← Chapters

ကမ္ဘာ့အနှစ်သာရ ဆေးလုံး

Vol. 4 Ch. 48

ကမ္ဘာ့အနှစ်သာရ ဆေးလုံး

Vol. 4 Ch. 48

ယဲ့ချန်၏ စူးစိုက် ကြည့်နေသည်ကို သတိထားမိသွား၍ ထင်သည်၊ လီရှုကလည်း ယဲ့ချန် ထိုင်နေရာသို့ ဖျတ်ခနဲ လှမ်းကြည့်လာသည်။

အကြည့်တစ်ချက်နှင့်တင် လီရှုသည် ထိုလူငယ်လေးအား သတိထားမိသွားသည်။ အကြောင်းတချို့ကြောင့် ထိုကောင်လေးသည် အခြားသော ဆယ်ကျော်သက်လေးများနှင့် မတူညီဘဲ တစ်စုံတစ်ရာက ထူးထူးခြားခြား ကွဲပြားနေသည်ဟု လီရှုက ခံစားရသည်။

“ဝတ်စုံအဖြူနဲ့ အဲဒီလူငယ်လေးက ဘယ်သူလဲ”

လီရှုသည် နံဘေးတွင် ထိုင်နေသော ယွင်ရိရန်ဘက်သို့ လှည့်ကာ မေးလိုက်၏။

အမေးခံလိုက်ရသော ယွင်ရိရန်သာမက အခြားမိသားစုမှ ခေါင်းဆောင်များပင်လျှင် အံ့အားသင့် သွားကြသည်။ သက်ဆိုင်ရာ ခေါင်းဆောင် တစ်ဦးချင်းစီ၏ နောက်တွင် မတ်တတ် ရပ်နေကြသော လူငယ်လေးများလည်း မသိမသာ မျက်နှာပျက် သွားကြ၏။ မိသားစု တစ်စုချင်းစီမှ ခေါင်းဆောင်များသည် ၎င်းတို့၏ ပါရမီရှင် သားမြေးတို့အား လီရှုရှေ့တွင် ပွဲထုတ်ရန် ခေါ်လာကြသော်လည်း တကယ့်အချိန်၌ လီရှုက မထင်မရှား ထောင့်တစ်နေရာတွင် ထိုင်နေသည့် ယဲ့မိသားစုမှ ကောင်စုတ်လေးကို အာရုံကျ သွားလိမ့်မည်ဟု ဘယ်သူက ထင်ပါမည်နည်း။

ယွင်ရိရန်သည် မျက်မှောင်ကြုတ်လျက် ယဲ့ချန်ထံ လှမ်းကြည့်သည်။ ထိုကောင်လေး၏ ဘယ်နေရာက ထူးခြားနေ၍များ လီရှုက သတိပြုမိ သွားလေသနည်း။

“ဆရာလီ အဲဒီကောင်လေးက ယဲ့မိသားစုက ယဲ့ကျန့်ထျန်းရဲ့သားပါ ယဲ့ချန်လို့ခေါ်တယ်”

ယွင်ရိရန်က ယဉ်ယဉ်ကျေးကျေး ပြန်ဖြေသည်။ သူက ယဲ့မိသားစုအား အမှန်ပင် မုန်းသော်လည်း လီရှုရှေ့မှောက်တွင် ထုတ်ဖော်မပြရဲပေ။ လီရှု၏ တကယ့် လုပ်နိုင်စွမ်းအား ဤနေရာရှိ လူအားလုံးထက် သူက ပိုသိသည်။

“သူ့ရဲ့ ကျင့်ကြံမှု အခြေအနေကရော”

လီရှုသည် ယဲ့ချန်အား အကြည့် တစ်ချက်တည်းနှင့် သတိထားမိရခြင်းမှာ အကြောင်းရှိသည်။ အဆင့်မြင့် ဆေးဝါးပညာရှင် တစ်ယောက် အနေနှင့် လီရှုက မီးသဘာဝ စွမ်းအားများအပေါ် အာရုံခံနိုင်စွမ်း အလွန်မြင့်သည်။ မတိုင်မီက သူသည် ယဲ့ချန်ထံ ဖျတ်ခနဲ လှမ်းကြည့်မိလိုက်စဉ် အလွန်ပြင်းထန် အားကောင်းသော မီးသဘာဝစွမ်းအား တစ်ခုကို အာရုံခံမိခဲ့သည်။

