ချီထုထည်ဖြစ်တည်ခြင်း
Vol. 4 Ch. 49
ယွင်ရိဖေးသည် ထျန်းချီအဆင့် ၇ ထိပ်ဆုံးဆင့်တွင် ရှိနေလေရာ ဘယ်သူကမှ သူ့အား စိန်မခေါ်ဝံ့ပေ။ ပြိုင်ပွဲဝင် အချို့သည် အခြားသော ပြိုင်ပွဲစင်မြင့် လေးခုဆီသို့ အသီးသီး တက်ရောက် သွားကြသော်လည်း ယွင်ရိဖေး ရပ်နေသော စင်မြင့်ထက်သို့ တက်ရောက်ရဲသည့်သူ မရှိသေးပေ။
“ဘန်း”
ဒုတိယစင်မြင့်ထက်၌ မော့ထန်းသည် ရန်အိမ်တော်မှ ထျန်းချီအဆင့် ၆ ကျင့်ကြံသူ တစ်ယောက်အား အနိုင်ယူလိုက်သည်။
စင်မြင့်အောက်မှ စောင့်ကြည့်နေသော ရန်ယင်းမှာ မျက်နှာ မကောင်းတော့ပေ။
“ကျုပ်မြေးမော့ထန်း လက်လွန်သွားရင် စိတ်မရှိပါနဲ့ ခေါင်းဆောင်ရန်”
မော့ဖုန်းက ပြုံးရွှင်နေသော မျက်နှာဖြင့် ရန်ယင်းဘက်သို့ လှည့်ကာ ဆို၏။
ရန်ယင်းသည် စိတ်ထဲ၌ ကျိန်ဆဲလိုက်သော်ငြား အပေါ်ယံတွင်မူ သဘောထားကြီးစွာဖြင့် ပြုံးထားရသည်။
“ရိဖေးနဲ့ ဘယ်သူမှ မတိုက်ခိုက်ရဲဘူးလား”
ယွင်ရိရွှမ်သည် ပထမစင်မြင့်ထက်၌ ယွင်ရိဖေး တစ်ယောက်တည်း တိုက်ခိုက်မည့် ပြိုင်ဘက် မရှိဘဲ ရပ်နေရခြင်းကို သတိပြုမိသွားကာ ပြောလာ၏။
“လူငယ်မျိုးဆက်ထဲမှာ ရိဖေးရဲ့ပါရမီကို လိုက်မီတဲ့သူက ရှားပါတယ်”
ချင်ယွိကလည်း အခွင့်ကြုံတုန်း သံယောင်လိုက်ကာ ပြောသည်။ အခြားသော မိသားစု ခေါင်းဆောင်များက ချင်ယွိ၏ စကားအား ထောက်ခံဟန်ဖြင့် အသီးသီး ခေါင်းညိတ်ကြသည်။
“ရိဖေးက လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်ရဲ့ လူငယ်မျိုးဆက်ထဲမှာ အထူးချွန်ဆုံးပါပဲ”
“တုန်းလင်ပြည်နယ်ရဲ့ သမိုင်းတလျှောက်ကို ပြန်ကြည့်ရင်လည်း လွန်ခဲ့တဲ့နှစ်ရာချီ အတောအတွင်း အသက် ၁၈ မပြည့်ခင် ထျန်းချီအဆင့် ၇ ထိပ်ဆုံးဆင့်ကို ရောက်ခဲ့တဲ့သူ ဆိုတာ အရမ်းရှားတယ်”
ရန်ယင်းက ပြောသည်။
“ရိဖေးသာ ဒီအတိုင်း ဆက်သွားရင် တစ်နေ့ကျ ကျုပ်ကိုတောင် ကျော်တက်သွားလောက်တယ် ထျန်းချီအဆင့် ၁၀ ကို ရောက်ဖို့ဆိုတာလည်း အချိန်တစ်ခုပဲ လိုတယ်”
ယွင်ရိရန်က အခြားသူတို့၏ ချီးကျူး ပြောဆိုသည့် မှတ်ချက်တို့အား လက်ခံဟန်ဖြင့် ခေါင်းညိတ်ရင်း ဆက်ပြော၏။
