ကျိုးပျက်ကမ္ဘာမှ အဖြစ်အပျက်
Vol. 39 Ch. 530
မိုဝူကျီ၏ စကားများကို ကြားပြီး မုရုန်ရှန်းယွီက ချက်ကောင်း ထိသွားဟန် ပုံပေါ်ကာ ခဏတာ ကြောင်အမ်း မိသွားသည်။ သူမက သူမဘာသာ အရှက်မရလို၍ ထိုလက်ထပ် စာချုပ်အကြောင်း ထပ်၍ မပြောတော့ပေ။
နားလည်နိုင်စွမ်း အနည်းငယ် ရှိသူဆိုလျှင် သူမနှင့် မိုဝူကျီကြားမှ ဆက်ဆံရေးကို ပြန်လည်စတင်ဖို့ရာ ထိုမျှ အလောကြီးနေမည် မဟုတ်ပေ။ သို့သော်လည်း မုရုန်ရှန်းယွီက ထိုသို့ မဟုတ်ပေ။ သူမက စိတ်ခံစားချက်များကို အတွက်အချက်သမား တစ်ယောက်ကဲ့သို့ ပြုမူနေခြင်းဖြစ်၏။ သူမ၏ ဆုံးဖြတ်ချက်၌ အသေးငယ်ဆုံးသော အမှားလေး ပြုလုပ်မိလိုက်သည်နှင့် သူမအနေဖြင့် ချက်ချင်း ပြန်ပြောင်းလဲ ပေလိမ့်မည်။ အကယ်၍ စီးပွားရေး ဖြစ်နေပါက ထိုသို့မျိုး ချည်းကပ်မှုက ဖြစ်နိုင်ချေ ရှိသော်လည်း ဤသို့သော အရာမျိုးက စီးပွားရေးနှင့် မည်သို့ တူညီမည်နည်း။
မိုဝူကျီ ထင်ထားသည့်အတိုင်း သူမ၏ နားလည်နိုင်စွမ်းမှာ ထိပ်သီး တာအိုဂိုဏ်း၏ ကျင့်စဉ်ကို ကျင့်ပြီး ဖျက်စီး ခံလိုက်ရလေပြီ။
မိုဝူကျီက အစီအရင်ကို တခြားသူများနှင့် အတူတူ ချိုးဖျက်နေစဉ် မုရုန်ရှန်းယွီက မတ်တတ်ကြီး ကျောက်ချထားသည့် အလား ရပ်နေသည်။ သူမက ယန်းယဲ့ကို စတင် သိလာစဉ်မှ စ၍ ယန်းယဲ့က သူမကို တည့်တိုးဆန်ဆန်ကြီး ငြင်းပယ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
လော့ကျွန်မ်းစာရွက် ခုနှစ်ရွက် ရ၍ ပျော်ရွင်နေသော ခံစားမှုလေးပင် ပျောက်ပျက် သွားဟန် ရှိသည်။
“အင်မော်တယ်ရောင်းရင်းမို ... ကျုပ်တို့တွေ ဘယ်လို တိုက်ကြမလဲ”
မိုဝူကျီက မုရုန်ရှန်းယွီကို ထားခဲ့သည်နှင့် ရွမ်ရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်က မြန်မြန် ရောက်လာကာ မေးလိုက်သည်။ မိုဝူကျီက ထိုလူများ၏ ရည်ရွယ်ချက်ကို ကောင်းကောင်း သိ၏။ တားမြစ် အစီအရင်မှာ မရှုပ်ထွေးသော်လည်း အားလုံးက အတူတကွ တိုက်သည်နှင့် ပွင့်လာနိုင်သည်။ သို့သော် ယခုအချိန်အထိ မပွင့်သေးသည့် အကြောင်းအရင်းမှာ ပထမဆုံး လှုပ်ရှားလိုက်လျှင် ကျန်သူများ၏ အမျက်ဒေါသကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိကြ၍သာ ဖြစ်သည်။