“ထျန်းချီအဆင့် ၆ စဦးအဆင့်”

ယွင်ရိရန်သည် အတွင်းစိတ်ထဲတွင် အတန်ငယ် စိတ်ပျက်မိသော်လည်း စုံစမ်း ရရှိထားသည့် သတင်းအတိုင်း ပြန်ဖြေပေးလိုက်၏။ ဘေးပတ်ပတ်လည်တွင် ယွင်မိသားစုမှ ပါရမီရှင်များ ဝိုင်းဝိုင်းလည် နေပါလျက်နှင့် လီရှု၏ အာရုံက ယဲ့ချန် တစ်ယောက်တည်းထံ၌ ရှိနေခြင်းက အနည်းငယ်တော့ စိတ်မသက်မသာ ဖြစ်ဖွယ်ပင်။

“ယဲ့မိသားစုက မီးသဘာဝရှိတဲ့ ထျန်းချီကျင့်စဉ်ကို လေ့ကျင့်တာလား”

လီရှု၏ အသွင်အပြင်က အလွန် လေးနက်နေသဖြင့် ယွင်ရိရန်ပင် ဇဝေဇဝါ ဖြစ်သွားရသည်။

“မဟုတ်ပါဘူး ဆရာလီ ယဲ့မိသားစုက မိုးကြိုးသဘာဝရှိတဲ့ ထျန်းချီကျင့်စဉ်ကို လေ့ကျင့်တာပါ”

ယွင်ရိရန်သည် အပေါ်ယံတွင် တည်ငြိမ်နေဟန် ရသော်ငြား စိတ်ထဲတွင်တော့ မေးခွန်းများစွာဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။

'ဆရာလီက ဘာကိုဆိုလိုတာလဲ သူ တစ်ခုခုကို သတိထားမိသွားလို့လား၊ ဒါပေမဲ့ ယဲ့ချန်ဆိုတဲ့ ကောင်လေးမှာ သတိထားမိစရာ ဘာရှိလို့လဲ'

“အဲဒီလိုလား”

လီရှု၏ အမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ယဲ့ချန်သည် ဝိညာဉ် အသိအမြင်အား ဖော်ထုတ် ထားသောကြောင့် လီရှုနှင့် ယွင်ရိရန်တို့ ပြောနေသမျှအား ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ယဲ့ချန်က လီရှုအား ယွင်မိသားစုထံမှ လာဘ်စားထားသည်ဟု ယူဆထားလေရာ ယခု လီရှုမှ သူ့အား သတိထားမိသွားပြီး စိတ်ဝင်တစား မေးလာခြင်းအပေါ် တော်တော်လေး အံ့အားသင့် သွားသည်။

ရုတ်တရက် ယဲ့ချန်၏ ဝတ်ရုံ ရင်ဘတ်ထဲတွင် ရှိနေသော အမွှေးပွလေးက လှုပ်လှုပ်ရွရွ လုပ်လာသည်။ ယဲ့ချန် ပြုံးလိုက်မိပြီး ထိုအကောင်ပေါက်လေးအား ငြိမ်ငြိမ်နေရန် သတိပေးရသည်။

“အမွှေးပွလေး ငြိမ်ငြိမ်နေလေ”

ထိုစဉ် ယွင်မိသားစုဝင် အချို့က ယွင်ရိရန်အား သတိပေးသည်။

“အချိန်ကျပါပြီ ခေါင်းဆောင်”

ယွင်ရိရန်လည်း ကောင်းကင်သို့ တစ်ချက် မော့ကြည့်ကာ အမှန်တကယ် အချိန်ကျပြီ ဖြစ်ကြောင်း အတည်ပြုပြီးနောက် မတ်တတ်ထရပ်ကာ ကြွရောက်လာသူ အပေါင်းအား နှုတ်ဆက်လေသည်။