“ကျုပ် ရိဖေးရဲ့ အရွယ်တုန်းက ထျန်းချီအဆင့်၆ အလယ်အလတ်ဆင့်မှာပဲ ရှိခဲ့တာလေ လူငယ်မျိုးဆက်မှာ ပိုပြီး ထူးချွန်တဲ့ ကလေးတွေ ထွက်ပေါ်လာတာ ဝမ်းမြောက်စရာပါပဲ”
ယဲ့ချိန်ရွှမ်းသည် ယွင်ရိရန်နှင့် အခြားခေါင်းဆောင်တို့၏ ကိုယ်ရည်သွေးနေသော စကားဝိုင်းအား လုံးဝ စိတ်မဝင်စားပေ။ ယွင်မိသားစု၏ နံပါတ်တစ် ပါရမီရှင်ဟူသော ယွင်ရိဖေးသည် သူ့မြေး ချန်အာနှင့် နှိုင်းယှဉ်ရသော် ဘာမှမဟုတ်ဟု ယဲ့ချိန်ရွှမ်းက အခိုင်အမာ ယုံကြည်ထားသည်။
ယဲ့ချန်သည်လည်း ပြိုင်ပွဲစင်မြင့်များပေါ်တွင် တိုက်ခိုက် နေသူတို့အား ကြည့်ရင်း ပြုံး၍သာနေသည်။ ယခုအချိန်က သူ့အနေနှင့် လူလုံးထွက်ပြဖို့ အချိန်မကျသေးပေ။
ထိုအချိန်တွင် ဘာစိတ်ကူးပေါက် သွားသည် မသိသော မော့ဖုန်းက ယဲ့ချိန်ရွှမ်းအား စကား လှမ်းပြောလာသည်။
“ခေါင်းဆောင်ဟောင်းယဲ့ ... ယဲ့ချန်က ထျန်းချီအဆင့် ၆ မလား ကျုပ်ကြားသလောက်ဆို သူက ယဲ့မိသားစုမှာ နံပါတ်တစ် ပါရမီရှင်ဆို သူ့ကို အတွေ့အကြုံရအောင် ပြိုင်ပွဲစင်မြင့်ပေါ် တက်ခိုင်းရမဲ့အစား ဘာလို့ ခင်ဗျား အနားမှာပဲ တစ်ချိန်လုံး ခေါ်ထားတာလဲ”
မော့ဖုန်း၏ မျက်နှာပေါ်ရှိ မရိုးရှင်းသော အပြုံးကြောင့် ယဲ့ချန် မျက်မှောင်ကြုတ်မိ သွားသည်။
မော့ဖုန်းက စကားဆက်၏။
“သူ့ကို ကျူပ်မြေးနဲ့ လက်ရည်စမ်းခိုင်းရင်ရော ဘယ်လိုလဲ ဘာပဲဖြစ်ဖြစ် ဒါက မဟာမိတ် သိုင်းပြိုင်ပွဲပဲလေ ဘယ်သူကမှ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရအောင် တိုက်ခိုက်ကြမှာ မဟုတ်ပါဘူး”
ယဲ့ချိန်ရွှမ်းသည် မော့ဖုန်း၏ ကွေ့ပတ် ပြောဆိုနေခြင်းအား စတင်၍ စိတ်မရှည် ဖြစ်လာကာ ပြန်ပြောမည်အပြု ယဲ့ချန်က ရည်ရည်မွန်မွန်ဖြင့် ဝင်ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့ ဘိုးဘိုးမော့ မကြာခင်မှာ ကျွန်တော် ဝင်ပြိုင်မှာပါ”
ယဲ့ချန်၏ ပြန်ဖြေလိုက်သော စကားကြောင့် မော့ဖုန်းက အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည်။ ယဲ့ချန်ပြောပုံမှာ မသိလျှင် မော့ဖုန်းက သူ့အား စင်မြင့်ပေါ်တွင် မြင်ရရန် မစောင့်နိုင်တော့သောကြောင့် တောင်းဆိုခြင်းအား သဘောထားကြီးကြီးနှင့် လက်ခံလိုက် ပေးသကဲ့သို့ ရှိသည်။ မော့ဖုန်းက စိတ်ထဲတွင် အောင့်သက်သက် ဖြစ်သွားသောကြောင့် ရှေ့ဘက်သို့ ပြန်လှည့်သွားကာ ယဲ့ချန်တို့ မြေးအဘိုးအား ဘာမှ ထပ်ပြောမလာတော့ပေ။