ယခု အားလုံးက သူ့အား ကြည့်နေကြသည်မှာ ပထမဆုံး သူက အတော်လေး ထူးဆန်းပြီး ဒုတိယ အချက်အနေနှင့် ဖူပေးကို တစ်ချက်တည်းဖြင့် လွှင့်ထွက် သွားစေသည့် အချက်မှာ လူတော်တော်များများကို ထိတ်လန့် သွားစေသည်။
“အားလုံး အတူတူ တိုက်ကြမယ်။ ကျုပ်တို့တွေ တားမြစ်အစီအရင် ချိုးဖျက်ပြီးတာနဲ့ ဝေတူဝေမျှ ခွဲကြမယ်” မိုဝူကျီက ဓားမော့ကို ထုတ်ကာ အားလုံးရှေ့မှ ဦးဆောင်လိုက်သည်။
မိုဝူကျီ အစပြုလိုက်သည်နှင့် ကျန်လူများ အားလုံးလည်း လိုက်ပါလာကြသည်။ အသက်ရှုကြိမ် ဆယ်ရှိုက်ခန့်အတွင်း တားမြစ်အစီအရင်မှာ အပြည့်အဝ ပွင့်လာလေ၏။
သိပ်သည်းသော အင်မော်တယ် ဝိညာဉ်စွမ်းအားများက တစ်ဟုန်ထိုး ထွက်ပေါ်လာကာ မိုဝူကျီပင် အသက်ပြင်းပြင်း ရှုထုတ် မိသွားသည်။
ရွမ်ရှန်းအဆင့် တက်လှမ်းပြီး နောက်တွင် သူက နောင်အနာဂတ်၌ သူ့ကျင့်ကြံဆင့် မြင့်ရန် မည်မျှ ခက်ခဲမည်ကို နားလည်ပေသည်။ အကယ်၍ သူသာ ဤအင်မော်တယ် အဆီအနှစ် ရေကန်ထဲ၌ နှစ်အနည်းငယ် စိမ်ခွင့်ရလျှင် မဟာယီရှန်းအဆင့် တက်လှမ်းဖို့ အခွင့်အရေး ရလာနိုင်ကောင်း၏။
အင်မော်တယ် အဆီအနှစ်ရေကန်မှာ သူ့အပိုင် မဟုတ်ဘဲ လူရာကျော်နှင့် ဆိုင်နေသည့်အတွက် နှမြောစရာ ကောင်းလှသည်။
အင်မော်တယ် အဆီအနှစ် ကျောက်များနှင့် အဆင့်မြင့် အင်မော်တယ် ဆေးပင်များမှာ ပစ္စည်းကောင်းများ ဖြစ်သော်လည်း အစီအရင် ချိုးဖျက်ပြီး နောက်တွင်ပင် မည်သူကမှ သွားမယူကြသေးပေ။
မည်သူကမှ မလှုပ်ရှားသေးသည်ကို မြင်၍ မိုဝူကျီက ပြောလိုက်သည်
“ဒီနေရာမှာ အင်မော်တယ်ရောင်းရင်း ၃၀၂ယောက် ရှိတယ်။ အင်မော်တယ် အဆီအနှစ်ကျောက် တစ်သိန်းကျောက် ရှိတယ်။ အားလုံး ဝေစုယူဖို့ ကျေးဇူးပြုပြီး တန်းစီပေးကြပါ။
ပထမဆုံး အသုတ်အတွက် တစ်ယောက်ကို ကျောက် သုံးရာစီ ရလိမ့်မယ်။ ပိုတဲ့ဟာတွေကို နောက်တစ်ခါ ပြန်ခွဲပေးမယ် ”
ထိုသို့ ခွဲဝေမှုမှာ တရားမျှတ၍ မည်သူကမျှ ဝင်မပြောကြပေ။ တချို့ ထိပ်တန်း ပါရမီရှင် တချို့က မကျေနပ် ကြသော်လည်း သူတို့က ဘာများ လုပ်နိုင်မှာလဲ။ မိုဝူကျီက အရမ်းအားကောင်း သော်လည်း မည်သူကိုမှ ဦးစားမပေးပေ။