“ဒီနေ့ကတော့ အားလုံး သိကြတဲ့အတိုင်း လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်ရဲ့ မဟာမိတ် သိုင်းပြိုင်ပွဲကြီး ကျင်းပတဲ့နေ့ ဖြစ်တယ်၊ ကြွရောက် လာပေးကြတဲ့ အိမ်တော်အသီးသီးရဲ့ ခေါင်းဆောင်တွေ အပါအဝင် တုန်းလင်ပြည်နယ် တစ်လွှားက ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေ အားလုံးကို မဟာမိတ်ခေါင်းဆောင် အနေနဲ့ ကျုပ်က ကျေးဇူးတင်ပါတယ်၊ ဒီနှစ် ပြိုင်ပွဲမှာ အထူးဧည့်သည်တော် ဖြစ်တဲ့ ဆေးဝါးပညာရှင် ဆရာရွှမ်းယီရဲ့ အကြီးဆုံးတပည့် ဆရာလီကိုလည်း ကျုပ်က ပြောမပြတတ်အောင် ကျေးဇူးတင်မိပါတယ်၊ ဒီတစ်ခေါက်ပြိုင်ပွဲက အရင့်အရင် အခေါက်တွေနဲ့ နည်းနည်းတော့ ကွဲပြားပါလိမ့်မယ်၊ ပြိုင်ပွဲမှာ လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်က မျိုးဆက်တွေ သာမက တခြားအိမ်တော်တွေက လူငယ်လေးတွေလည်း ဆန္ဒရှိရင် ပါဝင် ယှဉ်ပြိုင်နိုင်ပါတယ်၊ ဒါ့အပြင် အထူးအခွင့်အရေး တစ်ရပ် အနေနဲ့ ပြိုင်ပွဲပြီးဆုံးတဲ့ အခါမှာ ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်ခဲ့တဲ့ လူငယ်တွေထဲက ဆရာလီရဲ့ စမ်းသပ်မှုကို အောင်မြင်တဲ့ တစ်ယောက်က ဆရာရွှမ်းယီရဲ့ ကျောင်းတော်ကို ဝင်ရောက်ခွင့်ရမှာ ဖြစ်တယ်”

ယွင်ရိရန်၏ စကားဆုံးသော် လူအုပ်ကြီးမှာ ပွက်လောရိုင် သွားတော့သည်။ လူအများစုသည် ဆရာရွှမ်းယီမှ လက်ထောက်တစ်ယောက် အလိုရှိနေကြောင်းသာ သိရှိထားကြပြီး ထိုလက်ထောက်အား မဟာမိတ် သိုင်းပြိုင်ပွဲ၏ ပြိုင်ပွဲဝင်များထဲမှသာ ရွေးချယ်လိမ့်မည်ဟု သိရှိမထားကြပေ။

“ခေါင်းဆောင်ယွင် ဆိုလိုတာက လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်ထဲက မဟုတ်လည်း ဆန္ဒရှိတဲ့ ဘယ်သူမဆို ဝင်ပြိုင်ခွင့် ရှိတယ်တဲ့လား”

“ငါကတော့ ဆရာလီရဲ့ စမ်းသပ်မှုကိုပဲ စိတ်ဝင်စားမိတယ်”

ပြိုင်ပွဲကွင်းပြင်အတွင်း စိတ်အား ထက်သန်စွာနှင့် ပြောဆို ဆွေးနွေးသံများ ဆူညံသွားတော့သည်။

ထိုအချိန်တွင် အဓိက ထိုင်ခုံတွင် ထိုင်နေသော လီရှုက မတ်တတ်ရပ်ကာ ပြောလာသည်။

“ဒီနေ့ ဒီပြိုင်ပွဲကို တက်ရောက်ပြီး တုန်းလင်ပြည်နယ်က ပါရမီရှင် မျိုးဆက်သစ်လေးတွေရဲ့ အရည်အချင်းကို ကြည့်ရှုခွင့်ရတဲ့အတွက် ကျုပ်အနေနဲ့ တကယ်ကို ဝမ်းမြောက်မိပါတယ်၊ ဒါ့ကြောင့် ကျုပ်က လက်ဆောင်တစ်ခု ပြင်ဆင်လာခဲ့တယ်၊ သိုင်းပြိုင်ပွဲ ဒါမှမဟုတ် ကျုပ်ရဲ့ စမ်းသပ်မှု နှစ်ခုထဲက ဘယ်ဟာကိုပဲ အောင်မြင်ပါစေ၊ အနိုင်ရရှိသူက ကျုပ်ဆရာ ဆရာရွှမ်းယီ ကိုယ်တိုင် ဖော်စပ်ထားတဲ့ 'ကမ္ဘာ့အနှစ်သာရဆေးလုံး' ကို ဆုအဖြစ် ရပါလိမ့်မယ် ဒီလောက်ဆိုရင် လူငယ်တွေ အနေနဲ့လည်း ရေကုန်ရေခန်း ကြိုးစားရကြိုးနပ် လိမ့်မယ်လို့ ထင်ပါတယ်”