မော့ထန်းနှင့် ယဲ့ချန်အကြားရှိ စကားဝိုင်းအား အစအဆုံး ကြားလိုက်ရသော လီရှုပင် သဘောကျစွာ ပြုံးမိသွားသည်။ သူက ယဲ့မိသားမှ ထူးခြားသော လူငယ်လေးအား နောက်တစ်ကြိမ် သတိထားမိ သွားရပြန်သည်။ လူငယ်လေးသည် တက်ကြွသည့် ဟန်ပန်အမူအရာ ရှိသည့်အပြင် စကားပြောပုံကလည်း ရည်မွန်ပြီး အခြားရွယ်တူများထက် ရင့်ကျက်သော စိတ်နေစိတ်ထားကို မြင်နေရသည်။ ထို့ကြောင့် လီရှုက ထိုကောင်လေးအား စိတ်ဝင်တစား စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ပြိုင်ပွဲဝင်များသည် စင်မြင့်ပေါ်သို့ တက်သွားလိုက်၊ ရှုံးလျှင် ဆင်းသွားလိုက်ဖြင့် ရှိနေကြသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော ပြိုင်ပွဲဝင် အချို့က ယွင်ရိဖေးအား စိန်ခေါ်ကာ ယှဉ်ပြိုင်ကြသော်လည်း အဆုံးတွင် တစ်ယောက်မှ မနိုင်ကြပေ။
မကြာခင်၌ ကြည့်ရှုနေသူများသည် ယွင်ရိဖေးအား တုန်းလင်ပြည်နယ်၏ နံပါတ်တစ်ပါရမီရှင် ဟူ၍ သတ်မှတ် ပြောဆိုလာကြသည်။
“ဘုန်း”
ပထမစင်မြင့်ထက်၌ ယွင်ရိဖေးနှင့် တိုက်ခိုက်နေသော ပြိုင်ပွဲဝင်သည် မြေပြင်ပေါ်သို့ ရုပ်ပျက်ဆင်းပျက် ပြုတ်ကျသွား၏။ ယွင်ရိဖေးသည် အလွန်မောက်မာသော မျက်နှာထားဖြင့် စင်မြင့်အောက်ရှိ အခြားပြိုင်ပွဲဝင်များအား လှမ်းကြည့်သည်။ မည်သည့် ပြိုင်ပွဲဝင်ကမှ ယွင်ရိဖေးနှင့် မျက်လုံးချင်းဆုံအောာင် မကြည့်ရဲပေ။ အလျှိုလျှို ခေါင်းငုံ့သွားကြသည်။
“သုံးစားမရတဲ့လူတွေ”
ယွင်ရိဖေးက နှာခေါင်းရှုံ့လျက် ရေရွတ်သည်။
ထို့နောက် သူ့အကြည့်တို့က ယဲ့ချိန်ရွှမ်း၏ ဘေးတွင် တည်တည်ငြိမ်ငြိမ် မတ်တတ် ရပ်နေသော ယဲ့ချန်ထံသို့ ရောက်ရှိသွားသည်။ ယဲ့မိသားစုတွင် ဖြစ်ပျက်ခဲ့သည်တို့အား အမှတ်ရသွားသော် ယွင်ရိဖေးသည် ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး ယဲ့ချန်အား လှမ်းပြောလိုက်၏။