ကျင့်ကြံသူ သုံးရာကျော်အတွက် အင်မော်တယ် အဆီအနှစ်ကျောက်များ အဝေအမျှ ခွဲဝေပေးပြီးနောက် တစ်ယောက်ချင်းစီ၌ ကျောက်၃၂၀စီ ရရှိလိုက်ကြသည်။ ကျင့်ကြံဆင့် နိမ့်သူများအတွက် အံ့ဩဖို့ကောင်းသည့် ပမာဏ ဖြစ်ပေရာ သူတို့အတွက် စတင်ကျင့်ကြံစဉ်မှ စ၍ ကျင့်ကြံခြင်း အထောက်အကူများကို လွယ်လွယ်ကူကူ မရရှိဖူးပေ။
ဤတစ်ကြိမ်မှလွဲ၍ သူတို့က ရတနာကို မတိုက်ခိုက်ဘဲ ရခဲ့ဖူးလို့လဲ …
ကျောက်များကို ခွဲဝေပြီးနောက် အားလုံးက မိုဝူကျီ စကားကို စောင့်ဆိုင်း နေကြသည်။ တွေဝေခြင်းမရှိ မိုဝူကျီက ရှေ့ထွက်ကာ အင်မော်တယ် ဆေးပင်များအပေါ် သူ့အကြံကို ပြောပြလိုက်သည်။
“အားလုံး ... ဒီနေရာမှာ အင်မော်တယ်ဆေးပင် အဆင့် ၆၊ ၇ ၊ ၈ အထိ ရှိတာ ဆိုပေမဲ့ အဆင့်၈ ဆေးပင်က ဆယ်ပင်ကျော်လောက်ပဲ ရှိတယ်။ အဆင့် ၆ ဆေးပင် အများဆုံး ရှိပြီးတော့ အဆင့်၇ ဆေးပင် ရာကျော် ရှိတယ်ဆိုတော့ ကျုပ်တစ်ခုလောက် တောင်းဆိုချင်ပါတယ်။
တကယ်လို့ အားလုံးက စိတ်မရှိရင် ကျုပ်အဆင့်၇ ဆေးပင်များများ လိုချင်ပါတယ်။ အဲဒီအစား အဆင့်၆နဲ့ အဆင့်၈တော့ မယူပါဘူး ”
အဆင့်၈ ဆေးပင်နည်းနည်းသာ ရှိ၍ မိုဝူကျီအတွက် များများ အသုံးဝင်မည် မဟုတ်ပေ။ သူက အဆင့်၆ ဆေးပင်များစွာ ရှိနေပြီ ဖြစ်သည့် အတွက် သူ့အား အဆင့်၆ ဆေးလုံး ဘုရင်အဆင့် တက်လှမ်း နိုင်စေလိမ့်မည်။ ထို့ကြောင့် မိုဝူကျီတွင် လိုအပ်နေဆုံး အရာမှာ အဆင့်၇ ဆေးပင်များသာ ဖြစ်ပေ၏။ အကြောင်းမှာ ထိုဆေးပင်များဖြင့် သူ့အတွက် အဆင့်၇ ဆေးလုံး ဧကရာဇ်အဆင့် တက်လှမ်း နိုင်လိမ့်မည်။
ကျိုးပျက်ကမ္ဘာတွင် ရတနာများစွာ ရှိသော်လည်း လက်တွေ့၌ အဆင့်၇နှင့် အထက် ဆေးပင်များမှာ အလွယ်တကူ ရရှိနိုင်သည့်အရာ မဟုတ်ပေ။
မိုဝူကျီတွင် စွမ်းအားရှိသည့်အပြင် ထူးခြား ဆန်းကြယ်သည့် နောက်ခံလည်း ရှိသည် ဖြစ်ရာ အားလုံးကို အဆင့်၇ ဆေးပင် လက်လျော့ဖို့ တောင်းဆို လိုက်သည့်အခါ မည်သူမျှ ဝင်မပြောရဲကြပေ။
အားလုံး အကျိုးမြတ်ရသည့်အခါ သူတို့အတွက် မိုဝူကျီမှာ အတော်လေး ကောင်းသည်ဟု ခံစားမိကြသည်။ အထူးသဖြင့် အားနည်းသူတွေအတွက် ဖြစ်ပေသည်။ သို့သော် သူတို့အကျိုးမြတ်ကို ထိခိုက်လာသည့်အခါ မည်သည့်အရာမှ မသေချာတော့ပေ။ အကယ်၍ ဤနေရာ၌ အဆင့်၈ အင်မော်တယ်ဆေးပင် များများစားစား ရှိနေလျှင် မိုဝူကျီ ပြောလိုက်သည့် ကိစ္စမှာ ဘာမှ မဖြစ်ပေ။ သို့သော်လည်း ယခုအခါ အဆင့်၈ ဆေးပင် ဆယ်ပင်ကျော်မျှသာ ရှိသောကြောင့် မိုဝူကျီ အလိုရှိသည် ဖြစ်စေ၊ မလိုချင်သည် ဖြစ်စေ ရလဒ်ကား ပြောင်းလဲမသွားပေ။