လီရှုသည် ယွင်ရိရန်ကဲ့သို့ အသံကျယ်ကျယ်ဖြင့် ပြောဆိုခြင်း မဟုတ်ဘဲ ပါးစပ်လှုပ်ရုံမျှသာ ပြောခြင်းဖြစ်သည့်တိုင် ပြိုင်ပွဲကွင်းပြင် အတွင်းရှိ လူအားလုံးသည် သူ့အသံအား ပြတ်သား ရှင်းလင်းစွာ ကြားရသည်။

ကမ္ဘာ့အနှစ်သာရဆေးလုံး ဆရာရွှမ်းယီကိုယ်တိုင် ဖော်စပ်ထားတယ်။

လူအုပ်ကြီးသည် အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် နောက်တစ်ကြိမ် ပွက်လောရိုက် သွားပြန်သည်။ ကျင့်ကြံသူများသည် အမျိုးမျိုးသော သဘာဝ စွမ်းအင်များကို လေ့ကျင့်ရာ၌ သက်ဆိုင်ရာ ဆေးလုံးများ၏ အကူအညီကို ယူကြရသည်။ ဥပမာ - မီးသဘာဝ စွမ်းအင်အား လေ့ကျင့်မည် ဆိုပါက 'မီးအနှစ်သာရဆေးလုံး' ကို သောက်ခြင်းဖြင့် လေ့ကျင့်ခြင်း ဖြစ်စဉ်က လွယ်ကူ မြန်ဆန်သွားမည် ဖြစ်သည်။ တစ်ဖက်တွင်တော့ 'ကမ္ဘာ့အနှစ်သာရဆေးလုံး' သည် အခြားအနှစ်သာရ ဆေးလုံးများထက် ထူးခြားပေသည်။ 'ကမ္ဘာ့အနှစ်သာရဆေးလုံး' အား ဖော်စပ်ရာတွင် 'မီးအနှစ်သာရဆေးလုံး' နှင့် 'ရေခဲအနှစ်သာရဆေးလုံး' တို့အပြင် အခြားသော ဆေးအမျိုးအစားပေါင်း ၂၀ ကျော်ကို ပေါင်းစပ်သန့်စင်ကာ အဆင့်ဆင့် ပြုလုပ်ရသည်။ ရလဒ်အနေနှင့် 'ကမ္ဘာ့အနှစ်သာရဆေးလုံး' သည် အလွန်အစွမ်းထက်သော အဆင့် ၆ ဆေးလုံး ဖြစ်လာသည်။

ကမ္ဘာ့အနှစ်သာရ ဆေးလုံးကပင် တန်ဖိုးကြီးလှပြီ ဖြစ်သော်လည်း ဆရာရွှမ်းယီကိုယ်တိုင် ဖော်စပ်ထားသောကြောင့် တန်ဖိုးက နှစ်ဆဖြစ်သွားသည်။ ထိုသို့သော ဆေးလုံးမျိုးကို တုန်းလင်ပြည်နယ်၏ ဘုရင်ခံပင် လိုတိုင်း မရနိုင်ပေ။

“အဘိုး ... အဲဒီ ကမ္ဘာ့အနှစ်သာရ ဆေးလုံးက အရမ်း အဖိုးတန်တယ်လား၊ လူတွေအားလုံးရဲ့ အမူအရာက ဘာလို့ အရမ်းထိတ်လန့်သွားပုံ ပေါ်တာလဲ”

ယဲ့ချန်သည် အနည်းငယ် ဝေခွဲရခက်နေဟန်နှင့် ယဲ့ချိန်ရွှမ်းအား မေး၏။

အမှန်တကယ်တော့ ယဲ့ချန်သည် 'ကမ္ဘာ့အနှစ်သာရ ဆေးလုံး' ၏ ဖော်စပ်နည်းအား 'မဟာအဂ္ဂိရတ်ပညာ' စာအုပ်ထဲတွင် ဖတ်ဖူးခဲ့ပြီး ဖြစ်သည်။ သူ့အမြင်တွင်တော့ 'ကမ္ဘာ့အနှစ်သာရဆေးလုံး' ဖော်စပ်ရခြင်းသည် တန်ဖိုးကြီးသည့် ပါဝင်ပစ္စည်း အများအပြားကို သုံးရသည်ကလွဲ၍ မခက်ခဲပေ။ ဆန့်ကျင်ဘက် အနေနှင့် ပျင်းဖို့တောင် ကောင်းသေးသည်။