“ယဲ့အိမ်တော်က ယဲ့ချန် ... ငါတို့ကြားက အပေးအယူကိုမင်း မမေ့သေးဘူးလို့ မျှော်လင့်တယ် အသုံးမကျတဲ့ အမှိုက်လို ဘေးထွက်ရပ် နေမဲ့အစား ဘာလို့ ငါရှိနေတဲ့ စင်မြင့်ပေါ်ကို တက်လာပြီး မတိုက်ခိုက်တာလဲ”
ယဲ့ချန်သည် ယွင်ရိဖေး၏ ဖိတ်ခေါ်မှုအား လျစ်လျူရှု ထားလိုက်လို့ ရသော်ငြား ထိုသို့မလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ပြိုင်ပွဲစင်မြင့်ပေါ်သို့ တက်ရန် ဆက်လက် ငြင်းဆန်နေပါက အခြားသော မိသားစုခေါင်းဆောင်များ စုပေါင်းကာ သူ့အဘိုးအား ဖိအား ပေးလာပေလိမ့်မည်။
ယဲ့ချိန်ရွှမ်းကလည်း ယဲ့ချန်အား လှည့်ကြည့်သည်။
“အဘိုး ... ကျွန်တော် သွားလိုက်မယ်”
ယဲ့ချန်က ယွင်ရိဖေးရပ်နေသော စင်မြင့်အား လှမ်းကြည့်ရင်း ပြော၏။
“ကောင်းပြီ”
ယဲ့ချိန်ရွှမ်းသည် ခေါင်းညိတ် လိုက်ရသော်ငြား ယဲ့ချန်၏ စွမ်းအား အစစ်အမှန်အား မြင်တွေ့ပြီးလျှင် ယွင်မိသားစုဘက်မှ မည်သို့ တုံ့ပြန်လာမည်ကို အနည်းငယ် တွေးပူမိသည်။ မည်သို့ပင်ဆိုစေ သူက ယဲ့ချန်အား လွန်ခဲ့သော သုံးနှစ်ကကဲ့သို့ နောက်တကြိမ် ခံစားစေမည် မဟုတ်ပေ။
“စိတ်မပူပါနဲ့ ခေါင်းဆောင်ဟောင်းယဲ့ ရိဖေးက သက်ညှာပေးမှာပါ”
ယွင်ရိရွှမ်က ယဲ့ချိန်ရွှမ်း၏ စိတ်ပူနေသော အမူအရာကို အကဲခတ် မိသောကြောင့် အမြင်ကတ်ဖွယ် လေသံဖြင့် ပြောလေသည်။
ယဲ့ချိန်ရွှမ်းကလည်း ထိုကျက်သရေတုံးသည့် အရူးကောင်အား စိတ်ကုန်စွာ ကြည့်ရင်း ပြန်ပြောလိုက်၏။
“ကျုပ်က ချန်အာအတွက် စိတ်မပူပါဘူး၊ အဲဒီအစား ခင်ဗျားတို့ အိမ်တော်ရဲ့ ယွင်ရိဖေးက တောင့်ခံနိုင်ပါ့မလား ဆိုတာကိုပဲ စိုးရိမ်မိတယ် တကယ်လို့ ယွင်ရိဖေးက လုံးဝ ရှုံးနိမ့်သွားခဲ့ရင် ယွင်မိသားစုရဲ့ မျက်နှာကို ဖြတ်ရိုက်သလို ခံစားရတယ် ဆိုပြီး ပြိုင်ပွဲရလဒ်ကို ဝင်စွက်ဖက်တာမျိုး မလုပ်ဖို့ တွေးထားကြတာ ကောင်းလိမ့်မယ်”
“ခေါင်းဆောင်းယဲ့က ကိုယ့်လူအပေါ် ယုံကြည်မှု လွန်ကဲနေတာ မဟုတ်ဘူးလား၊ ခင်ဗျားမြေးလိုမျိုး ကောင်လေး တစ်ယောက်က ရိဖေးကို နိုင်ဖို့ဆိုတာ ခင်ဗျားရဲ့ အရူးနှမ်းဆုံး အိပ်မက်ထဲမှာပဲ ဖြစ်နိုင်လိမ့်မယ်”
ယွင်ရိရွှမ်က တဟားဟား အော်ရယ်ရင်း ပြန်လည် လှောင်ပြောင်၏။
