံ့ ဝေ့ဝဲ ရောက်သွားသည်တွင် ယဲ့ချိန်ရွှမ်းနှင့် ယဲ့ချန်တို့အား မြင်သွား၏။ ယွင်မိသားစုပိုင်နက် အတွင်း၌ ယဲ့မိသားစုအတွက် အရေးအကြီးဆုံးဟု ဆိုနိုင်သည့် အဓိက လူနှစ်ဦး ရောက်နေပြီ ဖြစ်သည်။ ယဲ့ချိန်ရွှမ်းက ထျန်းချီအဆင့် ၉ ကျင့်ကြံသူ တစ်ယောက် ဖြစ်လျှင်ပင် ယွင်မိသားစုပိုင်နက် အတွင်းမှ အသက်ရှင်လျက် ပြန်ထွက်နိုင်ဖို့ မလွယ်ပေ။ တစ်ချိန်တည်း၌ ယွင်မိသားစု အနေနှင့် ယဲ့မိသားစုရဲတိုက်အား အလစ်အငိုက် တိုက်ခိုက်နိုင်သေးသည်။ အရေးကြီးသည့် ပြောင်းလဲမှုတစ်ခုက မကြာခင် ဖြစ်ပျက်တော့မည်ကို တွေးမိသောအခါ ယွင်ရိရန်သည် ပျောက်ဆုံးသွားသည့် ပစ္စည်းတို့အကြောင်း ခဏတာ မေ့ထားလိုက်သည်။

အချိန်တစ်ခဏမျှ ကြာသော် အရောင်အဆင်း ကင်းမဲ့သော ဖြူဖျော့ဖျော့ ဝတ်စုံအား ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူတစ်ဦး ရောက်ရှိလာသည်။ ထိုလူ၏ ကိုယ်မှ ထုတ်လွှင့်နေသော အရှိန်အဝါနှင့် တည်ငြိမ်လှသော အမူအရာကို ကြည့်ရုံဖြင့် ထိုလူသည် အားလုံး စောင့်မျှော် နေကြသည့် ဆရာလီ (ဝါ) လီရှုဖြစ်ကြောင်း သိနိုင်ပါ၏။

လီရှုရောက်ရှိ လာသည်နှင့် ပြိုင်ပွဲကွင်းပြင် အတွင်းရှိ တစ်ယောက်မကျန် မတ်တတ်ရပ်ကာ နှုတ်ဆက် လိုက်ကြသည်။

“ဆရာလီ”

“ကောင်းသောနေ့ပါ ဆရာလီ”

လီရှုက အားလုံးအား ပြုံးပြနှုတ်ဆက်ကာ သူ့အတွက် ပြင်ဆင်ပေးထားသော အဓိက ထိုင်ခုံ၌ ဝင်ထိုင်လိုက်၏။

ယဲ့ချန်သည် ယမန်နေ့က ယွင်ရိဖေး တစ်ယောက်တည်းအား ဝင်ခွင့်ပြုသည့် ကိစ္စအပေါ် မကျေနပ်ချက် အခံဖြင့် လီရှု ဆိုသူအား မျက်မှောင်ကြုတ်ကာ အကဲခတ်မိသည်။ ကောလာဟလတို့အရ လီရှုသည် ၄၂ နှစ်ခန့် ရှိပြီဟု သိရသော်ငြား လက်တွေ့ မြင်ရသည်တွင် အသက် ၃၀ ကျော်ခန့်သာ ရှိသည်ဟု ထင်ရပြီး မျက်နှာပေါ်တွင် ချိတ်ဆွဲထားသည့် နှစ်လိုဖွယ် အပြုံးကြောင့် ပိုမို နုပျိုသွားသလားတော့ မပြောတတ်ပေ။ ယဲ့ချန်က ဝိညာဉ်အသိအမြင်ဖြင့် စစ်ဆေးကြည့်ရာ၌ လီရှု၏ ကျင့်ကြံဆင့်အား အသေအချာ မမြင်ရသော်ငြား သူ့အဘိုးနှင့် ယွင်ရိရန်တို့ထက် သာသည်မှာတော့ သေချာသည်။

အဆင့်မြင့်ဆေးဝါး ပညာရှင်တစ်ယောက် အနေနှင့် လီရှုအဖို့ လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင် ဆိုသည်မှာ ဘာမှမဟုတ်ပေ။ ထို့ကြောင့် မည်သည့် ထျန်းချီအဆင့် ၉ ကျင့်ကြံသူကမှ လီရှုရှေ့၌ မထောင်လွှားရဲပေ။

***

All Chapters