“တကယ်လို့ အဘိုးမှာသာ ကမ္ဘာ့အနှစ်သာရ ဆေးလုံးတစ်လုံး ရှိခဲ့ရင် မိုးကြိုးအင်ပါယာကျင့်စဉ်ရဲ့ အကူအညီနဲ့ အလယ်အလတ်ဆင့် ထျန်းချီအဆင့် ၉ ကနေ ထိပ်ဆုံးအဆင့်ကို တစ်လအတွင်း ရောက်သွားလောက်တယ် မဟုတ်ဘူး လဝက်အတွင်းတောင် ရောက်သွားလောက်တယ်”

ယဲ့ချိန်ရွှမ်းက အလွန် စိတ်လှုပ်ရှားစွာ ပြောလာသည်။ သူသာ ထျန်းချီအဆင့် ၉ ထိပ်ဆုံးအဆင့်သို့ ရောက်သွားပါက ယွင်မိသားစု၏ ရန်အား ကြောက်နေစရာ လုံးဝ လိုတော့မည် မဟုတ်ပေ။

အခြားလူများကို မဆိုထားနှင့်။ ယွင်ရိရန် အတွက်ပင် ကမ္ဘာ့အနှစ်သာရ ဆေးလုံး၏ ဆွဲဆောင်နိုင်စွမ်းက ကြီးမားလွန်းလှသည်။ ထို့ပြင် လီရှု၏ စကားအရ ကမ္ဘာ့အနှစ်သာရ ဆေးလုံးက နှစ်လုံးတောင် ရှိနေခြင်း ဖြစ်သည်။

ယွင်ရိရန်သည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ယွင်ရိရွှမ်၏ နားနားသို့ ကပ်ပြောလိုက်သည်။

“ယွင်မိသားစု ကိုယ်စားပြု ဝင်ပြိုင်မဲ့သူတွေ အကုန်လုံးကို ပြောလိုက် ... သိုင်းပြိုင်ပွဲရော၊ ဆရာလီရဲ့ စမ်းသပ်မှုရော နှစ်ခုလုံးကို ငါတို့နိုင်မှဖြစ်မယ်”

ပြိုင်ပွဲဝင်မည့် လူငယ်လေးများ၏ စိတ်လှုပ်ရှားနေသော အမူအရာတို့ကို ကြည့်ကာ လီရှုက ပြုံးလိုက်ပြီး သူ့နေရာ၌ ပြန်ထိုင်လိုက်လေသည်။

ယဲ့ချန်သည် မျက်နှာအမူအရာ မပြောင်းလဲသော်ငြား အဘိုးဖြစ်သူ၏ စကားအား ကြားပြီးကတည်းက ထိုဆေးလုံး နှစ်လုံးလုံးအား သူ့အပိုင် ဖြစ်လာစေရမည်ဟု သတ်မှတ်လိုက်ပြီး ဖြစ်သည်။ တစ်လုံးက အဘိုးဖြစ်သူအတွက် ဖြစ်ကာ နောက်တစ်လုံးကတော့ အိမ်တွင် စိတ်လှုပ်ရှားစွာဖြင့် စောင့်နေမည့် သူ့ဖခင်အတွက် ဖြစ်သည်။

“မဟာမိတ်ပြိုင်ပွဲရဲ့ စည်းမျဉ်းအရ ပြိုင်ပွဲဝင်တွေက အသက် ၁၈ နဲ့အောက် အရွယ် ဖြစ်ရမဲ့အပြင် ထျန်းချီအဆင့် ၅ နဲ့အထက် ကျင့်ကြံဆင့် ရှိဖို့လိုတယ်၊ ပြိုင်ပွဲဝင် တစ်ယောက်က အဲဒီစည်းမျဉ်းနှစ်ခုနဲ့ ကိုက်ညီတဲ့ နောက်ထပ် ဘယ်ပြိုင်ပွဲဝင်ကိုမဆို စိန်ခေါ်ခွင့်ရှိတယ်၊ ပြိုင်ပွဲစင်မြင့် ငါးခုမှာ အနိုင်ရသူ တစ်ယောက်ဆီ ကျန်ရစ်မှာ ဖြစ်ပြီးတော့ စင်မြင့်တစ်ခုချင်းစီရဲ့ နောက်ဆုံး ကျန်ရစ်သူတွေက 'ပြိုင်ပွဲတစ်ခုလုံးရဲ့ အနိုင်ရသူ' နေရာအတွက် ဆက်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်တယ်”