လီရှုသည် စကားဝိုင်းအား အစအဆုံး နားထောင်နေသည်မို့ ယဲ့ချိန်ရွှမ်း စိုးရိမ်နေသော အရာအား နားလည်သည်။ ထို့ကြောင့် သူက ယဲ့ချိန်ရွှမ်းအား စိတ်သက်သာရာ ရစေရန် ပြုံးပြကာ အခိုင်အမာ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့ ခေါင်းဆောင်ဟောင်းယဲ့ တကယ်လို့ ယဲ့အိမ်တော်က လူငယ်လေးသာ အနိုင်ရခဲ့ရင် ခင်ဗျားတို့ နှစ်ယောက်လုံး ဒီနေရာကနေ ဘေးကင်းကင်းနဲ့ ပြန်သွားနိုင်ဖို့ ကျုပ်ကိုယ်တိုင် အာမခံတယ်”
ထိုစကားကိုကြားသော် ယဲ့ချိန်ရွှမ်းလည်း စိတ်သက်သာရာ ရသွားသည်။ အမှန်တော့ ယဲ့ချိန်ရွှမ်းသည် မကြာသေးခင်က ယွင်ရိရွှမ်အား ပြောလိုက်သော စကားတို့မှာ လီရှု သတိပြုမိသွားစေရန် ရည်ရွယ်ချက်ရှိရှိ ပြောခဲ့ခြင်း ဖြစ်သော်လည်း လီရှုထံမှ ထိုကဲ့သို့ လှိုက်လှိုက်လှဲလှဲ တုံ့ပြန်မှုမျိုး ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
“ရိဖေးက လုံးဝ မရှုံးနိုင်ဘူး”
ယွင်ရိရန်က အလွန်သေချာဟန်ဖြင့် ပြန်လည်ချေပသည်။ ယခုတခေါက် မဟာမိတ် သိုင်းပြိုင်ပွဲ၌ ယဲ့ချိန်ရွှမ်းအား အသက်ရှင်လျက် လွှတ်ပေးလိုက်ဖို့ မဖြစ်နိုင်ပေ။ ထိုအချက်အား ရိပ်စားမိနေသော ယဲ့ချိန်ရွှမ်းက လီရှု၏ အကာအကွယ်ကို မရရအောင် လှည့်စား ပြောဆိုလိုက်နိုင်သည်။ ယဲ့ချိန်ရွှမ်းကား တကယ့် မြေခွေးအိုကြီး ဖြစ်သည်။
“ပြောတဲ့အတိုင်း ဖြစ်ရင်တော့ ကောင်းတာပေါ့”
ယဲ့ချိန်ရွှမ်းသည် စိတ်ကြည်ရွှင်စွာဖြင့် ငေါ့တော့တော့ ပြောဆိုလိုက်သည်။ လီရှုနှင့် ယွင်မိသားစုကြား၌ အပေးအယူ သဘောတူထားခြင်းမျိုး မရှိလောက်ကြောင်း သေချာသွား၍ ယဲ့ချိန်ရွှမ်းက အလွန် ကျေနပ်နေသည်။ ထို့ပြင် ကြည့်ရသလောက် လီရှုသည် ဖြောင့်မတ်ဟန်ရပြီး ယွင်ရိရန်နှင့်ပင် များစွာ ရင်းနှီးပုံမရပေ။
ယဲ့ချိန်ရွှမ်းသည် အတွေးတစ်ခု ရုတ်တရက် ရလာသောကြောင့် ယဲ့ချန်အား အော်ပြောလိုက်၏။
“ချန်အာ ပြိုင်ဘက်ကို ညှာပေးစရာ မလိုဘူး၊ အစွမ်းကုန် ထုတ်သုံးလို့ရတယ် မဟုတ်ရင် ခေါင်းဆောင်ယွင်က ယဲ့အိမ်တော်က ပါရမီရှင်ကို အားနည်းလှချည်ရဲ့လို့ စွပ်စွဲနေဦးမယ်”