အရေးပါဆုံးအချက်မှာ အဆင့်၇ အင်မော်တယ် ဆေးပင်များက အဆင့်၆ အင်မော်တယ် ဆေးပင်များထက် ပို၍ အဖိုးတန်နေပေရာ သူတို့က တန်ဖိုးချင်းကား ကွာခြား လွန်းပေသည်။ တစ်ခါတစ်ရံ၌ အဆင့်၆ အင်မော်တယ်ဆေးပင် ရာကျော်မှာ အဆင့်၇ အင်မော်တယ် ဆေးပင် တစ်ပင်စာပင် လဲလှယ်၍ မရပေ။
မည်သူမှ မပြောကြသောကြောင့် ကျိုးယီရှန်းက ရှေ့ထွက်လာကာ ရိုရိုသေသေ ပြောလိုက်သည်
“ကျုပ်ကျိုးယီရှန်းက ယုံရင် အင်မော်တယ် နယ်မြေကို ကိုယ်စားပြု ပြီးတော့ ယုံရင်အင်မော်တယ် နယ်မြေအနေနဲ့ အဆင့်၇ အင်မော်တယ် ဆေးပင်တွေကို လက်လျော့ပြီး အားလုံး အစ်ကိုမိုကို ပေးပါ့မယ်”
ကျိုးယီရှန်းက သူ့စိတ်ထဲ၌ ရည်ရွယ်ချက်ကား ရှင်းလင်းပေသည်။ မိုဝူကျီကြောင့် မဟုတ်လျှင်ပင် ယုံရင်အင်မော်တယ် နယ်မြေအနေဖြင့် အဆင့်၇ အင်မော်တယ် ဆေးပင် ရရှိမည် မဟုတ်ပေ။ အင်မော်တယ် အဆီအနှစ် ကျောက်များ အတွက်လည်း တစ်ယောက်စီ ဆယ်တုံးကျော်မျှသာ ရလိမ့်မည်။
ကျိုးယီရှန်း၏ ဦးဆောင်မှုဖြင့် ယုံရင်အင်မော်တယ် နယ်မြေမှ ကျင့်ကြံသူ အားလုံးက သဘောတူ လိုက်ကြသည်။ တခြားအင်မော်တယ် နယ်မြေမှ အားနည်းသော ကျင့်ကြံသူ တချို့ကလည်း အဆင့်၇ ဆေးပင် ရပိုင်ခွင့်ကို လက်လျော့ ပေးကြသည်။ အဆင့်၇ အင်မော်တယ် ဆေးပင်ကို အညီအမျှ ပြန်လည်ခွဲဝေယူလျှင်ပင် လူတစ်ယောက်လျှင် တစ်ပင်၏ သုံးပုံတစ်ပုံ လောက်သာ ရရှိလိမ့်မည်။ လက်လျော့ ပေးလိုက်ခြင်းက မိုဝူကျီအနေဖြင့် သူတို့အပေါ် အမြင်ကောင်းကျန်ရှိစေနိုင်သည်။
လူ၃၂၀၌ ၁၇၀ ကျော်က အဆင့်၇ ဆေးပင်အတွက် အလျော့ပေး လိုက်ကြသည်။ အဆုံးသတ်၌ မိုဝူကျီ တစ်ယောက်တည်း အဆင့်၇ ဆေးပင် ၅၀ကျော်ကို ရရှိလိုက်ရာ သူ့အတွက် အဆင့်၇ ဆေးလုံး ဧကရာဇ်အဆင့် တက်လှမ်းရန် လုံလောက်ရုံမျှ ဖြစ်သွားသည်။
သူ့လက်ရှိ ဆေးလုံးတာအို အဆင့်ဖြင့် အဆင့်၇ ဆေးပင်များများ ရှာတွေ့လျှင် သူ့တိုးတက်မှု အတွက် ပို၍ သေချာသွားလိမ့်မည်။