ယွင်ရိရန်က ပြိုင်ပွဲစည်းမျဉ်းများနှင့် ပတ်သက်၍ ကြေညာသည်။

ယဲ့ချိန်ရွှမ်းသည် ယဲ့ချန်၏ စွမ်းအား အစစ်အမှန်အား သိထားလေရာ 'ကမ္ဘာ့အနှစ်သာရ ဆေးလုံး' နှစ်လုံးထဲမှ တစ်လုံးလောက် ရနိုင်မည်ဟု မျှော်လင့်မိသည်။

“ချန်အာ ... ကမ္ဘာ့အနှစ်သာရ ဆေးလုံး တစ်လုံးလောက် ရဖို့ လုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား”

ယဲ့ချိန်ရွှမ်းက ယဲ့ချန်အား မေးကြည့်သည်။

“သေချာပေါက်ကို ရှိတယ်”

ယဲ့ချန်က ခေါင်းညိတ်ကာ အခိုင်အမာ ပြန်ဖြေပါ၏။

“ချန်အာ လုပ်နိုင်ခဲ့ရင်တောင် အန္တရာယ်က အဘိုးတို့ကို အသင့်စောင့်ကြိုနေမှာ စိုးမိတယ်”

အကယ်၍ ယဲ့မိသားစုကသာ 'ကမ္ဘာ့အနှစ်သာရ ဆေးလုံး' တစ်လုံး ရရှိခဲ့ပါက ယွင်မိသားစုသည် သဘောထားကြီးစွာဖြင့် လက်ပိုက် ကြည့်မနေလောက်သည် ကတော့ သေချာသည်။

“ကျွန်တော်မှ အရမယူပြန်ရင်လည်း အဲဒီဆေးလုံးတွေက ယွင်မိသားစု လက်ထဲမှာ အဆုံးသတ်မှာပဲ ဒီနေရာမှာ လူတွေအများကြီး ရှိနေတဲ့အပြင် လီရှုလည်း ရှိသေးတယ် ယွင်မိသားစု အနေနဲ့ တတ်နိုင်တာ ဘာရှိမှာလဲ၊ ဆေးလုံးရပြီးတဲ့အခါ ကျွန်တော်တို့ အိမ်ကိုချက်ချင်း ပြန်ကြတာပေါ့”

ယဲ့ချန်က ထိုသို့ပြောပြသော် ယဲ့ချိန်ရွှမ်းက ခေါင်းသာညိတ်ပြပြီး ထပ်မပြောလာတော့ပေ။ လီရှုသာ ယွင်မိသားစုနှင့် ပူးပေါင်းမထားသ၍ ယဲ့ချိန်ရွှမ်းက ယဲ့ချန်အား အိမ်သို့ ဘေးကင်းစွာ ပြန်ခေါ်သွားနိုင်မည်ဟု ယုံကြည်သည်။

“ကောင်းပြီ ချန်အာ ... မိသားစုအတွက် အဲဒီဆေးလုံးကို ရအောင်ယူခဲ့”

ယဲ့ချိန်ရွှမ်းသည် မြေးဖြစ်သူ၏ ပခုံးအား ပုတ်လျက် ပြုံးရွှင်စွာ ပြောလိုက်သည်။

လျန်ယွင် အိမ်တော်ဆယ့်ရှစ်ဆောင်၏ မဟာမိတ် သိုင်းပြိုင်ပွဲကား စတင်ခဲ့လေပြီ။

လူရိပ်ငါးရိပ်က ပြိုင်ပွဲစင်မြင့် ငါးခုဆီသို့ ခုန်တက် လာကြသည်။ ယွင်ရိဖေးသည် ပထမဆုံး စင်မြင့်ထက်၌ ဝင့်ကြွားသော အမူအရာနှင့် ရပ်နေပြီး ဒုတိယစင်မြင့်ထက်၌ ရပ်နေသူမှာ မော့အိမ်တော်မှ မော့ထန်းဖြစ်ကာ ကျန်စင်မြင့် သုံးခုတွင်တော့ တုန်းလင်ပြည်နယ် တစ်လွှားမှ ပါရမီရှင် လူငယ်သုံးယောက်က နေရာအသီးသီး ယူထားကြလေသည်။

***

All Chapters