ထိုစကားအား ကြားသောအခါ ပြိုင်ပွဲစင်မြင့်ဆီသို့ သွားနေသော ယဲ့ချန်ပင် ဇဝေဇဝါ ဖြစ်သွားရသည်။
‘အဘိုးက ဘာကိုဆိုလိုတာလဲ စွမ်းအား အစစ်အမှန်ကို ပြလိုက်လည်း ဖြစ်တယ် ယွင်ရိဖေးကိုသာ နာနာရိုက်ခဲ့လို့ ပြောချင်တာလား’
မည်သို့ပင်ဆိုစေ အဘိုးဖြစ်သူ၏ ပျော်ရွှင်နေသော အမူအရာကြောင့် ယဲ့ချန်လည်း စိတ်လက်ပေါ့ပါး သွားတာတော့ အမှန်ပင်။ ယဲ့ချန်သည် အဓိက ထိုင်ခုံတွင် ထိုင်နေသော လီရှုထံ တစ်ချက် လှမ်းကြည့်ပြီးနောက် ပြိုင်ပွဲစင်မြင်ဆီသို့ ဆက်လက် ဦးတည်လိုက်သည်။
ဒုတိယစင်မြင့်ထက်ရှိ မော့ထန်းသည် ပြိုင်ဘက် ပြိုင်ပွဲဝင်အား အနိုင်ယူလိုက်ပြီးနောက် ယွင်ရိဖေးရှိရာ စင်မြင့်ထံ သွားနေသော ယဲ့ချန်အား ထူးမခြားနားစွာ လှမ်းကြည့်သည်။ မော့ထန်း၏ အတွေးထဲတွင် သူပင် အနိုင်မယူနိုင်လောက်သော ယွင်ရိဖေးအား ယဲ့ချန်က နိုင်လိမ့်မည်ဟု လုံးဝကို မထင်တာဖြစ်သည်။
ပြိုင်ပွဲစင်မြင့် အနီးတွင် ရှိနေသော လူငယ်လေးများ အားလုံးသည် ယဲ့ချန်အား သနားစရာသတ္တဝါ တစ်ကောင်ကဲ့သို့ ကြည့်လျက် လမ်းဖယ်ပေးကြသည်။ အရှေ့ပိုင်းတွင် ယွင်ရိဖေးနှင့် ယှဉ်ပြိုင်ခဲ့သမျှ ထျန်းချီအဆင့် ၇ ကျင့်ကြံသူများသည်ပင် မရှုမလှ ရှုံးနိမ့်ခဲ့ကြလေရာ ယဲ့ချန်ကဲ့သို့ ထျန်းချီအဆင့် ၆ ကျင့်ကြံသူဆိုပါက ရလဒ်အား အပင်ပန်းခံ၍ တွေးနေစရာတောင် မလိုတော့ဟု သူတို့က ယူဆထားကြသည်။
ပြိုင်ပွဲကွင်းပြင် တစ်ခုလုံးရှိ ကြည့်ရှုနေသူများ အားလုံး၏ အကြည့်တို့သည်လည်း ယွင်ရိဖေး ရပ်နေသော စင်မြင့်ထံသို့ စုပြုံရောက်ရှိ လာကြသည်။
ယဲ့ချန်သည် အမူအရာ တစ်ချက်မျှ ပျက်ယွင်း သွားခြင်းမျိုး မရှိဘဲ ပြိုင်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်။
ယွင်ရိဖေးက ကြောက်မက်ဖွယ် အပြုံးတစ်ခုနှင့် စကားစ၏။
“နောက်ဆုံးတစ်ခေါက် ယဲ့မိသားစု ရဲတိုက်မှာတုန်းက မဟာမိတ် သိုင်းပြိုင်ပွဲရဲ့ စင်မြင့်ပေါ်မှာ ဆုံကြမယ်လို့ ငါပြောခဲ့တယ်၊ ဒါပေမဲ့ မင်း တကယ် ရောက်လာလိမ့်မယ်လို့တော့ ထင်မထားဘူး၊ မဆိုးပါဘူး မင်းက မကြောက်တတ်ဘူးပဲ”
“ချီးကျူးပေးလို့ ကျေးဇူးပဲ ဒါပေမဲ့ ...”