မိုဝူကျီက သူလိုအပ်သော အဆင့်၇ ဆေးပင်များကို ဝမ်းသာစွာ သိမ်းဆည်း ထားပြီးနောက် အားလုံးကို ကျန်ရှိနေသော အင်မော်တယ် ဆေးပင်များကို ခွဲဝေပေးဖို့ရာ ကူညီပေးလိုက်သည်။
“ကျုပ်ကို အင်မော်တယ် ဆေးပင်တွေ ပေးတဲ့ သူတွေကို ကျေးဇူးတင်ပါတယ်။ ကျုပ်ဒီကျေးဇူးကို မှတ်ထားပါ့မယ်။ ကျုပ်က စူးခရာ အင်မော်တယ် မြို့ဟောင်းမှာ ဆိုင်အသေးလေး ရှိတယ် ဆိုတော့ နောင်ဆေးလာဝယ်တဲ့ အခါကျ ဈေးလျော့ ပေးပါ့မယ်။ ပြီးတော့ ရှားပါးတဲ့ ဆေးလုံး အတွက်လည်း ကျုပ်ဆီ ကိုယ်တိုင် လာတွေ့လို့ ရပါတယ်”
မိုဝူကျီ စကားကို ကြားပြီး အားလုံးက ကျေးဇူးတင်ကြောင်း ပြန်လည် ဖော်ပြလိုက်ကြသည်။ သူပြောတာ အမှန် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ အဆင့်၇ အင်မော်တယ်ဆေးပင် တစ်ပင်၏ သုံးပုံတစ်ပုံကို သုံး၍ ထိုအခွင့်အရေး ရလာခြင်းမှာ မဆိုးလှပေ။ အကယ်၍ လိမ်ညာ ပြောနေသည် ဆိုလျှင်ပင် သူတို့က ထိုဆေးပင် တစ်ပင်၏ သုံးပုံတစ်ပုံလောက်ဖြင့် ဘာလုပ်ရမည်နည်း။
မိုဝူကျီက ထပ်ပြောလိုက်သည်။
“ဒီနေ့က ကံဆုံလို့ အားလုံးနဲ့ တွေ့ခွင့်ရခဲ့တယ်။ အခုတော့ အားလုံးကို နှုတ်ဆက် ရဦးမယ်။ နောင်စူးခရာ အင်မော်တယ် မြို့ဟောင်းမှာ ပြန်တွေ့ကြတာပေါ့”
အားလုံးက ဦးညွှတ်လိုက်ကြရင်း နှုတ်ဆက်လိုက်ကာ ရတနာများ ထပ်မံရှာဖွေရန် ထွက်သွားတော့ မည့်ဆဲဆဲတွင် ကျယ်လောင်သော အော်ဟစ်သံ တစ်သံကို ကြားလိုက်ရသည်။
“ကျုပ် ဘာမှ မထိပါဘူး ... ကျုပ် ... ဘာမှ မထိဘူး”
ထိုအရာက လူအုပ်ကြီး တစ်အုပ်လုံးကို ထိတ်လန့် သွားစေရာ အားလုံးက ထိုအော်သံ ထွက်ပေါ် လာရာဆီ လှည့်ကြည့် လိုက်ကြသည်။ အတွင်းအင်္ဂါများ အပြင်ထွက်နေသည့် သွေးသံရဲရဲ ကျင့်ကြံသူ တစ်ယောက်က အရူးတစ်ယောက်လို ပြေးလွှား လာသည်။ သူက အော်ရင်း ပြေးနေသည့် အတွက် ဘေးပတ်လည်မှ ကျင့်ကြံသူများကို တိတ်ဆိတ် သွားစေသည်။ ထိုကျင့်ကြံသူမှာ သူ့ကမ္ဘာဦး စိတ်ဝိညာဉ် တစစီ ဖြစ်နေပြီ ဖြစ်ကာ သူ့မျက်ဝန်း၌ မည်သည့် အရိပ်အယောင်မှ မရှိတော့သည့် အတွက် သေဆုံးနေပြီ ဖြစ်ကြောင်း သိသာလှသည်။
သူက လူအုပ်စီ မရောက်လာခင် မြေပြင်ပေါ် ဗုန်းခနဲ လဲကျသွားပြီး အသက်ဓာတ် အားလုံး ပျောက်ဆုံး သွားလေ၏။
“မြူတွေပါ့လား” ကျင့်ကြံသူ တစ်ဦးက ရေရွတ်လိုက်သည်။
အားလုံးလည်း မြူများကို သတိထား မိလိုက်ကြသည်။ မူလ မြင်တွေ့နေရသော မြို့ပျက်မှာ မြူများဖြင့် ဖုံးလွှမ်းသွားပြီး ကိုယ့်ရှေ့ရှိ လမ်းကြောင်းကိုပင် မမြင်ရတော့ပေ။
“ကျုပ်ရဲ့ စိတ်စွမ်းအားက မီတာရာချီပြီး မဖြန့်ကျက် နိုင်တော့ဘူး” နောက်ထပ် ကျင့်ကြံသူ တစ်ဦးက ထပ်ပြောလိုက်သည်။
အုပ်စုအတွင်း တိတ်ဆိတ်မှု ကြီးစိုးသွားကာ လူများက အတူတကွ စုနေလိုက်ကြသည်။ ထိုလူ တစ်ယောက်တည်း မဟုတ်ဘဲ အားလုံး၏ စိတ်စွမ်းအားများမှာ မီတာရာချီအထိ မဖြန့်ကျက် နိုင်ကြတော့ပေ။
“အား …” အဝေး တစ်နေရာမှ စူးစူးရှရှ အော်သံက တိတ်ဆိတ်မှုကို ဖုံးလွှမ်းသွားသည်။
“အားလုံး ... တစ်ခုခု ဖြစ်တာ အသေအချာပဲ။ ဒီနေရာမှာ အချိန်တစ်ခုအထိ နေကြတာပေါ့။ ကျုပ်တို့တွေ အဖွဲ့ဖွဲ့ပြီး သွားရင် အရေအတွက် အင်အား တိုးလာလိမ့်မယ်” ဟွမ်းရှုရန်က ကျယ်လောင်စွာ ကြေညာ လိုက်သည်။
သူ့စကားအဆုံးတွင် တူညီသော အော်ဟစ်သံများ ထပ်မံ ထွက်ပေါ်လာပြီး ဤတစ်ကြိမ်၌ အနီးအနားမှ ဖြစ်ဟန် ပေါ်၏။
အားလုံးကို အကြောက်တရား အစွန်း တစ်ဖက်ထိ ရောက်သွားစေသည်။ လက်ရှိ၌ အားအနည်းဆုံး ကျင့်ကြံသူမှာ ကျင်းရှန်း ပြီးပြည့်စုံခြင်း အဆင့် ရောက်နေပြီး လူနည်းစုပင် ဖြစ်ကြသည်။ ကျင့်ကြံသူ ၇၀ရာခိုင်နှုန်းကျော်မှာ ရွမ်ရှန်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ မြူထဲ၌ ရွမ်ရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက် အသတ်ခံရသည့်အခါ အော်သံသာ ထွက်ပေါ် လာနိုင်သောကြောင့် ထိုမြူများက မည်မျှ ကြောက်မက်ဖို့ ကောင်းကြောင်း ပြသနေပေသည်။
“အင်မော်တယ် ရောင်းရင်းမို ... ဒီအခြေအနေကို ဘယ်လိုထင်လဲ”
လုကျားကျစ်က မိုဝူကျီဘက် ချက်ချင်း လှည့်မေးလိုက်သည်။ မိုဝူကျီက ဖူပေးကို သင်ခန်းစာတစ်ခု ပေးထားနိုင်သောကြောင့် သူ့အင်အားမှာ မိုဝူကျီထက် အနည်းငယ် နိမ့်ကျကြောင်း ခံစားမိနေသည်။ မိုဝူကျီက သူ့ကဲ့သို့ ရွမ်ရှန်း ပြီးပြည့်စုံခြင်း အဆင့် ဖြစ်လိမ့်မည်ဟု သံသယ ဝင်မိသည်။ အတော်လေး ကောင်းမွန်သည့် ဖုံးကွယ်ရေး နည်းစနစ် တစ်ခုခုကြောင့် သာမာန် ကျင့်ကြံသူကဲ့သို့ ပေါ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