ယဲ့ချန်က နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်ပြီးမှ ခပ်တိုးတိုးရယ်ကာ ဆက်ပြောသည်။
“တကယ် မကြောက်တတ်တာက ဘယ်သူလဲဆိုတာ မကြာခင်တွေ့ရမှာပါ”
ယဲ့မိသားစုရဲတိုက်သို့ ရောက်လာစဉ်က ယဲ့ရွှမ်အား ကိုယ်လုပ်တော်အဖြစ် လက်ထပ်မည် ဖြစ်ကြောင်း တင်တင်စီးစီး ပြောခဲ့သည့်အကြောင်း ပြန်တွေးမိသောအခါ ယဲ့ချန်သည် သူ့အရှေ့ရှိ ယွင်ရိဖေးကို ရိုက်နှက်ချင်လွန်း၍ လက်များပင် ယားလာသလို ခံစားရသည်။ အဘိုးကိုယ်တိုင်က ခွင့်ပြုထားသောကြောင့် သူက ယွင်ရိဖေးအား အနည်းငယ်မျှပင် ညှာတာရန် စိတ်ကူးမရှိတော့ပေ။
“သေခါနီးအချိန်ကို ရောက်တဲ့အထိ အခုလို ယုံကြည်ချက် မြင့်မားနေနိုင်ဖို့ မျှော်လင့်တယ်”
ယွင်ရိဖေးသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ခန္ဓာကိုယ်ထဲရှိ ထျန်းချီတို့အား စတင် လှည့်ပတ်လိုက်၏။ မှိန်ဖျော့ဖျော့ အလင်းတစ်ခုက ယွင်ရိဖေးထံမှ ဖြာထွက်လာသည်။ ကြည့်ရှုနေသူများမှာ ပင့်သက်ရှိုက်မိ ကြသည်။
စင်မြင့်အောက်မှနေ၍ ပြိုင်ပွဲအား စောင့်ကြည့်နေကြသော ပြိုင်ပွဲဝင်များသည် ယွင်ရိဖေးအား ကြောက်ရွံ့စွာ ကြည့်လာကြ၏။
“ဒါက ‘ချီထုထည် ဖြစ်တည်ခြင်း’ မဟုတ်လား ယွင်ရိဖေးက ထျန်းချီအဆင့် ၇ ထိပ်ဆုံးဆင့်မှာ ရှိနေတာ ဖြစ်နိုင်တယ် ဒါပေမဲ့ ကြည့်ရတာ မကြာခင် ထျန်းချီအဆင့် ၈ ကို တက်နိုင်တော့မဲ့ပုံပဲ”
“ဒါကြီးကတော့ လွန်လွန်းပါတယ်ကွာ၊ သူက အခုမှ အသက် ၁၈ နှစ်ပဲ ရှိသေးတာ မဟုတ်ဘူးလား”
***