လုကျားကျစ်က ထိုမေးခွန်းကို မေးလိုက်သည့်အခါ အားလုံးက မိုဝူကျီကို လှည့်ကြည့် လိုက်ကြသည်။
မိုဝူကျီက တုံ့ပြန်သည့်အနေဖြင့် မနီးမဝေးမှ အဆောက်အဦပျက်ကို ညွှန်ပြကာ …
“ကျုပ်မှာ အကြံနှစ်ခု ရှိတယ်။ ပထမဆုံး အားလုံးက နေရာစုံ ကိုယ့်ဘာသာ ထွက်ပြေးကြမယ်။ ကံကောင်းတဲ့သူက အသက်ရှင်ရက် ထွက်သွား နိုင်လိမ့်မယ်။
ဒုတိယ တစ်ခုအနေနဲ့ ကျုပ်တို့တွေ အားလုံး အဲဒီအဆောက်အဦဆီ သွားပြီးတော့ ပိုပြီး ပြီးပြည့်စုံတဲ့ ကာကွယ်ရေး အစီအရင် ခင်းကျင်းကြမယ်။ ပြီးတော့မှ ဘယ်လို ကိုင်တွယ် ရမလဲဆိုတာ ဆက်စဉ်းစားကြမယ် …”
လက်တွေ့တွင် မိုဝူကျီလည်း မြူထဲမှ အန္တရာယ်ကို ခံစားမိနေသည်။ သူဖြစ်နေလျှင်ပင် မြူကြားမှ အန္တရာယ်ကို ရှာမတွေ့နိုင်သေးပေ။
ကိုယ်တော် ယီနဉ်က မိုဝူကျီ စကားကို ကြားသောအခါ ချက်ချင်း ပြန်ဖြေလိုက်သည်။
“ကိုယ်တော်တို့ အဲဒီအဆောက်အဦးဆီပဲ သွားကြတာပေါ့”
သူက ပြောလိုက်ရင်း အရင်ဦးဆုံး ဦးတည်လိုက်သည်။ အရူးသာလျှင် ဤသို့အချိန်မျိုး ထွက်ပြေးဖို့ရာ ရွေးချယ်မည် ဖြစ်သည်။
ကိုယ်တော် ယီနဉ် သွားလိုက်သည်ကို မြင်လိုက်ကြ၍ အားလုံးလည်း လိုက်ပါ သွားကြသည်။ မိုဝူကျီလည်း ထိုအဆောက်အဦ ပျက်ဆီး ဦးတည်လိုက်သည်။
ဤတစ်ကြိမ်တွင် မိုဝူကျီက များများစားစား ပြောနေဖို့ မလိုပေ။ အားလုံးက သူတို့ဘာသာ နေရာကို ပြန်လည် ပြုပြင်လိုက်ကြ၍ တစ်နာရီအတွင်း ပြီးစီးလုနီးပါး ဖြစ်သွားလေ၏။
မိုဝူကျီက အစီအရင်အလံ တချို့ ထုတ်ယူကာ ကာကွယ်ရေး အစီအရင်ကို ခင်းကျင်းလိုက်သည်။ မည်သူမှ သူ့အစီအရင်တာအို စွမ်းရည်ကို လိုက်မှီကြမည် မဟုတ်သောကြောင့် သူ့ကို ကူညီမည့်သူအား ရှာဖွေမနေပေ။
တချို့ လူများက မိုဝူကျီ အစီအရင် ခင်းကျင်းနေသည်ကို မြင်သည့်အခါ အစီအရင်အလံ ပြုလုပ်ဖို့ရာ ပစ္စည်းများ ထုတ်ယူ လိုက်ကြသည်။ နေ့တစ်ဝက်အတွင်း မိုဝူကျီက ထိုအဆောက်အဦပျက်မှ ခန်းမအတွင်း ကာကွယ်ရေး အစီအရင်ကို အပြည့်အဝ ခင်းကျင်း ပြီးသွားလေပြီ။
ထိုအခါမှ ယခင် လူ သုံးရာကျော်အတွင်း ၂၃၀သာ ကျန်ရှိတော့ကြောင်း သတိပြုမိလိုက်သည်။
***